Switch Mode

Chapter – 107

သံသယများ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၇ – သံသယများ

တောအုပ်ကြီးမှာ တိတ်ဆိတ်နေသည်။ ဝံပုလွေအလောင်းနား၌ မည်သူမှ မရှိတော့။

တောင်၌စိုက်ဝင်နေသည့် ဝံပုလွေသွားကို တူးထုတ်ရန်အတွက် တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့ အချိန်အတော်ယူလိုက်ရသည်။

ဤသည်မှာ မီးခိုးပြာဝံပုလွေ နောက်ဆုံးအသုံးပြုခဲ့သည့်လက်နက်ပင်။ ဤသွားများဖြင့် ချူဖုန်းကို ပစ်လိုက်ခြင်းဖြစ်သော်လည်း ချူဖုန်းကို မထိပဲ ကျောက်တုံးကြီးကို ထိုးဖောက်သွားကာ တောင်ကုန်းငယ်လေး၌ စိုက်ဝင်သွားခဲ့သည်ပင်။

သွားများသည် တစ်မီတာကျော်ရှည်လျားသည်။ လက်မောင်းတစ်ဖက်ထက် ထူထဲပြီး ထရပ်ကားတစ်စီးထက်ပင် လေးနေသည်။

မီးခိုးပြာဝံပုလွေသည် ပြန်လည်မွေးဖွားခြင်းတွင် ရှုံးနိမ့်ခဲ့သောကြောင့်သာ။ မဟုတ်ပါက ဤသွားများသည် ဤထက်ပင် ပိုကြီးလိမ့်မည်။

“ဘာလို့ ဒီသွားတွေထဲမှာ ထူးဆန်းတဲ့စွမ်းအင်တစ်မျိုးစီးဆင်းနေတယ်လို့ ခံစားနေရတာလဲ..” ယုယန်ချင်း ပြောလိုက်သည်။

သူ ထိုသွားကို ချူဖုန်းထံ လက်ဆင့်ကမ်းလိုက်သည်။ ချူဖုန်းသည် ခေါင်းငြိမ့်လိုက်ကာ “စွမ်းအင်တွေ ပြည့်နေတာပဲ..”

ဤထူးဆန်းသည့်စွမ်းအင်မှာ ပြန်လည်မွေးဖွားသည့်အဖြစ်အပျက်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူ ထင်သည်။ ဤသွားများတွင်စွမ်းအင်ပြည့်ဝနေသောကြောင့် လက်နက်များ သို့မဟုတ် ဆွဲသီးများအဖြစ် ထွင်းထု၍ ရလောက်သည်။

သူ့မိဘများအတွက် ပုတီးစေ့အချို့ လုပ်ပေးချင်နေခဲ့သည်ဖြစ်သောကြောင့် ဤသွားများမှာ အကောင်းဆုံးဖြစ်မည်ပင်။ ဤသွားများထဲ၌ ရှိနေသည့် စွမ်းအင်များသည် ဝတ်ဆင်သူကို ကျန်းမာရေး ကောင်းစေလိမ့်မည်။

မီးခိုးပြာဝံပုလွေမှာ သားရဲဘုရင်ဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ တန်ဖိုးရှိသည်ပင်။

ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့လည်း အောင်မြင်မှုများဖြင့် ပြန်လာခဲ့ကြသည်။ ထွက်ပြေးသွားသည့် တပ်သားများ အားလုံးနီးပါးကို သတ်ခဲ့ပြီး အရှင်ဖမ်းခဲ့သည့်သူများကိုလည်း အာဏာပိုင်များကို လွှဲပေးလိုက်ပြီဖြစ်သည်။

ယခုတစ်ခေါက်တော့ သူတို့အဖွဲ့ အောင်မြင်မှုများ ရရှိခဲ့လေပြီ။

သူတို့သည် မကောင်းဆိုးဝါးတစ်ကောင်အား ကြည့်နေသကဲ့သို့ ချူဖုန်းကို စိုက်ကြည့်နေကြလေသည်။ တိုက်ပွဲမြင်ကွင်းမှာ သူတို့ခေါင်းထဲ၌ ရှင်းရှင်းလင်းလင်း စွဲထင်နေဆဲပင်။

“ကောင်းပြီ .. ငါတို့ဘာမှမပြောခင် အောင်မြင်မှုအတွက် တစ်ခွက်လောက် သောက်ရအောင် .. ဒီမှာ .. ငါ ရေဗူးတစ်ချို့ တွေ့ခဲ့တယ် .. ဝံပုလွေသွေးသောက်ပြီး ရေငတ်ပြေအောင် လုပ်ရမယ်..” ချူဖုန်း ပြောလိုက်သည်။

သူ့စကားမှာ အခြားလေးဦးကို မူးဝေသွားစေခဲ့သည်။

ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူတို့ ပစ္စည်းထည့်သည့်သေတ္တာထဲမှ ရေဗူးအချို့ထုတ်လာပြီး ဝံပုလွေသွေးနှင့် ရောလိုက်သည်။

သူတို့ငါးယောက် ခွက်ချင်းတိုက် အောင်ပွဲခံနေသည့်အချိန်တွင် စစ်တပ် ရောက်ရှိလာသည်။

ထိုတပ်သားများထဲတွင် အသက်ကြီးကြီးပုဂ္ဂိုလ်တစ်ဦးလည်းပါသည်။ ဤလူများ သားရဲဘုရင်သွေးအား သောက်တော့မည့်ကို မြင်လိုက်ရသည့်အချိန် သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “မသောက်နဲ့ .. မသန့်စင်ရသေးတဲ့သွေးက မင်းတို့ကို အဆိပ်ပဲ ဖြစ်စေလိမ့်မယ် .. မသောက်နဲ့..”

ဤလူအိုကြီးမှာ တိုင်းပြည်ထဲမှ အကောင်းဆုံးသုတေသနအဖွဲ့တစ်ခုအား ဦးဆောင်နေသည့်သူပင်။ သူ ဤလူများထံ ပြေးလာသည်နှင့် သူ့နောက်မှ တပ်သားတစ်စု လိုက်ပါလာသည်။ ပြေးလာရသဖြင့် ဤလူကြီး မောပန်းနေပြီး မျက်နှာလည်း ဖြူဆုတ်နေလေသည်။

သူ၏ထိတ်လန့်မှုကို ဖော်ပြနိုင်မည့် စကားလုံးပင် မရှိတော့။ ဤမျှနမော်နမဲ့နေသည့်လူများကို သူ တစ်ခါမှ မတွေ့ဖူး။ ဘယ်လိုသတ္တိမျိုးနဲ့များ ဖြစ်လာမယ့်အကျိုးဆက်တွေကို မသိပဲ သားရဲဘုရင်သွေးကို သောက်ရဲရတာလဲ..

သားရဲဘုရင်သွေးမှာ ရှားပါးရတနာတစ်ခုပင်။ တိုင်းပြည်မှ သုတေသနအဖွဲ့များမှာ အချင်းချင်း ဖူးယောင်လာသည်အထိ ရိုက်နှက်ပြီး ဤသွေးကို လုယူကြလိမ့်မည်။ သုတေသနသမားတိုင်းသည် ဤသုတေသနနယ်ပယ်တွင် ထူးခြားသည့် တစ်ခုခုကို ရှာတွေ့နိုင်ရန် မျှော်လင့်နေကြသောကြောင့် သွေးစက်တစ်စက်ပင်လျှင် သူတို့အတွက် အဖိုးမဖြတ်နိုင်။

သို့သော် ဤလူများကတော့ သွေးများကို တစ်လီတာဗူးထဲထည့်ပြီး သောက်ရန် ပြင်နေကြသည်။

“ဒါက အဆိပ်ရှိတယ်ဆိုတာ သေချာလား…” ယုယန်ချင်း‌ မေးလိုက်သည်။

တကယ်တမ်းတွင် သူတို့ ဤသွေးကို တကယ်သောက်မည်မဟုတ်ပေ။ အဆိပ်မိမည်ကို သူတို့ကြောက်သည်။ သို့သော် စစ်တပ်ကြီး ရောက်လာသည်ကိုမြင်လိုက်ရသောကြောင့် သူတို့သည် စစ်တပ်ကြီး မည်ကဲ့သို့ တုံ့ပြန်မည်ကို သိချင်သောကြောင့် အချင်းချင်း ခွက်တိုက်လိုက်ကြခြင်းပင်။

“သားရဲဘုရင်တစ်ကောင်ရဲ့သွေးက မင်းတို့ကို အဆင့်တက်စေနိုင်လိမ့်မယ် .. ဒါပေမဲ့ ဒီသွေးကို အရင်ဆုံး ပြုပြင်ဖို့လိုတယ် .. သူ့ရဲ့အာနိသင်တွေကို ဆွဲထုတ်ပြီးတော့ တစ်ခြားဆေးတွေနဲ့ ပေါင်းရဦးမှာ .. မဟုတ်ရင် သိပ်ပြီးတော့ အကျိုးကျေးဇူးရှိမှာမဟုတ်ဘူး” ထိုလူကြီး စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။

သူ ဤလူများကို လေးလေးစားစား ဆက်ဆံရမည်ပင်။ မည်သို့ပင်ဖြစ်စေ ဤလူများမှာ ဝံပုလွေကို သတ်လိုက်သည့်သူရဲကောင်းများဖြစ်ကြသည်ပင်။ ထို့အပြင် အထက်လူကြီးများထံမှလည်း အမိန့်ရထားသည်။ သွေးများကို သန့်စင်ပြီးသည်နှင့် ဤလူများကို အရင်ပေးရမည်ပင်။

ချူဖုန်းသည် အကာအကွယ်ဝတ်စုံနှင့် ခေါင်းဆောင်းကိုဆောင်းကာ အဝေး၌ ရပ်နေလိုက်သည်။ သူ့ကို လူအများဝိုင်းအုံကြည့်မည်ကို သူ မကြိုက်။

တကယ်တမ်းတွင် လူအများစုမှာ သူ့ကို ချောင်းကြည့်နေကြပြီးဖြစ်သည်။ စစ်တပ်ထဲတွင်လည်း သန္ဓေပြောင်းလူများရှိသောကြောင့် အားလုံးမှာ ဝံပုလွေသတ်သည့်သူရဲကောင်းကို မြင်ချင်နေကြသည်။ တင်းကြပ်သည့်စည်းမျဉ်းစည်းကမ်းများကြောင့်သာမဟုတ်ပါက သူတို့ ချူဖုန်းကို ဝိုင်းအုံပြီး မေးခွန်းမျိုးစုံ မေးနေလောက်ပြီဖြစ်သည်။

သုတေသနပညာရှင်များပင် အလွန်စိတ်အားတက်ကြွနေကြ၏။ အထူးသဖြင့် ထိုလူအိုကြီးပင်။ သူသည် ချူဖုန်းကို တောက်ပသည့်မျက်လုံးများဖြင့် ကြည့်နေလေသည်။

“အဲဒီမှာ ရပ်လိုက် လူအိုကြီး .. ခင်ဗျား ကျုပ်နားကပ်မလာနဲ့ .. စကားလည်းတစ်ခွန်းမှ မပြောနဲ့” ချူဖုန်း သူ့ကို သတိပေးလိုက်သည်။ သူ့မျက်လုံးထဲမှ စိတ်အားထက်သန်မှုမှာ သူ မည်မျှပင် စိတ်ဓာတ်ပြင်းထန်ကြောင်း ပြသနေသည်။ စိတ်စွဲလမ်းမှု အဆုံးစွန်ထိ ကြီးမားလွန်းသွားလျှင် ရူးသွပ်မှုသာ ဖြစ်ပေါ်လာလိမ့်မည်။ ဤသုတေသနရူး ရူးနေသည့်လူကြီး ဘာလိုချင်နေသည်ကို သူသိသည်။ ထို့ကြောင့်လည်း ဤလူကို ရပ်တန့်ခိုင်းလိုက်ခြင်းပင်။

လူအုပ်ကြီးမှာ ဆွံ့အသွားကြသည်။ ဤလူအိုကြီး ဘာလိုချင်နေသည်ကို သူတို့လည်း ခန့်မှန်းမိသည်ပင်။

လူအိုကြီးတော့ စမ်းသပ်ရန်အတွက် ချူဖုန်း၏သွေးအနည်းငယ်ကို လိုချင်နေဆဲပင်။

သို့သော် သူ မည်ကဲ့သို့ တောင်းရမည်နည်း..

“ခင်ဗျား ဘာလိုချင်နေလဲဆိုတာ ကျုပ်သိတယ် .. အဲဒီတော့ ကျုပ်ခင်‌ဗျားပါးစပ် ပိတ်သွားအောင် မလုပ်ခင် ပါးစပ်ပိတ်ထားလိုက်တော့..” ချူဖုန်း လူအိုကြီးကို သတိပေးလိုက်သည်။

လူအုပ်ကြီးမှာ မနေနိုင်တော့ပဲ ရယ်မောလိုက်ကြတော့သည်။

လူအိုကြီးမှာ ရှက်သည့်ပုံဖြင့် အဝေးသို့ လျှောက်သွားလိုက်သည်။ သူ ဘာပြောရမှန်းပင် မသိတော့။ ပုံမှန်ဆိုလျှင် သူ့တောင်းဆိုမှုကို မည်သူမှ မဆန့်ကျင်ရဲ။ သို့သော် ချူဖုန်းရှေ့တွင်တော့ သူ ဘာမှမတတ်နိုင်တော့။

သုတေသနပညာရှင်များသည် မီးခိုးပြာဝံပုလွေအလောင်းကို ဝိုင်းလိုက်ကြပြီး လုပ်စရာရှိသည်များကို မြန်မြန်လုပ်လိုက်ကြသည်။ အချို့မှာ အတွင်းအင်္ဂါများ ထုတ်ယူကြပြီး အချို့မှာ သွေးများကို သိမ်းဆည်းနေသည်။ အရေးကြီးသည့်တစ်ရှူးများ လတ်ဆတ်နေစေရန်အတွက် သူတို့ လျင်မြန်စွာပင် လုပ်ဆောင်လိုက်ကြသည်။

ထို့နောက် သူတို့သည် ထုပ်ပိုးထားသည့်ပစ္စည်းများကို ထရပ်ကားပေါ်သို့ မြန်မြန်တင်လိုက်ကြသည်။

“ဆရာတို့ ပြုပြင်တဲ့လုပ်ငန်းစဉ် မြန်မြန်ပြီးဖို့ ဆုတောင်းပေးပါတယ် .. တကယ်လို့ သွေးက ကျွန်တော်တို့ကို အဆင့်မြင့်စေနိုင်တယ်ဆိုရင် ကျွန်တော်တို့ အဲဒီသွေးကို တတ်နိုင်သမျှ မြန်မြန်သောက်ရဖို့ မျှော်လင့်ပါတယ်” ယုယန်ချင်း အလောတကြီး ပြောလိုက်သည်။

“ခဏ..” ချူဖုန်း အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့ ကျန်တဲ့ခန္ဓာကိုယ် ထားခဲ့လို့ရတယ် .. ဒါပေမဲ့ ကျွန်တော်တို့အတွက် ခြေထောက်ထားခဲ့ပေး”

သုတေသနပညာရှင်များ ရှုပ်ထွေးသွားရသည်။ သူတို့ ချူဖုန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်ကြသော်လည်း ချူဖုန်းသည် ဤခြေထောက်များကို ဗိုက်ဖြည့်ရန်အတွက် လိုချင်ကြောင်း သိလိုက်ရသည့်အချိန် သူတို့မျက်နှာများ အစိမ်းရောင်ပြောင်းသွားသည်။ သူတို့သည် အလောင်းရှေ့ ဒိုင်းကာအဖြစ်ကာဆီးလိုက်ကာ “မင်း အသားတွေ စားလို့မရဘူး .. ဘုရားရဲ့လက်ဆောင်ကောင်းကို လျှောက်မဖြုန်းတီးနဲ့..”

နောက်ဆုံးတွင် ထိုဉာဏ်များသည့် လူအိုကြီး ဝင်ဖြေရှင်းလာလေ၏။ “ဒီဝံပုလွေအသားက နျူးကလီးယားသတ္တိကြွလှိုင်းဒဏ်သင့်နေတာ .. ဒီအသားတွေကို စားတာက စိန်အဆိပ်ကိုစားတာနဲ့ အတူတူပဲ”

ချူဖုန်း သူ့အဖွဲ့သားများအား ကြည့်လိုက်သည့်အချိန်တွင် ကျန်သည့်လေးယောက်သည် ပလုတ်တုတ်ဗုံကဲ့သို့ ခေါင်းခါပြလာလေ၏။ ဤအသားစားမည့်အစား အသေသာခံလိုက်မည်။

“ကောင်းပြီလေ အဲဒါဆိုလည်း”

နောက်ဆုံးတွင်တော့ ချူဖုန်းသည် အစွယ်နှစ်ချောင်းကို ပုခုံးထက်တင်ကာ ထွက်သွားလိုက်လေသည်။

ဤသည်မှာ သုတေသနပညာရှင်များအတွက် ရင်ကွဲရသည့်အခိုက်အတန့်ပင်။ ချူဖုန်း အစွယ်နှစ်ချောင်းနှင့် ပျောက်ကွယ်သွားသည်နှင့် အချို့သူများ အော်ဟစ်လာကြသည်။

ဤလူများမှာ အချစ်နွံထဲကျနေသည့် မိန်းမပျိုလေးများကဲ့သို့ ဝမ်းနည်းပူဆွေးနေကြလေသည်။

ထိုနေ့တွင် ချူဖုန်းသည် ရွှမ်းထျန်သို့သွားသည့် လေယာဉ်တစ်စီးပေါ် တိတ်တိတ်လေး တက်နေလိုက်သည်။ ကျန်သည့်အဖွဲ့သားများကတော့ စစ်တပ်ကို သတင်းပို့ရမည့်ကိစ္စများအတွက် နေခဲ့ရဦးမည်။

အပြင်လောကတွင်တော့ စိတ်လှုပ်ရှားမှုများဖြင့် ပွက်လောရိုက်နေကြသည်။

တိုက်ခိုက်မှု ပြီးဆုံးသွားပြီဖြစ်သော်လည်း လူများသည် ထုတ်လွှင့်မှုကို ပြန်ကြည့်နေကြဆဲပင်။ လူတစ်ယောက်တည်းဖြင့် သားရဲဘုရင်ကို ခေါင်းဖြတ်လိုက်ခြင်းမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်ပင်။

“သူ ဘယ်သူလဲ..”

ဤသည်မှာ အားလုံး သိချင်နေသည့်မေးခွန်းပင်။ သို့သော် ထိုလူသည် တိုက်ခိုက်နေစဉ်အတွင်း‌ ခေါင်းဆောင်းဆောင်းထားသောကြောင့် သူ့မျက်နှာကို သေချာမမြင်ရ။

ခေါင်းဆောင်းပျက်စီးသွားသည့်အချိန်မှာပင် သဲမှုန့်နှင့် ဖုန်မှုန့်များ လွင့်မျောနေသောကြောင့် သူ့မျက်နှာကို သေချာမမြင်ရ။

ကျန်းလော့ရှန်းလည်း ထုတ်လွှင့်မှုကို ထပ်ခါတလဲလဲ ပြန်ရစ်ကြည့်နေပြီး မျက်လုံးများလည်း စခရင်ကိုသာ အာရုံစိုက်ထားသည်။

လင်းနွိုင်လည်း ထို့အတူပင်။

သတင်းများမှာ အတောင်ပံ ပေါက်နေသကဲ့သို့ပင်။ ခဏကြာပြီးနောက် ဗီဒီယိုများသည် အနောက်နိုင်ငံများထိပါ ပျံ့နှံ့သွားလေသည်။

ထိုနေ့တွင် စစ်တပ်ထွက်လာပြီး ဥရောပအစိုးရနှင့် ဆက်သွယ်ကာ ချူဖုန်းအား တိုက်ခိုက်သည့်ခေါင်းဆောင်များ၏ ဓာတ်ပုံများကို ပို့ပေးခဲ့ကာ သူတို့ရာဇဝတ်သားများအား ဖမ်းမိခဲ့သည့်အတွက် ဆုလာဘ်များ တောင်းလိုက်သည်။

အချို့လူများမှာ ဥရောပမှ နှစ်ပေါင်းများစွာ အလိုရှိနေခဲ့သည့် ရာဇဝတ်သားများပင်။

ဓာတ်ပုံများ လက်ခံရရှိလိုက်သည့် ဥရောပမှ အရာရှိများမှာ ဘာပြောရမှန်းပင်မသိတော့။ “မင်းတို့တွေ မီးခိုးပြာဝံပုလွေရဲ့ အလောင်းကို ရထားပြီးသားလေ .. အဲဒီတော့ ထွက်သွားလိုက်တော့ .. ငါတို့မင်းကို ဘာမှပေးမှာမဟုတ်ဘူး..”

လေယာဉ်ပေါ်တွင် ချူဖုန်း၏ခန္ဓာကိုယ် အက်ကွဲနေသည်။ သူသည် မိုးကြိုးအသက်ရှူစည်းချက်ကို အသုံးပြုကာ ချို့ယွင်းနေသည့် သူ့ခန္ဓာကိုယ်ကို ပြုပြင်လိုက်သည်။

သူ့ခန္ဓာကိုယ်သည် အသက်ရှူစည်းချက်ကို တုံ့ပြန်ကာ ချက်ချင်းပင် အကျိုးရလဒ်များ ရလာသည်။ သူ့အသွေးအသားနှင့် စိတ်ဝိညာဉ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများသည် ချွေးနှင့်အတူ အပြင်သို့ ထွက်လာသည်။

သူ့လက်မှ ဒဏ်ရာလည်းပြန်သက်သာသွားသည်။

တစ်နာရီကြာပြီးနောက် သူ့ဖုန်း အသံမြည်လာသည်။ နွားဝါလေး ဗီဒီယိုကောလ် ခေါ်လာခြင်းပင်။

“မူး..” နွားဝါလေး၏မျက်လုံးထဲတွင် ထူးဆန်းသည့်အမူအရာ ရှိနေသည်။ နွားဝါလေးလည်း ဗီဒီယိုကို မြင်ပြီးသွားသည်မှာ သိသာသည်။

ထိုအချိန် နွားရိုင်းနက်ကြီးလည်း ဖန်သားပြင်ထက်၌ ပေါ်လာသည်။ နွားနက်ကြီးသည် ချူဖုန်းကို ကြည့်လိုက်ကာ “တော်တယ်သားလေး .. အဲဒီခွေးအိုကြီးကို ငါ့အတွက် ရှင်းပေးလိုက်တာ တော်တယ် .. မင်းက ငါငယ်ငယ်တုန်းကနဲ့ နည်းနည်းတူတယ် .. အရမ်းတော့ မတူသေးဘူး”

“အိုး နွားနက်ကြီး .. ကျွန်တော့်ကို ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ဒါပေမဲ့ နွားနက်ကြီးပြောတဲ့ ‘ငါငယ်ငယ်တုန်းက’ဆိုတာ ဘာကိုဆိုလိုတာလဲ .. ဘယ်လောက်ငယ်တာလဲ .. နှစ်ရာဂဏန်းငယ်တာလား .. ထောင်ဂဏန်းငယ်တာလား” ချူဖုန်း ထိုစကားကို အခွင့်ကောင်းယူကာ နွားနက်ကြီး၏ အသက်ကိုသိအောင် လုပ်လိုက်သည်။

“တော်တော့ ဟေ့ကောင် .. ငါ ရွှမ်းထျန်ကို ပြန်လာတဲ့အချိန်ကို စောင့်နေလိုက် .. မင်း အသက်ရှင်နေရတာထက် သေပါရစေလို့ ဆုတောင်းအောင် လုပ်ပေးမယ် .. ငါ မင်းကို ဘယ်နှခါ သတိပေးနေရမှာလဲ .. ငါက နွားနက်ကြီးမဟုတ်ဘူး နတ်ဆိုးနွား..” နွားနက်ကြီးအသံမှာ ဒေါသထွက်နေသည့်ပုံပင်။

ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ သူ့အမှားတော့မဟုတ်။ နွားနက်ကြီးမှာ ခေါ်လို့ကောင်းသည်ပင်။ “မစ္စတာနတ်ဆိုးနွား .. ကျွန်တော် ရိုင်းပျဖို့မရည်ရွယ်ပါဘူး .. ခင်ဗျားက ကျွန်တော့်ရဲ့ စီနီယာဆိုတာ သိပါတယ် .. ကျွန်တော်က နတ်ဆိုးနွားကြီးရဲ့ ဇစ်မြစ်ကို နည်းနည်းလောက် ပိုသိချင်ရုံပါ .. ဥပမာအားဖြင့် စီနီယာ ဘယ်မှာ မွေးတာလဲ ဆိုတာမျိုးပေါ့..”

“အသက်က ငါတို့အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးရှိတယ်ဆိုတာ မင်းသိတယ်မလား .. ဒါက လျှို့ဝှက်ချက်ပဲ..” နွားရိုင်းနက်ကြီး သူ့ကို မပြောပြ။ “ဟား ဟား .. ငါ မင်းအတွက် သတင်းကောင်းရှိတယ်..”

ချူဖုန်းချက်ချင်းစိတ်ဝင်စားသွားရသည်။ “ဘာသတင်းကောင်းလဲ .. ပြောပြ..”

“ငါက တစ်ဆင့်ကြားထားတာကို ပြန်ပြောပြရုံတင်ပါ .. အတည်မပြုရသေးဘူး .. ငါကြားတာတော့ တစ်ချို့သားရဲဘုရင်တွေ မင်းကို သတ်ချင်နေကြတယ်တဲ့”

ချူဖုန်း၏ ပြုံးရွှင်နေသည့်မျက်နှာမှာ ချက်ချင်းပင် မှုန်မှိုင်းသွားသည်။ “ဘယ်ကောင်သတ်ချင်နေတာလဲ..” သူ ပြောလိုက်သည်။ သူ့အသံမှာ မာရေကျောရေပုံပေါက်နေသော်လည်း သူ့စိတ်ထဲ ကြောက်နေသည်ပင်။

“ဘာလို့ အလေးအနက်ထားနေတာလဲ .. ငါက စနေတာပါ .. ဘယ်သူ မင်းကို အမုန်းဆုံးလဲတော့မသိဘူး ဒါပေမဲ့ သေချာတာတစ်ခုကတော့ တစ်ယောက်ယောက် မင်းကို သေစေချင်နေတာပဲ .. ‘အတောက်ပဆုံးငှက်ကိုပဲ ပစ်ခတ်တယ်’ ဆိုတဲ့ စကားပုံကို မကြားဖူးဘူးလား .. မင်း အဲဒီခွေးအိုကြီးကို သတ်လိုက်တာမှန်တယ် .. ဒါပေမဲ့ ဒါက အဆုံးသတ်မဟုတ်သေးဘူး” နွားနက်ကြီး သတိပေးလိုက်သည်။

ချူဖုန်း လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။

“ခင်ဗျားတို့ ခွန်းလွန်မှာ ဘာလုပ်နေကြတာလဲ .. ကျုပ် ခင်ဗျားတို့နဲ့ ဝင်ပါချင်လှပြီ..”

“လာခဲ့လေ .. ဘာလို့မလာလဲ .. သားရဲဘုရင်တစ်ယောက်ယောက်ကတော့ မင်းကို နွေးနွေးထွေးထွေးကြိုဆိုနေမှာ သေချာတယ်” နွားနက်ကြီး ရယ်မော၍ ပြောလိုက်သည်။

“ချူဖုန်း ငါတို့ဆီလာခဲ့ .. ခွန်းလွန်တောင်က အရင်ကနဲ့ မတူတော့ဘူး .. အဝေးကနေကြည့်ရင်တောင် စီဝမ်မုဘုရားကျောင်းကို မြင်ရတယ် .. ဒါပေမဲ့ ပြဿနာက ငါတို့ အဲဒီနေရာကို သိမ်းဖို့အတွက် လူအင်အား လုံလုံလောက်လောက်မရှိဘူး” ကျိုးချွမ် အော်ဟစ်လိုက်သည်။ သူ တကယ်ကို အဖော်တစ်ယောက် လိုနေပြီဖြစ်သည်။ သူ သားရဲမဟုတ်ပဲ လူတစ်ယောက်ဖြစ်ကြောင်း အသိပေးမည့် ချူဖုန်းကဲ့သို့သော လူမျိုးကို သူလိုအပ်နေပြီဖြစ်သည်။

ချူဖုန်း ဖုန်းအားကုန်ကာ စက်ပိတ်သွားသည်အထိ သူတို့ စကားပြောခဲ့ကြသည်။

လေယာဉ်သည် မိုးမလင်းခင်မှာပင် ရွှမ်းထျန်မြို့သို့ ရောက်လာသည်။ သူ၏အိမ်ပြန်ခရီးလမ်းမှာ အတော်လေး ချောမွေ့လှသည်ပင်။ အိမ်ပြန်ရောက်သည်နှင့် ချက်ချင်းမအိပ်သေးဘဲ နံနက်ခင်းနေရောင်အောက် ထူးခြားသည့်အသက်ရှူစည်းချက်ကို လေ့ကျင့်လိုက်သည်။

အသက်ရှူစည်းချက်ကို တိုက်ပွဲတွင် အသုံးပြုနိုင်သော်လည်း နံနက်ခင်းနှင့် ညပိုင်းတွင်သာ အကျိုးသက်ရောက်မှု ရှိသည်ပင်။

လေ့ကျင့်ခန်း ပြီးသွားသည့်အချိန်တွင်တော့ သူ့လက်မှ ဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွားလေပြီ။ အမာရွတ်ပင် မကျန်တော့။

ထူးခြားသည့်အသက်ရှူစည်းချက်မှ ရသည့်အကျိုးကျေးဇူးကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ ဤပညာမှာ ထူးခြားလှသည်။

နောက်ဆုံးတွင်တော့ သူတို့သား ပြန်ရောက်နေပြီဖြစ်ကြောင်း ဝမ်ကျင်းနှင့် ချူကျင်းယွမ် သိသွားကြသည်။ သူတို့သား အခန်းတံခါးကိုဖွင့်ကာ အခန်းထဲသို့ ဝင်လာခဲ့လိုက်ကြသည်။

“ကောင်စုတ်လေး .. မင်း ဘယ်နေရာတွေမှာ သွားပုန်းနေတာလဲ.. ပြော.. ဒိတ်တုန်းက မင်း အဲဒီကောင်မလေးကို ဘာတွေလုပ်ခဲ့တာလဲ..” ဝမ်ကျင်း ချူဖုန်းနားရွက်ကို ဆွဲလိုက်သည်။

သူ့မိဘရှေ့တွင်တော့ ချူဖုန်းသည် အခြားလူတစ်ယောက်လို ဖြစ်သွားသည်။ သူ့မိဘရှေ့တွင်တော့ ဒေါသတစ်မြူမှ မရှိတော့ပဲ မည်သည့်အပြစ်ဒဏ်ကိုမဆို လက်ခံသည့် နာခံသည့်သားဖြစ်သွားသည်။

“အမေ .. ကျွန်တော်မလိမ်ဘူး .. အဲဒီမိန်းကလေးက အရမ်းဇီဇာကြောင်တာ .. သူ ကျွန်တော့်ကို နည်းနည်းလေးမှကို သဘောမကျတာ” ချူဖုန်း သူ့အမေကို လွှတ်ပေးရန် ပြောပြီး ရှင်းပြလိုက်သည်။

“လျှောက်ပြောမနေနဲ့ .. သူ့အန်တီ ဒီမနက်ပဲ ဖုန်းဆက်ပြောလာတာ .. မနေ့ညက ကောင်မလေးက မင်းကို ဖုန်းခေါ်ပေမယ့် မင်း ဖုန်းမကိုင်ဘူးတဲ့ .. အဲဒီတော့ သားမှားထားလို့ မကိုင်တာလို့ ထင်လိုက်တာပေါ့ .. အမေထင်တာတော့ သူ သားကို သဘောကျနေတယ်ထင်တယ်..” ဝမ်ကျင်း ပြောလိုက်သည်။

“မဖြစ်နိုင်တာ .. အာ .. ကျွန်တော်သိပြီ .. မနေ့မနက်က ဖုန်းအားကုန်ပြီး စက်ပိတ်သွားတာ” ချူဖုန်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

မနက်အစောပိုင်းတွင် ရှားချန်းယု ကျန်းလော့ရှန်းနှင့် ဖုန်းပြောနေသည်။ “လော့ရှန်း .. အဲဒီတဏှာရူးကောင်က ငါ့ကို ဘလော့သွားတယ်ထင်တယ် .. ငါ မနေ့ညနဲ့ ဒီနေ့မနက် သူ့ကိုဖုန်းခေါ်နေတာ သူ မကိုင်ဘူး .. ငါ အခု ဘယ်လောက်တောင် စိတ်တိုနေလဲ နင်သိလား .. ဟမ် .. အဲဒီသောက်တဏှာရူးကောင်က ငါ့ကို ဘလော့သွားတယ်တဲ့ .. နင် ယုံနိုင်လား .. အာ ဒါနဲ့ နင်က ဘာလို့ မနေ့ညက သူ့ကိုခေါ်ခိုင်းတာလဲ..”

“ဟမ် .. ငါက အရှုံးမပေးချင်သေးလို့ပါ .. သူက နင်နဲ့ လိုက်ဖက်တဲ့သူ ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ .. ကံတရားက ဘယ်လိုမျိုးဖြစ်လာမလဲ မသိနိုင်ဘူးလေး” ကျန်းလော့ရှန်း ပြန်ဖြေလိုက်သည်။

“ဟေး .. နင်ဘာတွေ လာပြောနေတာလဲ .. နင်က ဘာလို့ ငါ့ကို အဲဒီကောင်နဲ့ ဆက်ရှိနေစေချင်နေတာလဲ..” ရှားချန်းယု အော်ဟစ်လိုက်သည်။ “အာ ငါသိပြီ .. လော့ရှန်း မှန်မှန်ပြော .. နင် အဲဒီကောင်နဲ့ ထူးထူးခြားခြားဆက်ဆံရေးလေးတွေ ရှိနေချင်တာမလား..”

“နင် ဘာတွေ လာပြောနေတာလဲ .. သူ့ကိုသာ ဆက်သွယ်ဖို့ ကြိုးစားပေးစမ်းပါ .. လုပ်ပါ..”

ချူဖုန်း အိမ်တွင်..

ဝမ်ကျင်းသည် မီးဖိုးချောင်ထဲ၌ မိသားစုအတွက် မနက်စာ ချက်ပြုတ်ပေးနေသောကြောင့် ချူဖုန်းနှင့် သူ့အဖေသာ ကျန်ခဲ့တော့သည်။ “သားက အဲဒီဝံပုလွေသတ်လိုက်တဲ့လူလား..” ချူကျင်းယွမ် လေးနက်စွာ မေးလိုက်သည်။

သူလည်း ထုတ်လွှင့်မှုအား ကြည့်ခဲ့သည်ပင်။ ကင်မရာထဲမှလူသည် အကာအကွယ်ဝတ်စုံနှင့် ခေါင်းဆောင်း ဆောင်းထားသော်လည်း ဗီဒီယိုကို ထပ်ခါတလဲလဲပြန်ကြည့်ပြီးနောက် ဤသည်မှာ သူ့သားလားဟု သူ သံသယဝင်လာသည်။

ဝမ်ကျင်းမှာ သူ့သားကို ဤအဖြစ်အပျက်နှင့် ဆက်စပ်မတွေးခဲ့။ ချူဖုန်း ကျောက်စိမ်းဂူကျောင်း၌ နေနေသည်ဟုသာ မှတ်ယူထားသည်ပင်။

ချူကျင်းယွမ်လည်း သူ့ဇနီး စိုးရိမ်နေမည်စိုးသောကြောင့် သူ့သံသယများကို မပြောပြခဲ့။

“ဟုတ်တယ် … ကျွန်တော်ပါ..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ သူ့အဖေ ဤမျှမျက်စိလျင်လိမ့်မည်ဟု သူ မထင်ထားခဲ့။

ထို့နောက် သူတို့နှစ်ဦး ဗီဒီယိုကို ထပ်ကြည့်လိုက်သည်။ ကင်မရာထဲမှ လူမှာ သေချာဖုံးကွယ်ထားသောကြောင့် မိတ်ဆွေဟောင်းများပင် သူ့ကို မမှတ်မိနိုင်။ ရေဒီယိုသတ္တိကြွအကာအကွယ်ဝတ်စုံကြောင့် သူ့ပုံစံမှာ ကို့ယို့ကားယားဖြစ်နေသည့်အပြင် ခေါင်းဆောင်းလည်း သူ့မျက်နှာတစ်ခုလုံး ဖုံးထားသည်ပင်။

နောက်ပိုင်းတွင် ခေါင်းဆောင်းပျက်စီးသွားသော်လည်း သဲမုန်တိုင်းကြောင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရ။

“မင်းက အသက်နဲ့ရင်းပြီး စွန့်စားခဲ့တာပဲ..” ချူကျင်းယွမ် ပြောလိုက်သည်။ ဝံပုလွေကို သတ်နေသည့်သူမှာ သူ့သားဖြစ်သည်ဟု စဉ်းစားမိကတည်းက သူ စိတ်ပူနေခဲ့ခြင်းပင်။ သို့သော် သူ့သားသည် ဘာမှမဖြစ်ပဲ အိမ်ကို ဘေးကင်းကင်းပြန်ရောက်လာသည်ကို တွေ့လိုက်ရသည့်အချိန် သူ ထိတ်လန့်သွားခဲ့ရသည်။ “မင်း ဒီလောက်အားကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..”

“နိုင်ဖို့မသေချာရင် ကျွန်တော်မသွားပါဘူး” ချူဖုန်း အတတ်နိုင်ဆုံး စိတ်အေးလက်အေးဖြစ်သည့်လေသံဖြင့် ပြောလိုက်သည်။ “ကျွန်တော် အဖေနဲ့အမေအတွက် လက်ဆောင်ယူလာခဲ့တယ်..” သူ ပြုံး၍ ပြောလိုက်သည်။

ချူဖုန်း အိပ်ရာအောက်မှ အစွယ်တစ်စုံကို ထုတ်လိုက်ပြီး “နောက်ကျရင် ကျွန်တော် ဒီသွားတွေကို ပုတီးစေ့တွေ၊ လည်ဆွဲတွေ လုပ်ပေးမယ် .. အမေနဲ့အဖေတို့ ဒါကို ဝတ်ထားရင် အဖေတို့ ကျန်းမာရေး ကောင်းနေလိမ့်မယ်..”

ဤသွားများ၏အရွယ်အစားကြောင့် ချူကျင်းယွမ် အံ့အားသင့်သွားရသည်။ သွားအရွယ်အစားကို ကြည့်လိုက်ရုံဖြင့် သားရဲကြီး မည်မျှကြောက်စရာကောင်းမည်ကို သူ ခန့်မှန်းကြည့်နိုင်သည်။

“ကမ္ဘာကြီးက ပွက်လောရိုက်နေတာ .. လူတွေက အဲဒီသူရဲကောင်းက ဘယ်သူလဲဆိုတာ ခန့်မှန်းနေကြတာ .. မင်းကို ငါတောင် မှတ်မိနေတယ်ဆိုတော့ တစ်ခြားသူတွေလည်း မှတ်မိနိုင်တယ်..” ချူကျင်းယွမ် ပြောလိုက်သည်။

“အဖေက ကျွန်တော့်အဖေမို့လို့ ကျွန်တော့်ကို မှတ်မိတာလေ .. ကျွန်တော့်ကိုယုံလိုက်ပါ .. ဘယ်သူမှ အဖေ့လောက် အမြင်အာရုံစူးရှမှာ မဟုတ်ဘူး..” ချူဖုန်း သူ့အဖေကို ပြောလိုက်သည်။

“ဖုန်းဖွင့်ပြီးတော့ ဘယ်သူတွေ သားကို ရှာထားသေးလဲ ကြည့်လိုက်လေ” ချူကျင်းယွမ် ပြောလိုက်သည်။

ချူဖုန်း ခေါင်းညိမ့်ကာ ဖုန်းအားသွင်းပြီး ဖုန်းဖွင့်လိုက်သည်။ သူ ဖုန်းဖွင့်လိုက်သည့်အချိန်တွင်တော့ သူမဖြေလိုက်ရသည့် ဖုန်းကောလ်များစွာ ရှိနေသည်ပင်။

မြင်လိုက်ရသည့်နာမည်များကြောင့် သူ ခေါင်းပင် ကိုက်သွားရသည်။ “လင်းနွိုင်၊ ရှားချန်းယု..”

အပိုင်း ၁၀၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset