အပိုင်း ၁၄၆•၁
” ကံကြမ္မာမျက်လုံး ”
°°°
ရွှေရောင်အလင်းတန်းတွေက ဟို့ယွိဟောင်နဲ့ မျက်လုံးသုံးလုံးရွှေခြင်္သေ့တို့ရှိတဲ့နေရာဆီကနေ ရုတ်တရက်အပြင်ကို ပေါက်ကွဲထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်တို့ကတော့ ဒီအင်အားကြောင့် အနောက်ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် အကြီးအကဲရွှမ်က သူ့ကိုလေထဲမှာဖမ်းထားခဲ့ပြီ တည်ငြိမ်အောင်လို့ ထိန်းထားပေးခဲ့ပါတယ်။
မျက်လုံးသုံးလုံးရွှေခြင်္သေ့က သူ့ရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားနေခဲ့ရင်း အနောက်ဖက်ကို ဆုတ်သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးသုံးလုံးက လက်ရှိအချိန်မှာ တခဏတာအနက်ရောင်ကိုပြောင်းလဲသွားခဲ့ပြီတဲ့နောက် ရွှေရောင်ပြန်ဖြစ်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် အကြီးအကဲရွှမ် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ဖြစ်စဥ်တစ်ခုလုံးကို မြင်တွေ့လိုက်ရပါပြီ။
မျက်လုံးသုံးလုံးရွှေခြင်္သေ့က အားနည်းပေမဲ့ ရုန်းကန်နေတာကို ရပ်လိုက်ပါတယ်။ ဟို့ယွိဟောင်ကိုသာရီဝေနေတဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့သလို ဟို့ယွိဟောင်ရဲ့ အမူအရာကလဲ ထပ်တူပါပဲ။
သူ့အနေနဲ့ တစ်စုံတစ်ရာကိုခံစားလိုက်ရပါတယ်။ မျက်လုံးသုံးလုံးရွှေခြင်္သေ့ရဲ့ မျက်လုံးတွေထဲမှာ သူ့ရဲ့ရုပ်သွင်က ရှိနေခဲ့ပြီ သူ့ရဲ့မျက်လုံးထဲမှာတော့ ရွှေခြင်္သေ့ရဲ့ရုပ်သွင်က ထင်ဟပ်နေခဲ့ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ တုန်ရီလှုပ်ရှားမှုတွေ ခံစားနေရပြီ တတိယမျက်လုံးတွေက ထူးခြားတဲ့ခံစားချက်တစ်ခုနဲ့အတူ ထုံထိုင်လို့သွားပါတော့တယ်။
လက်ရှိအချိန်မှာ ဒီသစ်တောကြီးရဲ့အသိစိတ်ကသူ့စိတ်၀ိညာဥ်ထဲကို ၀င်ရောက်ဖြတ်သန်းလာတဲ့အတိုင်း ဟို့ယွိဟောင်ခံစားနေခဲ့ရပါတယ်။ သူမှာရှိသမျှအရာအားလုံးကရွှေရောင်တောက်ပနေခဲ့ပြီ ဒီအလင်းတန်းက ရှိရှိသမျှသစ်ပင်ပန်းပင်တွေအပေါ် သက်ရောက်နေခဲ့ပါတယ်။ သစ်ပင်တွေကလဲ မြေပြင်မှာကြောက်စရာကောင်းလွန်လှတဲ့အရှိန်နှုန်းနဲ့ ပေါက်ရောက်လာနေခဲ့ပြီ ရောင်စုံခြယ်ထားတဲ့ဥတွေက ထွက်ပေါ်လာပါတော့တယ်။
မာကြောကြွပ်ဆပ်တဲ့အသံကို ကြားလိုက်ရပြီတဲ့နောက် ရွှေဥရဲ့မျက်နှာပြင်မှာအက်ကွဲကြောင်းတစ်ကြောင်းပေါ်လာခဲ့ပါပြီ။ အက်ကွဲကြောင်းက ခပ်မြန်မြန်ပြန့်သွားခဲ့ပြီတဲ့နောက် သေးငယ်တဲ့ခြေသည်းလေးတစ်ခုက သူအခွံကိုဖောက်ထွက်ရင်းနဲ့ ထွက်ပေါ်လာပါတော့တယ်။ အဲဲ့ဒီနောက် သေးငယ်တဲ့ခေါင်းလေးတစ်လုံးက ထွက်ပေါ်လာခဲ့ပါပြီ။
ရွှေရောင်အမွေးတွေက အနည်းငယ်စိုစွတ်နေခဲ့ပေမဲ့ သူ့ရဲ့ပုံသဏ္ဍာန်ကိုကြည့်ရတာ ခွေးပေါက်လေးတစ်ကောင်အတိုင်းပါပဲ။ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ဥခွံကနေထွက်လာခဲ့ပြီတဲ့နောက် အောက်ဖက်မှာကျန်နေသေးတဲ့ဥခွံတွေကို သူကိုက်ချပြစ်လိုက်ပါတယ်။
ဒီခွေးပုံသဏ္ဍာန်နဲ့ တူညီတဲ့သားရဲကောင်က ရွှေရောင်အလင်းတန်းတွေနဲ့ ဖြာထွက်နေခဲ့ရင်း တချွင်ချွင်မြည်သံတွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလို ကောင်းကင်ကနေ ရွှေရောင်အလင်းတစ်တန်းဆင်းသက်လို့လာခဲ့ပြီ ဒီခွေးငယ်လေးကို ခေါ်ဆောင်လို့သွားခဲ့တယ်။
အဲ့ဒီသားရဲကောင်လေးရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ အညစ်အကြေးတွေက ပျောက်ကွယ်လို့သွားခဲ့ပြီ ခန္ဓာကိုယ်က တစ်ပေအလျားကနေ တစ်မီတာအထိကို ကြီးမားလာခဲ့ပါတယ်။ သူ့ရဲ့ရွှေရောင်အမွေးတွေကလဲ ရေစက်ရေပေါက်ကလေးတွေလိုမျိုး ကြည်လင်လို့သွားခဲ့ပြီ တလက်လက်တောက်ပမှုက အပြင်ဖက်ဆီကို ဆန့်ထွက်လို့လာခဲ့ပါတော့တယ်။
သေးငယ်တဲ့သားရဲကောင်တွေက ကောင်းကင်ပေါ်ကိုမော့ရင်း ဟိန်းဟောက်လိုက်ပြီတဲ့နောက် သူ့ရဲ့နဖူးက ရုတ်တရက်ဆိုသလို အက်ကွဲလို့သွားခဲ့ရင်း လောကကြီးမှာရှိရှိသမျှအရာအားလုံးကို မြင်နိုင်လောက်တဲ့တတိယမျက်လုံးတစ်လုံးက ပေါ်လာခဲ့ပါတယ်။
ဒီပုံရိပ်က ဟို့ယွိဟောင်ရဲ့စိတ်ထဲ၀င်ရောက်လာချိန်မှာ အရာအားလုံးက ပိုပြီးမြန်ဆန်လာခဲ့ပါပြီ။ မရေမတွက်နိုင်တဲ့ ပုံရိပ်တွေက သူ့စိတ်ထဲမှာဖြတ်ပြေးနေပါတော့တယ်။ နှစ်ပေါင်းတစ်သောင်းအချိန်ကာလကို ဒီအခိုက်အတန့်လေးထဲမှာ သူ့မှတ်ဉာဏ်တွေအတိုင်း ပြန်ပြီခံစားလိုက်ရပါတော့တယ်။ သစ်တောထဲမှာ ဖြစ်ပျက်သမျှအရာအားလုံးက မြန်ဆန်လွန်တာကြောင့် သူရှင်းရှင်းလင်းလင်းမမြင်ရတော့ပါဘူး။
အကြီးအကဲရွှမ်ကတော့ မျက်လုံးသုံးလုံးရွှေခြင်္သေ့အခြေအနေကောင်းတာကို မြင်ချိန်မှာသက်ပြင်းချလိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်တို့သုံးယောက်ကို အ၀ါရောင်အလင်းတန်းတစ်ခုနဲ့ ရစ်ပတ်လိုက်ပါတယ်။ နောက်ထပ်အ၀ါရောင်အလင်းတန်းတစ်ခုကို အသုံးပြုပြီး ရွှေခြင်္သေ့ကို သူပြန်ဖမ်းလိုက်တယ်။
အလင်းတန်းတွေကတော့ အဆင့်ကိုးဆယ်ရှစ်ထူးကဲသာလွန်သော့်လော့ရဲ့ဘေးမှာ ဆက်တိုက်လှည့်ပတ်ရင်း ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါပြီ။ အဲ့ဒီနောက် ကြယ်တာရာသစ်တောရဲ့ မြောက်ဖက်ပိုင်းနယ်မြေဆီကို ဦးတည်ပါတော့တယ်။ အကြီးအကဲရွှမ်လိုလူမျိုးသာ ကြယ်တာရာသစ်တောထဲကို ဒီလိုမျိုးဖြတ်သန်းပြီ ပျံသန်း၀ံ့မှာပါ။ ကီလိုမီတာပေါင်း ဒါဇင်ကျော်ကို သူတခဏတာအတွင်း ဖြတ်ကျော်လို့လာပါတော့တယ်။
သစ်တောရဲ့အပြင်နယ်မြေကို မကြာခင်မှာပဲ အားလုံးကရောက်ရှိလာပြီတဲ့နောက် မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပါတယ်။ ဒီမြောက်ပိုင်းနယ်မြေကို ရွေးချယ်ထားတယ်ဆိုတာက အမျက်ဒေါသမြို့တော်နဲ့ အနီးဆုံးဖြစ်နေခဲ့လို့ပါပဲ။ ဒါကြောင့် အကြီးအကဲရွှမ်အနေနဲ့ ကိစ္စတစ်ခုခုကို ကြုံတွေ့ခဲ့ရပြီဆိုရင် အမြန်ဆုံးဆုတ်ခွာနိုင်ဖို့အတွက်လဲ အခွင့်ရေးကောင်းဖြစ်နိုင်ပါတယ်။
” အဆင်ပြေရဲ့လား ယွိဟောင် ”
၀မ်သုန့်က ဟို့ယွိဟောင်အနားကိုကပ်သွားရင် မေးနေခဲ့ပါတယ်။ အကြီးအကဲရွှမ်ကလဲ သူ့ကိုသေချာအာရုံစိုက်နေခဲ့တာပါ။ ရှေးအချက်အလက်တွေထဲမှာ ဧကရာဇ်သားရဲကောင်ရဲ့ အစွမ်းကလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုအပြောင်းအလဲဖြစ်စေနိုင်လဲဆိုတာကို ရှင်းရှင်းလင်းလင်းမဖော်ပြထားခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ ခေါင်းကိုဘယ်ညာခါရမ်းနေခဲ့ပါတယ်။ ဒီပြင်းထန်တဲ့မှတ်ဉာဏ်တွေက သူ့ရဲ့စိတ်၀ိညာဥ်ကိုတောင် တိုက်စားလို့သွားခဲ့တယ်။ ဒါကြောင့် သူမူးဝေနေဆဲပါပဲ။
” ကျွန်တော်အဆင်ပြေပါတယ်..ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အခုအတော်လေးသန်မာနေပြီ ဒါကြောင့် ဒီမှတ်ဉာဏ်တွေကို ကျွန်တော်ထိန်းချုပ်နိုင်မယ်နဲ့တူတယ် ”
” ဟုတ်လား ဘယ်လိုမှတ်ဉာဏ်တွေလဲ ”
၀မ်သုန့်က တအံ့တဩနဲ့မေးလာခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ အားတင်ပြီရယ်မောလိုက်ရင်း ပြန်ဖြေလာခဲ့တယ်။
” ဒီ၀ိညာဥ်သားရဲကောင်က ရှင်သန်လာခဲ့တာ နှစ်ပေါင်းတစ်သောင်းကျော်သွားပြီ မဟာကြယ်တာရာသစ်တောထဲမှာနေတဲ့သူ့ဘ၀ကအတော်လေးရိုးရှင်းတယ်…မှတ်ဉာဏ်တွေက များပြားတော့ ဒီလိုအချိန်တိုလေးအတွင်းမှာ ငါဘယ်လိုလုပ်အကုန်လုံးကို မှတ်မိနိုင်မှာလဲ ”
အကြီးအကဲရွှမ်ကတော့ ခေါင်းကိုစောင်းနေရင်းနဲ့ ပြောလာခဲ့ပါတယ်။
” မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားတွေ တိုးတက်လာမယ်ဆိုရင်ရပြီ ကြည့်ရတာဒီမှတ်တမ်းတွေက တိကျတဲ့ပုံပဲ နောက်ထပ် ဘာပြဿနာမှမရှိနိုင်တဲ့ပုံပေါ်တယ်…ဒါကမင်းနဲ့သက်ဆိုင်မယ်လို့ထင်တယ်…ပြန်ပြီယူလိုက်ဦး ”
အကြီးအကဲရွှမ်က သက်စောင့်ဓားကိုဟို့ယွိဟောင်ဆီပြစ်ပေးလိုက်ပါတယ်။
ရုတ်တရက်ဆိုသလို သူ့မှာရှိခဲ့ဖူးတဲ့ ဓားကမျက်လုံးထဲကနေ ထွက်လာတာကို မှတ်မိလို့သွားခဲ့ပါတယ်။ သူ့ရဲ့တတိယမျက်လုံးက လက်ရှိအချိန်မှာ အသက်မျက်လုံးမဟုတ်တော့တာအမှန်ပါပဲ။
သက်စောင့်ဓားကိုသူယူလိုက်ပြီတဲ့နောက် ဒီဓားနဲ့စိတ်ပိုင်ဆိုင်ရာအရဆက်သွယ်နေတာကို ဟို့ယွိဟောင်နားလည်သွားခဲ့ပါတယ်။ ကျယ်ပြန့်တဲ့အသက်စွမ်းအားတွေက အရင်ကထက်ပိုပြီးကြီးမားနေသယောင်ထင်နေခဲ့ရတယ်။
” အကြီးအကဲရွှမ် ကျွန်တော်တခဏတာ တရားထိုင်ဖို့လိုအပ်ပါတယ် ”
ဟို့ယွိဟောင် ပြောလိုက်ပြီတဲ့နောက် တင်ပလ္လင်ခွေချိတ်ထိုင်ချလိုက်ပါပြီ။ ထူးဆန်းကောင်းကင်နည်းလမ်းကတော့ သဘာ၀အတိုင်းလှည့်ပတ်လို့လာခဲ့ပြီ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ စတင်လှည့်ပတ်ပါတော့တယ်။
မျက်လုံးသုံးလုံးရွှေခြင်္သေ့ရဲ့မျက်လုံးတွေကတော့ ဒီအချိန်မှာပိုပြီးကြည်လင်တောက်ပလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကို ကြည့်ရင်းသူနောက်ထပ်မရုန်းကန်နိုင်တော့ပါဘူး။ သူ့ရဲ့မျက်လုံးထဲမှာတော့ ဖော်ပြချင်က မစွမ်းသာတဲ့စိတ်ခံစားချက်တွေကရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အတော်လေးကို ယဥ်ပါးတဲ့သားရဲကောင်တစ်ကောင်လိုမျိုး သူကငြိမ်သက်လို့နေခဲ့ပါပြီ။
” ကြည့်ရတာ ဒီပေါင်းစည်းမှုက မင်းကိုသိပ်ပြီမထိခိုက်စေတဲ့ပုံပဲ မင်းလဲဟို့ယွိဟောင်ဆီကနေ အကျ်ိုးအမြတ်ရလိုက်တယ်မဟုတ်လား မင်းရဲ့ဒဏ်ရာတွေကို ကုသခံလိုက်ရပြီ မစိုးရိမ်နဲ့ ငါကစကားတည်တဲ့သူ သူတို့ရောက်လာတာနဲ့ မင်းကိုလွှတ်ပေးမယ် ”
အကြီးအကဲရွှမ်က ခြင်္သေ့ကိုကြည့်ရင်းပြောနေခဲ့ပါတယ်။ ခြင်္သေ့ကမျက်စောင်းသာတစ်ချက်သာပြန်ထ်ိုးပြီ ဘာမှမပြောပြန်မပြောခဲ့ပါဘူး။ ဟို့ယွိဟောင်ကိုသာ လေးလေးနက်နက်စိုက်ကြည့်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက်မှတော့ မျက်လုံးတွေကိုပိတ်ပြီ အနားယူဖို့ပြင်လိုက်ပါပြီ။
ဟို့ယွိဟောင်ရဲ့စိတ်တစ်ခုလုံးကလဲ မှတ်ဉာဏ်တွေနဲ့ပြည့်နှက်လို့နေခဲ့ပါတယ်။ ဒါပေမယ့် သားရဲကောင်ကရော ဘယ်လိုပါလဲ သားရဲကောင်ရဲ့စိတ်ထဲမှာလဲ ဟို့ယွိဟောင်ရဲ့ မှတ်ဉာဏ်တွေက အပြည့်အ၀နေရာယူထားခဲ့တာပါ။
ဆယ်သုံးနှစ်တာကာလတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ သေရေးရှင်ရေးအတွေ့အကြုံတွေအားလုံးနဲ့ ကျော်ဖြတ်ခဲ့ရသမျှအခက်အခဲတွေအားလုံးကို သူလဲခံစားတွေ့ကြုံနေရတာပါ။ ဟို့ယွိဟောင်ရဲ့ကလေးဘ၀က အတော်ကိုကြမ်းတမ်းခဲ့ပါတယ်။ ကျားဖြူအိမ်တော်ကနေ ထွက်ခွာပြီတဲ့နောက် စိတ်လှုပ်ရှားစရာတွေကို ကြုံတွေ့ခဲ့ရသလို လူသားလောကရဲ့အံ့ဖွယ်ရာတွေနဲ့ ထိတ်လန့်ဖွယ်ရာတွေအားလုံးက ဒီဧကရာဇ်သားရဲကောင်ရဲ့စိတ်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါပြီ။
” လျှပ်စီးဧကရာဇ် အဆင်ပြေရဲ့လား ”
ဟို့ယွိဟောင်က လျှပ်စီးဧကရာဇ်ကို အရင်ဆုံးစတင်ရှာဖွေပါတော့တယ်။ လျှပ်စီးဧကရာဇ်က သူ့နဲ့စကားများများစားစားမပြောပေမဲ့ သူ့ရဲ့လွှမ်းမိုးမှုက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့လိုမျိုး အရေးပါနေခဲ့ပါတယ်။ အထူးသဖြင့် သူကဟို့ယွိဟောင်ရဲ့အသက်ကို သေခြင်းတရားတမန်တော်ဆီကနေ ကယ်တင်ခဲ့တာပါ။
” ငါအဆင်ပြေတယ် တကယ်ကို အားကောင်းလွန်လှတဲ့ ကံတရားရဲ့စွမ်းအားပဲ ဒါပေမယ့် ငါကကံတရားထက်ကို သာလွန်တဲ့အဆင့်ရောက်နေပြီလေ ဒီတော့ငါရဲ့ကံတရားကို ဖျက်ဆီးပြစ်ဖို့မလွယ်ကူလှဘူး…ရွှေလိုအသက်က ငါ့ကိုအချိန်နဲ့အမျှ ထောက်ပံ့ပေးနေတယ်…ငါရဲ့ အက်ကွဲသွားတဲ့နတ်အသိဉာဏ်ကလဲ တည်ငြိမ်သွားခဲ့ပြီ မှတ်ဉာဏ်တချို့ကိုလဲ ပြန်ရလိုက်တယ် ..ဒါတွေက မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ငါအနားယူနေတဲ့အချိန် ဖြစ်လာတာတွေပဲ မင်းရဲ့ကျင့်ကြံဆင့်က နှိမ့်နေပေမဲ့အခြေခံကတော့ အတော်လေးခိုင်မာနေလောက်ပြီ ဒါဆိုရင် မင်းကိုငါရဲ့အစွမ်းတွေခွဲပေးလို့ရတယ် ”
ဟို့ယွိဟောင်အနေနဲ့ အကြီးအကဲအဆင်ပြေတယ်ဆိုတာ ကြားချိန်မှသာ သက်ပြင်းချမိပါတော့တယ်။ ဒါကြောင့် သူမေးလာခဲ့တယ်။
” ကံတရားရဲ့စွမ်းအားဆိုတာ ဘာလဲအကြီးအကဲ အဲ့ဒီမျက်လုံးသုံးလုံးရွှေခြင်္သေ့က ဘာကြောင့်များကံတရားရဲ့စွမ်းအားတွေကို ကျွန်တော်ဆီလွဲပြောင်းပေးတာလဲ ”
အကြီးအကဲက တခဏတာစဥ်းစားနေရင်း ပြောလာခဲ့ပါတယ်။
” ငါကမင်းတို့ရဲ့လောကကမဟုတ်ဘူး…မင်းတို့ရဲ့လောကမှာရှိတဲ့ ဒီ၀ိညာဥ်သားရဲကောင်ကို ငါသိပ်ပြီတော့ နားမလည်ဘူးလေ ဒါကြောင့် ငါ့ရဲ့အတွေးအခေါ်နဲ့ အကျိုးအကြောင်းတွေအပေါ်မူတည်ပြီတော့ပဲ အကဲဖြတ်ပေးလို့ပဲရမယ်…ဧကရာဇ်သားရဲကောင်တွေဆိုတာ ကံကြမ္မာအရမွေးဖွားလာတဲ့ ပြိုင်ဘက်ကင်းတဲ့သတ္တ၀ါတွေပဲ ဖြစ်ရမယ်…သူတို့ရဲ့အဆင့်က ငါနဲ့တော့နည်းနည်းတူတယ်…သူတို့တွေက နတ်ဘုရားမုခ်၀ကို ဖြတ်သန်းပြီကံကောင်းမှုတစ်ခုကို ရရှိလိမ့်မယ်…ဒါပေမယ့် ငါမွေးတုန်းကရောက်ခဲ့တဲ့ အခြေအနေနဲ့တော့မတူဘူး…ဒီဧကရာဇ်သားရဲကောင်က ဟိုအစကနေ တစ်ဆင့်ပြီတစ်ဆင့်ချဥ်ကပ်လာပုံရတယ် ..သူက ငါအဆင့်ကိုရောက်ဖို့အတွက် အလားအလာရှိတယ်လို့ ငါပြောနိုင်တယ်…ဒါပေမယ့် ဒီအလားအလာဆိုတာကနေ ကံကြမ္မာတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တဲ့အစွမ်းအစကိုပြောတာပဲ ”
” ဒါကြောင့် သူက မိုးကောင်းကင်နဲ့ မြေကမ္ဘာရဲ့ကောင်းချီးမင်္ဂလာတွေကို ရရှိလိမ့်မယ်…သူ့ရဲ့ခန္ဓာကိုယ်က မိုးမြေစွမ်းအားတွေကို စုပ်ယူနိုင်တဲ့ မူလအရင်းအမြစ်ကြီးလိုပဲ ဒါ့အပြင် ဒီပတ်၀န်းကျင်ရဲ့စွမ်းအားတွေအားလုံးက အပြောင်းအလဲဖြစ်နေသလို တစ်ခါတစ်ရံမှာလဲ ကံကြမ္မာကပြောင်းလဲနိုင်တယ် ”
” ဥပမာအားဖြင့်ဆိုရင် အမျက်ဒေါသကျောင်းတော်ထဲကို မင်းမ၀င်ရောက်ခင်တုန်းက မင်းရဲ့ကံတရားက အတော်ဆိုးခဲ့တယ်…ပြောရမယ်ဆိုရင် အဖြစ်ဆိုးတယ်ပေါ့ မင်းကျောင်းတော်ထဲကို ၀င်ပြီတဲ့နောက် ဘ၀အခြေအနေက စတင်ပြီ ပြောင်းလဲလာတယ်…ကြီးမားတဲ့ကံကောင်းမှုတွေကို ဆက်တိုက်ကြုံရသလိုမျိုး ဒီသားရဲကောင်ကလဲ အတူတူပဲ သူကတော့ မွေးကထဲကနေ အခုအချိန်အထိ ဘယ်သူမှမယှဥ်သာနိုင်လောက်တဲ့အထိ ကံကောင်းမှုကို ရရှိမှာပါ သူမွေးဖွားလာတဲ့နေ့ရက်တွေက စတင်ပြီ သူ့ရဲ့ကြီးထွားမှုနဲ့ အရွယ်ရောက်မှုက ချောချောမွေ့မွေ့ဖြစ်လွန်တယ်..စွမ်းအားရဲ့ဓာတ်သဘောသဘာ၀က အင်အားကြီးရုံတင်မက မကြာခင်မှာပဲ သူက နတ်ဘုရားတစ်ပိုင်းတောင် ဖြစ်လာနိုင်သေးတယ်…အကယ်၍ ကြားထဲမှာအနှောင့်အယှက်တစ်ခုမရှိခဲ့ဘူးဆိုရင်တော့ သေချာပေါက် အဲ့ဒီအခြေအနေအထိ စောင့်သွားမှာပဲ ”
” ဒီဧကရာဇ်သားရဲကောင်ကို ကံတရားကနေ မျက်နှာသာပေးထားတယ်…သူတို့တွေက အသက်အန္တရာယ်ကို ကြုံတွေ့ရနိုင်ချေဆိုတာ အတော်ကိုရှားပါးတယ်လေ ဒါ့အပြင် အသက်အန္တရာယ်ကြုံတွေ့ရတယ်ဆိုတာ အကြောင်းအရင်းနှစ်မျိုးပဲရှိတယ်..ပထမတစ်ခုက သူနဲ့ကံကြမ္မာချင်ယှဥ်လို့ရနိုင်လောက်တဲ့ ပြိုင်ဘက်တစ်ခုကို တွေ့ကြုံတာဒါမှမဟုတ်ရင် ကံကြမ္မာက သူ့ကိုအန္တရာယ်နဲ့တွေ့ကြုံစေဖို့ဖန်တီးပေးလိုက်လို့ပဲ သူကကံတရားကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိတဲ့အတွက် သေချာပေါက် သူ့ရဲ့ဘ၀မှာ အကြပ်အတည်စိုက်တဲ့အချိန်ဆိုတာ ရှိလာလိမ့်မယ်…မင်းက အဲ့ဒီလိုအကြပ်အတည်မျိုးဖြစ်နိုင်တယ်…ဒါတွေအားလုံးက ကံကြမ္မာအရတွေ့ဆုံမှုပဲ မင်းရဲ့ကံတရားက သူ့ရဲ့ကံတရားကိုသွားပြီ တိုက်ခိုက်ဖို့လောက် မသန်မာဘူးလို့ငါသေချာပြောနိုင်တယ် ”
ဟို့ယွိဟောင် အတော်လေးကို စဥ်းစားရခက်နေပါပြီ။ ကံကြမ္မာနဲ့ ဒီအတားအဆီးဆိုတာ ဘာတွေများလဲ သူနားမလည်နိုင်ဘူး။
အကြီးအကဲကတော့ သူနားမလည်နိုင်တာကိုကြည့်ရင်း ရှင်းပြခဲ့ပါတယ်။
” ရှင်းရှင်းလင်းပြောရမယ်ဆိုရင် အမျိုးသားနဲ့ အမျိုးသမီးကြားက ချစ်ခြင်းမေတ္တာဆိုင်ရာအတားအဆီးနဲ့တူတယ်လေ လူတိုင်းက ဘ၀တစ်သက်တာမှာ ကိုယ်နဲ့သင့်တော်တဲ့လူကို တွေ့ဆုံပြီ ချစ်ခြင်းမေတ္တာနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတစ်ခုကိုရရှိနိုင်တယ်…ဒီလိုဆက်ဆံရေးမျိုးက တစ်ခုထဲဖြစ်နိုင်သလို အများကြီးလဲဖြစ်နိုင်တယ်…ဒါပေမယ့် မင်းရဲ့ဘ၀မှာ အချိန်အတိုင်းအတာတစ်ခုအထိရောက်လာပြီဆိုရင် အဲ့ဒီလူနဲ့ စိတ်ပိုင်ဆိုင်ရာအရချိတ်ဆက်ဖို့အတွက် ကံကြမ္မာဖန်လာလိမ့်မယ် ”
အပိုင်း ၁၄၆•၁ ပြီး၏။