Switch Mode

Chapter – 111

ဖော်ထုတ်ခံလိုက်ရခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၁ – ဖော်ထုတ်ခံလိုက်ရခြင်း

“အခုတလော ငါ.. နေမကောင်းတော့ အနားယူနေရတာ” ချူဖုန်း ပြောလိုက်သည်။

ကျန်းလော့ရှန်းသည် ထိုင်ခုံနောက်မှီကို မှီထားပြီး ဖြူသွယ်သည့်ခြေထောက်တစ်စုံကို သစ်သားစားပွဲပေါ်၌ တင်ထားလေ၏။ လေထုမှာ ဆွဲဆောင်မှုများနှင့် ပြည့်နှက်နေသည်။

သူမသည် ဂုဏ်သိက္ခာကို အလေးထားသည့်မိသားစုတွင် ကြီးပြင်းလာခဲ့ရသော်လည်း သူမသည် အမြဲတမ်း တိတ်တဆိတ် သောက်စားပျော်ပါးသည့်ဘဝသာ နေခဲ့သည်။ သူမသည် ပုန်ကန်တတ်သည့်သူများဖြစ်သောကြောင့် ‘နိုင်ငံ့နတ်ဘုရား’ ဖြစ်လာကာ မင်းသမီးတစ်ဦးဖြစ်လာခြင်းပင်။

သူမ လူရှေ့ထွက်သည်ကို သူမ မိသားစုမှ အမြဲတမ်းဆန့်ကျင်နေခဲ့သော်လည်း သူတို့ဘာတွေးနေမည်ကို သူမ ဂရုမစိုက်။

သူမ ဖိတ်ခေါ်သည်ကို ငြင်းသည့်သူများမှာ မရှိသလောက်ကို ရှားလှသည်။ သူမနှင့်အတူ ညစာစားရန် ဖိတ်ခေါ်ခံရခြင်းမှာ လူပေါင်းများစွာ ရူးရူးသွပ်သွပ် လိုချင်နေသည့်အရာတစ်ခုပင်။

“ကျွန်မမှာ ဆေးဖော်စပ်နည်းအသစ်တစ်ခုရှိတယ် .. အဲဒီဆေးက ရောဂါမျိုးစုံကို ကုနိုင်တဲ့အပြင် ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလည်း တိုးတက်စေနိုင်တယ် .. ရှင့်ခန္ဓာကိုယ် ပိုကြံ့ခိုင်လာပြီးတော့ ရောဂါတွေကို ခုခံလာနိုင်လိမ့်မယ် .. အဲဒီဆေးက ရှင့်ကို ကူညီရင်ကူညီနိုင်လိမ့်မယ်”

ကျန်းလော့ရှန်းအသံမှာ နူးညံ့ညင်သာပြီး နားထောင်ကောင်းလှသည်။ ဤသည်မှာ သူ ချူဖုန်းကို နောက်ဆုံးအကြိမ် ခေါ်ကြည့်ခြင်းပင်။ သူမသာ အောင်မြင်သွားလျှင် ဤလူနှင့်ပတ်သက်သည့် အမှန်တရားကို ရှာဖွေနိုင်လိမ့်မည်။ ဤလျှို့ဝှက်ချက်ကို သူမ သိချင်လွန်းလှလေပြီ။

သို့သော် သူမ တည်ငြိမ်အေးချမ်းနေသည်တော့မဟုတ်။ သူ ပြောလာမည့်စကားကို သိချင်လွန်းလှသောကြောင့် သူမ အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။

ပထမတစ်ခါ အငြင်းခံရပြီး နောက်တစ်ခေါက် ထပ်မေးခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ပင်။

ချူဖုန်း၏ ရှောင်ဖယ်နေမှုကြောင့် နိုင်ငံ့နတ်ဘုရားမသည် သူမကိုယ်သူမပင် မေးခွန်းပြန်ထုတ်လိုက်ရသည်။ “ငါ့ဆွဲဆောင်မှုတွေ မရှိတော့တာလား .. ငါ့အလှတရားအောက်မှာ သူဘာလို့ အညံ့မခံသေးတာလဲ..”

“ငါ့ရောဂါကို ကုဖို့အတွက် ဆေးမရှိဘူး .. ဒါက ထူးဆန်းတဲ့မြေကြီးတွေနဲ့မှ ပျောက်နိုင်တဲ့ ရောဂါမျိုး .. ကံဆိုးစွာနဲ့ ငါအရင်ကစုထားတဲ့မြေကြီးတွေအားလုံးကုန်သွားပြီ .. ငါ့မှာ မရှိတော့ဘူး” ချူဖုန်း ပြောလိုက်သည်။

“ဘယ်လိုရောဂါမျိုးက ထူးဆန်းတဲ့မြေကြီးကို လိုတာလဲ..” ကျန်းလော့ရှန်း သံသယဝင်သွားရသည်။

ရုတ်တရက် သူမမျက်ဝန်း တောက်ပသွားပြီး ဤကောင် လျှောက်ပြောနေမှန်း သိလိုက်ရသည်။

“လွယ်ပါတယ် .. ကျွန်မဆီမှာ ထူးဆန်းတဲ့မြေကြီးတွေ အများကြီးပဲ .. ရှင်ကျွန်မကို တွေ့ဖို့သဘောတူရင် ကျွန်မရှင့်ကို နည်းနည်း ယူလာပေးမယ်” သူမ ပြောလိုက်သည်။

ချူဖုန်း သူမထံမှ ထူးဆန်းသည့်မြေကြီးများ တကယ်လိုချင်နေသည်မဟုတ်။ ဤအမျိုးသမီး မည်မျှစိတ်အားထက်သန်နေသည်ကို သူ စမ်းသပ်ကြည့်ခြင်းသာ။

သူမ သဘောတူလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူမ အားလုံးကိုသိချင်နေသည်မှာ သိသာလှသည်ပင်။

နောက်ဆုံးတွင်တော့ သူမ၏ဖိတ်ခေါ်မှုကို သူ လက်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် ကြောက်စရာဘာမှမရှိ။

“ကောင်းပြီလေ .. မကြာခင် ရှင်နဲ့တွေ့တာပေါ့..” ကျန်းလော့ရှန်း သူ့ကို လိပ်စာတစ်ခုပေးပြီး ဖုန်း မြန်မြန်ချသွားလေသည်။

“ကျွန်မကို သဲနည်းနည်းရှာပြီး အိတ်ကောင်းကောင်းလေးထဲ ထည့်ပေးပါဦး .. သဲက ကီလိုဝက်ထက် နည်းလည်းမနည်းစေနဲ့၊ များလည်းမများစေနဲ့..” ကျင်းလော့ရှန်း သူမ လက်ထောက်ကို ပြောလိုက်သည်။

ထို့နောက် သူမ ရှုချန်းယုကို ဖုန်းခေါ်လိုက်ပြီး “ဒီနေ့ည အစားအသောက်ကောင်းကောင်းလေး စားချင်လား .. မြန်မြန် အဆင်သင့်လုပ်ထား .. ငါတို့ နေရာမှာ ဆုံကြမယ်”

သူမဖိတ်ခေါ်မှုမှာ ရှားချန်းယုကို အလွန်ပျော်ရွှင်သွားစေခဲ့သည်ပင်။ သူမသည် ဖုန်းချပြီးသည်နှင့် ချက်ချင်းပင် အသင့်ပြင်လိုက်သည်။

အပြင်မထွက်ခင် ချူဖုန်း ပန်းအိုးကို တစ်ချက်ကြည့်လိုက်သည်။ သူ ထူးဆန်းသည့်မြေကြီး လေးကီလိုဂရမ် ထည့်ပြီးသွားပြီဖြစ်သော်လည်း အပင်ပေါက်မလာသေး။

“ထူးဆန်းတဲ့ မြေကြီးတွေ ထပ်လိုဦးမယ်ထင်တယ်.. သူ ငါ့အတွက် မြေကြီးယူလာပေးလောက်လား .. မယူလောက်ပါဘူး..” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။

သူမသည် ထက်မြက်သည့်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ ရည်ရွယ်ချက်လည်း ရှင်းလင်းလှသည်။ သူ့ကို ထူးဆန်းသည့်မြေကြီးပေးမည်ဆိုသည်မှာလည်း သူ ထွက်လာအောင်ခေါ်သည့် ငါးစာသာ။

လမ်းများမှာ နီယွမ်မီးများဖြင့် လင်းလက်တောက်ပနေသည်။ ရွှမ်းထျန်မြို့မှာ ငြိမ်းချမ်းဆဲဖြစ်ပြီး မိုးမျှော်တိုက်များဖြင့် ည၏အလှတရားကို ပုံဖော်နေသည်။

သို့သော် မြို့ရိုးအပြင်ဘက်တွင်တော့ မီတာပေါင်းများစွာရှည်သည့် ငှက်များသည် ညအမှောင်ကောင်းကင်ယံ၌ လှည့်ပတ်သွားလာနေကြသည်ပင်။

တောရိုင်းနှင့် မြို့ပြတွင် နံရံတစ်ခုသာ ခြားနားထားသည်။

“သူလား..”

ကြော်ငြာဆိုင်းဘုတ်တွင် လင်းမိသားစု၏ ချွေးမ ရှုဝမ်ယိကို သူ မြင်လိုက်ခြင်းပင်။

“ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း..”

ဤသည်မှာ ဇာတ်ကားနာမည်ပင်ဖြစ်ပြီး ဤကြော်ငြာဆိုင်းဘုတ်သည်လည်း ဇာတ်ကားကို ကြေငြာထားခြင်းပင်။ ထိုပိုစတာတွင် ရှုဝမ်ယိ၏မျက်နှာကို အနီးကပ်ရိုက်ထားသောကြောင့် သူမ၏အလှအပကို အသေးစိတ်မြင်နေရသည်။

ဤအမျိုးသမီးအပေါ်ထားရှိသည့် ချူဖုန်း၏ အမုန်းတရားမှာ အမြင့်ဆုံးထိ ရောက်နေပြီဖြစ်သည်။ သူမသည် သူ့ကို သတ်ရန် မနားမနေကြိုးစားနေခဲ့သည့်အပြင် သူ့မိဘများကို အသက်ရန်ရှာသည်အထိ လွန်လွန်ကျူးကျူးလုပ်ခဲ့သည်။ သူသာ ရွှမ်းထျန်မြို့သို့ အချိန်မှီပြန်ရောက်မလာလျှင် မည်ကဲ့သို့ဖြစ်သွားမည်ကို တွေးပင်မတွေးရဲ။

“ဒီဇာတ်ကားမှာ သူက ဇာတ်ဆောင်မင်းသမီးလား..” ချူဖုန်း ပိုစတာကို စိုက်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဤ ‘ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း’ ဇာတ်ကားကို ပြသတော့မည်ထင်သည်။

“ဝိုး .. သူက အရမ်းလှတာပဲ..” သူ့ဘေးမှ ကောင်လေးတစ်ဦး ရေရွတ်လိုက်သည်။

“မလှပါဘူး .. ငါ့အတွက်တော့သူက မြေခွေးမနဲ့တူတယ်..” မိန်းကလေးငယ်လေးတစ်ဦး ပြောလိုက်သည်။

“ဟား ဟား .. မင်းပြောတာမှန်တယ်” ချူဖုန်း ထိုမိန်းကလေးကို ပြောလိုက်သည်။

လမ်းမတစ်လျှောက်ကြည့်လိုက်သည့်အချိန်တွင် တစ်မြို့လုံး၌ ဤရုပ်ရှင်ပိုစတာများ ပြည့်နှက်နေကြောင်း သူတွေ့လိုက်ရသည်။ သရုပ်ဆောင်များတွင် နိုင်ငံတွင်းမှ နာမည်အကြီးဆုံးကြယ်ပွင့်အချို့ပါဝင်သည်ပင်။ ပိုစတာကိုကြည့်ပြီး ချူဖုန်းပို၍ မသက်မသာခံစားလာရသည်။ “နွားနတ်ဆိုးသူတော်စင်” ဇာတ်ကားလည်း ထုတ်လွှင့်တော့မည်ဖြစ်သည်။ သူတို့ဇာတ်ကားနှင့် ပုံစံတူသည့် ဤ “ကမ္ဘာပျက်ကပ်ထွက်ပေါ်လာခြင်း” ဇာတ်ကားမှာ သူတို့၏အဓိကပြိုင်ဘက် ဖြစ်လာမည်ပင်။

သူမ၏ပြိုင်ဘက်ရုပ်ရှင်ထဲ၌ သူ ဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားကြောင်းသိလျှင် သူမ မည်ကဲ့သို့ဖြစ်သွားမည်ကို သူသိချင်မိသည်။ “သူ အူနှိပ်ပြီးတော့ ရယ်နေမယ်ထင်တယ်..” ချူဖုန်း ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ “ချီးပဲ ကျိုးရိထျန်း..”

လမ်းမထက်တွင် “နွားနတ်ဆိုးသူတော်စင်”ကို ကြော်ငြာထားသည့် ပိုစတာတစ်ခုမှမရှိ။ ဤကဲ့သို့ ကြော်ငြာမရှိခြင်းမှာ ဇာတ်ကားအတွက် ကောင်းမည်မဟုတ်။ ကျိုးရိထျန်းက သူ့ပြိုင်ဘက်တွေကို ဒီလိုမျိုး ရိုက်ချမှာလား..

“ကြည့်လိုက်ဦး .. ဟိုမှာ စိတ်ဝင်စားစရာတစ်ခုခု ရှိနေတယ်..”

“ဘာဖြစ်လို့လဲ..”

“အဲဒီမှာ အရမ်းကို ထူးခြားတဲ့ ကြော်ငြာပိုစတာတစ်ခု တွေ့ခဲ့တယ်..”

ထိုစကား ကြားလိုက်သည်နှင့် လူများစုဝေးနေသည့်နေရာသို့ ချူဖုန်း ကြည့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ အံ့အားသင့်သွားရသည်။

ပုံမှန်ဆိုလျှင် ရုပ်ရှင်ပိုစတာတစ်ခု၌ ရုပ်ချောသည့် ကောင်လေး၊ ကောင်မလေးများ ရှိနေမည်ပင်။

သို့သော် ဤပိုစတာကတော့မတူ။ ပိုစတာထက်မှ အမျိုးသားတွင် ကတုံးဆံတောက်ကေနှင့် အသားအရေလည်း ဥဿဖရားကျောက်ကဲ့သို့ ဝါဝင်းနေသည်။ သူသည် မချော။ သာမန်အမျိုးသားထက် အနည်းငယ် ပိုကြည့်ကောင်းရုံသာ။ သူသည် တောဝက်ရိုင်းတစ်ကောင်ကို ဖိနင်းထားသည်ပင်။

“ဘုရားရေ .. ဒီဇာတ်ကားနာမည်က ‘အလှလေးနဲ့သားရဲ’ ဖြစ်မှာ သေချာတယ် .. ဒါပေမဲ့ ဒီလူက ဘယ်သူလဲ .. သူက အလှလေးလား ဒါမှမဟုတ် သားရဲလား..”

“ဓာတ်ပုံအောက်မှာ စာရှိတယ် .. ဖတ်ကြည့်လိုက်လေ..”

“ရို့ .. ဟိုကိုကြည့်လိုက် .. စခရင်ကိုကြည့်လိုက် .. အဲဒီမှာ ဗီဒီယိုတစ်ပုဒ် ပြနေတယ်.. သူ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ကြည့်ကြည့်လိုက်..”

စခရင်ထက်၌ ဓာတ်ပုံများစွာ တစ်တန်းလိုက်ကြီး ထွက်ပေါ်လာသည်။ တောဝက်ကြီးတစ်ကောင်သည် သံချပ်ကာကားတစ်စီးကို ဝင်တိုက်ပစ်လိုက်သည်နှင့် ထိုကားကြီး ချက်ချင်း တစ်စစီဖြစ်သွားသည်။ ထိုတောဝက်ကြီး မြေပေါ် ခြေစောင့်နင်းလိုက်သည်နှင့် မြေပြင်ကြီး အက်ကွဲသွားပြီး တောအုပ်ကြီး တုန်ခါသွားသည်။ ထို့အပြင် သူ့အစွယ်များ၌ သေသွားသည့် သန္ဓေပြောင်းလူသားများ၏ အလောင်းများလည်း တိုးလို့တွဲလောင်း ရှိနေသည်။

“ဒါတွေက အပြင်မှာ တကယ်ဖြစ်ခဲ့တာလား..” လူများ ဆွံ့အနေကြရသည်။

အဘယ်ကြောင့်ဆိုသော် ဤဓာတ်ပုံများအောက်တွင် စာတန်းတစ်တန်းရှိနေသည်ပင်။ “တိုင်းဟန်တောင်မှ တိုက်ပွဲမှတ်တမ်”

“လန့်စရာကောင်းလိုက်တာ..”

ကြည့်နေကြသည့်သူများအားလုံး ကျောချမ်းသွားရသည်။

ထို့နောက် စခရင်ထက်၌ အခြားမြင်ကွင်းတစ်ခု ပေါ်လာသည်။ ပိုစတာထဲမှ အမျိုးသားပေါ်လာကာ သူသည် ထိုတောဝက်ကြီးအောက်မှ ရုန်းထွက်လိုက်ပြီး တောဝက်ကြီးအား သူ့အောက်ဖိထားလိုက်သည်။

“ဒါက နည်းနည်းမှားနေသလိုပဲ..” လူအုပ်ထဲမှ တစ်စုံတစ်ဦး ရေရွတ်လိုက်သည်။

“ဟုတ်တယ် .. ခဏ .. သူတို့က ငါတို့ကို ဒါပဲ ပြမှာလား .. ဘာထပ်ဖြစ်မှာလဲ ငါသိချင်သေးတယ်..”

“ကြည့်လိုက် .. ရှိသေးတယ်..”

အနက်ရောင်နောက်ခံပေါ်၌ ရေးထားသည့် စာတန်းတစ်တန်း ပေါ်လာသည်။ “တိုက်ပွဲအစစ်မှတ်တမ် .. အဲဒီလူက ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့ သန္ဓေပြောင်းလူသား မိုးကြိုးပဲ .. မိုးကြိုးကို လက်မထောင်ပေးကြပါ .. အဲဒီနေ့က သူ သားရဲတွေအများကြီးကို သတ်ခဲ့တယ်”

ဤသည်မှာ လူအုပ်ကြီးကို ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။ ပိရမစ်ထိပ်ဆုံး၌ ရှိနေသည့် သန္ဓေပြောင်းလူလေးဦးထဲတွင် သူတို့ ငွေတောင်ပံကိုသာ ရင်းနှီးကြသည်။ ယခု မိုးကြိုး ရုတ်တရက်ပေါ်လာသည့်အချိန် အားလုံး စိတ်လှုပ်ရှားသွားကြလေသည်။

“အင်တာနက်ကို မြန်မြန်ကြည့်လိုက်ကြ..”

“ဘာဖြစ်လို့လဲ..”

လူတွေက မိုးကြိုး ဝက်စီးတာကို လက်မတွေ ပေးနေကြပြီ..”

..

ချူဖုန်း ဆွံ့အသွားရသည်။ အစောပိုင်းကမှ ရုပ်ရှင်ကို မကြော်ငြာဘူးဟု သူ ပြောခဲ့ခြင်းပင်။

တစ်ခုခုကတော့ နည်းနည်း ‘ညှီနံ့’ နံနေပြီဖြစ်သည်။ ပိုစတာများနှင့် စခရင်များတွင် မိုးကြိုးကို ကြော်ငြာနေသော်လည်း အင်တာနက်တွင်တော့ ထိုသို့မဟုတ်။ အင်တာနက်တွင် မိုးကြိုးနာမည်ကို ရှာလိုက်သည်နှင့် ထိပ်ဆုံး၌ ပေါ်လာသည်မှာ ‘မိုးကြိုး: ဒဏ္ဍာရီလာဝက်စီးနင်းသူ’ ဟူသည့် ခေါင်းစဉ်နှင့် ဆောင်းပါးများပင်။ ကျိုးရိထျန်း လုပ်ထားတာလား..

သာမန်လူများအတွက်တော့ ‘ထိပ်တန်းလေးဦး’မှာ ကမ္ဘာမြေပေါ်မှ နတ်ဘုရားများပင်။

“ဝက်စီးနင်းသူ” ဟူသည့်စာလုံးကို ရှာသည့်အရေအတွက်မှာ စံချိန်ကို ချိုးဖျက်သွားသည်အထိ မြင့်တက်သွားသည်။

ကြော်ငြာဗီဒီယိုထွက်လာသည်မှာ မိနစ်ပိုင်းသာ ရှိသေးသော်လည်း ဤအကြောင်းအရာမှာ အင်တာနက်ပေါ်၌ လူပြောအများဆုံး ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

လမ်းမထက်၌ လူများလည်း ဤအကြောင်းကို ဆွေးနွေးနေကြသည်။ နေ့စဉ်ဘဝကို အင်တာနက် လွှမ်းမိုးနေသည့်ခေတ်တွင် သတင်းစကားများမှာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

မိုးကြိုးကျေးဇူးနှင့် ‘နွားနတ်ဆိုးသူတော်စင်’ ဇာတ်ကား နာမည်နည်းနည်းရလာသည်။

“ဒီဇာတ်ကားက မျိုးဆက် တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းမယ့် အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်လိမ့်မယ်လို့ ငါခံစားရတယ် .. ငါ ဒီဇာတ်ကားကို ကြည့်ကိုကြည့်ရမယ်”

“ဒါပေါ့ .. ဘယ်သူ သရုပ်ဆောင်ထားလဲ ကြည့်လိုက်လေ .. ငါတို့ရဲ့ ဒဏ္ဍာရီလာ တိုက်ခိုက်ရေးသမားကြီး မိုးကြိုးလေ .. ပြီးတော့ ငါကြားတာတော့ ဒီဇာတ်ကားထဲမှာ ပါတဲ့ဇာတ်ဝင်ခန်းတွေက တကယ့်တိုက်ပွဲတွေကို မှတ်တမ်းတင်ထားတဲ့ဟာတွေတဲ့ .. ငါ တိုက်ပွဲအစစ်ရဲ့ ရက်စက်ကြမ်းတမ်းမှုတွေကို ခံစားကြည့်ချင်တယ် .. ငါတို့လူသားတွေရဲ့ ရဲရင့်မှုတွေကို အံ့အားသင့်ချင်တယ်..”

“ပိရမစ်ထိပ်မှ လေးဦး” ဆိုသည်မှာ အင်တာနက်အသုံးပြုသူများ တီထွင်ထားသည့်စကားလုံးပင်။

ထိုက်ကျိဆရာနှင့် ဂျိဒ်ကျောင်းမှလူများမှာ ပို၍စွမ်းအားကြီးသည်ကို သူတို့သိသော်လည်း ‘ထိပ်တန်းလေးဦး’ ဟု ခေါ်ရသည်ကို သူတို့ အကျင့်ဖြစ်သွားကြပြီဖြစ်သည်။

ကျန်းလော့ရှန်း တွေ့ရန်ချိန်းထားသည့်နေရာမှာ ချူဖုန်း နေသည့်နေရာနှင့်သိပ်မဝေးသောကြောင့် သူ ဆယ်မိနစ်ခန့် လမ်းလျှောက်သည်နှင့် ရောက်သွားသည်။ စားပွဲထိုးအမျိုးသမီးနောက် လိုက်လာကာ စားပွဲတစ်ခုသို့ သူ ရောက်လာသည်။

“ဟင် .. ဒီနှာဗူးကောင်က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ..” ရှားချန်းယု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဟေး ကောင်မလေး .. စကားကို သတိထားပြောနော် .. အဲဒီလို ထပ်စွပ်စွဲလို့ကတော့ မင်းကိုပုခုံးပေါ် ကောက်တင်ပြီး ငါ့အိမ်ကို ခေါ်သွားလိုက်မှာ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

“လော့ရှန်း .. နင်ပြောတာ ဒီည ငါတို့စိတ်ကြိုက် စားသောက်ကြမှာဆို .. ဒီနှာဗူးကောင်လည်း ငါတို့နဲ့အတူတူ ရှိမှာကို ဘာလို့ငါ့ကို ကြိုမပြောတာလဲ..”

“အရင်တစ်ခေါက်တုန်းက ငါတို့ကြားမှာ မကောင်းတဲ့အဖြစ်အပျက်တစ်ချို့ ဖြစ်ခဲ့တယ် .. ဒါပေမဲ့ ဒီတစ်ခေါက်တော့ အရသာရှိတဲ့ဝိုင်တွေသောက်ပြီးတော့ ငါတို့ကြားက ရန်ငြိုးတွေကို ချေလိုက်ကြရအောင်” ကျန်းလော့ရှန်း ပြုံ၍ ပြောလိုက်သည်။

နိုင်ငံ့နတ်ဘုရားမဖြစ်သောကြောင့် သူမနှင့် ပတ်သက်သည့်အရာတိုင်းမှာ နှစ်လိုဖွယ်ကောင်းလှသည်။

ထို့ကြောင့် ရှားချန်းယုသည် ကျန်းလော့ရှန်းနှင့် ရင်းနှီးသည့်သူငယ်ချင်းဖြစ်စေကာမူ ကျန်းလော့ရှန်းထံမှ ထုတ်လွှတ်နေသည့်ဖိအားများကို ခံစားနေရဆဲပင်။

ကျန်းလော့ရှန်းသည် ခုံမှထလိုက်သည်။ သူမ လက်ထဲ၌ ကောင်းမွန်လှသည့်အိတ်တစ်လုံး ရှိနေသည်။ သူမ ချူဖုန်းအား ထိုအိတ်ကမ်းပေးရန် ပြင်လိုက်သည်။

ချူဖုန်း လက်ဆန့်တန်းလာမည့်အချိန်ကို သူမ စောင့်ဆိုင်းနေလိုက်သည်။ ထိုသို့ဆိုလျှင် သူ့လက်၌ ဒဏ်ရာရှိမရှိကို သူမ မြင်နိုင်လိမ့်မည်။ တိုက်ပွဲပြီးသွားသည်မှာ သုံးရက်သာ ရှိသေးသောကြောင့် သူသာ ဝံပုလွေသတ်ဖြတ်သူဆိုလျှင် ဒဏ်ရာများ ဤမျှမြန်မြန် ပျောက်ကင်းသွားမည်မဟုတ်။

ခွဲစိတ်ကျွမ်းကျင်သည့်သူများကို သူမ မေးပြီးသွားပြီဖြစ်သည်။ သူတို့အားလုံးထံမှ တူညီသည့်အဖြေတစ်ခုသာ ထွက်လာသည်။ ဤလူ၏ဒဏ်ရာများမှာ ရက်အနည်းငယ်အတွင်း ပျောက်မည်မဟုတ်။

ပျောက်သွားလျှင်ပင် အမာရွတ်များ ကျန်နေခဲ့ဦးမည်။

ကျန်းလော့ရှန်းသည် ထိုအိတ်ကို စားပွဲပေါ် သာမန်အတိုင်း တင်လိုက်သည်။ “ဒီထဲမှာ ထူးခြားတဲ့မြေကြီးရှိတယ် .. ရှင်ပြန်ရင် ယူသွားဖို့မမေ့နဲ့”

ချူဖုန်း အိတ်ကို ချက်ချင်း လှမ်းမယူသလို သူလည်း ကမ်းပေး၍မရ။ အဘယ်ကြောင့်ဆိုသော် ဤအိတ်ထဲ၌ သဲများသာ ရှိနေသည်ပင်။

“အရင်တစ်ခေါက်တုန်းက ကျွန်မတို့ ရှင့်ကို ရိုင်းပြမိသွားတယ် .. ကျွန်မတို့ နှစ်ယောက်လုံး မှားသွားတယ်” ကျန်းလော့ရှန်း ပြောလိုက်သည်။

“ငါ မမှားဘူး..” ရှားချန်းယု စိတ်တိုသည့်အသံဖြင့် ပြောလိုက်သည်။

“အဲဒီကိစ္စကို ထားလိုက်ပါတော့ .. အခု တစ်ယောက်ကိုတစ်ယောက် ရင်းနှီးအောင် လုပ်ကြတာပေါ့..” ကျန်းလော့ရှန်း ပြောလိုက်သည်။ သူမ နှုတ်ခမ်းများ နီရဲနေပြီး မျက်လုံးများလည်း ဆွဲဆောင်မှုရှိစွာ တောက်ပနေသည်။ သူမ လက်ဆန့်ထုတ်လိုက်ပြီး ချူဖုန်းကို လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သည်။ သူမသည် တကယ်ကို ‘တစ်ယောက်အကြောင်းတစ်ယောက် သိချင်နေသည့်ပုံ’ ပေါက်နေသည်ပင်။

တကယ်တမ်းတွင် သူမထံတွင် ချူဖုန်းလက်ကို မြင်နိုင်မည့် လှည့်ကွက်များ ရှိနေသေးသည်ပင်။ သူ လက်ဆန့်ထုတ်လာသည်နှင့် သူမ လက်ကို ချက်ချင်းပြန်ရုတ်လိုက်မည်။

ချူဖုန်းလည်း သူ့လက်ကို မြှောက်လိုက်သည်။

ကျန်းလော့ရှန်း အနည်းငယ် ထိတ်လန့်သွားရသည်။ သူမ ခန့်မှန်းတာ မှားသွားပြီလား .. သူ့လက်မှာ ခြစ်ရာတစ်ခုတောင် ရှိမနေဘူး..

သူမ လက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး ထွက်သွားရန် အကြောင်းပြချက်ရှာလိုက်သည်။

သို့သော် ချူဖုန်း၏လှုပ်ရှားမှုများမှာ နှေးကွေးသည်ဟု ထင်ရသော်လည်း သူသည် သွယ်လျသည့်လက်ချောင်းများကို ဆုတ်ကိုင်လိုက်ကာ “မင်းပြောတာမှန်တယ် .. ငါတို့ အဲဒီကိစ္စကို ထားလိုက်ကြတာပေါ့..”

ရှားချန်းယုမှာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။ “ဟေး လော့ရှန်း .. နင်ပြောတာ ဘယ်တော့မှ ဒီနှာဗူးကောင် အခွင့်အရေးယူတာကို ခံမှာမဟုတ်ဘူးဆို .. ဘာလို့ သူ့ကို လက်ဆွဲနှုတ်ဆက်နေတာလဲ..”

သူမ သူငယ်ချင်းကို စိုးရိမ်လာသည်။ သူမအတွက်တော့ ကျန်းလော့ရှန်းမှာ မီးနှင့်ဆော့နေခြင်းပင်။

“ငါ့လက်က ဒဏ်ရာရနေတာ .. မင်းစိုးရိမ်တာကို ငါနားလည်တယ် .. ဒါပေမဲ့ ငါ့လက်က ဘာမှမခံစားရဘူး .. ထုံထုံကြီးဖြစ်နေတာ..” ချူဖုန်း ကျန်းလော့ရှန်း အထင်လွဲသွားအောင် ရှားချန်းယုကို ဤကဲ့သို့ ပြောလိုက်သည်။

“တကယ်လား..” ကျန်းလော့ရှန်း အကြည့်တို့ ပြောင်းလဲသွားသည်။ သူမ အမှန်တရားကို ထုတ်ဖော်နိုင်တော့မည်ဟု သူမ ခံစားလိုက်ရသည်။

သူမ လက်မလွတ်ပဲ ချူဖုန်း၏လက်ကို သေချာကြည့်လိုက်သည်။

“ငါ ဘာဒဏ်ရာမှမတွေ့ပါဘူး..” ချူဖုန်း၏လက်မှာ ကြည်လင်တောက်ပနေပြီး အသားအရေလည်း သူမနီးပါး ကောင်းလှသည်။

ကျန်းလော့ရှန်း လက်ကို မြန်မြန်လွှတ်လိုက်ကာ လက်ပြန်ရုတ်လိုက်သည်။ ထိုအခါမှသာ သူမ ဤကောင်၏အခွင့်အရေးယူခြင်းကို ထပ်ခံလိုက်ရကြောင်း သူမ သိလိုက်သည်။

“မစ္စတာချူး .. ကျွန်မကြားတာတော့ ရှင်နဲ့ လင်းနွိုင်က ကောလိပ်မှာ အတန်းဖော်တွေဆို ဟုတ်လား..” အားလုံး ထိုင်ပြီးလိုက်သည့်အချိန် ကျန်းလော့ရှန်း မေးလိုက်သည်။

ဘောဓိမျိုးရိုးဗီဇမှ သူ့အကြောင်း စုံစမ်းနေပြီဖြစ်ကြောင်း ချူဖုန်း သိလိုက်သည်။ သူမ သူ့အကြောင်း အရမ်းသိချင်နေသည်မှာ မဆန်းတော့။

“ဟုတ်တယ်..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

လေထုမှာ အတော်‌လေး သာယာနေသည်။ မနှစ်မြို့ဖွယ် အဖြစ်အပျက်များမရှိ။

“အိုးမိုင်ဂေါ့ .. တစ်ယောက်ယောက် နင့်အကြောင်း တင်နေတယ်..” ရှားချန်းယု ရုတ်တရက် ထအော်လိုက်သည်။

သူမ ဖုန်းကို ကျန်းလော့ရှန်းထံ ကမ်းပေးလိုက်ပြီး သတင်းကို ပြလိုက်သည်။

တစ်ယောက်ယောက်မှ မီဒီယာကို ဓာတ်ပုံတစ်ပုံ ပို့ခဲ့သည်။ ဓာတ်ပုံမှာ ကျန်းလော့ရှန်းနှင့် နွားနတ်ဘုရားတို့ တိုင်းဟန်တောင်၌ ပုခုံးချင်းယှဉ်ရပ်ပြီး စကားပြောနေသည့်ပုံပင်။ ဓာတ်ပုံထဲ၌ ကျန်းလော့ရှန်း၏အပြုံးများမှာ ပွင့်ဖူးလာသည့်ပန်းပွင့်ကဲ့သို့ လှပလှသည်။ သူတို့နှစ်ဦးမှာ အတော်လေး ရင်းရင်းနှီးနှီး စကားပြောနေကြသည်ပင်။

ထိုဓာတ်ပုံကို မှတ်ချက်တစ်ခုနှင့်အတူ တင်ထားခဲ့ခြင်းပင်။ ‘ကျန်းလော့ရှန်းနဲ့ နွားနတ်ဘုရားကြားမှာ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ် .. စောင့်ကြည့်နေကြပါ..”

အောက်ဘက်တွင်တော့ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ ရှိနေသည်။

“ဘာ .. ဒါက ဘာကိုဆိုလိုတာလဲ … ဘာလျှို့ဝှက်ချက်လဲ..”

“အာ ငါမှတ်မိပြီ .. ဝမ်ဒယ်ညနေခင်းသတင်းစာက ဒီအကြောင်းကို အရင်က သတင်းထုတ်ပြန်ဖူးတယ်လေ .. ‘နှစ်ညသုံးရက်: ကျန်းလော့ရှန်းနှင့် နွားနတ်ဘုရားကြားမှ လျှို့ဝှက်ချက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့လေ .. အိုးမိုင်ဂေါ့ .. ဒါက တကယ်ကြီးလား..”

မှတ်ချက်များကို ဖတ်ပြီး ကျန်းလော့ရှန်း၏မျက်နှာ မည်းမှောင်လာလေပြီ။

အပိုင်း ၁၁၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset