ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၄ – နတ်ဆိုးနတ်ဘုရား
ချူဖုန်း မြေပြင်ကို စောင့်ကန်လိုက်ပြီး အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ထွက်ခွာသွားလိုက်သည်။
သူ့ခွန်အားများကို အဆုံးစွန်ထိ အသက်သွင်းထားသောကြောင့် ဓားတွင် အေးစက်သည့်အလင်းများ တောက်ပနေသည်။
မီးခိုးပြာဝံပုလွေသည် သူ၏ရှေ့ခြေများကို လွှဲရမ်းကာ အချက်ပေါင်းများစွာ တိုက်ခိုက်လာသည်။ သို့သော် သူ ထိုဓားနှင့်တိုက်ရိုက်မထိရဲတော့ဘဲ ဘေးဘက်ကိုသာ တိုက်ခိုက်နေသည်။
ဓားနှင့်လက်ထိသွားသည်နှင့် နားကွဲလောက်သည့် ဆူညံသံများ ထွက်ပေါ်လာပြီး မီးပွားများနေရာအနှံ့ လွင့်စင်သွားသည်။
ချူဖုန်းလက်ထဲမှ ဓားရှည်သည် အလင်းတန်းတစ်ခုကဲ့သို့ မီးခိုးပြာဝံပုလွေကို ရစ်ဝဲနေသည်။
ဓားလမ်းကြောင်း၌ ရှိနေသည့် ကျောက်တုံးများ ကွဲကြေသွားကာ ဧရာမသစ်ပင်ကြီးများလည်း ကျိုးကျသွားကြသည်။
မြေကြီးလည်း ဟက်တက်ကွဲသွားကာ အတော်လေးနက်သည့် အက်ကွဲကြောင်းကြီးဖြစ်သွားသည်။
လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် အသေအကြေတိုက်ခိုက်နေကြပြီး သူတို့ဘေးပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေကြသည်။
“ဂါး…”
မီးခိုးပြာဝံပုလွေ အော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထက်တွင် ထူးဆန်းသည့်စွမ်းအင်လွှာတစ်လွှာ ထွက်ပေါ်လာသည်။ သူ့ခွန်အားလည်း တဟုန်ထိုး တိုးတက်လာပြီး လေထဲတွင် သားရဲဘုရင်အော်ရာများ ပျံ့နှံ့လာသည်။
ဒုန်း..
သူသည် ချူဖုန်း လက်ထဲမှ ဓားကို လွင့်ထွက်အောင် လုပ်မိလုနီးပါးပင်။
ချူဖုန်း၏ လက်ညှိုးနှင့်လက်မကြားသာမက ကျန်သည့်လက်ချောင်းများလည်း သွေးများစီးကျနေပြီဖြစ်သည်။
ချူဖုန်း သူ့အရှိန်ကို အမြင့်ဆုံးထိတင်လိုက်ကာ ပြင်းထန်စွာ တိုက်ခိုက်လာသည်။
တောက်ပသည့်ဓားမှာ ယခုအချိန်တွင် အလွန်ကြောက်စရာကောင်းလာသည်။
ဤမျှအရှိန်ဆိုလျှင် ရှားပါးသည့်သတ္တုဖြင့် ပြုလုပ်ထားသည့် ဓားရှည်မပြောနှင့် စာရွက်တစ်ရွက်ပင်လျှင် အလွန်ထက်ရှနေပြီဖြစ်သည်။
အထူးသဖြင့် ချူဖုန်း သူ့ခွန်အားကိုလည်း အဆုံးစွန်ထိ အသုံးပြုထားသောကြောင့် မီးခိုးပြာဝံပုလွေကြီး၏ မျက်ဆံများ မှေးကျဉ်းလာလေသည်။
ဒုန်း ဒုန်း ဒုန်း..
မီးခိုးပြာဝံပုလွေသည် သူ၏လက်များဖြင့် ဓားကို ဆက်တိုက်ခုခံနေသည်။
ရွှပ် ရွှပ် ရွှပ်…
ဓားရှည်သည် မီးခိုးပြာဝံပုလွေ၏ အရေပြားကို ပွင့်ဟလာစေပြီး သွေးများလည်း စီးကျလာစေသည်။
ယခုအချိန်တွင် မီးခိုးပြာဝံပုလွေ၏ ရှေ့ခြေထောက်နှစ်ဖက်လုံးမှ သွေးများစီးကျနေပြီဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့် ပရိတ်သတ်များလည်း လေထဲ လက်သီးလက်မောင်းတန်းကာ အော်ဟစ်လာကြသည်။
“သူ့ကို သတ်လိုက် .. မတရားခံခဲ့ရတဲ့သူတွေအတွက် လက်စားချေလိုက် .. အဲဒီမီးခိုးပြာဝံပုလွေကို ခေါင်းဖြတ်ပစ်လိုက်”
“သတ်..”
…
တိုက်ပွဲထဲ၌ ရှိနေသည့် ချူဖုန်းကတော့ မျက်မှောင်ကြုတ်နေလေသည်။ ဤဝံပုလွေမှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။
သိထားရမည်မှာ တစ်စက္ကန့်ကို မီတာ ၂၆၀ သွားနေရသည်မှာ သူ့အားအင်များကို အတော်လေး ကုန်ခမ်းစေသည်။
သူသာ ဤအတိုင်း အကြာကြီး တိုက်ခိုက်နေလျှင် အားကုန်သွားပြီး ဆက်တိုက်နိုင်မည်မဟုတ်တော့။
ဤကဲ့သို့ တိုက်ခိုက်နေသော်လည်း သူသည် မီးခိုးပြာဝံပုလွေ၏ လက်များကို ဒဏ်ရာရရုံသာ လုပ်နိုင်သည်။ ဤကောင်ကို သတ်ရန် မလုံလောက်သေး။
သူ့ရှေ့ရှိ ဝံပုလွေကြီးကို ထူးဆန်းသည့်စွမ်းအင်လွှာတစ်ခု ဖုံးလွှမ်းနေပြီး သူ့ဓားရှေ့ဆက်တိုးမရအောင် တားဆီးထားသည်။ ဝံပုလွေသည် အလွန်ကြောက်နေသောကြောင့် သူ့ကို သတ်ရန် လွယ်ကူမည်မဟုတ်။
ဤအတိုင်းသာဆိုလျှင် သူ မောသွားသည့်အချိန်၌ ဝံပုလွေကြီး ပြန်တုံ့ပြန်လာမည်ပင်။
ဝူး…
မီးခိုးပြာဝံပုလွေ ရှည်လျားစွာ အူလိုက်သည်။ သူ့လက် ဒဏ်ရာရပြီး သွေးများ စီးကျနေခြင်းမှာ သူ့အတွက်တော့ အလွန်အရှက်ရစရာကောင်းသည့်ကိစ္စပင်။ သူသည် သန္ဓေပြောင်းအားလုံးကို အပေါ်စီးမှ ကြည့်နေနိုင်သည့် ဘုရင်တစ်ဦးဖြစ်သော်လည်း ယခုတော့ရှုံးနိမ့်နေသည်။
သူ၏ သွေးစွန်းနေသည့် ပါးစပ်ကြီး ဟလာသည်။ သူ ချူဖုန်းကို အကောင်လိုက်သာ မြိုချပစ်လိုက်ချင်တော့သည်။
ဒုန်း ဒုန်း ဒုန်း..
မီးခိုးပြာဝံပုလွေသည် လက်သည်းများ မရှိတော့သော်လည်း ကျန်နေသည့် လက်သည်းအကျိုးများမှာ လျှပ်စီးကဲ့သို့ပင် ဓားရှည်ကို ရိုက်ခတ်လာသည်။ သူ ဤလက်နက်ကို ဖျက်ဆီးပစ်ချင်နေသည်ပင်။
“မီးခိုးပြာဝံပုလွေက တကယ်ကို စွမ်းအားကြီးတာပဲ .. မကောင်းတော့ဘူး .. သူသာ ဝံပုလွေကို အခု မသတ်နိုင်ရင် အဲဒီလူ အန္တရာယ်များတော့မှာ..”
ကြည့်ရှုသူများထဲမှ ကျွမ်းကျင်သူများ တိုက်ပွဲကို သုံးသပ်လိုက်သည်။
“ဒီတိုက်ပွဲကို ဘယ်သူ လွှင့်နေတာပဲ .. ကင်မရာထောင့်ကို ပြောင်းပြီးသူ့မျက်နှာကို ပြစမ်းပါ .. သူက ငါတို့ကို ကျောပေးနေတာ”
အချို့လူများ မကျေနပ်ကြတော့ပဲ မှတ်ချက်များ ပေးလာကြသည်။ အဘယ်ကြောင့်ဆိုသော် ကင်မရာသည် သားရဲဘုရင်ကိုသာ ဦးတည်ထားသောကြောင့် ထိုလူ၏ ကျောပြင်ကိုသာ မြင်နေရသည်။
“ကင်မရာက အရမ်းဝေးနေတယ် .. နည်းနည်းလောက် ကပ်လောက်လို့ မရဘူးလား..” လူအချို့ မှတ်ချက်ပေးလာကြသည်။
သို့သော် လူအများစုကတော့ သူတို့နားလည်ကြောင်း ပြောပြလာသည်။ ထုတ်လွှင့်နေသည့်သူလည်း အသက်စွန့်ကာ လွှင့်နေခြင်းပင်။ သူသည် ကျွမ်းကျင်သူနောက်၌ ပုန်းနေခြင်းဖြစ်လိမ့်မည်။ သူ သားရဲဘုရင်နား မသွားရဲ။
“ဝုန်း..”
ချူဖုန်း လေပေါ် ခုန်တက်သွားကာ မီးခိုးပြာဝံပုလွေ လွတ်မြောက်နိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်လိုက်သည်။
“သတ်…”
ကြည့်ရှုနေကြသည့်သူအားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
သို့သော် ထိုအချိန်တွင် ထုတ်လွှင့်မှု ရပ်တန့်သွားလေ၏။
လူများမှာ အချိန်တစ်ခဏခန့် တိတ်ဆိတ်သွားရသည်။
သို့သော် ခဏကြာပြီးနောက် အင်တာနက်တစ်ခုလုံး ပွက်ပွက်ညံလာသည်။
“သူက ဘာလို့ ဒီလိုအရေးကြီးတဲ့အချိန်မှာမှ ဖျက်ချပစ်လိုက်တာလဲ..”
“ကင်မရာမန်းတစ်ခုခု ဖြစ်သွားလို့လား .. မြန်မြန်ပြန်လွှင့်ပေးပါ .. တိုက်ပွဲရလဒ်က ဘယ်လိုဖြစ်လာမှာလဲ..”
“သောက်စထရင်မ်မာ .. မင်း တမင်သက်သက်လုပ်နေတာလား .. ငါတို့ နည်းနည်းလောက်ပဲ ပြောရသေးတာကို မင်းက ငါတို့ကို ပညာပြလိုက်တာလား..”
တိုက်ပွဲ အထွဋ်အထိပ်ရောက်နေသည့်အချိန် တိုက်ရိုက်ထုတ်လွှင့်မှု ရုတ်တရက် ပြတ်တောက်သွားခြင်းမှာ အဆုံးမရှိသည့်ချောက်နက်သို့ ကျသွားသလိုပင် ခံစားလိုက်ရသည်။
“ဆိုးလိုက်တာ .. အရေးအကြီးဆုံးအချိန်မှာမှ သူက ရပ်ပစ်လိုက်ရလား .. ငါရူးတော့မယ်..”
“အစ်ကိုကြီး .. ငါတို့ မှားပါပြီ .. ငါတို့ ဘာမှ မပြောခဲ့သင့်ဘူး .. ကျေးဇူးပြုပြီး ပြန်ပြီး ထုတ်လွှင့်ပေးပါ .. ဝေးနေရင်တောင် အဆင်ပြေတယ် .. ကျောပြင်ပဲ မြင်ရလည်း အဆင်ပြေပါတယ် .. မြန်မြန်လေး ပြန်ပြပေးပါ.. တောင်းပန်ပါတယ်..”
…
ဝဘ်ဆိုဒ်ကြီးမှာ ပွက်ပွက်ညံနေလေပြီ။
နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်မှ အခြေအနေကို ဆန်းစစ်မိသွားကာ ထုတ်လွှင့်သည့်သူ တမင်သက်သက်ဖြတ်တောက်လိုက်ခြင်းမဟုတ်နိုင်ကြောင်း ပြောလာသည်။
“တိုက်ပွဲက အရမ်းခေါင်တဲ့တောင်မှာ ဖြစ်နေတာ သိသာတယ် .. အဲဒီမှာ လိုင်းမကောင်းလောက်ဘူး .. သူ ဒီလောက်ပြနိုင်တာတောင်မှ တော်တော်လေး ကံကောင်းနေပြီလို့ ပြောလို့ရတယ်”
လူများသည် ပြဿနာကို နားလည်သော်လည်း ကြည့်ချင်နေကြဆဲပင်။ အားလုံးမှာ ပြန်ထုတ်လွှင့်ရန် ဆုတောင်းနေကြလေသည်။
တောင်ထဲ၌ ရှိနေသည့် ယုယန်ချင်းမှာ ထိတ်လန့်နေသည်။ လူများထင်ထားသည့်အတိုင်း သူ လိုင်းပျောက်သွားခြင်းပင်။
“အရင်နေရာက တော်တော်လေး ကောင်းတယ် .. ငါတို့ လိုင်းအပြည့်မိတယ် .. ငါတို့နေရာမရွှေ့ရင် ပြဿနာရှိမှာမဟုတ်ဘူး..” တိဟွိုင်ကျင်း အထွန့်တက်လိုက်သည်။
“သူတို့တိုက်နေတာက နေရာပြောင်းသွားပြီလေ .. အဲဒီတော့ ဆက်ရိုက်ဖို့အတွက် ငါလည်း နေရာရွှေ့ရမှာပေါ့.. တစ်ခြားနည်းလမ်းမှမရှိတာ” ယုယန်ချင်း ပြန်ပြောလိုက်သည်။
“ကူညီဖို့အသင့်ပြင် .. ချူဖုန်း အန္တရာယ်ရှိနေပြီ..” ယဲ့ချင်းရုန် သတိပေးလိုက်သည်။ သူမ၏လှပသည့်မျက်လုံးများ တောက်ပနေသည်။ သူမအတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး လေထဲ ပျံတက်သွားကာ သူမပုခုံးပေါ်၌ လောင်ချာတစ်ခု ရှိနေသည်။ သူမသည် လိုအပ်လျှင် ပစ်ချရန် အဆင်သင့်ပင်။
“ဒါက တကယ်ကို စိုးရိမ်စရာကောင်းတယ် .. ငါတို့ ဘာမှလည်းမကူညီနိုင်ဘူး” တိဟွိုင်ကျင်း စိတ်ပျက်စွာ ပြောလိုက်သည်။
ချန်လော့ယန်ပင် ဘာမှမလုပ်နိုင်။ ဤကဲ့သို့ အဆင့်မြင့်လှသည့်တိုက်ပွဲတွင် သူတို့အတွက် နေရာမရှိ။ အများဆုံးမှ အနည်းငယ်လေး အနှောက်အယှက်ပေးရုံသာ လုပ်နိုင်လိမ့်မည်။
ချန်လော့ယန်လည်း ရှေ့တက်လာကာ မီးခိုးပြာဝံပုလွေကို ချောင်းတိုက်ရန် ပြင်လိုက်သည်။
ဝုန်း..
ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့ လက်နက်ကြီးဖြင့် ပစ်လိုက်သည်နှင့် မီးခိုးနှင့်ဖုန်မှုန့်များ လွင့်စင်လာသည်။
ကံမကောင်းစွာဖြင့် ဝံပုလွေကြီးမှာ ဘာမှသိပ်ထိခိုက်မသွား။
အရေးကြီးသည့်အချိန်ရောက်လျှင် တစ်ခုခု ကူညီနိုင်လို ကူညီနိုင်ငြား သူတို့နှစ်ဦး ရှေ့ဆက်တက်လာခဲ့လိုက်သည်။
“နောက်ပြန်ဆုတ် .. ငါ အာရုံလွင့်လို့မရဘူး..” ချူဖုန်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူ့ ဒဏ်ရာများမှာ ပြင်းထန်လှသည်။ အစောပိုင်းတွင် ဝံပုလွေလက်ဖြင့် ရိုက်မိသွားသောကြောင့် သူ့ရင်ဘတ်ကို တောင်ကြီးတစ်လုံး ဖိထားသလို ခံစားနေရသည်ပင်။
ယဲ့ချင်းရုန်နှင့် လော့ချန်းယန်တို့မှာ ကူကယ်ရာမဲ့သွားသော်လည်း နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့နှစ်ဦးသာ တဇွတ်ထိုးပြေးသွားလျှင် သူတို့သာ သေသွားမည်ဖြစ်ကြောင်း သိသည်ပင်။
“အာ .. လိုင်းပြန်ရပြီ .. ဆက်လွှင့်လာပြီ..”
ကြည့်ရှုသူများ အော်ဟစ်လိုက်ကြသည်။
“မကောင်းတော့ဘူး .. မီးခိုးပြာဝံပုလွေကြီးက ရူးနေပြီ .. အဲဒီလူ အန္တရာယ်များနေပြီ..”
မီးခိုးပြာဝံပုလွေကြီး ချူဖုန်းအား ဖိနှိပ်လာသည်ကို တွေ့လိုက်ရသည့်အချိန်တွင် လူအုပ်ကြီး ဒေါသထွက်လာကြသည်။
မီးခိုးပြာဝံပုလွေကြီးမှာ ဒေါသတကြီး ရှေ့ဆက်တိုးနေသောကြောင့် ထိုလူမှာ နောက်ဆုတ်ရုံသာ တတ်နိုင်တော့သည်။
သူတို့ဖြတ်သွားသည့်နေရာတိုင်း၌ ကျောက်တုံးကြီးများ လွင့်စင်သွားကာ ရှေးသစ်ပင်များလည်း ဟက်တက်ကွဲသွားသည်။
မီးခိုးပြာဝံပုလွေသည် ပါးစပ်ဖြင့် ဝင်လာသည့်ဓားရှည်ကို ကိုက်လိုက်ပြီး ကျန်သည့်လက်နှစ်ဘက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ထိုလက် မြေပြင်နှင့် ထိသွားသည်နှင့် မြေပြင်၌ အက်ကွဲကြောင်းများ ပေါ်လာသည်။
ဘုန်း..
မီးခိုးပြာဝံပုလွေ၏ တိုက်ခိုက်မှုများမှာ ပို၍ ပြင်းထန်လာသည်။ သူသည် လက်သည်းများသည် ချူဖုန်း၏ ခေါင်းဆောင်ကို ဖြတ်တိုက်သွားသည်။
သူ့ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသည့် အကာအကွယ်များမှာ ယခုတော့ အဝတ်စုတ်များဖြစ်သွားပြီဖြစ်ပြီး မာကျောသည့် ခေါင်းဆောင်းသာ ကျန်တော့သည်ပင်။ သို့သော် ယခုတော့ ခေါင်းဆောင်းလည်း ပျက်စီးသွားလေပြီ။
“အား..”
ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ခွပ်..
သူ့ခေါင်းဆောင်းမှာ အပိုင်းပိုင်းဖြစ်သွားလေပြီ။
ထိုအခိုက်အတန့် လူများမှာ ထိုအမျိုးသားကိုသာ အာရုံစိုက်ကြည့်လိုက်ကြသည်။
လူများ၏ ခံစားချက်များ ရောထွေးနေကြသည်။ သူတို့ မျှော်လင့်နေမိသလို ကြောက်လည်းကြောက်နေမိသည်။ သူတို့ ထိုထူးဆန်းသည့်လူ၏ ပုံရိပ်ကို မြင်ချင်သော်လည်း သူ သေသွားမည်ကိုလည်း ကြောက်နေကြသည်။
ရုတ်တရက် လိုင်းပြတ်တောက်သွားပြန်လေသည်။
“ဘုရားရေ .. ဘာလို့ ထပ်ပြတ်သွားတာလဲ .. ဘာဖြစ်နေတာလဲ.. မသေပါစေနဲ့..”
“အဲဒီမီးခိုးပြာဝံပုလွေကို သတ်ဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေတာလဲ .. သူက လူတွေ အများကြီးကို ရက်ရက်စက်စက်သတ်ထားတာလေ .. အဲဒါတောင်မှ သူ့ကို မသတ်နိုင်သေးဘူး .. မုန်းစရာကောင်းလိုက်တာ..”
…
လူများမှာ ပို၍ စိုးရိမ်လာကြသည်။ မီးခိုးပြာဝံပုလွေနှင့် ထိပ်တိုက်တိုက်ခိုက်နိုင်သည့် ကျွမ်းကျင်သူကို ရှာတွေ့ရန် မလွယ်ကူ။ သူသာ တိုက်ပွဲ၌ ကျသွားလျှင် သူတို့အတွက် ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။
ခေါင်းဆောင်းပျက်စီးသွားသည်နှင့် ချူဖုန်းလည်း လွင့်ထွက်သွားသည်။ မြေပြင်ပေါ်သို့ ပြန်ကျသည်နှင့် ချူဖုန်း ဓားကို တင်းတင်းဆုတ်ကိုင်ကာ နောက်ကို မြန်မြန်ဆုတ်လိုက်သည်။
မီးခိုးပြာဝံပုလွေ၏ တစ်ဖက်တည်းရှိသည့် မျက်လုံးမှာ ကျောချမ်းစရာကောင်းလောက်အောင် အေးစက်လာလေသည်။ သူသည် ပျံသန်းလုနီးပါး ချူဖုန်းထံသို့ တရှိန်ထိုး ပြေးဝင်လာသည်။
ဝူး..
သူ့အူသံမှာ ရှေးဟောင်းတောအုပ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
ဤလူသား အားကုန်ခါနီးဖြစ်နေပြီကို သူသိသည်။ ဤမျှအရှိန်မြန်မြန်ဖြင့် တိုက်ခိုက်နေသောကြောင့် သူ့ခွန်အားမြန်မြန်ကုန်မည်ပင်။
“သေလိုက်တော့ လူသား .. သားရဲဘုရင်ကို မလေးမစား လာလုပ်လို့မရဘူး..” မီးခိုးပြာဝံပုလွေ၏စကားလုံးမှာ အေးစက်လှသည်။
မီးခိုးပြာဝံပုလွေမှာ ရက်စက်လှသည်။ သူသည် အနည်းငယ်မျှညှာတာခြင်းမရှိပဲ တိုက်ခိုက်လာသည်။
“သတ်..”
ရုတ်တရက် ချူဖုန်း အော်ဟစ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သူ့အသက်ရှူသံ ပြောင်းလဲသွားသည်။ သူ အသက်ရှူထုတ်လိုက်တိုင်း အဖြူရောင်မြူများ ထွက်လာ၏။ သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသုံးပြုလိုက်ခြင်းပင်။ အစောပိုင်းက ကုန်ဆုံးသွားသည့် သူ့ခွန်အားနှင့် အရှိန်မှာ လျင်မြန်စွာပင် ပြန်လည်ပြည့်တင်းသွားသည်။
သူ၏အားအနည်းဆုံးအချိန်တွင် ရုတ်တရက် ခွန်အားများ ပေါက်ကွဲထွက်လာသောကြောင့် မီးခိုးပြာဝံပုလွေ သတိလက်လွတ်ဖြစ်သွားသည်။
ချူဖုန်း၏ဓားချက်များမှာ ငွေရောင်ရေတံခွန်ကဲ့သို့ ရန်သူပေါ်သို့ ကျရောက်လာသည်။
“နောက်ဆုံးတော့ ငါတို့ လိုင်းပြန်ရပြီ .. ငါ့ဘဝကြီးက လိုင်းဆွဲအားပေါ်မူတည်နေသလို ခံစားလိုက်ရတယ်..” တစ်စုံတစ်ယောက် သက်ပြင်းချလိုက်သည်။
“ဘုရားရေ .. ဘာဖြစ်သွားတာလဲ .. အဲဒီလူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလိုမျိုး စွမ်းအားကြီးလာပြီးတော့ မီးခိုးပြာဝံပုလွေကို နောက်ဆုတ်သွားအောင် လုပ်နိုင်တာလဲ..”
လူအုပ်ကြီး ဆွံ့အသွားရသည်။ သူ၏နောက်ကျောပုံရိပ်မှာ စစ်နတ်ဘုရားကဲ့သို့ပင်။ သူ၏ဓားချက်များမှာ မီးခိုးပြာဝံပုလွေကို ဒေါသတကြီး အော်ဟစ်နေစေသည်ပင်။
ယခုအချိန်တွင် မီးခိုးပြာဝံပုလွေ၏ ခေါင်းနှင့် လက်များတွင် ဒဏ်ရာများ ပြည့်နှက်နေလေသည်။
ချူဖုန်း ရူးသွပ်စွာ တိုက်ခိုက်နေပြီး သူ့တိုက်ခိုက်မှုများမှာ တစ်ခုထက်တစ်ခု ပိုပြင်းထန်လာသည်။ သူ ဤဝံပုလွေကို မြန်မြန်သတ်ရမည်။ မဟုတ်လျှင် သူ တကယ် ရှုံးသွားလိမ့်မည်။
ရွှပ်..
အချိန်မှီ မကာကွယ်လိုက်နိုင်သောကြောင့် မီးခိုးပြာဝံပုလွေ ဦးခေါင်း ဒဏ်ရာရသွားသည်။ ဓားသွားသည် သူ့ဦးခေါင်းခွံကို ထိုးဖောက်သွားသောကြောင့် အလွန်ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သွေးများထွက်လာကာ သူ နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ထူးဆန်းသည့်စွမ်းအင်ကြောင့်သာမဟုတ်ပါက သူ့ခေါင်း နှစ်ခြမ်းပြတ်သွားလောက်လေပြီ။
ဤစွမ်းအင်မှာ နတ်ဘုရားကဲ့သို့သော စွမ်းရည်မျိုးရှိသည့် သားရဲဘုရင်စွမ်းအင်ပင်။
ဂါး…
မီးခိုးပြာဝံပုလွေ၏ တစ်ဖက်တည်းကျန်သည့် မျက်လုံးကြီး တောက်ပလာကာ သူ၏ကြောက်စရာကောင်းသည့် စွမ်းရည်ကို အသက်သွင်းလိုက်သည်။
တစ်ခဏအတွင်း သူ့နှာခေါင်းမှ မီးတောက်များ ထွက်ပေါ်လာပြီး လေထဲတွင်လည်း မီးခိုးများ ဖုံးလွှမ်းလာသည်။ သူသည် ချူဖုန်းကို မီးလောင်တိုက်သွင်းလိုခြင်းပင်။
သို့သော် သူ့ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများမှာ ပြင်းထန်လှသောကြောင့် ဤစွမ်းရည်ကို တစ်ခဏသာ အသုံးပြုလိုက်နိုင်သည်။ မဟုတ်ပါက သူ တစ်ခဏလေးဖြင့် ရပ်တန့်လိုက်မည်မဟုတ်။
သူ့စွမ်းအင်များစွာကို အသုံးပြုနေရသောကြောင့် ဤတိုက်ပွဲပြီးသွားလျှင် သူ မသန်စွမ်းဖြစ်သွားနိုင်သည်ပင်။
တစ်ခဏအတွင်း စစ်မြေပြင်ကို အနက်ရောင်မီးတောက်နှင့် အနက်ရောင်မီးခိုးများ ဖုံးလွှမ်းသွားပြီး အရိပ်နှစ်ခုကိုသာ မြင်ရတော့သည်။
ချူဖုန်း ထူးခြားသည့်အသက်ရှူစည်းချက်ကို အသုံးပြုပြီး သူ့တစ်ကိုယ်လုံးကို ထူးဆန်းသည့်စွမ်းအင်ဖြင့် ဖုံးအုပ်လိုက်ပြီး အနက်ရောင်မီးတောက်များကို ခုခံလိုက်သည်။
ချူဖုန်း သူ့အားအကုန်လုံးကို စုစည်းကာ ဓားရှည်ကို လွှဲရမ်းလိုက်သည်။ ဤဓားချက်ဖြင့် ရန်သူကို အဆုံးသတ်ချင်မိသည်။
“ဒုန်း ဒုန်း ဒုန်း..”
မီးခိုးပြာဝံပုလွေ ဒဏ်ရာထပ်ရသွားသည်။ သူ့မီးတောက်များ ချူဖုန်းအပေါ် အလုပ်မလုပ်သည်ကို တွေ့လိုက်ရသည့်အချိန် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။
ထို့အပြင် သူ့နတ်အသိစိတ်များ အလုပ်မလုပ်တော့။ ဤသည်မှာ ချူဖုန်းသည် သူနှင့်အဆင့်တူသွားပြီဟု ဆိုလိုခြင်းပင်။
မီးခိုးပြာဝံပုလွေ ထိတ်လန့်သွားရသည်။ ဤသည်မှာ ဤလူသား ပို၍စွမ်းအားကြီးလာသောကြောင့်မဟုတ်ပဲ သူက အားနည်းလာခြင်းပင်။ ဤနတ်ဘုရားကဲ့သို့သောစွမ်းရည်ကို သုံးလိုက်သောကြောင့် သူ အားကုန်သွားခြင်းပင်။
“ငါ လူပေါင်းထောင်ပေါင်းများစွာကို သတ်ပြီးသား.. ဒီလူတစ်ယောက်ကိုတောင် မသတ်နိုင်ဘူးဆိုတာ မယုံဘူး..” မီးခိုးပြာဝံပုလွေ အော်ဟစ်လိုက်သည်။ သူသည် သဘာဝတာအိုအဆင့်သို့ ရောက်သည်အထိ သူ့စွမ်းရည်များကို အပြည့်အဝ အသုံးပြုလိုက်သည်။
လိမ့်တက်လာသည့် မြေပြင်ပေါ်တွင် ချူဖုန်း ငြိမ်ငြိမ်ပင် မရပ်နိုင်တော့။
ကောင်းကင်ထက်တွင် မီးခိုးနှင့် ဖုန်မှုန့်များ တက်လာသည်။ တောင်များလည်းလှုပ်ခါလာသည်။ မြေပြင်များမှာ လှိုင်းများကဲ့သို့ပင် ထကြွလာလေ၏။
“သေလိုက်တော့..” မီးခိုးပြာဝံပုလွေကြီး သူ၏အကောင်ဆုံးစွမ်းရည်ကို အသုံးပြုလိုက်ကာ ချူဖုန်းကို ကျောက်တုံးများအောက် ဖိနှိပ်ရန် ပြင်ဆင်လိုက်သည်။
ခွပ်..
ချူဖုန်း၏ ဓားရှည်ကြီး ကျိုးပဲ့သွားသည်။ ယခုအချိန်တွင် မီးခိုးပြာဝံပုလွေသည် နတ်ဘုရားကဲ့သို့သော စွမ်းရည်များ ရှိနေသည်သာမက သူ့ခန္ဓာကိုယ်လည်း အလွန်မာကျောလှသည်။ ချူဖုန်း၏ဓားပင် ကျိုးသွားလေပြီ။
မီးခိုးပြာဝံပုလွေကြီးသည် ပါးစပ်ဟကာ ချူဖုန်းကို ဝါးမြိုရန် ကြိုးစားလာသည်။
အပြင်လောကမှ လူများအားလုံး ကြောက်ရွံ့သွားကြသည်။ ကောင်းကောင်းမမြင်ရသော်လည်း မီးခိုးပြာဝံပုလွေကြီး မြေပြင်ထက်ရှိ ချူဖုန်းထံသို့ ခုန်အုပ်လာသည်ကိုတော့ သူတို့ မြင်နေရသည်။
ခွပ်..
ချူဖုန်း ကျောက်ပုံထဲမှ ထွက်လာလိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုနှင့်အတူ တဟုန်ထိုး ပြေးသွားလိုက်သည်။
မီးခိုးပြာဝံပုလွေ၏လည်ပင်း ဟက်တက်ကွဲသွားပြီး သွေးများ စီးကျလာသည်။
ထိုအခိုက်အတန့်တွင် သူ့အသက်ဓာတ် စီးဆင်းထွက်သွားသလို ခံစားလိုက်ရပြီး အလွန်အားနည်းလာလေသည်။
မီးခိုးပြာဝံပုလွေ ဒေါသတကြီး ဟစ်ကြွေးကာ သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်စွမ်းအားကို အသုံးပြုပြီး သွေးထွက်နေသည်ကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။
ချူဖုန်း ဝံပုလွေကြီးနား ကပ်သွားလိုက်သည်။ သူ ဤအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။ ဓားရှည်ကြီး ကျိုးသွားသည့်အချိန်မှာ မီးခိုးပြာဝံပုလွေကြီး ယုံကြည်ချက်အရှိဆုံးဖြစ်နေမည့်အချိန်ပင်။ ဤအခိုက်အတန့်တွင် သူ့ဓားမြောင်နက်ကိုသာ အသုံးပြုပါက အလွန်အကျိုးရှိမည်ပင်။
ယခု သူ အသာစီးရနေပြီဖြစ်သောကြောင့် သူက အဘယ်ကြောင့် မတိုက်ခိုက်ရမည်နည်း..
ဓားမြောင်နက်မှာ မာကျောလှသည်။ သူသည် မီးခိုးပြာဝံပုလွေ၏အရေခွံနှင့်အမွေးများကို ဖြတ်တောက်ပစ်လိုက်နိုင်သည်ပင်။
မီးခိုးပြာဝံပုလွေမှာ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့လာသည်။ သူ့အသက်ဓာတ်မှာ အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ကုန်ဆုံးနေသည်။ အထူးသဖြင့် သူ ထိုနတ်ဘုရားကဲ့သို့သော စွမ်းအင်ကို အသုံးပြုပြီး ကမ္ဘာမြေအား ပြောင်းပြန်လှန်ရန် ကြိုးစားလိုက်သည့်အချိန်ပင်။
ရွှပ်..
ချူဖုန်းသည် ဝံပုလွေကြီး၏လည်ပင်းထက်မှ ဒဏ်ရာကြီး ပိုကြီးသွားအောင် လုပ်လိုက်သည်။
“ဘာဖြစ်သွားတာလဲ..”
လူများမှာ အံ့အားသင့်နေကြသည်။ ဖုန်မှုန့်များထဲတွင် လူတစ်ဦး မီးခိုးပြာဝံပုလွေအား ဖိနှိပ်နေသည်ကို သူတို့မြင်နေရသည်။
မီးခိုးပြာဝံပုလွေသည် ဒေါသတကြီး အော်ဟစ်လိုက်ကာ ချူဖုန်း၏လက်ထဲမှ ဓားမြောင်ကို ရိုက်ချပစ်လိုက်လေသည်။
“သေလိုက်တော့..” သူ ပါးစပ်ဟကာ ခုန်အုပ်လာသည်။
ဓားမြောင်လွတ်ကျသွားသော်လည်း ချူဖုန်း မထိတ်လန့်။ ထိုအစား သူ တည်ငြိမ်လာသည်။ သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သောကြောင့် သူ့လက်သီးများတွင် ထူးဆန်းသည့်စွမ်းအင်များ ဖုံးလွှမ်းသွားသည်။ သူ၏နွားနတ်ဆိုးလက်ဝှေ့ပညာမှာ အဆင်သင့်ဖြစ်နေလေပြီ။
ဘုန်း ဘုန်း ဘုန်း..
သူ၏လက်သီးများမှာ နွားဦးချိုကဲ့သို့ မာကျောလှပြီး ဓားသွားကဲ့သို့ ထက်ရှလှသည်။ သူ့လက်သီးချက်များ မီးခိုးပြာဝံပုလွေပေါ်သို့ ရောက်သွားသည်နှင့် ဝံပုလွေကြီး၏ ဒဏ်ရာများမှ သွေးများ လွင့်စင်လာသည်။
“ဂါး..” ဝံပုလွေကြီး ထိတ်လန့်နေလေပြီ။ သူ့ခွန်အားမှာ သိသာစွာပင် ယုတ်လျော့လာသည်။ သူ စွမ်းအားများစွာ အသုံးပြုလိုက်သောကြောင့် သူ ကြာကြာတောင့်မခံနိုင်တော့သည်ကို သူသိသည်။
ရွှပ်..
ချူဖုန်း လေထဲသို့ ခုန်တက်လိုက်သည်။ သူ့လက်သီးများမှာ ပြင်းထန်လှသည်။ သူ့ညာလက်သီးသည် နွားနတ်ဆိုးဦးချိုအဖြစ် ပြောင်းလဲသွားကာ မီးခိုးပြာဝံပုလွေ၏ တစ်ဖက်တည်းကျန်သည့်မျက်လုံးထဲသို့ ထိုးစိုက်လိုက်လေသည်။
“အား..” ဝံပုလွေကြီးသည် ထိုထိုးနှက်ချက်ကို မရှောင်တိမ်းလိုက်နိုင်။
သူ့မျက်လုံး ပျက်စီးသွားသည့်အပြင် သူ့အသက်ဓာတ်လည်း လျင်မြန်စွာ ကုန်ခမ်းနေသောကြောင့် မီးခိုးပြာဝံပုလွေမှာ သေလုနီးပါးဖြစ်နေလေပြီ။
“ဘုရားရေ .. သူ မီးခိုးပြာဝံပုလွေကို တကယ်သတ်လိုက်နိုင်ပြီလား..”
“သူက တကယ်ကို နတ်ဆိုးနတ်ဘုရားပဲ..”
အပိုင်း ၁၀၄ ပြီး၏။