Chapter – 23 ကောင်းကင်ကျားမုန်တိုင်းလက်သီး
ဆေးပညာရှင် ၂ ယောက်ရဲ့ မီးဖိုများကို ဖွင့်လိုက်ကြပါတယ် ။ ယောင်တျန်းဟွာ ရဲ့ မီးဖို ထဲမှာ မိုးပြာရောင်ဆေး ၅ လုံးရှိနေပြီး ချန်ရှန် မီးဖို ထဲမှာတော့ အမည်းရောင် ဆေး ၃ လုံး ရှိနေ ပါတော့တယ် ။
“ယောင်တျန်းဟွာ က ဝိဉာဉ်တော် ယွမ် ဆေး ကို ပြုလုပ်တယ့် အချိန်မှာပဲ ချန်ရှန်ကတော့ သူ.. … သူ မှော်ကျောက်ဖရုံဆေး ၃ လုံး လုပ်လိုက်တာ ဖြစ်ပါတယ်ခင်ဗျာ”
ချန်မျိုးနွယ်မှ သက်ကြီးဝါကြီးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်သံကြီးပါ ။ ချန်မျိုးနွယ်မှာ အလွန်တော်တယ့် ဆေးဆရာတစ်ယောက် ရှိနေပါပြီတကား ၊ အားလုံးသော ချန်မျိုးနွယ်မှ လူတွေလည်း ထိုသူလိုပင် အထူးစိတ်လှုပ်ရှားနေမည်ဆိုတာ ပြောနေစရာ ပင် မလိုတော့ချေ ။ ယောင်တျန်းဟွာ နဲ့ ယောင်မျိုးနွယ်လူကြီးတို့ ဆေးအမည်း သုံးလုံးကို တွေ့ လိုက်ရတယ် ။ အငွေ့ တွေ လည်း ထွက်လျက်ရှိနေဆဲပါပဲ ။ ဒါဟာ တကယ်ပဲ မှော်ကျောက် ဖရုံဆေး ဆိုတာကို လက်ခံလိုက်ကြတယ် ။ ထို့ နောက် ဆေးပင်ခန်းမ မှ လူကြီးက ဆေးကို ကောက်ယူကာ သေချာစွာ စစ်ဆေး ပြီး –
“ဒါဟာ တကယ်ပဲ မှော်ကျောက်ဖရုံ ဆေးပါ ။ အရမ်းလည်း အရည်အသွေး ကောင်းမွန်တယ်၊ ဒီလိုကောင်လေးက ဒီလိုဆေးလုပ်နိုင်ဖို့ တော်တော်ကို ခက်ခဲပါတယ် ကျွန်တော်တို့ ရိုးသား စွာ ၀န်ခံပါတယ်”
ထိုလူကြီးက ထပ်ခါတလဲလဲ ရှင်းပြနေလျက်ပါ ။ လူကြီး၏မျက်နာများကတော့ သုန်မှုန်လျက် သူ့ရဲ့ နှစ် ၇၀ ကျော် ၈၀ သက်တမ်းတစ်ခုလုံး အလကား ဖြုန်းတီးမိတာကို နောင်တရနေ သလို ခံစားနေရပုံပါပဲ ။ ကွင်းပြင်တစ်ခုလုံး ဆူညံလျက်အံအားသင့်နေကြပါတယ် ။ ချန်ရှန် မည်သို့မျှ လှည့်စားမှု မလုပ်ခဲ့တာ တစ်ကွင်းလုံး သက်သေပါပဲ ။ ချန်ရှန်မှာ မွေးရာပါ ပါရမီ မပါဘူးဆိုတာကို လူတိုင်းမေ့လျက် အခုချိန်မှာတော့ အားလုံး၏ ရင်ထဲတွင် စွမ်းအားကြီး ဆေးပါရမီ ရှင် တစ်ယောက် ဖြစ်နေပါတော့တယ် ။
ယောင်တျန်းဟွာရဲ့ အမူအရာက ငြိမ်းခါနီး မီးခဲလိုပါပဲ ။ ချောမောလှပသည့် မျက်နာတွင် ဒေါသများ ၊ မနာလိုမှုများ ၊ ကြိတ်မန်ိုင်ခဲမရမှု များ ပြည့်လျက် ရှိနေပါတော့တယ် ။ ဖြစ်နိုင် ရင် သူ ရှုံးသွားတယ့်အတွက် ချန်ရှန်အား အရမ်းကို သတ်ချင်စိတ်တွေ ဖြစ်ပေါ်နေပါတယ် ။
“မင်းရှုံးတာ လက်ခံပါတယ်နော် ။ အရှုံးကိုဝန်ခံတော့ ၊ ကဲ လောင်းကြေးလေးထုတ်ပေတော့”
ချန်ရှန် အနည်းငယ်လေးပြုံးလျက်ရှိပြီး ထိုပုံစံက ယောင်တျန်းဟွာ၏ မျက်လုံးထဲတွင်တော့ ပျက်ရယ်ပြုသလိုဖြစ်ပြီး ယောင်တျန်းဟွာရဲ့ ရင်ထဲ တော်တော်ကို မချိတင်ကဲ ဖြစ်နေပါတော့ တယ် ။ ယောင်မျိုးနွယ်လူကြီးလည်း ထို့အတူပါပဲ ။ သူတို့ဟာ သူတို့ မျိုးနွယ်ရဲ့ အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများဆုံးရှုံးရုံသာမက လူများအကြားတွင်ပါ သိက္ခာကျခြင်းတို့ကြောင့် တော်တော် ကို ခံရခက်နေကြပါတယ် ။ မွေးရာပါ ပါရမီမရှိတယ့် ချန်ရှန်က ယောင်မျိုးနွယ်က ပါရမီရှင်ကို နိုင်သွားတယ်ဆိုတာ မည်မျှအထိ ခံရခက်စေပါသနည်း။ နှစ်တစ်ထောင်သားရဲဆေးက မြစိမ်းရောင် ဥလေး နဲ့ တူပါတယ် ။ အထဲမှာတော့ နှစ်တစ်ထောင်သက်တမ်းရှိသော သားရဲ၏ ယွမ်အဆီ အနှစ်ရှိပါတယ် ။ ဆေးဖက်ဝင် အသီးမှာလည်း ပန်းသီးအရွယ်လောက်ရှိပြီး တော်တော်ကို လေးပါတယ် ။ ချန်ရှန်ဟာ အထဲမှာ စွမ်းအင်တွေ များစွာပါဝင်မယ်လို့ ခံစားမိလိုက်တယ် ။
ချန်ရှန် တော်တော် ပျော်နေပါတယ် ။ ဒီလိုရှားပါးတယ့် အရာတွေကို ရရှိလို့ ဖြစ်တယ် ။ တကယ်လို့ သူသာ ဒါတွေကို ဆေးအဖြစ်လုပ်နိုင်မယ်ဆို သူ့စွမ်းအင်တွေ တမဟုတ်ချင်း တိုးတက်လာပါလိ့မ်မယ် ။
“ချန်ရှန် ၊ သိုင်းပညာပြိုင်ကြစို့”
ယောင်တျန်းဟွာ အစွန်းနှစ်ဖက်ပါတယ့် ဓားကို သူ့ ခါးမှ ဆွဲထုတ်လိုက်ပြီး စိတ်အားထက် သန်စွာ ရှိနေတယ် ။ချန်ရှန်ဟာ သိုင်းပညာ အဆင့် ၇ ရှိသူကိုပင် အနိုင်ယူထားသူဖြစ်တယ် ။ ဒါကြောင့် ယောင်တျန်းဟွာ ဒီလိုစိန်ခေါ်တာ သူ့အတွက် အဓိပ္ပာယ်မရှိသလိုပင် ခံစားနေရ ပါတယ် ။ ချန်မျိုးနွယ်စုများမှာလည်း အေးဆေးဖြစ်လျက်ပါ ။ သူတို့ ချန်ရှန်အကြောင်း အသိဆုံးဖြစ်တာပေါ့ ။
ချန်တျန်းဟူ က သက်ပြင်းတစ်ချက်ချကာ –
“ကောင်လေး ၊ အထင်တော့မသေးနဲ့နော် ၊ ထိခိုက်ဒဏ်ရာရမယ် ဂရုစိုက်ဦး”
ချန်တျန်းဟူ အခု စိတ်တော်တော် လှုပ်ရှားနေပါတယ် ။ သူ့ သားက မှော်ကျောက်ဖရုံဆေးကို လုပ်နိုင်ရုံမျှမက အရမ်းတန်ဖိုးရှိတယ့် ဆေးဖက်ဝင်ပစ္စည်းတွေကိုလည်း ရရှိခဲ့ပြီလေ ။
“မင်းတိုက်ချင်တယ်ဆိုလည်း တိုက်ကြတာပေါ့ကွာ ၊ ဒါပေမယ့် မင်းတစ်ခုခု ဒဏ်ရာရရင် ငါ့ကို အပစ်မတင်ပါနဲ့ ။ လက်သီးတွေ ခြေထောက်တွေမှာ မျက်စိမပါဘူးကွ”
ချန်ရှန် ပျင်းရိစွာ ပြောလိုက်ပါတယ် ။ အခုတော့ ချန်တျန်းဟူအပါအ၀င် အားလုံး ဘေးသို့ ရှဲ ပေးလိုက်ကြပါတော့တယ် ။ သို့သော်လည်း ယောင်မျိုးနွယ်လူကြီး မှာ အနည်းငယ်စိုးရိမ်နေ ပုံပါပဲ ။ နှစ်ပေါင်းများစွာသော အတွေ့ အကြုံတွေမှ ချန်ရှန်ဟာ သာမန်ထက် ထူးကြားပြီး ကောလဟာလတွေလို သိုင်းပညာပါရမီမရှိဘူးဆိုတာတွေကို မယုံချင်တော့ပါဘူး ။
“တျန်းဟွာ ၊ မင်းနိုင်ဖို့အတွက် ဘယ်လောက်ယုံကြည်ချက်ရှိလဲ”
ယောင်လူကြီးမှ လေးလေးနက်နက်ဖြင့် မေးလိုက်ပါတယ် ။
“ရာနှုန်းပြည့် ကျွန်တော် နိုင်မှာပါ ၊ ကျွန်တော်ဟာ အဆင့် ၅ ဖြစ်ပြီး သိုင်းပြိုင်ပွဲတွေမှာလည်း အတွေ့ အကြုံ အများကြီး ရှိတယ်လေ”
ယောင်တျန်းဟာ မီးဟုန်းဟုန်းတောက်သော မျက်လုံးများဖြင့် ချန်ရှန်အားကြည့်နေပါတယ် ။ ချန်ရှန်ကို သတ်ဖို့ မစောင့်နိုင်တော့ပါဘူး ။
“ကောင်းပြီ ၊ မင်းသူ့ကိုမသတ်လိုက်နဲ့ ၊ မင်းရောက်နေတာ ချန်အိမ်တော်မှာဆိုတာ သတိထားပါ ။”
ယောင်လူကြီးက မှာကြားပြီးနောက် ဘေးသို့ ထွက်ပေးလိုက်ပါတော့တယ် ။
ချန်ရှန်ကတော့ ဒီအခြေအနေဟာ တမျိုးရယ်စရာကောင်းနေသလို ခံစားမိတယ် ။ ခုနကပဲ လူတိုင်းက သူမှော်ကျောက်ဖရုံဆေး မလုပ်နိုင်ဘူး ထင်ကြတယ် ။ ဟော ခုကျ လည်း သူ့ကို အစွမ်းမထက်ဘူး ထင်နေကြပြန်သေးတယ် ။
“ဒါမင်းစိန်ခေါ်တယ့်ပွဲနော် ၊ ငါတို့ လောင်းကြေးလေး နည်းနည်းထည့်ရင် ဘယ်လိုလဲကွ”
ချန်ရှန် ပြုံးကာဖြင့် မေးလိုက်ပါတယ် ။ ယောင်တျန်းဟူ ပြန်မဖြေသဖြင့် ချန်ရှန်ဟာ ယောင်မျိုးနွယ်တို့ သူနဲ့ နောက်ထပ် မလောင်းနိုင်ဘူးဆိုတာကို သိလိုက်ပါတယ် ။ ဒါကြောင့် ပြုံးကာပြန်ပြောလိုက်တယ် ။
“မင်းနိုင်ရင် ခုနက နှစ်တစ်ထောင်သားရဲဆေးနဲ့ အသီးတွေပြန်ရမယ် ။ ငါနိုင်ရင်တော့ ငါတို့ ချန်မျိုးနွယ်ကို ဆေးပင်ခန်းမက လူကြီးကို ပေးရမယ် ။ သူဟာ ငါတို့ ချန်မျိုးနွယ်ရဲ့ ဆေးပညာ ရှင်ဖြစ်လာမှာဖြစ်ပြီး ငါတို့ဟာဆေးပင်ခန်းမမှာရှိတယ့် ဆေးပင်တွေရဲ့ တ၀က်ကို ယူမယ် ၊ ကဲဘယ်လိုလဲ”
ဆေးပင်ခန်းမဟာ လက်ရှိ ယောင်မျိုးနွယ်ပိုင်ပါ ။ နောက်ပြီး ဆေးပင်ခန်းမလူကြီး ဆိုသည် မှာလည်း ယောင်မျိုးနွယ်တို့ရဲ့ အဖွဲ့ သားသစ် ဖြစ်ပါတယ် ။ ထိုသူဟာ ဆေးပညာ ဗဟုသုတ များတော်တော်ကြွယ်ဝသည်ကို မြင်သည့်အတွက် ထိုလူကြီးအား သူတို့ ချန်မျိုးနွယ်အတွက်
ခေါ်လိုခြင်းပင်ဖြစ်ပါတယ် ။
“အိုကေ ၊ ပြသနာမရှိပါဘူး ၊ ဒါပေမယ့် ဆေးပင်ခန်းမကတော့ ငါတို့ယောင်မျိုးနွယ် အပိုင်ပဲ နော်”
ယောင်မျိုးနွယ်မှတွေဝေမှု မရှိပဲ လက်ခံလိုက်တယ် ။ သူ့ အထင်က ၎င်းက ဆေးဆရာ တစ်ယောက်နဲ့ တချို့ သော ဈေးပေါတယ့် အပင်တွေပါပဲ ။ ယောင်မျိုးနွယ်အတွက် ဒါတွေ က မရှားပါဘူုး ၊ ဒါတင်မက သူ့ကိုယ်သူ ၁၀၀ ရာခိုင်နှုန်းနိုင်မယ်လို့ သေချာနေပါတော့တယ် ။
ဆေးပင်ခန်းမ လူကြီးမှ သက်ပြင်းကို ကျယ်လောင်စွာ ချလိုက်တယ် ။ သူ့ ကို လောင်းကြေး ထပ်သည့်အပေါ် မပျော်ရွှင်ပါဘူး ။ ဒါပေမယ့်လည်း သူချန်မျိုးနွယ်ဖြင့် လက်တွဲရမှာတော့ အဓိက ပြသနာ မဟုတ်ပါ ။နောက်ပြီး နောင်မှာ ငရဲဝိဉာဉ်တော်မြက်အား ချန်ရှန်မှ တဆင့် လေ့လာပြီး အမြတ်အစွန်းအချို့ ရဖို့ပင် အခွင့်အရေးတစ်ခု ဖြစ်နေပါသေးတယ် ။
“လာလေ ၊ မင်းလက်နက် ထုတ်တော့”
ယောင်တျန်းဟွာ သူ၏ အစွန်း ၂ ဖက် ပါသော ဓားကို စက်ဝိုင်းပုံစံလုပ်ကာ အခိုးအငွေ့ များ ပင် ထုတ်လွှတ်လျက် ပြောခြင်းဖြစ်ပါတယ် ။ ချန်ရှန်ခေါင်းခါလျက် အဖြေပြန် လိုက်တယ် ။
“ငါလက်နက်မသုံးဘူးကွ”
“ဟုတ်ပြီ ၊ ငါ့ရဲ့ မယဉ်ကျေးမှုကြောင့် မင်း အပစ်မတင်နဲ့နော်”
ယောင်တျန်းဟွာ သူ့လက်နက်အား ဆော့ကစားလျက် ခြေလှမ်းလာတယ် ။ စင်ပေါ်ကို ခုန်တက် လိုက်ပုံက တကယ်ကို ကြောက်စရာပါပဲ ။ ဒီပုံစံကို ကြည့်ခြင်းဖြင့် သူ့ တိုက်ခိုက်မှု ဟာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းတော့မယ်ဆိုတာ လူတိုင်းသိလိုက်တယ် ။
ည ကား တော်တော်နက်နေပါပြီ ။ ဒါပေမယ့် လူတိုင်းအိပ်ဖို့ စိတ်ကူးမရှိကြပေ ။ ကွင်းပြင်ထဲ မှ လူများအားလုံး အားတွေတက်ကြွလျက် ၊ ဒီဆေးပညာရှင်လေး ၂ ယောက်ရဲ့ သိုင်းပြိုင်ပွဲ ဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းမည်ကတော့ အမှန်ပင် ။
လူအများအထင်မှာတော့ သူတို့ဟာ ဆေးပညာရှင်များဖြစ်တယ့်အတွက် ခွန်အား သိပ်မရှိလောက်ဘူး ထင်ကြတာပါ ။ဒါပေမယ့် ဒီအထင်ဟာ တက်တက်စင်အောင် လွဲနေပါ တယ် ။ ဆေးဆရာဖြစ်ဖို့အတွက် ၊ ပထမဆုံးက ချီဓာတ်တွေကို အားကောင်းအောင်လုပ်ပြီး ထိန်းချုပ်နိုင်အောင်ကြိုးစားရမှာပါ ။ ထိုသို့သော လုံလောက်တယ့် အတွင်းအား ရရှိမှသာ ဆေးလုပ်နေစဉ် ဖြစ်နိုင်သည့် ပြောင်းလဲမှုများနှင့် အန္တရာယ် အခြေအနေများကို တုံ့ပြန်နိုင် မည်ဖြစ်ပါတယ် ။ ဒါတင်မက ဆေးပညာရှင်ဟာ ဆေးများစွာ ပြုလုပ်နိုင်ပြီး သောက်နိုင်တယ့် အတွက် သူတို့ရဲ့ ခွန်အားဆိုသည်မှာလည်း အားနည်းဖို့မရှိပါဘူး ။ နောက်ပြီးဆေးဆရာများ ဟာ အရေးမကြုံလျှင် တိုက်ခိုက်လေ့မရှိပဲ တိုက်ပြီဟေ့ဆိုပါကလည်း အဆုံးမရှိသော စွမ်းအားများ ထုတ်လာတတ်ကြပါတယ် ။
သူ့ဆီသို့လာနေသည့် ချွန်ထက်သည့် ဓားကိုကြည့်ရင်း ရုတ်တရက် ချန်ရှန် ခြေတလှမ်းတိုး ကာ လက်သီးထိုးလိုက်တယ် ။ မိုးပြာရောင် ချီဓာတ်များ သူ့ လက်မောင်းမှ ထွက်လာကာ ရုတ်တရက် ကျားခေါင်းကြီးအဖြစ် ပုံပြောင်းသွားပါတယ် ။
“ ကောင်းကင်ကျား မုန်တိုင်းလက်သီး !! ၊ ဒီကောင်လေး သိုင်းပညာ အဆင့် ၆ တောင် ရောက်နေပါပြီကော”
ချန်တျန်းဟူ အံ့သြပြီး ထအော်ပါတယ် ။ ဒီကောင်းကင်ကျား မုန်တိုင်းလက်သီးဟာ အဆင့်မြင့် သိုင်းပညာတစ်ခုဖြစ်ပြီး ၎င်းဟာ ရက်စက်သော ကျားကြီးတစ်ကောင် သားကောင် အမဲလိုက်ဒါကို ချီဓာတ်ပေါက်ကွဲခြင်းတွေ ထပ်ပေါင်းလိုက်ခြင်းနဲ့ တူပါတယ် ။ သူတို့အားလုံး မျက်ကန်းများမဟုတ်ကြတယ့်အတွက် လူတိုင်းဟာ ချန်ရှန် ဘယ်အဆင့် တွင် ရှိနေပြီဆိုတာကိုတော့ သိနေကြပါပြီ ။ သူဟာ ချီဓာတ်များကို ထိန်းချုပ်ကာ သူ၏ နတ်အတွင်းအားများကို အသုံးပြုပြီး အပြင် ဘက်တွင် ပုံပြောင်းနိုင်ပါတယ် ။ ကျားရဲ့ ဦးခေါင်းပုံစံ ပြောင်းခြင်းဟာ နတ်အတွင်းအား အာရုံရှိသူတွေသာ လုပ်နိုင်သော အရာလည်း ဖြစ်ပါတော့တယ် ။
၁၆ နှစ်ဖြင့် မှော်ကျောက်ဖရုံဆေးကို ပြုလုပ်နိုင်ပြီး သိုင်းပညာမှာလည်း အဆင့် ၆ ရောက်နေပြီ ဖြစ်ပါတယ် ။ ဒါဟာ တကယ်ကို ရှားပါးဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး နှစ်တစ်ထောင်မှာ တစ်ယောက်မရှိနိုင်ပါ ။ ရွှီရှန်းရှန်းလို ရွှီမျိုးနွယ်မှ ကောင်မလေးသာလျှင် ယှဉ်နိုင်ဖို့ ရှိတော့မှာပါ ။ နောက်ပြီး ရွှီရှန်းရှန်းမှ ရွှီမိသားစုမှ အကြီးတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတယ့် ကောလဟာလ တစ်ခုလည်း ရှိပါသေးတယ် ။ ထိုလူ၏သိုင်းပညာမှာ အဆင့် ၆ ထက်ကျော်ကာ ကောင်မလေးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခဲ့တာပါ ။ ရွှီရှန်းရှန်းဟာ ၁၄ နှစ် ပဲရှိသေးကာ ထိုလူနဲ့ တစ်ယောက်ချင်းတိုက်တာပါ ။ ဒီလိုမျိုး ပါရမီရှိမှသာ ချန်ရှန်ရဲ့ အစွမ်းကို ယှဉ်ကောင်း ယှဉ်နိုင်ပါလိ့မ်မယ် ။
ချန်ရှန်ရဲ့ လက်သီးဟာ သွေးဆာနေတယ့် ကျားရဲကြီးနဲ့ တူပါတယ် ။ နောက်ပြီး မိုးပြာရောင် ချီဓာတ်များဟာလည်း လေထဲ ပြန့်ကျဲလျက် အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ အငွေ့များမှ ယောင်တျန်းဟွာရဲ့ ဓားရှည်များကို ဝါးမြိုသွားပါတော့တယ် . . . ။