Switch Mode

Chapter – 103

တိုက်ရိုက် ပြသခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၃ – တိုက်ရိုက်ပြသခြင်း

ဤလောကတွင် မည်သူမှ မီးခိုးပြာဝံပုလွေကို တစ်ယောက်တည်း ရင်မဆိုင်ရဲသေး။

သို့သော် ယခုတော့ ရွှေရောင်လှံတံတစ်လက်ဖြင့် လူငယ်တစ်ဦးသည် ကောင်းကင်ကြီးကို ဖြတ်သန်းကာ မီးခိုးပြာဝံပုလွေကြီးနှင့် တိုက်ခိုက်နေလေပြီ။

မီးခိုးပြာဝံပုလွေကြီး၏ ခြေသည်းများမှာ နျူးကလီးယားဗုံးကြောင့် ပျက်စီးသွားသော်လည်း သူ့ခြေထောက်များမှာ အားကောင်းနေဆဲပင်။ သူ့ရှေ့ခြေထောက်များဖြင့် ချူဖုန်း၏ ရွှေရောင်လှံတံကို တိုက်ခိုက်လာသည်။

ခွပ်..

မီးခိုးပြာဝံပုလွေ၏ လက်နှင့်တိုက်မိသည်နှင့် ချူဖုန်း၏ ရွှေရောင်လှံတံကြီး လွှဲရမ်းသွားကာ သူ့လက်ထဲမှ ထွက်ကျလုနီးပါးဖြစ်သွားသည်။ ဤမီးခိုးပြာဝံပုလွေကြီးမှာ သူ တိုက်ခိုက်ဖူးသည့်သူအားလုံးထက် သန်မာသည်။

ချူဖုန်း လက်ကျဉ်သွားပြီး သူ၏လက်ညှိုးနှင့်လက်မကြားမှာ ဟက်တက်ကွဲသွားသည်။

မီးခိုးပြာဝံပုလွေသည် ဒဏ်ရာရနေသော်လည်း သူသည် ကြောက်စရာကောင်းသည့်သားရဲ ဖြစ်နေဆဲပင်။

သို့သော် ချူဖုန်း မကြောက်။ သူ ခိုင်မာပြတ်သားစွာပင် တိုက်ခိုက်လိုက်သည်။ သူ့ညာလက်မှ လှံတံကြီး လွဲရမ်းသွားသည်နှင့် သူ့ဘယ်လက်ကို လက်သီးဆုပ်လိုက်ကာ ဝံပုလွေကြီး၏ ဦးခေါင်းထံသို့ ထိုးချလိုက်သည်။

မူး..

တိတ်ဆိတ်နေသည့် တိုက်ပွဲတွင် ရုတ်တရက် နွားရိုင်းတစ်ကောင်အော်သံ ထွက်ပေါ်လာသည်။

ထိုအော်သံ ထွက်ပေါ်လာသည်နှင့် သဲများလွင့်စင်လာကာ ဘေးပတ်လည်မှ သစ်ပင်များလည်း ယိမ်းထိုးလာသည်။ သစ်ပင်ပင်စည်တွင် အက်ကွဲကြောင်းများ ပေါ်လာလေသည်။

ဘုန်း..

ချူဖုန်း၏လက်သီးမှာ ခြေသည်းများ မရှိတော့သည့် ဝံပုလွေ၏လက်နှင့်ထိမိသွားသည်။ သူ လဲကျမသွားသလို ဝံပုလွေလည်း လဲကျမသွား။ ဝံပုလွေကြီး မည်မျှစွမ်းအားကြီးသည်ကို သိချင်သောကြောင့် သူသည် မာကျောမှုကို မာကျောမှုနှင့်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ဤလက်သီးချက်မှာ အားပြင်းလှသည်။ လေပြေလေးမှာ မုန်တိုင်းတစ်ခု ဖြစ်လာပြီး ကောင်းကင်ထက်တွင် ဖုန်မှုန့်နှင့် သဲများ လွင့်စင်လာသည်။

ချူဖုန်း လက်တစ်ဖက်လုံး ထုံကျဉ်သွားသော်လည်း သူ ဒဏ်ရာရမသွား။

မီးခိုးပြာဝံပုလွေနှင့် တစ်ယောက်ချင်းယှဉ်တိုက်ခြင်းမှာ ယခင်က မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။ မည်သူက ဤသားရဲနား ကပ်ရဲမည်နည်း..

ဝူး..

ဝံပုလွေကြီးသည် ကောင်းကင်ထက်သို့ မော့လိုက်ပြီး ရှည်လျားစွာ အူလိုက်သည်။ သားရဲကြီးမှာ ဒေါသထွက်နေလေပြီ။ လူသားများသည် သူ့ဂုဏ်သိက္ခာကို ထပ်ခါတလဲလဲ စော်ကားနေကြသည်။

“ဘုရားရေ .. ငါတို့ခေါင်းဆောင်က အဲဒီမှာ ဘာလုပ်နေတာလဲ .. သူက သားရဲကြီးနဲ့တစ်ယောက်တည်းတိုက်ခိုက်နေတာ .. သူက မိုက်လိုက်တာ..”

တိဟွိုင်ကျင်းသည် ရှေးဟောင်းသစ်ပင်တစ်ပင်ထိပ်၌ ထိုင်ကြည့်နေသောကြောင့် ဖြစ်ပျက်သမျှအားလုံးကို သူ မြင်လိုက်သည်။ “သူ သတ္တိရှိတယ်ဆိုတာ သိပေမယ့် ဒီလောက်သတ္တိရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ..” တိဟွိုင်ကျင်း လေးစားလာသည်။

“မြန်မြန် .. ဒါကို မှတ်တမ်းတင် .. ဝဘ်ဆိုဒ်တစ်ခုခုရှာပြီး ဒါကိုကမ္ဘာကြီးကို တိုက်ရိုက်လွှင့်ပြလိုက် .. ငါတို့ခေါင်းဆောင်ကာ ဝံပုလွေကြီးကို တစ်ယောက်တည်း သတ်နိုင်ရင် ဒါက အရမ်းကိုထူးခြားတဲ့ အောင်မြင်မှု ဖြစ်သွားမှာ .. ကမ္ဘာကြီးက ဒါကို မြင်နေဖို့လိုတယ်” ယုယန်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့လည်း အံ့အားသင့်နေကြသည်ပင်။ သူတို့လည်း သစ်ပင်ထိပ်သို့ တက်သွားပြီး မီတာပေါင်း ၁၆၀၀ အကွာ၌ တိုက်ခိုက်နေသည့် တိုက်ပွဲကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ချူဖုန်းမှာ ရဲတင်းကာ သတ္တိရှိလွန်းလှသည်။

သူ လူမဟုတ်တော့။ နတ်ဘုရားပင်။

ဤနေရာတွင် အနီးအနားရှိ မြို့များမှ ရောက်လာသည့် အခြားသန္ဓေပြောင်းလူများလည်း ရှိနေပြီး အားလုံး ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။

မီးခိုးပြာဝံပုလွေသည် လကြီးကို မော့ကြည့်ကာ ရှည်လျားဝမ်းနည်းစွာ အူလိုက်သည်။ သူ့အူသံမှာ လျိုမြောင်တစ်ခုလုံးကို ရိုက်ခတ်သွားလေ၏။

သူ့အူသံမှာ အနီးအနား၌ ရှိနေသည့် လူများကို ကြောက်ရွံ့သွားစေသည့်အပြင် သားရဲအားလုံးသည် ကြောက်ရွံ့စွာဖြင့် ဒူးထောက်ကာ သူတို့ဘုရင်ကို ဦးညွှတ်လာကြသည်။

ငှက်များပင် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး မြက်ပင်များထဲ၌ ပုန်းနေလိုက်ကြသည်။

အော်သံကြောင့် အသံလှိုင်းများလည်း ထွက်ပေါ်လာသည်။

ဘုန်း.. ဘုန်း .. ဘုန်း

အသံလှိုင်းများဖြင့် ထိမိသွားသည်နှင့် ဧရာမသစ်ပင်ကြီးများ ကျိုးကျသွားကာ ကျောက်တုံးကြီးများလည်း တစ်စစီဖြစ်သွားသည်။

ချူဖုန်းသည် ရွှေရောင်လှံတံကို ရင်ဘတ်နား၌ ကိုင်ထားပြီး သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ကာ ဝံပုလွေကို ရင်ဆိုင်လိုက်သည်။

သူ ရှေးဟောင်းနွားရိုင်းတစ်ကောင်အသံ ပြုလုပ်လိုက်သော်လည်း သူ့အသံမှာ နွားရိုင်းအစစ်အသံမဟုတ်။ ပို၍ ခမ်းနားသည်။

သူ၏အသံလှိုင်းမှာ တစ်ဖြည်းဖြည်းပျံ့နှံ့သွားပြီး ကျောက်တုံးကြီးများ ပေါက်ကွဲသွားသည်။

ဝုန်း..

ချူဖုန်းနှင့် မီးခိုးပြာဝံပုလွေကြားတွင် လေမုန်တိုင်းကြီး တိုက်ခတ်နေသည်။ အသံလှိုင်းများ ထိပ်တိုက်တွေ့သွားသည်နှင့် သစ်ပင်များ ကျိုးကြေကုန်သည်။

“သတ်..”

ချူဖုန်း၏မျက်လုံးများမှာ လျှပ်စီးများကဲ့သို့ စူးရှလှသည်။

ဘုန်း..

ဝံပုလွေကြီးသည် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဆုံးရှုံးထားရသော်လည်း ကြမ်းတမ်းနေဆဲပင်။ သူသည် ခွေးရူးတစ်ကောင်ကဲ့သို့ ချူဖုန်းထံသို့ ခုန်အုပ်လာသည်။

ယခုတစ်ခေါက်တော့ သူ့သွေးလွှမ်းသည့်ပါးစပ်ကြီးကို ဟထားလေ၏။ သူသည် ထို‌ရွှေရောင်လှံတံကို ကိုက်ပစ်လိုခြင်းပင်။

ချူဖုန်း အရှိန်တင်လိုက်သည်။ ဝံပုလွေကြီးပါးစပ်ဟထားသောကြောင့် ဤသည်မှာ ဝံပုလွေကြီး၏လည်ချောင်းနှင့်အဆုတ်ကို ထိုးဖောက်ပစ်နိုင်မည့် အခွင့်အရေးပင်။

ခွပ်..

သို့သော် မီးခိုးပြာဝံပုလွေမှာ သာမန်သားရဲမဟုတ်။ သူ့အသိစိတ်မှာ ယခင်ကအတိုင်း အံ့အားသင့်စရာကောင်းနေဆဲပင်။ သူသည် လှံထိပ်ကို ကိုက်ပစ်လိုက်သည်။

သူ့အစွယ်များကို နျူးကလီးယားပေါက်ကွဲမှုတွင် ဆုံးရှုံးခဲ့ရသော်လည်း ကျန်နေသည့်သွားများမှာ ကြောက်စရာကောင်းနေဆဲပင်။ သူသည် ထိုလှံထိပ်ကို ခိုင်မာစွာ ကိုက်ထားလေ၏။

လှံထိပ်ကို ထူးခြားသည့်သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် ဤလှံထိပ်မှာ စိန်ထက်ပင် ခိုင်ခံ့သေးသည်။

သို့သော် ဝံပုလွေပါးစပ်မှ နားကွဲလောက်သည့်ဆူညံသံကြီးကို ချူဖုန်း ကြားလိုက်ရသည်။ သူ၏လှံတံထိပ်မှာ ပုံပျက်သွားလေပြီ။

“သူ့သွားတွေက ဘယ်လောက်တောင် မာတာလဲ..” ချန်လော့ယန် အံ့အားသင့်သွားရသည်။ သူ့လက်ထဲမှ ဓားရွက်အပြားကြီးဓားရှည်ကို ဆုတ်ကိုင်လိုက်သည်။ ဤဓားမည်မျှခိုင်ခံ့သည်ကို သူ စမ်းသပ်ကြည့်ပြီးပြီဖြစ်သည်။ ဤဓားသည် သတ္တုကိုပင် ရွှံ့ကဲ့သို့ လှီးဖြတ်ပစ်နိုင်သည်ပင်။

“မင်း မှတ်တမ်းတင်ထားလား .. ငါတို့ခေါင်းဆောင်ကို အလကားသက်သက် စွန့်စားခိုင်းလို့မဖြစ်ဘူး .. သူ တိုက်ပွဲမှာ သေသွားရင်တောင် သူ မြင့်မြတ်စွာနဲ့ သေသွားရတယ်ဆိုတာ ကမ္ဘာကြီးသိဖို့လိုအပ်တယ် .. သူက ငါတို့လူသားတွေကို လွတ်လပ်မှုပေးခဲ့တဲ့ အာဇာနည်ပဲ” ယုယန်ချင်း ပြောလိုက်သည်။

“ဟေး.. ရှင့်ပါးစပ်ကြီးကို ပိတ်ထားလိုက်..” ယဲ့ချင်းရုန် ဆူပူလိုက်သည်။

ဝုန်း..

မီးခိုးပြာဝံပုလွေသည် ရုတ်တရက် သူ့ခေါင်းကို လွှဲရမ်းလာသည်။ သူသည် လှံတံထိပ်ကို ကိုက်ထားဆဲဖြစ်သောကြောင့် လှံတံမှာ ပုံပျက်လာသည်။

ချူဖုန်းသည် အားကုန်သုံးကာ လှံတံကို မီးခိုးပြာဝံပုလွေလည်ချောင်းထံသို့ ထိုးနေဆဲပင်။ သူ မီးခိုးပြာဝံပုလွေ၏လည်ချောင်း ဖောက်ထွက်သွားအောင် ကြိုးစားနေသော်လည်း သူ့သွားများမှာ အလွန်ခိုင်မာလှသည်။

ခွပ်..

အရေးကြီးသည့်အချိန်တွင် လှံတံကြီး ရုတ်တရက် ကျိုးသွားသည်။ လှံတံမှာ ဝံပုလွေကြီး၏ ကိုက်ခဲမှုကို တောင့်မခံနိုင်တော့။ ဝံပုလွေကြီးမှာ သူ့ခေါင်းကို ပြင်းထန်စွာ ယမ်းခါနေဆဲဖြစ်သောကြောင့် ချူဖုန်း လွင့်ထွက်သွားသည်။

ဝံပုလွေ၏ မျက်လုံးများမှာ ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ သူ အရှေ့သို့ ခုန်တက်လိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာသည်။

ချူဖုန်းသည် ခေါင်းမပါတော့သည့်လှံတံဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်ပြီး လက်သီးများဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

ရှေးသစ်ပင်ထက်မှ ကြည့်နေကြသည့်လူအုပ်ကြီးမှာ ဝံပုလွေကြီး ခုန်လိုက်သည်နှင့် သစ်ပင်များ ကျိုးသွားပြီး ကျောက်တုံးကြီးများ ပေါက်ကွဲသွားသည်ကို မြင်လိုက်ကြရသည်။

ချူဖုန်း ဒဏ်ရာရနေပြီဖြစ်သည်။ သူ့လက်မနှင့် လက်ညှိုးကြားမှ ကြွက်သားများ စုတ်ပြဲသွားကာ သွေးများ စီးကျနေပြီဖြစ်သည်။

ဤဝံပုလွေနှင့်ပတ်သက်ပြီး သူ့အထင်အမြင်လွဲမှားခဲ့သည်။ ဤဝံပုလွေကြီး၏ ဒဏ်ရာများမှာ သူထင်ထားသလောက် မပြင်းထန်။ သူ နည်းနည်းပြန်ကောင်းသွားပြီထင်သည်။

သို့သော် သူ မကြောက်။ လွန်ခဲ့သည့်ရက်အချို့တွင် ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကြောင့် သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အတော်လေး တိုးတက်ခဲ့သည်ပင်။

ဤတိုးတက်မှုများသာ မရှိလျှင် ယခု သူ သေနေလောက်လေပြီ။

“ဘုရားရေ .. ချူဖုန်း ဒဏ်ရာရနေပြီ .. သွားကူဖို့ အသင့်ပြင်တော့..” ယဲ့ချန်းရုန် ပြောလိုက်သည်။

“ငါတို့ ဘာမှကူနိုင်မှာမဟုတ်ဘူး .. ငါတို့သွားတိုက်ရင် သူ အာရုံများသွားတာပဲရှိမှာ” ချန်လော့ယန် သက်ပြင်းချလိုက်သည်။ သူတို့သည် ဝံပုလွေနှင့်မယှဉ်နိုင်ကြောင်း သူသိသည်။

ဝုန်း..

မီးခိုးပြာဝံပုလွေသည် ပါးစပ်ဟကာ ချူဖုန်းထံသို့ ခုန်အုပ်လာသည်။

ချူဖုန်း လေထဲသို့ လွင့်ထွက်သွားပြီးနောက် သွေးအန်ထွက်လာသည်။

“မြန်မြန် .. ငါတို့ခေါင်းဆောင် အကူအညီလိုနေပြီ .. ဒီခွေးမသားကို ငါတို့ ဒုံးကျည်တွေ၊ အမြှောက်တွေနဲ့ ပစ်လိုက်ရအောင်..” တိဟွိုင်ကျင်း ပြောလိုက်သည်။

ချန်လော့ယန်သည်တွေဝေမှုမရှိပဲ ဒုံးကျည်လောင်ချာတစ်ခုကို ပုခုံးပေါ် တင်လိုက်သည်။ သို့သော် သူ မပစ်သေး။ ချူဖုန်းအား မတော်တဆထိသွားမည်ကို သူ စိုးရိမ်သည်။

“ခေါင်းဆောင် .. နောက်ပြန်ဆုတ်..” ယုယန်ချင်း အော်ဟစ်လိုက်သည်။ ဤသားရဲကြီး၏ ကြမ်းတမ်းမှုကို သူ အံ့အားသင့်နေရသည်။ ဤအတိုင်းသာ ဆက်တိုက်လျှင် ချူဖုန်း သူရဲကောင်းဆန်စွာ သေသွားလိမ့်မည်။

ဝုန်း..

နောက်ဆုံးတွင် ချန်လော့ယန် ပစ်ခတ်လိုက်သည်။ သူသည် ဒုံးကျည်ကို ဝံပုလွေ၏ခန္ဓာကိုယ်အောက်ပိုင်းသို့ ချိန်ပစ်လိုက်ခြင်းပင်။ ထိုနေရာမှာ ချက်ချင်းပင် ဖုန်မှုန့်များ လိမ့်တက်လာပြီး သစ်ပင်ကြီးများ ကျိုးပဲ့သွားကာ ကျောက်တုံးကြီးများလည်း တစ်စစီဖြစ်သွားသည်။

သို့သော် သားရဲကြီးမှာ ဘာမှမဖြစ်။

ချန်လော့ယန်သည် ချူဖုန်းကို မတော်တဆထိခိုက်မိသွားမည်စိုးသောကြောင့် ပစ်မှတ်နှင့် လက်မအနည်းငယ်အကွာ ပစ်လိုက်ခြင်းပင်။ သို့သော် ဒုံးကျည်သည် သားရဲကိုယ်ပေါ်သို့ မကျသရွေ့ သားရဲကို ဘာမှလုပ်နိုင်မည်မဟုတ်။

ဒုံးကျည်မှာ သားရဲအတွက် အသုံးမဝင်။

တကယ်တမ်းတွင် မီးခိုးပြာဝံပုလွေအား ဒုံးကျည်ဖြင့် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်။ သူ၏အသိစိတ်ဖြင့် ဝင်လာမည့်လက်နက်အားလုံးကို ရှောင်ရှားနိုင်မည်ပင်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။

“တိုက်ရိုက်လွှင့်နေပြီလား..” တိဟွိုင်ကျင်း မေးလိုက်သည်။

“အင်း .. ငါတို့ လွှင့်နေပြီ .. တစ်လောကလုံးက ကြည့်နေကြပြီ.. ငါတို့ ခေါင်းဆောင်သေသွားနိုင်ပေမယ့် တစ်လောကလုံး သူ့နာမည်ကို အမှတ်ရနေပြီး သူ သူရဲကောင်းဆန်ဆန် သေဆုံးသွားရတာကို အားလုံး မှတ်မိနေလိမ့်မယ်..” ယုယန်ချင်း လေးနက်စွာ ပြောလိုက်သည်။

ပုံမှန်ဆိုလျှင် သူတို့နှစ်ဦးသည် ဘေးပတ်လည်၌ ဖြစ်ပျက်နေသည့်အရာများကို ဂရုမစိုက်သည့် လူပြတ်နှစ်ယောက်ကဲ့သို့ပင်။ သို့သော် ယခုတော့ လူလဲလိုက်သလို အလွန်စိုးရိမ်ပူပန်နေကြသည်ပင်။

သူတို့နှစ်ဦးသည် အသံဝင်သည်အထိ အော်ဟစ်နေကြလေသည်။

“သားရဲကိုသတ် .. အဲဒီကောင်ကို နိဂုံးချုပ်ပစ်လိုက်…”

“တောင့်ခံထား .. ခေါင်းဆောင် တောင့်ခံထား..”

သန္ဓေပြောင်းလူဖိုရမ်တွင်လည်း အုတ်အော်သောင်းတင်းဖြစ်နေပြီဖြစ်သည်။

“တကယ် ဖြစ်နေတာလား..”

“ဘုရားရေ .. တစ်ယောက်ယောက်က မီးခိုးပြာဝံပုလွေနဲ့ တိုက်နေတယ်..”

သတင်းများမှာ အတောင်ပံရှိနေသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သန္ဓေပြောင်းလူများစွာသည် ဖိုရမ်ထဲသို့ ဝင်လာကြပြီး တိုက်ခိုက်ထုတ်လွှင့်သည်ကို လာကြည့်ကြလေသည်။

“တကယ် .. ဒါ အစစ်ပဲ .. ဘာလို့လဲဆိုတော့ မီးခိုးပြာဝံပုလွေ မသေသေးဘူးဆိုတဲ့ သက်သေရှိတယ် .. သူ့ခန္ဓာကိုယ်တစ်ခြမ်း ဆုံးရှုံးသွားပြီးတော့ သူက ရှေးတောင်တွေထဲမှာ ပုန်းနေတာ..”

ဤသည်မှာ အတုအယောင်ဗီဒီယိုမဟုတ်ကြောင်း တစ်စုံတစ်ယောက် အတည်ပြုလိုက်သည်။

“ဒါ အစစ်ပဲ .. ဒါ တိုက်ရိုက်လွှင့်နေတာ .. အဲဒီလောက် ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့သားရဲက မီးခိုးပြာဝံပုလွေပဲ ဖြစ်ရမယ် .. ဒါပေမဲ့ အဲဒီတိုက်ခိုက်ရေးသမားက ဘယ်သူလဲ .. ဘယ်သူက ဒီလောက်တောင်သတ္တိရှိပြီး မီးခိုးပြာဝံပုလွေနဲ့ တိုက်ရဲတာလဲ..”

သန္ဓေပြောင်းဖိုရမ်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပွက်ပွက်ညံလာသည်။

အချို့လူများသည် ထုတ်လွှင့်မှုကို ဖမ်းထားပြီးနောက် အခြားသူများကို ဝေမျှပေးကြသည်။

အင်တာနက်ပေါ်၌ ဤကဲ့သို့သောကိစ္စများပေါ်လာခြင်းမှာ ကန်ရေပြင်ကို ကျောက်ခဲဖြင့် ပေါက်လိုက်သည်နှင့်အတူတူပင်။

ကမ္ဘာတစ်ဝှမ်းမှ လူများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့။ အချို့မှာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ဖမ်းယူထားသည့် ဗီဒီယိုအတိုလေးများကိုကြည့်ပြီး အချို့လူများမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်ကြသည်။

“ဒီမှာ အစ်ကိုဝမ် .. ဒီကိုလာကြည့်ကြည့် .. တစ်ယောက်ယောက်က မီးခိုးပြာဝံပုလွေနဲ့ ချနေတယ်..”

“အစ်မကျွင်း .. မြန်မြန် .. သတင်းကိုကြည့်လိုက် .. တစ်ခုခုဖြစ်နေတယ်..”

သတင်းမှာ ဟာရီကိန်းတစ်ခုကဲ့သို့ ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။

“ဘုရားရေ .. အဲဒီဝံပုလွေ ဘာပဲကျန်တော့လဲတွေ့လား .. သူ့ခန္ဓာကိုယ်တစ်ဝက်ပဲ ကျန်တော့တာ .. အဲဒါတောင်မှ ဒီလောက်စွမ်းအားကြီးနေတယ် .. ခဏ .. အဲဒီက လူက ဘယ်သူလဲ .. သူက ဝံပုလွေနဲ့တိုက်နေတာလား .. ဘုရားရေ..”

“အိုးနိုး .. အဲဒီလူရဲ့ လှံတံကို ဝံပုလွေကြီး နှစ်ပိုင်းချိုးပစ်လိုက်ပြီ .. ပြီးတော့ သူ့လက်က သွေးတွေထွက်နေတယ် .. သူ ဒဏ်ရာရနေတယ်…”

တိုက်ရိုက်ထုတ်လွှင့်မှုအား ဖမ်းယူထားသည့်ဗီဒီယိုအတိုလေးများကိုကြည့်ကာ လူများ ထိတ်လန့်လာကြသည်။

လူများသည် လုပ်လက်စများကို ပစ်ချထားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ကြသည်။

“ကင်မရာက တိုက်တဲ့နေရာနဲ့ နည်းနည်းဝေးနေတယ် .. အဲဒီလူမျက်နှာကို သေချာမမြင်ရဘူးဖြစ်နေတာ .. အရမ်းကို မှုန်ဝါးနေတယ် .. ကင်မရာမန်းရေ .. နည်းနည်းလေး ထပ်တိုးသွားဦး..”

“ငါတို့ အနှေးနဲ့အမြန်တော့ သူ့မျက်နှာကို တွေ့ရမှာပဲ..”

“အိုးနိုး .. သူ အရေးနိမ့်နေပြီ .. သူ့ကို ဝံပုလွေကြီးသတ်တော့မယ်..”

သားရဲကြီး ဒေါသထွက်လာသောကြောင့် တိုက်ပွဲမှာ ပို၍ ပြင်းထန်လာသည်။ သားရဲကြီး အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လာသည်။

မီးတောက်များ မြေပြင်ကို ထိသွားသည်နှင့် မြေပြင်ကြီးမှာ ချက်ချင်းပင် လောင်ကျွမ်းသွားပြီး ကျောက်တုံးကြီးများမှာ ချော်ရည်များ ဖြစ်သွားကြသည်။

သို့သော် ဝံပုလွေသည် ဤမီးတောက်များထုတ်လွှတ်ရန်အတွက် အဖိုးအခများစွာ ပေးဆပ်ထားရသည်ပင်။ သူ့စွမ်းအင်များ ကုန်ခမ်းလာသောကြောင့် မီးတောက်များမှာ မိနစ်အနည်းငယ်သာ ကြာလိုက်သည်။

“သတ်…”

ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။ သူ့လက်များသွေးထွက်နေသော်လည်း သူနောက်ပြန်ဆုတ်မည့်အစီအစဉ်မရှိ။ ရွှေရောင်လှံတံမှာ သူ့လက်ထဲ၌ ရှိနေဆဲဖြစ်သော်လည်း လှံခေါင်းမရှိတော့။

လှံတံကိုယ်ထည်နှင့် ဝံပုလွေလက် ထိခတ်သွားသည့်အချိန်တွင် တုန်ခါသံများ ထွက်ပေါ်လာသည်။

အင်အားအရဆိုလျှင် ချူဖုန်း ဝံပုလွေထက် အားနည်းသည်ပင်။ မည်သို့ပင်ဖြစ်စေ ဤဝံပုလွေကြီးမှာ ကုန်းပြင်မြင့်တစ်ခု၏ ဘုရင်တစ်ပါး ဖြစ်ခဲ့သည်ပင်။ သူ့ဒဏ်ရာအတော်များများကို ပြန်လည်ကုသပြီးသွားပြီဖြစ်သောကြောင့် သူ့ခွန်အားမှာ အတိုင်းအတာတစ်ခုထိတော့ ပြန်ကောင်းလာပြီဖြစ်သည်။ သူသည် ကျောက်စိမ်းဂူကျောင်းမှ လူများ ထင်ထားသည်ထက် အများကြီး ပို၍ အင်အားကြီးသည်။

ချူဖုန်းလက်မှ ဒဏ်ရာ ပိုကြီးလာပြီး သွေးများ အဆက်မပြတ်ကျဆင်းလာသည်။

တစ်ချိန်တည်းမှာပင် ချူဖုန်း လေထဲ လွင့်ထွက်သွားသည်။

ဝံပုလွေသည် ရုတ်တရက် လေထဲခုန်တက်ကာ သူ့ရန်သူကို ခုပ်အုပ်လိုက်သည်။ သားရဲကြီးသည် ချူဖုန်းကို သူ့ဝိတ်ဖြင့် ဖိသတ်ရန် ကြံစည်နေခြင်းပင်။

“ဘုရားရေ..”

တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်နေသည့်သူအားလုံး အော်ဟစ်လိုက်ကြသည်။ ဤလူ အရေးနိမ့်နေသည်ကို သူတို့ သတိထားမိသွားသည်။

လူအများစုမှ ဤလူကို ကူညီချင်းလွန်းလှပြီဖြစ်သည်။ သူတို့သည် ရှေ့တန်းသို့ သွားကာ ဤလူနှင့်အတူတူတိုက်ခိုက်ချင်လာကြသည်။

ဝံပုလွေကြီး ချူဖုန်းကို ခုန်အုပ်လာသည်။

ခေါင်းမပါသည့် လှံတံမှာ မရှိတော့။ ဝံပုလွေကြီးသည် လက်နက်ကို အဝေးသို့ ရိုက်ထုတ်ပစ်လိုက်ပြီဖြစ်သည်။

ရွှီး..

ရုတ်တရက် ကျောချမ်းစရာကောင်းသည့်အလင်းတန်းတစ်ခု လေထဲသို့ ထိုးဖောက်လာသည်။ ချူဖုန်းသည် တောက်ပနေသည့် ဓားရှည်တစ်လက်ကို ဆွဲထုတ်ပြီး ဝံပုလွေ၏ဦးခေါင်းထက်သို့ ခုတ်ချလိုက်သည်။

ချူဖုန်း သူ့ခေါင်းထဲ မြန်မြန် တွက်ချက်နေခဲ့သည်ပင်။ ဤရိုက်ချက်မှာ ဝံပုလွေ၏ဘဝကို အဆုံးသတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

ရွှမ်း..

လေထဲ၌ သွေးတန်းတစ်တန်း လွင့်စင်လာပြီး ဝံပုလွေကြီး အော်ဟစ်လာလေ၏။ သူ့လည်ပင်းတွင် ဒဏ်ရာကြီးတစ်ခု ဖြစ်သွားကာ ထိုဒဏ်ရာမှ သွေးများ ပန်းထွက်နေသည်။

ချူဖုန်း ထိတ်လန့်သွားရသည်။ “ဒီလိုမျိုး ခုတ်ချတာတောင် ဘာလို့ ချက်ချင်းမသေတာလဲ..” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။ ဤဓားမှာ ကျောက်စိမ်းဂူကျောင်းမှ လုပ်ထားသည့်ဓားပင်။ သတ္တုမှာ ရှားပါးသကဲ့သို့ ဓားကိုလုပ်သည့်သူမှာ ပို၍ပင် ရှားပါးသေးသည်။

သို့သော် ဤဝံပုလွေ၏သွေးကြောမှ ထူးဆန်းသည့်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဓားကြီး သူ့လည်ပင်းအား လှီးဖြတ်တော့မည့်အချိန်တွင် အားတစ်ခု ရုတ်တရက်ပေါ်လာပြီး ဓားသွားကို တားဆီးလာလေသည်။

“လူသား .. ငါမင်းကို အရှင်လတ်လတ်အရေခွံခွာပစ်မယ်..” မီးခိုးပြာဝံပုလွေ အော်ဟစ်လိုက်သည်။

“ငါ့ကိုသတ်မှာ ဟုတ်လား .. ခင်ဗျား ကျုပ်ကို အရေခွံနွာနိုင်လောက်တဲ့အထိ ခင်ဗျား မသန်မာသေးဘူး..” ချူဖုန်း၏အသံမှာ အက်ကွဲနေသည်။ သူ့ပါးစပ်ထဲ၌ သွေးများရှိနေပြီး သူ့လည်ချောင်းလည်း ပူလောင်နေသည်။ သူ ဒဏ်ရာရနေပြီဖြစ်ပြီး ဒဏ်ရာများမှာ အတော်လေး ပြင်းထန်သည်။

ဤသည်မှာ သူတိုက်ခိုက်ဖူးသမျှ အပြင်းထန်ဆုံး တိုက်ပွဲပင်။

“ငါက လူပေါင်း ခုနှစ်သိန်းတောင် သတ်ခဲ့တာ .. မင်းက သူတို့နဲ့ ဘာမှမကွာဘူး..” ဝံပုလွေကြီး၏အသံမှာ မကျယ်သော်လည်း တောအုပ်တစ်ခုလုံး တုန်ခါသွားရန် လုံလောက်သည်။ အသံလှိုင်းများမှာ အတော်ဝေးဝေးထိပျံ့သွားကာ တောအုပ်တစ်ခုလုံးမှ သားရဲများကို တုန်လှုပ်သွားစေခဲ့သည်။

“သေသွားတဲ့သူတွေအတွက် လက်စားချေမယ် .. သေသွားတဲ့ လူပေါင်း ခုနှစ်သိန်းအတွက် လက်စားချေမှာ .. ခင်ဗျားရဲ့အသားကိုစား၊ သွေးကိုသောက်ပြီး ခင်ဗျားခေါင်းကို သေတဲ့လူတွေအတွက် ပူဇော်ထားမှာ..” ချူဖုန်း ဟစ်ကြွေးလိုက်သည်။

အပိုင်း ၁၀၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset