ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၃ – ပေါက်ကွဲထွက်လာခြင်း
“ဝမ်ဒယ်သတင်းစာက မင်းကို သူတို့ဆောင်းပါးတွေနဲ့ပုတ်ခတ်သလိုပဲလေ .. ဒါပေမဲ့ ငါက ‘နိုင်ငံ့နတ်ဘုရားမ’ မဟုတ်တော့ ငါ့ကို ပြဿနာရှာတဲ့သူတွေက ဒီလိုမျိုး အရေမရမဖတ်မရဖုန်းခေါ်တဲ့သူတွေပဲရှိတယ်”
ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူ စကားလုံးများကို တမင်သက်သက် ရွေးချယ်ပြောလိုက်ခြင်းပင်။ သူ့စကားလုံးများထဲတွင် ကျန်းလော့ရှန်းအား ထေ့ငေါ့သည့် စကားလုံးများ ပြည့်နှက်နေကြောင်း မြင်နိုင်လိမ့်မည်။
ကျန်းလော့ရှန်း၏ နဖူးထက်တွင် အနက်ရောင်လိုင်းအချို့ ထွက်ပေါ်လာသည်။ “ကျွန်မရှင့်ကို ရိုက်ပစ်မယ် .. မကောင်းတဲ့ကောင်..” ကျန်းလော့ရှန်း ကျိန်ဆဲလိုက်သည်။
ညစာမှာ နှစ်လိုဖွယ်မကောင်းတော့။ ဤနေရာ၌ ရှိနေသည့် စက္ကန့်တိုင်းမှာ နှိပ်စက်ခံနေရသလိုပင်။ သူမ စားချင်စိတ်ပင် မရှိတော့။ အင်တာနက်၌ ပျံ့နေသည့် အတင်းအဖျင်းများ၊ စွပ်စွဲမှုများကြောင့် သူမ ဗိုက်ပြည့်နေလေပြီ။
နောက်ဆုံးတော့ ညစာကြီး ပြီးဆုံးသွားလေပြီ။
ချူဖုန်းလည်း ဤနေရာမှ မြန်မြန်ထွက်သွားချင်နေပြီဖြစ်သည်။ ကျိုးရိထျန်း နောက်တစ်ခေါက်ထပ်ခေါ်လာမည်ကို သူ ကြောက်နေမိသည်။
“ဘာလို့ ရှင့်ပုခုံးပေါ် ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလို ဖြစ်နေတာလဲ..” ရှားချန်းယု မေးလိုက်သည်။
ကျန်းလော့ရှန်းလည်း ချူဖုန်း ပုခုံးကို ကြည့်လိုက်သည်။
“ငါပြောပြီးပြီလေ ငါ နေမကောင်းဘူးလို့ .. အခုတော့ ငါ အိမ်ပြန်၊ ခြေလက်ဆေးကြောပြီး သတင်းလေးဘာလေးဖတ်ပြီး အိပ်ချင်တာပဲ သိတော့တယ်” ချူဖုန်း ပြောလိုက်သည်။
ချူဖုန်း ပါးစပ်မှ ‘သတင်း’ ဟူသည့်စကားထွက်လာသည့်အချိန်တွင် ကျန်းလော့ရှန်း မသက်မသာ ဖြစ်သွားရသည်။ သူ တမင်သက်သက်ပြောသလားဟုပင် ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ ပြောသည့် ‘သတင်း’ ဆိုသည်မှာ ကျန်းလော့ရှန်းကို အပုပ်ချထားသည့် အမှိုက်များသာ။
“ရှင် တမင်သက်သက် ပြောလိုက်တာမလား..” ရှားချန်းယု ပြောလိုက်သည်။
“ဘာလဲ .. မဟုတ်ဘူး .. လုံးဝမဟုတ်ပါဘူးနော်..” ချူဖုန်း ပြုံး၍ ပြောလိုက်ပြီးနောက် လမ်းလျှောက်ထွက်သွားလိုက်သည်။ သို့သော် တစ်ခဏခန့် လျှောက်ပြီးနောက် ကျန်းလော့ရှန်းအား ပုခုံးကျော်ကြည့်ကာ “မစ္စကျန်း .. မင်း ဒီနေ့ည ငါ့အတွက် ထူးဆန်းတဲ့မြေကြီးတွေ ယူလာပေးခဲ့သေးလား..”
“ဆောရီးပါ .. ကျွန်မ အိတ်မှားယူခဲ့တယ်ထင်တယ်” ကျန်းလော့ရှန်းသည် ထိုအိတ်ကို သဘာဝကျကျပင် ဆွဲယူလိုက်လေသည်။
“ကောင်းပြီလေ ထားလိုက်ပါတော့ .. မစ္စကျင်းနဲ့ ညစာစားခဲ့ရတာက ငါ့အတွက် ပျော်စရာကောင်းခဲ့ပါတယ် .. မစ္စကျန်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ စက္ကန့်တိုင်းကို ငါတန်ဖိုးထားပါတယ် .. ကောင်းသောညပါ..” ချူဖုန်း လက်ဝေ့ရမ်းပြလိုက်သည်။
“ငါ့ဖင်ကိုပဲ ကျေနပ်နေပါလား .. ငါပြောပြမယ် .. ဒီသန္ဓေမကောင်းတဲ့ကောင်က ငါတို့ကို ရန်စဖို့အတွက် အချိန်တိုင်းကြိုးစားနေတာ .. အား .. ငါရူးတော့မယ်..” ရှားချန်းယု ချူဖုန်း ကျောပြင်ကိုကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “အား .. စိတ်ပျက်စရာကောင်းလိုက်တဲ့ည .. ရူးလိုက်တဲ့လူတွေ .. လော့ရှန်း .. ငါနင့်ကို အရမ်းသနားတာပဲ..”
ကျန်းလော့ရှန်း၏အကြည့်များကတော့ ချူဖုန်း ကျောပြင်ထက်၌သာ ရှိနေ၏ည်။ သူမ ပို၍ သံသယဝင်လာသည်။ သူက နွားနတ်ဘုရားလား..
…
ချူဖုန်း အိမ်ရောက်သည်နှင့် ကျိုးရိထျန်းကို ဖုန်းခေါ်လိုက်သည်။ သူ ဘာမှမပြောရသေးခင်မှာပင် ကျိုးရိထျန်း၏ အက်ကွဲနေသည့်အသံကြောင့် သူ နားကန်းလုမတတ် ဖြစ်သွားရသည်။
“ငါ့ညီအစ်ကို .. ငါချစ်ရတဲ့ ငါ့ညီအစ်ကို .. မင်းနေကောင်းလား .. မင်းနဲ့ အဆက်အသွယ်မရတော့ဘူးထင်နေတာ .. ငါ မင်းကို လိုက်ရှာတာ ဘယ်လောက်တောင်ကြာနေပြီလဲ မင်းသိလား .. ငါ့အပျော်တွေကို ဘယ်လောက်တောင်မှ မင်းကိုဝေမျှပေးချင်နေမှန်း မင်းသိမှာမဟုတ်ဘူး .. ဒီနေ့ည အားလုံး အဆင်ပြေပြေ ဖြစ်သွားတယ်..”
“ပျော်စရာဟုတ်လား .. အဆင်ပြေတယ်ဟုတ်လား .. ကျုပ်ခင်ဗျားကို ပြောမယ် .. ဒီနေ့ညက ကျုပ်အတွက်တော့ ကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားလိုပဲ .. ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ် .. ကျုပ်ကို တစ်လောကလုံးရဲ့ ရန်သူဖြစ်အောင်မလုပ်နဲ့ .. ကျုပ် ခင်ဗျားကို မြွေဖြူတောင်ထဲ ပစ်ထည့်ပေးမယ် .. အဲဒီအချိန်ကျရင် ဘယ်လောက်ပျော်စရာကောင်းမလဲ ကြည့်ကြတာပေါ့..”
“ဝိုး ဝိုး ဝိုး .. ဒီလိုမလုပ်ပါနဲ့ ငါ့ညီအစ်ကိုရ..”
ကျိုးရိထျန်းနှင့် စကားပြောရသည်မှာ ချူဖုန်းအတွက် နာကျင်စရာကောင်းလှသည်။ သူ နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်သော်လည်း ကျိုးရိထျန်းကို ဤအတိုင်းဆက်မလုပ်ရန် မဖျောင်းဖျနိုင်ခဲ့။
“ကောင်းပြီ ကောင်းပြီ .. နောင်ကျရင် ငါ ကောင်းကောင်းမွန်မွန်လုပ်ပါ့မယ် .. ငါ့လုပ်ရပ်တိုင်းအတွက် ငါတာဝန်ယူတယ်..” နောက်ဆုံးတွင်တော့ ကျိုးရိထျန်း သဘောတူသွားလေသည်။
ချူဖုန်း အတော်လေး အံ့အားသင့်နေရသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးရိထျန်းထံမှတစ်ဆင့် ဤရုပ်ရှင်ထုတ်လုပ်ရေးကို ကူညီပေးနေသည့် အစိုးရအရာရှိများရှိနေကြောင်း သူသိလိုက်ရသည်။ အပြင်လောက၌ ဖြစ်ပျက်နေသည့်အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသည့် ရုပ်ရှင်ကားကို ရရှိရန်ခက်ခဲသည်ဟု သူတို့ယုံကြည်ကြသောကြောင့် သူတို့သည် ကျိုးရိထျန်း၏ရုပ်ရှင်အတွက် အနောက်တံခါးများ ဖွင့်ပေးထားကြသည်ပင်။
နောက်တစ်နေ့ မနက်နိုးထလာသည့်အချိန်တွင် ချူဖုန်း နေရောင်အောက်၌ ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်လိုက်သည်။
သူ ပို၍ တိုးတက်လာသည်ကို ခံစားမိသည်။ သူ ပို၍ စွမ်းအားကြီးလာသောကြောင့် သူ ပျော်ရွှင်လာရသည်။
သို့သော် အခြားသူများအတွက်တော့ ပျော်ရွှင်စရာကောင်းသည့် မနက်ခင်းမဟုတ်။
မိုးကြိုးသည် သူ၏အတိုက်အခိုက်စွမ်းရည်များအတွက် လေ့ကျင့်နေပြီး ယခုတလော သူလည်း တိုးတက်လာသည်ပင်။ ထူးဆန်းသည့်အသီးတစ်လုံးကို စားလိုက်ရသည်နှင့် သူ သားရဲဘုရင်များနှင့် ယှဉ်တိုက်လာနိုင်လိမ့်မည်။
သို့သော် မနက်ခင်းပိုင်းတွင်တော့ သူ စိတ်ဓာတ်ကျနေသည်။ သူ နောက်ဆုံးသတင်းများကို ရှာဖတ်လိုက်သော်လည်း ဤသတင်းများမှာ ဘာဖြစ်နေသနည်း.. တစ်ညတည်းနဲ့ လောကကြီး ပြောင်းပြန်လှန်သွားတာလား..
သူ့ကို လက်မပေးထားကြသည့် လူထောင်ပေါင်းများစွာ ရှိနေသည်။ မဟုတ်သေး.. သူ့ကို လက်မပေးထားသည်မဟုတ်၊ “မိုးကြိုး-ဒဏ္ဍာရီလာ ဝက်စီးနင်းသူ’ ဟူသည့် စကားလုံးကို လက်မပေးထားခြင်းပင်။
ဘယ်သူလုပ်ထားတာလဲ.. မိုးကြိုးမှာ စားပွဲကို လှန်ပစ်လုနီးပါးပင် ဖြစ်သွားသည်။
သူ့နာမည်မှာ ကျန်းလော့ရှန်းနှင့်ယှဉ်လျှင် ဒုတိယနေရာ၌ ရှိနေသည်ပင်။
“@!@#$$#@$$…”
နောက်ဆုံးတွင်တော့ မိုးကြိုး စားပွဲကြီးကို လှန်မောက်ပစ်လိုက်သည်။
ထိုအချိန် ကျန်းလော့ရှန်းလည်း ဒေါသထွက်နေရသည်။ သူမ မျက်နှာမှာ မည်းမှောင်နေပြီး ထိုပုံတင်သည့်သူကို ဖြတ်ရိုက်ပစ်ချင်မိသည်။
‘နတ်ဘုရားမကျန်း – လျှို့ဝှက်ချက်ပေါက်ကြားပြီ’ .. ‘နှစ်ညသုံးရက်’ ဟူသည့် စကားလုံးများမှာ အင်တာနက်၏ ရှာဖွေမှုစာရင်း၌ ထိပ်ဆုံး ရောက်နေသည်ပင်။
နာမည်ကြီးမှုအရဆိုလျှင် သူမ နာမည်သည် လူအားလုံးကို အပေါ်စီးမှ ကြည့်နေနိုင်သည်။ ပုလ္လင်ထက်၌ တစ်ယောက်တည်း အထီးကျန်နေမည်စိုးသောကြောင့် သူမ နာမည်ဘေးကပ်ရပ်တွင် မိုးကြိုးနာမည်ရှိနေသည်။
“အား… အား … အား…”
ကျန်းလော့ရှန်း အော်ဟစ်ပစ်လိုက်သည်။
ထိုနေ့တွင် ကျန်းလော့ရှန်းသည် အနားယူချိန် စကားပြောကြသည့်သူများ၏ ဆွေးနွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာသည်။
“စိတ်ဝင်စားစရာပဲ .. မိုးကြိုးက ဒီလောက်ထိ ရဲရင့်ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားဘူး .. ငါ ဒီဇာတ်ကားကို ကြည့်ချင်နေပြီ .. ဇာတ်ကားနာမည်က ဘာပါလိမ့် .. ဪ ‘နွားနတ်ဆိုးသူတော်စင်’..”
“ဒီဇာတ်ကားက ထိပ်တန်းဇာတ်ကားတစ်ကား ဖြစ်မှာပဲ .. ဒီဇာတ်ကားက တိုင်းဟန်တောင်က တိုက်ပွဲကို မှတ်တမ်းတင်ထားတာ .. မြွေဖြူကြီး ဘယ်လောက်တောင် ကြောက်စရာကောင်းနေလဲဆိုတာ ငါလည်း တွေ့ချင်နေပြီ..”
“ဟား ဟား.. သနားစရာကောင်းလိုက်တဲ့ မိုးကြိုး .. သနားစရာကောင်းလိုက်တဲ့ နတ်ဘုရားမကျန်း.. သူတို့ ကံဆိုးသွားတာ..”
“ကျန်းလော့ရှန်းနဲ့ ဒိတ်နေတဲ့သူက ဘယ်သူလဲ .. သူနဲ့ပတ်သက်နေတဲ့လူက ဒီရုပ်ရှင်ထဲက အမျိုးသားဇာတ်လိုက်ဖြစ်နိုင်တယ်လို့ တစ်ယောက်ယောက်ပြောတာ ကြားလိုက်တယ်…”
…
အင်တာနက်ပေါ်တွင် အကြောင်းအရာမျိုးစုံ ပွက်လောရိုက်နေသည်။ မိုးကြိုးနှင့် ကျန်းလော့ရှန်း အကြောင်း ပြောနေကြသည့်သူများသည် ‘နွားနတ်ဘုရားသူတော်စင်’ အကြောင်းကိုလည်း ပြောလာကြလေ၏။
ဤသည်မှာ ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ကို အတော်လေး ဖိအားများစေခဲ့သည်။ သူတို့သည် ပရိုမိုးရှင်းနှင့် ကြော်ငြာများတွင် နှစ်ဆ၊ သုံးဆ ထပ်သုံးလာလေသည်။
ထို့အပြင် သူတို့သည် လူထုအာရုံစိုက်မှု ရရှိရန်အတွက် ပုံစံမျိုးစုံ လုပ်လာကြသည်။ မည်သို့ပင်ဖြစ်စေ ဇာတ်ကားထဲ၌ ပါဝင်သည့်သူများမှာ နာမည်ကြီးသည့်သူများပင်။
သို့သော် ကျော်ကြားမှုတွင် ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ မှာ နောက်ကျကျန်နေသေးသည်။
ထိုနေ့တွင် အင်တာနက်ပေါ်၌ ‘နွားနတ်ဆိုးသူတော်စင်’ နှင့်ပတ်သက်သည့် ကြော်ငြာများ ဝေဝေဆာနေသည်။ ဇာတ်ကားထဲ၌ ငွေတောင်ပံ၊ မိုးကြိုး၊ ကျန်းလော့ရှန်း၊ လင်းနွိုင်၊ ကျားဖြူအစ်မ လုရှီယွင်တို့အပြင် သန္ဓေပြောင်းလူထောင်ပေါင်းများစွာ ပါဝင်သည်။ ထို့အပြင် ဤတိုက်ပွဲများတွင် ကွန်ပျူတာအထူးပြုလုပ်ချက်များမပါ။ အားလုံးကို အပြင်၌ ရိုက်ကူးခဲ့ခြင်းပင်။
ဤကြော်ငြာချက်မှာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
“ဘုရားရေ.. ငွေတောင်ပံက ချောလိုက်တာ..”
“အာ.. ကျန်းလော့ရှန်းလည်း ဒီဇာတ်ကားထဲ ပါတာလား..”
“ဘုရားရေ .. လင်းနွိုင်လည်း ပါတာလား .. သူက သူ့အရိပ်ပါတဲ့ဓာတ်ပုံလေးနဲ့တောင် တစ်နိုင်ငံလုံးကို လှုပ်ခတ်စေနိုင်တဲ့သူမလား .. သူက ဒိမ်ဒီက လင်းမိသားစုရဲ့သမီးပဲ..”
“ဒီဇာတ်ကားကတော့ လုံးဝရှယ်ပဲ .. သန္ဓေပြောင်းလူ ထောင်ချီ၊ သားရဲရာချီနဲ့ အားလုံးက အဖြစ်မှန်ကို ရိုက်ထားတာ .. ဒါက ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ထက် အဆပေါင်းများစွာ ပိုကောင်းမှာ .. ငါ ဒီဇာတ်ကားကြည့်ကိုကြည့်ရမယ်..”
…
ကျိုးရိထျန်းသည် အင်တာနက်ပေါ်၌ ဗုံးခွဲတိုက်ခိုက်နေသည်။
သူသည် ဤသည်ကို အခွင့်ကောင်းယူကာ မြွေဖြူ၏ မှုန်ဝါးဝါးပုံတစ်ပုံကို အင်တာနက်ပေါ်၌ တင်လိုက်သည်။ ပုံသည်မှုန်ဝါးနေသော်လည်း မြွေဖြူကြီး၏ ကြောက်စရာကောင်းသည့် အရွယ်အစားကိုတော့ သိနိုင်သည်ပင်။ မြွေဖြူကြီးကို အဖြူရောင်မြူများဖြင့် ရစ်သိုင်းထားသောကြောင့် နဂါးတစ်ကောင် ကမ္ဘာမြေပေါ် ဆင်းသက်လာသည်နှင့်ပင် တူနေသည်။
အစစ်အမှန်နှင့် ‘အဖြစ်မှန်မှတ်တမ်း’ ဟူသည့် စကားလုံးများဖြင့်သာ သူလုပ်စားနေခြင်းပင်။
ကွန်ပျူတာ အထူးပြုလုပ်ချက်များ မပါဘူးဟု ပြောထားသောကြောင့် လူများ ဤရုပ်ရှင်ကို ကြည့်ချင်လာကြသည်။ ကျိုးရိထျန်း လူများ၏ အာရုံကို အောင်မြင်စွာ ဆွဲယူလိုက်နိုင်ပြီဖြစ်သည်။
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ရုပ်ရှင်၌ ပါဝင်သည့် ဝန်ထမ်းများကတော့ ဖိအားများ ပိုများလာသည်။ ဒါရိုက်တာမှ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်ရေးသမားများအားလုံး၏ မျက်နှာများမှာ မသာမယာဖြစ်နေကြသည်။
“မင်းပြောတော့ သူတို့ဆီမှာ အခြေခံပစ္စည်းလေးတွေလောက်ပဲ ရှိတာ၊ သူတို့ရိုက်ထားတဲ့ဟာတွေကလည်း ရှင်းရှင်းလင်းလင်းမရှိတဲ့ ဓာတ်ပုံလေးတွေပဲဆို .. အခု ဒါက ဘာတွေလဲ..”
“တာဝန်ရှိတဲ့သူကို မြန်မြန်ခေါ် .. သူတို့ နာမည်ထပ်မကြီးလာအောင် ငါတို့လုပ်ရမယ်..”
…
ထိုနေ့မှစ၍ နှစ်ဖွဲ့လုံး အပြိုင်အဆိုင်များ ပြင်းထန်လာသည်။ နှစ်ဖွဲ့လုံး ကြော်ငြာများတွင် ပို၍ရင်းနှီးမြှုပ်နှံလာကြပြီး လူထုအာရုံစိုက်မှု ရရှိရန်အတွက် ဇာတ်လမ်း တစ်ဖြတ်၊ နှစ်ဖြတ်ခန့်ကို ဖြတ်ထုတ်လာကြသည်။
နောက်ရက်အနည်းငယ်တွင် ‘နွားနတ်ဆိုးသူတော်စင်’ အနည်းငယ် နာမည်ကျလာသောလည်း ကျိုးရိထျန်းသည် သူ့ပြိုင်ဘက်များကို အမြဲတမ်း ရိုက်ချနိုင်ခဲ့သည်။ သူသည် ဗုံးတစ်လုံးပြီးတစ်လုံး ပစ်ချကာ လူထုအာရုံကို ဆွဲဆောင်နေခဲ့သည်။
ဥပမာအားဖြင့် ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’မှ သရုပ်ဆောင်များ နာမည်ကြီးရှိုးတစ်ခု၌ သူတို့ဇာတ်ကား ကြော်ငြာသည့်အချိန်တွင် ကျိုးရိထျန်းသည် နောက်ထပ်ဓာတ်ပုံများ ထုတ်ပြပြီး သူ့ပြိုင်ဘက်ကို ရိုးရိုးရှင်းရှင်းဖိနှိပ်လိုက်သည်။
ထိုထဲမှ ဓာတ်ပုံတစ်ပုံမှာ နွားနတ်ဘုရား လေးနှင့် မြှားတစ်စင်းတည်းဖြင့် ဟယ်လီကော်ပတာအား ပစ်ချသည့်ပုံပင်။ အခြားတစ်ပုံတွင်တော့ နွားနတ်ဘုရား ငွေတောင်ပံနှင့် တိုက်ခိုက်နေသည့်ပုံရိပ် ပါဝင်နေသည်။
ဓာတ်ပုံတစ်ပုံစီတိုင်းတွင် ‘အရာအားလုံးက အပြင်လောကမှာ ဖြစ်ပျက်နေတာပါ’ ဟူသည့် စာတန်းပါဝင်သည်။
“တကယ်ကြီးလား .. လေး၊ မြှားနဲ့ ဟယ်လီကော်ပတာကြီးကို ပစ်ချနိုင်တယ်ပေါ့ .. ဝိုး .. သူက အရမ်းမိုက်တာပဲ…”
“ဒီဇာတ်ကားက စစ်ကား၊ ရွှမ်းဟွမ်ဇာတ်ကား၊ ဒဏ္ဍာရီလာဇာတ်ကားပဲ .. မိုက်လိုက်တာ .. ငါသေချာပေါက် ဒီဇာတ်ကားရိုက်ကူးရေးအဖွဲ့ကို အားပေးရမယ်..”
ဤဇာတ်ကားတွင် ဈေးပေါသည့် ကွန်ပျူတာအထူးပြုလုပ်ချက်များ မပါကြောင်း ကျိုးရိထျန်း ထပ်ပြောလာသည်။
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ မှ ဝန်ထမ်းများမှာ ဒေါသထွက်နေကြလေပြီ။ အဘယ်ကြောင့်ဆိုသော် ကျိုးရိထျန်း ထပ်ခါတလဲလဲ ပြောနေသည့် ဈေးပေါသည့်ကွန်ပျူတာအထူးပြုလုပ်ချက်မှာ ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’၌ ပါဝင်နေသည်။ ဇာတ်ကားထဲရှိ အခန်းတိုင်းလိုလိုမှာ အထူးပြုလုပ်ချက်များ ပါဝင်သည်။
သို့သော် သူတို့ လွယ်လွယ်အရှုံးမပေးနိုင်သေး။ ‘နွားနတ်ဘုရားသူတော်စင်’ ဇာတ်လမ်းနှင့်ပတ်သက်သည့် အတင်းစကားများ ထုတ်လွှင့်ကာ ရုပ်ရှင်ကို နိမ့်ကျသွားအောင်လုပ်ခဲ့သည်။
သို့သော် ဤနည်းလမ်းမှာ အလုပ်မဖြစ်နိုင်တော့။ ကျိုးရိထျန်းမှာ လူထုထောက်ခံမှုကို ရရှိသွားပြီဖြစ်ပြီး သူ့အတွက် ပရိသတ်အခိုင်အမာ ရရှိသွားပြီဖြစ်သည်။
“နွားနတ်ဘုရားသူတော်စင်က နာမည်ကြီးတွေရဲ့ မျက်နှာကို ပြစားတဲ့ ရှိုးပွဲတစ်ခုမဟုတ်ဘူး .. ဒါက လူသားနဲ့ သားရဲတွေကြားက တိုက်ပွဲကြီး ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ပြမယ့် ထိပ်တန်းရုပ်ရှင်တစ်ခု .. အဲဒါကြောင့်မို့လို့ ဒီရုပ်ရှင်က အမျိုးသားဇာတ်ဆောင်ကို ထုတ်မပြသေးတာ .. ပြဖို့လည်း မလိုလို့ပဲ .. ဒါပေမဲ့ အားလုံးက ဒီရုပ်ရှင်အကြောင်း စိတ်ဝင်စားနေကြတာဆိုတော့ အမျိုးသားဇာတ်ဆောင်က ဘယ်သူလဲဆိုတာ ဒီနေ့ ကျုပ် အားလုံးကို ပြပေးမယ်..”
ကျိုးရိထျန်း နောက်ထပ်ပုံတစ်ပုံ ထပ်တင်လိုက်သည်။
နောက်ထပ် ဗုံးတစ်လုံး ထပ်ပေါက်ကွဲလာလေပြီ။ ထိုဓာတ်ပုံထဲတွင် နေကာမျက်မှန်နှင့် မက်စ်တပ်ထားသည့် အမျိုးသားသည် ကျန်းလော့ရှန်းအား ဖမ်းချုပ်ထားလေ၏။ ကျန်းလော့ရှန်း၏မျက်နှာထက်တွင် အနိုင်ကျင့်မှုကို သည်းခံနေရသည့်ပုံစံများ ရှိနေသည်။
ဤဓာတ်ပုံတင်လိုက်သည်နှင့် အင်တာနက်ကြီး ပေါက်ကွဲထွက်သွားသည်။
“ဒါက ဟိုတစ်နေ့တုန်းက ကျန်းလော့ရှန်းနဲ့ ဒိတ်နေတဲ့ ထူးဆန်းတဲ့လူမဟုတ်ဘူးလား .. ဘုရားရေ .. သူက အမျိုးသားဇာတ်ဆောင်လား..”
“ဒီလူမှာ ထူးခြားတဲ့နောက်ခံရှိရမယ် .. နတ်ဘုရားမကျန်းတောင် သူရဲ့စိတ်ဝိညာဉ်တစ်ခုလုံး ပေးထားတာဆိုတော့..”
…
အင်တာနက်တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့်အချိန် ကျန်းလော့ရှန်းမှာ ဒေါသဖြင့် ဆူပွက်နေလေပြီ။
ဤဓာတ်ပုံ အင်တာနက်ပေါ်၌ ပေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့။
ဤဓာတ်ပုံကို သူမ ချူဖုန်းနှင့်တွေ့သည့်အချိန်က မကောင်းသည့်ကောင်များ ရိုက်ခဲ့သည့်ဓာတ်ပုံပင်။
ထိုအချိန်တွင် ယုယန်ချင်းကတော့ ဤဓာတ်ပုံကို ရိုက်ခဲ့ကြောင်း အွန်လိုင်းတွင် ကြွားဝါနေပြီး အမှတ်များယူနေလေသည်။
“အဲဒီကောင်က တကယ် ရုပ်ရှင်ထဲ ပါတာလား..”
“ပြီးတော့ ရုပ်ရှင်ကလည်း ‘နွားနတ်ဘုရားသူတော်စင်'” ရုတ်တရက် အလင်းရသွားသလို သူမ ခံစားလိုက်ရသည်။
ကျန်းလော့ရှန်း ဒေါသထွက်လာသည်။ သူမသည် အစမှအဆုံးထိ အလိမ်ခံခဲ့ရခြင်းပင်။ “ရွံစရာကောင်းလိုက်တာ..” ကျန်းလော့ရှန်း ကျိန်ဆဲလိုက်သည်။
သူမသည် ချူဖုန်းကို ဖုန်းဆက်ကာ “မကောင်းတဲ့ကောင် .. ရှင်က အရမ်းတွေ သရုပ်ဆောင်ကောင်းနေတယ်ပေါ့ ဟုတ်လား .. ရှင့်ကိုယ်ရှင် ဘယ်သူများ ထင်နေလဲ ဟမ် .. ရှင်က ကျွန်မကို ဒီလိုမျိုး အရူးလုပ်ရဲတယ်ပေါ့..”
“မင်းကို အရူးလုပ်တယ်ဟုတ်လား .. ငါဘယ်တုန်းကမှ မင်းကို အရူးမလုပ်ခဲ့ဘူး .. ငါတို့ ပထမဆုံးတွေ့တဲ့အချိန်ကတည်းက ငါက ရုပ်ရှင်တစ်ခုမှာ အမျိုးသားဇာတ်ဆောင်လို့ ပြောခဲ့တယ်လေ .. မင်းတို့ဘာသာ ငါ့ကို မယုံကြတာလေ” ချူဖုန်း ပြောလိုက်သည်။
ကျန်းလော့ရှန်းမှာ ဘာပြောရမှန်းပင်မသိတော့။ သူမ ဖုန်း မြန်မြန်ချလိုက်သည်။ ချူဖုန်း ပြောသည်မှာ မှန်သည်။ သူ့ကို မယုံကြည်ခဲ့သည့် သူမတို့အပြစ်သာ။
“ရှင့်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိသေးလဲ .. ရှင်က နွားနတ်ဘုရားလို့တော့ မပြောနဲ့နော်..” ဖုန်းချလိုက်သည်နှင့် ကျန်းလော့ရှန်း ဤအကြောင်းကို တွေးမိသွားသည်။ သူသာ နွားနတ်ဘုရားဆိုလျှင်တော့ သူတို့ကြားမှ ကိစ္စမှာပိုဆိုးသွားလေပြီ။
ရှားချန်းယုလည်း အံ့အားသင့်သွားရသည်။ “အဲဒီတော့ အဲဒီနှာဗူးကောင် ပြောတာ တကယ်ပေါ့..” သူမကိုယ့်ကိုကိုယ် ရေရွတ်လိုက်သည်။ ပို၍အရေးကြီးသည်မှာ ဤလူပါထားသည့်ရုပ်ရှင်သည် သူမ၏ ပြိုင်ဘက်ရုပ်ရှင်၌ ဖြစ်နေသည်။
“နွားနတ်ဆိုးသူတော်စင် .. မကောင်းတဲ့ကောင်..” ရှားချန်းယု အော်ဟစ်လိုက်သည်။
အချိန်များ ကုန်ဆုံးသွားပြီး ဇာတ်ကားနှစ်ကား ရုံတင်သည့်အချိန် ရောက်ရှိလာသည်။
သူတို့နှစ်ဖွဲ့လုံး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိုးနှက်နေကြသော်လည်း ကံကောင်းစွာဖြင့် ကျိုးရိထျန်းတွင် အစိုးရ၏ အထောက်အပံ့ရှိနေသည်ပင်။ မဟုတ်ပါက သူ့ဇာတ်ကားမှာ အလင်းရောင်လေးပင် မြင်လိုက်ရမည်မဟုတ်။
လင်းနွိုင်လည်း သတင်းကို မြင်လိုက်ရပြီး ဆွံ့အသွားခဲ့သည်ပင်။ သူတောင်မှ ဒီလူတွေ လှည့်ကွက်ထဲ ရောက်သွားတာလား.. သူက အဆင့်နိမ့်တဲ့ရုပ်ရှင်ထဲမှာ ပါရတော့မှာလား .. ဟာသပဲ..
မိုးကြိုးနှင့် ငွေတောင်ပံတို့လည်း ထိတ်လန့်သွားကြသည်ပင်။
ကျန်းလော့ရှန်းကတော့ တရားရေးရာဖြင့် သူမကိုယ်သူ ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူမတို့အဖွဲ့သည် ‘နွားနတ်ဆိုးသူတော်စင်’ ထုတ်လုပ်ရေးအဖွဲ့သားများကို တရားစွဲဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤရုပ်ရှင်၌ ပါဝင်မည်ဟု သူမတို့ ဘယ်တုန်းကမှ သဘောမတူခဲ့။
သို့သော် သက်ဆိုင်ရာအဖွဲ့အစည်းမှ သူမ၏ခွင့်လွှတ်မှုကို တောင်းခံသည့် တရားဝင်စာတစ်စောင် ရောက်လာကြောင်း သူမ လက်ထောက်ပြောလာသည်။ ထိုစာထဲတွင် ဤဇာတ်ကားထဲတွင် ပါဝင်သည့်အတွက် သူမကို သင့်တော်သည့်အခကြေးငွေဖြစ်ကြောင်း၊ သူမ ဤဇာတ်ကားကို ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း ရေးထားသည်ပင်။
အစိုးရထံမှ ဤကဲ့သို့သော ထောက်ခံမှုမျိုးရရှိသည့်ဇာတ်ကားမှာ သမိုင်းတွင် မဖြစ်ဖူးသည့်အဖြစ်အပျက်ပင်ဖြစ်သောကြောင့် ကျန်းလော့ရှန်း အံ့အားသင့်သွားရသည်။
“အဲဒါဆို ငါက အဲဒီကောင်နဲ့ ဇာတ်ကားထဲ ပါရတော့မှာလို့ ဆိုလိုတာလား..” မည်ကဲ့သို့သော အကျိုးဆက်မျိုးဖြစ်လာမည်ကို ကျန်းလော့ရှန်း တွေးပင်မတွေးချင်တော့။ ထို့နောက် သူမသည် အင်တာနက်ပေါ်၌ ရှာဖွေမှုအများဆုံး နံပတ်တစ်နေရာ ထပ်ချိတ်သွားပြန်သည်။
နောက်ပိုင်း ချူဖုန်း သိုသိုသိပ်သိပ်သာ နေတော့သည်။ ယခုအချိန်မှာ အတင်းမာဆုံးအချိန်ဖြစ်နေသောကြောင့် သူ လူထုထဲ မထွက်ချင်သေး။
ဇာတ်ကားပြီးသွားလျှင် ဘယ်လိုဆက်ဖြစ်လာမည်မသိသော်လည်း သေချာသည်မှာတော့ သူ့ဘဝယခင်အတိုင်း မဖြစ်နိုင်တော့။
ဇာတ်ကားရုံတင်ရန် တစ်ရက်သာ လိုတော့သည်။ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကို ဤနေ့တစ်နေ့က အဆုံးဖြတ်ပေးတော့မည်။
‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ဇာတ်ကားတွင် လွှမ်းမိုးနိုင်သည့်သူများဖြင့် ပြည့်နှက်နေသောကြောင့် သူတို့လှုပ်ရှားမှုတိုင်းမှာ လူထုကို စိတ်လှုပ်ရှားစေခဲ့သည်။
ကျိုးရိထျန်းလည်း သတိလက်လွတ်မနေရဲ။ ဇာတ်လမ်းနောက်တစ်ဖြတ်ကို သူ အင်တာနက်ပေါ်၌ တင်လိုက်သည်။ ထိုဗီဒီယိုထဲတွင် လူသားစကားပြောနေသည့် နွားနက်ကြီးတစ်ကောင် ပါနေသည့်အပြင် မြွေဖြူကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရသည်။
“ဒါက ဈေးပေါတဲ့ အထူးပြုလုပ်ချက်တွေမဟုတ်ဘူး .. အားလုံးကအစစ်အမှန်တွေ .. ဒီနွားနက်ကြီးက ဘယ်သူလဲသိလား .. ဒဏ္ဍာရီလာနွားနတ်ဆိုးကြီးပဲ..”
ကျိုးရိထျန်း ထိုသို့ရေးသားလိုက်သည်။
ထို့အပြင် ကျန်းရိထျန်းသည် ဇာတ်ကြောင်းအနည်းငယ်ကိုလည်း ပြောပြခဲ့သေးသည်။ “နွားနတ်ဆိုးသူတော်စင်ဇာတ်လမ်းက နွားနတ်ဆိုးအကြောင်း ရိုက်ထားတာ မဟုတ်ပေမယ့် သူလည်း အဓိကနေရာမှာပါတယ် .. သူရဲ့ အချစ်ပုံပြင်က ကြည့်ရှုသူတွေကို မျက်ရည်တွေ ကျသွားစေလိမ့်မယ် .. နွားနတ်ဆိုးက သူ တိတ်တခိုးလေး လေးစားအားကျနေရတဲ့ မြွေဖြူနတ်သမီးကို တွေ့ဖို့အတွက်နဲ့ မိုင်ပေါင်းထောင်ပေါင်းများစွာဝေးတဲ့ မီးတောက်တောင်ကနေ မြွေဖြူတောင်ကို လာခဲ့ရတာ”
ဤဗုံးကြီး ကျရောက်လာသည်နှင့် အင်တာနက်တွင်သာမက ခွန်းလွန်တောင်လည်း ပေါက်ကွဲထွက်သွားသည်။
နွားဝါလေးကြောင့် ခွန်းလွန်တောင်ရှိ သားရဲများနှင့် ငှက်များတွင် ဖုန်းကိုယ်စီ ရှိနေကြပြီဖြစ်သည်။ ရံဖန်ရံခါ သူတို့ အင်တာနက်သုံးပြီး အပြင်လောက၌ ဘာဖြစ်နေသည်ကို ကြည့်ကြသည်ပင်။ ထို့ကြောင့် ယခုအချိန်တွင် သားရဲအားလုံး ဤသတင်းကို သိသွားကြပြီဖြစ်သည်။
“ဝိုး .. နွားနက်ကြီး ခင်ဗျား မဆိုးဘူးပဲ..”
“ငါတို့ အစ်ကိုနက်က အဖြူရောင်နတ်သမီးကို လိုက်တာလား .. ခင်ဗျားက တော်တော်လေးသတ္တိရှိတဲ့သားရဲပဲ .. ခင်ဗျား ပျော်ရွှင်ခြင်းကို တွေ့ရဖို့ ဆုတောင်းပေးပါတယ်”
…
နွားနက်ကြီးမှာ ယခုထိ ဗာတီကန်မြို့သို့ မသွားရသေး။ ထိုသတင်းကြားလိုက်ရသည်နှင့် နွားနက်ကြီး ဒေါသထွက်သွားကာ သတင်းများကို မြန်မြန်ပင် ရှာဖတ်တော့သည်။
နောက်တစ်နေ့ မနက်တွင်တော့ ကမ္ဘာမြေကို တုန်လှုပ်သွားစေသည့် နွားနတ်ဆိုး၏ အော်သံကြီး ထွက်ပေါ်လာသည်။ “ချီးပဲ ကျိုးရိထျန်း .. ငါ မင်းကို အရှင်လတ်လတ် အရေခွံနွှာပစ်မယ်..”
အပိုင်း ၁၁၃ ပြီး၏။