ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၈ – အရှင် အသစ်
ချူဖုန်း ခေါင်းကိုက်သွားရသည်။ တကယ်ကို မကိုင်လိုက်ရသည့်ဖုန်းကောလ်များစွာ ရှိနေသည်ပင်။
“ဘယ်လိုလဲ..” ချူကျင်းယွမ် လှမ်းမေးလိုက်သည်။
“အဖေပြောတာမှန်တယ် .. ကျွန်တော့်ကို ရှာနေတဲ့လူတစ်ချို့ ရှိနေတယ်” ချူဖုန်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. လူအများကြီးတော့ မှန်အောင် ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး” ချူကျင်းယွမ် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူပင်လျှင် သူ့သားမှန်းသိအောင် အကြိမ်များစွာ ကြည့်လိုက်ရသည်ပင်။
ချူဖုန်း ခေါင်းညိမ့်ပြလိုက်သည်။ သူ့အဖေ အခန်းထဲမှ ထွက်သွားသည်နှင့် သူ လင်းနွိုင်ကို ဖုန်းခေါ်လိုက်သည်။
“ရှင် ဘယ်မှာလဲ..” လင်းနွိုင်မေးလိုက်သည်။ သူမအသံသည် ယခင်ကအတိုင်း သာယာနာပျော်ဖွယ် ကောင်းနေဆဲပင်။
“ရွှမ်းထျန်မှာ” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။ ထို့အပြင် သူ့ဖုန်း မနေ့က အားကုန်သွားကြောင့် အဆက်အသွယ်ပြတ်သွားကြောင်းလည်း ပြောပြလိုက်သည်။
လင်းနွိုင်သည် ချက်ချင်းပင် ဗီဒီယိုကောလ် ခေါ်လာသောကြောင့် ချူဖုန်း တန်းလက်ခံလိုက်သည်။
စခရင်ထက်၌ လင်းနွိုင်ပုံ ပေါ်လာသည်။ လှပသည့်မျက်ဝန်းတစ်စုံ၊ စွဲမက်ဖွယ်ကောင်းသည့်မျက်နှာသွင်ပြင်၊ ချောမွတ်သည့်အသားအရေနှင့် သူမသည် ပြစ်ချက်ကင်းအောင် လှနေဆဲဖြစ်သည်။
“ကြည့်လို့ကောင်းလိုက်တာ..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
ထိုအချိန်တွင် လင်းနွိုင် ပြတင်းပေါက်ဘက် လျှောက်သွားလိုက်သည်။
သူမသည် ပို၍ပင် ရင်သပ်ရှုမောဖွယ်ဖြစ်လာသည်ဟု ချူဖုန်း ခံစားလိုက်ရသည်။
ပြတင်းပေါက်အပြင်ဘက်မှ နံနက်ခင်း နေရောင်ခြည်သည် သူမ မျက်နှာထက်တွင်သာမက ဆံနွယ်ထက်ပါ ဖြာကျနေသောကြောင့် သူမ ဆံနွယ်များမှာ ရွှေရောင်တောက်ပနေသည်။ သူမသည် နတ်သမီးနှင့် မခြားတော့။
“မင်း ငါ့ကို မိန်းမောတွေဝေသွားအောင် ထပ်လုပ်လိုက်တာပဲ” ချူဖုန်း ပြောလိုက်သည်။
“အဲဒါရှင့်အခန်းလား..” လင်းနွိုင် မေးလိုက်သည်။
“ဟုတ်တယ် .. ငါ ဒီမှာ ဘာမှဖွက်မထားပါဘူး .. မင်းကြည့်လို့ရတယ် .. ငါ ဘယ်မမလေးကိုမှ ဖွက်မထားဘူး” ချူဖုန်း လင်းနွိုင်ဘက်ခြမ်းကို ကြည့်၍ ပြောလိုက်သည်။
“ရှင် ဘာကြည့်နေတာလဲ..” သူမ မေးလိုက်သည်။
“မင်းအခန်းကို ချောင်းကြည့်ဖို့ ကြိုးစားနေတာပေါ့ .. ငါ အဲဒီအခန်းထဲကို တစ်ခါမှ မရောက်ဖူးသေးဘူး” ချူဖုန်း ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်လေသည်။
လင်းနွိုင် ဆွံ့အသွားသော်လည်း လန့်မသွား။ ချူဖုန်း မြင်နိုင်ရန်အတွက် ပုံမှန်အတိုင်း သူမဖုန်းကို တစ်ပတ်လှည့်ပြလိုက်လေသည်။
အခန်းမှာ အတော်လေး ကျယ်ဝန်းလှပြီး သပ်သပ်ရပ်ရပ်ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် နွေးထွေးသည့်အငွေ့အသက်များ ရရှိနေသည်ပင်။
“အမ် .. ဘာလို့လဲ..” ချူဖုန်း ရေရွတ်လိုက်သည်။
“ကျွန်မရဲ့ပုံစံက အေးစက်နေပြီးတော့ အခန်းက ဘာလို့ နွေးထွေးတဲ့ပုံပေါက်နေတာလဲလို့ မေးမလို့လား..” လင်းနွိုင်သည် ဆောင်းရာသီ၌ ပွင့်သည့် ပန်းကဲ့သို့ နူးညံ့စွာ ပြုံးလိုက်သည်။
ချူဖုန်းသည် သူမအလှကို လက်လွတ်မခံ ရှုစားနေသော်လည်း သူ့ပါးစပ်မှ ထွက်လာသည်မှာ အခြားအကြောင်းအရာတစ်ခု ဖြစ်နေသည်။ “အရောင်အကြောင်း ပြောမလို့မဟုတ်ဘူး .. အခန်းက သပ်ရပ်လွန်းနေတာ .. အိပ်ခန်းထဲမှာဆိုရင် အိပ်ရာဘေးမှာ ပစ္စည်းတွေအများကြီးရှိရမှာ ပုံမှန်ပဲ မဟုတ်ဘူးလား .. ဘောင်းဘီရှည်တို့၊ ဘောင်းဘီတိုတို့..”
လင်းနွိုင် သူ့ကို စိုက်ကြည့်လိုက်သည်။ ဤလူသည် လုံးဝမပြောင်းလဲသေး။
“အိုကေ အိုကေ .. ငါ ထပ်မပြောတော့ဘူး .. စိတ်ဝင်စားစရာကောင်းတာ ဘာမှမတွေ့လိုက်ရတာ နှမြောစရာပဲ..”
“ရှင့်လက်ကိုပြကြည့်..” သူမ ရုတ်တရက် ပြောလိုက်သည်။
သူမ ပြောလိုက်သည်နှင့် ချူဖုန်း ဖုန်းကို စားပွဲပေါ်တင်လိုက်ကာ သူမမြင်နိုင်အောင် သူ့လက်ကို ဆန့်တန်းပြလိုက်သည်။ သူ့လက်ချောင်းများမှာ ဖြူဖွေးကာ ရှည်လျားသွယ်လျနေသည်ပင်။ “မဆိုးဘူးမလား..”
လင်းနွိုင် သူ့လက်ကို သေချာလေ့လာနေခဲ့သည်ပင်။
“ရှင်လား..” သူမ နူးညံ့စွာ မေးလိုက်သည်။
“ဒါပေါ့ .. ငါပေါ့..” ချူဖုန်း ပြန်ဖြေလိုက်သည်။
“နွိုင်..” သူမ အခန်းအပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရသည်။
“အမေ ငါ့ကို ခေါ်နေပြီ..” သူမ အလျင်လိုသည့်အသံဖြင့် ပြောလိုက်သည်။
“မင်း အမေ ဘယ်လိုပုံစံလဲဆိုတာ ကြည့်ရအောင်လေ .. ငါ့ကိုပြဦး..” ချူဖုန်း မကောင်းသည့်အပြုံးပြုံး၍ ပြောလိုက်သည်။
“ဒူ..” လင်းနွိုင် ဖုန်းချသွားလေပြီ။
ထို့နောက် ချူဖုန်း အင်တာနက်မှ သတင်းများကို ရှာဖတ်ကြည့်လိုက်သည်။ မီးခိုးပြာဝံပုလွေကို သတ်လိုက်သည့်သူမှာ လုပ်ကြံမှုတွင် အသက်ရှင်နိုင်ခဲ့သော်လည်း လက်များနှင့် အခြားနေရာများတွင် ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားသည့် သတင်းတစ်ခုရှိနေသည်ပင်။
“ဒီလိုလား..” ချူဖုန်း သူ့နားထင်ကို ပွတ်သပ်လိုက်သည်။
“ထမင်းစားမယ်..” ဝမ်ကျင်း မနက်စာစားရန် ခေါ်နေပြီဖြစ်သည်။
“လာပြီ..”
မနက်စာစားပြီးသည်နှင့် ချူဖုန်း အခန်းထဲ ပြန်ဝင်လာပြီး သတင်းအားလုံးကို မွှေနှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤတိုက်ပွဲကြောင့်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများကို သူသိရန် လိုအပ်သည်။
ထင်ထားသည့်အတိုင်း အပြင်လောကမှ ဆွေးနွေးသံများဖြင့် ပွက်လောရိုက်နေသည်။
“အဲဒီလူက သေချာပေါက် ထူးခြားတဲ့ကျွမ်းကျင်သူပဲ .. သူ သုံးသွားတဲ့လက်သီးပုံစံတွေတွေ့လား .. အဲဒါ ရှေးခေတ်စတိုင်ပဲ .. သူက နှစ်ပေါင်း ၉၀ ကျော် လေ့ကျင့်ထားတဲ့သူဖြစ်လိမ့်မယ်လို့ သိုင်းဆရာကြီးတွေ ပြောထားကြတာ”
“နှစ်ပေါင်း ၉၀ ဟုတ်လား .. ဟာသပဲ .. သူက အသက်တစ်ရာကျော်လူအိုကြီးလို့ ပြောလိုက်တာလား .. အဲဒီလောက်အသက်ကြီးတဲ့လူတွေက မီးခိုးပြာဝံပုလွေကို သတ်နိုင်လောက်အောင် မသွက်လက်တော့ဘူး .. ဒီကျွမ်းကျင်သူက သွက်လက်ဖြတ်လတ်နေတာကို ငါခံစားမိတယ် .. သူက သေချာပေါက် လူငယ်တစ်ယောက်ပဲ..”
“အဓိပ္ပာယ်မရှိတာ .. သန္ဓေပြောင်းအသီးတွေ စားလိုက်ရင် လူတစ်ယောက်သက်တမ်း တိုးသွားမှာပဲ .. ရာစုနှစ်တစ်ခုကျော် အတွေ့အကြုံရှိတဲ့ ဘိုးဘေးတွေမှသာ ဒီလိုခွန်အားမျိုးပိုင်ဆိုင်နိုင်မှာ..”
“ခင်ဗျားရဲ့ သီအိုရီတွေက တစ်ဖြည်းဖြည်းနဲ့ ပိုပြီး ရယ်ချင်စရာ ကောင်းလာပြီ .. ခင်ဗျားအခုလေးတင် အသက် ၉၀ လို့ ပြောလိုက်တာ မဟုတ်ဘူးလား..”
အင်တာနက်ပေါ်မှ ဆွေးနွေးမှုများမှာ ချူဖုန်းကို အံ့အားသင့်စေခဲ့သည်။
ပြီးလျှင် ဆွေးနွေးနေကြသည်မှာ ဤတစ်ခုတည်းမဟုတ်။ အခြားအကြောင်းအရာများစွာ ရှိနေသေးသည်။
သတင်းဆောင်းပါးမျိုးစုံ တင်ထားကြပြီး ဝင်ဆွေးနွေးထားသည့်သူများ၏ အမြင်များလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
“ဒီလူက ရှင်းယီလက်သီးပညာကို သုံးသွားတာ ခင်ဗျားတို့ မမြင်ဘူးလား .. သူ့ကျောတွေက နဂါးတစ်ကောင်လို ဖြောင့်တန်းနေပြီး သူ့အော်ရာက ကျားတစ်ကောင်လိုဖြစ်နေတာ .. ရှင်းယီလက်သီးချက်တွေကပဲ ဒီလိုတိုက်ခိုက်မှုမျိုးတွေ လုပ်နိုင်တာ”
“ခင်ဗျား မသိရင်မပြောနဲ့ .. သူက ပိုင်ကျလက်သီးတွေကို သုံးသွားတာ..”
“လျှောက်ပြောမနေနဲ့ .. သူက ပါ့ကွားလက်သီးနဲ့ ထိုက်ကျလက်သီးကိုပေါင်းပြီးတော့ သူ့ကိုယ်ပိုင်လက်သီးပုံစံ ဖန်တီးလိုက်တာ .. ခင်ဗျားတို့အားလုံး နုပါသေးတယ်..”
…
ဤခေါင်းစဉ်လည်း လူပြောများသည့်ခေါင်းစဉ်တစ်ခုပင်။
လတ်တလောသတင်းများနှင့် ဆွေးနွေးမှုများကို ဖတ်ကြည့်ပြီးနောက် ချူဖုန်း ဤတိုက်ပွဲ၏အကျိုးသက်ရောက်မှုများကို အကြမ်းဖျင်းတော့ နားလည်သွားလေပြီ။
ဤကိစ္စကို တစ်ကမ္ဘာလုံးမှ အာရုံစိုက်ထားသည်ဟု ပြော၍ရသည်ပင်။
ပြည်တွင်း၌သာမက ပြည်ပမှလူများပင် မီးခိုးပြာဝံပုလွေအား သတ်လိုက်သည့်သူကို ခန့်မှန်းနေကြသည်။
နောက်ဆုံး စစ်တပ်မှ လူတစ်ယောက်ထွက်လာကာ ထိုကျွမ်းကျင်သူသည် ရှေးဟောင်းသိုင်းပညာများကို ကျွမ်းကျင်သည့် လူငယ်တစ်ဦးဖြစ်ကြောင်း ထုတ်ပြောလာသည်။
ဤသည်မှာ အတော်လေး ယုံကြည်ရသည့်သတင်းရင်းမြစ်ဖြစ်ပြီး လျှောက်ခန့်မှန်းနေသည်ထက် သာသည်။ အဲဒီတော့ ဒီအဆင့်ကို ရောက်ဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်နေဖို့ မလိုဘူးပေါ့..
ရှေးခေတ်သိုင်းပညာများ ခေတ်ထသည့်အချိန်သို့ ရောက်လာပြီဟု လူအများ စဉ်းစားလိုက်ကြသည်။
“ရှေးဟောင်းသိုင်းပညာတွေကို ဘယ်မှာသင်လို့ရလဲ..”
“မီးခိုးပြာဝံပုလွေကို သတ်လိုက်တဲ့လူက ငါ့ဘဝပန်းတိုင်ပဲ .. အခုကစပြီးတော့ ငါလည်း ရှေးဟောင်းသိုင်းပညာကို လေ့လာတော့မယ်..”
…
ထိုသတင်းထုတ်ပြန်ပြီးသည်နှင့် မရေမတွက်နိုင်သည့်လူများ စိတ်လှုပ်ရှားလာကြကာ သူတို့ ရှေးဟောင်းသိုင်းပညာများကို စတင်လေ့လာတော့မည်ဟု ကျိန်ဆိုလာကြလေသည်။
ထိုအချိန်တွင် ရှုတောင်မှ ဓားကျောင်းနှင့် စုန့်တောင်မှ သာ့လင်ကျောင်းတို့သည် ဂိုဏ်းသားများ လက်ခံနေပြီဖြစ်ကြောင်း၊ ရှေးဟောင်းပညာများကို လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လာလေသည်။
“သာ့လင်ကျောင်းနဲ့ ဓားကျောင်းက မဆိုးဘူး .. ရှေးခေတ်တုန်းက ဒီဂိုဏ်းတွေက သိုင်းပညာတွေ အထွဋ်အမြတ်ထားတဲ့နယ်မြေဖြစ်တယ်လို့ ပြောကြတယ်”
“သူတို့တွေက သန္ဓေပြောင်းသားရဲမျိုးနွယ်စုဖြစ်ပေမယ့် ဘယ်သူ့ကိုမှ အန္တရာယ်မပေးဖူးဘူး .. ဓားကျောင်းက ကြိုးကြာဖြူဆိုရင် ငါတို့လူသားတွေကို တစ်ခါတောင် ကူညီပေးခဲ့ဖူးတယ်”
ဤသည်မှာ တကယ်ကို ထင်မထားသည့်ကိစ္စကြီးပင်။ ဤကဲ့သို့ဖြင့် သာ့လင်ကျောင်းနှင့် ဓားကျောင်းသည် လူအများ အာရုံစိုက်ရာဖြစ်လာသည်။
ချူဖုန်း သတင်းအားလုံး ဖတ်ပြီးသွားသည့်အချိန်တွင် နေလုံးကြီးပင် အတော်မြင့်နေပြီဖြစ်သည်။
ရုတ်တရက် သတင်းအသစ်တစ်ခု ထွက်ပေါ်လာပြီး အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ခုန်းထုန်တောင်မှ တိုက်ပွဲအဆုံးသတ်သွားပြီဖြစ်သည်။ စုန့်တောင်နှင့် ရှုတောင်ကဲ့သို့ အခြားနာမည်ကြီးတောင်တစ်တောင်ကိုလည်း သခင်တစ်ယောက် ပိုင်ဆိုင်သွားလေပြီ။
နှမြောစရာကောင်းသည်မှာ ထိုသခင်သည် လူသားမျိုးနွယ်စုမဟုတ်။
အားလုံး သက်ပြင်းချလိုက်ကြသည်။ မီးခိုးပြာဝံပုလွေကို သတ်နိုင်ခဲ့သည့် ပျော်ရွှင်မှုပင် အနည်းငယ် ပျောက်ကွယ်သွားလေပြီ။
ခုန်းထုန်တောင်လည်း နာမည်ကြီးတောင်များထဲမှ တစ်တောင်ဖြစ်ပြီး ရှေးယခင်ကတည်းက ဒဏ္ဍာရီများ၊ ထူးဆန်းဆန်းကြယ်မှုများ ခြုံလွှမ်းနေသည့် နေရာပင်။
ထိုတောင်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး နေသည်ဟုလည်း ပြောကြသည်။
သို့သော် ယခုတော့ ထိုတောင်ကို သားရဲတစ်ကောင် ရသွားလေပြီ။
“အမ်..”
ခဏကြာပြီးနောက် လူများစွာ အံ့အားတကြီး ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရှင်အသစ်မှာ လက်မခံနိုင်ချင်စရာကောင်းလှသည်။
ဤသည်မှာ ကုန်းလိပ်တစ်ကောင်ပင်။ သာ့လင်ကျောင်းမှ လူဝံအိုကြီး၊ ရှုတောင်မှ ကြိုးကြာဖြူတို့နှင့်ယှဉ်လျှင် ဤလိပ်မှာ နောက်ခံသိပ်မရှိ။
လိပ်တစ်ကောင် ရန်သူအားလုံးကို အနိုင်ယူပြီး အရှင်တစ်ပါး ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။
“သူ့ကို အထင်မသေးနဲ့ .. သူက သာမန်လိပ်မဟုတ်ဘူး .. နောက်ဆုံးသတင်းတွေ မတွေ့ဘူးလား .. သူက ပရီချင်းသုတေသနကျောင်းတင်မကဘူး ထုန်ဂုကျောင်းကိုတောင် အနိုင်ယူခဲ့တာ .. သူတို့တွေက လူသားမျိုးနွယ်မှာ စွမ်းအားအကြီးဆုံးအဖွဲ့အစည်းတွေထဲကပဲ .. သားရဲဘုရင်တွေတောင် သူ့ပြိုင်ဘက်မဟုတ်လို့ ပြန်ဆုတ်သွားကြတာ”
သတင်းများမှာ အလွန်အသေးစိတ်ကျလှပြီး အောက်ဘက်၌ ဓာတ်ပုံများပါ ပါသေးသည်။
ဤလိပ်မှာ သိပ်မကြီး။ တစ်မီတာခန့်သာရှိပြီး ခန္ဓာကိုယ်မှာ ကြေးရောင်ဖြစ်သည်။
“မင်းတို့အားလုံး မြင်ရလား .. သူ့လိပ်ခွံပေါ်က အကွက်တွေက ပါးကွာ့သင်္ကေတနဲ့တူနေတယ်..”
ထိုပုံကိုမြင်လိုက်သည်နှင့် လူများ အံ့အားသင့်သွားရသည်။
ယခုအချိန်တွင်တော့ စွမ်းအားကြီးသည့်အဖွဲ့များမှာ အမှန်တရားကို မဖုံးကွယ်နိုင်တော့။ လိပ်၏ခွန်အားမှာ တကယ်ကို ကြောက်စရာကောင်းကြောင်း သူတို့ ထုတ်ပြောလာကြသည်။
ဤရက်များတွင် ခုန်းထုန်တောင်၌ တိုက်ပွဲများစွာ ဖြစ်ခဲ့ပြီး အများစုမှာ သားရဲဘုရင်များ ဦးဆောင်သည့် တိုက်ပွဲများပင်။ သို့သော် မည်သူမှ ကုန်းလိပ်ကို မနိုင်ခဲ့။
သူသည် ဓားလှံများ ထိုးမဖောက်နိုင်သည့်အပြင် ကျည်ဆံများကိုလည်း ခုခံနိုင်သည်။ တောင်တစ်လုံးကို ခွဲပစ်နိုင်သည့် သားရဲဘုရင်ပင် သူ့လိပ်ခွံကို ခြစ်ရာထင်အောင် မလုပ်နိုင်။
အထူးသဖြင့် သူပြန်တိုက်ခိုက်သည့်အချိန်တွင် သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်း တောက်ပလာသည်။ သူ့အရှိန်လည်း အလွန်လျင်မြန်လှကာ သားရဲဘုရင်များကို ဝင်တိုက်ပစ်သောကြောင့် သားရဲဘုရင်များ သွေးအန်သွားကြကာ ကြောက်ရွံ့သွားကြလေသည်။
လူသားကျွမ်းကျင်သူများဆိုလျှင်တော့ ပြောစရာပင်မလိုတော့။
နောက်ဆုံးတွင်တော့ သူတို့အားလုံး နောက်ပြန်ဆုတ်ခဲ့ရုံသာ တတ်နိုင်ကြတော့သည်။
“ဒီလောကကြီးက ရူးနေပြီ .. ငါ .. ငါတော့ နားမလည်နိုင်တော့ဘူး” လူအိုကြီးတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။
“ဒီကုန်းလိပ်က အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီ..” လူတစ်ယောက် ခန့်မှန်းလိုက်သည်။
“ရှိလောက်တယ် .. နှစ်ပေါင်းတစ်ထောင်ကျော် အင်အားတွေ စုစည်းထားပြီး ကမ္ဘာပြီး ပြောင်းလဲသွားတဲ့အချိန်မှ သူ ထွက်လာတာ”
ထို့နောက် အင်တာနက်ပေါ် ဗီဒီယိုတစ်ခု တက်လာသည်။
ကုန်းလိပ်သည် လူတစ်ယောက်ကဲ့သို့ ခြေနှစ်ချောင်းပေါ် မတ်တပ်ရပ်ထားပြီး သူ့လက်များကို နောက်ပစ်ထားလေသည်။ သူ့ခြေလက်များမှာ အတော်လေးရှည်လျားသောကြောင့် လက်နောက်ပစ်ထားနိုင်သည်။
သေချာမကြည့်လျှင် ခါးကုန်းနေသည့်အဘိုးကြီး လက်နောက်ပစ်ထားသည်နှင့်ပင် တူနေသည်။
“ဒီနေ့စကပြီးတော့ ခုန်းထုန်ဂိုဏ်းကို တည်ထောင်လိုက်ပြီ..” လိပ်ကြီး ရှေးအသံဖြင့် လူသားစကားပြောလာသည်။
သာ့လင်းကျောင်း၊ ဓားကျောင်းပြီးနောက် ခုန်းထုန်ဂိုဏ်း ထွက်ပေါ်လာလေပြီ။
လိပ်ကြီးသည် စကားနည်းနည်းသာ ပြောသော်လည်း သူ့စကားများတွင် ထိတ်လန့်စရာကောင်းသည့်သတင်းများ ပါဝင်နေသည်။ ခုန်းထုန်တောင်တွင် ရှေးဟောင်းပညာများ ပိုင်ဆိုင်ထားပြီး ကံစပ်သည့်လူများအား ထိုပညာလက်ဆင့်ကမ်းပေးမည်ဟု ပြောလာခဲ့သည်။
လူသား၊ သန္ဓေပြောင်း.. မည်သည့်သက်ရှိမဆို ခုန်းထုန်ဂိုဏ်း၏ တပည့်ဖြစ်နိုင်ကြောင်း ပြောခဲ့လေသည်။
“အထင်ကြီးစရာပဲ..” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ့ဖုန်းမြည်လာလေ၏။ တစ်ယောက်ယောက်မှ သူ့ကို ဆက်သွယ်လာလေပြီ။
အပိုင်း ၁၀၈ ပြီး၏။