ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၅ – ဘုရင်ကို ခေါင်းဖြတ်ခြင်း
ဝမ်းနည်းကာ ကျောချမ်းစရာကောင်းသည့် ဝံပုလွေအော်သံကြောင့် တောအုပ်တစ်ခုလုံး တုန်ခါသွားသည်။
ဝံပုလွေပါးစပ်မှ အနက်ရောင်မီးခိုးများ ဖုံးလွှမ်းနေသည့် အနက်ရောင်လှိုင်းများ ထွက်လာသည်။ ထိုအသံလှိုင်းများသည် ဤနေရာတစ်ခုလုံးကို မုန်တိုင်းတစ်ခုကဲ့သို့ မွှေနှောက်သွားပြီး သစ်ပင်များ အပိုင်းပိုင်းအစစဖြစ်သွားကာ တန်ပေါင်းများစွာလေးသည့် ကျောက်တုံးများလည်း လေထဲမြှောက်တက်ကာ ပေါက်ကွဲသွားသည်။
ချူဖုန်း မြန်မြန်နောက်ဆုတ်လိုက်သည်။ ဝံပုလွေကြီးသည် သေခါနီးပြီဖြစ်သော်လည်း သူ ပြန်တုံ့ပြန်လာနိုင်သေးသည်။
ဝူး..
သူ၏အူသံမှာ ကြောက်စရာကောင်းလှသည်။ သားရဲများ တုန်လှုပ်သွားပြီး ကောင်းကင်ထက်၌ ပျံသန်းနေသည့် ငှက်များမှာ အောက်သို့ လျင်မြန်စွာ ဆင်းသက်လာကြသည်။ အချို့မှာ လေထဲ၌ပင် ပေါက်ကွဲသွားကြလေသည်။
အသံလှိုင်းမှာ လျင်မြန်စွာပင် ပျံ့နှံ့လာသည်။
ထိုအသံလှိုင်းများကို ချူဖုန်း သူ၏ နွားရိုင်းအော်သံဖြင့် တုန့်ပြန်လိုက်သောကြောင့် သူ့ပါးစပ်မှလည်း အသံလှိုင်းများ ထွက်ပေါ်လာသည်။
ဝံပုလွေ၏ခေါင်းမှာ သွေးများစိုရွှဲနေပြီး သူ၏တစ်ဖက်တည်းကျန်သည့်မျက်လုံးလည်း ထိုးခံလိုက်ရသောကြောင့် သူ ဒေါသထွက်နေပြီဖြစ်သည်။ သူ အော်ဟစ်ကာ ချူဖုန်းကို တစ်စစီလုပ်ပစ်ရန် ကြိုးစားလာသည်။
ဘာမှမမြင်ရတော့သဖြင့် ချူဖုန်းသူ့နားကပ်လာသလား သူ မသိ။ သူ့အသံလှိုင်းကြောင့် သူ့ရန်သူ ရပ်တန့်သွားရန်သာ မျှော်လင့်နိုင်သည်။
သူသည် တောင်များနှင့် ကုန်းပြင်မြင့်၏ ဘုရင်ဖြစ်သောကြောင့် သန္ဓေပြောင်းတစ်ယောက်ထက် သူ ပို၍စွမ်းအားကြီးသည်။ နျူးကလီးယားဗုံးဒဏ်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခြမ်း ပေါက်ကွဲသွားသော်လည်း သူ မည်သူ့ကိုမှ မကြောက်ခဲ့။ သို့သော် ယခုတော့ သန္ဓေပြောင်းလူတစ်ယောက်ကြောင့် သူ့မျက်လုံးကန်းသွားလေပြီ။
“ငါက လူပေါင်း ခုနှစ်သိန်းသတ်ခဲ့ပေမယ့် အခုတော့ လူတစ်ယောက်လက်ထဲ သေရတော့မယ် .. ဂါး..” ဝံပုလွေကြီးသည် သူ့အရှုံးကို ဝန်ခံရန် ငြင်းဆန်နေလေသည်။
သူ့အသက်ဓာတ် တစ်ဖြည်းဖြည်း ယုတ်လျော့လာပြီး ပို၍အားနည်းလာသည်ကို သူ ခံစားနေရသည်။ သူ သွေးထွက်လွန်ပြီး သေဆုံးရတော့မည်။
“မင်းသတ်တာခံမယ့်အစား ငါ့ရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို ဘုရင်တစ်ယောက်ကိုပဲ ပေးလိုက်မယ် .. မင်းက ငါသေဖို့ မတန်ဘူး” ဝံပုလွေ ဟစ်ကြွေးလိုက်သည်။
“ငါ အသက်ဆက်ရှင်ရမယ် .. ငါသေလို့မဖြစ်ဘူး..” ဝံပုလွေကြီး သူ့ကိုယ်သူ ပြောလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တွင် အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူ့အမွေးများနှင့် အရေခွံသည် အရှင်လတ်လတ်ပြုတ်ခံရသည့် သွေးစွန်းနေသည့်ခွေးကဲ့သို့ အက်ကွဲလာသည်။ သူ့ရင်ဘတ်မှာ ပေါက်ကွဲတော့မလို ဖြစ်နေသည်။ ထိုအချိန်တွင် ထိုအက်ကွဲကြောင်းများထဲမှ ကြောက်စရာကောင်းသည့် စွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာလေသည်။
အပြင်လောကမှ လူများ မြင်နိုင်မည်မဟုတ်သော်လည်း ချူဖုန်းကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ့သွားများသည် သွားဖုံးမှ ကျွတ်ထွက်လာကာ သွားအသစ်များ ပြန်ပေါက်လာသည်။
“ဘာဖြစ်နေတာလဲ..” ချူဖုန်း ထိတ်လန့်သွားရသည်။
အစပိုင်းတွင် သူ့လက်များ၌ ဘာမှမရှိတော့။ လက်သည်းများမရှိသလို၊ အသားလည်းမရှိ၊ အရိုးများသာ ရှိတော့သည်ပင်။ သို့သော် ယခုတော့အလင်းတန်းလေး တောက်ပလာကာ အသားများ ပြန်ပြည့်လာပြီး သွေးများလည်းစီးဆင်းလာသည်။ ဝံပုလွေမှာ လက်အသစ်တစ်စုံ ပြန်ရလာသလိုပင်။
လည်ပင်း၌ ရှိနေသည့် ပြတ်လုနီးပါးဒဏ်ရာလည်း လျင်မြန်စွာပင် ပြန်လည်ကောင်းမွန်သွားသည်။
ဒီဝံပုလွေမှာ ပြန်ဖန်တီးနိုင်တဲ့ စွမ်းအား ရှိနေတယ်..
ဝှစ်..
ချူဖုန်း ဝံပုလွေပေါ်သို့ ခုန်အုပ်လိုက်သည်။ ချောင်ပိတ်ရိုက်ခံရသည့်ခွေး ဘာလုပ်နိုင်သည်ကို သူသိသည်။ ဝံပုလွေ၏ တုံ့ပြန်မှုများမှာ ပြင်းထန်လိမ့်မည်ပင်။
ချူဖုန်း၏လက်သီးချက် ဝံပုလွေကိုယ်ပေါ်သို့ ရောက်သွားကာ သူ့ကျောရိုးကို ချိုးလိုက်ပြီး သူ့ရင်ဘတ်ကို ထိုးနှက်လိုက်သည်။ သူ့ခန္ဓာကိုယ်၌ ချက်ချင်းပင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီး သွေးများမှာ ရေပူစမ်းကဲ့သို့ ပန်းထွက်လာသည်။
ဂါး .. ဝူး…
ဝံပုလွေကြီး အော်ဟစ်ညည်းတွားလိုက်သည်။ ချူဖုန်းလက်သီးချက်မှာ သူ့ကို လေထဲ လွင့်ထွက်သွားစေသည်အထိပင်။
သို့သော် သူ့ခန္ဓာကိုယ်မှာ ပြန်လည်မွေးဖွားနေဆဲပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးလွှမ်းနေသည့်အမွေးများ မရှိတော့ပဲ တောက်ပြောင်နေသည့်အမွေးများသာ ရှိတော့သည်။
အမွေးများ ပို၍တောက်ပလာပြီး သားရဲကြီးလည်း ပို၍ ကြောက်စရာကောင်းလာသည်။
“ပြန်လည်မွေးဖွားတာလား .. ဒီနေ့တော့ ခင်ဗျား ပြန်မွေးဖွားလို့ ရမှာမဟုတ်ဘူး” ချူဖုန်း သူ့စွမ်းအားအားလုံးကို လက်သီးထဲ ထည့်လိုက်ကာ လက်သီးကို နွားနတ်ဆိုးလက်ဝှေ့ပုံစံ နေရာချလိုက်သည်။
“သေလိုက်တော့…” ချူဖုန်း ဝံပုလွေကြီးထံ ခုန်အုပ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း…
သူ့လက်သီးများမှာ မည်သည့်အတားအဆီးကိုမဆို ချိုးဖျက်နိုင်သည့် နွားနတ်ဆိုး၏ ဦးချိုများကဲ့သို့ပင် ဝံပုလွေကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သွေးများမှာ ပန်းများဖူးပွင့်လာသကဲ့သို့ပင် ပန်းထွက်လာလေ၏။
သူ ခံနေရသောကြောင့် မီးခိုးပြာဝံပုလွေကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ ကြောက်လည်းကြောက်လာသည်။ သူ ပြန်လည်မွေးဖွားရန်အတွက် အချိန်လိုအပ်သေးသည်။
ကမ္ဘာကြီး စတင်ပြောင်းလဲစဉ်က ဝံပုလွေသည် ကံကောင်းကာ တောင်အတွင်းနက်ပိုင်း၌ ထူးဆန်းသည့်သစ်ပင်နှင့် အသီးများစွာကို တွေ့ခဲ့ရသည်။ ထိုထဲမှ အသီးတစ်လုံးသည် သူ့အား အလွန်လျင်မြန်သည့်အရှိန်နှုန်းဖြင့် စွမ်းအားများ ဖြည့်တင်းနိုင်သည့် စွမ်းရည်ကို ပေးခဲ့သည်။
သို့သော် ထိုစွမ်းရည်ကို အသုံးပြုရန်အတွက် သူသည် သူ့ကိုဝိညာဉ်ပိုင်းဆိုင်ရာ တားဆီးထားသည့် အချုပ်အနှောင်များကို အရင်ဖြတ်တောက်ပစ်ရမည်။
သူသာ အချုပ်အနှောင်များကို ဖယ်ရှားနိုင်လျှင် သူ နောက်တစ်ကြိမ် ပြန်ရှင်သန်လာလိမ့်မည်။ သူ့အတွက်တော့ ဤသည်မှာ ပြန်လည်မွေးဖွားခြင်းပင်။
သူသည် ထိုအချုပ်အနှောင်များမှ လွတ်ထွက်ကာ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ထုတ်လွှတ်ရန် ကြိုးစားသော်လည်း ယခု သူ့အခြေအနေမှာ အလွန်ဆိုးရွားနေပြီဖြစ်သည်။ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် မကြိုးစားသင့်တော့။ သူ အောင်မြင်သွားလျှင်ပင် သူ နောက်တစ်နေ့ နေရောင်ကို တွေ့ရရုံလောက်သာ တောင့်ခံနိုင်လိမ့်မည်။ ဤသည်ကို သူလည်းသိသည်ပင်။
သူ ပြီးပြည့်စုံအောင် ပြန်လည်မွေးဖွားနိုင်မည်မဟုတ်။ သူ၏မရှိတော့သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန်ရလာမည်မဟုတ်သလို ဆုံးရှုံးသွားသည့် စွမ်းအားနှင့် ခွန်အားများလည်း ဘယ်တော့မှ ပြန်ရမည်မဟုတ်။ သူသည် ယခင်ကကဲ့သို့ ဘုရင်တစ်ပါး ပြန်မဖြစ်နိုင်တော့။ မသန်မစွမ်း သားရဲသာ ဖြစ်သွားလိမ့်မည်။
သို့သော် ဤသည်မှာ တစ်ခုတည်းသော ရွေးချယ်မှုပင်။ ဤသည်မှာ သူ့စွမ်းအားကို အလကားသက်သက် ဖြုန်းတီးသလို ဖြစ်နေလိမ့်မည်။ သို့သော်လည်း ဤကဲ့သို့သာမလုပ်လျှင် သူ ဆိုးရွားစွာ သေဆုံးရလိမ့်မည်။
အစပိုင်းတွင် သူ လအနည်းငယ်ခန့် ပုန်းအောင်ပြီးမှ ပြန်လည်မွေးဖွားရန် ပြင်ဆင်ထားခြင်းပင်။ သို့သော် အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။
“ဝူး…”
ဝံပုလွေကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချူဖုန်းသည် ဝံပုလွေကြီး၏ရင်ဘတ်ကို ထုနှက်နေဆဲပင်။ ဝံပုလွေကြီး၏ခန္ဓာကိုယ်၌ အပေါက်များစွာ ဖြစ်နေပြီဖြစ်သည်။
အမွေးသစ်များလည်း သွေးများစိုရွှဲနေလေပြီ။
ဝူး..
ဝံပုလွေကြီး အော်ဟစ်လိုက်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင်တော့ သူ ထွက်ပြေးရန် ရွေးချယ်လိုက်သည်။ ချူဖုန်း၏လက်သီးချက်များကို သူ တောင့်မခံနိုင်တော့။
သဲများနှင့် ကျောက်စကျောက်နများသည် မုန်တိုင်းတိုက်ခတ်နေသကဲ့သို့ ပျံ့လွင့်နေသည်။
အပြင်လောကမှ လူများသည် တိုက်ခိုက်နေသည်များကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဖြစ်ပျက်နေသည်ကိုတော့ မြင်ရသေးသည်။
လူအားလုံး စိတ်လှုပ်ရှားနေကြလေပြီ။ တစ်ချိန်က သွေးအေးစွာ သတ်ဖြတ်နေသည့် ဝံပုလွေကြီးသည် တစ်ကိုယ်လုံးသွေးများ စိုရွှဲနေသည့် ကြွက်တစ်ကောင်ကဲ့သို့ ထွက်ပြေးနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် လူများ စိတ်ဓာတ်တက်ကြွလာသည်။
“အဲဒီကောင်ကို သတ် .. အဲဒီခွေးမသားကို သတ်..”
လူများ အော်ဟစ်ကြွေးကြော်လိုက်ကြသည်။ သူတို့ ဤအခိုက်အတန့်ကို စောင့်နေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သည်။
ဘုန်း..
ရုတ်တရက် ဝံပုလွေကြီး ပြင်းထန်စွာ အသက်ရှူထုတ်လာသည်။ သူ၏ကျိုးနေသည့်သွားများအားလုံး ကျွတ်ထွက်လာပြီး အစွယ်အသစ် ထွက်ပေါ်လာသည်။ ဤပြောင်းလဲမှုမှာ ရုတ်တရက်ဆန်လွန်းလှသည်။
ဤသည်မှာ ပြောင်းလဲမှု၏ အထွဋ်အထိပ်ပင်။
သူ၏ပြန်လည်မွေးဖွားခြင်းစက်ဝန်း ပြီးဆုံးသွားကာ ယခု ဤအစွယ်တစ်စုံမှာ သူ၏အကောင်းဆုံး လက်နက်ပင်။
ကံမကောင်းစွာဖြင့် သူ၏ခန္ဓာကိုယ်တစ်ပိုင်း ပျောက်ဆုံးနေဆဲဖြစ်ပြီး သွေးများစွာကိုလည်းဆုံးရှုံးထားသည်။ သူ၏ပြန်လည်မွေးဖွားခြင်းလုပ်ငန်းစဉ်မှာ အရှုံးကြီး ရှုံးနိမ့်သွားပြီဖြစ်သည်။
“ငါ အဆုံးသတ်တော့မှာပဲ..” ဝံပုလွေကြီး ရေရွတ်လိုက်သည်။
သူ မျှော်လင့်ချက်မရှိတော့။
သူ့မျက်လုံးများ ကန်းသွားပြီဖြစ်သောကြောင့် သူ၏အကြားအာရုံနှင့် အသိစိတ်ကိုသာ အားကိုးရတော့သည်။ သူ့ရန်သူ ရှိနေသည့်နေရာကို ရှာဖွေလိုက်ပြီး ပြင်းထန်စွာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဂါး..
ဝံပုလွေကြီးသည် ပြေးလွှားနေသည်ကို ရပ်တန့်လိုက်ပြီး ချူဖုန်းထံသို့ ခုန်အုပ်လာသည်။
သူသည် ချူဖုန်းကို သူနှင့်အတူ ဆွဲချသွားချင်နေသည်မှာ သိသာလှသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသည့်သူများအားလုံး အံ့အားသင့်သွားရသည်။ ဝံပုလွေကြီးက ရုတ်တရက်ကြီး ဘာလို့ ဒီလောက်တောင် အားကောင်းသွားတာလဲ..
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဘုရားရေ .. မီးခိုးပြာဝံပုလွေကြီးရဲ့ ဒဏ်ရာတွေအားလုံး ပျောက်သွားပြီလား .. သူ့ကို ဘာလို့ မသတ်နိုင်ရတာလဲ..”
“ကြောက်စရာကောင်းလိုက်တဲ့ သားရဲကြီး .. သူက ထာဝရဝံပုလွေကြီးလား..”
“ဝံပုလွေကြီး သေကိုသေရမယ် .. သူ သေကိုသေရမယ်..”
“ဘာဖြစ်နေတာလဲ..”
လူများမှာ ရှုပ်ထွေဂလာကြသည်။
ဝံပုလွေကြီး၏ အရိုးများ၊ အသွေးအသားများ ပြန်လည်ဖြစ်ပေါ်လာသည်ကို ချူဖုန်း ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မည်နည်း..
“သတ်…” ချူဖုန်း ဟစ်ကြွေးလိုက်သည်။
သူသည် ထူးခြားသည့်အသက်ရှူစည်းချက်ကို စတင်အသုံးပြုလိုက်ပြီး လက်သီးပုံစံများကိုလည်း နွားနတ်ဆိုးလက်ဝှေ့ပုံစံအတိုင်း နေရာချထားလိုက်သည်။ လက်ဝှေ့ပညာနှင့် အသက်ရှူစည်းချက်ပေါင်းစည်းလိုက်လျှင် သူ၏ထိုးချက်တိုင်းမှာ သေစေလောက်သည့်ထိုးချက်များ ဖြစ်လာမည်ပင်။
ချူဖုန်း သူ့လက်သီးများကို ဝှေ့ရမ်းလိုက်သည်နှင့် လေပွေများ တိုက်ခတ်လာကာ ကျောက်တုံး၊ ကျောက်ခဲများ လွင့်ပျံလာသည်။
ဘုန်း ဘုန်း ဘုန်း..
ချူဖုန်းမှာ ပို၍ ရူးသွပ်လာလေပြီ။ သူ့လက်သီးထိုးသံမှာ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှသည်။
ချူဖုန်း ဝံပုလွေကြီး၏ ဦးခေါင်းကို လက်သီးဖြင့် တရစပ်ထိုးလိုက်သည်။ ဘုန်း .. နောက်ဆုံးတွင် ဝံပုလွေကြီး လွင့်ထွက်သွားလေသည်။ သူ့ခေါင်းတစ်ခုလုံး သွေးများ စိုရွှဲနေပြီး သူ့အစွယ်များလည်း ကြမ်းတမ်းနေသည်။
ဂါး..
ဝံပုလွေကြီး သနားစဖွယ်အော်ဟစ်လိုက်ပြီး သွေးအိုင်ထဲ လဲကျသွားလေသည်။ သူ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း မထနိုင်တော့။
ခွပ်..
သူ့ဓားမြောင်နက်မှာ ကျောက်တုံးတစ်တုံး၌ စိုက်နေသည်ကို တွေ့လိုက်ရသောကြောင့် ချူဖုန်း ဓားကို ဆွဲနှုတ်ယူလိုက်ပြီး ဝံပုလွေထံသို့ လျှောက်သွားလိုက်သည်။
ဝံပုလွေကြီး သေမသေ သူမသိ။ “သူ ပြန်မွေးဖွားလာရင်ရော ဘယ်လိုလုပ်မှာလဲ.. သူ သေတာသေချာအောင်လို့ သူ့ခေါင်းကို ဖြတ်ပစ်ရမယ်..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။
သူလည်း မောနေပြီဖြစ်ပြီး လမ်းလျှောက်လျှင်ပင် ယိမ်းယိုင်နေပြီဖြစ်သည်။
မီးခိုးပြာဝံပုလွေကြီးလည်း သူ့သေလမ်းကို သူမြင်နေပြီဖြစ်သည်။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ စိတ်ပျက်ခြင်းနှင့် ငြင်းဆန်လိုခြင်းသာ ရှိသည်။ သူ အမှန်တရားကို လက်မခံနိုင်သေး။ ထို့နောက် ဝံပုလွေကြီး နောက်ဆုံးအကြိမ်အဖြစ် အော်ဟစ်လိုက်သည်။
ဝူး..
အော်သံမှာ ရှေးတောင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ငှက်များမှာ ပုန်းခိုနေကြသည့်နေရာများ၌ပင် တုန်ယင်လာကြသည်။
ကင်မရာမှာ တိုက်ခိုက်နေသည့်နေရာနှင့် အတော်လေး ဝေးသော်လည်း အပြင်လောကမှ လူများပင် ထိုအော်သံကို ကြားလိုက်ရသည်။ ဤအသံမှာ သူတို့နားထဲတွင် မိုးခြိမ်းသံကဲ့သို့ပင်။
မီးခိုးပြာဝံပုလွေကြီး သေတော့မယ် .. အားလုံး စိတ်လှုပ်ရှားနေကြလေ၏။
လူအများစု သက်မချလိုက်ကြသည်။ နောက်ဆုံးတော့ ဝံပုလွေကြီး သေဆုံးသွားလေပြီ။ သူတို့စိတ်ထဲ လေးလံနေသည့် ဝမ်းနည်းပူဆွေးမှုများကို နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့လေပြီ။
ရုတ်တရက် ချူဖုန်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ဤသည်မှာ အန္တရာယ်များသည့် တစ်စုံတစ်ခု သူ့ထံသို့ ဦးတည်လာနေပြီဖြစ်ကြောင်း သူ့အသိစိတ်မှ သတိပေးနေခြင်းပင်။
ရုတ်တရက် ထိုအစွယ်သည် ဝံပုလွေပါးစပ်ထဲမှ ကျွတ်ထွက်လာလေ၏။ ဝံပုလွေသည် ထိုသွားများကို နှုတ်ယူကာ ချူဖုန်းထံသို့ ပစ်လွှတ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် ချူဖုန်းတစ်ကိုယ်လုံး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ အန္တရာယ်မှာ ဤအစွယ်တစ်ခုတည်းမဟုတ်။ နောက်ပိုင်းရောက်လာမည့်အန္တရာယ်မှာ ပိုကြီးသည်။
ထိုအစွယ်များကို သူ အလွယ်တကူပင် ရှောင်ရှားနိုင်သည်။ ထိုအစွယ်များသည် သူ့မျက်နှာကို ဖြတ်ကာ ကျောက်တုံးကြီးတစ်ခုကို ထိုးဖောက်သွားလေ၏။ ထို့နောက် ထိုအစွယ်များသည် တောင်ကုန်းငယ်လေးတစ်ခု၌ စိုက်ဝင်သွားလေ၏။
သူ့ခန္ဓာကိုယ်မှာ တောင့်တင်းနေဆဲပင်။ အန္တရာယ်အစစ်မှာ ရောက်မလာသေး။
ချူဖုန်း မြေပြင်ပေါ်ဝပ်လိုက်ပြီး ဝံပုလွေထံသို့ တွားသွား၍ သွားလိုက်သည်။ ရောက်လာမည့်အန္တရာယ်ကို ရှောင်ရှား၍ရသော်လည်း သူ မလုပ်ချင်။ ဝံပုလွေခေါင်းကိုမဖြတ်ရမချင်း သူ စိတ်အေးမည်မဟုတ်။
ရွှပ်..
သားရဲအနားရောက်သည်နှင့် ချူဖုန်း သူ့ဓားမြောင်နက်ဖြင့် ဝံပုလွေလည်ပင်းကို လှီးဖြတ်လိုက်သည်။ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး ခေါင်းတစ်လုံး မြေပြင်ထက်သို့ လိမ့်ဆင်းသွားသည်။
ဒက် ဒက် ဒက်..
ရုတ်တရက် ကျည်ဆံမိုးများ ရွာသွန်းလာသည်။
ဝုန်း ဝုန်း ဝုန်း…
အမြောက်များလည်း ဤနေရာသို့ရောက်ရှိလာသည်။
တစ်ယောက်ယောက်သည် စွမ်းရည်မြင့်လက်နက်များဖြင့် ဤနေရာကို ဗုံးကျဲချနေခြင်းပင်။
ထိုအခိုက်အတန့် တစ်လောကလုံး ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။
“ဘယ်သူက ပစ်နေတာလဲ … ဒီလူတွေက ဘယ်သူတွေလဲ .. သူတို့ဘာလို့ ဒီလိုမျိုးလုပ်တာလဲ..”
“ဘုရားရေ .. ဒီလူတွေ ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ .. ငါတို့လူသားမျိုးနွယ်စုအတွက် ကြိုးစားပေးခဲ့တဲ့လူကို ဘာလို့ ပစ်မှတ်ထားနေတာလဲ .. သူက ငါတို့သူရဲကောင်းလေ..”
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသည့်သူအားလုံး ချက်ချင်းခုန်ထသွားကြရသည်။
“သွားပြီ .. သူက အခုမှ မီးခိုးပြာဝံပုလွေနဲ့တိုက်ထားတာ .. သူ ဘယ်လောက်တောင် စုတ်ပြတ်သွားလဲ မင်းတို့မြင်လိုက်လား .. သူ မောနေပြီ .. သူ အားကုန်နေပြီ .. သူ နောက်ထပ်တစ်ပွဲ ထပ်တိုက်နိုင်မှာမဟုတ်တော့ဘူး..”
လူများ ဒေါသထွက်လာကြသည်။ သေနတ်ဖြင့်ပစ်လိုက်သည့်သူများကို သွားရှာပြီး အရက်စက်ဆုံးနည်းလမ်းများဖြင့် သတ်ပစ်ချင်နေကြတော့သည်။
“ဟား ဟား .. ဒါက ‘ဓားခုတ်ကောင်ကို ပုစဉ်းကို ချောင်းနေပေမယ့် သူ့နောက်ကငှက်ကိုတော့ မမြင်ဘူး’ ဆိုတဲ့ စကားပုံအတိုင်းပဲ .. မင်းက ဒီလောက်ထိ မောပန်းနေတာဆိုတော့ မင်း တောင့်ခံနိုင်တော့မှာမဟုတ်ဘူး .. ပွဲ သိမ်း ပြီ..”
အဝေးမှ တစ်စုံတစ်ယောက် အော်ဟစ်ရယ်မောနေလေသည်။
“အား…”
ယုယန်ချင်း အော်ဟစ်လိုက်သည်။ သူသည် စက်သေနတ်တစ်လက်ကို ပုခုံးပေါ်တင်ကာ အရူးတစ်ယောက်ကဲ့သို့ ပြေးထွက်သွားလိုက်သည်။ သူ့ခေါင်းဆောင်အသက်ကို ကယ်ရန်အတွက် သူ အသက်စွန့်ကာ တိုက်ခိုက်တော့မည်။
သူ့မျက်လုံးများ နီရဲနေပြီဖြစ်သည်။ သူ့ရန်သူ၏နေရာအတိအကျသိရရန်အတွက် သူ ပြေးနေခြင်းပင်။
တိဟွိုင်ကျင်းလည်း ထို့အတူပင်။ သူသည် ယုယန်ချင်းနှင့်အတူတူပြေးရင်း ရန်သူ၏နေရာများကို ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့အား ပြောပြနေသည်ပင်။
“ခင်ဗျားတို့အားလုံး သွားသေလိုက်တော့..”
အဖွဲ့ဝင်အားလုံး ရူးသွပ်လာကြသည်။ ဝံပုလွေအား သတ်ဖြတ်သည့်သူရဲကောင်းကို တိုက်ခိုက်လာသည့်သူရှိလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
ဤနေရတစ်ခုလုံး ယမ်းနံ့များ မွှန်ထူနေသည်။ မြေပြင်မှာ အမြောက်ဒဏ်များကြောင့် ပုံပျက်နေပြီး သစ်ပင်များလည်း ကျိုးကြေနေပြီဖြစ်သည်။
ချူဖုန်းမှာ အသက်မရှိ၊ ခေါင်းမရှိတော့သည့် ဝံပုလွေအလောင်းအောက်၌ ရောက်နေသည်ပင်။ သူ့လက်ထဲ၌ ကျည်ဆံအချို့ရှိနေသည့်အပြင် သူ့အဝတ်အစားပေါ်၌လည်းကျည်ဆံပေါက်ရာများ ရှိနေသည်။
သို့သော် ကျည်ဆံတစ်ထောင့်မှ သူ့အရေပြားကို မထိုးဖောက်နိုင်။
သူသည် မီးခိုးပြာဝံပုလွေနှင့် တိုက်ခိုက်ရင်းအားအင်ကုန်ခမ်းနေသည်မှန်သော်လည်း သူ့အရေပြား၏ မာကျောမှုများ လူတစ်ယောက် မထင်ထားလောက်အောင်ပင်။ အမှောင်ထဲမှ စနိုက်ပါသမားများဖြင့် ကျည်ဆံမိုးမှာ သူ့ကို ဘာမှမလုပ်နိုင်။
“ခင်ဗျားတို့အားလုံး သေရမယ်..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
သူ မြေပြင်ထက်၌ လဲလျောင်းနေဆဲပင်။ သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသုံးပြုကာ သူ့သွေးကြောများထဲ၌ ထူးခြားသည့်စွမ်းအင်တစ်ခုကို စီးဆင်းစေလိုက်သည်။ ဤစွမ်းအင်သည် မောပန်းနေသည့် သူ့ခန္ဓာကိုယ်ကို တစ်ဖြည်းဖြည်းချင်း အားအင်ဖြည့်တင်းပေးနေသည်ပင်။
အပိုင်း ၁၀၅ ပြီး၏။