အပိုင်း ၁၄၆•၂
” ကံကြမ္မာမျက်လုံး ”
°°°
” လျှပ်စီးဧကရာဇ် ဒါတွေက ရှုပ်ထွေးလွန်ပါတယ်..တကယ်တော့ ကျွန်တော်သိချင်တာက တစ်ခုထဲပါပဲ ဒီခြင်္သေ့နဲ့ထိပြီတဲ့နောက် ကျွန်တော်ရဲ့ တတိယမျက်လုံးက ဘာဖြစ်သွားတာလဲ အခုလက်ရှိအချိန်မှာ ကျွန်တော်တတိယမျက်လုံးကို ထိန်းချုပ်နိုင်တာခံစားလို့ရပါတယ်…ဒါက ကျွန်တော်ရဲ့မွေးရာပါမျက်လုံးအတိုင်းပဲ ဒါ့အပြင် ဒီမျက်လုံးထူးခြားတဲ့စွမ်းအားတချို့ထပ်ပေါင်းထည့်ခံလိုက်ရပုံပေါ်တယ်…ဒါပေမယ့် အဲ့ဒီစွမ်းအားရဲ့ သဘောသဘာ၀ကို ကျွန်တော်နားမလည်သေးဘူး…ဒါမျိုးကိုလဲ မမြင်ဖူးဘူး ”
” မင်းအဲ့ဒီပိုးကောင်လေးနဲ့ ကင်းမြီးကောက်လေးကို မေးခဲ့မယ်ဆိုရင် သူတို့လဲ အဖြေကိုသိကြမှာမဟုတ်ဘူး…ဒါပေမယ့် ငါ့ကိုမေးတယ်ဆိုရင်တော့ သေချာပေါက် လူမှန်ကိုမေးတယ်လို့ပြောရမယ်…ကံကြမ္မာရဲ့စွမ်းအားက ငါ့ကိုအသက်မျက်လုံးထဲကနေ နင်းထုတ်လိုက်တာ မင်းရဲ့မျက်လုံးကို လက်ရှိအချိန်မှာ ကံကြမ္မာရဲ့စွမ်းအားတွေက ပိုင်စိုးထားပြီးပြီ ဒါ့အပြင် စိတ်၀ိညာဥ်ပင်လယ်ကို ပိုမိုအားဖြည့်ပြီသန့်စင်ပေးလိမ့်မယ်…အနည်းဆုံးငါးနှစ်လောက်ကျင့်ကြံမှရမဲ့စိတ်၀ိညာဥ်စွမ်းအားကို မင်းပိုင်ဆိုင်ရပြီပဲ ဒါ့အပြင် အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ကောင်းမွန်တဲ့အကျိုးရလဒ်က ဆက်ပြီကြီးထွားလာနေမယ်…အစောပိုင်းမှာ ငါရဲ့ကိုယ်ပိုင်အင်အားကိုအသုံးပြုပြီး မင်းရဲ့ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကို အထောက်အပံ့ပြုပေးထားခဲ့တယ်…ဒါကြောင့်သာ အဲ့ဒီကစိတ်၀ိညာဥ်စွမ်းအားတွေကို မင်းအပြည့်အ၀မခံစားနိုင်ခဲ့ဘူး…အခုသန့်စင်ပြီတဲ့နောက် မင်းရဲ့ဒီဒုတိယစိတ်၀ိညာဥ်ပင်လယ်ကိုသုံးလို့ရနေပြီ အခုအချိန်ကနေစပြီ မင်းရဲ့တတိယမျက်လုံးကို ကံကြမ္မာမျက်လုံးလို့ခေါ်ရမယ်…သူက မင်းကိုကံကြမ္မာထိန်းချုပ်နိုင်တဲ့ အစွမ်းအစကိုပေးစွမ်းနိုင်တယ် ”
” ကံကြမ္မာကို ကျော်လွှားနိုင်တဲ့အစွမ်းအစလား ဒါကဘာကိုပြောချင်တာလဲ ”
” ကံကြမ္မာမျက်လုံးက သင့်တော်တဲ့အချိန်တစ်ခုအတိုင်အတာအတွင်းမှာ လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့အတွက် မင်းကိုအစွမ်းအစပေးနိုင်တယ်…ကြားရတဲ့ပုံသဏ္ဍာန်က လက်ရှိအချိန်မှာ နားလည်ဖို့ခက်ပေမဲ့ ပြောရရင်ရိုးရှင်းပါတယ်…အကယ်၍ မင်းသာတစ်စုံတစ်ယောက်ကို ကံကြမ္မာမျက်လုံးနဲ့ ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ကံကြမ္မာက ပြောင်းလဲသွားလိမ့်မယ်…အကောင်းလား အဆိုးလားဆိုတာကိုတော့ မသိနိုင်ဘူး..ဒါပေမယ့် ကံကြမ္မာမျက်လုံးကို သုံးတာက ၀ိညာဥ်စွမ်းအားတွေအများကြီးကို ကုန်ဆုံးစေလိမ့်မယ်…သုံးရက်မှာတစ်ကြိမ်သာနိုးထနိုင်ပြီတော့ မင်းသုံးရင်နဲ့ ပိုနားလည်လာမှာပါ ”
ဟို့ယွိဟောင်လဲ အကြီးအကဲစကားကိုနားထောင်ပြီချိန်မှာ အနည်းငယ်နားလည်လာပါတော့တယ်။
” ကျေးဇူးတင်ပါတယ် လျှပ်စီးဧကရာဇ် အားလုံးကိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…ဒါ့အပြင် ကျွန်တော်ဘာတွေဖြစ်နေလဲဆိုတာသိမှာတောင်မဟုတ်ပါဘူး…ကံကြမ္မာရဲ့စွမ်းအားကတကယ်အံ့ဩစရာကောင်းတာပဲ ”
” သိပ်ပြီပျော်မနေနဲ့ဦးယွိဟောင် လက်ရှိအချိန်မှာ မင်းကပြိုင်ဘက်ကင်းပြီ တုနှိုင်းမဲ့တဲ့စွမ်းရည်တစ်ခုကို ရရှိလိုက်တာတော့အမှန်ပဲ ဒီကံကြမ္မာစွမ်းအားက မင်းရဲ့ကံကြမ္မာကိုအဲ့ဒီမျက်လုံးသုံးလုံးရွှေခြင်္သေ့နဲ့ ချိတ်ဆက်ပေးနေတယ်…အဲ့ဒီတော့ သူ့ရဲ့မှတ်ဉာဏ်တချို့ကိုမင်းရရှိလိုက်တယ်…သူကတော့ မင်းရဲ့မှတ်ဉာဏ်တွေအားလုံးကို ရလိုက်တယ်…ဒါကငါတို့နဲ့ ပတ်သက်တဲ့မှတ်ဉာဏ်တချို့ကိုပါသွားတယ်…လက်ရှိအချိန်မှာ မင်းရဲ့ကံကြမ္မာက အဲ့ဒီသားရဲကောင်နဲ့ ချိတ်ဆက်ပေးပြီးပြီ ဒါက ရန်သူလား မိတ်ဆွေလားဆိုတာ မသိရသေးဘူး ပြောရမယ်ဆိုရင် မင်းရဲ့ကျင့်ကြံဆင့်အပေါ်မှာ သေချာအာရုံစိုက်ပြီ အားထုတ်သင့်တယ်…ဒါက လက်ရှိအချိန် အရေးကြီးနေပြီ ”
သူ့ရဲ့ကံကြမ္မာက အဲ့ဒီမျက်လုံးသုံးလုံးရွှေခြင်္သေ့နဲ့ချိတ်ဆက်သွားပြီလား ဒီကိစ္စကို ဟို့ယွိဟောင်သိပ်ပြီ မစိုးရိမ်ပါဘူး။ ဒီခြင်္သေ့က ဒီလိုထူးဆန်းတဲ့ ပေါင်းစည်းမှုလုပ်ပြီတဲ့နောက် သူ့ကိုရန်မလိုတော့မှန်း ခံစားမိပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လဲ ဒီချိတ်ဆက်မှုကို အနည်းငယ်ခံစားနေခဲ့မိတယ်။ သူ့ရဲ့ကံကြမ္မာဘာတွေဖြစ်မလားလဲဆိုတာတော့ ဘယ်သူကသိနိုင်မှာလဲ။
မဟာကြယ်တာရာသစ်တောထဲမှာအပြောင်းအလဲတွေက ထူးထူးဆန်းဆန်းဖြစ်နေခဲ့ပါပြီ။
ကျောချမ်းစရာကောင်းတဲ့ အပြောင်းအလဲတွေက ရှိနေခဲ့သလို သစ်ပင်တွေအားလုံးကလဲ နေရာတစ်ခုထဲကိုဦးတည်ရင်း ဝေ့ရမ်းလို့နေခဲ့ပါတယ်။ အဲ့ဒီနောက် အရှေ့အနောက် သွက်သွက်ခါအောင် လှုပ်ရမ်းနေခဲ့ပြီ မမြင်ရတဲ့အင်အားတစ်ခုက သစ်တောအပြင်ကိုထွက်လာသလိုပါပဲ။ အဲ့ဒီနောက် မြေကမ္ဘာကိုတုန်ဟီစေလောက်တဲ့ အပြောင်းအလဲတချို့က ဖြစ်ပေါ်လာပါတော့တယ်။
မဟာကြယ်တာရာသစ်တောကြီးက အဲ့ဒီလိုဖြစ်ပြီတဲ့နောက် ပြန်လည်တိတ်ဆိတ်လို့သွားခဲ့ရင်း လှုပ်ရှားမှုလဲကင်းမဲ့လို့သွားခဲ့ပါပြီ။ ရှိရှိသမျှသက်ရှိတွေအားလုံးက အိပ်စက်သွားကြသလိုပါပဲ။
အကြီးအကဲရွှမ်ကတော့ ခြင်္သေ့ရဲ့ဘေးကိုချက်ချင်းရောက်လာခဲ့ရင်း အားလုံးကိုအ၀ါရောင်အလင်းတန်းတွေနဲ့ ဖုံလွှမ်းလို့ထားပါတော့တယ်။ ဒီအလင်းတန်းက ခြင်္သေ့ကိုပါကာကွယ်ထားတာပါ။ သူ့ရဲ့အမူအရာကတော့ အတော်ကိုမကြည်မသာဖြစ်နေခဲ့ပါတော့တယ်။ ရောက်ရှိလာတဲ့သူက သူထက်ပိုမြင့်မားတဲ့ ကျင့်ကြံဆင့်ကိုပိုင်ဆိုင်ထားတာကြောင့် သူ့အနေနဲ့ စိတ်ထဲမှာသတိကြီးကြီးထားနေခဲ့ရပါတယ်။
၀ိုင်အနီရောင်အလင်းတန်းက တောက်ပလို့လာခဲ့ပြီတဲ့နောက် ခေါင်းသုံးလုံးခြင်္သေ့က အားလုံးရဲ့ရှေ့မှာနောက်တစ်ကြိမ်ပေါ်လာခဲ့ပြန်ပါပြီ။
ဟို့ယွိဟောင်ကတော့ တရားထိုင်နေရာကနေ ပြန်နိုးထလာခဲ့ပြီ သူ့ကိုယ်သူအကြီးအကဲရွှမ်ရဲ့အနောက်မှာ ၀င်ရပ်လိုက်ပါတော့တယ်။ သူကိုယ်တိုင်လဲ သတိကြီးကြီးထားပြီ အဆင်သင့်ပြင်ထားခဲ့တယ်။
အစောပိုင်းတုန်းကလို ဒေါသထွက်နေတဲ့ပုံစံမျိုး ကြက်သွေးရောင်ဘုရင်က ရှိမနေခဲ့ပါဘူး။ သူ့ရဲ့မျက်လုံးတွေက တည်ငြိမ်နေခဲ့ပြီ ယုံကြည်ချက်အပြည့်ရှိနေပုံရပါတယ်။ ဘယ်ဘက်ခေါင်းရဲ့သွားကြားတွေထဲမှာ ခရမ်းရင့်ရင့်၀ိညာဥ်သားရဲကောင်တစ်ကောင်ကို သူချီလာခဲ့ပါတယ်။
” ဧကရာဇ်သားရဲကောင်ကို လွှတ်ပေးလိုက် ဒီသားရဲကောင်ကို မင်းရဲ့ယူသွား ”
အဲ့ဒီနောက် သားရဲကောင်ကိုသူပြစ်ပေးရင်းနဲ့ ပြောလာပါတယ်။
” ကြည့်ရတာ မင်းရဲ့အဲ့ဒီတပည့်သားကို ဧကရာဇ်သားရဲကောင်က မသတ်လိုက်တဲ့ပုံပဲ ”
ဟို့ယွိဟောင်ကိုဘက်ကိုလှည့်ရင်း သူပြောလာခဲ့ပါတယ်။ အကြီးအကဲရွှမ်ကတော့ ဒီအတိုင်းသာပြန်ဖြေလိုက်တယ်။
” သူမသေဘူးလေ ဒါပေမယ့် သေလုနီးပါးပဲ မြန်မြန်ဆန်ဆန်နဲ့ သူလှုပ်ရှာနိုင်ခဲ့လို့သာ အဲ့ဒီတိုက်ခိုက်မှုကနေ လွှတ်သွားခဲ့တာ မဟုတ်ရင် သေနေလောက်ပြီ ငါဒီကိစ္စကိုအလွှတ်ပေးမယ် ဒါပေမယ့် တစ်ကြိမ်ပဲအလွှတ်ပေးမှာ ပြောချင်တာတစ်ခုရှိတယ်…အဲ့ဒီနောက်မှာရှိနေတဲ့ကောင်က ထွက်မလာချင်ဘူးဆိုရင် ဘာကြောင့်များ အရှိန်အ၀ါတွေကို ထုတ်လွှတ်နေသေးတာလဲ လာစမ်းပါ မင်းဘာကောင်လဲဆိုတာပြလိုက်စမ်းပါ ”
” လူသားမင်းသေချင်တယ်ဆိုရင် ငါမင်းရဲ့ဆန္ဒကိုဖြည့်စည်းပေးမယ် ”
နက်ရှိုင်းလွန်လှတဲ့အသံကြီးက သစ်တောရဲ့အတွင်းထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအက်ကွဲတဲ့အသံကြီးက သဲကြမ်းတွေကိုပွတ်တိုက်နေသလိုမျိုး ကြမ်းတမ်းတဲ့ခံစားချက်ကို ပေးစွမ်းပြီမိုးခြိမ်းသံတွေလိုပုံသဏ္ဍာန်နဲ့ လေထဲမှာလွှင့်လာပါတော့တယ်။ ဒါ့အပြင် ကောင်းကင်တစ်ခုလုံးကို မှုံမှ်ိုင်လို့သွားစေခဲ့ပြီ သူ့ရဲ့ရောက်ရှိလာမှုက အတောမသတ်နိုင်တဲ့ခမ်းနားမှုတွေကို ထုတ်လွှတ်လို့နေခဲ့တယ်။
အကြီးအကဲရွှမ်ရဲ့အမူအရာက မပြောင်းလဲခဲ့ပါဘူး။
” ငါ့ကိုမြေမြုပ်နိုင်တဲ့အစွမ်းအစမင်းမှာရှိတယ်ဆိုရင် လာလိုက်လေ ကြိုးစားကြည့်ပေါ့ ”
” ငါ့ကိုဒေါသထွက်အောင် လုပ်ချင်နေတာလား လူသား ”
နက်ရှိုင်းတဲ့အသံက အနည်းငယ်ဒေါသထွက်လာပုံရပါတယ်။
” ငါမင်းကိုရန်စတော့ရော ဘာဖြစ်လဲ ဒါတွေအားလုံးကတိုက်ဆိုင်ပြီဖြစ်လာတာလေ ငါရဲ့အစောပိုင်းက ဧကရာဇ်သားရဲကောင်ကို ဒီနေရာမှာချန်ထားခဲ့ဖို့ပဲ ကျောင်းတော်ကိုမယူသွားဖို့တွေးထားခဲ့တယ်…ဒါတောင်အတော်လေးရက်ရောတဲ့ ဆုံးဖြတ်ချက်ဖြစ်နေပြီ ဒါတောင် မင်းကငါ့ကိုခြောက်လန့်ချင်တယ်ပေါ့ မင်းတော့အမှားကြီးမှားသွားပြီပဲ ဒီလိုဖြစ်ပြီဆိုမှတော့ ဧကရာဇ်သားရဲကောင်ကို အမျက်ဒေါသမြို့တော်ဆီခေါ်သွားပြီ တင်းတင်းကြပ်ကြပ်စောင့်ကြည့်ရလိမ့်မယ်…မင်းတို့မဟာကြယ်တာရာသစ်တောထဲမှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေ နောက်တစ်ကြိမ်ကြီးမားတဲ့ကျူးကျော်မှုကြီး လုပ်၀ံ့မလားဆိုတာကြည့်ကြသေးတာပေါ့ ”
ရွှေခြင်္သေ့ကို သူဆွဲယူလိုက်ရင်း ပြောလာခဲ့ပါတယ်။
မျက်လုံးသုံးလုံးရွှေခြင်္သေ့ကတော့ လက်ရှိအချိန်မှာ မျက်လုံးတွေအားလုံးကို ဖွင့်ထားခဲ့ပြီ တစ်စုံတစ်ရာကိုအာရုံစူးစိုက်လို့နေခဲ့တယ်။
” တော်သင့်ပြီ ”
အထဲမှာရှိနေခဲ့တဲ့အသံက ရုတ်တရက်ဆိုသလို တွေဝေသွားခဲ့ပြီတဲ့နောက် ဆက်ပြောလာခဲ့ပါတယ်။
” ဧကရာဇ်သားရဲကောင်ကိုလွှတ်လိုက် ဒါဆိုရင် မင်းလဲသွားနိုင်ပြီ ငါရဲ့တိထျန်ဆိုတဲ့ နာမည်ဂုဏ်သတင်းကိုဦးတိုက်ပြီကျိန်ဆိုတယ်…ဒီကိစ္စကို ငါတို့ဒီနေရာမှာတင် အဆုံးသတ်မယ် ”
အကြီးအကဲရွှမ်ကတော့ အနည်းငယ်အေးဆေးသွားတဲ့ပုံပေါ်ပေမဲ့ ထိတ်လန့်တဲ့အမူအရာတချို့က သူ့မျက်နှာပေါ်မှာ ပေါ်ထွက်လို့လာပါတော့တယ်။
” အဲ့ဒီတော့ တိထျန်ပေါ့ ကောင်းပြီ ငါမင်းကိုယုံလိုက်မယ် ”
အဲ့ဒီနောက် သူဆွဲယူထားတဲ့ခြင်္သေ့ကိုလွှတ်လိုက်ပြီ အရှေ့ကိုပြန်တွန်းလိုက်ပါတော့တယ်။ ကြက်သွေးရောင်ဘုရင်ဆီကို အ၀ါရောင်အလင်းတန်းတွေနဲ့အတူ မျက်လုံးသုံးလုံးရွှေခြင်္သေ့က ရောက်ရှိလို့သွားပါပြီ။
ကြက်သွေးရောင်ဘုရင်ကတော့ ခြင်္သေ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးလို့နေခဲ့ပါတယ်။ ဒဏ်ရာတွေအားလုံးပျောက်သွားပြီမှန်းသိကာမှ သူ့ရဲ့အကြည့်က အနည်းငယ်နူးညံ့လို့သွားခဲ့ပြီ အကြီးအကဲရွှမ်ဘက်ကို လှည့်လာပါတော့တယ်။
အကြီးအကဲရွှမ်ကတော့ ညာဘက်လက်ကိုလှုပ်ရှားလိုက်ရင်း ခရမ်းရင့်ရင့်သားရဲကောင်ကို ပြန်ဆွဲယူလိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်တို့ကို အ၀ါရောင်အလင်းတန်းက ဖုံးလွှမ်းလို့သွားခဲ့ပြီ အမျက်ဒေါသကျောင်းတော်ဖက်ကို သူအမြန်ဆုံးပျံသန်းပါတော့တယ်။
အဲ့ဒီအချိန်မှာ ရှောင်းရှောင်းကတော့ မေးလာခဲ့တယ်။
” အဲ့ဒီတောထဲမှာ ပုန်းနေတဲ့သတ္တ၀ါက ကျွန်မတို့ကိုတကယ်မတိုက်ခိုက်ဘူးလား ဆရာ ”
” မင်းတို့တွေမှတ်မိထားရမဲ့ ကိစ္စတစ်ခုရှိတယ်…၀ိညာဥ်သားရဲကောင်တွေက လူသားတွေထက်ပိုယုံကြည်ရသလို သူတို့ရဲ့ဂုဏ်သိက္ခာကိုလဲ ပိုအလေးထားကြတယ် ”
အကြီးအကဲရွှမ်က တစ်ခွန်းသာပြန်ဖြေပါတယ်။
°°°
အကြီးအကဲရွှမ် ပြောခဲ့သလိုပဲကြယ်တာရာသစ်တောထဲက ထွက်လာပြီတဲ့နောက် သူတို့နောက်ထပ်မှဖြစ်မလာတော့ပါဘူး။ ကြောက်စရာကောင်းလွန်လှတဲ့အရှိန်အ၀ါတွေကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။
” မင်း မင်းကတော့လေ တကယ်ကိုဆိုးလွန်လှတယ်…ငါမင်းကိုပြောခဲ့တာ ခဏခဏရှိနေပြီ လူသား၀ိညာဥ်ပညာရှင်တွေဆိုတာ ငါတို့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတွေပဲ သူက အမျက်ဒေါသကျောင်းတော်ကလူဖြစ်နေတာကြောင့်သာ မဟုတ်ရင် မင်းရဲ့အသက်ကိုအလွယ်လေးနှုတ်ယူလိုက်မှာ ငါတို့တွေမင်းကိုကယ်တင်ဖို့အချိန်တောင်ရှိလိုက်မှာမဟုတ်ဘူး…နောက်တစ်ကြိမ် အဓိကဗဟိုအချက်အခြာနယ်မြေကနေ အဲ့ဒီလိုလျှောက်လျှောက်ပြီထွက်မသွားနဲ့သိပြီလား ”
အကြီးအကဲရွှမ်ကို ခြိမ်းခြောက်ခဲ့တဲ့အဲ့ဒီအသံကြီးက မျက်လုံးသုံးလုံးရွှေခြင်္သေ့နဲ့စကားပြောချိန်မှာတော့ အများကြီးနူးညံ့ပြီ ကြင်နာနေခဲ့သလို ချစ်ခင်မြတ်နိုးတဲ့အသံတွေတောင် ပါနေခဲ့ပါတယ်။
မျက်လုံးသုံးလုံးခြင်္သေ့ကတော့ ထူးခြားတဲ့မျက်လုံးတောက်တောက်တွေနဲ့ မော့ကြည့်နေခဲ့ရင်း ပြောလာခဲ့တယ်။
” အဲ့ဒီလူသားက ပြောခဲ့တယ်…မင်းတို့တွေက ငါ့ကိုဒီအတိုင်းအသုံးချနေတာတဲ့ ငါသာဧကရာဇ်သားရဲကောင်မဟုတ်ခဲ့ဘူးဆိုရင် မင်းတို့အတွက် ကံကောင်းမှုကိုယူမလာခဲ့ဘူးဆိုရင် မင်းတို့တွေကငါ့အပေါ်မှာ ကောင်းမှာမဟုတ်ဘူးတဲ့ ဟုတ်ရဲ့လား ”
တစ်ဖက်မှာရှိတဲ့သူကတော့ ခဏတာရပ်တန့်လို့သွားပါတယ်။
” ကလေးမင်းနားလည်ဖို့လိုတယ် ဒီလောကကြီးထဲမှာ ဖြူစင်သန့်ရှင်းနေတဲ့အရာတွေဆိုတာ ဘာမှမရှိဘူး သူပြောတာမှန်တယ်လို့ ငါမင်းကိုပြန်ဖြေလိုက်မယ်…ဒါပေမယ့် ငါတို့၀ိညာဥ်သားရဲကောင်တွေရဲ့ လောကမှာအသုံးချတယ်ဆိုတာကို ရိုးရိုးရှင်းရှင်းလေးပြောလိုက်လို့မရဘူး…ငါတို့တွေအတူတူရှိလာခဲ့တာ နှစ်ပေါင်းတစ်သောင်းကျော်လာခဲ့ပြီ ဒါကြောင့် ငါမင်းကိုအပြည့်အ၀ပြောနိုင်တယ်…မင်းက ငါတို့ရဲ့မိတ်ဆွေဖြစ်သလို ငါရဲ့ကလေးဖြစ်နေမှာပဲ မင်းရဲ့ကံကြမ္မာစွမ်းအားတွေကို အခုချက်ချင်းဆုံးရှုံးသွားမယ်ဆိုရင်တောင် မင်းကိုထိခိုက်အောင်လုပ်၀ံ့တဲ့ဘယ်သူမဆို ငါရဲ့ခြေထောက်အောက်မှာ ပြားပြား၀ပ်သွားစေရမယ် ”
အဲ့ဒီအချိန်မှသာ မျက်လုံးသုံးလုံးရွှေခြင်္သေ့က ခေါင်းပြန်ငုံ့သွားပါတော့တယ်။
” ကျွန်တော်တောင်းပန်ပါတယ် တိထျန်အစကထဲက သံသယမ၀င်သင့်ပါဘူး…မှားသွားခဲ့တယ်…အိမ်ပဲပြန်ကြရအောင် ”
တိထျန်ရဲ့အသံက ပိုမိုညင်သာလာခဲ့ပါပြီ။
” ကောင်းပြီ အိမ်ပြန်ကြမယ် ”
မျက်လုံးသုံးလုံးရွှေခြင်္သေ့က ခြေထောက်ကိုမြောက်ရင်း အထဲကိုပြန်၀င်ဖို့ပြင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခေါင်းကရုတ်တရက်ဆိုသလို အကြီးအကဲရွှမ်တို့ထွက်သွားခဲ့တဲ့ဘက်ကို အကြည့်ရောက်သွားခဲ့တယ်။ အဲ့ဒီလူသားအငယ်လေးဆီကနေ ရရှိခဲ့တဲ့မှတ်ဉာဏ်တွေက စိတ်ထဲမှာပိုမိုကြည်လင်လို့လာခဲ့ပါပြီ။ ဒီမှတ်ဉာဏ်တွေကို ကြေညက်အောင်ချေဖျက်ဖို့အတွက် အတော်အချိန်ယူရဦးမဲ့ပုံပါပဲ။
°°°
ရွှေရောင်နဲ့ ၀ိုင်အနီရောင်အလင်းတန်းတွေက တစ်ပြိုင်နက်ထဲပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ကြယ်တာရာသစ်တောကြီးက နောက်တစ်ကြိမ်ပြန်လည်တည်ငြိမ်လို့သွားခဲ့ပါပြီ။ အကြီးအကဲရွှမ်ကတော့ ကောင်းကင်မှာအရှိန်ပြင်းပြင်းနဲ့ ကျောင်းတော်ဆီကိုပျံသန်းလို့နေခဲ့ပါတယ်။
ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ရောက်မှသာသူအရှိန်လျှော့လိုက်ပါတယ်။
” ၀ိညာဥ်စက်ကွင်းကိုစုပ်ယူလိုက် ယွိဟောင် ”
အကြီးအကဲရွှမ်က သားရဲကောင်ကိုပြစ်ပေးရင်းနဲ့ ဟို့ယွိဟောင်ကို သတိပေးလိုက်ပါတယ်။
ဟို့ယွိဟောင်ကလဲ နောက်ထပ်မတွေဝေနေတော့ပါဘူး။ သူ့ရဲ့ညာဘက်လက်မောင်းကို ဆန့်ထုတ်လိုက်ရင်း ရေခဲဧကရီရဲ့ လက်အိတ်တွေကိုထုတ်ကာ သတိလစ်နေတဲ့သားရဲကောင်ကိုထိလိုက်ပါတယ်။ ဒီသားရဲကောင်ကတော့ လက်ရှိအချိန်မှာ နှစ်တစ်သောင်းသားရဲကောင်တွေရဲ့ ကြမ်းတမ်းတဲ့ပုံစံလိုမျိုး ရှိမနေခဲ့ပါဘူး။
အပိုင်း ၁၄၆•၂ ပြီး၏။