ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၁ – အဆင့်များ
လေယာဉ်ကြီး ကောင်းကင်ထက်သို့ ပျံသန်းသွားသည်နှင့် လေတိုက်သံ တဝီးဝီး မြည်လာသည်။
ဤဘိုးရင်းလေယာဉ်ကြီးကို အထူးအခြေအနေ၌ အသုံးပြုရန်အတွက် ပြုပြင်ထားပြီးသားပင်။ ဤလေယာဉ်ကို သန္ဓေပြောင်းလူများအား ရှေ့တန်းပို့ရန်အတွက် အသုံးပြုသော်လည်း အတွင်းပိုင်းမှာ အတော်လေး သားနားလှသည်။
အမြင်စွမ်းအင်ပိုင်ရှင်ဖြစ်သည့် တိဟွိုင်ကျင်းသည် လေယာဉ်ပေါ်စတက်ကတည်းက မျက်လုံးများ တောက်ပနေသည်။
သူ စိတ်လှုပ်ရှားနေသည်ပင်။ ဤဘိုးရင်းလေယာဉ်အတွင်းပိုင်းမှာ ဇိမ်ခံပစ္စည်းဟု သတ်မှတ်၍ရသည်။ ဤထဲတွင် အစည်းအဝေးခန်း၊ ထမင်းစားခန်းနှင့် အခြားအခန်းများစွာ ပါသေးသည်။
ရုပ်ရှင်ရုံ၊ ရေချိုးကန်နှင့် နားနေခန်းလည်း ပါရှိသည်။
ထို့အပြင် ဤလေယာဉ်ပေါ်၌ လက်နက်တိုက်လည်း ရှိသေးသည်။ ထိုထဲတွင် ဓား၊ လှံ၊ သေနတ် .. လက်နက်မျိုးစုံရှိသည်။ အစည်းအဝေးစားပွဲရှည်ကြီးနှင့် ဆိုဖာများကို နွေးထွေးသည့်ရွှေရောင် သုတ်လိမ်းထားကြသည်။ ဤထဲတွင် ရပ်လိုက်သည်နှင့် တော်ဝင်နန်းတော်ကြီးထဲ၌ ရပ်နေရသလို ခံစားနေရသည်ပင်။
အစည်းအဝေးခန်းထဲ၌ ချူဖုန်းတို့ကို စောင့်နေသည့် အထူးလူတစ်ယောက် ရှိနေသည်။ ထိုလူသည် ချူဖုန်းတို့အား မီးခိုးပြာဝံပုလွေ၏ သမိုင်းကြောင်းအား မိတ်ဆက်ပေးလာသည်။
ချူဖုန်းဦးဆောင်သည့် ငါးယောက်အဖွဲ့သည် ယခုခရီးစဉ်၏ အဓိကလူများပင်။ သို့သော် လမ်းတစ်လျှောက် သူတို့ကို ဝန်ဆောင်မှုပေးမည့် လူတစ်စုလည်း ရှိနေသည်။
ထိုထဲမှ လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ပရိုဂျက်တာကို ဖွင့်လိုက်ပြီး မီးခိုးပြာဝံပုလွေနှင့်ပတ်သက်ပြီး သူစုထားသမျှ အချက်အလက်များကို ပြသလာသည်။
သူသည် ကျွမ်းကျင်သည့်ပညာရှင်ပင်။ အစမှအဆုံးထိ အားလုံးကို ရှင်းရှင်းလင်းလင်း စနစ်တကျ ပြောသွားသည်။
“ကံမကောင်းစွာနဲ့ မီးခိုးပြာဝံပုလွေက ပေါက်ကွဲမှုအလယ်ကို မရောက်ခဲ့ဘူး .. သူ မသေသွားပေမယ့် သူ့ဒဏ်ရာပြင်းပြင်းထန်ထန်တော့ ရသွားတယ်”
မီးခိုးပြာဝံပုလွေ အဘယ်ကြောင့် အသက်ရှင်ခဲ့သည်ကို သူ ရှင်းပြလာသည်။
ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် မြေပြင်ထက်၌ အက်ကွဲကြောင်းကြီးတစ်ခု ရှိခဲ့သည်။ မီးခိုးပြာဝံပုလွေသည် ထိုအက်ကွဲကြောင်းထဲ ပြေးဝင်ပုန်းသွားခဲ့သောကြောင့် နျူးကလီးယား၏အပူဒဏ်ကို ရှောင်နိုင်ခဲ့သည်။
ရေဒီယိုသတ္တိကြွလှိုင်းများလည်း မီးခိုးပြာဝံပုလွေကို ထိခိုက်ခြင်းမရှိခဲ့။
မီးခိုးပြာဝံပုလွေသည် မြေအောက်၌ ရက်အချို့ ပုန်းအောင်းနေပြီးမှ ပြန်လာခဲ့သည်။ သူ ထွက်လာသည်ကို စစ်တပ်ဒရုန်းမှ ရိုက်ကူးနိုင်ခဲ့ပြီး ဓာတ်ပုံများကို ရုံးချုပ်သို့ ပြန်ပို့ခဲ့ခြင်းပင်။ ဤဓာတ်ပုံကို မြင်စဉ်က အားလုံး ထိတ်လန့်သွားခဲ့ရသည်။
“တော်တော် ကံကောင်းတဲ့ကောင်ပဲ..” အကြားစွမ်းအင်ပိုင်ရှင် ယုယန်ချင်း သက်ပြင်းချလိုက်သည်။
မီးခိုးပြာဝံပုလွေသည် နျူးကလီးယားဗုံးနှစ်လုံး ထိခဲ့သော်လည်း အသက်ရှင်နေသေးသည်။
သို့သော် နျူးကလီးယားလက်နက်ဖြင့် သားရဲဘုရင်များကို သတ်နိုင်သည်ဟူသည့်အချက်ကိုတော့ သူတို့သိလိုက်ရသည်။ မီးခိုးပြာဝံပုလွေအသက်ရှင်နေရခြင်းမှာ သူသည် ပေါက်ကွဲမှုအလယ်၌ ရှိမနေခဲ့သောကြောင့်သာ။
ထို့နောက် သတ္တဗေဒပညာရှင်မှ ဝံပုလွေတစ်ကောင်၏ အလေ့အကျင့်များကို ရှင်းပြလာသည်။
မီးခိုးပြာဝံပုလွေသည် သာမန်ဝံပုလွေမဟုတ်သော်လည်း ဝံပုလွေထဲမှ ဝံပုလွေတစ်ကောင်သာ။ ထို့ကြောင့် သူ့ထံတွင် ဝံပုလွေတစ်ကောင်၏ သဘာဝများ ရှိနေဦးမည်ပင်။
ထို့နောက် ဆေးအဖွဲ့ ရောက်လာပြီး သူတို့ကို ပုလင်းလေးတစ်လုံးစီ ပေးခဲ့သည်။ ထိုပုလင်းထဲတွင် ခရမ်းရောင်အရည်တစ်ချို့ ရှိနေပြီး ငွေ့ရည်များလည်း ရှိနေသည်။
“မင်းတို့အသက်အန္တရာယ်ရှိတဲ့အချိန်မှာ ဒါက အသုံးဝင်လိမ့်မယ် .. မင်းတို့နှလုံးခုန်ပြီး ဦးနှောက်အလုပ်လုပ်နေသေးသရွေ့ ဒီဆေးသောက်လိုက်တာနဲ့ ဆေးအဖွဲ့က ကျွမ်းကျင်သူတွေ မင်းတို့ကိုလာမကယ်ခင် မင်းတို့ နာရီတစ်ချို့တော့ တောင့်ခံနိုင်လိမ့်မယ်”
“ဝိုး .. မိုက်တယ်..” တိဟွိုင်ကျင်း အံ့အားတကြီး ပြောလိုက်သည်။ ထို့နောက် သူသည် အရှက်မရှိ နောက်တစ်ပုလင်း တောင်းလိုက်လေသည်။ သူ ဆေးပုလင်းများများရှိလေလေ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည့်အချိန်တွင် ပို၍ အသက်ရှင်နိုင်မည်ပင်။
“စိတ်မကောင်းပါဘူး .. ဒီဆေးမှာပါတဲ့ ပစ္စည်းတွေက အရမ်းရှားပါးတော့ လက်ရှိမှာ ငါတို့ဓာတ်ခွဲခန်းက နည်းနည်းပဲ ထုတ်နိုင်သေးတယ်” ဆရာဝန်အိုကြီးတစ်ဦး ပြောလိုက်သည်။
ချူဖုန်းတို့အဖွဲ့မှာ အထူးမစ်ရှင်ရှိနေသောကြောင့် သူတို့အဖွဲ့ကို ပေးသည့်ပစ္စည်းများမှာ အကောင်းတကာ့အကောင်းဆုံးပင်။ ပုံမှန်ဆိုလျှင် သူတို့ ဤပစ္စည်းများ တစ်ခုမှ ရမည်မဟုတ်။
ထို့နောက် အမျိုးသားတစ်ဦး ရောက်လာကာ သူတို့ကို ယွင်နန်-ကွေ့ကျိုးကုန်ပြင်မြင့်၏ ရာသီဥတုနှင့် ပထဝီဝင်အနေအထားကို ရှင်းပြလာသည်။
ကျောက်စိမ်းဂူကျောင်းသသည် သူတို့တိုက်ခိုက်ရေးသမားများအတွက် အိမ်စာအားလုံး လုပ်ပေးခဲ့သည်ပင်။ ပြင်ဆင်မှုများမှာ ပြည့်စုံလုံလောက်သည်ပင်။ ချူဖုန်းပင် အတော်လေး စိတ်လှုပ်ရှားနေသည်။ သူ ဤဂိုဏ်းကို ဝင်ခဲ့သည်မှာ မှန်သွားသည်ဟု သူပို၍ ခံစားလာရသည်။
ထို့နောက် သူတို့ကို မီးခိုးပြာဝံပုလွေအား မည်ကဲ့သို့ အဆိပ်ခတ်ရမည်ကို သင်ကြားပေးလာကြသည်။ ဖြစ်နိုင်ချေအားလုံးအတွက် သူတို့ပြင်ဆင်ထားရမည်ပင်။ မီးခိုးပြာဝံပုလွေသေနိုင်သည့် မည်သည့်နည်းလမ်းမဆို သူတို့ စဉ်းစားရမည်။
နောက်ဆုံးတွင်တော့ လူတစ်ယောက် သူတို့ကို လက်နက်ခန်းထဲသို့ ခေါ်လာသည်။ ဤနေရာ၌ သူတို့နှင့်သင့်တော်သည့် လက်နက်များကို လူတိုင်း ရွေးချယ်နိုင်သည်။ ဓားမြောင်မှ သယ်ယူရန် လွယ်ကူသည့် အမြောက်လောင်ချာများအထိ ရှိနေသည်။
သူတို့ငါးယောက် လက်နက်များ ရွေးပြီးသည်နှင့် ကျွမ်းကျင်သူများသည် သူတို့လက်နက်ကို အနာအဆာရှိမရှိ ပြန်လည်စစ်ဆေးပေးသည်။
သူတို့နားနေခန်းထဲသို့ ပြန်ရောက်လာသည်နှင့် ယုယန်ချင်း တီးတိုးပြောဆိုလာသည်။ “ငါ အဲဒီဆေးတန်ဖိုးကို သူတို့ကို မေးကြည့်လိုက်တာ .. အဲဒီဆေးက ကျိုကျိုးဒေါ်လာ ငါးသန်းတန်တယ်တဲ့..”
သူသည် လူအိုကြီးတစ်ဦးကဲ့သို့ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ ဤဆေးမှာ အဖိုးတန်လှသည်။ သူအသက်အန္တရာယ်သာမရှိလျှင် ဤဆေးကို သောက်မည်မဟုတ်။
တိဟွိုင်ကျင်းလည်း တီးတိုးပြောလာသည်။ “ငါ အိပ်မက်မက်နေသလိုပဲ ခံစားနေရတယ် .. ငါလည်း သူတို့ကို မေးခဲ့သေးတယ် .. သူတို့ပြောတာ အဲဒီလက်နက်တွေအကုန်လုံးကို ကမ္ဘာကြီးပြောင်းလဲသွားမှ ပေါ်လာတဲ့ ထူးခြားတဲသတ္တုနဲ့လုပ်ထားတာတဲ့ .. ဒီလက်နက်တွေ အကုန်လုံးက အရမ်းကို ဈေးကြီးတာ .. ငါတို့ယူထားတဲ့လက်နက်တွေက ဒေါ်လာသန်းနဲ့ချီ တန်တယ်တဲ့..”
“ဘာသတ္တုမို့လို့ ဒီလောက်တောင် ဈေးကြီးတာလဲ..” ချူဖုန်းပင် ထိတ်လန့်သွားရသည်။ ဤလက်နက်များကို သူ စမ်းကြည့်ချင်သည်။ ဤလက်နက်များမှာ သူ့ဓားမြောင်နက်နှင့် ယှဉ်နိုင်ရဲ့လားဟု သူသိချင်သည်။
“ငါတို့ အကောင်းအတိုင်း ပြန်ရောက်လာဖို့ မျှော်လင့်ရတာပဲ..” ချန်လော့ယန် ပြောလိုက်သည်။
ကျောက်စိမ်းဂူကျောင်း ဤမျှပြင်ဆင်ထားခြင်းမှာ သူတို့လုပ်ရမည့်မစ်ရှင်မှာ အလွန်အန္တရာယ်များသည်ဟု ဆိုလိုခြင်းပင်။
သာမန်လေယာဉ်များနှင့် မတူစွာ ဤလေယာဉ်ပေါ်၌ ဖုန်းလိုင်းများ ရှိနေသည်။ ကိုယ့်နေရာကိုယ် ထိုင်ပြီးသွားသည်နှင့် အားလုံး သူတို့မိသားစုထံသို့ ဖုန်းခေါ်လိုက်ကြသည်။
သူ သီးသန့်တံခါးပိတ်လေ့ကျင့်မည်ဖြစ်သောကြောင့် နောက် ရက်အနည်းငယ်အတွင်း သူ အိမ်ပြန်လာနိုင်မည်မဟုတ်ကြောင်း သူ့မိဘများကို ပြောပြလိုက်သည်။
“မင်း ငါ့ကို လာမညာနဲ့ .. ဘလိုင်းဒိတ်လုပ်တုန်းက ကျန်းလော့ရှန်းကို ရန်စခဲ့လို့ အခု အိမ်ပြန်လာရမှာကို ကြောက်နေတာမလား ..” ဝမ်ကျင်း သူမသားကို စာရင်းရှင်းလိုက်သည်။
သူမအသံမှာ အတော်လေး ကျယ်လှသောကြောင့် ချူဖုန်းနား ရှိနေသည့်လူအားလုံး သူမစကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်ပင်။
အထူးသဖြင့် အကြားစွမ်းရည်ပိုင်ရှင် ယုယန်ချင်းပင်။ သူ ချူဖုန်းကို မျက်လုံးကို မှိတ်ပြလိုက်သည်။
ယဲ့ချင်းရုန်လည်း ပြုံးရာမှ ရယ်မောလာလေ၏။
ချူဖုန်း ဖုန်းမြန်မြန်ချလိုက်ပြီးနောက် အကြားအမြင်နှစ်ယောက်ကို သူနှင့်အတူ လိုက်ခဲ့ရန် ပြောလိုက်သည်။ နောင်ကျလျှင် သူတို့နှစ်ယောက်လုံး သူ့အပေါ်၌ သူတို့စွမ်းရည်များကို မသုံးကြရန် သတိပေးလိုက်သည်။ မဟုတ်ပါက နေ့တိုင်း သူနှင့်အတူ လက်ဝှေ့လေ့ကျင့်ရမည်ဖြစ်ကြောင်း ပြောလိုက်သည်။
သူတို့နှစ်ဦးလုံး မျက်နှာပျက်သွားကြသည်။ ယခင်တစ်ခေါက် သူတို့ ချူဖုန်းနှင့် လက်ဝှေ့လေ့ကျင့်စဉ်က သူတို့သည် မသန်စွမ်းသည့်သူ ဖြစ်လုနီးပါးပင်။ သူတို့ ယခင်တစ်ခေါက်တည်းက သင်ခန်းစာ ရသွားပြီဖြစ်သည်။
ယခု သူတို့ ထပ်သတိပေးခံရလေပြီ။
အနည်းငယ်ဝေးသည့်နေရာ၌ရှိနေသည့် ယဲ့ချန်းရုန်မှာ ကျက်သရေရှိစွာ ရယ်မောနေဆဲပင်။
ချန်လော့ယန်သည် ကျန်သည့်သူအားလုံးထက် တည်ငြိမ်နေသည်။ သူ ပြတင်းပေါက် အပြင်ဘက်ကိုသာသ ကြည့်နေလေ၏။
အပေါ်စီးမှ ကြည့်မည်ဆိုလျှင် ကမ္ဘာကြီးမှာ ဘာမှမဖြစ်သကဲ့သို့ ယခင်အတိုင်း ရှိနေဆဲပင်။ သို့သော် ယခင်အတိုင်းမဟုတ်တော့သည်ကို အားလုံးသိကြသည်။
မြေပြင်၌ အပြိုင်စကြာဝဠာ ရှိနေပြီး ကောင်းကင်၌လည်း အန္တရာယ်များလှသည်။
“ကျွန်တော်တို့ ကွေ့ပတ်သွားနေရတာလား..” ချူဖုန်း မေးလိုက်သည်။
“ဟုတ်တယ် .. တစ်ချို့နေရာတွေက တိမ်မရှိ၊ မုန်တိုင်းမရှိဘူးလို့ ထင်ရတယ် .. တကယ်တမ်းက အဲဒီလိုနေရာတွေက အန္တရာယ်အများဆုံးပဲ .. ငါတို့ အဲဒီထဲကိုသာ ပျံသွားရင် အပြိုင်စကြာဝဠာထဲ ပျောက်သွားလိမ့်မယ်” လေယာဉ်ဝန်ထမ်းခေါင်းဆောင်မှ ရှင်းပြလာသည်။
ဤလေကြောင်းလမ်းကြောင်းအသစ်ရှာတွေ့ရန်လည်း မလွယ်ကူခဲ့။ အစိုးရသည် မောင်းသူမဲ့ယာဉ်များစွာကို လွှတ်ခဲ့ပြီး လပေါင်းများစွာ၊ အမှားပေါင်းများစွာလုပ်ပြီးမှသာ ယုံကြည်ရသည့် လေယာဉ်ပျံများ ပျံသန်းနိုင်သည့် ဤလမ်းကြောင်းကို ရှာတွေ့ခဲ့ခြင်းပင်။
“ပျံသန်းနေတုန်း အန္တရာယ်အများဆုံးကတော့ သန္ဓေပြောင်းငှက်တွေပဲ .. ဒါပေမဲ့ ငါတို့အဲဒီကောင်အတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ် .. ငါတို့မှာ အစောကြီးကြိုသတိပေးနိုင်တဲ့ ရေဒါတွေရှိတယ် .. အန္တရာယ်များတာတစ်ခုခု ငါတို့နားရောက်လာတာနဲ့ ငါတို့မသိလိုက်ခင်မှာပဲ သူတို့သေသွားလိမ့်မယ်”
ငှက်ဘုရင်မဟုတ်သရွေ့ သူတို့ အန္တရာယ်ကင်းမည်ပင်။
“အဲဒီတော့ လေထဲမှာလည်း အတော်လေး အန္တရာယ်များတာပေါ့..” ချန်လော့ယန် မျက်မှောင်ကြုတ်လိုက်သည်။
“အစ်မယဲ့ .. အန္တရာယ်တွေ ရောက်လာရင် အစ်မ ကျွန်တော်တို့ကို ကာကွယ်ပေးရမယ်နော်..” ချူဖုန်းပြုံး၍ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူများထဲတွင် ပျံသန်းနိုင်သည့်သူမှာ သူမ တစ်ဦးတည်းပင်။
ယဲ့ချင်းယန်သည် နူးညံ့ချိုသာစွာ ပြုံးလိုက်ပြီးနောက် မျက်လုံးမှိတ်ပြလိုက်ကာ “ကိစ္စမရှိဘူး .. အန္တရာယ်ရောက်လာရင် ကျွန်မ ရှင်တို့ကို လေထဲ သယ်သွားပေးမယ်”
“အန္တရာယ်ရောက်လာရင် ကျွန်တော့်အစ်ကိုကြီးက အစ်မယဲ့ ခါးကို ဖက်ပြီးတော့ ကျွန်တော်က အစ်မယဲ့ခြေထောက်ကို ဖက်မှာ .. ကျွန်တော်တို့ ကောင်းကင်ထက်ကို အတူတူ ပျံတက်သွားကြမယ်..” တိဟွိုင်ကျင်း စစနောက်နောက် ပြောလိုက်သည်။
“သွားသေလိုက်လေ..” ယဲ့ချင်းရုန် သူ့ကို လေထဲကန်ထည့်လိုက်သည်နှင့် သူ ဆိုဖာပေါ် ကျသွားသည်။
ညအချိန်တွင်တော့ သူတို့အိပ်ခန်းထဲ ပြန်လာခဲ့လိုက်ကြသည်။ ချူဖုန်း သူ့အခန်းထဲပြန်ရောက်သည်နှင့် နွားဝါလေးကို ဖုန်းခေါ်လိုက်သည်။ သို့သော် သူ စိတ်မအေးသေး။
အခန်းများမှာ တံခါးပိတ်လိုက်လျှင် အသံလုံသွားသော်လည်း အကြားစွမ်းရည်သမား ရှိနေသောကြောင့် ဤကောင် ချောင်းနားထောင်မည်ကို သတိထားနေရသေးသည်။
ဤပြဿနာကို ဖြေရှင်းမှာ လွယ်ကူသည်။
သူ ယုယန်ချင်းတံခါးကို ခေါက်လိုက်ပြီး တံခါးပွင့်လာသည်နှင့် အခန်းထဲ ဝင်လာလိုက်သည်။
“ခေါင်းဆောင် ထိုင်ပါဦး..” ယုယန်ချင်း ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။
ဘန်း..
သို့သော် သူ၏အပြုံးမှာ ချက်ချင်းပင် အေးခဲသွားကာ သူသည် မျက်လုံးလှန်ကာ သတိလစ်လဲကျသွားလေ၏။ ချူဖုန်း သူ့ခန္ဓာကိုယ်ကို ကုတင်ပေါ်လိုက်ပြီး စောင်ခြုံပေးလိုက်သည်။ ခဏနေပြီးနောက်သူ အိပ်ပျော်သွားလေသည်။
သို့သော် သူအိပ်မက်မကောင်း။ အိပ်မက်ထဲတွင် တစ်ယောက်ယောက်မှ သူ့ခေါင်းကို တူနှင့်ထုနေသည်ပင်။
“ကျွတ် ကျွတ် .. အိပ်အိပ် .. အိပ်မက်လှလှမက်ပါစေ..” ချူဖုန်း သူ့အခန်းတံခါးကို ပိတ်ပေးလိုက်ပြီး သူ့အခန်းထဲ တိတ်တိတ်လေး ပြန်လာလိုက်သည်။
ထို့နောက် သူ ချက်ချင်းပင် နွားဝါလေးကို ဗီဒီယိုကောလ် ခေါ်လိုက်သည်။
“နွားဝါလေး .. ငါညဘက် အသက်ရှူလေ့ကျင့်ခန်း လုပ်ရင် အနက်ရောင်မြူတွေက တစ်ဖြည်းဖြည်း ပိုများလာပြီ .. လေ့ကျင့်ခန်းလုပ်ပြီးသွားရင် အရမ်းနေလို့ကောင်းတာပဲ .. တိုးတက်မှုလည်း အရမ်းသိသာတယ် .. ငါ ဒီတစ်ခေါက် နောက်တစ်ဆင့် တက်နိုင်တော့မှာလား..”
နွားဝါလေးသည် ချူဖုန်းကို လက်ခလယ်ထောင်ပြလိုက်ချင်သော်လည်း သူ့ထံ၌ လက်ချောင်းမရှိ။ ထို့ကြောင့် သူ့ ရှေ့ခြေတစ်ဖက်ကိုသာ ထောင်ပြလိုက်တော့သည်။ ချူဖုန်းသည် သူ့ကို တမင်သက်သက် စိတ်ဓာတ်ကျအောင် လုပ်နေသလို သူ ခံစားနေရသည်။
“ငါ သားရဲဘုရင်တစ်ကောင်ကို သွားသတ်မလို့ .. ငါ အောင်မြင်နိုင်မယ်လို့ထင်လား..” ချူဖုန်း မေးလိုက်သည်။
“မင်း သေလမ်းသွားတာပဲ..” နွားဝါလေး တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။
“ငါနဲ့ ဘုရင်တွေကြားမှာ ခွန်အားနဲ့ စွမ်းအားအရဆိုရင် ဘယ်လောက် ကွာဟလဲ..” ဤသည်မှာ ချူဖုန်း အမြဲတမ်း သိချင်နေသည့်အရာပင်။
“အဆင့်တစ်ခုလောက်ကိုကွာတယ်” နွားဝါလေး လေးနက်စွာပင် ပြောလာသည်။
နွားဝါလေး၏စကားကို ချူဖုန်း ချက်ချင်း စိတ်ဝင်စားသွားရသည်။ “အဆင့်တွေက ဘာတွေလဲ .. အဆင့်တွေကို ဘယ်လိုသတ်မှတ်လဲ..” ချူဖုန်း မေးလိုက်သည်။ သူ တိကျသည့်အဖြေလိုချင်သည်။
သူသည် လွန်ခဲ့သည့် တစ်လ၊ နှစ်လလောက်ကတည်းက အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်နေခြင်းပင်။ သူ့ ခွန်အား၊ စွမ်းအား၊ စွမ်းရည်နှင့် လျင်မြန်မှုများမှာ မည်သည့်အဆင့်သို့ ရောက်နေပြီကို သူသိချင်သည်။
နွားဝါလေးသည် တွန့်ဆုတ်နေသော်လည်း အဆုံး၌ သူ့ကို ပြောပြလာသည်။ သူ ဤသို့ပြောပြခြင်းမှာ ချူဖုန်း အလောတကြီးလုပ်ပြီး အန္တရာယ်များမည်စိုးသောကြောင့်ပင်။ သူ့အဆင့်နှင့် သားရဲဘုရင်များကို ရန်ရှာခြင်းမှာ သေလမ်းရှာသည်နှင့်အတူတူပင်။
နိုးထခြင်း၊ ဖိနှိပ်ခြင်း၊ လွတ်လပ်ခြင်း .. ဤသည်မှာ နွားဝါလေး ရိုက်ပြလာသည့် အဆင့်သုံးဆင့်ပင်။
ချူဖုန်း ဤသုံးဆင့်အကြောင်းကို အသေးစိတ်မေးလိုက်သည်။
“နိုးထခြင်းဆိုတာက သူ့နာမည်အတိုင်းပဲ အခုမှ စတင်ပြောင်းလဲလာတဲပ့သူတွေ .. မင်း မြင်နေရတဲ့သန္ဓေပြောင်းတွေက နိုးထလာတဲ့လူတွေ .. သူတို့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့မော်လီကျူးတွေက အခုမှ နိုးထလာပြီးတော့ သူတို့ရဲ့ အထူးစွမ်းရည်တွေကို ဖြည်ချပေးလာတာ” နွားဝါလေး၏စကားလုံးများမှာ ရိုးရှင်းကာ နားလည်လွယ်သည်။
“တစ်နေ့ကျရင် မင်းခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ထမ်းပိုးတွေနဲ့ ဖိနှိပ်ထားသလို ခံစားရလိမ့်မယ် .. မင်း ဒီအဆင့်ကိုရောက်မှ သားရဲဘုရင်တွေကို သတ်နိုင်မှာ .. တိုင်းဟန်တောင်က မြွေဖြူ၊ စုန့်တောင်က လူဝံကြီးနဲ့ အဲ့မင်တောင်က ကြိုးကြာတွေက ဒီအဆင့်ကို ရောက်သွားပြီ” နွားဝါလေး ပြောလိုက်သည်။
“လွတ်လပ်ခြင်း.. ဒီအဆင့်ကိုတော့ ဘယ်သူမှ မရောက်သေးဘူး .. ဒါက အမြင့်ဆုံးအဆင့်ဖြစ်သလို ကြောက်စရာလည်း အကောင်းဆုံးပဲ .. ဘယ်သူမှ ဒီအဆင့်ကို မရောက်နိုင်ဘူး..”
“နောက်ဆုံးအဆင့်ကို သေချာပြန်ရှင်းပြဦး” ချူဖုန်း အသေးစိတ် သိချင်သည်။
“အရိုးရှင်းဆုံး ရှင်းပြရရင် ထမ်းပိုးတွေ၊ အချုပ်အနှောင်တွေကို ဖယ်ရှားပြီးတော့ ဒီလောကကြီးမှာ လွတ်လွတ်လပ်လပ်နေတာပဲ .. ဒါပေမဲ့ မင်းပိုပြီးနားလည်ချင်ရင် ချွမ်းကျူရေးတဲ့ ‘အတိလွတ်လပ်ခြင်း၌ ပျော်မွေ့ခြင်း’ကို ဖတ်ကြည့်လိုက်..” နွားဝါလေး ရေးပြလာသည်။
ချူဖုန်း အနည်းငယ် ဆွံ့အသွားရသည်။ ဒီတတိယအဆင့်ကို နားလည်ဖို့အတွက် ရှေးဟောင်းစာအုပ်ကိုတောင် ပြန်ဖတ်ရမှာလား.. တကယ်ကြီးလား..
“ဒါက စာအုပ်ကောင်းတစ်အုပ် .. သူက စိတ်နဲ့ဝိညာဉ်ရဲ့ စွမ်းအားကို ရေးပြထားပြီးတော့ တာအိုရဲ့အခြေခံအကျဆုံးအချက်တွေတောင် ပါသေးတယ် .. မင်းဖတ်သင့်တယ်” ထို့နောက် နွားဝါလေးသည် ချူဖုန်းကို စာအုပ်မျာ်မဖတ်သည့်အတွက် ရှုံ့ချလာပြီး သူ လူသားပင်မဖြစ်ထိုက်ဟု ပြစ်တင်ဝေဖန်လာလေသည်။ “မင်း ဘယ်လိုလုပ် ဒီလိုလက်ရာကောင်းမျိုးကို မဖတ်ဖူးရတာလဲ .. မင်း အားလပ်ချိန်တွေမှာ ဘာလုပ်နေတာလဲ..”
ချူဖုန်း ရှက်ဒေါသထွက်လာသည်။ နွားပေါက်လေးထံမှ လှောင်ပြောင်ခံရခြင်းမှာ သူ သည်းမခံနိုင်ဆုံးသောအရာပင်။ “မင်း သည်းမခံနိုင်လဲ ဘာလုပ်လို့ရမှာလဲ..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။
“ငါ ‘အတိလွတ်လပ်ခြင်း၌ ပျော်မွေ့ခြင်း’ စာအုပ်ကို ဖတ်ပြီးသွားပြီ .. ဒါပေမဲ့ အဲဒီမှာ ‘စိတ်နှင့်ဝိညာဉ်စွမ်းအင်’ ရော ‘တာအိုအခြေခံ’ရော ဘာမှမရှိဘူး .. မင်းအပိုတွေ လျှောက်ပြောမနေနဲ့..” ချူဖုန်း ပြောလိုက်သည်။
နွားပေါက်လေးသည် ချက်ချင်းပင် ထိုစာအုပ်ထဲမှ စာတစ်ကြောင်းကို ရေးပြလာသည်။
“လူတစ်ယောက်က စကြာဝဠာကြီးရဲ့ သဘာဝကို လိုက်နာနိုင်ပြီး ရာသီဥတုခြောက်မျိုးရဲ့ ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ပြီ သူ လောကကြီးမှာ လွတ်လွတ်လပ်လပ်သွားလို့ရပြီ .. သူ့ကို တားဆီးထားတဲ့ အချုပ်အနှောင် ရှိမှာမဟုတ်တော့ဘူး”
ချူဖုန်း နွားဝါကို ထပ်ရှင်းပြခိုင်းလိုက်သည်။
နွားဝါသည် ခေါင်းခါကာ “မင်းက မျှော်လင့်ချက်ကို မရှိတော့ဘူး” နောက်ဆုံးတွင်တော့ နွားဝါလေး အရိုးရှင်းဆုံးစကားလုံးများဖြင့် ရှင်းပြလာသည်။ “ဒီစာကြောင်းက ‘လွတ်လပ်ခြင်း’ရဲ့ အနှစ်သာရကို ရှင်းပြတာ .. မင်းသာ အချုပ်အနှောင်တွေက လွတ်သွားရင် ဒီလောကကြီးမှာ မင်းဘာကိုမှ အားကိုးမှီခိုနေစရာ မလိုတော့ဘူး .. မင်းကို တားနိုင်မယ့်အရာလည်း မရှိတော့ဘူး .. အဲဒါဆိုရင် မင်း ဒီလောကကြီးမှာ လွတ်လွတ်လပ်လပ်လျှောက်သွားလို့ရပြီ”
“မင်း ဘယ်အချိန်ပြန်လာမှာလဲ နွားဝါလေး..” ချူဖုန်း သူ၏ လက်ဝှေ့ပညာများကို နွားဝါလေးနှင့် စမ်းကြည့်ချင်လှလေပြီ။
“ငါအခု ခွန်းလွန်တောင်ကို မနေ့ကမှ ရောက်တာ .. အဝေးကနေ ရှားပါးသစ်ပင်တွေ အများကြီးကို မြင်လိုက်ရပေမယ့် တောင်တိုင်းလိုလိုကို သားရဲတွေ ယူပြီးသွားပြီ .. ငါ တောင်တစ်လုံးကို သိမ်းနိုင်ပြီးရင် မင်းဆီပြန်လာဖို့ကို စဉ်းစားပေးမယ်”
“ဒါပေမဲ့ ငါထင်နေတာတော့ ငါ့အဆင့်ကာ သာမန်’နှိုးထ’ သန္ဓေပြောင်းလူတွေထက်တော့ သာတယ်မလား.. ငါ အဲဒီသားရဲဘုရင်တွေနဲ့ တိုက်ဖို့ မထိုက်တန်ဘူးလား..” ချူဖုန်း ထပ်မေးလိုက်သည်။
သူ့အတွက်တော့ ဤအဆင့်သတ်မှတ်ချက်များမှာ ယေဘုယျကျလွန်းလှသည်။
“‘နှိုးထခြင်း’ ဆိုတာက ဒီအဆင့်အတွက် ယေဘုယျသုံးတဲ့စာလုံး .. ပိုပြီးအတိအကျပြောရမယ်ဆိုရင် ငါတို့ တရုတ်ကျားကွက်အဆင့်သတ်မှတ်ချက်တွေကို သုံးလို့ရတယ် .. မင်းက အဆင့် ရှစ်၊ ဒါမှမဟုတ် ကိုးလောက်ရှိပြီလို့ ငါထင်တယ်”
ဤစကားများကြားလိုက်ရသည့်အချိန်တွင် ချူဖုန်းပို၍ ယုံကြည်ချက် ရှိသွားသည်။ သူသည် သားရဲဘုရင်များရောက်နေသည့်အဆင့်သို့ ရောက်ရန်သိပ်မလိုတော့။
ပိုပြီး တိသာရန်အတွက် သူ အခြားသန္ဓေပြောင်းလူအချို့နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။
“သာမန်သန္ဓေပြောင်းလူတွေက အဆင့် တစ်၊ နှစ်လောက်ပဲရှိတာ .. ခုန်းဂင်လိုလူမျိုးတောင်မှ အဆင့် ခုနှစ်၊ ရှစ်လောက်ပဲရှိမှာ” နွားဝါလေး ပြောလာသည်။
အဆင့် ခုနှစ်၊ ရှစ်မှာ သန္ဓေပြောင်းလူတစ်ဦး အမြင့်ဆုံးရောက်နိုင်သည့်အဆင့်ပင်။
သို့သော် ခုန်းဂင်လို လူမျိုးအတွက်တော့ သူတို့ တိုးတက်နိုင်သေးသောကြောင့် နောင်ကျလျှင် သူတို့ သားရဲဘုရင်များနှင့် တိုက်ခိုက်နိုင်လာနိုင်သည်။
လက်ရှိတွင်တော့ မြွေဖြူ၊ လူဝံကြီးနှင့် ကြိုးကြာကဲ့သို့သော သားရဲဘုရင်များသာ ‘ဖိနှိပ်ခြင်း’ အဆင့်ရှိနေသည်။
“ငါ့ပစ်မှတ်က မီးခိုးပြာဝံပုလွေ” ချူဖုန်း နွားဝါလေးကို ပြောပြလိုက်သည်။
“ကျောရိုးကျိုးနေပြီး လက်သည်းတွေလည်း ပျက်စီးနေတယ် .. မျက်လုံးတစ်ဖက်လည်း ကန်းနေတယ် .. ဒီလောက်ဒဏ်ရာတွေနဲ့ဆိုတော့ ဝံပုလွေကြီးက သူ့ခွန်အားရဲ့ သုံးပုံပဲ ကျန်တော့တယ်လို့ ပြောလို့ရတယ် .. မင်း စမ်းကြည့်လို့ရတယ်” နွားဝါလေး ပြောလိုက်သည်။
“အရေးအကြီးဆုံးက ဒီဝံပုလွေက အခုမှ ‘ဖိနှိပ်ခြင်း’ အဆင့်ကို ရောက်တာ .. ငါ့အမြင်ပြောရရင်တော့ ဟိုနွားနက်လေးကတောင် သူ့ထက်ပို အင်အားကြီးသေးတယ်”
နွားပေါက်လေး ထိုစာလုံးများကို ရိုက်ပြီးသည်နှင့် သူဖုန်းမျက်နှာပြင်ထက် အရိပ်မည်းကြီး ကျရောက်လာသည်။ ထို့နောက် နွားပေါက်လေးသည် ခွာနက်ကြီးဖြင့် ဘန်းကနဲ ရိုက်ချခံလိုက်ရသည်။
နွားဝါလေးသည် မျက်ဖြူလှန်သွားကာ ချက်ချင်းပင် သတိလစ်သွားလေသည်။
“မင်း မကောင်းတဲ့ကောင် .. အကြီးတွေကို နည်းနည်းပါးပါး လေးစားဦး .. နွားနက်လေးဟုတ်လား .. မင်းငါ့ကို နွားနက်ဦးလေးကြီးလို့ ခေါ်ရမှာ..” နွားနက်ကြီး ဆူပူလိုက်သည်။ ထို့နောက် သူသည် ဗီဒီယိုကောလ်ထဲမှ ချူဖုန်းကို စိုက်ကြည့်လိုက်ကာ “ငါ မင်းကို ပြောမယ်လူငယ်လေး .. မင်း နွားဝါလေးကို မဟုတ်တာတွေ သင်ပေးရဲလဲသင်ပေးကြည့် .. ငါ ရွှမ်းထျန်ထိလာပြီး မင်းကို ရိုက်စုတ်ပစ်မယ်..”
ထို့နောက် သူ ဖုန်းချပစ်လိုက်လေ၏။
ချူဖုန်း စိတ်ပျက်သွားရသည်။ သူ ဘာမှမလုပ်ရသေးသော်လည်း အလကားနေ အဆူခံလိုက်ရသည်။
နောက်တစ်နေ့တွင်တော့ ဘိုးရိမ်းလေယာဉ်ကြီးသည် သူတို့ပစ်မှတ်နှင့် အနီးဆုံးသို့ ရောက်ရှိသွားသည်။
ချူဖုန်းတို့အဖွဲ့မှာ အကောင်းဆုံး ပြင်ဆင်ပြီးသွားလေပြီ။ ထို့နောက် သူတို့ကို ကုန်းပြင်မြင့်အတွင်းပိုင်းတစ်နေရာ၌ ချလိုက်ကြသည်။
“နျူးကလီးယား သတ္တိကြွတွေက သန္ဓေပြောင်းလူတွေအတွက်တော့ ပြဿနာမဖြစ်လောက်ဘူး .. ဒါပေမဲ့ လုံခြုံဖို့အတွက် အကာအကွယ်ဝတ်စုံ ဝတ်ဖို့ အကြံပေးချင်တယ်”
မြေပြင်မှာ ခြောက်ကပ်လောင်ကျွမ်းနေသည်။ နျူးကလီးယားကြောင့် သစ်ပင်တစ်ပင်မှ မရှိတော့။ ကုန်းပြင်မြင့်အပြင်ဘက်မှ ရှေးတောင်များမှာ သေမင်းနယ်မြေကဲ့သို့ဖြစ်နေသည်။
ချူဖုန်းတို့အုပ်စု သေမင်းနယ်မြေထဲသို့ ရောက်လာပြီဖြစ်သည်။ သူတို့မစ်ရှင် စတင်လေပြီ။
အပိုင်း ၁၀၁ ပြီး၏။