Switch Mode

Chapter – 102

အမဲလိုက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၂ – အမဲလိုက်ခြင်း

တောင်များထဲတွင် သေမင်းအငွေ့အသက်များပင် ခံစားနေရသည်။ နျူးကလီးယားပေါက်ကွဲမှုကြောင့် အပူချိန်မှာ သန်း ၁၀၀ ဒီဂရီဆဲလ်စီးယပ်စ်ပင် ရှိနေသည်။ ဤနေရာ၌ မည်သူမှ မရှင်သန်နိုင်။

ကံမကောင်းစွာဖြင့် မီးခိုးပြာဝံပုလွေသည် ပေါက်ကွဲမှုအလယ်၌ မရောက်ခဲ့။

တစ်ချိန်က စိမ်းစိုနေသောတောအုပ်မှာ ယခုတော့ ဘာမှမရှိတော့။ ပြာပင်မရှိ။ အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

လူတစ်စု ဤနယ်မြေအတွင်းပိုင်းသို့ တိုးဝင်သွားကြသည်။

သာမန်လူသာ ဤနေရာသို့လာလျှင် သေချာပေါက် သေမည်ပင်။

ချူဖုန်း၊ ချန်လော့ယန်နှင့် ယဲ့ချင်းရုန်တို့မှာ သန္ဓေပြောင်းလူများထဲတွင် လက်ရွေးစင်အဆင့်များဖြစ်ကြသောကြောင့် သူတို့ အကာအကွယ်ဝတ်စုံ မဝတ်လည်းရသည်။

“တွေ့ပြီ .. ဒီမှာ..” အမြင်စွမ်းအားရှင် တိဟွိုင်ကျင်းသည် ရုတ်တရက် အော်ဟစ်ကာ အရှေ့သို့ ပြေးသွားလေ၏။

သူတွေ့သည်မှာ မီးခိုးပြာဝံပုလွေမဟုတ်။ ဝံပုလွေကြီး ပုန်းခိုခဲ့သည့် မြေပြင်ပေါ်မှ အက်ကွဲကြောင်းသာ။

အက်ကွဲကြောင်းမှာ မည်းနက်နေပြီး မြေကြီးအတွင်းပိုင်းထိသို့ ရောက်နေသည်ပင်။

အမြင်စွမ်းအားရှင် တိဟွိုင်ကျင်း၏မျက်လုံးများ ရွှေရောင်အလင်းတောက်ပလာကာ သူ၏အမူအရာများလည်းလေးနက်လာသည်။ သူသည်ယခင်ကကဲ့သို့ ပြောင်ချော်ချော်မလုပ်တော့ပဲ မီးခိုးပြာဝံပုလွေ၏သဲလွန်စများကို လေးလေးနက်နက် လိုက်ရှာလိုက်နေသည်။

ဤနေရာမှာ ဓာတ်ပုံထဲမှ နေရာနှင့်အတူတူပင်။

“တစ်ယောက်ယောက်က ငါတို့ထက်အရင် ရောက်လာဖူးတယ်..”

တိဟွိုင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။ ကျောက်တုံးများပေါ်မှ သွေးခြောက်များမှာ ခွာချခံထားရသည်ကို သူ တွေ့လိုက်ရသည်။

“မြေကြီးပေါ်မှာ ကျနေတဲ့ ဝံပုလွေသွေးတွေက အစွမ်းမရှိတော့ဘူးလေ .. ငါတို့ အဲဒီသွေးတွေကို လိုသေးတာလား..” ယုယန်ချင်း မေးလိုက်သည်။

“အင်အားကြီးတဲ့လူတွေအတွက်တော့ သွေးက ခြောက်ပဲနေနေ ဘာပဲဖြစ်နေနေ သားရဲဘုရင်ရဲ့သွေးဖြစ်နေသရွေ့ လေ့လာကြမှာပဲ .. ဘာပဲဖြစ်ဖြစ် သူတို့တွေက အရင်တုန်းက သားရဲဘုရင်အဆင့်သွေးနမူနာတွေကို တစ်ခါမှမှ မရဖူးတာ” ချန်လော့ယန် ပြောလိုက်သည်။

အစိုးရသာ သိမ်းငှက်၏အလောင်းကို ရဖူးသည်ပင်။ ဤသည်မှာလည်း စုန့်တောင်မှ ကြိုးကြာသတ်လိုက်ခြင်းဖြစ်ပြီး သူတို့လူများသွားကောက်လာခဲ့ခြင်းပင်။

တိုင်းပြည်မှ ထိပ်တန်းအဆင့် စမ်းသပ်ခန်းများသည် သိမ်းငှက်၏သွေးနမူနာကို စမ်းသပ်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံ ကြိုးစားနေကြသည်ပင်။ ဘုရင်၏သွေးများမှာ ထင်မထားလောက်အောင် ဆန်းကြယ်ပြီး များစွာ အသုံးဝင်သည်ဟု ပြောကြသည်။

အချို့သူများကလည်း သားရဲဘုရင်များသည် ဤသွေးများကြောင့် ဤကဲ့သို့ စွမ်းအားကြီးနေခြင်းဖြစ်သည်ဟု အဆိုပြုထားကြသည်။

ပြည်ပမှ အာဏာရှိပုဂ္ဂိုလ်များမှာ မနာလိုဖြစ်နေကြပြီဖြစ်ပြီး သူတို့လည်း ထူးခြားသည့်အကောင်တစ်ကောင်ကိုဖမ်းကာ လေ့လာချင်နေကြသည်။

“မတူတဲ့သားရဲဘုရင်သွေးတွေမှာ မတူတဲ့ စွမ်းအားတွေ ရှိတယ်” ယဲ့ချင်းရုန် ပြောလိုက်သည်။

ထို့နောက် မီးခိုးပြာဝံပုလွေကို လိုက်ရှာရန် သူတို့ ဆက်လက်ထွက်ခွာခဲ့လိုက်ကြသည်။

ဆယ်မိုင်ခန့် ခြေရာကောက်ပြီးနောက် တိဟွိုင်ကျင်း ကျိန်ဆဲလာသည်။ တစ်ယောက်ယောက်သည် မီးခိုးပြာဝံပုလွေ၏ သဲလွန်စများကို တမင်သက်သက် ဖျက်ဆီးထားသည်ပင်။

“ယုတ်မာလိုက်တာ .. သူတို့တစ်ယောက်တည်းနဲ့ မီးခိုးပြာဝံပုလွေကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာလား..” ယုယန်ချင်း ပြောလိုက်သည်။

နောက်မှရောက်လာသည့်သူများကို ဤကဲ့သို့ နှောက်ယှက်နေခြင်းမှာ မီးခိုးပြာဝံပုလွေကြီး ပြန်ကောင်းလာရန်အတွက် အချိန်ပိုပေးနေသလို ဖြစ်နေမည်ပင်။ သူသာ ပြန်ကောင်းသွားလျှင် ကပ်ဆိုးကြီးဖြစ်လာလိမ့်မည်။

“ဒီလူတွေက တော်တော်လေး ကောက်ကျစ်တာပဲ .. သူတို့တွေ သွေးပိုလိုချင်တာနဲ့ပဲ တစ်ခြားသူတွေကို နှောင့်နှေးအောင်လုပ်နေတယ် .. သူတို့ အောင်မြင်သွားရင် အကြောင်းမဟုတ်ဘူး .. သူတို့ကျရှုံးသွားရင် ဖြစ်လာမယ့်ကိစ္စကို တွေးတောင်မတွေးနိုင်ဘူး” ယဲ့ချင်းရုန်၏ အမူအရာလည်း ပြောင်းလဲသွားသည်။

“တစ်ခြား သဲလွန်စတွေ ကျန်မှာပါ .. သူတို့ အားလုံးကို ရှင်းပစ်ဖို့က မဖြစ်နိုင်ဘူး” ချူဖုန်း သတိပေးလိုက်သည်။

သူတို့သည် သဲလွန်စများကို ခြေရာခံကာ နောက်ထပ် မိုင်ပေါင်းများစွာ ရောက်လာသည်။

တိဟွိုင်ကျင်း၏ မျက်လုံးများမှာ ရွှေရောင်မီးအိမ်ကဲ့သို့ တောက်ပနေပြီး တစ်ခါတစ်ရံတွင် ရွှေရောင်အလင်းတန်းများပါ ထွက်လာသေးသည်။

အချိန်တစ်ခုကြာပြီးနောက် သူ စိတ်အေးသက်သာစွာ ပြောလာသည်။ “ငါ သဲလွန်စ ထပ်တွေ့ပြီ..”

သူတို့အုပ်စု သူ့နောက် လိုက်သွားကာ မီတာအနည်းငယ်ဝေးသည့် နေရာသို့ ဦးတည်သွားလိုက်ကြသည်။ ထိုနေရာတွင် သူသည် အနည်းငယ် ကောက်ကွေးနေသည့် ဝံပုလွေအမွေးများကို ကောက်ရလိုက်သည်။

“မင်းက ဒါကိုတောင် ရှာနိုင်တာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။ သူ၏နတ်အသိစိတ်ကို အသက်သွင်းလိုက်လျှင် သူ့အမြင်အာရုံသည် တိဟွိုင်ကျင်းထက်မနိမ့်။ သို့သော် အသေးစိတ်များကို ဖမ်းမိနိုင်ရန်အတွက်တော့ သူ မလုပ်နိုင်သေး။

“ဒါက ကျွန်တော့်စွမ်းရည်လေ .. တစ်ခုခုကို ဦးနှောက်ထဲ ရိုက်သွင်းလိုက်တာနဲ့ သူနဲ့သက်ဆိုင်တဲ့ အသေးစိတ်တွေကို အကွာအဝေးတစ်ခုအတွင်းတော့ ရှာနိုင်တယ်”

တိဟွိုင်ကျင်း၏စကားမှာ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့ထဲတွင် ယဲ့ချင်းရုန်၏တုံ့ပြန်မှုမှာ အပြင်းထန်ဆုံးပင်။ သူ့စွမ်းရည်များကို သူမအပေါ် အသုံးမပြုရန် သတိပေးလိုက်သည်။ မဟုတ်ပါက သူမ သူ့ကို နေ့တိုင်းရိုက်မည်ဖြစ်ကြောင်း ပြောလိုက်လေ၏။

တိဟွိုင်ကျင်းသည် ခြောက်ကပ်စွာ ရယ်မောလိုက်သော်လည်း သူ့မျက်လုံးများကတော့ တောက်ပနေသည်။

တစ်မိနစ်ခန့်ကြာပြီးနောက် နှစ်မိုင်အကွာမှ တစ်ခုခုကို တိဟွိုင်ကျင်း ရှာတွေ့သွားသည်။ သူသည် မြေပြင်ကို စိုက်ကြည့်ပြီးနောက် ဒူးထောက်ကာ အမှိုက်နှင့် ကျောက်တုံးများကို ဖယ်ရှားလိုက်သည်။

ထိုသို့ ဖယ်ရှားလိုက်သည်နှင့် သွေးနံ့ထွက်လာလေ၏။ အချို့ကျောက်တုံးများထက်တွင် သွေးကွက်များ ရှိနေဆဲပင်။ သွေးများမှာ အနီရင့်ရောင်ဖြစ်နေပြီဖြစ်သောကြောင့် ခြောက်ကပ်နေပြီဖြစ်သည်။

“သားရဲဘုရင်သွေး..” သူတို့အားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

မီးခိုးပြာဝံပုလွေ ဤနေရာ၌ ပုန်းခိုခဲ့လိမ့်မည်။ သူ့အသိဉာဏ်များမှာ လူသားများထက် မနိမ့်သောကြောင့် ခြေရာလိုက်ခံရမည်စိုးသောကြောင့် သဲလွန်စများကို ဖုံးဖိထားခဲ့သည်။

“ဒါ ဘယ်လောက်တောင် တန်မလဲမသိဘူး..” ယုယန်ချင်း ပြောလိုက်သည်။

“သားရဲဘုရင်သွေးက အဖိုးမဖြတ်နိုင်ဘူး.. ဒါကို တိုင်းပြည်အပြင်ဘက်ကိုသာ ထုတ်ရောင်းလိုက်လျှင် အင်အားကြီးတဲ့သူတွေက ဈေးကြီးကြီးတွေနဲ့ ပြိုင်ဝယ်ကြလိမ့်မယ်..”

လက်ရှိတွင် နိုင်ငံခြားရှိ မည်သည့်အဖွဲ့အစည်းမှ သားရဲဘုရင်သွေးကို မရသေး။

သွေးများကို သိမ်းဆည်းရန် ယုယန်ချင်း တာဝန်ယူလိုက်သည်။ သူသည် ရတနာတစ်ခုကို ကိုင်တွယ်နေရသကဲ့သို့ ဂရုတစိုက်ပင် လုပ်နေလေသည်။

“ဒီမှာ ထပ်ရှိသေးတယ်..” ဘေးပတ်လည်မှ နေရာများစွာကို တိဟွိုင်ကျင်း ရှာဖွေလိုက်သည်။ ဤနေရာ၌ မီးခိုးပြာဝံပုလွေကြီး အနားယူခဲ့သည်မှာ သေချာသည်ပင်။ သူ လဲသည့်နေရာတိုင်း၌ သွေးများ ရှိနေ၏။

သွေးများမှာ နေရာအနှံ့ ပျံ့ကြဲနေသောကြောင့် သူ့ဒဏ်ရာ မည်မျှပြင်းထန်သည်ကို စဉ်းစားကြည့်ရန်ပင်မလို။

သူတို့အားလုံး လူစုခွဲကာ ဝံပုလွေသွေးကို သိမ်းဆည်းလိုက်ကြသည်။

“ဒီလောက်လေးကိုတောင်မှ မိုးလောက်မြင့်တဲ့ဈေးနဲ့ ရောင်းလို့ရပြီ..” ယဲ့ချင်းရုန် ပြောလိုက်သည်။

ရုတ်တရက် ချူဖုန်း ခန္ဓာကိုယ် တောင့်တင်သွားသည်။ သူသည် ရုတ်တရက်ထခုန်ပြီး အော်ဟစ်လိုက်သည်။ “ရှောင်..”

သူ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်နှင့် သူ့ နတ်အသိစိတ်များ အလုပ်လုပ်လာသည်။ သူ့ခေါင်းနောက်ဘက်တွင် တင်းကြပ်သွားသည်ကို ခံစားလိုက်ရသောကြောင့် ယခင်အတွေ့အကြုံများအရ ဤသည်မှာ တစ်ယောက်ယောက် သူ့ကို သေနတ်ဖြင့် ချိန်ထားခြင်းပင်။

ချူဖုန်း တိဟွိုင်ကျင်းကို ဆွဲယူပြီး ကျောက်တုံးကြီးနောက် ပစ်ထည့်လိုက်သည်။

သူတို့အားလုံး လူစုကွဲသွား၏။ ချူဖုန်းမှာ သူနှင့်ကပ်နေသည့် တိဟွိုင်ကျင်းကိုသာ ကယ်လိုက်နိုင်သည်။

ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့မှာ လက်ရွေးစင်များဖြစ်ကြသောကြောင့် ချူဖုန်းအကူအညီမလို။ သူ့အသံကြားသည်နှင့် ချက်ချင်း ရှောင်သွားလိုက်ကြသည်။

ယုယန်ချင်းမှာ သူ့ဆံပင်မွေးများ ထောင်ထသွားသလို ခံစားလိုက်ရသည်။ သူ ရှောင်လိုက်သော်လည်း ကျည်ဆံသည် သူ့ကိုဖောက်ဝင်သွားကာ သွေးများ စီးကျလာသည်။

ချူဖုန်းသည် လေပွေကဲ့သို့ လျင်မြန်လှသည့်အရှိန်ဖြင့် ယုယန်ချင်းကို လက်တစ်ဖက်ဖြင့် ပွေ့ယူကာ ကျည်ဆံများကို ရှောင်ရှားရင်း ကျောက်တုံးကြီးနောက်သို့ ဝင်သွားလိုက်သည်။

ယုယန်ချင်း၏ ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရသွားသည်ပင်။ ကံကောင်းစွာဖြင့် အခြားမည်သည့်နေရာမှ ဒဏ်ရာမရ။

သူ၏မျက်မှာ ဖြူဖျော့နေသော်လည်း သူ့နားရွက်ကြီးများမှာ အနည်းငယ် လှုပ်ခါနေသည်။ “အရှေ့ဘက် … ရန်သူ ၇ ယောက်..” သူ ဒေါသတကြီး ပြောလိုက်သည်။

သူ့အကြားအာရုံမှာ အလွန်တိကျလှသည်။ သူ ဒေါသထွက်နေသဖြင့် သူ့စွမ်းရည်များကို ထိပ်ဆုံးထိ အသုံးပြုထားသည်ပင်။

ချူဖုန်း အံ့အားသင့်သွားရသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ယုယန်ချန်း သူ့စွမ်းရည်များကို အသုံးပြုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့။ သူပင်လျှင် ထိုနေရာ၌ လူ ၇ ယောက်၊ ၈ ယောက်ခန့် ရှိမည်ကိုသာ အာရုံခံနိုင်သည်။

“သူတို့အားလုံး သေနတ်တွေ ကိုင်ထားတယ် .. အရှေ့ဘက် မီတာ ၁၅၀၀ အကွာလောက်မှာ..” ရန်သူများမှာ ကျောက်တုံးကြီးနောက်၌ ပုန်းနေကြောင်း အတိအကျပင် ပြောလာလေ၏။

“ငါတို့ကို မီတာ ၁၅၀၀ အကွာကနေတောင် စနိုက်ပါနဲ့ပစ်နိုင်တယ်ဆိုတော့ သူတို့တွေက ကျွမ်းကျင်အဆင့်တွေပဲ .. သေချာပေါက် သာမန်လူတွေ ဖြစ်မှာမဟုတ်ဘူး”

“မိုက်ရိုင်းလိုက်တာ .. ဘာရန်ငြိုးရန်စလည်းမရှိပဲနဲ့ ငါတို့ကို လုပ်ကြံဖို့ ကြိုးစားနေတယ်..” ယုယန်ချင်းမှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သောကြောင့် ဒေါသထွက်နေရသည်။

“ငါတို့ မီးခိုးပြာဝံပုလွေသွေးတွေ ယူနေတာမြင်တော့ သူတို့ စိတ်မထိန်းနိုင်တော့တာ .. သူတို့က ငါတို့ကိုသတ်ပြီး သွေးတွေယူဖို့ စီစဉ်ထားတာ”

အားလုံး စိတ်တိုနေကြသည်။ ဤမုန်းစရာကောင်းသည့်လူသူများသည် မီးခိုးပြာဝံပုလွေသွေးအတွက်နှင့် သူတို့ကို သေနတ်ဖြင့်ပစ်ခတ်နေသည်။

ချူဖုန်း လှုပ်ရှားလိုက်သည်။ သူသည် ကျည်ဆံများ၊ ပေါက်ကွဲမှုများကို ရှောင်တိမ်းပြီး တောင်ကုန်းလေးထံသို့ဦးတည်သွားလိုက်သည်။

ယဲ့ချင်းရုန်လည်း သူ့နောက်လိုက်သွားလိုက်သည်။ သူမအတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် သူမသည် တိုက်ခိုက်နေသည့်နတ်သမီးကဲ့သို့ ဖြစ်သွားသည်ပင်။

တောင်ကုန်းလေးပေါ်မှ သေနတ်သမားအဖွဲ့မှာ ကြောက်ရွံ့နေကြပြီဖြစ်သည်။ ဒီလူတွေက ကျည်ဆံကိုတောင် ရှောင်နိုင်တယ် .. သူတို့တွေက လူမဟုတ်တော့ဘူး..

ချူဖုန်းမှာ မြန်ဆန်လှသည်။ တစ်စက္ကန့်တွင် မိုင်ပေါင်း ၂၆၀ သွားနိုင်သောကြောင့် ပျံသန်းနေသည့် ယဲ့ချင်းရုန်ပင် သူ့နောက် ကျန်နေခဲ့သည်။

ဝှစ်.. လေတိုးသံနှင့်အတူ သူ တောင်ကုန်းငယ်ထက်သို့ ရောက်သွားသည်။

သေနတ်သမားတစ်ဦးသည် ကြောက်လန့်တကြားပင် တရစပ်ပစ်ခတ်လိုက်သော်လည်း ချူဖုန်းသည် လက်ဗလာဖြင့် ကျည်ဆံများကို ဖမ်းလိုက်လေသည််။

“အား…” ထိုလူ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ချူဖုန်း တိုက်ခိုက်လိုက်သည်နှင့် ဤလူ၏အရိုးများ ကျိုးကြေသွားပြီး မြေပြင်ထက်၌ လဲကျသွားကာ သွေးအန်လာလေသည်။

သူတို့သည် နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ အလွန်ကြောက်ရွံ့နေကြလေပြီ။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေတာလဲ .. ပြီးတော့ သူက ကျည်ဆံလည်းပြီးတယ်..

ယဲ့ချင်းရုန် ဆင်းသက်လာကာ သူမအတောင်ပံများကို သိမ်းလိုက်သည်။

ထို့နောက် ချန်လော့ရန်လည်း အလောတကြီး ရောက်လာသည်။

“ရှင်က ကျည်ဆံကို တောင့်ခံနိုင်ပြီးတော့ ဓားတွေ၊ လှံတွေလည်း ပြီးတာလား…” ယဲ့ချင်းရုန် အံ့အားတကြီး မေးလိုက်သည်။

“ဒီလိုပါပဲ..” ချူဖုန်း ခပ်ရေးရေးပြုံး၍ ဖြေလိုက်သည်။

ချန်လော့ယန်မှာ ပြောစရာစကားမဲ့သွားသည်။ ဒါက ဘယ်လိုလုပ် ‘ဒီလိုပါပဲ’ ဖြစ်မှာလဲ..

ခဏကြာပြီးနောက် အကြားအမြင်နှစ်ယောက် ရောက်လာသည်။

“ခင်ဗျားတို့ ဘာလို့ ကျုပ်တို့ကို လာတိုက်တာလဲ .. ခင်ဗျားတို့က မီးခိုးပြာဝံပုလွေကို အမဲလိုက်ရမယ့်အစား အမှောင်ထဲ ပုန်းနေပြီးတော့ လူတွေကို တိုက်ခိုက်နေတာလား.. ခင်ဗျားတို့မှာ အသိစိတ်ရော ရှိသေးရဲ့လား..” ယုယန်ချင်း ဒဏ်ရာရနေသည့် သူ့လက်မောင်းကို အုပ်ကိုင်ပြီး အော်ဟစ်လိုက်သည်။

ဖမ်းခံထားရသည့်တပ်သားများမှာ ကြောက်ရွံ့နေကြလေပြီ။ သူတို့ သတ္တုပြားကြီးကို ကန်မိသွားကြောင်း သိလိုက်ရသည်ပင်။

ချူဖုန်း ရိုးရှင်းသည့်မေးခွန်းအချို့မေးကာ သူတို့ရည်ရွယ်ချက်ကို သိအောင်လုပ်လိုက်သည်။

ဤလူများမှာ သာမန်မုဆိုးများသာ။ မီးခိုးပြာဝံပုလွေ အသက်ရှင်နေသေးသည်ဟူသည့်သတင်းကို ကြားသောကြောင့် ဝေစုအနည်းငယ် ရလိုရငြား ရောက်လာကြခြင်းပင်။ တိုက်ဆိုင်စွာဖြင့် သူတို့ မှန်ပြောင်းဖြင့် ကြည့်နေသည့်အချိန် ချူဖုန်းတို့အုပ်စု သွေးများသိမ်းဆည်းနေသည့်အချိန်နှင့်ကြုံကြိုက်သွားသည်ပင်။ ထို့ကြောင့် သူတို့ ချူဖုန်းတို့အုပ်စုကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြခြင်းပင်။

“သူတို့စိတ်က ရက်စက်လွန်းတယ် .. သူတို့တွေကို အသက်ရှင်လျက်ထားရင် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်နေမှာ .. သူတို့ကို သတ်ပစ်လိုက်ရအောင်” ချန်လော့ယန် အကြံပေးလိုက်သည်။

သူသည် အလွန်ချောမောသည့်အမျိုးသားတစ်ဦးဖြစ်သော်လည်း သူသည် တိုက်ခိုက်သည့်အချိန်တွင် ညှာတာမှုမရှိ။

“ဖူး ဖူး ဖူး..”

သူ့ဓားရှည်ကို လွဲရမ်းလိုက်သည်နှင့် ထိုလူစုကြီး ခေါင်းပြတ်သွားကြသည်။

ခံလိုက်ရသည့် ယုယန်ချင်းပင် ဘာမှမလုပ်ရသေး။ ထိုလူများ အသက်ဆုံးရှုံးသွားလေပြီ။

ထို့နောက် သူတို့ ခရီးဆက်လာခဲ့လိုက်ကြသည်။ သေမင်းနယ်နမိတ်ကို ဖြတ်ကျော်ပြီးသည်နှင့် သစ်ပင်များ ပေါက်ရောက်နေသည့် သစ်တောဧရိယာသို့ ရောက်လာကြသည်။

“ဒါတွေက နတ်သစ်ပင်တွေလား..” တိဟွိုင်ကျင်း အံ့အားသင့်သွားရသည်။

သူတို့ရှေ့တွင် ထူထဲသည့်တောအုပ်ကြီး ရှိနေသည်။ သစ်ပင်တစ်ပင်စီတိုင်းသည် ပင်စည်မှ သစ်ရွက်များထိ ထူးဆန်းစွာ တောက်ပနေသည်။

ယဲ့ချင်းရုန်သည် နှာခေါင်းရှုံ့လိုက်ကာ “ဦးနှောက်မရှိလိုက်တာ .. ဒါက ရေဒီယိုသတ္တိကြွလှိုင်းတွေကြောင့် ဖြစ်နေတာ .. သစ်ပင်တွေက အဲဒီလှိုင်းတွေ အများကြီးကို စုတ်ယူလိုက်လို့ ဒီလိုဖြစ်သွားတာ”

“အဲဒီလိုလား .. ငါက ငါတို့နတ်သစ်ပင်တွေ့ရပြီ ထင်လိုက်လို့” တိဟွိုင်ကျင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူတို့ တောအုပ်ထဲ ဝင်ရောက်လာခဲ့ကြလေပြီ။ တောင်ထဲသို့ ဝင်လိုက်သည်နှင့် သားရဲများ၊ ငှက်များနှင့် တိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ရတော့မည်ပင်။

တစ်နေ့လုံး ကြာပြီးသော်လည်း သူတို့ အပူတပြင်း လိုက်ရှာနေကြဆဲပင်။ တိဟွိုင်ကျင်း၏ အမြင်စွမ်းရည်မှာ အလွန်အသုံးဝင်လှသည်ပင်။

လမ်းတစ်လျှောက်တွင် သူတို့ လူသားအလောင်းအချို့ တွေ့လိုက်ရသည်။ အချို့မှာ အချင်းချင်း တိုက်ခိုက်ထားကြပြီး အချို့မှာ သားရဲများ၏ တိုက်ခိုက်ခြင်း ခံထားရသည်ပင်။

“ဒီတောအုပ်ထဲကို ဝင်လာတာ အနည်းဆုံး ၁၀ ဖွဲ့ရှိတယ် .. ဒါပေမဲ့ ဘယ်သူမှ မီးခိုးပြာဝံပုလွေကို မတွေ့လိုက်ဘူး .. သူတို့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ သတိကြီးကြီးနဲ့ သွားနေကြတာ .. သူတို့ကြားထဲ တိုက်ပွဲလည်း ဖြစ်ခဲ့တယ်ထင်တယ်” ချူဖုန်း ကောက်ချက်ချလိုက်သည်။

“အမ်.. နိုင်ငံခြားသားလား..” ခဏကြာပြီးနောက် သူတို့ အသားဖြူဖြူ၊ မျက်လုံးပြာပြာနှင့် အနောက်နိုင်ငံသားတစ်ဦးကို တွေ့လိုက်ရသည်။

ထို့နောက် သူတို့ ဥရောပနိုင်ငံသားများ ထပ်တွေ့လိုက်ရသည်။

“ဒီအဖွဲ့က အရမ်းစွမ်းအားကြီးတယ် .. သူတို့တွေက မီးခိုးပြာဝံပုလွေရှိတဲ့နေရာကို လိုက်နိုင်ကြတယ် .. ဒါပေမဲ့ ကံဆိုးစွာနဲ့ သူတို့အားလုံး အသတ်ခံလိုက်ရတယ်” တိဟွိုင်ကျင်း ရှင်းပြလိုက်သည်။ မြက်ခင်းကြားမှ ဝံပုလွေအမွေးတစ်ချို့ကို သူ တွေ့လိုက်ရသည်ပင်။

ဤသည်မှာ သူတို့ ပစ်မှတ်နှင့် နီးကပ်လာပြီဖြစ်ကြောင်း ပြသနေခြင်းပင်။

“ဥရောပက ကျွမ်းကျင်သူတွေက ဘယ်လိုလုပ် ဒီရောက်နေတာလဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။ သိထားရမည်မှာ တိုက်နှစ်ခုကြားမှ အကွာအဝေးမှာ အလွန်ကျယ်ပြောလှသည်။ လေယာဉ်လမ်းကြောင်းများပင် ပျက်စီးသွားခဲ့သည်ဖြစ်သည်။

သို့သော် ဤနေရာ၌ ဥရောပအုပ်စုတစ်စုကို တွေ့နေရ၏။ ဤသည်မှာ သံသယဝင်စရာကောင်းလှသည်။

သူတို့ ဆက်လျှောက်သွားသည့်အချိန်တွင် အလောင်းများ ပိုများလာသည်။ အများစုမှာ ဤနိုင်ငံသားများဖြစ်ကြသော်လည်း မျက်နှာဖြူအချို့ကိုလည်း တွေ့နေရသည်။

“သူတို့တွေက ပရီချင်းသုတေသနကျောင်း၊ ထုန်ဂုကျောင်းနဲ့ နိုင်ငံခြားယဉ်ကျေးမှုကျောင်းကလူတွေ”

ဤမစ်ရှင်မှာ လျှို့ဝှက်စရာမလိုတော့ဘူး သေဆုံးသွားသည့်သူများကို အလွယ်တကူပင် သိနိုင်သည်။

“အခြေအနေတော်တော်ဆိုးတာပဲ .. ဒီလူတွေကို မီးခိုးပြာဝံပုလွေ သတ်ထားတာနေမှာ..” တိဟွိုင်ကျင်း ပြောလိုက်သည်။

“ရှူး..” ရုတ်တရက် ယုယန်ချင်းမျက်နှာ ဖြူဖျော့သွားပြီး သူ့ကို တိတ်တိတ်နေရန် လုပ်ပြလိုက်သည်။

သူ့နားရွက်ကြီးများ လှုပ်ရှားလာကာ ပတ်ဝန်းကျင်ကို သေချာနားထောင်လိုက်သည်။ ဤကဲ့သို့သော တောအုပ်ထဲတွင် တိဟွိုင်ကျင်း၏မျက်လုံးများထက် သူ့နားရွက်များက ပိုအသုံးဝင်သည်။

ချူဖုန်း အံ့အားသင့်သွားရ၏။ ဤတောအုပ်မှာ လူဝံအော်သံများ၊ ကျားဟိန်းသံများဖြင့် ဆူညံနေသော်လည်း ယုယန်ချန်းသည် အားလုံးကို ရှင်းရှင်းလင်းလင်း နားထောင်နေနိုင်သည်။ ဤအပိုင်းတွင်တော့ ချူဖုန်း သူ့ကို မမှီသေး။

သူလည်း အဝေးမှ အသံများကို နားထောင်နိုင်သော်လည်း အသံရင်းမြစ်ကို မခွဲခြားနိုင်။

“ငါတို့ သူနဲ့တွေ့ပြီထင်တယ်” ယုယန်ချင်း ပြောလိုက်သည်။ “ပုံမှန်မဟုတ်တဲ့အသက်ရှူသံတစ်သံကို ကြားနေရတယ် .. အသံက အရမ်းမကျယ်ပေမယ့် ငါ့ကို ဖိနှိပ်နေတဲ့ ခံစားချက်မျိုး ခံစားနေရတယ်”

သူ တောအုပ်အတွင်းပိုင်း တောင်ဘက် မီတာ ၁၆၀၀ ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“မင်းတို့တွေ ဒီမှာစောင့်နေခဲ့ကြ .. လိုက်မလာခဲ့နဲ့..” ချူဖုန်းလည်း မီးခိုးပြာဝံပုလွေ၏တည်ရှိမှုကို ခံစားနေမိသည်ပင်။ ဤစကားပြောပြီးနောက် သူသည် လှံတစ်ချောင်းကိုင်လျက် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဤလက်နက်ရှည်မှာ ကျောက်စိမ်းဂူကျောင်းမှ ယူလာခဲ့သည့်လက်နက်ပင်။ ဤလက်နက်ကို ရှားပါးသည့်သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် အလွန်မာကျောကာ အလွန်ထက်ရှလှသည်။

မီတာ ၁၆၀၀ မှာ မျက်စိတစ်မှိတ်အတွင်းပင် ရောက်သွားလေ၏။

ဤသားရဲကြီးကို ထိပ်တိုက်ရင်ဆိုင်ရုံမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း သူသိသည်။

သူ့ရှေ့မှ မီးခိုးပြာဝံပုလွေသည် ခေါင်းမော့ကာ သူ့ကို အေးစက်နေသည့်မျက်လုံးများဖြင့် ကြည့်နေပြီဖြစ်သည်။

ချူဖုန်းတို့အုပ်စု ရောက်နေသည်ကို သူ အစောကြီးကတည်းက သိပြီးသားဖြစ်နိုင်သည်။

မီးခိုးပြာဝံပုလွေထံ မရောက်ခင် ချူဖုန်း ဘဇူကာဒုံးလောင်ချာဖြင့် ပစ်ခတ်လိုက်သည်။

ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ မီးတောက်များမှာ ကောင်းကင်ထိပင် ရောက်ရှိသွားည်။

ခန္ဓာကိုယ်တစ်ခြမ်းနှင့် မျက်လုံးတစ်လုံးသာ ကျန်တော့သော်လည်း မီးခိုးပြာဝံပုလွေ၏အရှိန်နှင့် အသိစိတ်မှာ ထိတ်လန့်စရာကောင်းနေဆဲပင်။

သူသည် ဝှစ်ခနဲ ၁၀ မီတာကျော် ပျံသန်းသွားကာ ပေါက်ကွဲမှုကို ရှောင်ရှားလိုက်သည်။

ချူဖုန်း မျက်ခုံးတွန့်ချိုးသွားရသည်။ ခန္ဓာကိုယ်တစ်ဝက်နဲ့ သူက ဘယ်လိုလုပ် ဒီလောက် မြန်မြန်လှုပ်ရှားသွားလာနေနိုင်တာလဲ..

“ဝူး…” မီးခိုးပြာဝံပုလွေကြီး အူလိုက်သည်နှင့် တောအုပ်ထဲမှ သစ်ပင်များ ကျိုးကြေသွားကြသည်။

မီးခိုးပြာဝံပုလွေ၏ ခေါင်းကြီးမှာ အိမ်တစ်လုံးစာရှိသည်။ သူသည် ချူဖုန်းထံသို့ တရှိန်ထိုးပင် ပြေးလာလေသည်။

ချူဖုန်းသည် ရွှေရောင်လှံတံကို တင်းတင်းကြပ်ကြပ်ကိုင်ကာ မီးခိုးပြာဝံပုလွေကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ့လှံဖြင့် ကျန်နေသေးသည့် မျက်လုံးတစ်လုံးကို ချိန်ရွယ်ထားလိုက်လေသည်။

အပိုင်း ၁၀၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset