ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၄ – သူတော်စင်တစ်ပါး ထွက်ပေါ်လာခြင်း
နွားနက်ကြီး အော်ဟစ်နေသည်ကို နွားဝါလေး ခိုးရိုက်လိုက်ကာ ဟာသဝဘ်ဆိုက်၌ တင်လိုက်လေသည်။
ထိုဗီဒီယိုတွေ့လိုက်ရသည့်အချိန် ချူဖုန်းပထမတော့ ဆွံ့အသွားသေးသည်။ ထို့နောက်တော့ သူ အူလှိုက်သည်းလှိုက်ပင် ရယ်မောလိုက်သည်။ နွားနက်ကြီး ဤကဲ့သို့ ဒေါသထွက်သည်မှာ ရှားပါးလှသည်။
“ဘော့စ်နက်ကြီး ဒါက စိတ်တိုစရာမဟုတ်ပါဘူး .. ယောက်ျားအစစ်က သူတို့အိပ်မက်နောက်ကို လိုက်ရဲကြတယ်..” မိုင်ပေါင်းများစွာအဝေးမှ ချူဖုန်း နတ်ဆိုးလေသံဖြင့် နှစ်သိမ့်လိုက်သည်။
“သောက်ကောင် .. ငါ မင်းကို မမြင်ချင်ဘူး..” နွားနက်ကြီး အော်ဟစ်လိုက်သည်။
ဖုန်းထဲမှပင်လျှင် ခွန်းလွန်တောင်၏ တုန်ခါမှုကို ခံစားနိုင်သည်။ ဖုန်းချပြီးနောက် ချူဖုန်း ကျိုးရိထျန်းကို ချက်ချင်း ပြောပြလိုက်သည်။
ကျိုးရိထျန်းသည် ထိုသတင်းကို အင်တာနက်ပေါ်၌ အတည်ပြုပြီးသည်နှင့် ချက်ချင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ခွန်းလွန်တောင်၌ နွားနတ်ဆိုး အော်ဟစ်နေသည့် ဗီဒီယိုကို ပြခဲ့လေသည်။ မီဒီယာအားလုံးမှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
ဤသည်မှာ သားရဲဘုရင်အစစ်ဖြစ်သောကြောင့် သူတို့နှင့်ပတ်သက်သည့်သတင်းများမှာ အမြဲတမ်း ပထမဆုံး တင်ပြကြရမည်ပင်။
ဤသည်မှာ လေးနက်သည့် ကိစ္စတစ်ခုဖြစ်သင့်သော်လည်း ဗီဒီယိုကြည့်သည့်သူများမှာ ထိုသားရဲဘုရင်ကို မကြောက်ကြ။
ဒေါသထွက်ကာ ထပ်ခါတလဲလဲ အော်ဟစ်နေသည့် နွားနတ်ဆိုးကို တွေ့လိုက်ရသည့်အချိန် သူတို့အတော်လေး အံ့အားသင့်သွားကြရသည်။
“ဒီရုပ်ရှင်ကို တကယ် နတ်ဘုရားက ဖန်တီးထားတာပဲ .. ရုံတောင်မတင်ရသေးဘူး သူတို့ သားရဲဘုရင်တစ်ကောင်နဲ့ ဆက်သွယ်နိုင်နေပြီ .. ကျိုးရိထျန်းက တကယ်ကို ဂျီးနီးယပ်စ်ပဲ .. သူ့ကို နွားအိုကြီး ဘယ်လိုမျိုး အရေခွံနွှာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့..”
“ဒီရုပ်ရှင်ကို ကြည့်ရမယ် .. နွားနက်ကြီး ဒီရုပ်ရှင်ကို ကြည့်ပြီးသွားရင် ပိုပြီးတော့တောင် ဂယက်ရိုက်လာလိမ့်မယ်လို့ ငါခံစားနေရတယ်..”
“မင်းပြောတာမှန်တယ် .. လက်မှတ် မြန်မြန် ဖြတ်လိုက် .. ငါတို့ မနက်ဖြန် သူ့ကို သွားအားပေးကြမယ်..”
…
နွားနက်ကြီး၏ မိုးကြိုးကဲ့သို့သောအော်ဟစ်သံမှာ ရုပ်ရှင်အတွက် အကောင်းဆုံးကြော်ငြာဖြစ်သွားသည်။
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ရုပ်ရှင်အဖွဲ့သားများကတော့ ဖိအားများနေကြသည်။ သူတို့တွေက သားရဲဘုရင်တစ်ကောင်ကို ဘယ်လိုရှာလိုက်ကြတာလဲ ..
ထိုညတွင် မည်သူမှ ငြိမ်းငြိမ်းချမ်းချမ်း မအိပ်စက်နိုင်။
သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များပင် သတိကြီးကြီးဖြစ်နေကြသည်။ သူတို့သည် ကျိုးရိထျန်းကိုခေါ်ကာ သူ့အား ခဏလောက် ရပ်နေဖို့ ပြောလိုက်သည်။ သူတို့ ကျိုးရိထျန်းကို နောက်မှ ပံ့ပိုးပေးနိုင်သော်လည်း သားရဲဘုရင်တစ်ကောင်ကို ရန်စသည်မှာ ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်။
ကျိုးရိထျန်းသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသောကြောင့် သူ့ရင်ဘတ်ပုတ်ကာ နောက်တစ်ခါ ဤကဲ့သို့ ထပ်ဖြစ်မည်မဟုတ်ကြောင်း အာမခံလိုက်သည်။
သူ မည်သည့်အချိန်၌ ရပ်ရမည်ကို သူသိသည်။ သူ နွားနက်ကြီးကို ဟာသလုပ်ရဲသော်လည်း မြွေဖြူကြီးကို မစော်ကားရဲ။
နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ထားသောကြောင့် ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’မှာ အားသာ နေသည်ပင်။ နာမည်ကြီးသည့် ပထမတန်းစား နာမည်ကြီးအားလုံး ရုပ်ရှင်ရုံသို့ ရောက်လာကြသည်။
‘နွားနတ်ဆိုးသူတော်စင်’ဘက်တွင်တော့ အတော်လေး တိတ်ဆိတ်နေသည်။ သူတို့ မည်သည့်နာမည်ကြီးမှ မငှားထားသလို အဓိကသရုပ်ဆောင် ချူဖုန်းကိုပင် မမြင်ရ။
မုန်တိုင်းထန်နေသည့်ကြားတွင် သူ ဘယ်လိုလုပ် မျက်နှာပြရဲမည်နည်း.. ‘အချို့လူများမှာ’ သူ ပေါ်လာမည်ကို စောင့်နေကြသည်ပင်။
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’၏ နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများမှာ အင်အားကြီးလှသောကြောင့် ထိုရုပ်ရှင်ရုံ၌ နာမည်ကြီးမင်းသား၊ မင်းသမီးများ အထူးပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသည်။
ထိုရုံတင်သည့်နေ့၌ သူတို့ရုပ်ရှင်သည် ရုံဝင်ကြေးငွေစံချိန်အားလုံးကို ချိုးဖျက်ပစ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ကြသည်။
ထိုထဲမှ အချို့ကြယ်ပွင့်များသည် ကျွမ်းကျင်သည့်သရုပ်ဆောင်များမပါသည့် ရုပ်ရှင်ကို သိပ်မျှော်လင့်နေ၍မရကြောင်း ပြစ်တင်ဝေဖန်ခဲ့သေးသည်။ ထိုလူများသည် သူတို့၏ အရည်အသွေးနိမ့်သည့်အလုပ်များကို ဖုံးဖိရန်အတွက် ယာယီသာ လုပ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ကြသေးသည်။ ရုံဝင်ငွေက အားလုံးကို အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး အဆုံးကျလျှင် ထိုလူများသာ ဝက်ဝက်ကွဲရှုံးနိမ့်ရလိမ့်မည်။
‘နွားနတ်ဆိုးသူတော်စင်’ ဘက်တွင်တော့ အတော်လေး အခြေအနေဆိုးနေသည်။ မည်သည့်နာမည်ကြီးကိုမှ ဖိတ်ထားခြင်းမရှိသလို ပိုစတာထဲ၌ ပါသည့် ကျန်းလော့ရှန်း၊ လင်းနွိုင်နှင့် မိုးကြိုးတို့ပင်မလာ။ လူအနည်းငယ်သာ ရှိသည်။
ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့ ရောက်လာကြသော်လည်း အခြေအနေကို တွေ့သည်နှင့် ချက်ချင်းပြန်လှည့်ထွက်သွားလိုက်ကြသည်။
တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့သာစိတ်အားတက်ကြွစွာဖြင့် ရှိနေကြလေသည်။
“ငါတို့ နာမည်ကြီးတွေ ဖိတ်ဖို့မလိုဘူး .. ငါတို့ ကြည့်မယ့်သူတွေကိုပဲ ဖိတ်ရမှာ .. ဘယ်ဟာက ပြိုင်ဘက်ကင်းရုပ်ရှင်လဲဆိုတာ ပရိသတ်တွေကို ဆုံးဖြတ်ခိုင်းလိုက်မယ် .. ငါတို့ ရုံဝင်ငွေနဲ့ လူတစ်စုကို ပါးစပ်ပိတ်သွားအောင် လုပ်ပစ်လိုက်မယ်..”
ဤသည်မှာ ကျိုးရိထျန်း၏ ခမ်းနားလှသည့်ကြေငြာချက်ကြီးပင်။ အမှန်တကယ်တွင် သူသည် မည်သည့်နာမည်ကြီးပုဂ္ဂိုလ်ကိုမှ မဖိတ်နိုင်ခဲ့ခြင်းပင်။
ယနေ့တော့ ဇာတ်ရုံများအားလုံး လူပြည့်နေသည်။
လက်မှတ်မပြောနှင့် ပေါက်ပေါက်ဆုပ်ပင် ရောင်းကုန်သွားလေပြီ။ လက်မှတ်ရောင်းသည့်သူများသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ လက်မှတ်များကို ဈေးမြင့်လိုက်ကြလေသည်။
လာကြည့်သည့်သူများကို အင်တာဗျူးခြင်းမှာလည်း နာမည်ကြီးအောင်လုပ်သည့်နည်းလမ်းတစ်မျိုးပင်။
“ငါ နွားနတ်ဆိုးနဲ့ ထာဝရမြွေဖြူကြားက အချစ်ဇာတ်လမ်းကို ကြည့်ရမယ် .. ဟား ဟား..”
ခွန်းလွန်တောင်မှ နွားနက်ကြီးကတော့ သူ့ဖုန်းကို ဖောက်ခွဲပစ်တော့မတတ် ဒေါသထွက်နေပြီဖြစ်သည်။
“မူး .. ဒီဘိုးဘိုးကြီး ဒေါသထွက်နေပြီ..” ထို့နောက် သူသည် နွားဝါလေးကိုဖမ်းပြီး စတင်ရိုက်နှက်လေတော့သည်။ “ခွေးကောင်လေး .. မင်းက ငါ့ကို ခိုးရိုက်ပြီး အင်တာနက်ပေါ် တင်ရဲတယ်ပေါ့ .. ငါ မင်းကို သေအောင်ရိုက်ပစ်မယ်..”
နွားဝါလေး စတင်ထိတ်လန့်လာသည်။ နွားနက်ကြီး သူ့ကို ထပ်ရိုက်လာလျှင် ချူဖုန်းကို ပို၍အတွင်းကျသည့်သတင်းများ ထုတ်ခိုင်းလိုက်မည်ဟု သူ ခြိမ်းခြောက်လိုက်သည်။ ထိုအချိန်ကျလျှင် ‘နွားနတ်ဆိုးအချစ်သူတော်စင်’ ဟူသည့်နာမည်မှာ တစ်လောကလုံးကို လှုပ်ခတ်သွားနိုင်လိမ့်မည်။
နွားနက်ကြီးမှာ သူ့ကို ဒေါသတကြီး စိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ရုပ်ရှင်ရုံတိုင်း လူများပြည့်နှက်နေသည်။ အချို့လူများမှာ ဇာတ်ဆောင်မင်းသားကို သိချင်သောကြောင့် လာကြည့်ကြခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ယခုတလော ကျန်းလော့ရှန်းနှင့်ပတ်သက်သည့် သံသယဖြစ်စရာ သတင်းများစွာ ထွက်ပေါ်နေသည်ပင်။
“အဲဒီထူးဆန်းတဲ့လူက ဘယ်သူလဲဆိုတာ ငါသိချင်တယ် .. ဒီတစ်ခေါက်တော့ သူ ပုန်းနေလို့မရတော့ဘူး..”
“ဟုတ်တယ် .. ငါလည်း သူ ဘယ်သူလဲဆိုတာ သိချင်တယ်..”
လူတစ်စု စိတ်လှုပ်ရှားစွာပင် ပြောနေကြသည်။
“လော့ရှန်း .. နင်က ငါ့ဇာတ်ကားမကြည့်ပဲ တစ်ခြားကား ကြည့်မလို့လား .. နင်က ငါ့ရင်ကွဲအောင် လုပ်လိုက်တာပဲ..” ရှားချန်းယု မကျေမနပ်ပြောလိုက်သည်။
“သူတို့တွေငါ့ကို ဘယ်လို အသရေဖျက်ထားလဲ သိချင်လို့ပါ .. အဲဒီတော့ ငါ စောစောပြင်ဆင်လို့ရတာပေါ့…” ကျန်းလော့ရှန်းအမှန်အတိုင်း ပြောလိုက်သည်။ ရုပ်ရှင်ပြပြီးသွားလျှင် သူမ မုန်တိုင်းထဲ ဆွဲထည့်ခံရမည်စိုးသည်။
ကျန်းနင်မြို့ရှိ လင်းနွိုင်လည်း ရုပ်ရှင်ကြည့်ရန် ရုပ်ရှင်ရုံသို့ ထွက်သွားခဲ့ပြီဖြစ်သည်။ သူလည်း ထိုအဖြေကို ရှာချင်နေသည်ပင်။
…
“သားလေး .. သားက အဓိကသရုပ်ဆောင်လေ .. သားရုပ်ရှင်ကို သားသွားမကြည့်ဘူးလား..” ဝမ်ကျင်း ချူဖုန်းကို ရုပ်ရှင်အတူကြည့်ရန် ခေါ်လိုက်သည်။
ချူဖုန်း ချက်ချင်းပင် ခေါင်းခါလိုက်လေသည်။
နောက်ဆုံးတွင်တော့ ဝမ်ကျင်းသည် ချူကျင်းယွမ်ဘက်လှည့်ကာ သူ့ကို ရုပ်ရှင်ရုံထဲသို့ ဆွဲခေါ်သွားလေတော့သည်။
ရုပ်ရှင်စပြသည့်အချိန်တွင် ဇာတ်လမ်းနှစ်ခုလုံး၏ လက်မှတ်များ ရောင်းကုန်သွားပြီဖြစ်သည်။
ထိုအချိန်တွင် ချူဖုန်းကတော့ လူများစွာ တစ်ပြိုင်နက်တည်း ဖုန်းခေါ်လာမည်စိုးသောကြောင့် ဖုန်းပိတ်ထားလိုက်တော့သည်။
ထို့နောက် သူ မြို့ထဲမှ တိတ်တဆိတ် ထွက်သွားလိုက်သည်။
သူအိမ်၌ နေလျှင်ပင် လုံခြုံမည်မဟုတ်ဟု သူ ဆုံးဖြတ်လိုက်သည်။ မြို့ပြင်ထွက်ပြီး အမဲလိုက်သည်က ကောင်းဦးမည်။ သူ့အိမ်အတွက် အသီးများ၊ အသားများ များများစားစား စားရလိမ့်မည်။
ယခုတစ်ခေါက်တော့ သူ ဝေးဝေးသွားရန် ဆုံးဖြတ်လိုက်ပြီး သူ တောထဲ၌ နှစ်ရက်၊ သုံးရက်ခန့်နေမည်ဖြစ်ကြောင်း သူ့အိမ်၌ စာချန်ထားခဲ့လိုက်သည်။
ရွှမ်းထျန်မြို့အပြင်ဘက်ရှိ ရွာများတွင် သားရဲများသိပ်မရှိ။ တောင်များ၌သာ ရှိသည်။
ယခုအချိန်တွင် ရွာအများစုမှာ စွန့်ပစ်ခံလိုက်ရပြီဖြစ်ပြီး လူများမှာ စစ်တပ်မှ ကာကွယ်ပေးနိုင်သည့် မြို့များထံသို့ ပြောင်းရွှေ့သွားကြသည်။
ရွှမ်းထျန်မြို့ပတ်လည်မှာ အတော်လေး ငြိမ်းချမ်းသည်ဟု ပြော၍ရသည်။
“အမ်..”
ချူဖုန်း လက်ဆန့်ထုတ်လိုက်ပြီး အပေါ်မှ ကျလာသည့် အဖြူရောင်ပန်းပွင့်ဖတ်များကို ဖမ်းလိုက်သည်။
သူ ခေါင်းမော့ပြီး အမြင်အာရုံကို စုစည်းကာ အဝေးသို့ကြည့်လိုက်သည့်အချိန်တွင် မီတာတစ်ရာကျော်ရှည်သည့် သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။ တောင်ကုန်းပင် ထိုသစ်ပင်ကို မကာထားနိုင်တော့။
ချူဖုန်း သတိကြီးကြီးဖြင့် ရှေ့ဆက်သွားလိုက်သည်။
ဤသစ်ပင်ကြီးကို မြင်လိုက်သည်နှင့် ပြောင်းလဲမှုများဖြစ်လာသည့်နေ့ကို သတိရသွားသည်။
သူ ရထားပေါ် ထိုင်နေစဉ်က တောင်ကုန်းတစ်ခုထက်ပင် မြင့်သည့် သစ်ပင်ကြီးတစ်ပင်ကို တွေ့ခဲ့သေးသည်။
ကောင်းကင်ကို ထိုးဖောက်နေသည့် ကြီးမားလှသည့်နွယ်ပင်ကြီးတစ်ပင်ကိုလည်း သူ တွေ့ခဲ့သေးသည်ပင်။ ဂြိုလ်တုပင် ထိုနွယ်ပင်နှင့် တွဲလောင်းချိတ်သွားပြီး ရထားပေါ်သို့ ကျလာခဲ့သေးသည်။
ပြောင်းလဲမှုအတွင်း လေဟာနယ်၌ ထူးဆန်းသည့်အပင်များစွာ ပေါ်ထွက်လာခဲ့ပြီး ဂြိုလ်တုဆက်သွယ်ရေးများကို များစွာ ထိခိုက်ခဲ့သည်။
နောက်ပိုင်းတွင် နိုင်ငံအားလုံးမှ ဒုံးကျည်များ ပစ်လွှတ်ကာ ထိုထူးဆန်းသည့်သစ်ပင်များကို ပစ်ချခဲ့ကြသည်။
မြေပြင်ပေါ်ရှိ သစ်ပင်ကြီးလည်း ရှင်းလင်းခံခဲ့ရသည်ပင်။
သူ ကျောက်စိမ်းဂူကျောင်းထဲသို့ ဝင်ပြီးနောက် ဤအကြောင်းအရာအားလုံးကို ချူဖုန်း သိခဲ့ရခြင်းပင်။
ကမ္ဘာပျက်ကပ်မတိုင်မီကတည်းက ထူးဆန်းသည့်ပြောင်းလဲမှုများစွာ ဖြစ်ခဲ့ပြီး ထိုအဖြစ်အပျက်အားလုံးကို အစိုးရမှသိထားသည်။ ထို့ကြောင့်လည်း သူတို့ အချိန်မှီ ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြခြင်းပင်။
ထိုအပင်များကို ရှင်းလင်းရန်အတွက် နိုင်ငံအများစုမှာ သူတို့ဒုံးကျည်အားလုံးနည်းပါးကို အသုံးပြုခဲ့ကြရသည်ဟု လုထုန် သူ့ကို ပြောပြဖူးသည်။
ကံကောင်းစွာဖြင့် သူတို့ အချို့ဒုံးကျည်များအား အချိန်မှီ ထပ်ထုတ်နိုင်ခဲ့သည်ပင်။
ဤကဲ့သို့သော အပင်မျိုး ထပ်ပေါ်လာသည့်အချိန်တွင် ချူဖုန်း အမူအရာ လေးနက်သွားသည်။
သူ ထိုတောင်ကုန်းလေးထံသို့ ရောက်လာပြီး အပင်ရှေ့သို့ ရောက်သွားသည်။
ဤသည်မှာ ဂျပန်ဘုရားသစ်ပင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သစ်ပင်မှာ မီတာငါးရာကျော်မြင့်ပြီး ပန်းပွင့်များလည်း ပွင့်နေသည်။ ပန်းပွင့်ဖြူများမှာ လေတိုက်တိုင်း ဝေ့ဝဲကျနေသောကြောင့် ပန်းချီကားတစ်ချပ်အလား သဏ္ဌာန်တူလှသည်။
လေထဲ၌ မွှေးရနံ့တစ်ခု သင်းပျံ့နေသော်လည်း ဤသည်မှာ ဝတ်မှုန်မဟုတ်တာ သေချာသည်။
တစ်ချိန်တည်းမှာပင် အပင်ထံမှ စိတ်စွမ်းအင်အနည်းငယ်ကို သူ ခံစားနေရသည်။ ဤသည်မှာ အပင်တစ်ပင်ထက် ဝိညာဉ်ရှိသည့်သက်ရှိတစ်ဦးကဲ့သို့ ခံစားနေရသည်။
ယခင်တုန်းက သူ့စိတ်စွမ်းအင်မကောင်းသေးသောကြောင့် သူ နွယ်ပင်ကြီး၏ စွမ်းအားကို အာရုံမခံနိုင်ခဲ့။ သို့သော် ယခုတော့ မတူတော့။
“ဒီလောကကြီးမှာ ပြောင်းလဲမှုတွေ ဆက်ဖြစ်နေတုန်းပဲ .. အရာအားလုံးမှာ ထူးခြားဆန်းကြယ်မှုတွေ ရှိနေသေးတယ် .. တကယ်ကို မြင်နိုင်ဖို့ ခက်တာပဲ..” ချူဖုန်း သက်ပြင်းချလိုက်သည်။
ပြောင်းလဲမှုများမှာ အလွန်ထူးခြားဆန်းကြယ်လှပြီး ယခုအချိန်ထိ သူတို့ အမှန်တရားကို မသိရသေး။
သစ်ပင်မှာ ထူးခြားသော်လည်း ကံမကောင်းစွာဖြင့် ဝတ်မှုန်များသည် ချူဖုန်းကို အဆင့်တက်အောင် မလုပ်ပေးနိုင်သလို အနီးအနားမှ သန္ဓေပြောင်းများလည်း ဘာအကျိုးမှ ရရှိမည်မဟုတ်။
ချူဖုန်း ဤနေရာမှ ထွက်သွားပြီး ရှေ့ဆက်သွားလိုက်သည်။
ကံမကောင်းစွာဖြင့် သူ မည်သည့်ရှေးအပင်ကိုမှ ထပ်မတွေ့ရတော့။
သူ့ထံတွင် အံ့အားသင့်လောက်သည့် ခန္ဓာကိုယ်ပိုင်ဆိုင်ထားသောကြောင့် သူ မောပန်းခြင်းမရှိ။ ညနေစောင်းတွင် သူ ရွှမ်းထျန်မြို့နှင့် မိုင်ရှစ်ရာအကွာတွင် ရောက်နေလေပြီ။
ဤနေရာမှာ အလွန်တိတ်ဆိတ်နေသည်။ သားရဲအော်သံများမကြားရသလို ပျံသန်းနေသည့် ငှက်များလည်း မတွေ့ရ။
သူ ညနေခင်း နေရောင်ကို ခံယူရင်း တစ်ကိုယ်တည်း ဆက်သွားနေခဲ့သည်။ သူ တစ်ခုခုစားရန်အတွက် နားဖို့နေရာ ရှာလိုက်သည်။
ဝူး…
ရုတ်တရက် ထူးဆန်းသည့်အသံတစ်သံကို သူ ကြားလိုက်ရသည်။ ထိုအသံမှာ အတော်လေး ဝေးသော်လည်း သူ၏အဆင့်လွန်လူသား အကြားစွမ်းရည်ဖြင့် သူ ကြားလိုက်ရသည်။
“အသက်ရှူသံနဲ့ တူသလိုပဲ .. ဒါပေမဲ့ ဘယ်လိုလုပ် ဒီလောက်ကြမ်းတမ်းတဲ့ အသက်ရှူသံမျိုးရှိမှာလဲ..” ချူဖုန်း တွေးဆလိုက်သည်။
သူသည် အလွန်သတိကြီးကြီးထားလျက် ဖြည်းဖြည်းချင်းပင် ချဉ်းကပ်သွားလိုက်သည်။
မိုင်အနည်းငယ်ခန့် လျှောက်သွားပြီးနောက် ထူးဆန်းသည့်မြင်ကွင်းတစ်ခုကို သူ တွေ့လိုက်ရသည်။
တောင်၏ဘေးတစ်ဖက်ခြမ်းတွင် ငွေရောင်အလင်းတန်းတောက်ပနေသည့် စွန့်ပစ်သတ္တုတွင်းတစ်ခုရှိနေသည်။ ထိုသတ္တုတွင်းမှ အသက်ရှူသံကဲ့သို့သော အသံများ ထွက်နေသည်ပင်။
ထိုသတ္တုတွင်းဘေးတွင်လည်း ထူးဆန်းသည့်အပင်တစ်ပင် တွေ့လိုက်ရသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ ထိုအပင်သည် လုံးပတ်သိပ်မကြီးသော်လည်း သူ့အခေါက်များ၌ အက်ကွဲကြောင်းများပင် ထနေလေပြီ။
သစ်ပင်မြစ်သည် မြေကြီးအနက်ထဲထိကို ထိုးဖောက်နေသည်။ အပင်သည် တစ်ကျန်းရှည်ပြီး အရွက်များမှာ ခရမ်းဖျော့ရောင်ရှိသည်ပင်။
“အဆင့်တက်အောင် လုပ်ပေးနိုင်တဲ့ သန္ဓေပြောင်းသစ်ပင်တစ်ပင်လား..” ဤသည်မှာ ထူးဆန်းသည့်သန္ဓေပြောင်းသစ်ပင်ဖြစ်သည်မှာ သေချာသည်။
ဤအပင်မှာ အစောပိုင်းက သစ်ပင်ထက်ပင် ပိုရှည်သည်။ ထိုသစ်ပင်မှာ သုံးချီခန့်သာ ရှည်သည်ပင်။
“ဒါက .. ငွေသတ္တုတွင်းလား..”
ချူဖုန်း အံ့အားသင့်သွားရသည်။ ဤစွန့်ပစ်သတ္တုတွင်းတွင်လည်း အသက်ရှိနေလိမ့်မည်ဟု ချူဖုန်း ခံစားနေရသည်။
အပိုင်း ၁၁၄ ပြီး၏။