အပိုင်း ၁၄၁•၂
” ထူးဆန်းတဲ့ပြောင်းလဲမှု ”
°°°
ထန်ယာ့က အံကြိတ်လိုက်ရင်း အရှေ့မှာရှိနေတဲ့နွယ်ပင်တွေကို ပြန်လည်ဆွဲယူကာဒိုင်းကာအဖြစ်အသုံးပြုလိုက်ပါတယ်။ ဒီနွယ်ပင်တွေအားလုံးက စူးရှတဲ့အဆူးတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲသူမက သရဲအရိပ်ခြေရာနည်းလမ်းကို အသုံးပြုရင်း ဘေးကိုခုန်ရှောင်လို့သွားခဲ့ပါတယ်။
ပါရမီသိပ်မရှိရှာတဲ့ထန်ယာ့ရဲ့မိဘတွေက ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေကို ပညာရှင်ကျကျမတတ်မြောက်ခဲ့ပါဘူး။
ထန်ယာ့ကတော့ ဖြည်းဖြည်းချင်းသင်ယူရင်း ပေ့ပေ့ရဲ့အကူအညီနဲ့အတူ ဒီနည်းလမ်းတွေကို ပညာရှင်အဆင့်ရောက်အောင် သင်ယူနိုင်ခဲ့ပါတယ်။ သရဲအရိပ်ခြေရာနည်းလမ်းနဲ့ များပြားတဲ့ပုံရိပ်ယောင်တွေကို ချန်ထားခဲ့တာမျိုးက သူမရဲ့မိဘတွေမလုပ်နိုင်တဲ့အရာမျိုးပါ။
အဖြူရောင်အလင်းတန်းတွေက ထန်ယာ့ရဲ့ခန္ဓာကိုယ်ကို ဆက်တိုက်တိုက်ခိုက်နေခဲ့ပေမဲ့ သူမက ကောင်းကောင်းမွန်မွန်ခုန်ရှောင်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာကတော့ ထိုင်ချန်အနေနဲ့ တန်ပြန်တိုက်ခိုက်နေခဲ့ရပါပြီ။
ဒီအချိန်မှာပဲ အတွင်းဘက်နေရာကနေ အသံကျယ်ကြီးထွက်ပေါ်လာပါတော့တယ်။
” ငါတို့မျိုးနွယ်ကို ဘယ်သူကပြဿနာလာရှာနေတာလဲ ”
ထိုင်ချန်နဲ့ အတော်ကိုတူညီလှတဲ့အကြီးအကဲတစ်ယောက်က နောက်ထပ်အကြီးအကဲနှစ်ယောက်ကို ခေါ်လာခဲ့ရင်း အပြင်ကိုထွက်လာပါတယ်။
ထန်ယာ့ရဲ့မျက်လုံးတစ်ခုလုံးအေးစက်တဲ့အလင်းတန်းတွေက ပိုမိုကြီးစိုးလို့လာခဲ့ပါပြီ။ ညာဘက်လက်ကိုမြောက်ရင်း လေထဲကိုဝှေ့ရမ်းလိုက်ပါတော့တယ်။ သူမရဲ့တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြီတဲ့နောက် အဲ့ဒီလူသုံးယောက်ဆီကို ခရမ်းရင့်ရောင်အလုံးတစ်လုံးက ပြေး၀င်လို့သွားပါတော့တယ်။
လေထဲမှာပေါက်ကွဲလို့သွားခဲ့ပြီတဲ့နောက် ကြီးမားတဲ့ငါးမီတာကျော်ရှိကွန်ယက်ကြီးတစ်ခုအသွင်ပြောင်းလဲလို့သွားပါတော့တယ်။ ဒါက ထန်ယာ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မြွေလိုပိုက်ကွန်ပါပဲ။ ဒီ၀ိညာဥ်စွမ်းရည်ကဟို့ယွိဟောင်နဲ့ ပေ့ပေ့တို့ကူညီပြီ သူ့ကိုရယူပေးခဲ့တဲ့ သွေးပန်းပွင့်မြွေဆီကနေရရှိလာခဲ့တာလဲ ဖြစ်ပါတယ်။
ထန်ယာ့ရဲ့၀ိညာဥ်စွမ်းရည်နဲ့ ဒီတိုက်ခိုက်မှုက ထိုင်ချန်မျှော်လင့်ထားတာထက်ကို ပိုပြီးအင်အားကြီးပါတယ်။ သူအဖေနဲ့အကြီးအကဲတွေရောက်ရှိလာပေမဲ့ သူမလုံခြုံတာကို သိနေခဲ့တယ်။ အထူးသဖြင့်သူ့ရှေ့မှာရှိနေတဲ့ အပြာရောင်ငွေမြက်ပင်တွေအားလုံးက သူ့ကိုဘက်ပေါင်းစုံကနေ တိုက်ခိုက်နေခဲ့လို့ပါပဲ။
ထိုင်ချန်အနေနဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းရဲ့ စွမ်းရည်ကိုသုံးနေခဲ့ရပါပြီ။ အဖြူရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်အပြင်ဘက်ကို ပြန့်လွှင့်လို့လာခဲ့ပြီ လက်မောင်းနှစ်ဖက်စလုံးက အရမ်းကိုကြီးမားတုတ်ခိုင်လာပါတော့တယ်။ မြေပြင်ကိုအားပြုရင် သူတစ်ချက်ခုန်လိုက်ပြီတဲ့နောက် အရှေ့ကိုရောက်လာနေတဲ့ နွယ်ပင်ကြီးတွေကိုသူဆက်တိုက်ထိုးခွဲပြစ်တော့တယ်။
ဒါပေမယ့် လက်သီးနဲ့နွယ်ပင်တွေထိထိချင်မှာတင် သူအမှားကြီးမှားသွားခဲ့ပြီဆိုတာကို သိသွားခဲ့ပါတယ်။ စူးရှတဲ့အဆူးချွန်တွေက သူ့ရဲ့အရေပြားထဲကို ဖောက်၀င်လို့လာခဲ့ပါပြီ။ သိုင်းပညာ၀ိညာဥ်က ဒါတွေကိုလုံး၀မခုခံနိုင်ခဲ့ပါဘူး။ ပိုဆိုးတာကတော့ ဒီအဆူးတွေနဲ့ထိတွေ့တဲ့နေရာတိုင်းမှာ ရှိရှိသမျှစွမ်းအင်တွေအားလုံးက စုပ်ယူခံရတာကိုခံစားနေရလို့ပါပဲ။
ဒါကဘယ်လိုစွမ်းအားမျိုးပါလိမ့်။
ထိုင်ချန်အနေနဲ့ သူ့ကိုကာကွယ်ဖို့အတွက် မှားယွင်းတဲ့နည်းလမ်းကို အသုံးပြုလိုက်မိပြီဖြစ်ပါတယ်။ သူဆက်ပြီခုခံလေလေ ဒီနွယ်ပင်တွေက သူ့အင်အားကိုစုပ်ယူလေပါပဲ။
ခုနှစ်ခေါက်ရှစ်ခေါက်လောက် တားဆီးပြီတဲ့နောက်မှာ လဲကျမတတ်ဖြစ်သွားပါတော့တယ်။ နောက်ထပ် နွယ်ပင်တစ်ပင်က သူဆီရောက်လာချိန်မှာတော့ သူ့ရဲ့လက်မောင်းက မတားဆီးနိုင်တော့ပါဘူး။ အရမ်းကြီမားတဲ့ဆူးချွန်တွေက သူ့လက်မောင်းထဲကိုစိုက်၀င်လို့သွားခဲ့ပါပြီ။ နွယ်ပင်တွေက သူ့တစ်ကိုယ်လုံးကို ၀ါးမြိုလို့သွားခဲ့ပြီတဲ့နောက် ကြောက်စရာအော်သံတွေနဲ့အတူ ပျောက်ကွယ်သွားရပါတော့တယ်။
လက်ရှိအချိန်မှာ ခရမ်းရောင်အလင်းတန်းတွေက ထန်ယာ့ကို အားဖြည့်ပေးထားပြီ သူမရဲ့အင်အားကလဲ စက္ကန့်နဲ့အမျှ ပိုပြီးတော့ကိုသန်မာလာခဲ့ပါတယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ရဲ့ စွမ်းအားကိုစုပ်ယူရတာက ထူးခြားပါတယ်။ သူမရဲ့၀ိညာဥ်စွမ်းအားတွေ ဆက်တိုက်တိုးတက်လာတာကို ထန်ယာ့ခံစားနေခဲ့မိတယ်။
ထိုင်ချန်ကို အပြာရောင်ငွေမြက်ပင်တွေ၀ါးမြိုခံနေရချိန်မှာ ထိုင်လီကဘယ်ရောက်နေခဲ့သလဲ။
သူ့သားသေတာကို ဘေးကနေသာရပ်ကြည့်နေခဲ့ရတဲ့ ထိုင်လီက ဘာမှကိုမလုပ်နိုင်ခဲ့ပါဘူး။
ထိုင်လီနဲ့ တခြားအကြီးအကဲနှစ်ယောက်က ထန်ယာ့ရဲ့မြွေလိုပိုက်ကွန်ကိုသာ ဖျက်ဆီးဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီပိုက်ကွန်ကသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို ခံနိုင်ရည်ရှိနေခဲ့တယ်။ သူတို့အသုံးပြုတဲ့ ဘယ်၀ိညာဥ်စွမ်းအားကိုမဆို လုံး၀ဖောက်ထွက်ခွင့်မပြုနိုင်ပဲ အားလုံးကတန်ပြန်ရောက်ရှိလာပါတယ်။
ဒီကွန်ယက်ထဲမှာရှိနေတဲ့ ဆူးချွန်တွေကြောင့် ကိုယ်တိုင်လဲသွားပြီမထိ၀ံ့ပါဘူး။ ဒါကြောင့်သာ သူတို့တွေနောက်ကိုဆုတ်လာခဲ့ရပါတယ်။ ဒီပိုက်ကွန်ကြီးက ဘယ်လောက်အထိ မြန်မြန်ဆန်ဆန်ရောက်ရှိလာနေလဲဆိုတာကို စကားနဲ့ဖော်ပြဖို့တောင်မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ထိုင်ချန်၀ါးမြိုခံလိုက်ရတာကို ကြည့်နေရင်း သူတို့ခုန်ရှောင်နိုင်လိုက်ပါတယ်။
” မင်း မင်းကငါသားကိုသတ်လိုက်တယ် ”
ထိုင်လီက ဒေါသတကြီးအော်ဟစ်ရင်း မျက်လုံးတွေနီရဲနေခဲ့ပါပြီ။ သူက ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့၀ိညာဥ်ဧကရာဇ်တစ်ယောက်ပါ။ သူ့ရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းလောက်အောင် ကြီးမားလာနေခဲ့ပါတယ်။ နှစ်ဒဿမငါးမီတာအထိကို ခန္ဓာကိုယ်ကကြီးမားလာခဲ့ပြီ ရှိရှိသမျှအစွမ်းအစတွေအားလုံးကို ထုတ်သုံးပါတော့တယ်။
သူက မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ရဲ့ခြေဖျားကိုတောင်မမီတဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်ပေမဲ့ အရည်အချင်းကို ၀ိညာဥ်စက်ကွင်းကြည့်ရုံနဲ့သိသာနေခဲ့တာပါ။ ၀ိညာဥ်စက်ကွင်းတွေက အဖြူရောင်တစ်ကွင်း အ၀ါရောင်နှစ်ကွင်းနဲ့ ခရမ်းရောင်သုံးကွင်းဖြစ်ပါတယ်။ အနက်ရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းမှရှိမနေပါဘူး။ ဒါကြောင့် သူ့အနေနဲ့ တစ်သက်လုံး၀ိညာဥ်ဧကရာဇ်အဆင့်အဖြစ်နဲ့သာ ကျန်ရှိမယ်လို့ဆိုလိုတာပါ။ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ဖြစ်လာဖို့နောက်ထပ် မျှော်လင့်ချက်မရှိတော့ပါဘူး။
ထန်ယာ့က ဘယ်သူလဲဆိုတာသိခဲ့တယ်။ တခြားအကြီးအကဲနှစ်ယောက်ကလဲ ထိတ်လန့်နေခဲ့ပါတယ်။ ထန်ယာ့ရဲ့၀ိညာဥ်စက်ကွင်းလေးကွင်းနဲ့အပြာရောင်ငွေမြက်ပင်ကိုမြင်ပြီချိန်မှာ သူ့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါပြီ။
” မျိုးနွယ်စုခေါင်းဆောင် သတိထားပါ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ပုံမှန်ဖြစ်တဲ့ပုံမပေါ်ဘူး..ဒါ့အပြင် သခင်လေးရဲ့အင်အားကိုလဲ စုပ်ယူလိုက်တဲ့ပုံပေါ်တယ်…သူ သူက မိစ္ဆာ၀ိညာဥ်ပညာရှင်တော့ မဟုတ်လောက်ဘူးမလား.. ”
မိစ္ဆာ၀ိညာဥ်ပညာရှင်ဆိုရင်တဲ့ စကားကိုသူပြောပြီချိန်မှာ မျက်နှာကဖြူဖျော့လို့သွားပါတော့တယ်။
မိစ္ဆာ၀ိညာဥ်ပညာရှင်တွေဆိုတာက သာမန်၀ိညာဥ်ပညာရှင်တွေအတွက်ဘာကိုဆိုလိုတာလဲ။ လုံး၀ကို သေခြင်းတရားပါပဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက သာမန်၀ိညာဥ်ပညာရှင်တွေထက်ကို ကျော်လွန်နိုင်တဲ့ မြန်ဆန်လွန်လှတဲ့ ကျင့်ကြံဆင့်ကို ထူးခြားတဲ့အစွမ်းအစနဲ့ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ပိုင်ဆိုင်ရာအခြေအနေကို မိစ္ဆာစိတ်ဓာတ်က တိုက်စားသွားပြီဖြစ်တဲ့အတွက် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရပြီတဲ့နောက်မှာ ဆက်တိုက်တိုးတက်ဖို့အတွက် အတော်လေးကိုခက်ခံနိုင်တယ်။
ထန်ယာ့ကတကယ်မိစ္ဆာ၀ိညာဥ်ပညာရှင်ဟုတ်ပါသလား အဖြေကတော့မှန်ကန်ပါတယ်။
ထန်ယာ့အနေနဲ့ ပထမဆုံးအကြိမ်အနေနဲ့ သိရှိလာခဲ့ရတာက သူမရဲ့ခန္ဓာကိုယ်ထဲမှာ သူမရဲ့မိဘတွေသိပြီသားဖြစ်တဲ့ ပုန်းကွယ်နေတဲ့ပါရမီတစ်မျိုးရှိနေတာပါပဲ။ ဒါကတော့ အသက်ကို၀ါးမြိုမှုပါ။ ဒီအရာက ပြင်းထန်လွန်လှတဲ့ မိစ္ဆာအငွေ့အသက်တွေအပြည့်ရှိနေခဲ့ပါတယ်။ ဒါကိုကောင်းကောင်းကြီးဖုံးကွယ်ထားနိုင်ခဲ့မယ်ဆိုရင် ကိုယ်တိုင်ကလိုလိုလားလားစတင်ပြီ အသက်မသွင်းသေးသရွေ့ထွက်ပေါ်လာမှာမဟုတ်ပါဘူး။
အမျက်ဒေါသကျောင်းတော်မှာထဲက ပေ့ပေ့နဲ့ယှဥ်လိုက်မယ်ဆိုရင် သူမအနေနဲ့ နောက်ဖက်မှာကျန်နေခဲ့တာကို သူမကောင်းကောင်းကြီးခံစားမိတယ်။ ထန်မျိုးနွယ်ကို ပြန်လည်တည်ထောင်ဖို့အတွက် သူမအတွက် လုံး၀ကိုမျှော်လင့်ချက်မဲ့နေခဲ့တယ်။ ဒါကြောင့် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ပေ့ပေ့သွားပြီယှဥ်ပြိုင်နေတဲ့အချိန် သူမရဲ့မွေးရာပါဒီအစွမ်းကို အသင်သွင်းဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။
အတန်းတွေပြီတဲ့အချိန်မှာတော့ ကျောင်းတော်ကနေ တိုးတိုးတိတ်တိတ်ထွက်လာခဲ့ပြီ သစ်တောတစ်ခုကိုရှာဖွေခဲ့ပါတယ်။ အဲ့ဒီနောက် သူမရဲ့သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့အပြာရောင်ငွေမြက်ပင်ကို လွှင့်ထုတ်ရင်းသစ်တောထဲမှာရှိတဲ့အပင်တွေအားလုံးကို ၀ါးမြိုပြစ်ခဲ့တယ်။ ဒါ့အပြင် သူမရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့်အတွက် သူတို့ရဲ့အသက်စွမ်းအားကိုလဲ စုပ်ယူခဲ့ပါသေးတယ်။ သူမရဲ့အသက်တွေကို၀ါးမြိုနိုင်တဲ့အစွမ်းက ကြီးမားလွန်တဲ့အတွက် ဒီမွေးရာပါအစွမ်းအစနဲ့အတူ ကျင့်ကြံဆင့်ကလဲ အများကြီးတိုးတက်လာခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့သိုင်းပညာ၀ိညာဥ်ကလဲ ဒါကြောင့် ပြောင်းလဲလို့သွားခဲ့ရတယ်။ လက်ရှိပုံသဏ္ဍာန်ဖြစ်တဲ့ အမှောင်ထုငွေမြက်ပင်အဖြစ်ကို ပြောင်းလဲသွားခဲ့တာပါ။
ထန်ယာ့မှာ သန်မာတဲ့စိတ်ပိုင်ဆိုင်ရာခိုင်မာမှုရှိပါတယ်။ ဒါ့အပြင် သူမရဲ့ကျင့်ကြံဆင့်က ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အသက်နဲ့ ၀ိညာဥ်စွမ်းအားကို၀ါးမြိုလိုက်မယ်ဆိုရင် တိုးတက်မှုပိုမြန်ဆန်မယ်မှန်း သူသိနေခဲ့တယ်။ ဒါပမယ့် သူဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး။ ထန်မျိုးနွယ်ကို ပြန်လည်တည်ထောင်ဖို့အတွက် ဘယ်လိုလုပ်အပြစ်ကင်းစင်တဲ့သူတွေကို သူမသတ်လို့ဘယ်ဖြစ်မှာလဲ။ ဒီနေ့ဒီချိန်မှာတော့ ထန်မျိုးနွယ်ရဲ့မူလနေရာမှာ နေထိုင်နေတဲ့ သူ့ရဲ့ရန်သူတော်တွေကိုကြည့်ရင်း သူမရဲ့သတ်ဖြတ်လိုစိတ်ကို ထိန်းမထားနိုင်တော့ပဲဖြစ်လာခဲ့ပါတယ်။
မိစ္ဆာစွမ်းအားက သူမစိတ်ကိုထိန်းချုပ်လို့သွားခဲ့ပြီ သံမဏိသွေးမျိုးနွယ်ထဲကို ၀င်ရောက်ရင်သတိလက်လွှတ်သတ်ဖြတ်ပါတော့တယ်။ အမှောင်ထုငွေမြက်ပင်ကို ထုတ်လွှတ်ပြီသတ်ဖြတ်ရင်းနဲ့ ရှိရှိသမျှတပည့်သားတွေရဲ့အသက်ကို သူမက၀ါးမြိုပြစ်တယ်။ ဒါကြောင့် မိစ္ဆာ၀ိညာဥ်ပညာရှင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
ထိုင်လီကတော့ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့အချက်ကို တွေးမိပြီချိန်မှာ ထိတ်လန့်လို့သွားခဲ့တယ်။ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့ ကျင့်ကြံဆင့်ကို သာမန်လူတွေအသိပညာနဲ့ တိုင်တာလို့မရနိုင်ပါဘူး။ ထန်ယာ့က ၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိပေမဲ့ သူမရဲ့စစ်မှန်တဲ့၀ိညာဥ်စွမ်းရည်က ထိုင်ချန်ကိုဘယ်လိုသတ်လိုက်လဲဆိုတာ ကြည့်ရုံနဲ့တင် ၀ိညာဥ်ဘိုးဘေးတွေရဲ့အဆင့်ကို ကျော်လွန်နေပြီမှန်း သိသာနေခဲ့ပါတယ်။
သူ့သားရဲ့အသေဆိုးသေရတဲ့ ကိစ္စကိုမြင်ပြီတဲ့နောက်မှာတော့ ကြောက်နေတဲ့ကိစ္စကို ထိုင်လီဂရုမစိုက်နိုင်ပါဘူး။ သူ့အနေနဲ့ သူသားရဲ့အလောင်းကိုတောင် မြင်ခွင့်မရလိုက်ပဲရှိခဲ့ပါတယ်။
ထန်ယာ့ဆီကို ပြေး၀င်လို့သွားခဲ့ရင် သူဒေါသတကြီးနဲ့အော်ဟစ်တော့တယ်။
ထန်ယာ့ရဲ့ အမှောင်ထုအပြာရောင်ငွေမြက်ပင်က အင်အားအကြီးဆုံးဖြစ်နေခဲ့သလို လက်ရှိအချိန်မှာတိုက်ခိုက်ရင်း ပိုသန်မာလာခဲ့ပါပြီ။ သူမက သူ့ရဲ့ခန္ဓာကိုယ်ကို ရန်သူရဲ့အသက်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားတွေအသုံးပြုရင်း ဆက်တိုက်အားဖြည့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီနွယ်ပင်တွေက သူ့တို့ဘာသာသူတို့စုပ်ယူရင်းနဲ့ သန့်စင်နိုင်တဲ့အင်အားကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ မိစ္ဆာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့ထူးခြားချက်ပါပဲ။
မိစ္ဆာ၀ိညာဥ်ပညာရှင်တွေအာလုံးက သန်မာကြတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ထန်ယာ့ရဲ့ အမှောင်ထုငွေမြက်ပင်က အရမ်းကိုထူးချွန်နေခဲ့ပြီ ကြီးမားတဲ့အနာဂတ်အလားအလာရှိနေခဲ့ပါတယ်။
ထန်ယာ့ရဲ့မျက်လုံးထဲကနေ သွေးတွေစီးကျတော့မတတ်ဖြစ်နေခဲ့ပြီ သူမရန်သူတော်ကြီးကို ရင်ဆိုင်ရချိန်မှာ ပိုမိုလို့ပူပြင်းတောက်လောင်လာပါတော့တယ်။ သူမရဲ့အတွင်းပိုင်းအမုန်းတရားတွေ က မိီးတောင်ရှည်ကြီးတစ်ခုလိုမျိုး ပေါက်ကွဲမှုအသင့်ဖြစ်နေခဲ့ပါပြီ။ ထူးထပ်လွန်လှတဲ့ အပြာရောင်ငွေမြက်ပင်တွေက သွေးနီရောင်အလင်းတန်းခပ်ဖျော့ဖျော့နဲ့အတူ အပြင်ကိုပြန့်ထွက်လို့လာရင်း ထိုင်လီကို ရူးရူးသွပ်သွပ်တိုက်ခိုက်ပါတော့တယ်။
ထိုင်လီကလဲ တူညီတဲ့သံမဏိလက်မောင်း၀က်၀ံသိုင်းပညာ၀ိညာဥ်ရှိတဲ့သူပါ။ ဒါပေမယ့် သူကတော့ ပိုပြီးသန်မာပါတယ်။ သူ့ရဲ့လက်မောင်းထူထူတွေက အရမ်းကိုမာကြောနေခဲ့ပြီ တတိယ၀ိညာဥ်စက်ကွင်းရဲ့ အားဖြည့်မှုနဲ့အတူ ရှိနေခဲ့ပါတယ်။ အဆူးချွန်ချွန်တွေက သူ့ရဲ့အရေပြားကိုမဖောက်ထွက်နိုင်ပါဘူး။ ဒီနွယ်ပင်တွေကို ခါထုတ်ပြစ်ရင်း ထန်ယာ့အနီးကိုကပ်လာပါတော့တယ်။
ဘေးနားမှာရှိနေတဲ့ ၀ိညာဥ်ဘုရင်နှစ်ယောက်ကလဲ ထိုင်စောင့်မနေခဲ့ကြပါဘူး။ သူတို့ထဲမှာ တစ်ယောက်ကအမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်သလို နောက်တစ်ယောက်ကတော့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ပါ။ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ကတော့ မြန်ဆန်၀ံပုလွေနဲ့ ကြာပွတ်ရှည်တို့ပါပဲ။ သာမန်သိုင်းပညာ၀ိညာဥ်တွေသာ ဖြစ်ပါတယ်။ ကြာပွတ်ရှည်ကိုပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်က စတုတ္ထ၀ိညာဥ်စွမ်းရည်ကို ထုတ်လွှတ်ရင်းနဲ့ လေထဲမှာစက်၀ိုင်းပုံသဏ္ဍာန်အ၀ိုင်းက ထန်ယာ့ကို တိုက်ခိုက်ပါတယ်။ လျင်မြန်၀ံပုလွေကို ပိုင်ဆိုင်ထားတဲ့၀ိညာဥ်ဘုရင်တွေရဲ့အနောက်ဖက်ကိုပြေး၀င်လို့သွားခဲ့ပြီ သူ့ရဲ့လက်သည်းတွေနဲ့ သူမကိုခုန်အုပ်ဖို့လုပ်ပါတော့တယ်။
ထန်ယာ့ကတော့ တိုက်ခိုက်မှုသုံးခုကို တစ်ပြိုင်နက်ထဲရင်ဆိုင်ရတာပါ။ ပေ့ပေ့ ရှုစန်းရှိီတို့တောင်မှ ဒီအခြေအနေကိုရင်ဆိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ထန်ယာ့ရဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်သန်မာမှုက ဒီအချိန်မှာထွက်ပေါ်လာခဲ့ပါပြီ။
” နင်တို့အားလုံးသေရမယ် ”
သူမအော်ဟစ်ရင်းနဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်ချိန်မှာတော့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။
စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းက သူ့ရဲ့အမှောင်ထုအစွမ်းအစတွေအပြည့်အ၀နိုးထနေချိန်မှာ ပထမဆုံးထည့်သွင်းတဲ့၀ိညာဥ်စက်ကွင်းလဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အသန်မာဆုံး၀ိညာဥ်စွမ်းရည်ကိုပိုင်ဆိုင်ထားတယ်လို့ပြောရမှာပါ။ နှစ်ပေါင်းသက်တမ်းငါးထောင်ရှိပြီဖြစ်တဲ့ အပင်တစ်ပင်ကနေရရှိလာတဲ့ ၀ိညာဥ်စွမ်းရည်လဲဖြစ်ပါတယ်။
ထူးဆန်းတဲ့ခရမ်းနီရောင်အလွှာတစ်လွှာက ထန်ယာ့ရဲ့အပြင်ဘက်ဆီကို ပျံသန်းလို့လာခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်ကိုအလည်ဗဟိုပြုရင်း ကြီးမားတဲ့ခရမ်းနီရောင်အလင်းလုံးနှစ်လုံးက နှစ်မီတာအချင်းနဲ့အတူဖြစ်ပေါ်လို့လာခဲ့ပါတယ်။ ဒီထူးဆန်းတဲ့ အလင်းလုံးတွေပေါ်မှာ အစင်းကျားတွေရှိနေခဲ့ပြီ လက်ရှိအချိန်မှာတော့ တိုက်ခိုက်နေတဲ့ထိုင်လီလဲ နောက်ပြန်ဆုတ်လို့သွားခဲ့ပါတယ်။ အပေါ်ဖက်ကနေ ကျရောက်လာတဲ့ကြာပွတ်ရှည်ကလဲ အဝေးကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒီအလင်းတန်းတွေက ရှိရှိသမျှအရာအားလုံးကို လွှင့်ထုတ်ပြစ်နေခဲ့ပါတယ်။
အပိုင်း ၁၄၁•၂ ပြီး၏။