အပိုင်း ၁၄၀•၃
” ဘ၀တစ်ခုမှာအဆုံးသတ်ဆိုတာရှိစမြဲပဲ ”
°°°
၀မ်သုန့်ရဲ့ကျင့်ကြံဆင့်နဲ့ခန္ဓာကိုယ်က ဟို့ယွိဟောင်နဲ့ရှောင်းရှောင်းတို့လောက် ကြီးမားတဲ့ကွာခြားချက်မရှိခဲ့ပေမဲ့ ဒီ၀ိညာဥ်အရိုးကိုစုပ်ယူပြီပေါင်းစည်းတဲ့အချိန်မှာ ရှောင်းရှောင်းဘယ်လိုအခြေအနေအဆုံးသတ်သွားရလဲဆိုတာ ၀မ်သုန့်ကောင်းကောင်းမြင်နေခဲ့ရပါတယ်။ တခဏတာကြာအောင် ပြင်းပြင်းထန်ထန် တောင့်ခံပြီတဲ့နောက် ရှောင်းရှောင်းကလက်လျှော့လိုက်တယ်။ ဒီနာကျင်မှုက ဘယ်လောက်အထိ မခံမရပ်နိုင်လောက်အောင်ပြင်းထန်လွန်လှတယ်ဆိုတာ ကြည့်ရုံနဲ့တင်သိနေခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ရှောင်းရှောင်းထက်ပိုပြီး နာကျင်မှုကိုခံစားနေရတယ်ဆိုတာ သိသာလို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀ိညာဥ်ပေါင်းစည်းမှုအပေါင်းအဖော်ဖြစ်တဲ့၀မ်သုန့်တောင်မှ သူ့ရဲ့လက်ရှိအခြေအနေကြောင့် နာကျင်မှုကိုအနည်းငယ်ခံစားနေခဲ့ရပါတယ်။
စိတ်၀ိညာဥ်ပေါင်းစည်းမှုကြောင့် ဒီလိုရရှိတဲ့နာကျင်မှုနဲ့တင် ဟို့ယွိဟောင်ဘယ်လောက်အထိ ရုန်းကန်နေရမလဲဆိုတာကို တွေးမိတာကြောင့် ၀မ်သုန့်အနေနဲ့ တုန်ရီလို့လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ရဲ့စိတ်ပိုင်းဆ်ိုင်ရာအခြေကနေက ဘယ်လောက်သန်မာလဲဆိုတာကို ၀မ်သုန့်နားလည်သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်ကအနည်းငယ်တွန့်သွားတာမျိုးဖြစ်ပေမဲ့ ဟို့ယွိဟောင်က ငြိမ်ငြိမ်သက်သက်လေးထိုင်နေခဲ့ပါတယ်။ သူ့ရဲ့မျက်နှာအမူအရာကလဲ မပြောင်းမလဲရှိနေခဲ့ပြီ တစ်ချက်လေးတောင်မျက်မှောင်မကြုတ်ခဲ့ပါဘူး။ မျက်နှာတစ်ခုလုံးမှာတော့ ချွေးသီးချွေးပေါက်တွေအပြည့်ဖြစ်နေခဲ့သလို ညာဘက်လက်မောင်းကနေ စတင်ကျိုးကြေးနေတဲ့ အသံတွေထွက်ပေါ်နေခဲ့ပြီ လက်ဖ၀ါးတစ်ခုလုံးကလဲ တကြွပ်ကြွပ်မြည်သံတွေထွက်ပေါ်လို့နေခဲ့ပါတယ်။ ၀မ်သုန့်နောက်ထပ် ထပ်ပြီတော့တောင်မကြည့်၀ံ့တော့ပါဘူး။
သူတစ်ယောက်ထဲနင်ထိတ်လန့်နေတာမဟုတ်ပဲနဲ့ နှစ်ပေါင်းရာနဲ့ချီပြီကျင့်ကြံခဲ့တဲ့ အကြီးအကဲရွှမ်တောင်မှ အံ့ဩနေခဲ့ရပါတယ်။ ၀ိညာဥ်ပညာရှင်တွေအများကြီးရဲ့ခံနိုင်ရည်စွမ်းကိုသူကမြင်ဖူးခဲ့တဲ့သူပါ။ ဟို့ယွိဟောင်အနေနဲ့ အဲ့ဒီထူးဆန်းတဲ့ထွင်းထုရေးဓားကိုအသုံးပြုပြီး ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့အင်အားတွေကို ဖိနှိမ့်နိုင်တယ်ဆိုတာ သူပြောနိုင်ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကိုယ်တိုင်ကလဲ ပြင်းထန်တဲ့နာကျင်မှုကို ခံစားနိုင်မှန်းသူသိနေခဲ့တယ်။
ခိုင်မာလွန်လှတဲ့စိတ်စွမ်းအားနဲ့တည်ငြိမ်တဲ့စိတ်ကိုအသုံးပြုပြီး နာကျင်မှုကိုဆက်တိုက်ဆိုသလိုတုန့်ပြန်နေခဲ့တာပါ။ ဒါမျိုးကိုအသက်ဆယ်နှစ်နှစ်အရွယ်ကလေးတစ်ယောက်က အောင်မြင်နိုင်တယ်တဲ့လား ဒီလောက်ကြောက်စရာကောင်းတဲ့စိတ်ဓာတ်ကိုရရှိဖို့ဘယ်လောက်များပြားတဲ့စမ်းသပ်ချက်တွေကို သူကျော်ဖြတ်ခဲ့ရတယ်။
၀မ်သုန့်နဲ့ အကြီးအကဲရွှမ်တို့ရဲ့အတွေးကိုတော့ ဟို့ယွိဟောင်မသိခဲ့ပါဘူး။ ဒါပေမယ့် နာကျင်မှုနဲ့အတူ ဖြည်းဖြည်းချင်းအသားကြလာတာကို သူခံစားမိခဲ့ပါတယ်။ နောက်ဆုံးတော့လဲ သူ့ရဲ့အာရုံစိုက်မှုတွေအားလုံးက ညာဘက်လက်ဖ၀ါးမှာသာရှိနေခဲ့တယ်။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ ကျောရိုးနဲ့ပေါင်းစည်းစဥ်အချိန်မှာ ပြင်းထန်လွန်လှတဲ့ နာကျင်မှုကတစ်ကိုယ်လုံးကို ပြည့်နှက်နေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ညာဘက်လက်တစ်ခုလုံးမှာဖြစ်နေတဲ့အရာတွေကိုသာ သူအာရုံစိုက်နေခဲ့ရပါတယ်။ ဒါ့အပြင် ဒီညာဘက်လက်တစ်ခုလုံးက ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်နေတယ်ဆိုတာကို သူသိခဲ့ရတယ်။
အရိုးတွေကဆက်တိုက်ဆိုသလို ချိုးချေခံပြီဖျက်ဆီးခံနေရပေမဲ့ လုံး၀ကျိုးကြေးသွားတာလဲမဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့အက်ကွဲကြောင်းတွေက အရိုးတွေရဲ့မျက်နှာပြင်ပေါ်မှာဆက်တိုက်ဆိုသလို ပေါ်ထွက်လို့လာခဲ့ပြီတဲ့နောက် ရွှေရောင်အလင်းတန်းတွေက နောက်တစ်ကြိမ် ပြန်ကုသပေးပါတယ်။ ဒီအလင်းတန်းတွေက သေးငယ်တဲ့အက်ကွဲကြောင်းတွေကို ပြန်ဆက်သွားစေခဲ့ပြီ သူ့ရဲ့ဖျက်ဆီးခံရတဲ့အရိုးတွေကလဲ အံ့ဩစရာကောင်းလွန်လှတဲ့ အရှိန်နှုန်းနဲ့ ပြန်လည်ကောင်းမွန်လို့သွားခဲ့ရတယ်။
ဖျက်ဆီးမှုက မပြင်းထန်ပေမဲ့ နာကျင်မှုကတော့ပြင်းထန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ညာဘက်လက်မောင်းအရိုးတစ်ခုလုံးက ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့စွမ်းအားနဲ့ ဒီလိုဖျက်ဆီးပေါင်းစည်းနေရင်း ဖြည်းဖြည်းချင်းဆိုသလို တစ်သားထဲဖြစ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့အရိုးတွေအပေါ်မှာ အစောပိုင်းတုန်းက ရွှေလိုအသက်နဲ့အာဟာရဖြည့်ထားခဲ့တဲ့အတွက် ရွှေရောင်နဲ့အစိမ်းရောင်ပေါင်းစည်းတဲ့အလွှာတစ်လွှာကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါက များပြားပြင်းထန်လွန်လှတဲ့ အသက်စွမ်းအားကိုကိုယ်စားပြုထားတာပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီညာဘက်လက်၀ါးတစ်ခုလုံးက ရွှေအိုရောင်ရင့်ရင့်ကို ပြောင်းလဲနေခဲ့ပြီ အဆုံးမဲ့တဲ့လေဟာနယ်ကြီးတစ်ခုနဲ့ပုံစံတူနေခဲ့ပါတယ်။
သူ့ရဲ့အရိုးတွေက အရွယ်အစားကြီးမားလာခဲ့ပေမဲ့ အများကြီးကြီးလာတဲ့ပုံမပေါ်ပါဘူး။ ဖြည်းဖြည်းချင်းဆိုသလို လက်ချောင်းရိုးတွေက ဓားသွားလိုပုံစံနဲ့ကြီးထွားလာပြီတဲ့နောက် ထိပ်ဖျားမှာသေးသွယ်နေရင်း အရင်းဖက်မှာတော့ ကျယ်ပြန့်တဲ့ဓားတွေအသွင်နဲ့ ရှိလာခဲ့ပါတယ်။ အရိုးရဲ့ပတ်ပတ်လည်မှာရှိနေတဲ့အသားတွေရဲ့ဖွဲ့စည်းပုံကိုပြောင်းလဲသွားပါပြီ။ ဒီအဆုံးစွန်းစွမ်းအားက တချို့အရိုးတွေကိုကျုံ့သွားစေခဲ့ပြီ သူတို့ရဲ့ဖြစ်ပေါ်လာတဲ့ပုံသဏ္ဍာန်အသစ်နဲ့ လိုက်လျောညီထွေးဖြစ်အောင်ပြောင်းလဲလို့နေပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ ထူးဆန်းတဲ့ပုံသဏ္ဍာန်အသွင်တချို့က သူ့လက်ဖ၀ါးအရိုးတွေကနေ တိုးထွက်လာနေတာကို စတင်ပြီခံစားမိပါတယ်။
တိမ်လိုအသွင်သဏ္ဍာန်တွေက အရိုးရဲ့မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့ပါပြီ။ လက်ဖ၀ါးအတွင်းထဲမှာတော့ တြိဂံပုံသဏ္ဍာန်အသွင်တချို့ပေါ်လာခဲ့ပါတယ်။ ဒီအသွင်သဏ္ဍာန်တွေက တစ်ခုနဲ့တစ်ခုအလွှာအလွှာထပ်နေရင်း ကြီးမားတဲ့အင်အားတစ်ခုကိုသယ်ဆောင်ထားပုံရပါတယ်။ ဒီကြီးမားတဲ့အင်အားက ဟို့ယွိဟောင်ခံစားနေရတဲ့ နာကျင်မူနဲ့ ထပ်တူကြနေခဲ့တယ်။ လက်ရှိအချိန်မှာ ပေါင်းစည်းမှုက ဖြည်းဖြည်းချင်းဖြစ်ပေါ်နေခဲ့ပါပြီ။
အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ တစ်ညတာအချိန်ကလဲ မသိလိုက်မသိဖာသာကုန်လွန်လို့သွားခဲ့ပါတယ်။ မကြာခင်မှာပဲ တောက်ပတဲ့နေရောင်ခြည်က ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ချွေးတွေကလဲ ဖြည်းဖြည်းချင်းနည်းလာခဲ့သလို လက်ရှိအချိန်မှာ အရေပြားအပြင်ကိုထွက်လာပြီ အပေါ်တက်နေတဲ့မြူခိုတွေလဲ မရှိတော့ပါဘူး။
အသက်စောင့်ဓားရဲ့ဓားသွားက ဟို့ယွိဟောင်ရဲ့လက်ဖ၀ါးထဲကနေ ပြန်လည်ခုန်ထွက်လို့လာပြီတဲ့နောက် နဖူးထဲကို၀င်ရောက်ရင်း ပျောက်ကွယ်လို့သွားပါတော့တယ်။ ၀င်ရောက်လို့သွားချိန်မှာတော့ ရှိရှိသမျှဒဏ်ရာတွေအားလုံးကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုထုတ်ရင်းရင်ခေါင်းသံနဲ့အော်ဟစ်နေပြီတဲ့နောက် သူ့ရဲ့ညာဘက်လက်မောင်းအရိုးကို ခါလိုက်မိပါတော့တယ်။ ၀ှီးဆိုတဲ့အသံတစ်သံထွက်ပေါ်လို့လာပြီတဲ့နောက် သွေးနီရောင်အလင်းတန်းတွေက သူ့ရဲ့လက်ချောင်းအပြင်ဘက်ဆီကို ပြေးထွက်လို့သွားခဲ့ပါပြီ။
၀မ်သုန့်က ဟို့ယွိဟောင်ကို ဂရုတစိုက်နဲ့ကြည့်နေခဲ့တာပါ။ ဒီလက်၀ါးကြီးပေါက်ကွဲလာမှာကို သူစိုးရိမ်တကြီးနဲ့စောင့်ကြည့်ခဲ့တာလဲဖြစ်ပါတယ်။ ဒါပေမယ့် အင်အားကြီးလွန်လှတဲ့ တစ်စုံတစ်ရာက သူကိုတားဆီးလိုက်ပြီ အကြီးအကဲရွှမ်ကတော့ ခေါင်းခါနေခဲ့ရင်းသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရွှေအိုရောင်အလင်းတန်းငါးခုက ဆယ့်လေးလက်မအရှိန်နဲ့အတူ ဟို့ယွိဟောင်ရဲ့လက်ချောင်းအပြင်ဘက်ဆီဆန့်ထွက်လို့နေခဲ့တာပါ။ ဒီအရာတွေပေါ်ထွက်လို့လာချိန်မှာ တ၀ှီး၀ှီးမြည်သံတွေကလဲ ထွက်ပေါ်လာခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းတွေကလဲ ရေလှိုင်းတွေလိုမျိုးပုံစံနဲ့အပြင်ကို လျှံထွက်လို့နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ညာဘက်လက်တစ်ခုလုံးကတော့ ဓားသွားငါးခုပါတဲ့လက်ချောင်းရှည်တွေအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့လက်ချောင်းတွေမှာ ဘာအမာရွတ်မှလဲမရှိခဲ့ပါဘူး။
ရွှေရောင်အလင်းတန်းက ညာဘက်ဆီကနေ ဆန့်ထွက်လို့လာနေခဲ့သလို လက်မောင်းဆီကိုတက်သွားခဲ့ရင်း ကျန်ရစ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ဆက်တိုက်ဆိုသလို စိမ့်၀င်လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကို ရွှေရောင်အလင်းတန်းတွေနဲ့ နောက်တစ်ကြိမ် ပြန်လည်သန့်စင်လိုက်ပုံပါပဲ။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးကလဲ ဒီတစ်ကြိမ်မှာရွှေရောင်အလင်းတန်းတွေ ဖြာထွက်လို့လာခဲ့ပြီတဲ့နောက် တခဏတာကြာပြီချိန်မှာ ပုံမှန်ပြန်ဖြစ်လို့သွားခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီတဲ့နောက် သူ့ရဲ့ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီ အနောက်ဖက်ကို ယိမ်းယိုင်လို့သွားခဲ့ရတယ်။ အကြီးအကဲရွှမ်က သူ့လဲကျမသွားအောင်ခပ်မြန်မြန်ထိန်းထားနိုင်လိုက်ပေမဲ့ ဟို့ယွိဟောင်ကတော့ အလိုအလောက်ပဲသူညာဘက်လက်ကိုအသုံးပြုပြီး သူ့ကိုယ်သူပြန်မတ်အောင်လုပ်လိုက်ပါတယ်။ သူ့ရဲ့လက်သည်းတွေကလက်ရှိအချိန်မြေပြင်ထဲကို ဖောက်ထွက်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့ တစ်စုံတစ်ရာကိုနားလည်သဘောပေါက်သွားပုံပါပဲ။ သူ့ရဲ့လက်သည်းတွေကို မြေကြီးအပြင်ဘက် ပြန်လည်ဆွဲထုတ်လိုက်ပြီတဲ့နောက် ရွှေရောင်တောက်ပနေတဲ့ လက်၀ါးကိုစိုက်ကြည့်လို့နေခဲ့ပါတယ်။ သူ့ရဲ့စိတ်ကတစ်စုံတစ်ရာကို စဥ်းစားလိုက်ချိန်မှာ လက်သည်းတွေကပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ထူးခြားတဲ့လက်ဖ၀ါးအရောင်က အားလုံးပုံမှန်ပြန်ဖြစ်လို့သွားပါတော့တယ်။ ဒီတစ်ကြိမ်မှသာ သူသက်ပြင်းချမိပါတယ်။
” ယွိဟောင် အဆင်ပြေရဲ့လား ”
စိတ်ပူနေတဲ့၀မ်သုန့်နဲ့အတူ နိုးလာတဲ့ရှောင်းရှောင်းနဲ့နှစ်ယောက်စလုံးက သူ့ဘေးနားရောက်လာခဲ့ပါတယ်။ ရှောင်းရှောင်းကတော့ သူ့ကိုအတော်လေးကျေးဇူးတင်နေခဲ့တယ်။
” ငါတော့မင်းရဲ့၀ိညာဥ်အရိုးကိုခိုးလိုက်မိပြီပဲ ”
” အတန်းခေါင်းဆောင်ဘယ်လိုလုပ်ဒီလိုပြောလို့ရမှာလဲ နင်ကြောင့်သာမဟုတ်ရင် ငါရဲ့လက်မောင်းကတော့ သွားပြီ ”
” မစိုးရိမ်ပါနဲ့ ငါဘာကတိသစ္စာမှပြန်မတောင်းဘူး ”
” လုံး၀ပေါင်းစည်းသွားပြီပဲ အရာအားလုံးအဆင်ပြေသွားတာကိုပဲ ကျေးဇူးတင်ရမယ်…အဲ့ဒီထူးဆန်းတဲ့ဓားထဲမှာရှိတဲ့များပြားတဲ့အသက်စွမ်းအင်ကြောင့်သာမဟုတ်ဘူးဆိုရင် ယွိဟောင်၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိရင်တောင်မှ ဒါကိုအောင်အောင်မြင်မြင်တွန်းလှန်နိုင်မှာမဟုတ်ဘူး…၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ဖြစ်ပါစေ ပိုပြီးမြင့်မားတဲ့သူဖြစ်ရင်တောင် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်စစ်မှန်တဲ့ခန္ဓာကိုယ်ကို အသုံးမပြုပဲနဲ့ ဒီ၀ိညာဥ်အရိုးကို စုပ်ယူဖို့အဆင်မပြေနိုင်ဘူး…ယွိဟောင် မင်းကငါလေးစားရတဲ့ ပထမဆုံးလူငယ်မျိုးဆက်သစ်တွေထဲကသူပဲ ”
အကြီးအကဲရွှမ်က ဒီအချိန်မှာဆက်တိုက်ပြောနေခဲ့ပါတယ်။
” အကြီးအကဲရွှမ် ဒါဆိုရင် ကျွန်တော်တို့တစ်ရက်နားကြမလား ”
သူပြောပြီတဲ့နောက် ချက်ချင်းဆိုသလို လဲကျလို့သွားပါတော့တယ်။ အကြီးအကဲရွှမ် ပြန်ဖြေတာကိုတောင်မစောင့်နိုင်တော့ပါဘူး။ ၀မ်သုန့်က ကမှန်ကတန်းလာပြီ သူ့ကိုတွဲထူးပေးထားရပါတယ်။
လွန်ခဲ့တဲ့ နှစ်ဆယ်လေးနာရီအတွင်းမှာ သူတို့သုံးယောက်အနေနဲ့ များပြားတဲ့ကိစ္စတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် စိတ်ပိုင်ဆိုင်ရာအရလဲ ပင်ပန်းနေသလိုခန္ဓာကိုယ်ကလဲ အတော်ကို မောပန်းပြီအားကုန်နေခဲ့ပါပြီ။ အကြီးအကဲရွှမ်ကလဲ သူတို့နောက်ကိုတစ်ချိန်လုံးလိုက်နေခဲ့ရတာပါ။ အခုလက်ရှိအချိန်အထိ ဒီကလေးတွေရှိနေနိုင်တာ သူရဲ့ထိန်းချုပ်မှုကြောင့်ပါပဲ။
ဒါပေမယ့် နောက်ဆုံးရလာတဲ့ရလဒ်က သုံးယောက်စလုံးအတွက် အံ့ဩစရာကောင်းနေခဲ့ပါတယ်။ ရှောင်းရှောင်းက သူမရဲ့တတိယ၀ိညာဥ်စက်ကွင်းကို ရယူနိုင်ခဲ့ပါပြီ။ ဟို့ယွိဟောင်ကလဲ သူ့ရဲ့တတ်ိယမြောက်၀ိညာဥ်အရိုးကို ရရှိလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ရှားပါးလွန်လှတဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့ညာလက်ဖ၀ါးအရိုးဖြစ်နေခဲ့တဲ့အပြင် ပြင်ပအပို၀ိညာဥ်အရိုးတစ်ခုပါ။
°°°
နေလနိုင်ငံတော်မြို့တော်ကြီး တောက်ပရောင်စဥ်မြို့တော် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် ပုံရိပ်ယောင်အစစ်အမှန်ခန်းမ။
” မင်းသေချာရဲ့လား ”
အနက်ရောင်၀တ်ရုံရှည်ကြီးကို ၀တ်ထားတဲ့လူတစ်ယောက်က ခန်းမအရှေ့မှာရပ်နေရင်း မေးလာခဲ့ပါတယ်။ အဲ့ဒီလူရဲ့ရှေ့မှာတော့ ပိန်ပိန်ရှည်ရှည်လူတစ်ယောက်ရပ်နေခဲ့တယ်။ သူ့ရဲ့အက်ကွဲတဲ့အသံတွေက ခပ်တိုးတိုးထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် ရှည်လျားတဲ့၀တ်ရုံရှည်ကြီးနဲ့အတူ သူခေါင်းပေါ်မှာဆောင်ထားတဲ့ဦးထုပ်ကြီးကို မဖယ်ခဲ့တာကြောင့် သူ့ရဲ့ရုပ်သွင်ကို မမြင်ခဲ့ရပါဘူး။
” သေချာပါတယ်အမျက်ဒေါသကျောင်းတော်ကနေ အခုပဲပြန်လာတာပါ အမှောင်ထုနတ်မီးငှက်ကို စိတ်၀င်စားမယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ် ”
” ဘာဖြစ်လို့မင်းဒါတွေလာပြောနေရတာလဲ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ထဲကို ၀င်ဖို့မလွယ်ဘူးလေ ”
အနက်ရောင်၀တ်ရုံ၀တ်ထားတဲ့သူက အက်ကွဲတဲ့အသံနဲ့ပြောလာခဲ့ပါတယ်။
ကျန်းဟုန်ချန်က သူ့ရဲ့၀၀ဖိုက်ဖိုက်မျက်နှာပေါ်က အဆီတွေတွန့်တက်သွားတဲ့အထိ ပြုံးပြနေခဲ့ပါတယ်။
” မင်းဘာကိုစိုးရိမ်နေလဲငါသိတယ်…အမျက်ဒေါသကျောင်းတော်က ငါတို့တွေးထားတာထက်ကိုပိုပြီးအန္တရာယ်များလွန်တယ်…ဒါ့အပြင် အဲ့ဒီအကြီးအကဲမုက အရှေ့မှာမားမားမတ်မတ်ရှိနေခဲ့တာ သူတို့ရဲ့အဓိကအခြေစိုက်နေရာကြီးကို ၀င်ရောက်တာကကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ထဲက အင်အားရှင်တွေကိုအပြင်ဘက်မျှားထုတ်လိုက်နိုင်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ ”
” ပြောပြစမ်းပါဦး ”
ကျန်းဟုန်ချန်က မျက်မှောင်ကြုတ်လိုက်ပြီတဲ့နောက် သူ့ရဲ့မျက်လုံးထဲကနေ တောက်ပတဲ့အလင်းတန်းတွေက ဖြာထွက်လို့လာပါတော့တယ်။ ဆယ်ငါးမိနစ်နီးပါးလောက်သူစကားပြောနေချိန်မှာတော့ တစ်ဖက်လူက ခေါင်းတညိတ်ညိတ်နဲ့သာ နားထောင်ရင်းစကားတွေအားလုံးကို သဘောတူနေပုံပါပဲ။
” ဒီလိုဖြစ်မယ်ဆိုရင် ငါတို့အခွင့်အရေးက ကောင်းတာပေါ့ အဲ့ဒီအမှောင်ထုနတ်မီးငှက်ရဲ့မျိုးဆက်အတွက်တော့ ပြန်တွေးကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့သခင်မက သူ့ရဲ့နေရာကို လက်ရှိအချိန်အထိ ပြန်မရယူရသေးဘူးလို့ပြောရမယ်…ငါတို့တွေ မြင့်မြတ်သခင်မကို လက်ခံဖို့အတွက် အဆင်သင့်ပြင်ထားရမယ်…ဒါပေမယ့် အားလုံးပြီးသွားအချိန်ငါတို့တွေမင်းကို ထိုက်ထိုက်တန်တန်ဆုချီးမြင့်မှာပါ ”
၀တ်ရုံနက်၀တ်ထားတဲ့သူက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောရင်းတစ်စုံတစ်ရာကို တွေးတောနေခဲ့ပုံရပါတယ်။
°°°°
ထျန်းဟွမ်နိုင်ငံတော်မြို့တော် ထျန်းဟွမ်မြို့
သေးသွယ်တဲ့လူတစ်ယောက်က လမ်းကြိုလမ်းကြားတွေထဲမှာ ဟိုဟိုဒီဒီလျှောက်သွားနေခဲ့ပါတယ်။ ဒါကတော့ထန်ယာ့ပါ ထျန်းဟွမ်နိုင်ငံတော်ရဲ့ဒီမြို့တော်ကြီးကို သူပြန်ရောက်တာတစ်လနီးပါးရှိနေခဲ့ပါပြီ။ လက်ရှိအချိန် အပြုံးအရယ်မရှိသလို အတော်လေးမကျန်းမာလာအောင်လဲ ပိန်ချုံးလို့နေခဲ့ပါတယ်။ ဒါကြောင့် အရင်ထက်ပိုပြီးတော့အားနည်းချို့တဲ့သွားပုံပေါ်ပါတယ်။
ထျန်းဟွမ်နိုင်ငံတော်က သူမမွေးဖွားပြီကြီးပြင်ခဲ့တဲ့နေရာပါ။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကမ္ဘာလောကကြီးထဲမှာ နာမည်မကျော်ကြားသေးတဲ့ မျိုုးနွယ်စုတစ်ခုရောက်ရှိလာခဲ့ပြီ သူမဆီမှာ ရှိရှိသမျှအရာအားလုံးကို ယူဆောင်သွားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာအောင် တောင့်ခံနေပြီတဲ့နောက် ထန်မျိုးနွယ်ကလဲ လုံး၀ပြိုကွဲသွားပြီ ရှင်းထုတ်ခံလိုက်ရတယ်။ သူမရဲ့မိဘတွေလဲ အတူတူပါပဲ။ ဒီအကြောင်းကို တွေးမိပြီတဲ့နောက် စတင်ပြီ မျက်ရည်တွေရစ်၀ဲလို့လာခဲ့ပါပြီ။
” အမေနဲ့ အဖေ ထန်မျိုးနွယ်ကို ဘယ်လိုပဲတန်ကြေးပေးဆပ်ရပါစေ အောင်မြင်အောင်ပြန်လုပ်မယ် ”
ထန်ယာ့က အံကြိတ်ရင်းနဲ့ ကျိန်ဆိုလို့နေခဲ့ပါတယ်။
ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့ကျင့်ကြံမှုတွေ ပြီးဆုံးတဲ့အထိသူမမစောင့်ခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ထဲကနေ ပေ့ပေ့ဘယ်လောက်ပဲတားပါစေ သူထွက်ခွာလာခဲ့ပါတယ်။
ထျန်းဟွမ်နိုင်ငံတော်ကို ပြန်လာပြီတဲ့နောက် အိမ်ငယ်လေးတစ်အိမ်ကို ၀ယ်ယူရင်းနဲ့ ပေ့ပေ့နဲ့ သူမအတူတူရှာခဲ့တဲ့ ငွေကြေးတွေကိုသုံးစွဲလို့နေခဲ့ရတယ်။
သူမရဲ့မူလအစီအစဥ်ကတော့ ဒီထျန်းဟွမ်နိုင်ငံတော်မှာ အခြေစိုက်ဖို့နဲ့ ထန်မျိုးနွယ်အတွက် တပည့်သားတွေကိုပြန်လည်ရှာဖွေဖို့ပါပဲ။ ပေ့ပေ့နဲ့ တခြားသူတွေထျန်းဟွမ်မြို့တော်ကိုမလာခင်အချိန်မှာ ကောင်းမွန်တဲ့နေရာတစ်ခုကို သူမတည်ဆောက်ချင်ခဲ့တယ်။ ဒါမှသာကလေးတွေအနေနဲ့ သင်ကြားမှုပြီးမြောက်မယ်ဆိုရင် ထန်မျိုးနွယ်ကို သူတို့ရဲ့မျိုးနွယ်အဖြစ် ၀င့်၀င့်ကြွားကြွားပြောနိုင်မယ်လို့ တွေးထင်ခဲ့တာပါ။
အပိုင်း ၁၄၀•၃ ပြီး၏။