ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၅ – အသက်ရှိနေသည့် ငွေသတ္တုတွင်း
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. စွန့်ပစ်ငွေသတ္တုတွင်းက ဘယ်လိုလုပ် အသက်ဓာတ်ရှိသလို ဖြစ်နေတာလဲ..
အနီးအနားရှိ သစ်ပင်အချို့ လဲကျနေကြသလို မြေပြင်ထက်၌ နီညိုရောင်ကျောက်ပုံများစွာလည်း ရှိနေသည်။
“မေပင်ငွေသတ္တုတွင်း..”
သတ္တုတွင်းအနားတွင် ဤစာလုံးများ ရေးထားသည်ကို တွေ့လိုက်ရသည်။
သူ သတ္တုတွင်းပတ်ပတ်လည်ကို တစ်ပတ်ပတ်ကြည့်နေသော်လည်း သူ့အကြည့်များကတော့ သတ္တုတွင်း၌သာ ရှိသည်။
ဤသစ်ပင်မှာ ထူးခြားလှသည်။ ၃.၂ မီတာရှည်ပြီး အပင်မှ အနီရောင်အလင်းလေး ထုတ်လွှတ်နေသော်လည်း အရွက်များမှာ ခရမ်းဖျော့ရောင်တောက်ပနေသည်။ အပင်တစ်ပင်လုံးမှာ တောက်ပပြီး အသက်ဝင်နေသလိုပင်။
ကံမကောင်းစွာဖြင့် ဤအပင် သန္ဓေမပြောင်းခင်က မည်သည့်အပင်ဖြစ်ခဲ့သည်ကို မသိတော့။
အပင်၏အမြစ်သည် ငွေသတ္တုတွင်းနား၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ပင်စည်မှာ တစ်ပေခန့်ပင်ရှိပြီး တိုင်းဟန်တောင်မှ ထင်းရှူးပင်နှင့်ယှဉ်လျှင် အတော်လေး ကြီးမားလှသည်ပင်။
သိထားရမည်မှာ ထိပ်တန်းလက်ရွေးစင်လေးဦးဖြစ်သည့် မိုးကြိုး၊ ငွေတောင်ပံ၊ မီးဝိညာဉ်နှင့် ကျားဖြူတို့သည် အမြင့်ပေ သုံးပေခန့်ရှိသည့် အပင်မှ အသီးကိုစားပြီး ဤကဲ့သို့ မျိုးဆက်တစ်ခုလုံးကို ကျော်တက်သွားနိုင်ခဲ့ခြင်းပင်။
ဤအပင်မည်မျှပင် ထူးခြားမည်ကို စဉ်းစားကြည့်နိုင်သည်။
“ထူးဆန်းလိုက်တဲ့သစ်ပင်..” ချူဖုန်း ရေရွတ်လိုက်သည်။
သို့သော် သူ သစ်ပင်နား ကပ်မသွား။ သစ်ပင်မှာ အလွန်ဆွဲဆောင်မှုရှိနေသော်လည်း ဤနေရာတစ်ခုလုံးကို သူ တစ်မျိုးခံစားနေရသည်။
“အဝေးကနေတောင် အနံ့ရနေတာ .. ဒီအပင် အသီးသီးမှာပဲ..”
နောက်ဆုံးတွင်တော့ ထူထဲလှသည့် အရွက်များကြားပုန်းနေသည့် အသီးနှစ်လုံးကို တွေ့လိုက်ရသည်။ ထိုအသီးများမှာ ပန်းကန်လုံးလောက်ကြီးပြီး ငွေရောင်တောက်ပနေသည်။
အသီးနှစ်လုံးမှာ ပုလဲလုံးကြီးများကဲ့သို့ပင်။
“ဒီလိုအသီးမျိုးကိုသာ စားလိုက်ရင် သားရဲဘုရင်နဲ့ တိုက်နိုင်လောက်လား..” တိုက်နိုင်လောက်သည်ဟု ချူဖုန်း ခန့်မှန်းလိုက်သည်။
သို့သော် အကြောင်းရင်းတစ်ချို့ကြောင့် သူ တွန့်ဆုတ်နေမိသည်။ ဤနေရာနှင့်ပတ်သက်ပြီး သူ မသက်မသာ ခံစားနေရသည်။
“အရမ်းတိတ်ဆိတ်လွန်းနေတယ် .. ဒီနေရာကို ဖြတ်သွားတဲ့ ငှက်တွေ၊ သားရဲတွေတောင် မရှိဘူး .. ဒါက အရမ်းထူးဆန်းလွန်းတယ်..”
ဘေးနားပတ်လည်တွင် ပုရွက်ဆိတ်များ၊ ပိုးကောင်များပင်မရှိ။
ရံဖန်ရံခါ ငွေသတ္တုတွင်းမှ ‘အသက်ရှူသံ’ များ ထွက်ပေါ်လာသည်။ အသက်ရှူသွင်းလျှင် အနက်ရောင်များပေါ်လာပြီး ရှူထုတ်လျှင်တော့ ငွေရောင်မြူများ ထွက်လာသည်။
နောက်ဆုံးတွင် ချူဖုန်း တိတ်တဆိတ် နောက်ပြန်ဆုတ်သွားလိုက်ပြီး တစ်ပေခန့်ရှည်သည့် တောကြွက်တစ်ကောင်ကို ဖမ်းခဲ့လိုက်သည်။ ထို့နောက် ငွေသတ္တုတွင်းမိုင်းတွင်းနားသို့ ပြန်လာပြီး ထိုကြွက်ကို အမြှီးမှ ပစ်လွှတ်လိုက်သည်။
ထိုကြွက်သည် ငွေသတ္တုတွင်းဝင်ပေါက်နှင့် ဆယ်မီတာအကွာခန့်၌ ကျသွားသည်။ သူ့မျက်လုံးများဖြင့် ဘေးပတ်လည်ကို ကြည့်ပြီးနောက် ထိုထူးဆန်းသည့်သစ်ပင်ကို တွေ့သည်နှင့် သူ့မျက်နှာထက်၌ လောဘအရိပ်အယောင်များ ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် ထိုကြွက်ထံမှ အော်သံထွက်ပေါ်လာပြီး သူသည် မိုင်းတွင်းထဲသို့ ဆွဲချခံလိုက်ရသည်။ ထို့နောက် မည်သည့်အသက်ဓာတ်ကိုမှ မခံစားရတော့။
ချူဖုန်း အံ့အားသင့်သွားရသည်။
ထို့နောက် သူ သန္ဓေပြောင်းသတ္တဝါများစွာကို ဖမ်းပြီး ထပ်ခါတလဲလဲစမ်းသပ်ခဲ့သည်။
ကြိမ်ဖန်များစွာ စမ်းသပ်ပြီးနောက် ငွေသတ္တုတွင်း၏ မီတာတစ်ရာပတ်လည်မှာ အန္တရာယ်ဇုန်ဖြစ်ကြောင်း သူ သတ်မှတ်လိုက်သည်။ ထိုပတ်လည်အတွင်းကျသွားသည့် မည်သည့်သက်ရှိမဆို ငွေသတ္တုတွင်းထဲ ဆွဲခံရမည်ပင်။
ကြွက်သေးသေးလေးမှ ငါးမီတာရှည်သည့် သန္ဓေပြောင်းခွေးကြီးများအထိ တစ်ပုံစံတည်း ဆွဲခံခဲ့ရသည်။
နောက်ဆုံးတွင်တော့ ချူဖုန်း ၇ မီတာ၊ ၇ မီတာခန့်ရှည်သည့် အကွက်ကျားနှင့် အဆိပ်ပြင်းမြွေတစ်ကောင်ကို ဖမ်းကာ ငွေသတ္တုတွင်း၏ မီတာတစ်ရာပတ်လည်အတွင်း ပစ်ထည့်လိုက်သည်။
ငွေသတ္တုတွင်း၏အားကို စမ်းချင်သောကြောင့် သူ မြွေအမြီးကို ဖမ်းထားပြီး ခေါင်းဘက်ပိုင်းကို ပစ်ထည့်လိုက်ခြင်းပင်။
အဆိပ်ပြင်းမြွေသည် တရွှီးရွှီးအော်ကာ ထွက်ပြေးရန် ရုန်းကန်နေသော်လည်း သူ မလွတ်နိုင်တော့။ ငွေသတ္တုတွင်းမှ သူ့ခေါင်းကို စတင်ဆွဲယူလာသည်။
မြွေအမြီးမှတစ်ဆင့် သူ့ကိုပါ ဆွဲယူချင်နေသည့် အားတစ်ခုကို ခံစားလိုက်ရပြီး ချူဖုန်း ထိတ်လန့်သွားရသည်။
သူ အားကုန်ပြန်ဆွဲလိုက်သောကြောင့် မြွေကြီးမှာ နှစ်ပိုင်းပြတ်လုနီးပါးဖြစ်နေလေပြီ။
နောက်ဆုံးတွင်တော့ ချူဖုန်း အမြီးကို လွှတ်လိုက်သည်။
ရွှီး..
မြွေကြီးမှာ ငွေသတ္တုတွင်းထဲ ပျောက်သွားပြီး ဤနေရာမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။
ချူဖုန်း ကျောချမ်းသွားရသည်။ သူ ဤငွေသတ္တုတွင်းကို သတိကြီးကြီးထားခဲ့သည်မှာ ကံကောင်းသွားသည်။ မဟုတ်ပါက သူ အသက်ပျောက်သွားလောက်လေပြီ။
သူ့လက်ရှိခွန်အားဖြင့် သူ ဤငွေသတ္တုတွင်းနား မကပ်နိုင်သေး။
“ပန်းပွင့်လာတဲ့အချိန်ထိ စောင့်ဦးမယ် .. ပန်းပွင့်လာရင် ငါ ဝတ်မှုန်တစ်ချို့ ရနိုင်မလား ကြည့်ကြတာပေါ့..”
သူ အပြင်ဘက်၌ စိတ်ရှည်လက်ရှည်သာ စောင့်နေလိုက်သည်။
ကောင်းကင်ကြီး တစ်ဖြည်းဖြည်းမှောင်မည်းလာသည်။ သူသည် သူ့ထံ၌ ပါလာသည့် အစာခြောက်တစ်ချို့ကိုစားပြီး ရေသောက်ကာ စောင့်နေလိုက်သည်။
ပန်းပွင့်အဖူးမှာ အနည်းငယ် ပွင့်အာနေပြီဖြစ်သောကြောင့် နှစ်ရက်အတွင်း ပွင့်လာနိုင်သည်။
တကယ်တမ်းတွင် ပန်းပွင့်သည် သူ ထင်ထားသည်ထက် စော၍ ပွင့်လာခဲ့သည်။ ညကောင်းကင်ထက်၌ ငွေရောင်လမင်းကြီး ထွက်ပေါ်လာသည့်အချိန် ပန်းပွင့်များ ဖူးပွင့်လာသည်။
ရုတ်တရက် သူ့ဆံပင်များ ထောင်ထသွားရသည်။ တစ်စက္ကန့်ပင် တုန့်ဆိုင်းမနေပဲ သူ မြန်မြန် နောက်ပြန်ဆုတ်လိုက်သည်။
အသက်အန္တရာယ်ကို အာရုံခံလိုက်မိသည်နှင့် သူ့ အဆင့်လွန်အရှိန်ကို အသုံးပြုကာ တရှိန်ထိုး ပြေးထွက်ခဲ့လိုက်သည်။
သူသည် ချက်ချင်းပင် ငွေသတ္တုတွင်းနှင့် ဆယ်မိုင်အကွာကို ရောက်သွားသည်။
ငွေသတ္တုတွင်းပတ်လည်မှာ မငြိမ်းချမ်းတော့။
အစပိုင်းတွင်း ထိုငွေသတ္တုတွင်းဘေးပတ်လည်၌ မည်သည့်သက်ရှိမှ မရှိသော်လည်း ပန်းပွင့်လာသည်နှင့် မွှေးရနံ့သည် မိုင်ပေါင်းများစွာကို ပျံ့နှံ့သွားပြီး ကြောက်စရာကောင်းသည့်သက်ရှိများစွာကို ဆွဲဆောင်လိုက်လေသည်။
ခဏကြာပြီးနောက် ငှက်များနှင့် သားရဲများ ငွေသတ္တုတွင်းထံသို့ တရှိန်ထိုး ပြေးလာကြလေ၏။
တောင်များထဲ၌ ပိတ်မိနေကြသည့် သားရဲများပင် ဒေါသတကြီး အော်ဟစ်လာကြသည်။ ကံမကောင်းစွာဖြင့် သူတို့ကို မမြင်ရသည့်အားတစ်ခု ပိတ်ထားပြီး သူတို့ ထွက်မလာနိုင်ကြ။
ရုတ်တရက် သူ့မျက်လုံးများ အဆမတန်ပြူးကျယ်သွားရသည်။ တရှိန်ထိုး ပြေးလာကြသည့် ခွေးများ၊ ဝက်များ၊ ဝံပုလွေများနှင့် ကျားသစ်များအားလုံး ထူးဆန်းစွာ လဲကျသွားကြသည်။
သူ့အမြင်အာရုံမှာ တိဟွိုင်ကျင်းနီးပါး စူးရှလှသောကြောင့် ပန်းပွင့်မှ လွင့်ထွက်လာသည့် ဝတ်မှုန်များကို သူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထိုသားရဲများသည် ဝတ်မှုန်များကို ရှူရှိုက်လိုက်သည်နှင့် သေဆုံးသွားကြသည်ပင်။
“ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ..” ချူဖုန်း ထိတ်လန့်သွားရသည်။
ထို့နောက် ပို၍ထိတ်လန့်စရာကောင်းသည့်အရာတစ်ခုကို သူမြင်လိုက်ရသည်။ ငွေသတ္တုတွင်းထဲမှ အဖြူရောင်အရိပ်တစ်ခု ပေါ်လာပြီး တစ်ဖြည်းဖြည်း ဇီဝရုပ်ဖြစ်လာသည်။ ထိုဇီဝရုပ်သည် အန္တရာယ်များသည့်ဝတ်မှုန်များကို ဆက်တိုက်ပင် ရှူသွင်းနေလေသည်။
“ဒီသတ္တုမှာ အသက်ရှိနေတာလား..” ချူဖုန်း ဆွံ့အသွားရသည်။
ညကောင်းကင်ယံတွင် ရှစ်မီတာရှည်သည့် လင်းနို့်တစ်ကောင်သည် ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများ ထုတ်လွှတ်ကာ သေမင်းနယ်မြေသို့ ဆင်းသက်လာသည်။ ဤသည်မှာ အလွန်အားကောင်းသည့် သန္ဓေပြောင်းသားရဲဖြစ်ပြီး ချူဖုန်းပင် ဤလင်းနို့ကိုသတ်ရန် အတော်လေး အားစိုက်ထုတ်ရမည်ပင်။
ပျံသန်းနေရင်းဖြင့် သူ့ပါးစပ်မှ အနက်ရောင်လှိုင်းများ ထုတ်လွှတ်နေသောကြောင့် တောင်များနှင့် မြေကြီးများပင် အက်ကွဲလာသည်။
ကံမကောင်းစွာဖြင့် ဝတ်မှုန်ကို ရှုမိလိုက်သည်နှင့် သူလည်း အဆုံးသတ်သွားသည်။
ချူဖုန်း ဆံပင်မွေးများ ထောင်ထသွားရသည်။ သူ၏အသိစိတ်အဘယ်ကြောင့် ရုတ်တရက်နိုးထလာသည်ကို သူသိသွားလေပြီ။ ထိုဝတ်မှုန်များမှာ သေမင်းသင်္ကေတများပင်။
ယခုအချိန်တွင် ထိုသတ္တုဇီဝရုပ်မှလွဲလျှင် ငွေသတ္တုတွင်းပတ်လည်မှ အရာအားလုံး သေဆုံးသွားလေပြီ။ ဝတ်မှုန်ကို ရှူရှိုက်လိုက်သည်နှင့် သူသည် တစ်ဖြည်းဖြည်းပုံပေါ်လာကာ မကြာခင်တွင် ဇီဝခန္ဓာကိုယ်တစ်ခု ရလာနိုင်လောက်သည်။
ထို့အပြင် မြေပြင်၌ ရှိနေသည့် ငွေသတ္တုအစုအပုံလေးများလည်း ဝတ်မှုန်နှင့် ထိလိုက်သည်နှင့် သက်ရှိပုံစံများ ဖြစ်လာကြသည်။
နောက်ဆုံးတွင် ထိုသတ္တုများသည် မြေပြင်ပေါ်၌ လဲနေကြသည့် သားရဲများကို အတုယူကာ ခွေးပုံများ၊ ကျားသစ်ပုံများ ဖြစ်လာကြသည်။ ထို့နောက် သူတို့သည် သားရဲအလောင်းအချို့ကို ငွေသတ္တုတွင်းကို ဆွဲသွားကာ အချို့ကို ထူးဆန်းသည့်အပင်အောက် မြှုပ်နှံလိုက်ကြသည်။
“သူတို့တွေက အလောင်းတွေကို မြေဩဇာအနေနဲ့ သုံးနေကြတာ…” ချူဖုန်း အံ့အားသင့်သွားရသည်။
အချိန်အတော်ကြာ ဖူးပွင့်ပြီးနောက် အမွှေးနံ့များ တစ်ဖြည်းဖြည်း ပျက်ပြယ်သွားသည်။
ငွေသတ္တုတွင်းထဲမှ ထွက်လာသည့် အဖြူရောင်အလင်းတန်းနှင့် ငွေရောင်ဝံပုလွေများ၊ ကျားသစ်များ၊ ဝက်များနှင့် လင်းနို့များအားလုံး ငွေသတ္တုတွင်းထံသို့ တရှိန်ထိုး ပြေးဝင်သွားကြကာ သတ္တုအပိုင်းအစတစ်ခုတည်းအဖြစ် အရည်ပျော်သွားကြပြီးနောက် ရှေးသတ္တုတွင်းအတွင်းနက်ပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
သူတို့သည် ပုံစံအတည်တကျမရှိပဲ ပုံစံမျိုးစုံပြောင်းရင်း ပျောက်ကွယ်သွားကြခြင်းပ်င။
နောက်ဆုံး ရှေးဟောင်းသတ္တုတွင်းပတ်လည်မှာ ပြန်လည် တည်ငြိမ်တိတ်ဆိတ်သွားသည်။
“ကြောက်စရာကောင်းလိုက်တာ .. ဒီသစ်ပင် သတ္တုတွေကို အဆင့်တက်အောင် လုပ်ပေးနိုင်တာလား..” ချူဖုန်း ရေရွတ်လိုက်သည်။ ဤသည်မှာ ပြင်းထန်သည့်ကိစ္စတစ်ခုဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
ကမ္ဘာကြီးမှာ ပြောင်းလဲနေဆဲဖြစ်ပြီး ထူးခြားဆန်းကြယ်မှုအသစ်များလည်း ထွက်ပေါ်နေဆဲပင်။
အချိန်အတော်ကြာမှသာ သူ ပုန်းခိုနေရာမှ ထွက်လာပြီး ငွေသတ္တုတွင်းကို မီတာတစ်ရာအကွာမှ စစ်ဆေးကြည့်လိုက်သည်။
အမ်..
မြေပြင်ထက်၌ တောက်ပနေသည့် ငွေရောင်သတ္တုပုံတစ်ပုံကို သူ တွေ့လိုက်ရသည်။ ဤသတ္တုသည် အသွင်မပြောင်းနိုင်ခဲ့သော်လည်း ဝတ်မှုန်နှင့်ထိတွေ့ခဲ့သည်မှာ သေချာသည်။
ချူဖုန်း ထိုသတ္တုကို သားရဲသားရေဖြင့် သေချာထုတ်ပိုးလိုက်ပြီး ပြန်လှည့်ခဲ့လိုက်သည်။
သူသည် မအိပ်မနားပဲ ရွှမ်းထျန်မြို့သို့ ပြန်ပြေးလာခဲ့သည်။ ဤသတ္တုကို စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူများကို ပြသသင့်သည်ဟု သူ ခံစားနေရသည်။
မိုင်ပေါင်း ၈၀၀ ကို တရှိန်ထိုး ပြေးခဲ့ပြီး သူ ရွှမ်းထျန်မြို့သို့ ပြန်ရောက်သည့်အချိန်တွင်တော့ ညပင်အတော်နက်နေလေပြီ။ သို့သော် ရွှမ်းထျန်မြို့ကတော့ သက်ဝင်လှုပ်ရှားနေဆဲပင်။
ချူဖုန်း လေအလျင်ဖြင့် တရှိန်ထိုး ပြေးလာခဲ့သည်။ သူ့နားထဲတွင်တော့ နွားနတ်ဘုရား၊ ချူဖုန်း၊ မြွေဖြူ စသည့်စကားလုံးများကို ကြားနေရသည်။ အများအားဖြင့် ရုပ်ရှင်ရုံထဲမှ ထွက်လာသည့်သူများထံမှ ကြားနေရခြင်းပင်။
ယခုအချိန်တွင် သူ ဤအရာများကို ဂရုစိုက်ရန် အချိန်မရှိသေး။ သူ ကျောက်စိမ်းဂူကျောင်းထဲသို့ တန်းဝင်သွားလိုက်ပြီး တစ်ယောက်ယောက်ကို လုထုန်အား သွားခေါ်ခိုင်းလိုက်သည်။
“ဟေ့ကောင် .. မင်း ဦးနှောက်မရှိဘူးလား .. မင်းက တရုတ်ပြည်တစ်ခုလုံးမှာ နာမည်ကျော်ကြားနေတဲ့ နွားနတ်ဘုရားမှန်း ငါသိပါတယ်ကွ .. ဒါပေမဲ့ ငါတို့ ဒါကို ညနက်ကြီး ဂုဏ်ပြုဖို့ လိုလို့လား..”
လုထုန် အိပ်ချင်မူးတူးဖြင့် ပြောလာသည်။
“လူအိုကြီး .. ကျွန်တော် တစ်ခုခုတွေ့လာတယ် .. ကျွန်တော် အသက်ရှိနေတဲ့ ငွေသတ္တုတွင်းကြီး တွေ့ခဲ့တယ်..” ချူဖုန်း ဇာတ်လမ်းတစ်ခုလုံးကို ပြန်ပြောပြလိုက်ပြီး ငွေသတ္တုကို ထုတ်ပြလိုက်သည်။
လုထုန်မှာ ချက်ချင်းပင် မျက်လုံးပြူးသွားကာ “ဘာ .. သတ္တုတွေတောင် အဆင့်ပြောင်းကုန်ပြီလား .. ပြီးတော့ အဲဒီသစ်ပင်က သတ္တုတွေ အဆင့်ပြောင်းအောင် လုပ်ပေးနိုင်တာလား..”
ဤတွေ့ရှိမှုမှာ လေးနက်သည့်ကိစ္စတစ်ခုဖြစ်ကြောင်း သူသိသည်။ သူသည် သက်ဆိုင်ရာဌာနကို ချက်ချင်းခေါ်လိုက်သည်။ တစ်ညပင်မကူးသေးသော်လည်း သတ္တုကတော့ ရွှမ်းထျန်မြို့မှ စမ်းသပ်ခန်းထဲသို့ ရောက်သွားလေပြီ။
ချူဖုန်း ကျောက်စိမ်းဂူကျောင်း၌ ဆက်မနေတော့ပဲ သူ့အိမ်သို့ ပြန်လာခဲ့လိုက်သည်။ အဖြေအတွက် နောက်မှ ပြန်လာတော့မည်။
ညနောက်ကျနေပြီဖြစ်သော်လည်း သူအိမ်ပြန်ရောက်သွားသည့်အချိန်တွင် သူ့မိဘများ ဧည့်ခန်းထဲ၌ ထိုင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ဝမ်ကျင်းသည် စိတ်လှုပ်ရှားစွာဖြင့်ပင် ချူဖုန်းကို အော်ဟစ်မိလုနီးပါး ဖြစ်သွားသည်။ “သားလေး .. မင်းရဲ့ သရုပ်ဆောင်စကေးတွေက တကယ်မဆိုးဘူး..”
ချူဖုန်း ခေါင်းကိုက်လာရသည်။ သူ ဖုန်းပိတ်ထားသောကြောင့် အပြင်၌ ဘာဖြစ်နေလဲ သူမသိသေး။
“ဇာတ်ကားက မှတ်ချက်ကောင်းတွေ အများကြီး ရခဲ့တယ်… သားမရှိတုန်း လူတွေအများကြီး သားကို ဆက်သွယ်ဖို့ ကြိူးစားခဲ့တယ် … တစ်ချို့လူတွေဆို သားကို ဆက်သွယ်လို့မရလို့ဆိုပြီး အမေတို့ကို ဆက်သွယ်လာသေးတယ်..” ဝမ်ကျင်း ပြောလိုက်သည်။
“ဘယ်သူ ဆက်တာလဲ..” ချူဖုန်း မေးလိုက်၏။ သူ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“အများကြီးပဲ .. ဥပမာ မင်း ဘလိုင်းဒိတ်တွေ့ခဲ့တဲ့ မိန်းကလေးဆို ခဏခဏခေါ်နေပြီး မင်းပြန်လာပြီလား မေးနေတာ .. သားတို့ အခြေအနေကောင်းလာပြီထင်တယ်” ဝမ်ကျင်း ပြောလိုက်သည်။
အခြေအနေကောင်းသည်ထက် မုန်းတီးသောကြောင့် ဆက်လာခြင်းဖြစ်မည်ဟု ချူဖုန်း တွေးမိသွားသည်။ ထို့အပြင် သူမသည် ကျန်းလော့ရှန်းကိုယ်စား ဆက်လာခြင်းဖြစ်နိုင်သည်။
“ကျန်းလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်လည်း ဆက်လာသေးတယ် .. သူကစိတ်လှုပ်ရှားလွန်းလို့သူ့အသံတွေတောင် တုန်နေတာ .. သူဆက်တယ်လို့ပြောလိုက် အဲဒါဆို သားသိတယ်တဲ့..”
မည်သူဖြစ်မည်ကို ချူဖုန်း မစဉ်းစားပဲနှင့်တောင်သိသည်။
သူမ စိတ်လှုပ်ရှားနေခြင်းထက် ဒေါသထွက်နေခြင်း ဖြစ်လိမ့်မည်။ ရုပ်ရှင်ပြပြီးနောက် သူမနာမည်သည် ရှာဖွေမှုထိပ်ဆုံး၌ ရောက်နေပြန်ပြီထင်သည်။
“ဘာဖြစ်နိုင်မလဲ .. နောက်ထပ် ကောလဟာလတွေ ထပ်ထွက်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်..” ချူဖုန်း တွေးလိုက်သည်။
“မနက်ဖြန်မနက်မှ သတင်းတွေကို ကြည့်လိုက်တော့.. အခုတော့ နားလိုက်ဦး..” ချူကျင်းယွမ် အကြံပေးလာသည်။
“သားကို ရှာနေတဲ့လူတွေ တကယ်အများကြီးပဲ .. ဒါပေမဲ့ ဒါက တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ်..” ဝမ်ကျင်းလည်း ပြောလာသည်။
“ကျွန်တော်တို့ လှပတဲ့ခေတ်ကြီးမှာ နေရတာကို လူတွေက အရမ်းကြမ်းတမ်းနေကြတယ်..”
ဤကိစ္စကို ခဏဘေးချိတ်ထားရန် ဆုံးဖြတ်လိုက်သည်။ ပို၍အရေးကြီးသည်မှာ သူ အခု ရေချိုးပြီး ကောင်းကောင်းအိပ်ချင်နေပြီ။
မိုင်ပေါင်း ရှစ်ရာကို တရှိန်ထိုး ပြေးခဲ့ရသောကြောင့် သူ ပင်ပန်းနေလေပြီ။
ထိုညတွင် ချူဖုန်း အလွန်နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရသည်။ သို့သော် အချို့လူများအတွက်တော့ ထိုသို့မဟုတ်။
ထိုလူများထဲတွင် ကျန်းလော့ရှန်း၊ ရှားချန်းယုမှ ငွေတောင်ပံ၊ မိုးကြိုးနှင့် ရှုဝမ်ယိ၊ မူအိမ်လည်း ပါဝင်သည်။
ဤလူများမှာ ချူဖုန်းနေရာသို့သာ အပြေးလာချင်မိကြသည်အထိပင်။
သားရဲများထဲတွင် အိပ်ရေးပျက်သည့်သားရဲများ ရှိနေသည်။ ဥပမာအားဖြင့် နွားရိုင်းနက်ကြီးပင်။ ခွန်းလွန်တောင်ထဲ၌ သားရဲတစ်ကောင်၏ ဒေါသတကြီးအော်သံမှာ မီးတောင်ပေါက်ကွဲသည့်အလား ပြင်းထန်နေသည်။ သူ ချူဖုန်းကို ဆက်သွယ်ကာ လူတစ်ယောက်အား ဖမ်းလာခိုင်းစေချင်သော်လည်း ထိုကောင်စုတ်လေးကာ ဖုန်းစက်ပိတ်ကာ သူ့အား လျစ်လျူရှုထားသည်ပင်။
အိပ်ရေးပျက်သည့် အခြားသားရဲများလည်း ရှိသည်ပင်။ ဤရုပ်ရှင်ကားနှစ်ကားမှာ သူတို့အတွက် လောကအသစ်တစ်ခု ဖွင့်ဟပေးလိုက်သကဲ့သို့ပင်။
အပိုင်း ၁၁၅ ပြီး၏။