ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၂ – နတ်ဘုရားမကျင်း၏ မတော်တဆမှု
“သူတို့က ဘယ်လိုလုပ် ဒီလိုလုပ်ရက်နိုင်ရတာလဲ .. ဒီလူတွေက ဆိုးဝါးလိုက်တာ .. လော့ရှန်း နင် သူတို့ကို တရားစွဲသင့်တယ်” ရှားချန်းယု သူ့သူငယ်ချင်းကောင်းအတွက် တရားမျှတမှု တောင်းဆိုလိုက်သည်။ဓ
သူတို့ဘေးနားထိုင်နေသည့် ချူဖုန်းမှာတော့ အနည်းငယ် အပြစ်ရှိစိတ်ရှိနေသည်။ သူသည် နွားနတ်ဘုရား ဖြစ်နေသည်ပင်။
တစ်ချိန်တည်းမှာပင် သူ့ကို ဤအရှုပ်အထွေးထဲ ဆွဲထည့်လိုက်သည့် ကျိုးရိထျန်းကိုလည်း သူ့စိတ်ထဲ ကျိန်ဆဲလိုက်သည်။ ဒါတွေကို သူ ဘယ်လိုရှင်းရတော့မှာလဲ.. သူ ထိုလူကို တကယ်ရိုက်ပစ်ချင်မိသည်။
“ရှင်ကဘာတွေ အံကြိတ်နေတာလဲ..” ရှားချန်းယု သူ့ကိုစိုက်ကြည့်၍ ပြောလာသည်။
ချူဖုန်း ရယ်မောလိုက်ကာ “ငါ .. ဒါက မစ္စကျင်းအတွက် အရမ်း မတရားလွန်းဘူးလား .. ဒီကိစ္စနောက်မှာ ဘယ်သူရှိနေတာလဲ .. သူတို့တွေက ဆိုးရွားလိုက်တာ .. သူတို့မှာ ဂုဏ်သိက္ခာဆိုတာတောင် ရှိသေးရဲ့လား..”
“ရှင်က အဲဒီလောက် ကြင်နာတတ်တယ်ပေါ့..” ရှားချန်းယု သူ့ကို သံသယဖြင့် မေးလိုက်သည်။
“ဒါပေါ့..”
ကျန်းလော့ရှန်းမှာ ဘယ်တုန်းကမှ ဤကဲ့သို့ အစော်ကားရဖူး။
ထင်ထားသည့်အတိုင်း သူမ ချူဖုန်းကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်ပြောင်းလိုက်လေ၏။
ထိုအခိုက်အတန့်တွင် ဝမ်ဒယ်သတင်းစာလည်း ထပ်မံထွက်ပေါ်လာပြီး သူမဂုဏ်သိက္ခာကို ထပ်မံထိခိုက်လာသည်။
“ကျန်းလော့ရှန်းက ကိုယ်ဝန်ဆောင်နေရတယ်..” ဝမ်ဒယ်သတင်းစာ၏ဆောင်းပါးမှာ ပို၍ကြောက်စရာကောင်းနေပြီး အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
စားသောက်ဆိုင်တစ်ဆိုင်၏ သီးသန့်ခန်းထဲတွင် ရှိနေသည့် ကျန်းလော့ရှန်းပင်လျှင် သူမ၏တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့။ သူမသည် ဒေါသထွက်လွန်းသောကြောင့် ဖုန်းကိုရိုက်ခွဲမိလုနီးပါးပင်။
သူမ ဒေါသထွက်လွန်းသောကြောင့် အသက်ရှူသံများပင် ကြမ်းတမ်းလာသည်။
သူမ ဖုန်းမြန်မြန်ဖွင့်ပြီး လူတစ်ယောက်ကို ဆက်သွယ်လိုက်သည်။ “ဦးလေးလီ .. ဦးလေးဘာလို့ ဝမ်ဒယ်သတင်းစာတိုက်ကို မဖြုတ်ချပစ်နိုင်တာလဲ..”
အင်တာနက်တစ်ခုလုံးလည်း ပေါက်ကွဲနေလေပြီ။ လူအချို့မှာ ဝမ်ဒယ်သတင်းစာကို သိက္ခာမရှိသောကြောင့် ပြစ်တင်ဝေဖန်နေကြသော်လည်း အများစုမှာ ကျန်းလော့ရှန်းသည် ကိုယ်ဝန်မရှိလျှင်ပင် သူမနှင့် နွားနတ်ဆိုးကြား တစ်ခုခုရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။
ရုတ်တရက် ဖုန်းမြည်သံတစ်သံ ထွက်လာသည်။ ဖုန်းကိုကြည့်လိုက်သည့်အချိန် ကျိုးရိထျန်းဟူသည့် နာမည်ကို မြင်လိုက်သည်နှင့် ချူဖုန်းလက်ထဲမှ ဓားခက်ရင်း လွတ်ကျမတတ်ပင် ဖြစ်သွားသည်။
သူ ဤဖုန်းကို ဘယ်လိုလုပ် ကိုင်မည်နည်း.. သူ ချက်ချင်းပင် ဖုန်းချပစ်လိုက်သည်။
“အခုခေတ်မှာ ဖုန်းသရဲတွေ တော်တော်ပေါလာတယ် .. အာမခံတွေရောင်းဖို့၊ အလှလေးတွေတွေရောင်ဖို့ ဆက်နေကြတာ..” သူ ပုံမှန်အတိုင်း ပြောလိုက်သည်။
“ရှင်ဘာပြောလိုက်တာ..” ရှားချန်းယု ဒေါသထွက်သည့်လေသံဖြင့် ပြောလိုက်သည်။
“မင်းတို့မိန်းကလေးတွေ နှောက်ယှက်တဲ့ဖုန်းတွေ မလာဘူးလား..” ချူဖုန်း သူမကိုပြန်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ရှားချန်းယုသည် တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်လောက်သည်အထိ စိတ်တိုနေပြီဖြစ်သည်။ “ရှင်က .. တကယ်ကို နှာဗူးပဲ..” သူမ ချူဖုန်းကို အပြစ်ကင်းသည့်မျက်လုံးများဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။
ကျန်းလော့ရှန်းမှာ သူ့ဘာသာသူပင် ဒေါသထွက်နေရသောကြောင့် ဘေးမှနှစ်ယောက်ကို ဂရုမစိုက်အား။ သူမ စိတ်တည်ငြိမ်သွားရန်အတွက် အချိန်အတော်ယူလိုက်ရသည်။
“နိုင်ငံ့နတ်ဘုရားမလို့ကို မပြောရဘူး .. မင်းက တော်တော်လေးသဘောထားကြီးတာပဲ .. ငါသာမင်းဆိုရင် အဲဒီဝမ်ဒယ်သတင်းစာကို ပြဿနာရှာပြီးသွားလောက်ပြီ .. ဒီသတင်းစာမှာ ဘယ်လိုနောက်ခံမျိုးတွေ ရှိနေတာလဲ .. သူတို့ကဘာလို့ မင်းကိုအမြဲတမ်း အာရုံစိုက်နေကြတာလဲ .. အဲဒီသတင်းစာတိုက်ကို ဝမ်ဒယ်လို့ခေါ်တဲ့လူ ပိုင်တာလို့တော့ မပြောနဲ့နော် .. အဲဒီတစ်ယောက်က မင်းကို လက်ထပ်ခွင့်တောင်းခဲ့ပြီး မင်းက ငြင်းခဲ့လိုက်လို့များလား..” ချူဖုန်း ပြောလိုက်သည်။
ထိုအခိုက်အတန့် ချူဖုန်း၏ အတင်းပြောလိုစိတ်များ ကြွတက်လာလေသည်။
“ရှင့်အစားအစာတွေကိုသာ ကုန်အောင်စားစမ်းပါ .. စကားကိုလျှော့ပြော..” သူမ အကောင်းဆုံးသူငယ်ချင်း ဒေါသထပ်ထွက်ရမည်ကို သူမ မလိုလား။ သူမအတွက် ပြဿနာများ လုံလောက်နေပြီဖြစ်သည်။
ကျန်းလော့ရှန်း၏ လူမှုဆက်ဆံရေးစွမ်းရည်မှာ တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ သူမ စိတ်တည်ငြိမ်သွားသည်မှာ အတော်လေး မြန်ဆန်လှသည်။ သူမသည် ချူဖုန်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် “ကျွန်မကြားတာတော့ ရှင် လင်းနွိုင်နဲ့ တော်တော်လေး ဆက်ဆံရေးကောင်းတယ်ဆို..”
“ဟုတ်တယ်..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။
တစ်ဖက်လူ သူ့ကို သေချာစုံစမ်းပြီးသားဖြစ်ကြောင်း သူသိသည်။ သူ ဖုန်းကွယ်နေလည်း အလကားပင်ဖြစ်လိမ့်မည်။
ရှားချန်းယု ထိတ်လန့်သွားကာ သူမ ပါးစပ်လေးမှာ ‘အို’ ပုံစံ ဖြစ်သွားသည်။ “ရှင် လင်းနွိုင်နဲ့ တကယ်သိတယ်ပေါ့ .. အဲဒါဆို အရင်တစ်ခေါက်က ရှင့်ကို ဖုန်းခေါ်လာတာက တကယ်လင်းနွိုင်အစစ်လား..”
“အဲဒီကတည်းက ငါ အမှန်အတိုင်းပြောခဲ့တာပဲလေ..” ချူဖုန်း မငြင်း။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” ရှားချန်းယု သူမကိုယ်သူမ ရေရွတ်လိုက်သည်။ လင်းနွိုင် ဤနှာဗူးကောင်နှင့် ဆက်ဆံရေးရှိနေခြင်းကို သူမ အလွန်အံ့အားသင့်မိသည်။
ကျန်းလော့ရှန်း ချူဖုန်းကို စိုက်ကြည့်လိုက်သည်။ သူမ၏အကြည့်များမှာ တကယ်ဆွဲဆောင်မှု ရှိလှသည်ပင်။
သို့သော် သူမ စိတ်ထဲတွင်တော့ အပေါ်ယံမျက်နှာပြင်လောက် တည်ငြိမ်မနေ။ သူမထံ၌ သံသယများစွာ ရှိနေသည်။
သူမ သိထားသမျှ သဲလွန်စများအရ ချူဖုန်းမှာ ရိုးရှင်းသည့်လူမဟုတ်မှန်း သူမသိသည်။ သူက နာမည်ကြီးနေတဲ့ နွားနတ်ဘုရားများလား..
ရုတ်တရက် ထိုအတွေး တွေးမိသည့်အတွက် သူမကိုယ်သူမပင် ထိတ်လန့်သွားရသည်။
ယခုတလောသတင်းများကြောင့် ချူဖုန်းနောက်ခံအား စုံစမ်းခြင်းကို သူမ ယာယီရပ်တန့်ထားခဲ့ရသည်။ မဟုတ်ပါက ယခု သူမ အဖြေတစ်ခုခု ရလောက်လေပြီ။
“ရှာတွေ့ထားသမျှတွေကို ကျွန်မကို ပို့ပေးပြီး ချူဖုန်းအကြောင်းကို ဆက်စုံစမ်းလိုက်” စားနေရင်း ကျန်းလော့ရှန်း သက်ဆိုင်ရာဝန်ထမ်းကို စာပို့လိုက်သည်။
ချူဖုန်းကို ကြည့်လေလေ သူမပို၍ သံသယဝင်လေလေပင်။ စားပြီးခါနီးတွင် သူမထက်၌ပင် ခံစားချက်များ ပေါ်လာလေ၏။
အဘယ်ကြောင့်ဆိုသော် အင်တာနက်ပေါ်မှ လူများသည် သူမကို နွားနတ်ဘုရားနှင့် ဆက်ဆံရေးရှိကြောင်း၊ သူမသည် ကိုယ်ဝန်ဆောင်မိခင်ဖြစ်နေပြီဖြစ်ကြောင်း စော်ကားပြောဆိုနေကြသည်ပင်။
“လော့ရှန်း..” ရှားချန်းယု ကျန်းလော့ရှန်းကို ခေါ်ပြီး မက်ဆေ့ မြန်မြန်ပို့လာသည်။ “နင် မီးနဲ့မကစားရင် ပိုကောင်းလိမ့်မယ် .. သူက နင့်ရဲ့ပြိုင်ဘက်လင်းနွိုင်နဲ့ ပတ်သက်ခဲ့တယ်ဆိုတာနဲ့ပဲ နင်သူ့ကို စိတ်ဝင်စားသွားတယ်လို့ မပြောနဲ့နော် .. နင် သူ့ကြောင့် အထိခိုက်မခံနဲ့..”
မက်ဆေ့ဖတ်ပြီးနောက် ကျန်းလော့ရှန်း သူမကို နာနာလေး ရိုက်ပစ်ချင်မိသည်။ သူက ဘယ်တုန်းက မီးနဲ့ကစားနေလို့လဲ..
ရှားထျန်းယု မကျေနပ်သေးပဲ ထပ်ပို့လာသည်။ “နင်က ငြင်းချင်နေသေးတယ် .. နင် သူ့မျက်နှာကြီးကို စိုက်ကြည့်နေတာလေ .. သူက နည်းနည်းချောတယ်လို့ပြောလို့ရပေမယ့် သူက ဒီလောက်ဆိုးရွားနေတဲ့ဟာ .. နင်က သူ့ကို စဉ်းစားမလို့လား .. နင်က ကျန်းလော့ရှန်းဆိုတာ မမေ့နဲ့ဦးနော်..”
သူမ စိတ်လွင့်နေသည့်အချိန်က ချူဖုန်းကို စိုက်ကြည့်နေမိကြောင်း ကျန်းလော့ရှန်း သတိထားမိသွားသည်။
တကယ်တမ်းတွင် သူမ နည်းနည်းလေး စိတ်တိုနေသည်ပင်။ ချူဖုန်းကို ဖမ်းပြီး၍သာ စစ်မေးလိုက်ချင်တော့သည်။ သူသာ နွားနတ်ဘုရားဆိုလျှင်တော့ သူ့ကို ကောင်းကောင်းရိုက်နှက်ပစ်ဦးမည်။
ယခုတလော သူမ နွားနတ်ဘုရားနှင့် ဆက်ဆံရေးရှိသည်ဟု သတင်းများ ဆက်တိုက်ထွက်လာသော်လည်း ထိုနွားနတ်ဘုရားသည် ထွက်လာပြီး ငြင်းဆိုခြင်းမရှိ။ တကယ်ကို မုန်းစရာကောင်းလှသည်။
ထို့အပြင် ချူဖုန်းသာ နွားနတ်ဘုရားဆိုလျှင် မီးခိုးပြာဝံပုလွေကို သတ်လိုက်သည့်လူလည်း သူပဲဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် အားလုံး အံဝင်ခွင်ကျဖြစ်သွားလေပြီ။
ထိုသို့တွေးမိသည်နှင့် သူမ အံ့အားသင့်လာသည်။
စုံစမ်းစစ်ဆေးရေးအဖြေကို သူမ တကယ်ကို မျှော်လင့်နေမိလေပြီ။ ဤလူကို ဖော်ထုတ်ရန် မစောင့်နိုင်တော့။
သို့သော် ထမင်းစားပွဲတွင်တော့ သူမ ရယ်မောလိုက်ကာ ကျန်းလော့ရှန်းကို စကားပြောလိုက်သည်။ “ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း ဇာတ်ကားက မကြာခင်ရုံတင်တော့မှာ .. နင် တရုတ်ပြည်တစ်ခုလုံးမှာ နာမည်ကြီးတော့မှာဆိုတော့ နင့်ကို ကြိုပြီးဂုဏ်ပြုထားလိုက်မယ်”
ချူဖုန်းလည်း ရယ်မောလိုက်ကာ “လမ်းမှာ ပိုစတာတွေ အများကြီးတွေ့ခဲ့တယ် .. ဒီကားထဲမှာ နာမည်ကြီး မင်းသားမင်းသမီးတွေ အများကြီးပါတယ်ထင်တယ် .. ပိုစတာပေါ်မှာ နင့်ကိုလည်း တွေ့လိုက်တယ် .. ထွန်းတောက်တော့မယ့်ကြယ်လေးအတွက် ဂုဏ်ပြုပါတယ်”
ရှားချန်းယု သာယာကြည်နူးသွားရသည်။ သူမလည်း ဤရုပ်ရှင် ရုံတင်မည့်အချိန်ကို မျှော်လင့်နေသည်ပင်။ တစ်ချိန်တည်းမှာပင် ချူဖုန်းကို တိုက်ခိုက်ရန်လည်း သူမ မမေ့။ “ရှင်လည်း ဇာတ်လမ်းတစ်ခုမှာ အမျိုးသားဇာတ်ဆောင်လုပ်ခဲ့တယ်လို့ ပြောတယ်မလား .. အဲဒီဇာတ်ကားက ဘယ်အချိန်ရုံတင်မှာလဲ..”
ထိုစကားကြားလိုက်သည်နှင့် ချူဖုန်း အသက်မဲ့သွားသည်။ မီးခိုးပြာဝံပုလွေနှင့်တိုက်ခိုက်ရမည်ကို သူ မကြောက်သော်လည်း ဤဇာတ်ကား ရုံတင်မည့်နေ့ကိုတော့ သူ ကြောက်သည်။ နောက်ဆက်တွဲဖြစ်လာမည့် ပြဿနာများကို သူ ကြိုမြင်နေပြီဖြစ်သည်။
ကျန်းလော့ရှန်း ရယ်မောလိုက်ကာ “ချန်းယုရုပ်ရှင်နဲ့ မတိုက်ဖို့ မျှော်လင့်ပါတယ် .. တိုက်ခဲ့ရင်တော့ ရှင် တော်တော်လေး ကံဆိုးတာပဲ .. ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်းမှာ အထင်ကြီးစရာကောင်းလောက်တဲ့ မင်းသား၊ မင်းသမီးတွေပါတယ် .. ဒီဇာတ်ကားက ‘နတ်ဘုရားတွေလမ်းပိတ်နေရင် နတ်ဘုရားတွေကိုသတ် .. ဗုဒ္ဓလမ်းပိတ်ရင် ဗုဒ္ဓကိုသတ်’ ဆိုတဲ့စကားအတိုင်းပဲ..”
ထိုစကားကြားလိုက်ရသည်နှင့် ချူဖုန်း ခေါင်းညိမ့်လိုက်ကာ “ကံမကောင်းစွာနဲ့ ငါက ဒါရိုက်တာကောင်းနဲ့ မတွေ့ခဲ့ပဲ အရမ်းကို အသုံးမကျတဲ့ ဒါရိုက်တာနဲ့တွေ့ခဲ့ရတာ”
မိန်းမပျိုလေးနှစ်ဦးမှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်တော့ပဲ အားရပါးရ ရယ်မောလိုက်ကြလေသည််။
“မင်းတို့နှစ်ယောက် နည်းနည်းလေးတောင် မစာနာပေးနိုင်ကြဘူးလား..” ချူဖုန်း ပြောလိုက်သည်။
“ရှင်ပြောနေတဲ့ပုံက မကြာခင်မှာ ရုံတင်တော့မယ့် ဇာတ်ကားကြီးတစ်ခုခုမှာ ပါထားတဲ့ပုံနဲ့ ပြောနေတာကို” ဤလူ ရုပ်ရှင်တစ်ခုထဲ၌ ပါသည်ကို ရှားချန်းယု ယခုထိ မယုံသေး။
“မင်းတို့နှစ်ယောက် ဘာလို့ ငါ့ကို မယုံကြတာလဲ .. ထားလိုက်ပါလေ .. အချိန်တန်ရင် မင်းတို့ သိလာလိမ့်မယ်” ချူဖုန်း ပြောလိုက်သည်။
“ရှင့် ရုပ်ရှင်နာမည်ကဘာလဲ..” ကျန်းလော့ရှန်း ရယ်မော၍ မေးလိုက်သည်။
“ဒါက .. ငါ မင်းတို့ကို ပြောပြလို့မရသေးဘူး” သူသာ ပြောလိုက်လျှင် ယနေ့ည သူ ဤနေရာမှ ထွက်သွားနိုင်မည်မဟုတ်ဟု ချူဖုန်း ခံစားနေရသည်။ ကျန်းလော့ရှန်း၏ ပါးနပ်မှုနှင့်ဆိုလျှင် သူမ အများကြီးကို ခန့်မှန်းမိသွားနိုင်လိမ့်မည်။
အမျိုးသမီးနှစ်ဦး ရယ်မောလိုက်ကြ၏။ သူတို့ ချူဖုန်းအား လုံးဝကို မယုံကြည်။
သို့သော် ခဏကြာပြီးနောက် သူတို့ ထပ်မရယ်နိုင်တော့။ “လော့ရှန်း အဲဒီကောင်က နင့်ကို ထပ်ပြီး အပုပ်ချပြန်ပြီ .. ဘုရားရေ .. သူပြောတဲ့ ဆက်ရန်က မြန်မြန်ကြီး ရောက်လာပြီ .. သူက သတင်းကြီးဖြစ်အောင် လုပ်နေတာပဲ..”
ဤစကား ကြားလိုက်ရသည်နှင့် ကျန်းလော့ရှန်း မျက်နှာ အရောင်မရှိတော့။
သူမ သတင်းအား မြန်မြန်ရှာကြည့်လိုက်သည့်အချိန်တွင် ဤသတင်းမှာ ဝမ်ဒယ်မှ တင်ထားခြင်းမဟုတ်ကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ အစောပိုင်းက သူမကို ထုတ်ဖော်ခဲ့သည့်လူပင်။ ဤသတင်းလည်း ထိုသတင်းကဲ့သို့ ထိတ်လန့်စရာ ကောင်းနေဆဲပင်။
သတင်းခေါင်းစဉ်မှာ “ကျန်းလော့ရှန်းနှင့် သူမ၏ မင်းသားလေး..”
သတင်းခေါင်းစဉ်မှာ ဝမ်ဒယ်သတင်းစာလောက် ရွံစရာမကောင်းသော်လည်း ကျန်းလော့ရှန်းကို ဖိနှိပ်နိုင်နေဆဲပင်။
အထူးသဖြင့် ဓာတ်ပုံကို မြင်လိုက်သည်နှင့် သူမဖုန်းကို ဖောက်ခွဲပစ်လုနီးပါးဖြစ်သွားသည်။ သို့သော် ထိုထက် ချူဖုန်းကို ပို၍ပင် ရိုက်ပစ်ချင်သေးသည်။
ဓာတ်ပုံထဲတွင် အတော်လေး ချောမောလှသည့် လူငယ်တစ်ဦးသည် နေကာမျက်မှန်တပ်ထားပြီး မက်စ်တပ်ထားကာ အမျိုးသမီးနှစ်ဦးနှင့်အတူ ထိုင်နေသည်။
အမျိုးသမီးများ၏ မျက်နှာများကိုတော့ ဖုံးကွယ်မထားပဲ ဖော်ထားသည်။
ထိုလူငယ်လေးမှာ ချူဖုန်းဖြစ်ပြီး အမျိုးသမီးနှစ်ဦးကတော့ ကျန်းလော့ရှန်းနှင့် ရှားချန်းယုပင်။
ဤသတင်းမှာ ဇာတ်ရှိန်ပိုတက်အောင် လုပ်လိုက်ပြီး နိုင်ငံ့နတ်ဘုရားမသည် ဤအမျိုးသားအတွက်နှင့် သူမကိုယ်သူမ ဖုံးကွယ်ထားခြင်းမရှိတော့၊ ဤအမျိုးသားအပေါ် အချစ်ကြီးလှသည်ဟု ပြောလာကြသည်။
ဤသတင်းကို တွေ့သည်နှင့် ကျန်းလော့ရှန်းမှာ မတည်ငြိမ်နိုင်တော့။ ပေါက်ကွဲလုနီးပါးဖြစ်နေလေပြီ။
သူမ မျက်မှန်နှင့် မက်စ် လုယူခံလိုက်ရခြင်းဖြစ်သော်လည်း ဤကိစ္စမှာ ဤနေရာတွင် အရေးမပါတော့။ သတင်းမှာ လူများကို လမ်းလွဲအောင် လုပ်နေသည်ပင်။
သတင်းအောက်ဆုံးတွင် စာရေးသူ မေးထားသေးသည်။ ‘ဒီထူးဆန်းတဲ့လူက ဘယ်သူဖြစ်မလဲ .. ဒီလူက နိုင်ငံ့နတ်ဘုရားမကိုတောင် ကြွေအောင်လုပ်နိုင်တာဆိုတော့ သေချာပေါက် အရမ်းကိုထူးခြားတဲ့သူ ဖြစ်လိမ့်မယ် .. သူ့အကြောင်းကို သေချာစုံစမ်းရမယ်..”
အင်တာနက်အသုံးပြုသူ၏မှတ်ချက်မှာ ပို၍ပင် ဆိုးရွားသေးသည်။
“ဘုရားရေ .. ကျန်းလော့ရှန်းက သူ့ကိုယ်သူ မဖုံးကွယ်ထားပဲနဲ့ အဲဒီလူက ဖုံးကွယ်ထားတယ် .. ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်..”
“ဘုရားရေ .. ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ..”
“ဒါက နတ်ဘုရားမကျန်းနဲ့ မင်းသားလေးလား .. သူက ဘာမှလည်းမထူးခြားပါဘူး .. နတ်ဘုရားမ ကျွန်တော့်ကို ရွေးချယ်တာက ပိုကောင်းဦးမယ် .. နတ်ဘုရားမကျန်းရဲ့ အမြင်တွေက တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ..”
…
ယခု ကျန်းလော့ရှန်း လူသတ်ချင်စိတ် ဝင်နေလေပြီ။ သူမ မီးတောက်နေသည့်မျက်လုံးများဖြင့် ချူဖုန်းကို စိုက်ကြည့်ကာ စားပွဲခုံကိုပင် မှောက်လှန်ပစ်ချင်မိသည်။
“ဟေး ဒါ ငါ့အပြစ်မဟုတ်ဘူးလေ .. ငါလည်း ခံရတဲ့သူပဲ..” ချူဖုန်း သူ့ကိုယ်သူ ကာကွယ်လိုက်ကာ တာဝန်ယူမှုအားလုံးကို ဘေးချိတ်လိုက်သည်။ အနည်းဆုံးတော့ ယခု သူ တတ်နိုင်သမျှ ပြဿနာကို ရှောင်ရှားရမည်။
ယခု သူကျိုးရိထျန်းကို ရိုက်ပစ်ချင်စိတ်သာရှိသည်။ ဤကောင်သည် သူနှင့်ဘာမှမတိုင်ပင်ပဲ သူလုပ်ချင်သလို လုပ်နေသည်။
“အားလုံး ရှင့်ကြောင့်ပဲ .. ဒါနဲ့ ဒါတွေလုပ်နေတာ ရှင်တော့မဟုတ်ဘူးမလား..” ရှားချန်းယု အော်ဟစ်လိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ငါ တစ်ချိန်လုံး ဒီမှာထိုင်နေတာလေ .. ပြီးတော့ မင်းတို့က ငါ့ကို အရူးလို့ထင်နေတာလား ..ငါက လက်တောင်မထပ်ရသေးဘူး .. ဒီကောလဟာလကြောင့် ငါ့ဂုဏ်သိက္ခာတွေတော့ သွားပါပြီ .. ငါ ဘယ်လိုလုပ်ပြီး လက်ထပ်ဖို့အတွက် မိန်းမကောင်းလေးကို ရှာရတော့မှာလဲ .. ငါလည်း ခံရတဲ့သူပါနော် ဟုတ်ပြီလား..” ချူဖုန်း ပြောလိုက်သည်။
ထိုစကားကြားလိုက်ရသည့်အချိန် ရှားချန်းယု ချက်ချင်း ဒေါသထွက်သွားရသော်လည်း မြန်မြန်စိတ်လျော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမဖုန်း မြည်လာပြီဖြစ်သည်။
“မကောင်းတော့ဘူး .. ဒါရိုက်တာဆက်တာ .. သူက ဒီကိစ္စကြောင့် ဆက်တာပဲနေမှာ” ရှားချန်းယု သွေးပျက်လာသည်။ သူမ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုင်လိုက်ပြီး ခေါ်လာသည့်သူကို နှုတ်ဆက်လိုက်သည်။
ထင်ထားသည့်အတိုင်း တစ်ဖက်မှ ဒေါသတကြီးအသံ ထွက်လာသည်။ “ရှားလေး .. ဒါက ဘာတွေလဲ .. ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်းမှာ မင်းက အရမ်းကို အပြစ်ကင်းတဲ့မိန်းကလေးအဖြစ်နဲ့ သရုပ်ဆောင်ထားတာလေ .. မင်း .. မင်းက ရုပ်ရှင်တစ်ခုလုံးကို ဆွဲချပစ်လိုက်တာပဲ”
ရှားချန်းယု ကြောက်လာသည်။ ကျန်းလော့ရှန်းသည် တည်ငြိမ်စွာဖြင့် ဖုန်းကိုလက်လွှဲယူလိုက်ပြီး ဤသည်မှာ ကိစ္စကြီးမဟုတ်ကြောင်း ဒါရိုက်တာကျောင်းကို ပြောလိုက်သည်။ သူမသည် စကားလုံးအနည်းငယ်ဖြင့် ဒါရိုက်တာကို ချွေးသိပ်လိုက်နိုင်သည်။
ကျန်းလော့ရှန်း သူမလူများကို ဆက်သွယ်လိုက်ကာ ပျံ့နေသည့်ဓာတ်ပုံများကို ဖျက်ခိုင်းလိုက်သည်။
“လော့ရှန်း မကောင်းတော့ဘူး .. ရန်သူက အရမ်းအင်အားကြီးနေတယ်..” ရှားချန်းယု ပြောလာသည်။ “သူတို့တွေက ဒီသတင်းတွေကို ဆက်တိုက်တင်နေတာ .. သူတို့တွေက နာမည်ကြီးအောင်လို့ တမင်သက်သက် နင့်ကို အပုပ်ချနေကြတာ”
ချူဖုန်း စားပွဲ၌ ငြိမ်ငြိမ်လေးသာ ထိုင်နေသည်။ သူ့အမြင်ကို ဝင်မပြောရဲ။ ဤနေရာမှ မြန်မြန်ထွက်သွားရန်သာ ပြင်ဆင်လိုက်သည်။
ယခုအချိန်တွင် ကျန်းလော့ရှန်းသည် မီးတောက်နေသည့်မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေသည်ပင်။
ထိုအချိန်တွင် စားပွဲပေါ်မှ ချူဖုန်း ဖုန်း ရုတ်တရက်မြည်လာသည်။
ကျိုးရိထျန်း ခေါ်နေကြောင်း တွေ့လိုက်သည်နှင့် သူ့မျက်နှာ အစိမ်းရောင်ပြောင်းလုနီးပါးဖြစ်သွားသည်။ သူ ဖုန်းကို မြန်မြန်ချလိုက်ကာ “ဒီနှောက်ယှက်မှုတွေက တော်တော်ဆိုးတာပဲ..”
တစ်နေရာ၌ ရှိနေသည့် ကျိုးရိထျန်းကတော့ သူ့ကိုယ်သူ ရေရွတ်နေလေသည်။ “ညီအစ်ကို ငါမင်းကို သတင်းကောင်းပြောပြမလို့လေ .. မင်းက ဘာတွေ အလုပ်ရှုပ်နေတာလဲ.. မင်း ဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ … အခု ငါ့သတင်းတွေက တော်တော်လေး ပေါက်နေပြီ..”
ချူဖုန်းအတွက်ကတော့ ဤသည်မှာ ပျော်စရာမဟုတ်။ ကြောက်စရာသာ။
ကျန်းလော့ရှန်း သူ့ကို သံသယဖြင့် ကြည့်လာပြီး “ရှင်ဘာလို့ ဖုန်းကို မြန်မြန်ချပစ်နေတာလဲ .. ဘာလို့ ဖုန်းမကိုင်တာလဲ..”
အပိုင်း ၁၁၂ ပြီး၏။