အပိုင်း ၁၄၀•၁
” ဘ၀တစ်ခုမှာအဆုံးသတ်ဆိုတာ ရှိစမြဲပဲ ”
°°°
သူတို့သုံးယောက်ထဲမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရှိကြပါပြီ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းပဲရှိတဲ့ ၀ိညာဥ်မဟာပညာရှင်ကနေ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲဖြစ်ခွင့်ရတာကကြီးမားတဲ့ကွာခြားချက်ကြီးဖြစ်လာမှာပါ။
၀ိညာဥ်စွမ်းအားတိုးတက်မှုအပြင် သူတို့ရဲ့၀ိညာဥ်စွမ်းရည်တွေကလဲ အရည်အသွေးအရတိုးတက်မှုကြီးမားပါတယ်။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့ အစွမ်းအစက နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းကိုပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်တွေနဲ့ယှဥ်မယ်ဆိုရင် အများကြီးပိုပြီးတော့သန်မာပါတယ်။ ဒါ့အပြင် အနာဂတ်မှာတိုးတက်နိုင်မှုကလဲ ကြီးမားလာမှာပါ။ အထူးသဖြင့်ရှောင်းရှောင်းတို့လိုလူတွေအတွက် ပိုပြီးတော့အခွင့်အရေးကကြီးမားပါတယ်။ သူမရဲ့ ၀ိညာဥ်စက်ကွင်းက အစောပိုင်းထင်ထားတဲ့ကိစ္စတွေထက်ကို အများကြီးပိုပြီးသာလွန်နေခဲ့တာပါ။
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းဖို့သူ့အတွက်တော့ အချိန်နည်းနည်းကြာဦးမယ်ထင်တယ်…ငါတို့တွေ ဒီနေရာမှာစောင့်နေရင်းနဲ့ လေ့ကျင့်ကြရအောင် ”
၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်က ၀ိညာဥ်အရိုးနဲ့ပေါင်းစည်းတဲ့ဖြစ်စဥ်ကို ကြုံတွေ့ပြီသားသူတွေပါ။ ၀ိညာဥ်အရိုးတစ်ခုကို စုပ်ယူဖို့အတွက် အချိန်အတော်လိုတယ်ဆိုတာ သူသိနေခဲ့တယ်။ အထူးသဖြင့် ဟို့ယွိဟောင်ဆိုရင် ၀ိညာဥ်အရိုးနဲ့ပေါင်းစည်းချိန်မှာမခံမရပ်နိုင်လောက်အောင် အေးခဲနာကျင်မှုကို ခံစားခဲ့ရတာပါ။
” ကောင်းပြီလေ ”
၀မ်သုန့်ကပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီနောက် နေရာမှာတင်သူတို့ထိုင်လိုက်ပြီ လက်ဖ၀ါးနှစ်ဖက်ကို အတူပေါင်းစည်းလိုက်ရင်း အဖြူရောင်နဲ့ရွှေရောင်အလင်းတန်းတွေက သူတို့နှစ်ယောက်ဆီကနေ ထွက်ပေါ်လာပါတော့တယ်။ ဟောင်သုန့်စွမ်းအားက စတင်လှည့်ပတ်နေခဲ့ပါပြီ။ အကြီးအကဲရွှမ်ရှိနေတဲ့အတွက် သူတို့ဘာမှစိုးရိမ်စရာမလိုအပ်ပါဘူး။
၀မ်သုန့်ရဲ့ ရွှေအလင်းဘယ်လက်လက်မောင်းအရိုးက လက်ရှိအချိန်မှာ စွမ်းအားအပြည့်အ၀ထုတ်ဖော်ပြသပါတော့တယ်။ သူ့ရဲ့အလင်းစွမ်းအားက ဟို့ယွိဟောင်နဲ့၀မ်သုန့်နှစ်ယောက်ကိုလွှမ်းခြုံထားရင် ပုံမှန်တောက်ပလာခဲ့ပြီ ရွှေရောင်စက်ကွင်းတွေက နှစ်ယောက်စလုံးကို အပြည့်အ၀၀န်းရံသွားပါတော့တယ်။ ၀ိညာဥ်စွမ်းအားတွေရဲ့ လှည့်ပတ်တဲ့အရှိန်နှုန်းကလဲ ပိုမိုမြန်ဆန်လာသလို မိုးကောင်းကင်နဲ့မြေပြင်ရဲ့ အင်အားတွေကိုစုပ်ယူမှုကလဲ အများကြီးပိုပြီးအားကောင်းလို့လာခဲ့ပါတယ်။
အကြီးအကဲရွှမ်ကတော့ သစ်ပင်တစ်ပင်အောက်မှာထိုင်နေရင်း ဒီကလေးတွေကို ချစ်ခင်မြတ်နိုးမှုအပြည့်နဲ့ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ဘာသာသူပြန်ပြီတွေးနေခဲ့တယ်။ အကြီးအကဲမုက လူသစ်ကလေးတွေရဲ့ အဆောင်မှာအမြဲတမ်းထိုင်ကြည့်နေတယ်ဆိုတာ အံ့ဩစရာမရှိပါဘူး။ ငယ်ရွယ်နုပျိုမှုက တကယ်ကောင်းမွန်တဲ့ကိစ္စပါပဲ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ကတရားထိုင်တဲ့အခြေအနေကို ၀င်ရောက်သွားခဲ့ပါပြီ။ ဟောင်သုန့်စွမ်းအားရဲ့ကောင်းမွန်တဲ့ရလဒ်တွေကြောင့် သူတို့ရဲ့ကျင့်ကြံမှုက ပိုမိုမြန်ဆန်လာခဲ့သလို အရှိန်အဟုန်ကလဲကောင်းမွန်လွန်လှပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက်လွှမ်းမိုးကလဲ ၀ိညာဥ်စွမ်းအားတိုးတက်လာမှုလဲ ကြီးမားလို့လာခဲ့ပါတယ်။
ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားတိုးတက်မှုရဲ့ ပိတ်ဆို့မှုအဆင့်တစ်ဆင့်မှာရောက်နေခဲ့တာပါ။ ဒါကြောင့် ၀ိညာဥ်စွမ်းအားတွေကိုစုဆောင်းတာမျိုးက မတတ်နိုင်ခဲ့ပါဘူး။ ၀မ်သုန့်ကတော့ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေဆက်တိုက်တိုးမြင့်လာနေတာကိုခံစားမိပါတယ်။ သူတို့ရဲ့လက်ရှိကျင့်ကြံတဲ့နှုန်းက လေးနက်တဲ့တရားထိုင်မှုကို စတင်ချိန်မှာ ရရှိတဲ့အရှိန်နှုန်းနဲ့ တူညီနေခဲ့တယ်။
အကယ်၍ ဒီအတိုင်းသာနှစ်၀က်လောက်လေ့ကျင့်မယ်ဆိုရင် အဆင့်လေးဆယ်ကိုရောက်ရှိမယ်လို့ ၀မ်သုန့်ယုံကြည်နေခဲ့မိပါတယ်။ သူက အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာ အငယ်ဆုံးသူဆိုတာ မေ့ထားလို့လဲမရပါဘူး။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ အခြေအနေကကောင်းမွန်နေပေမဲ့ ရှောင်းရှောင်းကတော့ အခက်အခဲတွေ့နေခဲ့ပါတယ်။
၀ိညာဥ်အရိုးကသူမရဲ့လက်ဖ၀ါးထဲကို အရည်တွေအဖြစ်နဲ့စီးဆင်းလို့သွားခဲ့ပါပြီ။ ပထမဆုံးသူမသက်သောက်သက်သာရှိပြီ နွေးထွေးနေခဲ့ပေမဲ့ ဒီနွေးထွေးမှုက စတင်ပူပြင်းလာပါတယ်။ သူမရဲ့၀ိညာဥ်စွမ်းအားတွေလှုံ့ဆော်ခံရပြီ ပေါင်းစည်းမှုကို သူမနှောင့်ယှက်လို့မရနိုင်တော့ပါဘူး။ ဒီပူပြင်းလောင်မြိုက်လွန်လှတဲ့ခံစားချက်က အရမ်းကိုပိုဆိုးလာခဲ့ပြီ မီးပုံထဲပြစ်ချစ်ခံရသလိုဖြစ်နေခဲ့ပါတော့တယ်။
ရှောင်းရှောင်းရဲ့ညာဘက်လက်တစ်ခုလုံးက ရွှေအိုရောင်အလင်းတန်းတွေနဲ့ တောက်ပလို့လာခဲ့ပြီ တစ်စုံတစ်ရာသူမရဲ့လက်ဖ၀ါးထဲကနေ ထိုးထွက်နေခဲ့ပါတယ်။ ဒီအပူတွေကြောင့်သူမလဲ ချွေးတွေတစ်စက်စက်စီးကျလာတော့တယ်။ ဒီအတွေ့အကြုံက နှိပ်စက်ခံရတာနဲ့အတူတူပါပဲ။ သူ့ရဲ့လက်ဖ၀ါးတစ်ခုလုံးမီးကင်ခံနေရသလို ခံစားနေခဲ့ရပြီ ဒီခံစားမှုက ညာဘက်လက်မောင်းအထိကို ရောက်ရှိလို့လာပါတော့တယ်။
ရှောင်းရှောင်းလဲစိတ်ထဲမှာ ရယ်သာရယ်နေခဲ့မိပါတယ်။ ဒါက အစောပိုင်းမှာ၀က်၀ံအသားကင်ပူပူတွေကို စားလိုက်မိလို့၀ဠ်ပြန်လည်နေတာလား ဒီတစ်ကြိမ်မှာ အကင်ခံနေရတာသူမဖြစ်နေပါပြီ။ ဒါ့အပြင် အတွင်းထဲကနေ အကင်ခံနေရတာပါ။
ဒီပြင်းထန်တဲ့နာကျင်မှုကြောင့် ရှောင်းရှောင်းကတုန်ရီနေခဲ့ပါတယ်။ မကြာခင်အချိန်မှာပဲ ဒီတုန်ခါမှုက ပိုမိုပြင်းထန်လာခဲ့ပြီ ရွှေရောင်အလင်းတန်းကလဲ ပိုမိုတောက်ပလို့လာပါတယ်။
ရှောင်းရှောင်းရဲ့အခြေအနေကို သတိထားမိပြီချိန်မှာ အကြီးအကဲရွှမ်က သူ့ဘေးနားကိုရောက်လာခဲ့ပြီ ဂရုတစိုက်စစ်ဆေးကြည့်တော့တယ်။
ရှောင်းရှောင်းကတော့ ပိုပြီးပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သလို သူမရဲ့ညာဘက်လက်ထဲကနေ ရုန်းကန်နေတဲ့အသက်စွမ်းအားတစ်ခုထုတ်လွှတ်လာနေတာကို အကြီးအကဲရွှမ်ခံစားမိလိုက်ပါတယ်။ ဒီအရာက တိုက်ခိုက်ဖို့လုပ်နေတာမဟုတ်ပေမဲ့ တစ်စုံတစ်ရာကနေလွှတ်မြောက်ဖို့ရုန်းကန်နေခဲ့တာပါ။ အခွံကနေ ဖောက်ထွက်လို့လုပ်နေတဲ့ ငှက်ကလေးတစ်ကောင်လိုပါပဲ။ ရှောင်းရှောင်းက နောက်ထပ်တောင့်မခံနိုင်တော့မဲ့ပုံပေါ်နေခဲ့ပါပြီ။
” အခြေအနေမကောင်းတော့ဘူး အကြီးအကဲရွှမ် သူ့စိတ်ထဲမှာပြောလိုက်မိပါတယ်။ သူတကယ်ပဲ သတိလက်လွှတ်ဖြစ်သွားခဲ့ပြီ ဒီအရိုးကအင်အားကြီးပေမဲ့ ၀ိညာဥ်အရိုးနဲ့ ၀ိညာဥ်တွေကြားကွာခြားချက်က်ို သူအနည်းငယ်မေ့လျောသွားခဲ့မိပါတယ်။ ၀ိညာဥ်စက်ကွင်းတွေရဲ့အင်အားကို သက်တမ်းနဲ့တွက်ချက်ကြပေမဲ့ ၀ိညာဥ်အရိုးကတော့ အရည်အသွေးနဲ့ကွာခြားမှုဖြစ်ကြတာပါ။ သတ္တ၀ါတစ်ကောင်ထဲကနေရရှိလာတဲ့ ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးဖြစ်ပေမဲ့ ရှောင်းရှောင်းက ၀ိညာဥ်စက်ကွင်းနဲ့ပေါင်းစည်းချိန်မှာ ဘာပြဿနာမှမရှိခဲ့ပါဘူး။ ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းချိန်မှာတော့ ပြဿနာဖြစ်သွားခဲ့ပါပြီ။
ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံက အရမ်းကိုလွှမ်းမိုးမှုကြီးမားပါတယ်။ သူ့ရဲ့၀ိညာဥ်အရိုးကလဲ သူညာဘက်လက်ဖ၀ါးမှာရှိနေတာကြောင့် သေချာပေါက်အရည်အသွေးအမြင့်ဆုံးဖြစ်နေခဲ့မှာပါ။ ဒီ၀က်၀ံရဲ့ကြောက်စရာစွမ်းအားတွေက သူတို့ရဲ့ခြိမ်းခြောက်မှုအားကောင်းလွန်လှတဲ့မျိုးရိုးသွေးသားကနေ ရောက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိအချိန် အဲ့ဒီအစွမ်းထက်လွန်လှတဲ့ သွေးသားရဲ့အင်အားတိုက်ခိုက်မှုကို ရှောင်းရှောင်းခံစားနေခဲ့ရတာပါ။ နောက်ဆုံးတော့လဲ သူမကငယ်ရွယ်လွန်သေးတဲ့၀ိညာဥ်အကြီးအကဲတစ်ယောက်ပါပဲ။
ရှောင်းရှောင်းအနေနဲ့ တတိယ၀ိညာဥ်စက်ကွင်းကို ရရှိပြီးပြီဆိုရင်သူမရဲ့ကျင့်ကြံဆင့်ကလဲ အများကြီးမြင့်တက်လာမှာကို အကြီးအကဲရွှမ် တွေးမိဖူးပါတယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေက ကြောက်စရာအရှိန်အ၀ါတွေကို ထုတ်လွှတ်နေခဲ့တာကြောင့် အစောပိုင်း၀ိညာဥ်အရိုးနှစ်ခုနဲ့ ပေါင်းစည်းမှုကိုအများကြီးပိုပြီး အစွမ်းထက်သွားစေခဲ့တယ်။ ဒါကြောင့် ရှောင်းရှောင်းအနေနဲ့ နှစ်နှစ်ထောင်သက်တမ်းရှိတဲ့ ၀ိညာဥ်အရိုးကိုစုပ်ယူတဲ့အချိန်မှာ ဘာပြဿနာမှမရှိနိုင်ဘူးလို့သူထင်ခဲ့မိတာပါ။ ဒါပေမယ့် အမှန်တရားကတော့ ခါးသိီးပါတယ်။ ၀ိညာဥ်အရိုးကိုစုပ်ယူဖို့လုပ်ရတဲ့ခက်ခဲမှုက သူထင်ထားတာထက်ကို ပိုပြီးကျော်လွန်နေခဲ့ပါပြီ။
” ရှောင်းရှောင်း ခဏလောက်တောင့်ခံထားလိုက်ဦး ”
အကြီးအကဲရွှမ်က ပြောလိုက်ပါတယ်။ ဒီအချိန်မှာ ဘယ်သူမှသူ့ကိုမကူညီပေးနိုင်ပါဘူး။ အောင်မြင်မလား ကျရှုံးမလားဆိုတာက သူ့အပေါ်ပဲမူတည်နေခဲ့မှာပါ။ အပြင်ဘက်မှာရှိတဲ့အင်အားတွေက ဘယ်သူမှနှောင့်ယှက်လို့မရနိုင်ပါဘူး။ ဒီအချိန်မှာ အကြီးအကဲရွှမ်အနေနဲ့ သူမကို၀ိညာဥ်စွမ်းအားတချို့နဲ့ အထောက်အကူပြုထားဖို့ကလွဲပြီ မတတ်နိုင်ပဲရှိနေခဲ့ပါတယ်။ ၀ိညာဥ်အရ်ိုးက အချိန်မရွေးပေါက်ကွဲသွားနိုင်တာပါ။
” ဆရာရေ ကျွန်မလက်ကတော့ အရည်ပျော်တော့မယ်…နောက်ထပ်မတောင့်ခံနိုင်တော့ဘူး ”
ရှောင်းရှောင်းက နာနာကျင်ကျင်နဲ့ အော်ဟစ်နေရင်း လဲကျလို့သွားပါတော့တယ်။ သူမရဲ့ ညာဘက်လက်က ရွံ့ထဲကိုနစ်၀င်လို့သွားခဲ့ပြီ နာကျင်မှုနဲ့ပတ်သက်လို့သူမဘာမှမတုန့်ပြန်နိုင်တော့တဲ့ပုံပါပဲ။
ဒီရွှေရောင်အလင်းတန်းက လက်ရှိအချိန်မှာ ညာဘက်လက်မောင်းကြီးကို ပြန့်လာနေခဲ့ပါပြီ။ ရှောင်းရှောင်းရဲ့တစ်ကိုယ်လုံးကလဲ ပြင်းပြင်းထန်ထန်တုန်ခါနေပါတော့တယ်။
” အခြေအနေမကောင်းတော့ဘူး ၀ိညာဥ်အရိုးက တန်ပြန်တုန့်ပြန်မှုဖြစ်နေပြီ ”
အကြီးအကဲရွှမ်က ချက်ချင်းဆိုသလို ရှောင်းရှောင်းရဲ့ဘေးကိုပြေးသွားခဲ့ရင်း ညာဘက်လက်မောင်းရဲ့ အလင်းတန်းတွေကို ချိတ်ပိတ်လိုက်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ညာဘက်လက်မောင်းက ရုတ်တရက်ဆိုသလို ဘောလုံးကြီးသဖွယ်ဖောင်းပွလို့လာခဲ့ပြီ အထဲမှာရှိတဲ့ စွမ်းအားတွေက ဖောက်ထွက်လို့လုပ်ပါတော့တယ်။
၀ိညာဥ်အရိုးရဲ့ ပြင်းထန်တဲ့တုန့်ပြန်မှုက စုပ်ယူမှုကြောင့်ဖြစ်လာတာပါ။ ဒါကြောင့် တစ်ခုခုမှားယွင်းသွားခဲ့မယ်ဆိုရင် သေနိုင်လောက်တဲ့အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ ၀ိညာဥ်ပညာရှင်အနေနဲ့ ဒီလောက်ကြီးမားတဲ့စွမ်းအားကို မခံနိုင်ဘူးဆိုရင် သေချာပေါက် ၀ိညာဥ်ပညာရှင်ကို တန်ပြန်တိုက်ခိုက်မှာပါ။
ရှောင်းရှောင်းရဲ့ပြင်းထန်လွန်လှတဲ့နာကျင်မှုကြောင့် အော်ဟစ်သံကိုကြားရချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်လဲ နိုးလာပါတော့တယ်။ ဒါပေမယ့် ရှောင်းရှောင်းအခြေအနေကိုမြင်ချိန်မှာတော့ သူတို့လဲအထိတ်တလန့်ဖြစ်ကုန်ကြပါပြီ။
” အကြီးအကဲရွှမ် ရှောင်းရှောင်းဘာများဖြစ်လို့လဲ ”
အကြီးအကဲရွှမ်က မျက်မှောင်ကြုတ်ရင်း ဖြေလာခဲ့တယ်။
” ဒီအရိုးကတအားအင်အားကြီးလွန်တယ်…ရှောင်းရှောင်းအနေနဲ့သူ့ရဲ့လက်ရှိအင်အားကိုမတောင့်ခံနိုင်ဘူး…ဒါကြောင့် အရိုးရဲ့တန်ပြန်တိုက်ခိုက်မှုကို ခံနေရတာ ”
” ဒါဆိုရင် ကျွန်တော်တို့ဘာများလုပ်လို့ရမလဲ ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ ရှောင်းရှောင်းရဲ့လက်မောင်းတစ်ခုလုံးက ဘောလုံးလိုဖောင်နေပြီဖြစ်တာကြောင့် သူမရဲ့အင်္ကျီက အ၀တ်အစတွေတောင်စုတ်ပြဲကုန်ပြီဖြစ်ပါတယ်။
” ဒီအတိုင်းဆက်သွားမယ်ဆိုရင် ငါစိုးရိမ်မိတာ သူ့ရဲ့လက်မောင်းတစ်ခုလုံးက ”
” ဘာဖြစ်တယ်….အကြီးအကဲရွှမ် ကျွန်တော်တို့ဘာမှလုပ်နိုင်တာမရှိတော့ဘူးလား ”
” ဒီအရိုးက အကြီးအကဲရွှမ်ရဲ့ ၀ိညာဥ်စွမ်းအားနဲ့ဖိနှိမ့်ပြစ်လို့မရဘူးလား ”
” မရဘူးအကယ်၍ ငါသာ အတင်းအကြပ်အားသုံးပြီ ဖိနှိမ့်လိုက်မယ်ဆိုရင် သူ့ရဲ့လက်မောင်းပေါက်ကွဲသွားလိမ့်မယ်…ငါဒီလိုလုပ်လိုက်မယ်ဆိုရင် လက်မောင်းကိုဆုံးရှုံးသွားရုံတင်မကဘူး…ဘာမှဆက်လုပ်လို့ရတော့မှာမဟုတ်ဘူး…အကယ်၍ ငါမှာညာဘက်လက်မောင်းအရိုးရှိနေပြီသားကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီ၀ိညာဥ်အရိုးကို ငါလက်ထဲပြန်ရောက်အောင်ညွှန်ပြလို့ရသေးတယ်…ဒါပေမယ့် ငါလုပ်လို့မရဘူး ”
ရှောင်းရှောင်းက အတော်ကိုဖြူဖျော့နေပါပြီ။ သူမရဲ့နာကျင်မှုက တစ်ကိုယ်လုံးကိုပြင်းပြင်းထန်ထန်တုန်ရီနေစေခဲ့ပါတယ်။ အကြီးအကဲရွှမ်ရဲ့ ချိတ်ပိတ်မှုသာမရှိဘူးဆိုရင် သေချာပေါက် သူမတစ်ကိုယ်လုံးဖောင်းကြွနေလောက်ပြီ အသက်အန္တရာယ်လဲရှိနေမှာပါ။
” အကြီးအကဲရွှမ် ဒါဆိုရင်ကျွန်တော်လုပ်ပါရစေ ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။ သူခပ်မြန်မြန်ဆုံးဖြတ်ချက်ချလိုက်ပေမဲ့ သူ့အသံကနေဘယ်လောက်အထိ ဆုံးဖြတ်ချက်ခိုင်မာနေမှန်း သူပြောလို့ရပါတယ်။
လက်ရှိအချိန်မှာ ညာဘက်လက်မောင်းအရိုးမရှိသေးတာ ရှောင်းရှောင်းနဲ့သူသာ ဖြစ်ပါတယ်။ အခုအချိန်မှာ သူ့အနေနဲ့ ကြောက်စရာကောင်းတဲ့စွမ်းအားကို မပိုင်ဆိုင်ထားသေးပေမဲ့ ရှောင်းရှောင်းအနေနဲ့ ညာဘက်လက်မောင်းတစ်ခုလုံးဆုံးရှုံးသွားရမဲ့အခြေအနေကို ဒီအတိုင်းတော့ထိုင်မကြည့်နေနိုင်ပါဘူး။
” ယွိဟောင် မင်းတို့ရဲ့ကျင့်ကြံဆင့်က အဆင့်သုံးဆယ်တောင်မရောက်သေးဘူး ရှောင်းရှောင်းမခုခံနိုင်ရင် မင်းလဲခံနိုင်ရည်ရှိမယ်မထင်ဘူး ”
အကြီးအကဲရွှမ်က အထိတ်တလန့်ပြောလာခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်အရိုးရဲ့စွမ်းအားက အပြင်ကိုထွက်သွားမယ်ဆိုရင် အခုထက်ပိုပြီးကြမ်းတမ်းလာမှာပါ။
အကြီးအကဲရွှမ်ရဲ့စကားကိုကြားချိန်မှာ ဟို့ယွိဟောင်က ရယ်မောရင်း ပြန်ဖြေလိုက်ပါတယ်။
” အကြီးအကဲရွှမ် ကျွန်တော်ကိုယုံပါ ကျွန်တော်အနည်းဆုံးခုနှစ်ဆယ်ရာခိုင်နှုန်းယုံကြည်ချက်ရှိပါတယ်…အကြီးအကဲမုက ကျွန်တော်ဘာတွေဖြစ်ခဲ့လဲဆိုတာ အနည်းနဲ့အများတော့ပြောပြီသားဖြစ်မှာပါ ကျွန်တော်ခန္ဓာကိုယ်က အရမ်းကိုသန်မာပါတယ်…ရှောင်းရှောင်းက ကျွန်တော်တို့ထန်မျိုးနွယ်ရဲ့ ထူးဆန်းကျောက်စိမ်းလက်ကို လေ့ကျင့်ထားပြီးပြီဖြစ်မှာတော့ ကျွမ်တော်တို့အနေနဲ့ အခွင့်အရေးရှိနိုင်သေးတယ်…ဒါ့အပြင် ကျွန်တော်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ကလဲ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ဖြစ်မှတော့ ကျွန်တော်လက်ဖ၀ါးအင်အားက သူ့ထက်ပိုသန်မာတာပေါ့ ဒါကြောင့် သူထက်ပိုပြီးခံနိုင်ရည်ရှိမှာပါ ”
အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကိုကြည့်ရင်း ပြောလာခဲ့မိပါတယ်။
” ကလေး ဒါဆိုရင်ငါနောက်ထပ် အချိန်မဖြုန်းနိုင်တော့ဘူး..ဒိီအရိုးကိုမင်းစုပ်ယူရင်း မင်းအနေနဲ့ အနည်းအများတော့နာကျင်လိမ့်မယ်…အကယ်၍ ငါရဲ့အသက်ကိုပေးရမယ်ဆိုရင်တောင် သေချာပေါက် မင်းပြန်လည်ကောင်းမွန်လာဖို့ ငါကူညီပေးမှာပါ ”
၀မ်သုန့်က ဟို့ယွိဟောင်ကိုစကားနဲ့ဖြောင်းဖျဖို့ကြိုးစားမနေတော့ပါဘူး။ ဒါပေမယ့် နောက်ကနေ သူ့အင်္ကျီလက်ကိုထိထားခဲ့ပါတယ်။
သူတို့တွေက မိတ်ဆွေတွေဖြစ်နေခဲ့ပေမဲ့ ဆွေမျိုးသားချင်းနီးပါးတွေလောက်ကို နီးကပ်တဲ့သူတွေပါ။ ဟို့ယွိဟောင်က ၀မ်သုန့်နဲ့ကျောင်းတော်ထဲမှာအရင်းနှီးဆုံးသူပါပဲ။ ဒါကြောင့် ဟို့ယွိဟောင်အနေနဲ့ ဒီလိုမျိုးစွန့်စားမူလုပ်ချင်တာကို ဘေးကနေထိုင်မကြည့်န်ိုင်ပဲဖြစ်နေခဲ့ပါတယ်။
၀မ်သုန့်ရဲ့စိတ်ကို ဟို့ယွိဟောင်ကနားလည်ပုံမရပါဘူး။ သူအရှေ့ကိုတိုးသွားရင်း ဘယ်ဘက်လက်ကိုခါလိုက်ကာ နောက်ဖက်ကိုလှုပ်ရှားလိုက်တာကြောင့် ၀မ်သုန့်ရဲ့ဆွဲထားမှုကို ဖယ်ရှားလိုက်သလိုဖြစ်သွားပါတော့တယ်။ သူ့ရဲ့ညာဘက်လက်ကတော့ ရှောင်းရှောင်းညာဘက်လက်ကိုသွားပြီ ချိတ်ဆက်လိုက်ပါပြီ။ လက်ချင်ထိမိတာနဲ့ ဟို့ယွိဟောင်တစ်ကိုယ်လုံးတုန်ခါသွားပါတော့တယ်။ အစပိုင်းမှာပူပြင်းမှုကို မခံစားရပေမဲ့ ရှောင်းရှောင်းရဲ့ခန္ဓာကိုယ်ထဲကနေ စီးဆင်းလာနေတဲ့ထူးခြားတဲ့အာရုံတစ်ခုကို သူခံစားမိပါတယ်။
ဒါပေမယ့် ဒီနှစ်တစ်ထောင်သားရဲကောင်နဲ့ စိတ်၀ိညာဥ်စွမ်းအားအရာမှာ ယှဥ်ပြိုင်ဖို့သူမကြောက်ခဲ့ပါဘူး။ အသက်ရှင်သန်နေမယ်ဆိုရင်တောင် မထိတ်လန့်ပဲရှိနေခဲ့ပါတယ်။
” ငါစတော့မယ် ”
အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။
ဟို့ယွိဟောင်ခေါင်းသာညိတ်ပြလိုက်ပြီတော့ အသက်ရှုသွင်းရှုထုတ်မှုကို ထိန်းညှိလိုက်ရင်းသူကိုယ်သူတည်ငြိမ်အောင်လုပ်ပါတော့တယ်။
အပိုင်း ၁၄၀•၁ ပြီး၏။