အပိုင်း ၁၄၃•၂
” ကြယ်တာရာသစ်တောရဲ့ ကန်သတ်နယ်မြေထဲကို ၀င်ရောက်ခြင်း ”
°°°
မော့ဖေးယွင်နဲ့ တခြားသူတွေက ကြယ်တာရာလော့နိုင်ငံကျောင်းတော်ဆိုတဲ့စကားကိုကြားချိန်မှာ အနည်းငယ်လန့်သွားခဲ့ပါတယ်။ ကြယ်တာရာလော့နိုင်ငံကျောင်းတော်က တိုက်ကြီးမှာကျော်ကြားတဲ့ ကျောင်းတော်တစ်ခုပါပဲ။ ဒါ့အပြင် နိုင်ငံတော်ထဲမှာထူးချွန်တဲ့သူတွေအများကြီးကို မွေးထုတ်ပေးနိုင်တဲ့သူပါ။ ဒါ့အပြင် မကြာသေးခင်က ကျင်းပခဲ့တဲ့တိုက်ကြီးရဲ့အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ထိပ်တန်းလေးဖွဲ့ထဲကိုတောင် ၀င်ရောက်နိုင်ခဲ့ပါတယ်။
” ဒီတော့မင်းတို့တွေက နိုင်ငံတော်ရဲ့ပါရမီရှင်ကလေးတွေပေါ့ ဒီလိုမျိုးသစ်တောထဲကိုလာပြီ ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ဖို့ စွန့်စား၀ံ့တာအံ့ဩစရာမရှိတော့ဘူးပဲ ”
မော့ဖေးယွင်ရဲ့အသံက အနည်းငယ်ပိုပြီးဂရုစိုက်ပုံရပါတယ်။ တခြားသူတွေရဲ့မောက်မာနေတဲ့အရှိန်အ၀ါတွေကလဲ အနည်းငယ်လျော့သွားခဲ့ပါပြီ။ ကြည့်ရတာ ဒီနာမည်ကအတော်လေး အသုံး၀င်တဲ့ပုံပါပဲ။
” ဦးလေးမော့တို့ကရော ဘယ်လိုများလာကြတာပါလဲ ဒီသစ်တောထဲမှာအမဲလိုက်ဖို့ပဲလား ”
” ငါတို့ထဲမှာတချို့က အဆင့်တက်ဖို့အချိန်ရောက်နေပြီလေ ဒါကြောင့်လာပြီကံစမ်းကြတာပေါ့ ”
သူတို့စကားပြောနေတဲ့အချိန်မှာ တခြားတဲတွေကလဲ သင့်တော်အောင်ဆောက်လုပ်ပြီးခဲ့ပါပြီ။ မော့ဖေးယွင်ကတော့ ပေါ့ပေါ့ပါးပါးစားစရာတချို့ကိုသာစားရင်း ဟို့ယွိဟောင်တို့နဲ့စကားပြောနေခဲ့ပါတယ်။ အဲ့ဒီနောက်မှသာ သူကအနားယူဖို့လုပ်တာပါ။
မော့ဖေးယွင်က သူ့ဘေးမှာရှိနေတဲ့သူတွေနဲ့လဲ မိတ်ဆက်ပေးပါတယ်။ ပိန်ပိန်ပါးပါးသူ့ရဲ့နာမည်က ပေ့ချန်ပါ အ၀ါရောင်၀တ်ရုံနဲ့မိန်းကလေးကတော့ ဝေ့နလို့ခေါ်ပြီ အဖြူရောင်၀တ်ရုံ၀တ်မိန်းကလေးကတော့ မုရွှယ်ပါပဲ ဒါပေမယ့် မော့ဖေးယွင်က သူတို့နောက်ကြောင်းကိုသိပ်ပြီမပြောပြခဲ့ပါဘူး။ သစ်တောထဲကိုအတူတူသွားပြီ ဒီလမ်းတစ်လျှောက်မှာ ဂရုစိုက်ပေးမယ်လို့သဘောတူညီချက်လုပ်ခဲ့ပါတယ်။ ဒါကဒီတဲနေရာကိုမျှဝေတဲ့အတွက် အပြန်အလှန်ကျေးဇူးပြုတာပါ။
သူတို့က ကြယ်တာရာလော့နိုင်ငံကျောင်းတော်ကသူတွေဖြစ်မှန်းသိပြီတဲ့နောက် မော့ဖေးယွင်က ဒီလိုအကြံမျိုးထွက်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သတိနည်းနည်းလျှော့လျလိုက်တာဖြစ်ပါတယ်။ မော့ဖေးယွင်နဲ့ တခြားအမျိုးသားတွေက ကြီးမားတဲ့တဲနှစ်လုံးထဲကို ၀င်သွားခဲ့ပြီ ဝေ့နနဲ့ မုရွှယ်နှစ်ယောက်ကတော့ မီးပုံဘေးနားကတဲထဲမှာနေရာယူလိုက်ကြပါတယ်။ ကြည့်ရတာ ဒီကောင်မလေးနှစ်ယောက်ရဲ့အဆင့်အတန်းက မရိုးရှင်းတဲ့ပုံပါပဲ။
ဟို့ယွိဟောင်တို့တွေ သူတို့တဲဆီပြန်သွားချိန်မှာတော့ မော့ဖေးယွင်ကတဲထဲကနေ ခပ်မြန်မြန်ထွက်ခွာပြီ ဝေ့နနဲ့ မုရွှယ်တို့ရဲ့တဲထဲကို ၀င်ရောက်လာခဲ့ပါတယ်။
” သခင်မတို့ ကျွန်တော်၀င်ခွင့်ရနိုင်မလား ”
” ၀င်ခဲ့ပါ ”
မုရွှယ်က ပြန်ဖြေလာခဲ့ပါတယ်။ မော့ဖေးယွင်က အရိုအသေပြုတဲ့ပုံစံနဲ့ စပြီ၀င်လာခဲ့တယ်။ ဒါပေမယ့် သူကတဲရဲ့၀င်ပေါက်နားမှာသာ တင်ပလ္လင်ခွေချိတ်ပြီထိုင်နေခဲ့တာပါ။ အထဲကိုတော့ မ၀င်ခဲ့ပါဘူး။
” ဒီကလေးတွေဘယ်ကမှန်းပြောနိုင်လား ဆရာမော့ ”
မုရွှယ်က မေးလိုက်ပါတယ်။ ဝေ့နကတော့ ဘေးမှာထိုင်ပြီပြုံးနေဆဲပါ သူဘာမှမပြောခဲ့ပါဘူး။ ဒီကိစ္စတွေကိုကြည့်မယ်ဆိုရင် သူမရဲ့အဆင့်အတန်းက မုရွှယ်နဲ့အတူတူမှန်း သိနိုင်ပါတယ်။ မော့ဖေးယွင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အလင်းတန်းတွေက တောက်ပလို့လာခဲ့ပြီ သူ့ရဲ့အသံကအပြင်ကိုမထွက်သွားအောင် ကာကွယ်ခံလိုက်ရပါတယ်။
” ဒီကလေးတွေက ငယ်ရွယ်ပေမဲ့ သူတို့ရဲ့ပုံပန်အသွင်အပြင်နဲ့အရည်အသွေးတွေက သာမန်မဟုတ်ဘူး..အဲ့ဒီလောက်ကြီးလဲ မတူညီကြပေမဲ့ ဒီကလေးတွေက မျိုးနွယ်စုတစ်ခုထဲက လာတာမဟုတ်တာအသေအချာပါပဲ သေချာပေါက် ၀ိညာဥ်မဟာပညာရှင်နဲ့ ၀ိညာဥ်အကြီးအကဲတွေအဆင့်ကြားမှာရှိလိမ့်မယ်…ဒီလိုအသက်အရွယ်အရကြည့်မယ်ဆိုရင် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ကျောင်းတော်မှာ သူတို့နေရာရနိုင်တယ်ဆိုတာ ယုံကြည်ရပေမဲ့ ကြိုမမြင်ရတဲ့ကိစ္စတွေအတွက် ငါတို့လုံခြုံစေဖို့ သေချာသတိထားသင့်တယ်လို့ထင်တယ်…သူတို့က အကုန်လုံးအဆင်ပြေနေတယ်ဆိုရင်တော့ နည်းနည်းပါးပါးအကူအညီပေးရတာက ပြဿနာမှမဖြစ်နိုင်ဘူးလေ ”
မုရွှယ်က နည်းနည်းခေါင်းစောင်းကြည့်ရင်း ပြောလာခဲ့ပါတယ်။
” ဒါဆိုရင် ဆရာမော့ပဲဆုံးဖြတ်ပါ ”
” ဆရာမော့ ဒီကလေးသုံးယောက်ထဲမှာ ဘယ်သူကအာရုံစိုက်ဖို့အသင့်တော်ဆုံးလို့ထင်လဲ ”
ဝေ့နက ရုတ်တရက်ပြောလာခဲ့ပါတယ်။ သူ့ရဲ့အသံက ဂီတသံတစ်ခုလိုမျိုး ချိုမြန်လွန်လှတယ်။
” အရှင်မင်းသမီး ယွိဟောင်လို့ခေါ်တဲ့ အဲ့ဒီလူငယ်လေးက အာရုံစိုက်ခံရဖို့အသင့်တော်ဆုံးပါပဲ သူတို့တွေရဲ့တစ်ယောက်နဲ့တစ်ယောက် တုန့်ပြန်တဲ့ပုံကြည့်မယ်ဆိုရင် ရှောင်းရှောင်းလို့ခေါ်တဲ့ကလေးမက ယွိဟောင်ကိုအတော်လေးယုံကြည်ပြီ လေးစားတဲ့ပုံပေါ်ပါတယ်..တစ်ဖက်မှာရှိတဲ့ ခပ်ချောချောလူငယ်လေး ရှောင်သုန့်ကတော့ သူနဲ့အတော်လေး သဟဇာတဖြစ်ပုံရတယ်…ဒီနှစ်ယောက်က သိပ်မကြည့်လှပေမဲ့ သူတို့တွေက ပြောစရာမလိုအောင် တစ်ယောက်နဲ့တစ်ယောက်နားလည်ကြပုံပဲ ”
” ဒီကလေးသုံးယောက်ထဲမှာ ယွိဟောင်ကဦးဆောင်သူဖြစ်ရမယ်…ဒါကြောင့် သူကရိုးရှင်းနိုင်မှာမဟုတ်ဘူး…ဒါ့အပြင် သူ့ရဲ့စွမ်းရည်တွေကိုကျွန်တော်ဆုံးဖြတ်ချက်ချဖို့ခက်နေတယ်…သူက ၀ိညာဥ်အကြီးအကဲတစ်ယောက်မဟုတ်သေးပေမဲ့ ကျန်ရစ်တဲ့စွမ်းအားတွေမှာ သူကတော်တော်လေး သာနေတဲ့ပုံရတယ်..တခြားသူတွေက သူ့ထက် ကျင့်ကြံဆင့်ထက်ပိုပြီးသာရင်တောင် စီးဆင်းနေတဲ့အသက်စွမ်းအားတွေက ကျွန်တော်တို့လိုလူကြီးတွေထက်ကို ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုမှာရောက်နေပြီ ”
” ဒါဆိုရင် သွားပြန်ပြီနားပါတော့ ဆရာမော့ မနက်ဖြန်ပိုပြီးအာရုံစိုက်ကြရအောင် ”
” ဟုတ်ကဲ့ပါ သခင်မနဲ့ အရှင်မင်းသမီး ကျွန်တော်သွားပါတော့တယ် ”
မော့ဖေးယွင်က တဲအပြင်ဘက်ကို ပြန်ထွက်သွားပြီချိန်မှာတော့ အဖြူရောင်မြူခိုတွေက ချက်ချင်းပျောက်ကွယ်လို့သွားပါတော့တယ်။
” ရှောင်သုန့်က တော်တော်လေးကြည့်ကောင်းတာပဲ အစ်မ ”
ဝေ့နက မော့ဖေးယွင်ထွက်သွားတာနဲ့ ပြောပါတော့တယ်။
” ဘာလဲသဘောကျနေပြီလား ”
” မဟုတ်ဘူး နည်းနည်းပါးပါးကူပြီပြောပေးတာပါ ”
ဒီအချိန်မှာ မုရွှယ်ကတော့ ခေါင်းခါလိုက်ပါတယ်။
” ငါထက်ငယ်တဲ့သူတွေကိုမကြိုက်ဘူး ဆရာမော့ပြောတာမှန်တယ်…ယွိဟောင်က အတော်ကိုလူမှု့ဆက်ဆံရေးအတော်လေးကောင်းတဲ့ပုံပေါ်တယ်..ဘာကြောင့်များမသိဘူး သူ့အနားကိုသွားလိုက်တိုင်း ကြက်သီးတွေထလာတယ်…ငါရဲ့သိုင်းပညာ၀ိညာဥ်ကတောင် တစ်ခါတလေမှာတုန့်ပြန်သေးတယ်…ကြည့်ရတာ သူ့ရဲ့အရှိန်အ၀ါက အားကောင်းလွန်လို့ငါရဲ့သိုင်းပညာ၀ိညာဥ်ကို တန်ပြန်ပြီတားဆီးထားနိုင်တဲ့ပုံပဲ ”
” သူ့မှာမီးအမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိနေလို့များလား ”
ဝေ့နကမေးလိုက်ပါတယ်။
” အဲဒီလိုဖြစ်ပုံတော့မပေါ်ဘူး သစ်တောထဲကို၀င်မယ်ဆိုရင် သိရမှာပေါ့ ဒီကလေးသုံးယောက်က ဒီနေရာကို သူ့ဘာသာသူလာ၀ံ့တယ်ဆိုမှတော့ သေချာပေါက် အစွမ်းအစရှိပုံရတယ်…စောစောနားကြရအောင် မနက်ဖြန်မှာ၀ိညာဥ်စက်ကွင်းတွေကို ရှာကြရမယ်…ကံကောင်းဖို့ပဲမျှော်လင့်ရမှာပေါ့ အကယ်၍ သင့်တော်တဲ့အရာကိုမရဘူးဆိုရင် မြောက်ဖက်ကိုသွားရမယ်..မြောက်ဖက်ကပိုအန္တရာယ်များပြီ တန်ဖိုးရှိတာတွေလဲပေါတယ် ”
” ဒါဆိုရင်လဲ အိပ်ကြတာပေါ့ အစ်မကြီးရွှယ်ကို ဖက်အိပ်လို့ရမလား ”
” ပါးစပ်ပိတ်ထားစမ်း ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က သူတို့တဲထဲမှာသူ့ဘာသာသူတို့ ဆွေးနွေးနေခဲ့ကြပါတယ်။
” ငါတို့တွေ သူတို့နဲ့အတူတူသစ်တောထဲသွားတာ ပြဿနာဖြစ်နိုင်လားယွိဟောင် ”
၀မ်သုန့်က အနည်းငယ်စိတ်ပူနေခဲ့ပါတယ်။
” ဘာတွေများစိတ်ပူနေတာလဲ ဒီလူတွေကမျိုးနွယ်စုတစ်ခုကသိသာနေတာပဲ ကောင်မလေးနှစ်ယောက်က ၀ိညာဥ်စက်ကွင်းတွေကို ယူဖို့လာနေတာ ကျန်တဲ့သူတွေက သူတို့အစေခံဖြစ်ပုံရတယ်..သူတို့နဲ့အတူတူသွားမယ်ဆိုရင် ငါတို့လဲအချိန်ကုန်လူပင်ပန်းသက်သာနိုင်တယ်လေ အထဲကိုပိုပြီးနက်နက်ရှိုင်းရှိုင်းတော့ ၀င်ရဦးမယ်..သူတို့တွေငါတို့ကို ရန်လုပ်မယ်ဆိုရင်တောင် အကြီးအကဲရွှမ်နဲ့ အရင်တွေ့သွားမှာပဲလေ ”
” အဲ့ဒီကောင်မလေးနှစ်ယောက်ထဲက တစ်ယောက်ကိုမင်းကြိုက်နေလို့လား ”
” ငါတို့ကအခုမှကလေးပဲရှိသေးတယ်လေ ဒီလိုမျိုးကိစ္စတွေလျှောက်ပြောမနေပါနဲ့လား ဒါ့အပြင် မင်းသာငါဘေးမှာရှိနေလို့ကတော့ ဘယ်မိန်းကလေးကငါ့ကိုကြိုက်ဦးမှာလဲ “:
” နားလည်ထားတော့လဲ ကောင်းတာပေါ့ ”
၀မ်သုန့်က ခေါင်းမော့ ရင်ကော့ရင်းပြောနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဘာပြောရမယ်မှန်းမသိတော့ပါဘူး။ ဒီညမှာဘာမှမဖြစ်ခဲ့သလို အားလုံးက မနက်စောစောထပြီ သူတို့ရဲ့တဲတွေကိုပြန်သိမ်းလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ မနက်နေထွက်ထွက်ချင်မှာပဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုလေ့ကျင့်နေခဲ့တယ်။ မော့ဖေးယွင်တဲထဲကနေ ထွက်လာချိန်မှာတော့ ဟို့ယွိဟောင်တို့သုံးယောက်ကတော့ မနက်စာစားနေခဲ့ပါပြီ။
” စောစောနိုးကြတာပဲ ”
မော့ဖေးယွင်က ဟို့ယွိဟောင်ကို အရင်ဆုံးနှုတ်ဆက်ပါတယ်။
” အခုမှမနက်ခင်းနေရောင်ထွက်တုန်းရှိတာပါ ဦးလေးမော့ သိပ်ပြီနောက်မကျလှပါဘူး ”
” ဒါဆိုရင် ၀ိညာဥ်စက်ကွင်းကိုလာယူတာက မင်းတို့သုံးယောက်ထဲကဘယ်သူများလဲ ”
ဟို့ယွိဟောင်က ဘာကိုမှဖုံးကွယ်နေဖို့စိတ်ကူးမရှိခဲ့ပါဘူး။
” ကျွန်တော်အတွက်ပါ ကျွန်တော်ရဲ့၀ိညာဥ်စွမ်းအားကအဆင့်သုံးဆယ်ကိုရောက်နေပြီ ဒါကြောင့် ၀ိညာဥ်အကြီးအကဲအဖြစ်တိုးတက်ဖို့အတွက် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းရဖို့လိုပါတယ်…ကျွန်တော်သူငယ်ချင်းနှစ်ယောက်က ကူညီပေးရုံပါပဲ ”
” ဒီလောက်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ၀ိညာဥ်အကြီးအကဲဖြစ်လာပြီးပြီဆိုတာ အထင်ကြီးစရာကောင်းလိုက်တာ ”
မော့ဖေးယွင်က တအံ့တဩနဲ့ပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ပြုံးသာပြုံးပြနေခဲ့ပြီ ဘာမှဆက်မပြောတော့ပါဘူး။
မော့ဖေးယွင်တို့လဲ ခပ်မြန်မြန်ပဲ လှုပ်ရှားလိုက်ပါတယ်။ သူတို့လဲအရာအားလုံးကို ခပ်မြန်မြန်သိမ်းဆည်းပြီတဲ့နောက် မနက်စာကိုစားလိုက်ကြတယ်။ ဝေ့နနဲ့ မုရွှယ်နှစ်ယောက်ကတော့ မနေ့ကအတိုင်းပါပဲ။
သူတို့အုပ်စုလဲဘာမှသိပ်မပြောကြသလို မော့ဖေးယွင်ကလွဲလို့ သိပ်ပြီစကားများကြတဲ့ပုံမရှိပါဘူး။ ကောင်မလေးနှစ်ယောက်က သူ့တို့ဘာသာသူတို့စကားပြောပေမဲ့ ဟို့ယွိဟောင်တို့ကို သိပ်ပြီအာရုံမစိုက်တာအမှန်ပါ။
မော့ဖေးယွင်က ဖြစ်စဥ်တစ်ခုလုံးမှာ အဓိကဦးဆောင်သူအဖြစ်တည်ရှိနေပါတယ်။ တခြားလူငါးယောက်ကတော့ စက်၀ိုင်းခြမ်းပုံသဏ္ဍာန်နဲ့ ရှိနေခဲ့ပြီ ဟို့ယွိဟောင်နဲ့ သူ့သူငယ်ချင်းတွေကတော့ အလယ်ခေါင်မှာနေရာယူထားကြပါတယ်။ မိန်းကလေးနှစ်ယောက်ကတော့ သူ့ထက်ပိုပြီးအလယ်နေရာကို ရောက်နေခဲ့တယ်။
မော့ဖေးယွင်နဲ့ သူတို့အုပ်စုအကြောင်းကို ဟို့ယွိဟောင်သိပ်ပြီစိတ်မလေးခဲ့ပါဘူး။ သိုင်းပညာ၀ိညာဥ်တွေ ၀ိညာဥ်စွမ်းရည်တွေအကြောင်းကို ဘာမှမမေးသလို တခြားစပ်စပ်စုစုမလုပ်တာကြောင့်လဲ ဒီလိုသက်သောက်သက်သာရှိခဲ့ရတာပါ။ ဒါ့အပြင် ဟို့ယွိဟောင်တို့ကို အရှေ့ကနေလျှောက်ပြီ ကင်းထောက်ဖို့ဦးဆောင်ခိုင်းတာမျိုးအခွင့်အရေးယူတာတွေလဲ မလုပ်ခဲ့ကြပါဘူး။ အနည်းငယ်စိုးရိမ်မှုရှိကြပေမဲ့ မကောင်းတဲ့စိတ်မရှိကြဘူးဆိုတာဒီအပြုအမူတွေကနေ သိသာနေခဲ့ပါတယ်။
မဟာကြယ်တာရာသစ်တောရဲ့အစွန်းတချို့ကိုရောက်ချိန်မှာတော့ အတော်လေးကိုနေသာနေခဲ့ပြီဖြစ်ပါတယ်။ မော့ဖေးယွင်က ရုတ်တရက်ရပ်တန့်လိုက်ပြီ အားလုံးကို လှည့်ပြီပြောတော့တယ်။
” သစ်တောထဲကိုငါတို့တွေမကြာခင်၀င်တော့မယ်…အားလုံးကို သတိပေးစရာရှိပါတယ်…သတိအမြဲကပ်ထားကြပါ သစ်တောထဲမှာ ဘာမဆိုဖြစ်နိုင်သလို နှစ်တစ်သောင်းသားရဲကောင်တွေကလဲ အပြင်နယ်မြေမှာရှိနိုင်တယ်…ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေအားလုံးက အရည်အချင်းရှိတဲ့သူတွေ ဒါကြောင့် မင်းတို့ကိုအန္တရာယ်တစ်ခုခုကြုံလာရင် အချိန်မရွေးကယ်တင်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး…ဒါကြောင့် အားလုံးကိုအထူးဂရုစိုက်ကြပါ နောက်ထပ်အချက်တွေကိုပြီမှဆက်ပြောပါ့မယ် ..ယွိဟောင်တို့သုံးယောက်ငါနောက်ကနေလိုက်ပြီ အချိန်မရွေးကူညီပေးနိုင်ဖို့အတွက် ပြင်ဆင်ထားပေးပါ….ဒါက ဝေ့နနဲ့ မုရွှယ်လဲအတူတူပဲ ကျန်တဲ့သူတွေအားလုံးကတော့ အပြင်မှာဖြန့်ပြီ ကာကွယ်တဲ့နေရာအဖြစ်အသင့်နေရာယူကြရမယ် ”
” ဟုတ်ကဲ့ပါ ”
တခြားလူငါးယောက်က တစ်ပြိုင်နက်ထဲပြန်ဖြေလိုက်ပါတယ်။
ဟို့ယွိဟောင် အာရုံအစိုက်ဆုံးလူကတော့ သူတို့မနေ့ကတွေ့ခဲ့တဲ့ ပေ့ချန်အပြင် အရပ်ပုပုနဲ့ ခပ်၀၀လူပါပဲ။ ဒီလူကနောက်ဖက်ရဲ့အလယ်ဗဟိုတည့်တည့်မှာ ရပ်နေပြီ မော့ဖေးယွင်နီးပါးအားကောင်းတဲ့သူလို့ထင်ရပါတယ်။ ဒါကတော့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဆိုတာမှားနိုင်စရာမရှိပါဘူး။ သူ့ရဲ့နာမည်ကတော့ ကျိုးရှန်သုန့်ပါ။
ဟို့ယွိဟောင်တို့သူငယ်ချင်းသုံးယောက်ကလဲ ဒီအစီအစဥ်ကိုလိုက်နာခဲ့ပါတယ်။ သူတို့အရှေ့မှာတည့်တည့်မှာဦးဆောင်နေတဲ့ ၀ိညာဥ်သူတော်စင်ရှိနေသရွေ့ ပြဿနာမများနိုင်ပါဘူး။
မော့ဖေးယွင်ကတော့ သေချာလေးစီစဥ်ပြီတဲ့နောက် ကြယ်တာရာသစ်တောထဲကိုစတင်ပြီ ၀င်ရောက်ပါတော့တယ်။ သူ့ရဲ့လှုပ်ရှားမှုကြောင့် သူ့ဘေးမှာရှိသူတွေကို ဘယ်လောက်ယုံကြည်မှန်းကောင်းကောင်းပြောနိုင်နေခဲ့တယ်။
ဟို့ယွိဟောင်တို့လဲ နှောင့်နှေးအောင်မနေ၀ံ့ပါဘူး။ ဟို့ယွိဟောင်က အရှေ့ကနေဦးဆောင်ထားဖြစ်ပြီ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က သူဘေးမှာလိုက်လာကြပါတယ်။ မော့ဖေးယွင်ရဲ့နောက်ကနေကပ်ရင်းနဲ့ သစ်တောထဲကို၀င်လာခဲ့ပါပြီ။
” အမ်း ဒါကြီးက ”
၀မ်သုန့် အထိတ်တလန့်ပြောလိုက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ မော့ဖေးယွင်ရဲ့ခန္ဓာကိုယ်က သိပ်သည်းတဲ့မြူခိုတွေကို စတင်ထုတ်လွှတ်နေမှန်း သူသတိထားမိခဲ့လို့ပါ။ ဒီမြူခိုတွေက သူတစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားခဲ့ပြီ ချက်ချင်းဆိုသလို ဘယ်သူမှမမြင်နိုင်တော့တဲ့အခြေအနေအထိကို ပြန့်နှံ့လို့သွားပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ကိုဘယ်သူမှ မမြင်ရတော့ပါဘူး။
အပိုင်း ၁၄၃•၂ ပြီး၏။