အပိုင်း ၁၄၅•၁
” ဧကရာဇ်သားရဲကောင် မျက်လုံးသုံးလုံးရွှေခြင်္သေ့ ”
°°°
ဟို့ယွိဟောင်ကတော့ ဒီသတ္တ၀ါကိုမှတ်မိတဲ့အတွက် သူအသိပညာကိုသူဂုဏ်ယူနေခဲ့မိပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကောင်ကိုတောင် ထိတ်လန့်တကြားထွက်ပြေးနိုင်ရတဲ့အထိ ဘယ်အရာကများလုပ်နိုင်နေလဲလို့ အံ့အားသင့်နေခဲ့မိပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဒီသတ္တ၀ါက သူနဲ့မီတာတစ်ရာအကွာမှာသာရှိတော့တဲ့အတွက် အံ့ဩမှုကနေ ထိတ်လန့်မှုအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အကြီးအကဲရွှမ်ကလဲ ၀မ်သုန့်နဲ့ ရှောင်းရှောင်းကိုခေါ်ပြီ ပြန်မလာသေးပါဘူး။ ဒါကဘယ်လိုကံတရားမျိုးလဲ ဟို့ယွိဟောင် အခုအချိန်မှာ ငိုသာငိုလိုက်ချင်ပါတော့တယ်။ သူပြေးချင်တယ်ဆိုရင်တောင် ပြေးမလွှတ်ပါဘူး။ ဒီသတ္တ၀ါရဲ့ခြေလှမ်းတစ်လှမ်းကနေ မီတာငါးဆယ်ကိုရောက်နိုင်လာတာပါ။ သူ့အနေနဲ့ ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်ရုံနဲ့တင် ဟို့ယွိဟောင်ဆီကို ရောက်ပါတော့မယ်။
ဒါတင်မကသေးပါဘူး။ အဝေးကနေရောက်လာနေတဲ့ အင်အားလှိုင်းတွေက ကြောက်စရာကောင်းလွန်လှပါတယ်။ ဒီသတ္တ၀ါတွေကြောင့် မသေရင်တောင် အနည်းဆုံးတော့ အရေခွံကျွတ်သွားမှာပါ။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့ ဘယ်လျှို့၀ှက်နည်းလမ်းကမှလဲ သူ့အသက်အန္တရာယ်ကို လွှတ်အောင်မလုပ်ပေးနိုင်ပါဘူး။
အဆုံးသတ်မှာတော့ ဟို့ယွိဟောင်အနေနဲ့ ဒီအန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက် အမြန်ဆုံးလှုပ်ရှားရပါတော့တယ်။ သူ့ရဲ့ကြွယ်၀တဲ့အတွေ့အကြုံကြောင့်သာ လှုပ်ရှားနိုင်တာပါ။ ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းတွေဖြာနေတဲ့သွေးနီရောင်အလင်းစက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ရေခဲဧကရီရဲ့ပြင်းထန်တဲ့အရှိန်အ၀ါက မိုးပြာရောင်အလင်းတန်းနဲ့အတူ ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့ပုံစံတူတုပမှုကို အသုံးချရင်း ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အရှိန်အ၀ါတွေကို ထုတ်လွှတ်လိုက်တာပါ။ နှစ်လေးသိန်းသားရဲကောင်ရဲ့ကြောက်စရာအရှိန်အ၀ါက သူ့ရဲ့ကိုယ်ပိုင်အရှိန်အ၀ါကိုလဲပိုပြီး အားကောင်းသွားစေခဲ့ပါတယ်။
ချက်ချင်းဆိုသလိုသူတစ်ကိုယ်လုံးကို ရေခဲသံချပ်ကာနဲ့ဖုံးအုပ်လိုက်ပြီ တိုက်ပွဲအတွက်ကို အဆင်သင့်ပြင်ထားလိုက်ပါတယ်။ အနည်းဆုံးတော့ အချိန်ဆွဲထားနိုင်ခဲ့မယ်ဆိုရင် အကြီးအကဲရွှမ်က သူ့ကိုလာရောက်ပြီကယ်တင်ဖို့အခွင့်အရေးရမှာပါ။ ဟို့ယွိဟောင်ရဲ့ပုံစံတူတုပမှုက ရေခဲဧကရီရှိနေခဲ့တဲ့အတွက် ပိုပြီးတော့တောင် ထင်ရှားလာခဲ့ပါသေးတယ်။ ဒီအရှိန်အ၀ါတွေက နှစ်တစ်ရာနဲ့ နှစ်တစ်ထောင်သားရဲကောင်တွေကို ထိတ်လန့်တကြားထွက်ပြေးသွားလောက်တဲ့အထိကို ပြင်းထန်လှပါတယ်။
ဒါပေမယ့် သူ့ရဲ့ဒီပုံစံတူတုပမှုက ပြစ်ချက်ကင်းနေတာလဲမဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကျင့်ကြံဆင့်က ရေခဲဧကရီနဲ့အရမ်းကို အလှမ်းဝေးနေခဲ့တဲ့အတွက် တူတယ်ဆိုရုံတုပမှုတွေသာလုပ်နိုင်တာပါ။ အကယ်၍ ရေခဲဧကရီရဲ့မူလခန္ဓာကိုယ်ကသာ ဒီနေရာမှာအရှင်လတ်လတ်ကြီးရှိနေမယ်ဆိုရင်တော့ နှစ်တစ်သောင်းအောက်မှာရှိနေတဲ့ ဘယ်အမြွှာမျက်လုံးတစ်လုံးဘီလူးကိုမဆို နှစ်ခေါက်မတွေးပဲနဲ့ အညံ့ခံစေနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ကံဆိုးမှုက ဒီနေရာမှာတင်မကုန်ဆုံးသွားသေးပါဘူး။ ပုံမှန်အခြေအနေမှာ ထိတ်လန့်ပြီရပ်တန့်သွားမဲ့မျက်လုံးတစ်လုံးဘီလူးက ပုံမှန်အခြေအနေမှာမရှိပဲနဲ့ အရမ်းကိုထိတ်လန့်နေခဲ့တာကြောင့် သူ့အနေနဲ့ မရပ်တန့်ပဲဖြစ်နေခဲ့ပါတယ်။
သူ့ကိုလိုက်နေတဲ့ တစ်စုံတစ်ရာထက်ပိုအားကောင်းတဲ့အရှိန်အ၀ါကို ခံစားမိပြီချိန်မှာတော့ သူ့ရဲ့ဦးတည်ရာကိုပြောင်းလဲလိုက်ပါပြီ။ ခြေလှမ်းတစ်လှမ်းထဲနဲ့ ဟို့ယွိဟောင်ကို ကွေ့ပတ်ပြီ သွားနိုင်ခဲ့ပါတော့တယ်။
ဒါပေမယ့် သူ့ရဲ့ခြေထောက်ကနေထွက်ပေါ်လာတဲ့ အင်အားလှိုင်းတွေကြောင့် ဟို့ယွိဟောင်လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ရေခဲဧကရီရဲ့သံချပ်ကာကြောင့် ဘာဒဏ်ရာမှမရတဲ့အတွက် သူအနည်းငယ်စိတ်ချမ်းသာသွားခဲ့မိပါတယ်။ အဲ့ဒီနောက် သစ်တောထဲကို လှည့်၀င်သွားလိုက်ပြီ သစ်ပင်တစ်ပင်နဲ့ တိုက်မိမှသာ သူ့ရဲ့အရှိန်အ၀ါတွေက သစ်တောပုံသဏ္ဍာန်ကိုပြန်လည်ပြောင်းလဲလို့သွားပါတော့တယ်။ အခုအချိန်မှာ အသက်တောင်မရှု၀ံ့သေးပါဘူး။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့မျက်စိရှေ့ကို မျက်လုံးတစ်လုံးဘီလူးနောက်ကိုလိုက်နေတဲ့ သတ္တ၀ါက၀င်ရောက်လာခဲ့လို့ပါပဲ။ တစ်ကိုယ်လုံးရွှေရောင်အလင်းတန်းတွေဖြာထွက်နေခဲ့ပြီ နေမင်းတစ်စင်းဆင်းသက်လာသလိုပုံစံမျိုးနဲ့ အဲ့ဒီသတ္တ၀ါကလက်ရှိအချိန် လေထဲမှာရပ်တန့်ရင်းနှာခေါင်းတရှုံ့ရှုံ့နဲ့ လုပ်နေခဲ့ပါတယ်။
ဒါက ဟို့ယွိဟောင် မမြင်လဲမမြင်ဘူး မကြားလဲမကြားဖူးတဲ့၀ိညာဥ်သားရဲကောင်ပါ။ သူ့ရဲ့အလျားက သုံးမီတာရှိပြီ ခန္ဓာကိုယ်အကျယ်ကတော့ ရှစ်ပေ၀န်းကျင်ရှိပါတယ်။ တစ်ကိုယ်လုံးကို ရွှေရောင်အမွေးတွေနဲ့ ဖုံးလွှမ်းထားတာပါ။
အစောပိုင်းတုန်းက ဟို့ယွိဟောင်တွေ့ခဲ့တဲ့တောက်ပမီးလျှံမျောက်ရဲ့ အမွေးတွေက အတော်လေးကို လှပပါတယ်။ ဒါပေမယ့် ဒီသတ္တ၀ါနဲ့ယှဥ်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။ ရွှေရောင်အမွေးတွေအပြည့်နဲ့ ဒီ၀ိညာဥ်သားရဲကောင်က ကြည်လင်တောက်ပလို့နေခဲ့ပြီ ထူးခြားတဲ့ခံစားချက်အပြည့်ကို ပေးစွမ်းနိုင်ပါတယ်။ တစ်ကိုယ်လုံးက ခြင်္သေ့တစ်ကောင်ပုံသဏ္ဍာန်နဲ့တူပေမဲ့ လက်သည်းတွေကတော့ နဂါးလက်သည်းတွေလိုပါပဲ။ ဒါ့အပြင် နဂါးလက်သည်းတွေထဲမှာလဲ ရွှေရောင်မီးလျှံတွေက ဖြာထွက်လို့နေခဲ့သလို သူ့ရဲ့ပါးစပ်ကသာမန်ခြင်္သေ့အမျိုးအစား၀ိညာဥ်သားရဲကောင်တွေထက်ကို ပိုကြီးမားတဲ့အပြင် အမွေးတွေအောက်မှာ ရွှေရောင်အကြေးခွံတွေလဲ ရှိနေခဲ့ပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့ပုံမှန်မျက်လုံးနှစ်လုံးအလယ်ဗဟိုတည့်တည့်မှာ တတိယမျက်လုံးတစ်လုံးရှိနေခဲ့တာပါ။ ဒါက ဟို့ယွိဟောင်ရဲ့ဒေါင်လိုက်မျက်လုံးနဲ့ တော်တော်လေးဆင်တူပါတယ်။
ပုံမှန်မျက်လုံးတွေက ရွှေရောင်တောက်ပနေခဲ့ပေမဲ့ ဒေါင်လိုက်မျက်လုံးကတော့ အနီရောင်အလင်းတန်းတွေ ထုတ်လွှတ်နေခဲ့ရင်း အတော်ကိုကြောက်စရာကောင်းနေခဲ့ပါတယ်။
တခဏတာရပ်တန့်လို့သွားပြီတဲ့နောက် အမြွှာမျက်လုံးတစ်လုံးဘီလူးပြေးသွားတဲ့ဘက်ကို ပြန်ပြီဦးတည်ပါတော့တယ်။ အဲ့ဒီနောက် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ကို ပြောင်းလဲရင်းနဲ့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
” ကောင်းကင်အိပ်မက် အဲ့ဒါနင်ပြောတဲ့ယွိဟောင်အတွက် သင့်တော်တယ်ဆိုတဲ့၀ိညာဥ်သားရဲကောင်လား အကုန်လုံးကို အတူတူသေချင်တယ်ဆိုရင် စောစောစီးစီးပြောလေ ”
ရေခဲဧကရီရဲ့အသံက ချက်ချင်းဆိုသလိုထွက်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ အခုအချိန်မှသာ သတိပြန်၀င်လာနိုင်တာပါ။
” ငါက သူ့ရဲ့အရှိန်အ၀ါကိုပဲ ခံစားမိတာလေ ဒီကောင်ရဲ့ကျင့်ကြံဆင့်ကို အကဲဖြတ်တာလွဲသွားတယ်…သူက နှစ်ပေါင်းတစ်သောင်းငါးထောင်လောက်ပဲ ရှိဦးမယ်…ပုံမှန်အတိုင်းပြောရမယ်ဆိုရင် နည်းစနစ်တကျတွက်ချက်ရမယ်ဆိုရင် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သူ့ကိုယ်သူခုခံကာကွယ်ဖို့ ကြိုးစားနေခဲ့ပါတယ်။
” ဘာနည်းစနစ်ကျကျတွက်ချက်တာလဲ ဒီကြယ်တာရာသစ်တောက နင်သေသွားမယ်ဆိုရင် မျက်တောင်တစ်ချက်ခတ်မယ်လို့နင်ထင်နေတာလား ဒီနေရာမှာရှိနေတဲ့ ဧကရာဇ်သားရဲကောင်တွေဆိုတာ ရေတွက်လို့တောင်မရနိုင်ဘူး…နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေတောင်မှ ဒီကောင်တွေကိုမယှဥ်နိုင်ဘူးလေ ယွိဟောင်က သူ့ရဲ့၀ိညာဥ်စက်ကွင်းဘယ်လိုလုပ်စုပ်ယူလို့ရမှာလဲ စုပ်ယူလို့ရမယ်ဆိုရင်တောင်မှ ကြယ်တာရာသစ်တောထဲကနေ အသက်ရှင်လျက်ထွက်လာနိုင်မယ်လို့ နင်ထင်နေတာလား ”
” အစ်ကိုကြီးကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီ ဘာတွေပြောနေတာလဲ အဲ့ဒီ၀ိညာဥ်သားရဲကောင်က တကယ်ပဲဘာကြီးလဲ အဲ့ဒီလောက်ပြဿနာကြီးတာလား ”
ပုံမှန်နှစ်တစ်သောင်းငါးထောင်ရှိတဲ့၀ိညာဥ်သားရဲကောင်က နှစ်ပေါင်းလေးသိန်းသားရဲကောင်ကို ဒီလောက်တောင် ဒေါသထွက်စေနိုင်မှာလား ဟို့ယွိဟောင် ခေါင်းခြောက်အောင်စဥ်းစားနေပြီတဲ့နောက် အဖြေမထွက်ပါဘူး။
ရေခဲဧကရီက သက်ပြင်းချရင်းပြောလာခဲ့ပါတယ်။
” ဒါကိုမျက်လုံးသုံးလုံးရွှေခြင်္သေ့လို့ခေါ်တယ်…သူ့ရဲ့သက်တမ်းကိုကြည့်ပြီ အထင်မသေးနဲ့ သာမန်နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေကို သူအသာလေးတိုက်ခိုက်နိုင်တယ်။ ဒါ့အပြင် အရမ်းကိုအစွမ်းထက်တဲ့ အဆုံးစွန်းဓာတ်သဘောသဘာ၀နှစ်ခုကို သူပိုင်ဆိုင်ထားတယ်…အဲ့ဒါက အဆုံးစွန်းမီးလျှံနဲ့ အဆုံးစွန်းအလင်းတန်းပဲ ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ထင်တယ်နော် ”
ရေခဲဧကရီပြောတဲ့ အဆုံးစွန်းဓာတ်သဘောသဘာ၀ဆိုတာကိုကြားပြီချိန်မှာ သူမျက်လုံးပြူးသွားပါတော့တယ်။ ဒါကထိပ်တန်းအဆင့်ထက်တောင် ကျော်လွန်လို့သွားခဲ့ပါပြီ။ ဒီလိုမျိုး မျိုးဆက်ရှိတဲ့သားရဲကောင်က နှစ်ပေါင်းတစ်သောင်းငါးထောင်သက်တမ်းမှာတင် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေကို တိုက်ခိုက်နိုင်တယ်ဆိုတာ ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ။
” သူ့ရဲ့အစွမ်းထက်ဆုံးအင်အားတွေက မွေးရာပါစွမ်းရည်ကနေလာတာ သူက ရှေးသားရဲကောင်လဲဖြစ်တဲ့အပြင် ဟို့ရှေးရှေးတုန်းက ၀ိညာဥ်သားရဲကောင်တွေဒီတိုက်ကြီးကို လွှမ်းမိုးအုပ်ချုပ်တဲ့အချိန်မှာ သူတို့ကအုပ်စုကိုဦးဆောင်နိုင်တဲ့ ဧကရာဇ်တွေအဖြစ် သတ်မှတ်ခံရတယ်…ဒါကြောင့်သာ ဧကရာဇ်သားရဲကောင်တွေလို့ခေါ်ကြတာ ဒီလိုမျိုးသားရဲကောင်တွေက တစ်ကြိမ်ထဲမှာနှစ်ကောင် အသက်မရှင်နိုင်ဘူး…ဒါကြောင့် မင်းတွေ့ရတဲ့မျက်လုံးသုံးလုံးရွှေခြင်္သေ့ဆိုတာ ဒီတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ တစ်ခုတည်သောဧကရာဇ်သားရဲကောင်ပဲ အသန်မာဆုံး၀ိညာဥ်သားရဲကောင်တွေတောင် သူ့ကိုဦးညွတ်ရပြီထိခိုက်အောင်မလုပ်နိုင်ဘူး…ဒါ့အပြင် သူ့အတွက် ပစ်မှတ်အဖြစ်သတ်မှတ်ခံရတဲ့သားရဲကောင်က ထွက်ပြေးလို့ပဲရတယ်…ပြန်ပြီခုခံနိုင်ဖို့အစွမ်းအစလဲမရှိဘူးလေ ”
ဟို့ယွိဟောင်က တအံ့တဩနဲ့မေးလာခဲ့ပါတယ်။
” ဘာကြောင့်များလဲ ထူးကဲသာလွန်၀ိညာဥ်သားရဲကောင်တွေတောင်မှ မနိုင်နိုင်ဘူးလား အစ်ကိုကြီးနဲ့ ရေခဲဧကရီရောသူ့ကိုမနိုင်နိုင်ဘူးလား ရေခဲဧကရီမှာလဲ အဆုံးစွန်းရေခဲရှိနေတယ်လေ ကျင့်ကြံဆင့်ကလဲ သူ့ထက်အများကြီးသာတယ်ဆိုမှတော့ ဘာကြောင့်ထိပ်တိုက်တွေ့မှာကို ကြောက်နေရမှာလဲ ”
ရေခဲဧကရီရဲ့ စိတ်ခံစားချက်တွေက မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။
” ငါဘယ်ကြောက်မလဲ ဒါပေမယ့် သူသာမြောက်၀င်ရိုးစွန်းမှာရှိနေမယ်ဆိုရင်တော့ နေရာအနေအထားအလိုက် ငါကအသာစီးရမှာပေါ့ ဒါပေမယ့် ဧကရာဇ်သားရဲကောင်ဆိုတာ အဲ့ဒီလောက်လွယ်လွယ်ကြီး ဖြစ်ပေါ်လာတာမဟုတ်ဘူးလေ သူတို့တွေက သာမန်၀ိညာဥ်သားရဲကောင်တွေရဲ့ ကျင့်ကြံနှုန်းထက်ကို နှစ်ဆပိုပြီး မြန်ဆန်တယ်..ဒါ့အပြင် နှစ်ပေါင်းတစ်သိန်းကိုရောက်ရှိပြီတဲ့အချိန်မှာ သူတို့ရဲ့အောင်မြင်နိုင်စွမ်းကလဲ နှစ်ဆပိုများတယ်….ဒီလိုတွေကြောင့်သာမဟုတ်ဘူးဆိုရင် ငါလဲ နင်ရဲ့၀ိညာဥ်စက်ကွင်းဖြစ်လာမှာမဟုတ်ဘူး ”
” ဒါဆိုရင် အဲ့ဒီ၀ိညာဥ်သားရဲကောင်က နှစ်ငါးရာသက်တမ်းကနေ နှစ်တစ်ထောင်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်နေပြီပေါ့ ”
” အမှန်ပဲ တွေးကြည့်စမ်းပါ အကယ်၍ ဒီလိုမျိုးအစွမ်းအစရှိနေမယ်ဆိုရင် သစ်တောထဲမှာ မင်းကိုဘယ်သူကများလာထိ၀ံ့ဦးမလဲ ဒါ့အပြင် အဲ့ဒီမျက်လုံးသုံးလုံးရွှေခြင်္သေ့ကို စောင့်ကြပ်ပေးနေတဲ့ ထိပ်တန်းရူးသွပ်သားရဲကောင်တွေလဲ ရှိနေမယ်လို့ ငါထင်တယ်…အဲ့ဒီကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ငါတို့အားလုံးကို သေတွင်းတူးပေးနေတာ မဟုတ်ဘူးလား ”
အဝေးကနေပြီတော့ နာနာကျင်ကျင်အော်သံကြီးတစ်သံကို ကြားလိုက်ရချိန်မှာ ဟို့ယွိဟောင်ရဲ့မျက်နှာကလဲ ချဥ်းစူးလို့သွားပါတော့တယ်။ သူအတော်ကို စိတ်မသက်မသာဖြစ်နေခဲ့တာပါ။
တစ်၀ုန်း၀ုန်းမြည်သံတွေနဲ့အတူ သစ်တောကြီးတစ်ခုလုံးက သွက်သွက်ခါအောင် လှုပ်ရမ်းလို့နေခဲ့ပါတယ်။ ပြင်းထန်တဲ့၀ိညာဥ်စွမ်းအားတွေက ဟို့ယွိဟောင်ကို မြေပြင်ပေါ်မှာပြားပြား၀ပ်လို့နေစေခဲ့တယ်။
ဒီအသံကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့ တွေးနိုင်တာတစ်ခုပဲရှိပါတော့တယ်။ အကြီးအကဲရွှမ်က မျက်လုံးသုံးလုံးရွှေခြင်္သေ့နဲ့ ထိပ်တိုက်တွေ့နေပါပြီ။
သူ့ရဲ့အတွေးဖြစ်စဥ်က အတော်ကိုရိုးရှင်းပြီလက်တွေ့ကြပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အစွမ်းအစကို ထုတ်သုံးလိုက်တဲ့အတွက် အကြီးအကဲရွှမ်က သေချာပေါက် အပြေးလာမှာပါ။ ဒါပေမယ့် ရုတ်တရက်သူအရှိန်အ၀ါပျောက်သွားတာကိုတွေ့ပြီ ဒီရွှေခြင်္သေ့က ဟို့ယွိဟောင်အရင်ရှိခဲ့တဲ့နေရာမှာတွေ့ခဲ့မယ်ဆိုရင် သူ့အနေနဲ့ အရမ်းကိုစိုးရိမ်မှာပါ။
ဖြစ်သွားတဲ့ကိစ္စက ဟို့ယွိဟောင်တွေးခဲ့တဲ့အတိုင်းပါပဲ။ အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်အနေနဲ့ မခုခံနိုင်လောက်တဲ့ပြိုင်ဘက်ကိုတွေ့သွားပြီလို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့်သာ သူအနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို တုပရင်းရန်သူကို ခြိမ်းခြောက်ဖို့လုပ်တာဖြစ်လိမ့်မယ်လို့ထင်မိတာပါ။ ဒါပေမယ့် သူ့ရဲ့အရှိန်အ၀ါပျောက်ကွယ်သွားချိန်မှာတော့ ဒါကဘာဖြစ်နိုင်မှာလဲ။ ဟို့ယွိဟောင်ကို အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်က သတ်လိုက်ပြီလို့သူတွေးပါလိမ့်မယ်။
ကျောင်းတော်ရဲ့အဓိကအဖွဲ့တစ်ဖွဲ့လုံးအသတ်ခံရလုနီးပါးဖြစ်ခဲ့တဲ့အချိန်ကစလို့ အကြီးအကဲရွှမ်အနေနဲ့ ဒီကိစ္စပတ်သက်ပြီ အထိအခိုက်မခံပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ အမျက်ဒေါသကျောင်းတော်နဲ့ပတ်သက်ပြီ အရေးပါအရာရောက်မှုကို တွေးမိပြီချိန်မှာတော့ သူပိုပြီးစိုးရိမ်လာပါတော့တယ်။ ဒါကြောင့် ပတ်၀န်းကျင်ကိုစတင်ပြီ အာရုံခံချိန်မှာ မျက်လုံးသုံးလုံးရွှေခြင်္သေ့ကို သူအရင်စတွေ့ပါတယ်။
အစောပိုင်းတုန်းက ပုံစံတူတုပမှုကို အသုံးချပြီသူ့ကိုယ်သူ ဖုံးကွယ်ထားဖို့ဟို့ယွိဟောင်ကို အကြီးအကဲရွှမ်က သတိပေးခဲ့တာပါ။ ဒါကြောင့်သာ ဒီ၀ိညာဥ်စွမ်းအားထောက်လှမ်းချိန်မှာ ဟို့ယွိဟောင်ကို သူရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်က လက်ရှိအချိန်မှာ ရှိရှိသမျှ၀ိညာဥ်စွမ်းအားတွေကို အသုံးပြုပြီ သူ့ကိုယ်သူသစ်ရွက်တွေပုံသဏ္ဍာန်ပြောင်းနေခဲ့တဲ့အတွက် အကြီးအကဲရွှမ်လဲ သူ့ကိုရှာမတွေ့နိုင်တာကြောင့် လုံး၀ကိုအထင်လွဲမှုကြီးဖြစ်သွားပါတော့တယ်။
အစောပိုင်းတုန်းက မျက်လုံးတစ်လုံးအမြွှာဘီလူးကို လိုက်ဖမ်းနေတဲ့ မျက်လုံးသုံးလုံးရွှေခြင်္သေ့က အကြီးအကဲရွှမ်နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်အခုလိုအော်သံတွေကြားနေခဲ့ရတာပါ။
အပိုင်း ၁၄၅•၁ ပြီး၏။