Switch Mode

Chapter – 106

အားလုံးကို ရှင်းလင်းပစ်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၆ – အားလုံးကို ရှင်းလင်းပစ်ခြင်း

တောအုပ်ထဲတွင် ရွှေရောင်ဆံပင်နှင့် အမျိုးသားအချို့ အထိန်းအကွပ်မရှိ ရယ်မောနေကြလေ၏။ သူတို့အတွက်တော့ ယခုအချိန်မှာ ရိတ်သိမ်းရမည့်အချိန်ပင်။

သူတို့ရှေ့၌ အလွန်ရှားပါးလှသည့်ရတနာတစ်ခုဖြစ်သည့် သားရဲဘုရင်တစ်ကောင်ရှိနေသည်။ ဤအကောင်ကို သူတို့ကိုယ်တိုင် သတ်ခဲ့ခြင်းမဟုတ်သော်လည်း ယခုတော့ သူတို့ ဤအကောင်ကို ရတော့မည်ဖြစ်သောကြောင့် တိုင်းပြည်အားလုံး မနာလိုဖြစ်ကြတော့မည်။

“ဟား ဟား..”

သူတို့၏ လွတ်လပ်ပေါ့ပါးသည့် ရယ်သံသည် တောအုပ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။ သားကောင်ကို မြန်မြန်သိမ်းပြီး မြန်မြန်ပြန်ထွက်ရန် သူတို့ အမိန့်ရထားပြီးသားပင်။

“လီ … ဒီမစ်ရှင်က ပြီးပြည့်စုံတယ်လို့ ပြောလို့ရတယ်..” ရွှေရောင်ဆံပင်နှင့်လူလတ်ပိုင်းအမျိုးသား ရယ်မော၍ ပြောလိုက်သည်။

လီဟုခေါ်သည့်လူသည် ခေါင်းညိမ့်လိုက်ကာ “အားလုံး ချောချောမွေ့မွေ့ပဲ ပြီးသွားတယ် .. အခု သားရဲဘုရင်ကို ငါတို့ပိုင်ပြီ .. ဒါပေမဲ့ ငါတို့ မြန်မြန်ထွက်သွားရမယ် .. နှောင့်နှေးနေရင် မလိုလားအပ်တဲ့ ပြဿာတွေ ပေါ်လာနိုင်တယ်”

“ဟုတ်တယ် .. သားရဲဘုရင်ကို ထုတ်ပိုးပြီး မြန်မြန်ထွက်သွားရအောင်” ရွှေရောင်ဆံပင်နှင့် လူအိုကြီး ခေါင်းညိမ့်လိုက်သည်။ သူ့အသံမှာ တောင့်တောင့်ကြီးဖြစ်ပြီး အလွန်ထူးဆန်းလှသည်။ ထို့နောက် ထိုလူသည် ပြုံးလိုက်ကာ “အရှေ့တိုင်းက ကဗျာတစ်ပုဒ်ကိုတောင် သတိရသွားတယ် .. ကိစ္စတစ်ခု လုပ်ပြီးတာနဲ့ အဝတ်တွေလဲပြီး ကိုယ့်ရဲ့ အောင်မြင်မှုတွေ၊ ကျော်ကြားမှုတွေကို ဖုံးကွယ်ထားပါတဲ့”

သူ့တို့လက်အောက်ငယ်သားများသည် တိုက်ပွဲဖြစ်ထားသည့်နေရာသို့ လျင်မြန်စွာ သွားလိုက်ကြသည်။ သူတို့သည် လက်နက်များ ကိုင်ဆောင်ထားကြကာ မီးခိုးပြာဝံပုလွေအလောင်းကို သယ်ရန် အဆင်သင့်ပင်။

သူတို့အတွက်တော့ ဤသည်မှာ အဆင်ပြေလှသည်ပင်။ သူတို့ဘာကိုမှ မဆုံးရှုံးရပဲ ဤမျှအံ့အားသင့်စရာကောင်းသည့် ရတနာကို ရလိုက်လေပြီ။

သူတို့အားလုံး တစ်ယောက်မှ ခေါင်းဆောင်မဟုတ်သော်လည်း သူတို့လည်း ဝေစုရလိမ့်မည်။

ဤအုပ်စုတွင် လူမျိုးပေါင်းစုံပါသည်။ အချို့မှာ အနောက်တိုင်းသားများဖြစ်ပြီး အချို့မှာ အာဆီယံလူမျိုးများပင်။

“အမှိုက်တွေ..”

တိဟွိုင်ကျင်း အဝေးမှ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ သေနတ်ဖြင့် စတင်ပစ်ခတ်လိုက်လေတော့သည်။

ဒိုင်း..

အဝေးမှ လူတစ်ယောက်ခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားကာ ခန္ဓာကိုယ်လည်း မြေပြင်ထက်သို့ ကျသွားသည်။

ဒိုင်း ဒိုင်း ဒိုင်း..

တိဟွိုင်ကျင်း ဆက်တိုက်ပစ်နေသလို သူ့မျက်လုံးများမှလည်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့အမြင်အာရုံမှာ သာမန်လူများထက် ကောင်းမွန်သောကြောင့် သူသည် မွေးရာပါသေနတ်သမားဖြစ်နေသည်ပင်။ တစ်ချက်တစ်ယောက်နှုန်းဖြင့် ခြောက်ယောက်၊ ခုနှစ်ယောက်ကို ဆက်တိုက် သတ်ပစ်လိုက်သည်။

တောအုပ်ထဲ၌ ဖရိုဖရဲဖြစ်လာသည်။

“ဘော့စ်အတွက် လက်စားချေ..” ယုယန်ချင်း ဟစ်ကြွေးလိုက်သည်။ သူ့အကြားစွမ်းရည်ကို အဆုံးစွန်ထိအသုံးပြုပြီး ရန်သူများ ရှိနေသည့်နေရာကို ထောက်လှမ်းကာ စတင်ပစ်ခတ်တော့သည်။

ယဲ့ချင်းရုန်ကတော့ ပို၍ပင် ကြောက်စရာကောင်းနေသည်။ အကြားအမြင်နှစ်ယောက်ထံမှ ရန်သူများ၏တည်နေရာများကို သိရသည်နှင့် သူမသည် အတောင်ပံများကို ဖွင့်ဟကာ ရန်သူများထံသို့ တရှိန်ထိုး ပြေးသွားပြီး စတင်သတ်ဖြတ်တော့သည်။

ဝုန်း..

ချန်လော့ယန်လည်း ရန်သူများကို ထပ်ခါတလဲလဲပင် ဗုံးကျဲချလိုက်သည်။

တောအုပ်ထဲတွင် ဖရိုဖရဲဖြစ်နေပြီး သူတို့ဆုံးရှုံးမှုလည်း မသေးလှ။

“ဒီလောက်လေးနဲ့ ငါတို့ အကြံအစည်ကြီးကို မတားနိုင်သေးဘူး” ဆံပင်ရွှေရောင်နှင့်လူကြီးတစ်ဦး လေးနက်စွာ ပြောလိုက်သည်။ ထို့နောက် သူတို့သည် မီးခိုးပြာဝံပုလွေအလောင်းနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားလိုက်ကြသည်။

“အရင်ပြန်ဆုတ်ရအောင် .. အခွင့်အရေးကို စောင့်နေတဲ့ တစ်ခြားအမဲလိုက်သမားတွေလည်း ရှိမှာသေချာတယ် .. မီးခိုးပြာဝံပုလွေအလောင်းကို အဓိကထားရမယ်”

ဝုန်း..

ထိုလူစု ပြန်လည်တိုက်ခိုက်လာသည်နှင့် တောအုပ်ထဲတွင် နားကွဲလောက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သူတို့သည် တောအုပ်တစ်ခုလုံးကို ကျည်ဆံမိုးရွာချပစ်နေကြ၏။ သူတို့သည် ယဲ့ချင်းရုန်နှင့် ယုယန်ချင်းတို့အုပ်စုကို ဖိနှိပ်ပြီး အချိန်ဆွဲထားချင်နေခြင်းပင်။

သူတို့သည် အင်အားအရ အသာစီးရနေသည်ပင်။ တောအုပ်အပြင်ဘက်၌လည်း တပ်ကူများစွာ ရှိနေသေးသည်။

“ချီးပဲ .. စစ်သားတွေက ဘယ်လိုလုပ် ဒီလောက်တောင် များနေတာလဲ .. ဒါက သာမန်ဓားပြတိုက်တာမဟုတ်ဘူး .. သူတို့တွေက ဘယ်လိုလုပ် အရှေ့တိုင်းဘက်ကို ရောက်လာနိုင်တာလဲ..” တိဟွိုင်ကျင်း အံ့အားသင့်သွားရသည်။

သူတို့ရင်ဆိုင်နေရသည့်လူများမှာ အနည်းဆုံး အယောက်တစ်ရာကျော် ရှိနေသည်ပင်။

“လူဘယ်နှယောက်ရှိရှိ သူတို့အားလုံး သေရမယ် .. ငါတို့ ချူဖုန်းအတွက် လက်စားချေပေးရမယ်..” ယဲ့ချင်းရုန် ကြေငြာလိုက်သည်။

“မင်းတို့နှစ်ယောက် ဂရုစိုက် .. ငါ ငါးအကြီးကြီးတွေ သွားသတ်လိုက်မယ်” ချန်လော့ယန် ပြောလိုက်သည်။

“စိတ်မပူပါနဲ့ .. ငါတို့က မင်းတို့လောက် စွမ်းအားမကြီးပေမယ့် ငါတို့လည်း ကျွမ်းကျင်သူတွေပါပဲ..” ယုယန်ချင်း သူ့ကို ပြောလိုက်သည်။

အပြင်လောကမှ လူများမှာ ဒေါသများ ပွက်ပွက်ဆူနေကြလေပြီ။

ထိုကျွမ်းကျင်သူသည် လူသားများအတွက် မီးခိုးပြာဝံပုလွေကို သတ်ပေးခဲ့သော်လည်း အဆုံးတွင် လုပ်ကြံခံရကာ အသတ်ခံခဲ့ရသည်။

သာမန်လူများအတွက်တော့ ဤသည်မှာ လက်မခံနိုင်သည့်လုပ်ရပ်ကြီးပင်။

အထက်လူကြီးများသည် တောင်မှ အခြေအနေတင်ပြချက်များကို ဆက်တိုက်ပင် လက်ခံလိုက်ရသည်။

“ငါတို့အခု ထွက်တိုက်ရင် သူတို့ကို အသာစီးရဖို့ လူအင်အားမရှိဘူး .. ကျွမ်းကျင်သူတွေကို ပို့ပေးဖို့ပြောလိုက်..” သူတို့ထဲမှတစ်ဦး ရုံးချုပ်ကို တင်ပြလိုက်သည်။

“ခွင့်မပြုဘူး .. လက်လွတ်စပယ်မလုပ်နဲ့..” အဖွဲ့အစည်းကြီးမှ အထက်လူကြီးများသည် ထိုဖရိုဖရဲကိစ္စများတွင် ဝင်မပါရန် အမိန့်ပေးလိုက်သည်။

တောအုပ်ထဲမှ ကျွမ်းကျင်သူများမှာ ဒေါသထွက်သွားကြသည်ပင်။ သူတို့မျက်စိရှေ့တွင် သားရဲဘုရင်ကြီး ရှိနေသော်လည်း သူတို့ ထိုသားရဲကို သွားမလုနိုင်ဖြစ်နေသည်။

“အဲဒီကျွမ်းကျင်သူက သေသွားပြီလေ .. ငါတို့က သူ့ဆီကနေ ဓားပြတိုက်တာမှ မဟုတ်တာ .. အဲဒီတော့ ဒါက ယုတ်မာတာ မဟုတ်တော့ဘူး”

“ပါးစပ်ပိတ်ထား .. တစ်ယောက်ယောက်က တိုက်ပွဲတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေတာ .. အပြင်လောကတစ်ခုလုံး ဒီအကြောင်းကို သိတယ်..”

ဤသတင်းကြားလိုက်ရသည့်အချိန်တွင် တပ်သားတစ်ဖွဲ့လုံး ဆွံ့အသွားရသည်။

ဤသတင်းမှာ အဖွဲ့အစည်းကြီးများနှင့် သူတို့အေးဂျင့်များကြား ပျံ့နှံ့သွားကြကာ သူတို့ တပ်သားများကို ဘာမှဝင်မပါရန် အမိန့်ထုတ်လိုက်ကြလေသည်။

ယခုအချိန်တွင် လူတစ်စု မီးခိုးပြာဝံပုလွေအလောင်းနားသို့ ဝိုင်းလာကြပြီဖြစ်သည်။

သူတို့ လှုပ်ရှားမှုများမှာ မြန်ဆန်ကာ စည်းစနစ်ကျသည်။ သူတို့သည် ဤအလောင်းကို သယ်ယူရန် ပြင်ဆင်ထားပြီးသားပင်။

ဤမြင်ကွင်းအား ကြည့်နေကြသည့်သူအားလုံး မနာလိုဖြစ်လာကြလေသည်။

အနောက်တိုင်းအကြီးအကဲ လေးဦးနှင့် အရှေ့တိုင်းအကြီးအကဲနှစ်ဦးလည်း ရောက်နေကြပြီဖြစ်သည်။ ဤအလောင်းကို မြင်သည်နှင့် သူတို့ စိတ်လှုပ်ရှားသွားကြရသည်။

သားရဲဘုရင်ကြီး သူတို့လက်ထဲ ရောက်လာလေပြီ။

“ဒါက ဘယ်ကျွမ်းကျင်သူလဲ..” ရွှေရောင်ဆံပင်နှင့်အကြီးအကဲ မေးလိုက်သည်။

“သူ ဒီမှာ..” တစ်ယောက်ယောက်မှ မီးခိုးပြာဝံပုလွေအလောင်းဘေးကို လက်ညှိုးထိုးပြလိုက်သည်။

“ဟက် သနားစရာပဲ .. ဒီအရှေ့တိုင်းမှာ ‘အပြင်ထွက်နေတဲ့အမိုးဒိုင်းက အရင်ဆုံးဆွေးတယ်’ ဆိုတဲ့ စကားပုံ ရှိတယ်လေ .. မင်းက တကယ်ကိုကံမကောင်းတာပဲ .. ငြိမ်းချမ်းစွာ အနားယူလိုက်ပါ” ရွှေရောင်ဆံပင်နှင့် အကြီးအကဲသည် ရယ်မောလိုက်ကာ သူ့သေနတ်ကို ဆွဲထုတ်လိုက်သည်။

ချူဖုန်း၏ ခန္ဓာကိုယ်တွင် သွေးများ ပေပွနေသည်။ အချို့မှာ တိုက်ခိုက်ရင်းရခဲ့သည့်သွေးများဖြစ်ပြီး အချို့မှာ ဝံပုလွေထံမှ လွင့်စင်လာသည့်သွေးများပင်။

သူ့လက် ဟက်တက်ကွဲသွားသည်မှလွဲလျှင် သူ့ခန္ဓာကိုယ်တွင် အခြားဒဏ်ရာမရှိ။

“သူက တော်တော်လေး ငယ်သေးတဲ့ပုံပဲ .. ဒါပေမဲ့ သူက အရမ်းကို စွမ်းအားကြီးတယ် .. တကယ်ကို ထင်မထားဘူး” ရွှေရောင်ဆံပင်နှင့် အမျိုးသမီး ပြောလိုက်သည်။ သူမသည် ခေါင်းဆောင်များထဲမှ တစ်ဦးပင်။

သူမလည်း သေနတ်ထုတ်လိုက်ကာ ချူဖုန်းကို ချိန်ထားလိုက်လေသည်။

“အမ်..” ထိုအချိန်တွင် လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ချူဖုန်းသည် မတ်တပ်ထထိုင်လိုက်ပြီး သူတို့ကို အေးစက်စွာ ကြည့်လာနေသည်ပင်။

“ဘုရားရေ .. သူ .. သူ အသက်ရှင်နေသေးတာလား..”

သူ့အဝတ်အစားများမှာ ကျည်ဆံရာများ ပြည့်နေပြီး တစ်ကိုယ်လုံးလည်း သွေးများ စိုရွှဲနေသောကြောင့် သူ သေသွားပြီဟု အားလုံး ထင်လိုက်ကြခြင်းပင်။ သူ ရုတ်တရက် ပြန်ရှင်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

လူများ ထိတ်လန့်သွားကြသည်။

သိထားရမည်မှာ ဤလူသည် မီးခိုးပြာဝံပုလွေကို အနီးကပ်တိုက်ခိုက်ရဲသည့်သူပင်။

ခေါင်းဆောင်များ ချက်ချင်းပင် ပစ်ခတ်လာကြသည်။

ပြဿနာတက်လေပြီ။

သူတို့ကျည်ဆံများမှာ လေများကိုသာ ပွတ်တိုက်သွားသည်။ ထိုလူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှသည်။

ရွှပ် ရွှပ် ရွှပ်..

ချူဖုန်း အနက်ရောင်ဓားမြောင်ကို တင်းတင်းဆုတ်ထားပြီး သူ တစ်ချက်ဝေ့လိုက်သည်နှင့် ခေါင်းတစ်လုံး ပြတ်ကျသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်၌ အလောင်းများစွာ လဲကျသွားသည်။

အာဆီယံမျက်နှာပေါက်နှင့် ခေါင်းဆောင်တစ်ဦးကို ချူဖုန်း ဖမ်းမိလိုက်သည်။ သူ့ထံသို့ ဓားဝေ့ရမ်းလိုက်သည်နှင့် ထိုလူသည် အော်ဟစ်ကာ ခုခံရန် ပြင်လိုက်သည်။ ကံမကောင်းစွာဖြင့် သူသည် ချူဖုန်း၏ပြိုင်ဘက်မဟုတ်ခဲ့။

ချူဖုန်း ဓားတစ်ချက် လွှဲရမ်းလိုက်သည်နှင့် ထိုလူ နှစ်ပိုင်း ပြတ်သွားသည်။

“ဘုရားရေ..” အခြားအမျိုးသားတစ်ဦး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချူဖုန်း ဤလူများကို အရိုးထဲထိမုန်းသည်။ အနောက်နိုင်ငံသားများဖြစ်စေ ဤနိုင်ငံသားများဖြစ်စေ သူ နည်းနည်းမှ ညှာတာမည်မဟုတ်။ သူ မီးခိုးပြာဝံပုလွေနှင့် တိုက်,တိုက်ပြီးချင်း သူ့အား ချုံခိုတိုက်ခိုက်ခဲ့ခြင်းပင်။ အခြားသူသာဆိုလျှင် သူ သေသွားလောက်လေပြီ။

ချန်ယော့ယန်နှင့် ယဲ့ချင်းရုန်တို့သည် နောက်ဆုံးတွင် ခေါင်းဆောင်များကို ဖမ်းမိသွားပြီး ချူဖုန်း သေရာမှ ပြန်ထလာသည်ကို တွေ့လိုက်ရသည်။ ချူဖုန်းကို တွေ့သည်နှင့် သူတို့ ငေးကြောင်စွာပင် စိုက်ကြည့်နေမိကြသည်။

“ဘုရားရေ .. ဘော့စ်ပြန်ရှင်လာပြီ..” အကြားအမြင်သမားနှစ်ယောက် အဝေးမှ အော်ဟစ်လိုက်ကြသည်။

အမှောင်ထဲ၌ ရှိနေသည့် အဖွဲ့အစည်းများမှ လူများမှာ တုန်လှုပ်သွားကြသည်။

“ဒီနားမှာ စစ်သားပေါင်း တစ်ရာကျော်ရှိတယ် .. ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်း တစ်ဝက်ကျော် သေသွားပြီ..”

သူသည် တကယ်ကို နတ်ဆိုးနတ်ဘုရားပင်။

“သူ့လှုပ်ရှားမှုတွေကို သိပ်မမြင်ရပေမယ့် သူ ပိုပြီး စွမ်းအားကြီးလာတယ်လို့ ခံစားနေရတယ်”

“ဒီလူတွေက မီးခိုးပြာဝံပုလွေနဲ့ယှဉ်ရင် ဘာမှကို မဟုတ်တာ .. ဒီလူတွေကို ရှင်းပစ်ဖို့က ဘာမှခက်ခဲမှာမဟုတ်ဘူး”

ချူဖုန်း၏ ‘ပြန်လည်ရှင်သန်ခြင်း’မှာ ဤနေရာမှ လူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ မည်သူမှ မလှုပ်ရှားရဲတော့။

ထို့အပြင် မဆိုင်သည့်အဖွဲ့အစည်းများလည်း ဤနေရာမှ ပြန်လည်ဆုတ်ခွာသွားကြသည်။

ရွှပ်..

အခြား ခေါင်းဆောင်တစ်ဦးလည်း ခါးရိုးမှ ပြတ်ထွက်သွားသည်။

“သူက နတ်ဆိုးပဲ..”

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးခေါင်းဆောင် အော်ဟစ်လိုက်ကာ သူ့အတောင်ပံများကို ဖြန့်ကျက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်သည်။

ယဲ့ချင်းရုန် သူမကို တားဆီးရန် လှုပ်ရှားလိုက်သည်။

“ဘုရားရေ..”

ထိုအခိုက်အတန့် လူများစွာ ဆွံ့အသွားရသည်။

အဘယ်ကြောင့်ဆိုသော် ချူဖုန်းသည် တောင်ကုန်းငယ်လေးတစ်ခုပေါ် တက်ပြီး ထိုတောင်ကုန်းကို ကန်ကာ ကောင်းကင်ထက်သို့ တက်သွားသည်ပင်။

“ထွက်ပြေးသွားတဲ့လူတွေကို လိုက်ဖမ်း .. ဒီနေရာကို ငါ့တာဝန်ထားလိုက်..” ချူဖုန်း ပြောလိုက်သည်။

သူသည် တောင်ကုန်းငယ်ကို အားစိုက်ကန်ပြီး အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။

“အား..”

ရွှေရောင်ဆံပင်နှင့်အမျိုးသမီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

နွားဝါလေး၏ အဆင့်သတ်မှတ်ချက်အရဆိုလျှင် ဤအမျိုးသမီးသည် နှိုးထခြင်းအဆင့်ငါး ရှိလောက်သည်။ သို့သော် ယခုအချိန်တွင် သူမသည် ပြန်ပင်မတုံ့ပြန်နိုင်တော့။

ဘန်း..

ချူဖုန်း၏လက်သီးချက် သူမ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။ ထို့နောက် ချူဖုန်းသည် နောက်ပြန်ပင်လှည့်မကြည့်ပဲ တောအုပ်ထဲသို့ ဆင်းသက်လိုက်သည်။

သူ ပြန်ကြည့်စရာပင်မလိုတော့။ သာမန်သန္ဓေပြောင်းလူတစ်ယောက်မှာ ဘယ်လိုလုပ် ဤကဲ့သို့သော လက်သီးချက်မျိုးကို တောင့်ခံနိုင်မည်နည်း..

ရွှေရောင်ဆံပင်နှင့်အမျိုးသမီးသည် အော်ဟစ်ကာ အောက်ပြန်ကျလာလေသည်။

ယဲ့ချင်းရုန် တုန်လှုပ်သွားရသည်။ သူမ လေထဲ၌ ရပ်ကာ ထိုမြင်ကွင်းကို အကြောင်သား ကြည့်နေမိလေ၏။

သို့သော် သူမ အချိန်ဖြုန်းနေ၍မရ။ ထွက်ပြေးသွားသည့်သူများကို မြန်မြန်လိုက်ဖမ်းလိုက်တော့သည်။

ချန်လော့ယန်လည်း ထိုနေရာမှ ထွက်သွားပြီး ပြေးသွားသည့်သူများကို လိုက်ဖမ်းလိုက်သည်။

အခြားအဖွဲ့အစည်းများမှ လူများလည်း ကြောက်ရွံ့သွားကာ သူတို့လူများကို တစ်ဖြည်းဖြည်းချင်း ပြန်ဆုတ်ခိုင်းလိုက်ကြသည်။ သူတို့ ဤနေရာ၌ ဆက်မနေရဲတော့။

မီးခိုးပြာဝံပုလွေအလောင်းနားတွင် ရွှေရောင်ဆံပင်လူကြီးနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသာ ကျန်တော့သည်။ အခြားသူများမှာ အသတ်ခံလိုက်ရလေပြီ။

သူတို့ ထွက်မပြေးသည်မဟုတ်။ ချူဖုန်း လိုက်ဖမ်းသည်ကို ခံရပြီး ဤနေရာသို့ ပြန်ရောက်လာခြင်းပင်။

“ငါတို့ကို ချမ်းသာပေးပါ .. ငါတို့ မင်းကို လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြလို့ရတယ်..” ရွှေရောင်ဆံပင်နှင့်လူကြီးမှ တောင်းဆိုလာသည်။ သူသည် သူတို့လွတ်မြောက်မှုအတွက် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။

ချူဖုန်း စကားတစ်ခွန်းမှမပြော။ သူ့မျက်နှာမှာ အေးစက်နေဆဲပင်။

“ငါတို့ လျှို့ဝှက်လမ်းကြောင်းတစ်ခု သိတယ် .. မြူဆိုင်းနေတဲ့ ချောက်ကြီးကို ဖြတ်သွားရင် မင်း ဒီနေရာနဲ့ ဥရောပကို ကူးသွားလို့ရတယ်” ထိုလူကြီး လျင်မြန်စွာပင် ရှင်းပြလာသည်။

ဤသည်မှာ ချူဖုန်းကို ထိတ်လန့်သွားစေခဲ့၏။ အရှေ့နဲ့အနောက်ကို မြူဖုံးနေတဲ့ တောင်ကြားလမ်းတစ်ခုနဲ့ ဆက်ထားတာလား..

“မင်း ငါ့တို့ကို အရင်ပြန်လွှတ်ပေးရမယ် .. ငါတို့ လုံခြုံတဲ့နေရာကို ရောက်တာနဲ့ မင်းကို ဒီနေရာအကြောင်း ပြောပြမယ်” လူအိုကြီး အံကြိတ်၍ ပြောလာသည်။

“ခင်ဗျား မပြောချင်ရင်လည်း သေလိုက်တော့ .. တောင်ထဲမှာ ပြေးနေတဲ့ ခင်ဗျားတို့လူတွေ အများကြီးရှိတယ် .. သူတို့ထဲက တစ်ယောက်ယောက်က ကျုပ်တို့ကို ပြောပြမှာပဲ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုလူကြီး အော်ဟစ်လိုက်ကာ ချက်ချင်းပင် သူ့နဖူးထက်၌ နတ်ဆိုးဦးချိုတစ်ခု ထွက်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်လည်း လျင်မြန်စွာ ကြီးမားလာပြီး အနက်ရောင်အကြေးခွံများ ဖုံးအုပ်သွားသည်။

လူလတ်ပိုင်းအမျိုးသားမှာ ပို၍ ကြောက်စရာကောင်းသေးသည်။ သူ့ခန္ဓာကိုယ်သည် ငွေရောင်တောက်ပလာပြီး ချူဖုန်းထံသို့ တရှိန်ထိုး ပြေးလာလေသည်။

ဤလူနှစ်ယောက်မှာ တကယ်ကို စွမ်းအားကြီးလှသည်။ သို့သော် ချူဖုန်း ရှေ့တွင်တော့ သူတို့သည် ဘာမှမဟုတ်တော့။ ခဏကြာပြီးနောက် သူတို့ခန္ဓာကိုယ်များ စုတ်ပြတ်သွားကာ သွေးအန်သွားကြလေသည်။

ရွှပ် ရွှပ်..

လူနှစ်ယောက်၏ခေါင်းများ လွင့်စင်ထွက်သွားလေ၏။ တိုက်ပွဲမှာ တရားဝင်ပြီးဆုံးသွားလေပြီ။

ယုယန်ချင်းနှင့် တိဟွိုင်ကျင်းတို့ ချူဖုန်းထံ တရှိန်ထိုး ပြေးလာနေကြသည်။ ချူဖုန်း သေပြီး ပြန်ရှင်လာသည်ကို မြင်ရသည်မှာ တကယ်ကို ပျော်ရွှင်စရာကောင်းလှသည်။

ချူဖုန်းမှာ မောပန်းလွန်းလှပြီဖြစ်သောကြောင့် နောက်ပြန်လဲကျကာ မီးခိုးပြာဝံပုလွေအလောင်းပေါ်သို့ ကျသွားသည်။

သူသည် တိုက်ပွဲပေါင်းများစွာကို ဆက်တိုက် တိုက်ခဲ့ရသောကြောင့် သူ့ခံနိုင်ရည်များ ကုန်ဆုံးသွားပြီဖြစ်သည်။

အကြားအမြင်နှစ်ယောက်သည် ချက်ချင်း စိတ်အားတက်ကြွလာပြီး သူတို့၏ရိုက်ကူးရေးကို ပြန်လည်စတင်လိုက်သည်။ သို့သော် ချူဖုန်းသည် သူ့ကို မရိုက်ခိုင်းပဲ အဝေး၌တစ်ယောက်တည်းသွားထိုင်ကာ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု နောက်တစ်ကြိမ် ပြန်ပေါ်လာသည့်အချိန်တွင် အားလုံးသည် ဖုန်းမျက်နှာပြင်ကိုသာ စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်ကြသည်။

“အား .. ဒါက..”

မြေပြင်ထက်၌ အလောင်းများစွာ ရှိနေသည်မှာ အတော်လေး ကြောက်ဖို့ကောင်းသည့်မြင်ကွင်းတစ်ခုပင်။

“ဘုရားရေ .. ဒါက ဥရောပက အလိုရှိနေတဲ့ ရာဇဝတ်သား မဟုတ်ဘူးလား.. သူက ဘယ်လိုလုပ် ဒီတောင်မှာ ရုတ်တရက်ပေါ်လာတာလဲ..”

အနောက်တိုင်းခေါင်းဆောင်မှာ လွန်ခဲ့သည်နှစ်ပေါင်းများစွာကတည်းက အလိုရှိနေသည့် ရာဇဝတ်သားတစ်ဦးဖြစ်ကြောင်း လူအချို့ ပြောလာကြသည်။ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးသည့်နောက် သူလည်း သန္ဓေပြောင်းလူတစ်ဦး ဖြစ်သွားခဲ့သည်ပင်။

“အစောပိုင်းက ကျွမ်းကျင်သူကို ချောင်းပစ်တာ သူတို့လား..”

“ဒါပေမဲ့ အခု သူတို့အားလုံးသေသွားပြီဆိုတော့..”

အပြင်လောကမှ လူများသည် ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းနေကြရင်း ပွက်လောရိုက်နေကြသည်။

ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့သည် ရန်သူအများစုကို လိုက်လံသတ်ဖြတ်ပြီးသွားပြီဖြစ်သော်လည်း အချို့သူများမှ တောင်များမှ ထွက်ပြေးလွတ်မြောက်သွားသည်။

ထိုအခိုက်အတန့်တွင် တောင်အပြင်ဘက်မှ ဟယ်လီကော်ပတာများစွာ ပျံသန်းဝင်ရောက်လာပြီး သူတို့ကို စတင်ပစ်ခတ်လေတော့သည်။

စစ်တပ်ရောက်လာပြီ .. သူတို့တွေ ဝိုင်းခံလိုက်ရပြီ..

တောင်ထဲ၌ ဖြစ်ပျက်နေသည့်ကိစ္စအားလုံးကို တိုက်ရိုက်ထုတ်လွှင့်နေမှန်း ဤလူများ မသိကြ။ သူတို့၏တိုက်ခိုက်မှုမှာ သာမန်လူများကိုသာမက စစ်တပ်မှ အရာရှိများကိုပါ ဒေါသထွက်စေခဲ့သည်။

မီးခိုးပြာဝံပုလွေကို နျူးကလီးယားလက်နက်ဖြင့် ‘သတ်’ပြီးကတည်းက စစ်တပ်သည် ရေဒီယိုသတ္တိကြွနေသည့် ဧရိယာအပြင်ဘက်၌ အမြဲတမ်းစောင့်နေခဲ့သည်ပင်။ ယခု သတင်းရသည်နှင့် သူတို့သည် ဤနေရာသို့ သန္ဓေပြောင်းလူသားများ ချက်ချင်း စေလွှတ်ခဲ့သည်ပင်။

“နောက်ထပ်စုံစမ်းစစ်ဆေးမှုအရ သူတို့ခေါင်းဆောင်က အနောက်တိုင်းရာဇဝတ်သားတစ်ယောက်ဖြစ်ပြီးတော့ သူတို့တွေက လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ချုပ်ကိုင်နေတာ..”

တိုက်ခိုက်သည့်လူများကို ဖမ်းဆီးပြီးနောက် ရလိုက်သည့်သတင်းမှာ သူတို့ကို တကယ်ထိတ်လန့်သွားစေခဲ့သည်။

အပိုင်း ၁၀၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset