ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၁၀ – ပေါက်ကွဲလွယ်သည့်ခေတ်
နာမည်ကြီးတောင်ခုနှစ်တောင်လုံးမှာ ပိုင်ရှင်ရှိသွားလေပြီ။ ဤအဖြစ်အပျက်မှာ ပြည်တွင်းမှလူများကိုသာမက ပြည်ပမှလူများကိုပါ ထိတ်လန့်သွားစေခဲ့သည်။
ဤသည်မှာ လူသားမျိုးနွယ်စုအတွက် ကြီးမားလှသည့် အကျိုးသက်ရောက်မှုကြီး ဖြစ်စေသည်။
ကမ္ဘာကြီး၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်မှာ မကြာသေးသော်လည်း ယခုတော့ အရာအားလုံး မတူညီတော့။ ယခင်ဘဝနှင့်ယှဉ်လျှင် အတော်လေး ပြောင်းလဲသွားလေပြီ။
ခေတ်ဟောင်းကို ခေတ်သစ်က အစားထိုးသွားပြီဆိုတော့ ဒီခေတ်မှာ ဘယ်လိုသမိုင်းကြောင်းမျိုး ပေါ်ထွက်လာမှာလဲ..
“ရွှေရောင်ဂဠုန်ကြီးတစ်ကောင် ပေါ်လာပြီးတော့ ဟွားတောင်မှာ ဂိုဏ်းတစ်ဂိုဏ်းထောင်လိုက်တယ် .. ဒါက တကယ်ကို ဒဏ္ဍာရီထဲက အတိုင်းပဲ .. သူ ရှေးခေတ်ကနေ ပြန်ရောက်လာတာလား..”
“သာ့လင်ကျောင်းက လူဝံအိုကြီးရယ်၊ ရှုတောင်က ဓားကျောင်းက ကြိုးကြာဖြူရယ်၊ ခုန်းထုန်တောင်က ကုန်းလိပ်ရယ်၊ ဟွားတောင်က ရွှေရောင်ဂဠုန်ကြီးတို့က မျိုးစိတ်အားလုံးက တပည့်တွေကို လက်ခံနေတယ်တဲ့ .. တကယ် ပြောမပြနိုင်လောက်အောင် အံ့ဩစရာကောင်းတဲ့ကိစ္စကြီးပဲ..”
သားရဲများ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများဖြစ်လာမည့်အခြေအနေကို တွေးပင်မတွေးရဲ။ သူတို့ လက်မခံနိုင်ဖြစ်နေကြသော်လည်း ဤသည်မှာအမှန်တရား ဖြစ်နေသည်။
“တစ်နေ့ သားရဲတွေနဲ့ ငှက်တွေက လူတွေလိုမျိုး အသိဉာဏ်ရှိလာရင် ငါတို့မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတော့မှာ – လိုက်လျောညီထွေဖြစ်အောင် နေမလား၊ ပြောင်းလဲလိုက်မလားပဲရှိတာ..” ဇီဝဗေဒပညာရှင်တစ်ဦး ပြောလိုက်သည်။
ဤကိစ္စသည် နေရာတိုင်းမှ လူများအား ရိုက်ခတ်သွားခဲ့သည်။
“အသက်တွေအားလုံးက အတူတူပဲ .. ငါတို့တွေ လူမျိုးစုတိုင်းနဲ့ အေးအေးချမ်းချမ်း ယှဉ်တွဲနေထိုင်ချင်တယ်..” လူဝံအိုကြီးသည် တာအိုရရှိထားသည့်ဘုန်းကြီးတစ်ပါးကဲ့သို့ နှစ်ထောင်ချီသက်တမ်းရှိသည့် ဘုရားကျောင်းတစ်ခုရှေ့ မတ်တပ်ရပ်ရင်း ပြောလာသည်။
ထိုဓာတ်ပုံနှင့် ဗီဒီယိုများမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားသည်။ သူ၏တပည့်များထဲတွင် လူသားများလည်း ပါရှိနေပြီဖြစ်သည်။
ထို့နောက် ကြိုးကြာဖြူ၊ ရွှေရောင်ဂဠုန်နှင့် ကုန်းလိပ်တို့လည်း ဤကဲ့သို့ ပြုမူလာကြသည်။
သူတို့ စိတ်ထဲက ရိုးရိုးသားသားလုပ်သည်ဖြစ်စေ၊ အခြားလှည့်ကွက်များ ရှိနေသည်ဖြစ်စေ အနည်းဆုံးတော့ သူတို့နေထိုင်ရာဒေသမှာ ပိုမိုငြိမ်းချမ်းလာပြီး လူများလည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီဖြစ်သည်။
အခြားဒေသမှ သားရဲများလည်း သူတို့အတိုင်း လိုက်လုပ်လာလေသည်။
ထို့အပြင် သူတို့ကျောင်းသည် တပည့်များလည်း ခေါ်သေးသည်။ သူတို့ကျောင်းတွင် ထူးဆန်းသည့်ရှေးဟောင်းပညာများ သင်ယူပြီး စွမ်းအားကြီးနိုင်သောကြောင့် မည်သူက မလိုချင်ပဲ နေမည်နည်း..
မီးခိုးပြာဝံပုလွေကို သတ်လိုက်သည့် ထူးဆန်းသည့်ကျွမ်းကျင်သူကြောင့် ရှေးခေတ်ကိုယ်ခံပညာများ ခေတ်စားလာပြီဖြစ်သည်။ ဤအချိန်တွင် ဂိုဏ်း ၇ ဂိုဏ်းပေါ်လာပြီး လူများအား ပညာများ သင်ပေးမည်ဟု ပြောဆိုလာကြသည်ပင်။
“ချူဖုန်း မင်း ဘယ်မှာလဲ .. ငါ မင်းနဲ့ဆွေးနွေးစရာရှိတယ်”
“အရူးကောင် ငါပြောပြမယ် .. ငါ ရှုတောင်ကို သွားချင်တယ် .. ငါ ရှုတောင်က ထာဝရဓားကို ဘယ်လောက်လေးစားလဲဆိုတာ မင်းသိပါတယ် .. ငါ ရှုတောင်မှာ တပည့်ခံနိုင်တဲ့တစ်နေ့ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”
[AN: တရုတ်စာမှာက အရူးကိုလည်း ဖုန်းလို့ပဲ အသံထွက်တာ .. အရူးကောင်က သူ့သူငယ်ချင်းခေါ်တဲ့ ငယ်နာမည်ဖြစ်မယ်]
ဤရက်များတွင် လူအတော်များများ သူ့ကိုဖုန်းခေါ်လာကြသည်။ ငယ်သူငယ်ချင်းများ၊ အထက်ကျောင်းသူငယ်ချင်းများနှင့် တက္ကသိုလ်မှသူငယ်ချင်းများပင် ခေါ်လာကြသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤအဖြစ်အပျက်များမှာ မည်မျှလွှမ်းမိုးနိုင်သည်ကို သိနိုင်သည်။
အင်တာနက်ပေါ်တွင်လည်း ပွက်လောရိုက်နေသည်ပင်။
“ငါ သာ့လင်ကျောင်းကို သွားမှာ .. သူတို့မှာ နှစ်ပေါင်းထောင်ချီနေတဲ့ ဘုရားကျောင်းကြီးတွေ၊ ရှေးဟောင်းကျမ်းစာတွေရှိတဲ့အပြင် လူသားတွေကို သန္ဓေပြောင်းစေနိုင်တဲ့ ဗာဂျာပန်နီဗောဓိပင်လည်းရှိတယ် .. ပြီးတော့ သူတို့တွေက ရှေးခေတ်တုန်းက သိုင်းပညာမှာ နံပါတ်တစ် ချိတ်ခဲ့တာ” တစ်စုံတစ်ယောက်မှ စိတ်လှုပ်ရှားစွာ တင်လိုက်သည်။
“ငါကတော့ ထာဝရဓားပညာကို သင်ဖို့အတွက် ရှုတောင်ကိုသွားမှာ .. ဓားချက်တစ်ချက်တည်းနဲ့ မိုင်တစ်ထောင်အတွင်းက ရန်သူတွေအားလုံးကို သတ်ပစ်နိုင်မှာ .. ဘယ်သူက သူတို့ကို ယှဉ်နိုင်မှာလဲ .. ဓားစီးပြီး ကောင်းကင်ပေါ် လျှောက်သွားနေရရင် ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးတဲ့ဘဝကြီး ဖြစ်နေမလဲ..”
ဤပို့စ်အောက်မှ မှတ်ချက်များမှာ အတော်လေးများပြားလှသည်။ ထာဝရဓားမှာ လူများစွာ၏ အိပ်မက်ပင်။
“ခုန်းထုန်တောင်လည်း မဆိုးဘူး .. ပါးကွာ့သင်္ကေတရှိတဲ့ကုန်းလိပ်ကြီးက သူ့မှာ ခုန်းထုန်ရှေးဟောင်းပညာရှိတယ်လို့ ပြောထားတာ .. ရှေးခေတ်တုန်းက ဧကရာဇ်ဟွိုင်တောင် အဲဒီမှာ တာအိုကို သင်ခဲ့တာလို့ပြောတယ် .. အဲဒီနေရာက သေချာပေါက် ထူးခြားမှာပဲ”
တစ်စုံတစ်ယောက် ဤပို့စ်ကို တင်လိုက်သည်။ သို့သော် ဝင်ရောက်ဆွေးနွေးသူများ ထိုမျှမများ။ လိပ်တောင်သည် သာ့လင်းကျောင်း၊ ဓားကျောင်းတို့နှင့်ယှဉ်လျှင် သိပ်ဆွဲဆောင်မှုမရှိ။
“ဟွားတောင်က သိုင်းပညာအတွက် မြင့်မြတ်နယ်မြေပဲ .. ရွှေရောင်ဂဠုန်ကြီးက သူ့ရဲ့ ပြိုင်ဘက်ကင်းခွန်အားနဲ့ သားရဲဘုရင်တွေအားလုံးကို အနိုင်ယူခဲ့တာကို မကြားလိုက်ဘူးလား..”
“မင်းတို့တွေ ဝူတန်းတောင်ကို မေ့နေတာလား .. အဲဒီတောင်ကမှ ငါတို့လူသားပိုင်ဆိုင်ထားတဲ့တောင်၊ ငါတို့တွေ သွားသင့်တဲ့တောင်ပဲ..”
တစ်စုံတစ်ယောက်မှ ဝမ်းနည်းစွာ ပြောလာသည်။ လူသားများအတွက် သင့်တော်သည့်တစ်ခုတည်းသော နေရာ၌ ထိုက်ကျိတပည့်လုပ်ရန် ဆော်ဩလာလေသည်။
“မင်း ပြောတာမှန်တယ် .. ငါတို့ ဝူတန့်တောင်ကို သွားရမှာ..” လူအုပ်ကြီး သဘောတူကြောင်း ပြောလာကြသည်။
တကယ်တမ်းတွင် နာမည်ကြီးတောင်နှင့်နီးသည့်လူများမှာ တပည့်ခံရန်အတွက် အပြေးအလွှားသွားနေကြပြီဖြစ်သည်။
အခြားလူများမှာ စိတ်ပျက်ကာ မနာလိုဖြစ်နေရုံသာ တတ်နိုင်သည်။ အကွာအဝေးကြောင့် သူတို့ ဘုရားကျောင်းများထံသို့ မရောက်နိုင်တော့။ ကြည့်ရသည်မှာ ဤအခွင့်အရေးသည် အနီးကပ်ရှိနေသည့်သူအတွက်သာ ဖြစ်ဟန်တူသည်။
ကျောက်စိမ်းဂူကျောင်းမှ လုထုန်မှာ အတော်လေး ပျော်ရွှင်နေလေ၏။ “နောက်ဆုံးတော့ ငါတို့တွေ သားရဲဘုရင်တွေကို မောင်းထုတ်လိုက်နိုင်ပြီ .. ဒါ သတင်းကောင်းပဲ..”
ဂျိဒ်ကျောင်းမှဆရာသခင်သည် နာမည်ကြီးတောင်တစ်တောင်ကို သိမ်းနိုင်တော့မည်ဖြစ်ကြောင်း လွန်ခဲ့သည့်နှစ်ရက်က သူ ချူဖုန်းကို ပြောခဲ့ဖူးသည်။ ထိုနေ့မှာ နောက်ဆုံးတော့ ရောက်လာလေပြီ။
ညနေပိုင်းတွင် သတင်းထူးကြီးတစ်ခု ထွက်ပေါ်လာသည်။
လူသားမျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဂျိဒ်ကျောင်းမှဆရာသည် ဝမ်ဝူတောင်ကို သိမ်းလိုက်နိုင်လေပြီ..
ဤသတင်းမှာ လူများစွာကို လှုပ်ခတ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုတလောတွင် အစိုးရမှ အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်းတို့ကို ဖွဲ့စည်းထားကြောင်း လူများစွာ ကြားခဲ့ရသည်။
ယနေ့ ဂျိဒ်ကျောင်းအရှင်မှ ဝမ်ဝူတောင်အား သိမ်းယူလိုက်နိုင်သည့်သတင်း ထွက်ပေါ်လာသည့်အချိန်တွင် မည်သူက စိတ်မလှုပ်ရှားပဲနေမည်နည်း..
နိုင်ငံကြားမှ အင်အားကြီးအဖွဲ့အစည်းများပင် ဆွံ့အသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ဝူတောင်၏ တည်နေရာမှာ ထူးခြားလှသည်ပင်။ ရှေးဟောင်းမှတ်တမ်းများအရဆိုလျှင် သူသည် ကောင်းကင်ဥမင်ဆယ်ခုထဲ၌ ပါဝင်သည်ပင်။
“ပထမဆုံးကောင်းကင်ဥမင်ကို သိမ်းလိုက်နိုင်ပြီကွ..”
“ဒါက သတင်းကောင်းဆိုတာထက် ပိုတယ် .. နောက်ဆုံးတော့ လူသားမျိုးနွယ်စုက ကျွမ်းကျင်သူတွေ လှုပ်ရှားလာကြပြီ..”
“ဂျိဒ်ကျောင်းရဲ့ဆရာက ဘုရားနယ်မြေတွေမှာ လှည့်ပတ်သွားနေတာတဲ့ .. ပြောကြတာတော့ သူ အသာစီးရနေပြီး အနှေးနဲ့အမြန် သူ အဲဒီနေရာတွေကို သိမ်းယူတော့မှာတဲ့..”
ဤကဲ့သို့သော စိတ်လှုပ်ရှားစရာကောင်းသည့် သတင်းမျိုးသည် လောကမှ သန္ဓေပြောင်းလူများစွာကို တုန်လှုပ်သွားစေခဲ့သည်။
အထူးသဖြင့် အမြင်ရှစ်မျိုးကျောင်း ရှိသေးသည်ကို သိထားသည့်သူများပင်။ ဤကျောင်းလည်း အခြားနာမည်တောင်တစ်လုံးကို သိမ်းပိုက်နိုင်မှာ သေချာနေသောကြောင့် လူများ အတော်လေးပင် ပျော်ရွှင်နေကြလေ၏။
ထိုနေ့မှစကာ သားရဲများသည် အတော်လေး ထိန်းချုပ်လာကြသည်။ သူတို့သားရဲဘုရင်များသည် နယ်မြေပိုင်နက်အတွက် တိုက်ခိုက်နေကြသော်လည်း သူတို့ လူသားနယ်မြေများတွင် ပြဿနာသိပ်မရှာရဲတော့။
ယခင်ကဆိုလျှင် အားလုံးသည် လူသားများ၏အနာဂတ်နှင့်ပတ်သက်၍ အတော်လေး စိုးရိမ်ပူပန်နေခဲ့ကြရသည်။
နှစ်ရက်အတွင်း အခြေအနေများ ရုတ်တရက်ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
ကမ္ဘာ၏အခြားနေရာများတွင်လည်း ဤကဲ့သို့ ဖြစ်နေသည်ပင်။
ဥပမာအားဖြင့် အိန္ဒိယတွင် ဂုရုတစ်ဦး ပေါ်လာပြီး ထိုဂုရုသည် သားရဲဘုရင်တစ်ကောင်ကို အနိုင်ယူပြီး နယ်မြေတစ်ခုလုံးကို အုပ်ချုပ်အမိန့်ပေးနိုင်ခဲ့သည်။
ဤနေ့များတွင် သတင်းမျိုးစုံ ကြားခဲ့ရသော်လည်း သူ့ဘဝကြီးအေးချမ်းနေဆဲပင်။
ငယ်သူငယ်ချင်းဟောင်းများ၊ အထက်တန်းသူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံစားသောက်ပြီး အနားယူနေခဲ့သည်။
တိဟွိုင်ကျင်း၊ ယဲ့ချင်းရုန်၊ ယုယန်ချင်းနှင့် ချန်လော့ယန်တို့အားလုံးလည်း ပြန်ရောက်လာကြပြီဖြစ်သည်။ သူတို့နှင့် တွေ့သည့်အချိန် ချူဖုန်းကို ထိတ်လန့်စရာကောင်းသည့်သတင်းတစ်ခု ပြောပြလာခဲ့သည်။
“ဘော့စ် .. အဲဒီလျှို့ဝှက်လမ်းကြောင်းက တကယ်ကို ကောင်းကင်ကိုဆန့်ကျင်ထားတာပဲ..” တိဟွိုင်ကျင်း ပြောလာသည်။ ထိုလမ်းကြောင်းသည် ယွင်ကွေ့ကုန်းပြင်မြင့်နား၌ ရှိနေသည်ပင်။
“ဒီလမ်းကြောင်းနဲ့ အနောက်နိုင်ငံကို သွားလို့ရတယ် .. ငါတို့ ဒီလမ်းကြောင်းကို ကောင်းကောင်းအသုံးချရင် ငါတို့အတွက် အသုံးဝင်လိမ့်မယ် .. ဒါပေမဲ့ တလွဲသုံးလိုက်ရင်တော့ သေချာပေါက် ပြဿနာတက်မှာပဲ”
ဥပမာအားဖြင့် အနောက်နိုင်ငံတွင် ကျက်စားနေသည့် နဂါးနက်ကြီး ဤလမ်းကြောင်းမှ ဝင်လာနိုင်သည်ပင်။
“အခုတလော အဲဒီသားရဲဘုရင်တွေ အနောက်ဘက်မှာ ပြဿနာရှာဖို့အချိန်မရှိကြဘူး .. သူတို့တွေ နေရာတစ်နေရာရာမှာ အလုပ်ရှုပ်နေကြတာ” ယဲ့ချင်းရုန် ပြောလိုက်သည်။
“ဘယ်နေရာလဲ..” ချူဖုန်း မေးလိုက်၏။
အနောက်နိုင်ငံမှ သတင်းများတွင် နဂါးနက်နှင့် ခေါင်းနှစ်လုံးခွေးအကြောင်းများသာ ရှိသည်။ မည်သူမှ သူတို့ကို မဖြေရှင်းနိုင်သေး။
သူတို့တွေက ဒီသတင်းတွေနဲ့ သတင်းကြီးတစ်ခုခုကို ဖုံးနေတာများလား..
“သားရဲဘုရင်တွေအားလုံး ဗာတီကန်မြို့ကို ဝိုင်းနေကြတာတဲ့..” အချို့လူများ ပြောလာကြသည်။
ထိုသတင်းကြားပြီးနောက် ချူဖုန်း တွေးဆဆဖြစ်သွားရသည်။ အဲဒီမြို့မှာ ဘာများရှိနေလို့လဲ..
“အဲဒီမှာ ဆေးခင်တစ်ခင်းရှိတယ် .. ဆေးခင်းက သိပ်မကြီးပေမယ့် ဆေးနံ့တွေက အရမ်းမွှေးပြီးတော့ မြင့်မြတ်တဲ့အလင်းတွေလည်း တောက်ပနေတာတဲ့ .. အဲဒီမြင်ကွင်းက တကယ်ကို ရင်သပ်ရှုမောစရာကောင်းမှာ” တည်ငြိမ်သည့် ချန်လော့ယန်ပင် စိတ်လှုပ်ရှားစွာ ပြောလာလေသည်။
“အဲဒီလောက်တောင် ထူးခြားတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။
“အဲဒီဆေးခင်းကနေ သက်ရှိတွေထွက်လာပြီးတော့ နတ်အလင်းတန်းတွေ ထုတ်လွှတ်နေတာတဲ့..” ချန်လော့ယန် ပြောလိုက်သည်။
ဤသတင်းကြားလိုက်ရသည့်အချိန်တွင် အားလုံး ဟာသတစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့ကြသည်။ သို့သော် အနောက်နိုင်ငံမှ သူတို့အေးဂျင့်များကတော့ သူတို့လိမ်ညာနေခြင်းမဟုတ်ကြောင်း ကျိန်တွယ်လာကြသည်။
“ဒါက တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ .. အစေ့တစ်စေ့က သက်ရှိတစ်ယောက် ထွက်လာနိုင်တာလား..” ချူဖုန်း စိတ်လှုပ်ရှားသွားရသည်။
ထိုနေ့ညတွင် ချူဖုန်း နွားဝါလေးထံမှ အတည်ပြုချက် ယူလိုက်သည်။
“ချူဖုန်း ငါတို့ ကိစ္စအကြီးကြီးတစ်ခု လုပ်တော့မှာ .. မင်း ငါတို့ထဲ ပါမလား..” နွားဝါလေး သူ့ကို ခေါ်လာသည်။
“ဘယ်နေရာမှာလဲ..” ချူဖုန်း မေးလိုက်၏။
နွားရိုင်းနက်ကြီး စခရင်ထက်ပေါ်လာကာ သူ့ကို သွားဖြီးပြလာပြီးနောက် “ငါ့ သွေးသောက်ညီအစ်ကိုက ဥရောပကို သွားခဲ့တာ .. သူ အခု ဗာတီကန်မြို့မှာ ရှိနေတာ .. ဟေ့ကောင် မင်းက အားနည်းတယ်ဆိုရင်တောင် မင်းလိုက်ချင်ရင် ငါတို့ မင်းကို ခေါ်သွားပေးမယ် .. မင်းသွားချင်လား .. ဒါက ကိစ္စကြီးနော်”
ချူဖုန်း ဆွံ့အသွားရသည်။ ဤနွားရိုင်းနက်ကြီးမှာ သေချာပေါက် စိတ်ရင်းကောင်းသည့်သူမဟုတ်။ သူ ဘယ်လိုလူတွေနဲ့ ဆက်သွယ်နေတာလဲ .. ဗာတီကန်မြို့က အဖြစ်အပျက်က သူ့သွေးသောက်ညီအစ်ကိုတွေ လုပ်တာလား..
တစ်ချိန်တည်းမှာပင် သူတို့ လူအင်အား နည်းနေခြင်းဖြစ်လိမ့်မည်ဟု သူ စဉ်းစားမိသည်။ မဟုတ်ပါက ဘယ်လိုလုပ် သူ့ကို ခေါ်မည်နည်း.. သိထားရမည်မှာ ဤသည်မှာ သားရဲဘုရင်အဆင့် စုဝေးပွဲကြီးပင်။
“ငါ မင်းကို ပြောပြမယ် .. အဲဒီနေရာက တကယ်ထူးခြားတယ် .. အဲဒီမှာ နတ်ဝတ်မှုန်တွေနဲ့ပြည့်နေတဲ့ ဆေးခင်းကြီးတစ်ခုရှိတယ် .. ဗာတီကန်မြို့တစ်မြို့လုံးတောင် ဆေးနံ့တွေ မွှေးနေတာပဲ .. ကံမကောင်းစွာနဲ့ အဲဒီဆေးခင်းကို ချိတ်ပိတ်ထားတဲ့အစီအရင်တစ်ခု ရှိနေတယ် .. အဲဒီအစီအရင်ကိုသာ ဖြတ်ပြီးဝင်သွားနိုင်ရင် သေချာပေါက် အဆင့်တက်ပြီးတော့ သားရဲဘုရင်တွေနဲ့ အဆင့်တူသွားမှာ .. အိန္ဒိယကဆင်ဖြူ၊ မွန်ဂိုလီးယားက ငွေဝံပုလွေနဲ့ ခွန်းလွန်တောင်က ဘိုးတော်ကြီးတွေတောင် အဲဒီနေရာကို အပြေးအလွှားသွားကုန်ကြပြီ .. ငါတို့နောက်ကျရင် ငါတို့ နည်းနည်းမှ ရလိုက်မှာမဟုတ်ဘူး”
“ဘော့စ် .. ဒီတစ်ခေါက်တော့ ကျွန်တော်မလိုက်တော့ဘူးထင်တယ် .. ဖိနှိပ်ခြင်းအဆင့်ရောက်မှသွားလည်း နောက်မကျလောက်ပါဘူး” ချူဖုန်း ပြောလိုက်သည်။
ထိုနေရာသို့သွားလျှင် နတ်ဆိုးအိုကြီးများစွာကြား၌ သူ အမြောက်စာသွား ဖြစ်သွားလိမ့်မည်။
ဗာတီကန်မြို့ထဲသို့ ချိုးဖျက်ဝင်ရောက်ရန်မှာ မလွယ်ကူလောက်။ မဟုတ်လျှင် သားရဲဘုရင်များ အဘယ်ကြောင့် အကူအညီလိုက်ရှာနေကြမည်နည်း..
“နွားဝါကြီးနဲ့ ဘော့စ်နက်ကြီး ဘုရားနယ်မြေတွေက နောက်ဆုံးတိုက်ပွဲက စတော့မှာ .. ခင်ဗျားတို့ မကူချင်ဘူးလား.. အဲဒီနေရာတွေက ဗာတီကန်မြို့ထက် စိတ်လှုပ်ရှားရမှာ သေချာတယ်”
“ဘုရားနယ်မြေတွေဆိုတာက လူသတ်ကွင်းတွေလိုပဲ .. ငါ့လိုလူမျိုးအတွက် မသင့်တော်ဘူး .. အဲဒါက လူသားတွေအတွက်ပဲ .. ပြီးတော့ အဲဒီနေရာက ဗာတီကန်မြို့လောက် လုံခြုံမှာမဟုတ်ဘူး .. ငါ မလာဘူး..” နွားရိုင်းနက်ကြီး အေးစက်စွာ ပြောလိုက်သည်။
နောက်ဆုံးတွင်တော့ သူတို့သပ်သပ်စီ လှုပ်ရှားသင့်ကြောင်း နွားဝါလေး ချူဖုန်းကို ပြောလာသည်။ သူတို့အနောက် အနောက်ပိုင်းကိုသွားပြီး ချူဖုန်းကတော့ အရှေ့တွင်သာ နေသင့်သည်။ သူတို့အားလုံး သားရဲဘုရင်အဆင့်သို့ရောက်လျှင် သူတို့ ပင်လယ်ကို စူးစမ်းရှာဖွေကြမည်။
“ပင်လယ်လား..”
“ဟုတ်တယ် .. ကောင်းတဲ့ကိစ္စတွေ အများကြီး ရောက်လာတော့မှာ .. အချိန်ကျလာရင် ငါတို့ အဲဒီကိုသွားပြီးတော့ ကံကောင်းမှုလေးတွေ သွားရှာကြမယ်..”
ဗီဒီယိုကောလ် ပြီးသွားသော်လည်း ချူဖုန်း အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။
ယခုနေ့ရက်ပိုင်းတွင် ကိစ္စများစွာ ဖြစ်ပျက်နေခဲ့ပြီး အများစုမှာ ထိတ်လန့်စရာကောင်းသည့်သတင်းများပင်။
“ချူဖုန်း ငါတို့ရုပ်ရှင်ကို စပြတော့မှာ .. ဇာတ်ကားနာမည်ကို “ပညာရှိကြီးနွားနတ်ဆိုး” လို့ ပေးထားတယ် .. ငါတို့ ပြိုင်ဘက်နည်းနည်းရှိပေမယ့် မင်း စိတ်ပူစရာမလိုပါဘူး”
ဇာတ်ကားကို ရုံတင်တော့မည်ဖြစ်ကြောင်း ကျိုးရိထျန်း ချူဖုန်းကို ပြောလာသည်။
ထိုစကား ကြားလိုက်ပြီးနောက် ချူဖုန်း အံ့အားသင့်သွားရသည်။ ဒီဇာတ်ကားက စီစစ်ရေးအဖွဲ့ကိုတောင် ဖြတ်ကျော်လိုက်နိုင်တာလား.. သူအကြောက်ဆုံးကိစ္စကြီး ဖြစ်လာလေပြီ။
ခဏကြာပြီးနောက် မသိသည့်နံပါတ်တစ်ခု သူ့ကို ဆက်သွယ်လာသည်။ သူသည် ဖုန်းကို ပျင်းတိပျင်းရွဲ ကောက်ကိုင်လိုက်သည်။ “ဘယ်သူခေါ်နေတာလဲ..”
ဖုန်း၏အခြားတစ်ဖက်ခြမ်းမှ နူးညံ့သည့်အသံတစ်သံ ထွက်ပေါ်လာ၏။ ခေါ်လာသည့်သူမှာ ကျန်းလော့ရှန်းဖြစ်ပြီး သူ့ကို ထမင်းဖိတ်ကျွေးချင်နေခြင်းပင်။
အပိုင်း ၁၁၀ ပြီး၏။