ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၀၀ – အရေးအခင်းကြီး ဆက်လက်ဖြစ်ပွားခြင်း
သူ အိမ်ပြန်ရောက်သည့်အချိန်တွင် ဝမ်ကျင်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ချက်ချင်းပင် ထလာပြီး “ဘယ်လိုလဲ..” အပြုံးများ ပြည့်နှက်နေသည့်မျက်နှာဖြင့် မေးလာသည်။
“အံ့ဩဖို့ကောင်းတဲ့ တွေ့ဆုံမှုတစ်ခု၊ ရှုပ်ထွေးတဲ့အခြေအနေတွေနောက်မှာ ထိန်းချုပ်လို့မရနိုင်တဲ့အဖြစ်အပျက်တွေ ဖြစ်သွားခဲ့ပြီးတော့ စိတ်ကျေနပ်စရာကောင်းလောက်တဲ့ အဆုံးသတ်ရခဲ့တယ်” ချူဖုန်း အဆင်ပြေပြေ ရှင်းပြလိုက်သည်။
“လူစကားပြောစမ်း..” ဝမ်ကျင်း သူ့ကို စိုက်ကြည့်လိုက်သည်။
ချူဖုန်း ဝမ်းနည်းသည့်အကြည့်ဖြင့် ကြည့်လိုက်ကာ “မိန်းကလေးက မဆိုးပါဘူး .. သူက တကယ်ကိုလှတယ် .. ဒါပေမဲ့ ကျွန်တော်တို့အကြိုက်တွေက နည်းနည်းတော့ ကွဲနေတယ် .. သူ ကျွန်တော့်ကို မုန်းနေမှာ စိုးတယ်”
“ဘယ်လိုလုပ် ဒီလောက်တောင် ဖြစ်သွားတာလဲ.. နင် သူ့ကိုလှည့်စားခဲ့တာလဲ .. နင် မကောင်းတာတစ်ခုခု မလုပ်ခဲ့ရင် ပိုကောင်းလိမ့်မယ်နော်..” ဝမ်ကျင်း ပြောလိုက်သည်။
“မလုပ်ပါဘူး .. ကျွန်တော်က ဘယ်လိုလုပ် ဒီလိုမျိုးအပြစ်ကင်းတဲ့မိန်းမပျိုလေးကို အနိုင်ကျင့်နိုင်တဲ့ နှလုံးသားရှိမှာလဲ.. အိုကေ အခုတော့ ဘလိုင်းဒိတ်ကိစ္စကို ခဏထားလိုက်ဦး .. ကျွန်တော် ဗိုက်ဆာနေပြီ .. ကျွန်တော် ဗိုက်ပြည့်အောင်စားပြီး တစ်ရေးအိပ်လိုက်ဦးမယ်..” ချူဖုန်း မီးဖိုချောင်ထဲ မြန်မြန်ပြေးသွားလိုက်သည်။
“ငါ့ကို အသေးစိတ်ပြောပြစမ်းပါ .. ဘာအခြေအနေတွေ ရှိခဲ့တာလဲ .. မင်း မိန်းကလေးကို ကျေနပ်လား မကျေနပ်ဘူးလား .. ခဏ .. နင် စားသောက်ဆိုင်မှာ မစားခဲ့ဘူးလား..” ဝမ်ကျင်း သူ့နောက် လိုက်လာပြီး အားလုံးကို ရှင်းလင်းအောင် လုပ်နေလေသည်။
ချူဖုန်းသည် တတ်နိုင်သမျှ မြန်မြန်စားလိုက်ကာ “အမေ .. အမေ စိတ်မပူနဲ့တော့ .. သူက ထွန်းတောက်လာမယ့်ကြယ်တစ်ပွင့် .. မကြာခင် နာမည်ကြီးလာတော့မှာ .. ကျွန်တော်တို့ကြား အကြီးကြီး ကွာဟနေတယ်”
သူ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသောကြောင့် ဝတ်ကျေတန်းကြေ ရှင်းပြပြီးသည်နှင့် သူ့အခန်းထဲ ပြေးဝင်လာခဲ့လိုက်ကာ အိပ်ပျော်ချင် ယောင်ဆောင်နေလိုက်သည်။
“ဒါက ဘာအခြေအနေကြီးလဲ .. အဲဒီမိန်းကလေးက သူနာမည်ကြီးတော့မယ်ဆိုတာနဲ့ပဲ ငါ့သားကို အထင်သေးလိုက်တာလား.. ဟာသပဲ..” ချူဖုန်း မှားယွင်းဆက်ဆံခံလိုက်ရသည်ဟု ထင်ကာ ဝမ်ကျင်း မကျေမနပ်ဖြစ်သွားသည်။
“မဖြစ်သေးဘူး .. ငါ့သူငယ်ချင်းကောင်းကို ဖုန်းဆက်ပြီး ဒီအကြောင်း မေးရမယ် .. သူ့တူမရဲ့ သတ်မှတ်ချက်တွေက အရမ်းကို မြင့်လွန်းနေပြီးတော့ ငါတို့ဖုန်းလေးကို သူ့ထက်နိမ့်ကျတဲ့သူလို့ ထင်နေတာ”
အခန်းထဲမှ ချူဖုန်းနားထောင်မတ်သွားရ၏။ သူ အားလုံး ကြားလိုက်သည်ပင်။ သူ တံခါးမြန်မြန်ဖွင့်ပြီး အော်ဟစ်လိုက်သည်။ “အမေ .. ဒီကိစ္စကို ဒီတိုင်းထားလိုက်တော့..”
သို့သော် နာရီဝက်ကြာပြီးသည့်နောက်တွင် ဝမ်ကျင်း တစ်ဖက်လူကို ခေါ်လိုက်ဆဲပင်။
“ဘာ .. နင့်တူမက ပြန်လာကတည်းက နင့်ကို အဖက်မလုပ်ဘူးဟုတ်လား .. ဒါပေမဲ့ ငါတို့ချူဖုန်း ပြောတာတော့ နင့်တူမက တောက်ပတော့မယ့် ကြယ်ပွင့်တစ်ပွင့်ဖြစ်လို့ သူတို့ အဆင့်အတန်းမတူဘူးဆို”
“အာ .. နင့်တူမက ဖုန်းလေးကို နှာဗူးလို့ ပြောတာလား .. မဖြစ်နိုင်တာ .. ငါ့ကလေးအကြောင်းကို ငါ ကောင်းကောင်းသိတာပေါ့ .. မဖြစ်နိုင်ဘူး..”
“ခဏ .. ဒါက ကျန်းလော့ရှန်းနဲ့ ဘာဆိုင်လို့လဲ .. သူနဲ့ သတင်းခေါင်းစည်းမှာ ပါလာမှာ ဟုတ်လား .. မဟုတ်ဘူး .. ငါတို့ဖုန်းလေးက သူ့ကိုယ်သူ နာမည်ကြီးအောင်လုပ်ဖို့ ဒီလိုလုပ်ဖို့မလိုဘူး”
“ဘာ .. အဲဒီလိုမဟုတ်ဘူးလား .. ဘုရားရေ .. ဘာတွေဖြစ်နေတာလဲ .. နင် ဒီသတင်းဇစ်မြစ်ကို သိအောင် လိုက်ရမယ်..”
သူ့အမေနှင့် ရှားချန်းယု အဒေါ်တို့ ပြောနေသည့်စကားများကို နားထောင်ပြီးသည်နှင့် သူ အိမ်၌ ဆက်နေ၍မရတော့ကြောင်း သူသိလိုက်သည်။ သူသည် အိပ်ရာထဲမှ မြန်မြန်ထကာ ထွက်ပြေးလာခဲ့လိုက်သည်။
“ကျောက်စိမ်းဂူကျောင်းကိုသွားပြီ..”
တကယ်ပင်။ သူ ထွက်လာပြီး မကြာမီ ဝမ်ကျင်း သူ့ကို ဖုန်းဆက်လာသည်။ ပထမတစ်ခေါက်ကို သူ မကိုင်ရဲ။ သို့သော် ၂ ခါ၊ ၃ ခါ ဆက်တိုက် ဆက်ပြီးသည့်အချိန်တွင်တော့ သူ မကိုင်ပဲမနေရဲတော့။
ချူဖုန်း ဖုန်းကိုင်လိုက်ပြီး အရင် အလောတကြီး ပြောလိုက်သည်။ “အမေ .. ကျွန်တော်ပြောမယ် .. ကျွန်တော်အခု ကျောက်စိမ်းဂူကျောင်းမှာ သိုင်းပညာတွေ သီးသန့်ကျင့်ကြံနေတာ .. ဘာကိစ္စပဲရှိရှိ ကျွန်တော့်ကို မနှောက်ယှက်ပါနဲ့ .. မဟုတ်ရင် ကျွန်တော့်ရဲ့ချီတွေ ဖောက်လွဲဖောက်ပြန်ဖြစ်သွားလိမ့်မယ် .. ပြီးတော့ ကျွန်တော် ရက်နည်းနည်းလောက်ထိ အိမ်ပြန်လာဦးမှာမဟုတ်ဘူး .. ကျွန်တော် ရှေးဟောင်းနတ်ပညာတစ်ခုမှာ အဆင့်တက်ဖို့ လိုနေလို့”
ထိုသို့ပြောပြီးသည်နှင့် ဖုန်းချကာ ဖုန်းကို အသံပိတ်ထားလိုက်တော့သည်။ ဘယ်သူ ဆက်လာလာ သူ မကိုင်တော့ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ကျင်း တစ်ခဏခန့် ထိတ်လန့်သွားရသည်။ ဘာကို ချီဖောက်လွဲဖောက်ပြန်ဖြစ်တာလဲ .. သန္ဓေပြောင်းလူများ လေ့ကျင့်သည့် လက်ဝှေ့ပညာမှာ ဝတ္ထုများထဲ၌ ရေးထားသည့် အတိုင်းမဟုတ်ကြောင်း သူမ အစောကြီးတကည်းက သိပြီးသားပင်။
“ကောင်စုတ်လေး .. နင် စောင့်နေလိုက်ပါ..”
…
အခြားတစ်နေရာတွင်တော့ ရှားချန်းယုမှာ စိတ်တိုဒေါသထွက်နေရသည်။ ဤနှာဗူးကောင်သည် သူ့အမေကို သူမက တောက်ပတော့မည့်ကြယ်ပွင့်ဖြစ်သောကြောင့် သူမ မျှော်လင့်ချက်များအလွန်ကြီးမားသည်ဟုပင် ပြောသေးသည်။ တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။
“လော့ရှန်း .. အဲဒီကောင်က တော်တော်ဆိုးတာပဲ .. သူက လူကိုပြန်ဟစ်တဲ့သူခိုး .. သူက အိမ်ပြန်ရောက်တော့ .. ဘာ .. ရှုပ်ထွေးတဲ့အခြေအနေ၊ မထိန်းချုပ်လိုက်နိုင်တဲ့အဖြစ်အပျက်တွေလို့ နှစ်ပေါက်တစ်ပေါက် လာရိုက်သေးတယ် .. အားလုံးက သူ့အပြစ်တွေကြောင့်ကို သူက မသိသလို လာလုပ်နေသေးတယ် .. ဒါနဲ့ သူ နေတာက..”
“လော့ရှန်း .. လူတစ်ယောက်ယောက် လွှတ်ပြီးတော့ သူ့ကို မြန်မြန်စုံစမ်းခိုင်းလိုက် .. သူ့ကို တတ်နိုင်သမျှမြန်မြန် သင်ခန်းစာ ပေးရအောင် .. ငါတို့ ဒေါသကို ဖောက်ခွဲထုတ်ပစ်ဖို့လိုတယ်”
ရှားချန်းယု လော့ရှန်းကို သူမအဒေါ်ထံမှ သိရသည့်သတင်းများကို ပြောပြလိုက်သည်။ သို့သော် သူမ ပြောလိုက်သည့်လိပ်စာမှာ ချူဖုန်း၏ လိပ်စာအဟောင်းပင်။ သူတို့ ပြောင်းသွားကြောင်း သူမ မသိသေး။
ဤအဖြစ်အပျက်မှာ သူမစိတ်ထဲ အရိပ်မည်းကြီးဖြစ်သွားပြီး နောက်တစ်ခေါက် ဘယ်တော့မှ ဘလိုင်းဒိတ်သွားမတွေ့တော့ဟု သူမ ဆုံးဖြတ်လိုက်သည်။
ညအချိန် ရွှမ်းထျန် လမ်းမထက်တွင်..
“ညနေခင်းသတင်းစာတွေ .. ညနေခင်းသတင်းစာတွေ .. သတင်းထူးကြီးပါတယ်နော် .. နတ်ဘုရားမရဲ့ သတင်းပါတယ်..”
လမ်းသွားလမ်းလာများ သူ့ကို စိုက်ကြ”ည့်လိုက်သည်။ ဒီခေတ်မှာတောင် သတင်းစာကို ဒီလိုမျိုးရောင်းတဲ့သူ ရှိတာလား..
“မင်းတို့မသိသေးဘူးမလား .. ကျန်းလော့ရှန်းက ထူးဆန်းတဲ့ယောက်ျားတစ်ယောက်နဲ့ ဒိတ်လုပ်နေတာ .. ဒီလိုသတင်းမျိုးကို ဒီညနေသတင်းစာမှာပဲ တွေ့နိုင်တာ”
ရုတ်တရက် လမ်းမထက်၌ ဆူပူလာသည်။
ကျန်းလော့ရှန်းသည် ယခုအချိန်ထိ မည်သည့်သတင်းမှ မထွက်ဖူး။ ယခုတော့ သူမ ဒိတ်နေသည့်အချိန်ကို မိသွားလေပြီ။
“အင်တာနက်ပေါ်မှာ ဒီသတင်းအကြောင်းက နည်းနည်းပါးပါးပဲ ရှိမှာ .. ဓာတ်ပုံတွေ တင်လိုက်တာနဲ့ ချက်ချင်း ဖျက်ခံရတာ .. ဒီညနေသတင်းစာကပဲ ဒီလိုမျိုးသတင်းကို ခေါင်းစည်းသတင်းအနေနဲ့ ထုတ်ရဲတာ..” သတင်းစာရောင်းသည့်ကောင်လေး အော်ဟစ်လိုက်သည်။
ဤကဲ့သို့ ကြေငြာခြင်းမှာ အလုပ်ဖြစ်သည်ပင်။ မကြာခင် ဤနေရာသို့ လူဝိုင်းလာသည်။
“ဘယ်သတင်းစာကများ ဒီလိုမျိုးထုတ်ရဲတာလဲ .. ဪ .. သစ္စာအရှိဆုံး သတင်းစာတိုက်လို့ ကြွေးကြော်နေတဲ့ ‘ဝမ်ဒယ် ညခင်းသတင်းစာ’ကိုး ..သူတို့တွေက ဖျောဖြေရေးလောကက နာမည်ကြီးလူတွေရဲ့ မဟုတ်မမှန်သတင်းတွေပဲ အမြဲတမ်းရေးနေတာ .. သိက္ခာကို မရှိဘူး..”
“ဟုတ်တယ် .. ငါ မှတ်မိပါသေးတယ် .. အရင်တစ်ခေါက်တုန်းက သူတို့တွေ ကျန်းလော့ရှန်းနဲ့ပတ်သက်တဲ့ သတင်းသုံးပုဒ်တောင် ထုတ်ခဲ့တာ .. သတင်းခေါင်းစဉ်ကိုတောင် ငါမှတ်မိသေးတယ် .. ဘာတဲ့ .. ‘ကျန်းလော့ရှန်းနှင့် နွားနတ်ဘုရားကြားမှ သုံးရက်နှင့်နှစ်ညတာ’တဲ့”
“ဟုတ်တယ် .. အခုတစ်ခေါက်လည်း ကျန်းလော့ရှန်းအကြောင်းပဲ .. သတင်းခေါင်းစဉ်က ‘ကျန်းလော့ရှန်းနဲ့ နွားနတ်ဘုရားကြားက ရေစက်’တဲ့ .. သူက အဲဒီထူးဆန်းတဲ့လူက နွားနတ်ဘုရားဖြစ်လိမ့်မယ်လို့ ပြောထားတာ”
…
ဤသည်မှာ စက်ဆုပ်စရာကောင်းသည်ဟု လူအုပ်ကြီး ခံစားလိုက်ရသည်။
သတင်းစာရောင်းသည့် ကောင်လေးပင် အနည်းငယ် ရှက်သွားရသည်။ ဤသတင်းစာသည် ကောလဟာလများကို အခြေခံကာ မဟုတ်တမ်းတရားများကို ရေးကြောင်း သူသိသည်။
“ငါမှတ်မိပါသေးတယ် .. တစ်ခေါက်တုန်းက ဝမ်ဒယ်သတင်းစာက တိုင်ဟန်းတောင်က မြွေဖြူနဲ့ စုန့်တောင်က လူဝံအိုကြီးအကြောင်းကိုတောင် ဇာတ်လမ်းတစ်ပုဒ် ထွင်လိုက်သေးသည်။ တာဝန်ရှိတဲ့သူတွေက သူတို့ကို သတိထားမိသွားပြီး သူတို့ သတင်းစာတိုက် ပိတ်ရမလိုတောင် ဖြစ်သွားတာလေ”
“သွားကြစို့ .. ဒီလိုသတင်းစာမျိုးက ယုံကြည်လို့မရဘူး”
ဝမ်ဒယ်သတင်းစာတိုက်၏ ရုံးချုပ်တွင် အယ်ဒီတာချုပ်မှာ သွေးအန်လုမတတ်ကို ဒေါသထွက်နေလေပြီ။ သူ သတင်းထူးကြီးတစ်ခုကို တွေ့ခဲ့သော်လည်း မည်သူမှ မယုံကြည်ကြ။
ဤသတင်းကိုယုံသည့် လူအချို့လည်း ရှိသည်ပင်။ ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်သည့်သူများ တကယ်ရှိခဲ့သည်။ ဓာတ်ပုံများကို ချက်ချင်းပြန်ဖျက်လိုက်သော်လည်း အချို့လူများမှာ သိမ်းထားလိုက်နိုင်သည်ပင်။
“ဘုရားရေ .. ဒါက တကယ်ကို ကျန်းလော့ရှန်းပဲ … ဒီကောင်က ဘယ်သူလဲ .. ငါ သူ့ကို သတ်ရမယ်..”
…
ကျိုးရိထျန်းမှာ ရယ်မောနေသည်ကို မရပ်တန့်နိုင်တော့။ ဓာတ်ပုံများ အင်တာနက်ပေါ် တက်လာသည်နှင့် သူ ချက်ချင်းသိမ်းထားလိုက်သည်။
“ငါ့ရုပ်ရှင် စပြတဲ့အချိန်ထိစောင့် .. ဒါက ငါ့ရဲ့ ဝှက်ဖဲဖြစ်လာမှာ .. အခုတော့ ခဏထားထားလိုက်ဦး .. အချိန်ကျလာရင် ငါအားလုံးကို ဖော်ထုတ်ပစ်မယ် .. ဟား ဟား..”
ထို့နောက် သူသည် ဤအခြေအနေကို အတည်ပြုရန်အတွက် အကြားအမြင်နှစ်ယောက်ကို သွားမေးလိုက်သည်။
“ဒါရိုက်တာ .. ကျွန်တော့်ကို ရှာနေတာလား .. ဟုတ်သားပဲ .. ဟိုမတော်တဆမှုအကြောင်း ဖြစ်ရမယ် .. အဲဒီမှာ ကျွန်တော်လည်းရှိတယ်” ယုယန်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “နတ်ဘုရားမကို ကျွန်တော်တို့ ဘော့စ်ဖမ်းထားတဲ့ပုံကိုတောင် ကျွန်တော်ရိုက်ခဲ့သေးတယ် .. ကျွန်တော်သာ အဲဒီပုံတင်လိုက်လို့ကတော့ ရက်ချ်တာစကေး ၁၂ လောက်ရှိတဲ့ ငလျင်ကြီး လှုပ်သွားလိမ့်မယ် .. ဒါပေမဲ့ ကျွန်တော် မတင်ရဲဘူး .. ဘော့စ် ကျွန်တော့်ကို သတ်မှာကြောက်တယ်”
“ငါ့ကို အဲဒီပုံပေးလိုက် .. မင်း မတင်နဲ့ဦးနော် .. ငါတို့ အချိန်ကောင်းကို စောင့်ရမယ်” ကျိုးရိထျန်း အကြားအာရုံကောင်ထံမှ ဓာတ်ပုံယူလိုက်ပြီး သူ့ကို သတိပေးလိုက်သည်။ ထိုဓာတ်ပုံကို မြင်လိုက်သည်နှင့် သူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် သတိလစ်မတတ် ဖြစ်သွားသည်။
စဉ်းစားကြည့်မည်ဆိုလျှင် သူ့လက်ထဲ၌ ဝှက်ဖဲအတော်များများ ရှိနေပြီဖြစ်သည်။ သူသာ ဤပုံများကို ဆက်တိုက်တင်လိုက်ပါက လောကကြီးမှာ ဆူနာမီကြီး တိုက်ခတ်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
“ဗာဂျာက ဝက်ကိုစီးတယ် .. နတ်ဘုရားမက ချူဖုန်းကိုဒိတ်တယ်..” သူသည် ဘယ်လိုစာစီရမည်ကိုပင် စဉ်းစားနေလေပြီ။
…
ကျန်းလော့ရှန်းကတော့ ခေါင်းကိုက်နေရလေပြီ။ ဓာတ်ပုံများကို ပေါ်လာသည်နှင့် ဓာတ်ပုံတင်သည့်သူများနှင့် ညှိနှိုင်းကာ ချက်ချင်းဖျက်ပစ်ခဲ့သော်လည်း ဖြစ်လာမည့်ပြဿနာများစွာ ရှိနေဆဲပင်။
တစ်ချိန်တည်းမှာပင် သူ ဝမ်ဒယ်သတင်းစာတိုက်ကို ဗုံးခွဲပစ်ချင်မိသည်အထိပင်။ သူမ ထူးဆန်းသည့်အမျိုးသားတစ်ဦးနှင့် ဒိတ်သည်ဟု ရေးထားရုံသာမက သူမတို့ကြား တစ်ခုခုဖြစ်ခဲ့သကဲ့သို့ပင် ရေးထားသေးသည်။
သို့သော် ကံကောင်းစွာဖြင့် ဤသတင်းစာမှာ လူထုကြား နာမည်ပျက်ပြီးသားဖြစ်သောကြောင့် မည်သူမှ သိပ်မယုံကြ။
“ချူဖုန်း၊ အမျိုးသား၊ အရပ်-၁၇၉ စင်တီမီတာ၊ လူလွတ်၊ တိုင်းဟန်တောင်၊ ချင်းရန်ရွာတွင်မွေးဖွား..”
ဘောဓိအုပ်စု၏ သတင်းစုဆောင်းနိုင်စွမ်းမှာ အတော်လေး မြင့်မားလှသည်။ ချူဖုန်း၏ ကိုယ်ရေးအချက်အလက်များမှာ ကျန်းလော့ရှန်းထံသို့ မြန်မြန်ဆန်ဆန်ပင် ရောက်လာသည်။
“အမ်.. သူက တက္ကသိုလ်က ဘွဲ့ရထားတာ မကြာသေးဘူးပဲ .. ဒီကျောင်းက တော်တော်လေး နာမည်ကြီးတဲ့ကျောင်းပဲ .. လင်းနွိုင်လည်း ဒီကျောင်းရဲ့ ကျောင်းသားဟောင်းပဲဆိုတာ ငါမှတ်မိတယ်” ကျန်းလော့ရှန်း စာရွက်များကို ဖြေးညှင်းစွာ လှန်လှောလိုက်သည်။
ကျောက်စိမ်းဂူဘုရားကျောင်းထဲတွင်..
ချူဖုန်း ဤနေရာ၌ နေနေသည်မှာ အတော်လေး ကြာနေပြီဖြစ်သည်။ ယနေ့ညလည်း ဤနေရာ၌အိပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ ထိုလက်သီးစနစ်များကို မှတ်မိအောင် လုပ်နေခဲ့သည်ပင်။ ချန်းဟိုင်၏စာအုပ်နှင့်ယှဉ်လျှင် သိပ်ကွာခြားမှုမရှိ။ ချန်းဟိုင်၏စာအုပ်တွင် ၁၂ မျိုးလုံး မပါရုံသာ။
ဤသည်မှာ လက်ဆင့်ကမ်း၍မရသည့် လျှို့ဝှက်ပညာပင်။
ချန်းဟိုင်သည် ကျား၊ နဂါးနှင့် ဝက်ဝံပုံစံများကို အသုံးပြုနိုင်သော်လည်း သူအသုံးပြုသည့်ပညာများမှာ အစစ်ဟုတ်မဟုတ် မသေချာ။
ကျောက်စိမ်းဂူကျောင်းမှ စာအုပ်ထဲတွင်တော့ မြွေ၊ ဝက်ဝံနှင့် သိမ်းငှက်ပုံစံများပါ ပါရှိပြီး အားလုံးကို သူ ခေါင်းထဲစွဲနေအောင် လုပ်ပြီးသွားပြီဖြစ်သည်။
သူသည် ဤသည်ကိုသာ ထပ်ခါထပ်ခါ လေ့ကျင့်နေခဲ့သောကြောင့် သူအတော်လေး တိုးတက်လာနေလေပြီ။ သူ့လက်သီးချက်များတွင် လေသံ၊ မိုးကြိုးပစ်သံများနှင့် တစ်ခါတစ်ရံ သိမ်းငှက်သံများပါ ထွက်ပေါ်လာပြီဖြစ်သည်။
သူ သိမ်းငှက်ပုံစံကို အောင်မြင်သွားလေပြီ။
သိထားရမည်မှာ ဤပုံစံ ၁၂ ခုသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဤပုံစံများကို အောင်မြင်စွာ သင်ယူနိုင်သည့်သူများမှာ နည်းပါးလှသည်။ အချို့ အသက်ကြီးသည့် ကျွမ်းကျင်သူများပင် ၁ မျိုး၊ ၂ မျိုးသာတတ်သည်။
ပုံစံတစ်ခုကို တစ်ဘဝလုံးစာ အသုံးပြု၍ ရသည်ဟု ပြောကြသည်ပင်။
၁၂ မျိုးလုံးကိုသာ သင်ယူနိုင်လျှင် ထူးခြားသည့်ဂျီးနီးယပ်စ်ဟု သတ်မှတ်၍ရပြီဖြစ်သည်။
အထူးသဖြင့် ယခုခေတ်ကဲ့သို့ သန္ဓေပြောင်းအသီးများနှင့် ထူးဆန်းသည့်ဝတ်မှုန်များ ရှိနေသည့်အချိန်တွင် ဤပညာများကို လေ့ကျင့်ရန် လွယ်ကူသွားလေပြီ။
ဤခေတ်မှ တစ်ယောက်ယောက် ၁၂ မျိုးလုံး တတ်သွားပြီး အမြင့်ဆုံးအဆင့်ကို ကျော်တက်သွားနိုင်လောက်သည်။
သူ့ထံတွင် နွားနတ်ဆိုးလက်ဝှေ့ပုံစံရှိနေသောကြောင့် သူ ဤ ၁၂ မျိုးလုံးကို မရလျှင်ပင် စိတ်ပျက်မည်မဟုတ်။
နောက်တစ်နေ့ မနက်စောစောတွင် လူအိုကြီး လုထုန် ချူဖုန်းကို လာရှာလေသည်။ သူ့မျက်နှာမှာ အတော်လေး လေးနက်နေသည်။
“ဘာဖြစ်လို့လဲ..” ချူဖုန်း မေးလိုက်၏။
“မျက်နှာသစ်ပြီး မနက်စာစားလိုက်ဦး .. လူစုံရင် ငါတို့ ဆွေးနွေးကြမယ်”
ယဲ့ချန်းရုန်၊ ချန်လော့ယန်၊ တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့အားလုံး ရောက်လာကြပြီး အဖွဲ့စုံသွားလေပြီ။
လူအိုကြီး အဘယ်ကြောင့် ဤမျှလေးနက်နေသည်ကို သူတို့အားလုံး သိချင်နေကြသည်ပင်။
“သတင်းဆိုးရှိတယ်..” လူအိုကြီးသည် ထိုင်ချပြီးသည်နှင့် ဤသို့ပြောကာ ပရိုဂျက်တာပေါ်၌ ဓာတ်ပုံအချို့ကို ပြသလာသည်။
မီးခိုးပြာဝံပုလွေ..
သူ မသေသေးဘူး..
ပထမပုံမှာ လောင်ကျွမ်းနေပြီး အပင်တစ်ပင်မှ မရှိသည့်နေရာတစ်ခုပုံပင်။ ထိုနေရာရှိ မြေကြီးထဲမှ ကြီးမားလှသည့် ဝံပုလွေကြီးတစ်ကောင် ခက်ခက်ခဲခဲ ရုန်းထွက်လာကာ သူ့ဘေးပတ်လည်ကို ဆန်းစစ်နေသည်။ သူ့အမွေးများ လောင်ကျွမ်းနေပြီး ဦးခေါင်းလည်း အက်နေကာ လက်သည်းများလည်း ကျိုးနေသည်။
သို့သော် သူသည် သေချာပေါက် အသက်ရှင်နေသေးသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သူ အသတ်ခံရပြီးသွားပြီမဟုတ်ဘူးလား..”
“နောက်ဆုံးသတင်းအရဆိုရင်တော့ သူ သေချာပေါက်ကို မသေသေးဘူး..” လူအိုကြီးလုထုန်ရှင်းပြလိုက်သည်။
“ကံကောင်းတာက သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ် .. သူ့ခွန်အားလည်း အတော်လေး ယုတ်လျော့နေတယ် .. ဒီတစ်ခေါက်တော့ ငါတို့ သူ့ကို လွတ်ပေးလို့မရတော့ဘူး” လုထုန် ဓာတ်ပုံအချို့ကို ဆက်ပြလာသည်။
မီးခိုးပြာဝံပုလွေ၏ ပြင်းထန်လှသည့်အသက်ဓာတ်ကို သူတို့အားလုံး အံ့အားသင့်သွားရသည်။
သူ့ခေါင်းအောက်ပိုင်းရှိ ခန္ဓာကိုယ်မှာ အနည်းငယ်သာ ရှိတော့သည်။ ရှေ့ခြေထောက်တစ်စုံ ရှိနေသေးသော်လည်း ခြေသည်းများ မရှိတော့။
သူ့ဗိုက်အောက်ပိုင်းမှာ ဘာမှမရှိတော့။
ဤကဲ့သို့သော အခြေအနေမျိုး၌ပင်လျှင် သူ အသက်ရှင်နေသေးသည်။
ထို့နောက် ပို၍ကြည်လင်သည့် ဓာတ်ပုံများ ထွက်လာသည်။ သူ့မျက်လုံးတစ်ဖက် ကန်းသွားပြီဖြစ်ပြီး သူ့ဦးခေါင်းရိုး၏ အပိုင်းအစသေးသေးလေးလည်း အရည်ပျော်နေပြီဖြစ်သည်။
“သူက အကောင်းဆုံးအခြေအနေမဟုတ်တော့ဘူး .. သန္ဓေပြောင်းလူတစ်ဖွဲ့ကိုလွှတ်ရင် သူ့ကို သတ်ဖို့လုံလောက်လောက်တယ် .. ကျောက်စိမ်းဂူကျောင်းက သူ့ခေါင်းက ပြန်ယူလာပြီးတော့ နောင်ပြဿနာရှာမယ့်ကောင်တွေကို ခြိမ်းခြောက်ဖို့ ဆုံးဖြတ်လိုက်ပြီ” လုထုန် လေးနက်စွာ ပြောလိုက်သည်။
မီးခိုးပြာဝံပုလွေ၏ခေါင်းကို ရွှမ်းထျန်သို့ ပြန်ယူလာပြီး အားလုံးမြင်အောင် ပြနိုင်ပါက သူတို့အတွက် အလွန်အကျိုးရှိလိမ့်မည်။
“သူ ဘယ်လောက်ပဲ ဒဏ်ရာရနေပါစေ သူက သားရဲဘုရင်အဆင့် ဖြစ်နေတုန်းပဲ .. သာမန်သန္ဓေပြောင်းလူတစ်စု လွှတ်လိုက်တာက သူတို့ကို သေတွင်းပို့လိုက်တာနဲ့ ဘာမှကွာမှာမဟုတ်ဘူး..” တိဟွိုင်ကျင်း ပြောလိုက်သည်။
ဤကဲ့သို့သော သေရေးရှင်ရေးအခြေအနေမျိုးတွင် သူ လေးနက်နေသည်ပင်။ ပုံမှန်အတိုင်းသာ စနောက်နေပါက သူ ဆိုးဆိုးရွားရွားသေသွားလိမ့်မည်။
“မီးခိုးပြာဝံပုလွေက သားရဲဘုရင်တွေထဲမှာ အားအနည်းဆုံးပဲ .. သူက အခုမှ ဘုရင်အဆင့်ကို ရောက်တာလို့ ပြောလို့ရတယ် .. ပြီးတော့ အခုသူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာဆိုတော့ သူ့အကောင်းဆုံးခွန်အားရဲ့ သုံးရာခိုင်နှုန်းထက်ပိုပြီး မရှိတော့ဘူး” လုထုန် ပြောလိုက်သည်။
“အဲဒီလိုဆိုရင်တောင် သူက အန္တရာယ်များနေတုန်းပဲ .. သားရဲဘုရင်ရဲ့ စွမ်းအား သုံးဆယ်ပုံတစ်ပုံတောင် ကြောက်စရာကောင်းနေတုန်းပဲ .. ကျွန်တော်တို့လူအယောက်က မီးခိုးပြာဝံပုလွေတစ်ကောင်ကို သတ်နိုင်မှာလား..” ယုယန်ချင်း ပြောလိုက်သည်။
“သူ သတ်နိုင်တယ်..” လုထုန် ချူဖုန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ဒါက မင်းတို့အားလုံးအတွက် အခွင့်အရေးကောင်းပဲ .. မင်းတို့ ဒါကို စွန့်စားရဲရင် ငါ မင်းတို့ကို မီးခိုးပြာဝံပုလွေရဲ့ ဘုရင်သွေးတစ်ပုံပေးမယ်”
ဤသည်မှာ ချန်လော့ယန်ကို တုန်လှုပ်သွားစေသကဲ့သို့ ယဲ့ချင်းရုန် မျက်လုံးများကိုလည်း တောက်ပသွားစေခဲ့သည်။
“စိတ်မဝင်စားသေးဘူးလား.. မီးခိုးပြာဝံပုလွေရဲ့ ဘုရင်သွေးက တန်ဖိုးမဖြတ်နိုင်ဘူးနော် .. အားလုံးက ဒီသွေးကို လိုချင်နေကြတာ .. နိုင်ငံတိုင်းက ဒီသွေးကို လေ့လာပြီး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်နေကြတာ”
“ပြီးတော့ ယွင်ကွေ့ကုန်းပြင်မြင့်နားက အဖွဲ့တွေလည်း သူတို့ မီးခိုးပြာဝံပုလွေခေါင်းကို ဖြတ်မယ်လို့ ကြွေးကြော်နေကြတာ” လုထုန် ပြောလိုက်သည်။
“မီးခိုးပြာဝံပုလွေက တောင်တစ်လုံးထဲ ပြေးဝင်သွားတာ .. ဒါပေမဲ့ သူ ဘယ်လောက်နက်တဲ့ထိ ဝင်သွားလဲ ဘယ်သူမှ မသိဘူး .. အဲဒီနေရာမှာ ဖုန်းလိုင်းတွေက မငြိမ်ဘူး .. တစ်ချို့နေရာတွေဆို လိုင်းကိုမရတာ” လုထုန် ပြောလိုက်သည်။
“ဘော့စ် .. ကျွန်တော်တို့ အဲဒီဘုရင်သွေးကို သွားယူရအောင် .. ကျွန်တော်တို့ အဆင့်တက်ရင်တောင် တက်နိုင်မှာ” တိဟွိုင်ကျင်းမှာ မတည်ငြိမ်နိုင်တော့။
ယဲ့ချင်းရုန်လည်း ခေါင်းညိမ့်လိုက်သည်။ သူမသည် မိန်းကလေးဆန်ကာ ဆွဲဆောင်မှုရှိသော်လည်း အရေးကြီးသည့်အချိန်တွင် ရဲတင်းကာ ပြတ်သားလှသည်။
“ကျွန်တော်တို့ ဘယ်အချိန်ကျရင် ဘုရားနယ်မြေတွေထဲ ဝင်နိုင်မှာလဲ..” ချန်လော့ယန် မေးလိုက်သည်။
“အခုကတော့ မင်းတို့စွမ်းအားတွေက အဲဒီနယ်မြေတွေထဲ ဝင်နိုင်ဖို့ လိုသေးတယ် .. အတင်းဝင်သွားရင် သေသွားတာပဲ အဖတ်တင်လိမ့်မယ် .. အဲဒီနေရာတွေမှာက သားရဲဘုရင်တွေ တစ်ကောင်၊ နှစ်ကောင်မက ရှိတာ” လုထုန် ပြောလိုက်သည်။
“ကောင်းပြီလေ .. အဲဒါဆို ကျွန်တော်တို့ ယွင်ကွေ့ကုန်းပြင်မြင့်ကို အရင်သွားလိုက်မယ်..” ချန်လော့ယန် သဘောတူလိုက်သည်။ သူ ပိုအင်အားကြီးလာနိုင်မည့်အခွင့်အရေးကို လက်မလွတ်နိုင်။
“ကျွန်တော် မေးစရာတစ်ခုရှိတယ် .. တကယ်လို့ ကျွန်တော်တို့ ဒီမစ်ရှင်ကို မအောင်မြင်ရင် ဘာဖြစ်မှာလဲ..”
“အမ် .. အပြစ်ပေးတာတွေတော့ ရှိမှာမဟုတ်ဘူး” လုထုန် ပြောလိုက်သည်။
“ကောင်းပြီလေ .. အဲဒါဆို ကျွန်တော်တို့ ဒီမစ်ရှင်ကို ကြိုးစားကြည့်လို့ရတယ်” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
အချိန်မှာ အဖိုးတန်လှသောကြောင့် သူတို့ချက်ချင်းပင် တောင်ပိုင်းသို့ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့လိုက်ကြသည်။
အပိုင်း ၁၀၀ ပြီး၏။