Switch Mode

Chapter – 99

ခေါင်းစည်း သတင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၉ – ခေါင်းစည်းသတင်း

သူတို့နှစ်ဦးလုံး ပုခုံးချင်းယှဉ်ကာ စားသောက်ဆိုင်ထဲမှ ပြေးထွက်လာခဲ့လိုက်ကြသည်။

ဝှစ်..

ယဲ့ချင်းရုန်လည်း ထို့အတူပင်။ သူမသည် အတောင်ပံကို အသုံးမပြုလျှင်ပင် အတော်လေး လျင်မြန်လှသည်။ သူမသည် ထိုင်ခုံမှ ပျောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စားသောက်ဆိုင်အပြင်ဘက်သို့ ရောက်သွားလေပြီ။

“ချစ်ရတဲ့ မမလေး .. မမလေးချင်းရုန် .. ကျွန်တော့်ကို စောင့်ပါဦး..” တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့သည် သူမနောက်သို့ ချက်ချင်းပင် လိုက်သွားကြလေ၏။ အဘယ်ကြောင့်ဆိုသော် အခြေအနေမကောင်းတော့သည်ကို သူတို့လည်း သိနေသောကြောင့် သူတို့အသက်အတွက် ပြေးရတော့မည်ပင်။

“အဲဒါ ကျန်းလော့ရှန်းလား..” စားသောက်ခန်းထဲမှ လူများ ဆူပူလာကြသည်။ သူတို့သည် ဇာတ်လမ်းကြည့်ရန်အတွက် ဤနေရာသို့ ဝိုင်းအုံလာကြသော်လည်း ထိုနှစ်ယောက်သည် လူအုပ်ထဲမှ ထိုးဖောက်ထွက်နိုင်ခဲ့သည်။

ဤစကိုင်းတာဝါတွင် ၈၈ ထပ်ရှိပြီး ဧည့်သည်အရေအတွက် အတော်လေး များလှသည်။ သို့သော် ဤနေရာသည် ပုံမှန်အားဖြင့် တိတ်ဆိတ်နေကာ နောက်ခံသီချင်းအေးအေးလေးကိုလည်း ဖွင့်ထားကြသည်။

သို့သော် ဤနေရာမှာ ယခုတော့ ရှုပ်ယှက်ခတ်နေ‌ေ လပြီ။ လူများအားလုံး မတ်တပ်ရပ်လိုက်ကြပြီး လည်ပင်ရှည်များဖြင့် ဘေးပတ်လည်ကို ကြည့်ရှုလိုက်ကြသည်။ သူတို့၏ စူးရှသည့်မျက်လုံးများဖြင့်လည်း ကျန်းလော့ရှန်းကို ရှာဖွေနေကြသည်။

“ကျန်း‌လော့ရှန်း ဒီနေရာကို လာခဲ့တာလား..”

“ဟုတ်တယ် .. ငါကိုယ်တိုင် ငါ့မျက်စိနဲ့မြင်ခဲ့တာ .. အဲဒါက ငါတို့ ‘နိုင်ငံ့နတ်ဘုရားမပဲ'” သူတို့ သူမကို ကိုယ်တိုင်တွေ့လိုက်ကြောင်း အချို့လူများ အခိုင်အမာပြောလာကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့ အတော်လေးလည်း နောင်တရနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမမှန်းသိလိုက်ရသည့်အချိန်တွင် သူမ ထွက်သွားလိုက်ပြီဖြစ်သည်။

သူတို့သာ နည်းနည်းစောစောသိခဲ့လျှင် သူမထံမှ လက်မှတ်တောင်းမည်ပင်။ အချို့သူများမှာ ဓာတ်ပုံပင် ရိုက်ကြဦးမည်။

စားသောက်ခန်းထဲမှတိတ်ဆိတ်မှုများမှာ လူအုပ်ကြီး၏ ဆူညံမှုကြား ပျောက်ကွယ်သွားလေပြီ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ငါတို့နတ်ဘုရားမက ဘယ်လိုလုပ် တစ်ခြားယောက်ျားလေးတစ်ယောက်နဲ့ နေ့လည်စာစားမှာလဲ .. သူ အဲဒီလူနဲ့ ဒိတ်နေတာလား..” လူအုပ်ထဲမှ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။

ထိုစားပွဲနား၌ ထိုင်နေသည့်လူများသည် ကျန်းလော့ရှန်းသည် တကယ်ပင် အမျိုးသားတစ်ဦးနှင့် နေ့လည်စာစားနေကြောင်း အမှန်တရားကို ထုတ်ပြောလိုက်သည်။ သူတို့သည် ဒိတ်နေသည့်ပုံပင်။

ဤသည်မှာ သတင်းထူးကြီးပင်။ ဤသတင်းသာ ပြည်သူလူထုကြားထဲ ပျံ့နှံ့သွားပါက မုန်တိုင်းကြီးတစ်ခု ဖြစ်သွားမည်ပင်။

ကျန်းလော့ရှန်းသည် ကျောင်းသူ အရွယ်ကတည်းက ရုပ်ရှင်စရိုက်ခဲ့ပြီး မနှစ်က ဘွဲ့ရခဲ့သည်။ သူမနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှ မထွက်ဖူးသောကြောင့် သူမကို ‘နိုင်ငံ့နတ်ဘုရားမ’ ဟု တင်စားခြင်းပင်။ သူမ၏ သန့်စင်ခြင်းကို သူတို့ ချီးကျူးကြခြင်းပင်။

သို့သော် ယနေ့ကစပြီး ဤကဲ့သို့ ဟုတ်ဟန်မတူတော့။

“တစ်ယောက်ယောက် ဓာတ်ပုံရိုက်လိုက်သေးလား .. ဒါက ဈေးကြီးကြီးရနိုင်တဲ့ သတင်းပဲ .. မြန်မြန် .. သတင်းစာရှင်းလင်းပွဲ မြန်မြန်လုပ် .. ဒါက ခေါင်းစည်းသတင်းကြီး..”

စားသောက်ခန်းမှာ ဆူညံပွက်လောရိုက်နေလေပြီ။

အားလုံး ထွက်ပြေးသွားနိုင်သော်လည်း ရှားချန်းယု ဤနေရာ၌ ကျန်ခဲ့လေသည်။ သူမသည် သန္ဓေပြောင်းလူတစ်ဦး မဟုတ်သည့်အပြင် သူမသည် ပိန်သွယ်ကာ အားနည်းသည့်သူဖြစ်သောကြောင့် သူမ အချိန်ကိုက်ထွက်ပြေးရန် မဖြစ်နိုင်။

သူမ တွင်းတစ်တွင်းတူး၍သာ ပုန်းချင်မိတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမ လူအုပ်ကြီးထဲမှ ထွက်ပြေးရန် ကြိုးစားသည့်အချိန်တွင် စားပွဲထိုးအမျိုးသမီးရောက်လာပြီး သူမကို ပိုက်ဆံရှင်းပေးရန် ယဉ်ကျေးစွာ ပြောလာသည်ပင်။

တစ်ချိန်တည်းမှာပင် သူမနားသို့ လူအုပ်လိုက်ကြီး ရောက်လာကာ သူမသည် ကျန်းလော့ရှန်းနှင့်အတူ ထိုင်နေခဲ့သည့်မိန်းကလေးဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် သူမနှင့်အတူ ဓာတ်ပုံတွဲရိုက်ချင်လာကြသည်။

ရှားချန်းယုမှာ အလွန်ကြောက်ရွံ့နေလေပြီ။ သူမ ပန်းကန်ပြားတစ်ချပ်ကို မြန်မြန်ကောက်ယူလိုက်ပြီး သူမ မျက်နှာကို ကာထားလိုက်သည်။ “ရှက်စရာကောင်းလိုက်တာ..” သူမ ရေရွတ်လိုက်သည်။

“မစ္စ .. မစ္စမရှင်းရသေးပါဘူး..” စားပွဲထိုးမလေးမှာ အတော်‌လေး ဇွဲကောင်းလှသည်။ ရှားချန်းယု သွားသည့်နေရာတိုင်း သူ လိုက်သွားကာ သူမကို ပိုက်ဆံရှင်းပေးရန် ပြောနေလေသည်။

စားသောက်ဆိုင်မန်နေဂျာသည် အပြင်ဘက်မှ ဆူညံသံများကြောင့် ထိတ်လန့်သွားရလေ၏။

“အားလုံးပဲ ကျေးဇူးပြုပြီး သူ့အတွက် လမ်းဖယ်ပေးကြပါဦး .. နည်းနည်းလေး လေးစားမှုရှိပေးကြပါ..” မန်နေဂျာမှာ တည်ငြိမ်လှသည်။ သူသည် လူအုပ်ကြီးကို တွန်းဖယ်ကာ ရှားချန်းယုအတွက် လမ်းရှင်းပေးလိုက်သည်။ ထို့နောက် သူမကို လူတိတ်သည့်နေရာသို့ လိုက်ခဲ့ရန် ပြောလိုက်သည်။

ရှားချန်းယုမှာ အတော်လေးပင် ရှက်နေလေပြီ။ သူမ တဏှာရူးချူဖုန်းကို အပြစ်တင်လိုက်သလို ကျန်းလော့ရှန်းကိုလည်း အပြစ်တင်လိုက်သည်။ ကျန်းလော့ရှန်းက ဘယ်လိုလုပ် သူ့ကို ဒီနေရာမှာ ပစ်ထားခဲ့နိုင်တာလဲ..

“မန်နေဂျာ .. ဒီအမျိုးသမီးက စုစုပေါင်း…” စားပွဲထိုးမလေး ရောက်လာကာ ဘေလ်စာရွက်ကို ပြလိုက်သည်။

ဘေလ်စာရွက်မှ ပိုက်ဆံပမာဏကို မြင်လိုက်ရသည့်အချိန် ရှားချန်းယု မူးဝေသွားရသည်။ ဤသည်မှာ အတော်လေးများသည့် ပမာဏပင်။ သူမ၏ လအနည်းငယ်လုပ်အားခနှင့် ညီမျှနေသည်။

သူမထံတွင် ပိုက်ဆံငွေသားမရှိသကဲ့သို့ ဘဏ်ကတ်ထဲ၌လည်းမရှိ။ ယခုမှ ဘွဲ့ရကာ အလုပ်စလုပ်သည့်သူအနေဖြင့် ပိုက်ဆံကို ရေလိုသုံးနိုင်သည့်နေ့ရက်များမှာ သူမအတွက် နတ်သမီးပုံပြင်များကဲ့သို့ ဖြစ်နေသေးသည်။

“ချီးပဲ..” ရှားချန်းယု တီးတိုးကျိန်ဆဲလိုက်သည်။ သူက ဘာလို့ ပေးရမှာလဲ..

ချူဖုန်းနှင့် ကျန်းလော့ရှန်းတို့မှာ လေပွေတစ်ခုကဲ့သို့ ဓာတ်လှေကားထဲသို့ ဝင်သွားပြီး မြေညီထပ်ကို နှိပ်လိုက်ကြသည်။

ကျန်းလော့ရှန်း ပြေးလာရသည်မှာ သူမ အမျိုးသားတစ်ဦးနှင့် ဒိတ်လုပ်နေသည်ကို တစ်ယောက်ယောက် ဓာတ်ပုံရိုက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

“ရှင်ကဘာလို့ပြေးတာလဲ..” ကျန်းလော့ရှန်း ချူဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ငါက ဘာလို့မပြေးရမှာလဲ.. ဘာပဲဖြစ်ဖြစ် ငါက ငါတို့ ‘နိုင်ငံ့နတ်ဘုရားမ’ရဲ့ ကောင်လေးဆိုတဲ့ စက်ကွင်းထဲ ရောက်သွားပြီလေ .. ငါက အဲဒီခေါင်းစည်းကြီးနဲ့ အဲဒီနေရာမှာ ဆက်နေနေပြီး ငါတို့အတွင်းရေးတွေကို မေးခွန်းထုတ်ခံနေရမှာလား .. ငါ ထုတ်ပြောရမှာ ရှက်တဲ့ကိစ္စတွေကို မင်းသိပါတယ် .. ငါ သေချာပေါက် မပြောနိုင်ဘူး” ချူဖုန်း သာမန်ကာလျှံကာသာ ဖြေလိုက်သည်။

ကျန်းလော့ရှန်း ဤလူကို အံကြိတ်၍ ကြည့်လိုက်သည်။

ဘာအတွင်းရေးလဲ.. သူတို့ကြား၌ တစ်ခုခုဖြစ်ခဲ့သလို လာပြောနေသေးသည်။ “အရှက်မရှိတဲ့ကောင်..” သူမ ကျိန်ဆဲလိုက်သည်။

သို့သော် ကျိန်ဆဲလိုက်လျှင်ပင် သူမ ဒေါသမပြေသေး။ ဤလူ့မျက်နှာကို ပိတ်ရိုက်ချင်သေးသည်။

“ဒီမှာ ဒေါသထွက်မနေနဲ့ .. အဲဒါ ငါပြောတာမဟုတ်ဘူး .. စားသောက်ခန်းထဲကလူတွေ ပြောတဲ့စကား .. မင်း ငါ့ကို မယုံရင်နေ .. ဒါပေမဲ့ မနက်ဖြန်ကျရင် သတင်းစာတိုက်တွေက ငါတို့အကြောင်းကို သူတို့သတင်းစာခေါင်းစည်းမှာ ရေးကြလိမ့်မယ် .. ကြည့်နေလိုက်” ချူဖုန်း ပြောလိုက်သည်။ “ဒီကိစ္စက ဒီလိုမျိုးအဆုံးသတ်သွားရင် ကောင်းတာပေါ့ .. ဒါပေမဲ့ ဒီလိုပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ငါမထင်ဘူး .. ငါက အကြောင်းပြချက်မရှိပဲ လူတွေရဲ့ အမုန်းတွေ၊ မနာလိုမှုတွေ၊ ကျိန်ဆဲမှုတွေကို ခံရဦးမှာ .. ကြည့်ရတာ ကံမကောင်းတဲ့နေရာမှာ ကံအကောင်းဆုံးလူပဲထင်တယ်..” ချူဖုန်း ခေါင်းခါ၍ ပြောလိုက်သည်။

ကျန်းလော့ရှန်း၏ ဆွဲမက်ဖွယ်ကောင်းသည့်မျက်နှာမှာ ယခုတော့ လူသတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေလေပြီ။

ချူဖုန်း သူမကို ထိတ်လန့်တကြား ကြည့်လိုက်ကာ “ဘာဖြစ်လို့လဲ လေဒီ .. မင်း အဆင်ပြေရဲ့လား .. မင်းရဲ့လက်က ဘာလို့ တုန်နေတာလဲ..”

“ကျွန်မရှင့်ကို သတ်မယ်..” ကျန်းလော့ရှန်း အံကြိတ်၍ ပြောလိုက်သည်။ သူမ လက်တုန်လာရခြင်းမှာ သူမ ဒေါသကြောင့်ပင်။ သူမ၏နူးညံ့သည့်လက်မှာ ယခုတော့ ပေါက်စီလုံးကဲ့သို့ ကြီးမားနေလေပြီ။

ခဏကြာပြီးနောက် သူတို့ မြေညီထပ်သို့ ရောက်လာသည်။

ချူဖုန်း ထွက်ပြေးတော့မည့်အချိန်တွင် ကျန်းလော့ရှန်း သူ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီး “မပြေးနဲ့ မကောင်းတဲ့ကောင် .. ကျွန်မ ရှင့်ကို ဘယ်လိုစာရင်းရှင်းမလဲဆိုတာ စောင့်ကြည့်ထားလိုက်..”

“ဟေး ယောက်ျားလေးနဲ့ မိန်းကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မထိသင့်ဘူးဆိုတာ မင်းအဖေ မင်းကို မသင်ထားဘူးလား..” ချူဖုန်း ပြောလိုက်သည်။

“ကျွန်မနောက်လိုက်ခဲ့..” သူမသည် ချူဖုန်းကို ဆွဲပြီး အလွန်လျင်မြန်စွာ ပြေးသွားလိုက်သည်။

“ဟေး .. မြန်လွန်းတယ် .. ငါ မပြေးနိုင်တော့ဘူး .. မပြေးနိုင်တော့ဘူး .. မင်း ငါ့ကို ကျောပိုးသွားလိုက်တော့..” ချူဖုန်း တမင်သက်သက် မောပန်းသည့်ပုံ လုပ်လိုက်သည်။

“ရှင့်ကို ကျောပိုးရမယ်ဟုတ်လား .. ရှင့်ကို ကျွန်မရဲ့ သွေးစွန်းနေတဲ့လက်နဲ့သယ်သွားဖို့ ဘာလို့မပြောလဲ..” ကျန်းလော့ရှန်းသည် ထိုသို့ပြောပြီးနောက် ချူဖုန်းကို လမ်းဘေးရှိ စတိုးဆိုင်တစ်ခုထဲသို့ အကြမ်းပတမ်း ဆွဲခေါ်သွားလိုက်သည်။

သူတို့နှစ်ဦး ဆိုင်ထဲသို့ ရောက်လာသည်နှင့် ကျန်းလော့ရှန်းသည် ဆိုင်ပိုင်ရှင်ရှေ့တွင် သူမ လက်ချောင်းများကို ချိုးပြလိုက်လေသည်။ ဆိုင်ပိုင်ရှင်မှာ ချက်ချင်းပင် မေ့လဲသွားလေ၏။

ယခုတော့ သူမ ချူဖုန်းနှင့်စာရင်းရှင်းရန် အသင့်ဖြစ်နေလေပြီ။ “သွားသေလိုက်တော့ .. အရှက်မရှိတဲ့နှာဗူးကောင်..” သူမ ကျိန်ဆဲလိုက်သည်။

ဘုန်း .. ဘုန်း .. ဘုန်း..

ကျန်းလော့ရှန်းသည် သူမ ပြိုင်ဘက်အား ပြင်းထန်စွာ တိုက်ခိုက်နေလျှင်ပင် ကျက်သရေရှိနေသေးသည်။ သူမသည် သိမ်မွေ့သည့်ငန်းတစ်ကောင်ကဲ့သို့ လှုပ်ရှားနေသော်လည်း သူမ စွမ်းအားမှာ ထူးခြားလှသည်။ ချူဖုန်းသာ သူမ၏ထိုးနှက်ချက်များကို တောင့်ခံနိုင်လိမ့်မည်ထင်သည်။ သူမ၏လက်သီးချက်များမှာ သန္ဓေပြောင်းများကို စက္ကန့်ပိုင်းအတွင်း လဲကျသွားစေနိုင်သည်။

သို့သော် ရလဒ်မှာ သူမ မထင်ထားသည့်ရလဒ်ဖြစ်နေသည်။ တဏှာရူးတစ်ကောင်မှာ ဘာမှမလုပ်နိုင်လောက်ဟု သူမ ထင်ခဲ့သော်လည်း အမှန်တရားမှာ ပြောင်းပြန်ဖြစ်နေသည်။ နောက်ဆုံးတွင် အရေးနိမ့်သွားသည့်သူမှာ သူမ ဖြစ်နေသည်။

“ဘာဖြစ်နေတာလဲ..”

အကြားအမြင်နှစ်ကောင်မှာ သူတို့နာမည်နှင့်လိုက်ဖက်လှသည်။ သူတို့သည် ချူဖုန်း ချန်ထားခဲ့သည့် သဲလွန်စများကို အနံ့ခံကာ သူ့နောက် လိုက်လာနိုင်ခဲ့ကြသည်။

သူတို့ တံခါးဖွင့်လိုက်သည့်အချိန်မှာ ချူဖုန်းလက်ထဲ ကျန်းလော့ရှန်းအား ဖမ်းထားသည့်အချိန်နှင့် ကွက်တိပင်။

“ဘုရားရေ .. ငါကတော့ ခေါင်းဆောင်ကို အရမ်းလေးစားသွားပြီ .. ခေါင်းဆောင်က တကယ်ကို ဒဏ္ဍာရီတွင်မယ့်ပုဂ္ဂိုလ်ပဲ .. ခေါင်းဆောင်နဲ့ ကျန်းလော့ရှန်းက ဒီလောက်ဆက်ဆံရေးကောင်းမှန်း ကျွန်တော် မသိခဲ့ဘူး .. ခေါင်းဆောင်တို့နှစ်ယောက် ဘယ်လောက်တောင် နီးကပ်နေလိုက်သလဲ ကြည့်လိုက်ဦး .. လူတွေအများကြီးရှိနေတဲ့ လူမြင်ကွင်းမှာတောင် ထိတွေ့နေကြတယ် .. ဒါက သတင်းခေါင်းစည်းနဲ့ မထိုက်တန်ဘူးလား..” နားရွက်ကြီးကြီးနှင့် ယုယန်ချင်း အော်ပြောလိုက်သည်။ ထို့နောက် သူသည် ဖုန်းထုတ်လိုက်ကာ ကင်မရာကိုနှိပ်လိုက်လေသည်။ ချလပ်…

ချူဖုန်းနှင့် ကျန်းလော့ရှန်း ချက်ချင်း လူချင်းခွဲလိုက်သည်။

“ကျွန်တော့်ရဲ့ နတ်ဘုရားမလေး .. ကျွန်တော်အခု ဘယ်လောက်တောင် ဝမ်းနည်းနေလဲသိလား.. ဟူး..” တောက်ပသည့်မျက်လုံးများနှင့် တိဟွိုင်ကျင်း သက်ပြင်းချလိုက်သည်။ သူသည် လက်မှတ်ပင် မတောင်းတော့။

ကျန်းလော့ရှန်းမှာ သတိလစ်မတတ်ကို ဒေါသထွက်နေပြီဖြစ်သည်။ ဒီလူတွေက ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်သလဲ..

သူမ ဤနေရာမှ မြန်မြန်ထွက်သွားချင်နေလေပြီ။ ချူဖုန်း၏ ခွန်အားနှင့် စွမ်းအားမှာ သူမကို ထိတ်လန့်သွားစေခဲ့သည်။ ဤလူ ဤမျှထိ အားကြီးနေလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဘောဓိမှ လူများကိုလွှတ်ကာ သူ့ကို အရင်စုံစမ်းစစ်ဆေးရမည်။ ပြီးမှ သူနှင့် ထပ်တွေ့ရမည်။

“ကျွန်မပစ္စည်းတွေ ပြန်ပေး..” ကျန်းလော့ရှန်း လက်ဆန့်ထုတ်ကာ တောင်းလိုက်သည်။

ချူဖုန်းသည် မက်စ်နှင့် နေကာမျက်မှန်ကိုချွတ်ပြီး ကမ်းပေးလိုက်သည်။ “ငါ မင်းသုံးတဲ့ရေမွှေးကိုကြိုက်တယ် .. အနံ့က တော်တော်လေး မွှေးတယ်”

ကျန်းလော့ရှန်းမှာ တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။ ဘာရေမွှေးလဲ.. သူမ ယနေ့ရေမွှေးမသုံးထား။ ထိုလူ လက်ထဲကိုင်ထားသည့်ပစ္စည်းများကို ကြည့်ပြီး သူမ လက်ပြန်ရုတ်လိုက်သည်။

သူမ ဤပစ္စည်းများကို မထိချင်တော့။ ဤတဏှာရူးထိထားသည့်ပစ္စည်းများမှာ ရွံစရာကောင်းသည်။ သို့သော် ဤပစ္စည်းများမရှိလျှင် သူမကို လူများ မှတ်မိသွားလိမ့်မည်။ သူမ လမ်းတစ်လျှောက်လုံး မြင်းရိုင်းတစ်ကောင်ကဲ့သို့ ပြေးသွားနိုင်မည်မဟုတ်။

“ကျွန်တော် နတ်ဘုရားမအတွက် အသစ်တစ်ခု ဝယ်ပေးပါရစေ..” တိဟွိုင်ကျင်း ပြောလိုက်သည်။

“မလိုဘူး..” သူမသည် အသန့်ကြိုက်သည့်သူ။ သူမပစ္စည်းများအား အခြားအမျိုးသားများထိမည်ကို မလိုချင်။

ယဲ့ချင်းရုန် ပြုံးလိုက်ကာ “အဲဒါဆို ကျွန်မ ဝယ်ပေးမယ်”

စကိုင်းတာဝါ၏ ၈၈ ထပ်တွင် မန်နေဂျာသည် ယနေ့ ကျသင့်သမျှကို လျော်ပေးလိုက်လေ၏။ သူမ ဤအမျိုးသမီးလေးကို ခက်ခဲအောင် မလုပ်ချင်။

သူမသည် ကျန်းလော့ရှန်း၏သူငယ်ချင်းဖြစ်ကြောင်း သူသိသည်။ ပိုက်ဆံလေးနည်းနည်းလေးအတွက်နှင့် သူမ သူငယ်ချင်းကို အရှက်ရအောင် လုပ်မည်ထက် သူ နာမည်ကောင်းသာ ယူလိုက်မည်။ ထို့အပြင် ကျန်းလော့ရှန်းသည် ဤနေရာကို ကြိုက်နှစ်သက်သည်ဟု သတင်းလွှင့်ကာ ပိုက်ဆံဝင်လာအောင် သူလုပ်နိုင်သည်ပင်။

နောက်ဆုံးတွင်တော့ မန်နေဂျာသည် သူကိုယ်တိုင် ရှားချန်းယုကို မြေညီထပ်သို့ လိုက်ပို့ပေးလိုက်လေ၏။

“ရှင်က အရမ်းကြင်နာတတ်တာပဲ .. ကျေးဇူးအများကြီး တင်ပါတယ်..” ရှားချန်းယု ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ချက်ချင်း လှည့်ထွက်ကာ ပြေးသွားလိုက်သည်။

ရှားချန်းယုသည် ပြေးနေရင်းဖြင့် ကျန်းလော့ရှန်းကို ဖုန်းဆက်လိုက်သည်။

“ကျန်းလော့ရှန်း .. နင်က မကောင်းတဲ့အဖော်ပဲ .. နင် အခု ဘယ်မှာလဲ .. နင်ဘာလို့ ငါ့ကိုတစ်ယောက်တည်း ထားခဲ့တာလဲ .. နင့်ရဲ့ ဖန်တွေက နင့်ကို မတွေ့တာနဲ့ ငါ့ကို ဓာတ်ပုံလာရိုက်ကြတယ် .. ငါ့ကို အဲဒီလူတွေ ဝိုင်းအုံကြည့်တာကို ခံခဲ့ရပြီးတော့ .. အဲဒီစားပွဲထိုးအမျိုးသမီး .. အဲဒီစားပွဲထိုးအမျိုးသမီးက ငါ့ကို စားပြီးထွက်ပြေးတဲ့သူလို့ ထင်သွားတာ .. ဒီနေ့ ငါ ဘယ်လောက်တောင် အရှက်ကွဲခဲ့လဲဆိုတာ နင်သိလား..”

၁၅ မိနစ်ကြာပြီးနောက် ကျန်းလော့ရှန်း ရှိနေသည့် စတိုးဆိုင်ထဲသို့ သူမ ရောက်သွားသည်။

ချူဖုန်းလည်း ထိုနေရာ၌ ရှိနေသည်။ သူ့ဘေးတွင် ထိုဆူညံနေသည့်ခွေးကောင်နှစ်ကောင်ရှိနေသေးသည်။ အားလုံး ဤနေရာ၌ လူစုံနေသည်ပင်။

“နင် တဏှာရူးကောင် .. ငါနင်နဲ့ တိုက်ခိုက်မှာ..” ရှားချန်းယုသည် တုံ့ဆိုင်းခြင်းမရှိပဲ ချူဖုန်းကို ထိုးပစ်လိုက်သည်။ သူတို့ စတွေ့ကတည်းက သူမ ကံဆိုးနေသည်ပင်။

“ဟေး မိန်းကလေး .. တဏှာရူးဟုတ်လား .. ငါ မင်းကို ဘာလုပ်လို့လဲ .. မင်း စားပြီးထွက်ပြေးလို့ရတယ် .. ဒါပေမဲ့ တစ်ခြားသူတွေနဲ့ စကားပြောရင်တော့ စကားလုံးကို သေချာလေး ရွေးချယ်သင့်တယ် မိန်းကလေး” ချူဖုန်း သူမ အနာကို ဆွလိုက်သည်။

သူနှင့် ကျန်းလော့ရှန်း ဖုန်းထဲ၌ စကားပြောနေသည်ကို သူ ချောင်းနားထောင်ထားသောကြောင့် သူမနှင့် စားပွဲထိုးမလေး၏အဖြစ်အပျက်ကို သူ သိလိုက်ရသည်ပင်။

ချူဖုန်း၏ စကားများမှာ သူမအနာကို တကယ်ထိသွားသည်ပင်။ ထိုရှက်စရာကောင်းသည့် အခိုက်အတန့်ကို ပြန်စဉ်းစားမိသည်နှင့် သူမ ဒေါသထွက်လာသည်။ သူမ၏ ငွေ့ရည်ဖွဲ့နေသည့်မျက်ဝန်းများမှာ မီးတောက်တော့မတတ် ဖြစ်နေလေပြီ။

“စိတ်အေးအေးထားပါ ညီမလေး .. မင်းရဲ့ဘေလ်ကို စက္ကန့်ပိုင်းအတွင်း ငါဖြေရှင်းပေးမယ် .. ငါကျွေးတယ်လို့ သဘောထားလိုက်” ယုယန်ချင်း သူမကို စကားလုံးများဖြင့် နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

“ထွက်သွားလိုက်စမ်း နားရွက်ကြီးနဲ့ မကောင်းဆိုးဝါး..” ရှားချန်းယု သူ့နောက်ကျောကို ထုရိုက်ပစ်ချင်မိသည်။ စားသောက်ခန်း၌ ဤနားရွက်ကြီးကြီးနှင့် လူထူးဆန်းကြီး စကားများကို လက်လွတ်စပယ် မပြောခဲ့ပါက သူမ ဤကဲ့သို့ အခြေအနေဆိုးနေမည်မဟုတ်။

ကျန်းလော့ရှန်း ရှေ့လျှောက်လာကာ သူမကို ဤလူအုပ်နှင့်ဝေးရာသို့ ခေါ်သွားလိုက်သည်။ သူမ ဤအရူးများနှင့် အချိန်ဖြုန်းလေလေ သူမ ပို၍ ဒေါသထွက်လေလေသာ ဖြစ်လိမ့်မည်။ သူမ သူတို့နှင့် ဝေးဝေးနေလျှင် အကောင်းဆုံးပင်။

ယဲ့ချန်းရုန် အထုပ်တစ်ထုပ်နှင့် ဆိုင်ထဲဝင်လာသည်။ ထိုအထုပ်ထဲတွင် မျက်မှန်တစ်လက်နှင့် မက်စ်တစ်ခု ပါသည်။ “ရော့ .. ငါနင့်အတွက် ဝယ်ပေးခဲ့တာ..” သူမ ကျန်းလော့ရှန်းကို ကမ်းပေးလိုက်သည်။

ကျန်းလော့ရှန်းသည် ဘယ်တုန်းကမှ ဤကဲ့သို့ ကသိကအောင့်မဖြစ်ဖူး။ သူမသည် မက်စ်နှင့် မျက်မှန်ကို မြန်မြန်တပ်လိုက်ကာ သူမ၏ နတ်ဘုရားမပုံစံသို့ ပြန်သွားလိုက်သည်။

ကျန်းလော့ရှန်း တိဟွိုင်ကျင်းကို ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ လက်မောင်းကို တောင်းနေသည့်အချိန်က သူ့မျက်ဝန်းများ တောက်ပနေသည်မှာ အတုအယောင်နှင့်မတူ။

“ရှင်တို့တွေက ဘာအလုပ်လုပ်ကြတာလဲ..” သူမ တိဟွိုင်ကျင်းကို မေးလိုက်သည်။

“ငါတို့က ဘာလုပ်ရမှာလဲ.. ငါတို့က သရုပ်ဆောင်တွေလေ .. သရုပ်ဆောင်တွေက ဘာလုပ်မှာလဲ..” ချူဖုန်း မေးခွန်းကို အရင်ဖြေလိုက်သည်။ သူ လုပ်နေသည့်အလုပ်ကို ပြောပြလိုက်၍ သူ့အတွက် ဘာမှမဖြစ်သွားသော်လည်း ကျန်းလော့ရှန်းကိုတော့ အနည်းငယ် ခက်ခဲအောင် လုပ်ချင်သည်။

ချူဖုန်း သရုပ်ဆောင်ဟု ပြောလိုက်သည်နှင့် တိဟွိုင်ကျင်း အသိပြန်ဝင်လာသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့ တကယ်ကို ရုပ်ရှင်တစ်ကား ရိုက်ခဲ့ကြသည်ပင်။

“ကျွန်တော် ပြောပြမယ် နတ်ဘုရားမ .. ပြီးခဲ့တဲ့ရက်တွေတုန်းက ကျွန်တော်တို့ အောင်မြင်မယ့် ရုပ်ရှင်ကားတစ်ကား ရိုက်ခဲ့တယ် .. ဒါက ကျွန်တော်တို့သမိုင်းမှာ ထူးခြားတဲ့ရုပ်ရှင်ဖြစ်မှာ .. ရုပ်ရှင်က ကျွန်တော်တို့ခေတ်ရဲ့ ခမ်းနားမှုကို ရိုက်ထားတဲ့ကား .. ဇာတ်ကားကို ရှေးခေတ်ဒဏ္ဍာရီတွေနဲ့ ခေတ်သစ်ပုံပြင်တွေကို ပေါင်းထားတာ .. ဇာတ်ဆောင်က ရှေးခေတ်က အားလုံးကိုအနိုင်ယူနိုင်တဲ့ ပညာရှိတစ်ယောက် .. ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ ကျွန်တော်သိတယ် .. ပြီးတော့ နတ်ဘုရားမ မစောင့်နိုင်တော့ဘူးဆိုတာ ကျွန်တော်သိတယ် .. ဒါပေမဲ့ နတ်ဘုရားမ စောင့်စရာမလိုတော့ပါဘူး .. ဇာတ်ကားကို မကြာခင်မှာ ပြတော့မှာ .. ဒီဇာတ်ကားကို အသက်အရွယ်မျိုးစုံ၊ လူတန်းစားမျိုးစုံ၊ ကျားမ မရွေး ကြည့်သင့်တယ် .. ရုံဝင်ငွေတွေလည်း အများကြီးရလာမှာ..”

အမှန်တကယ်တွင် ဤစကားလုံးများမှာ ဒါရိုက်တာ ကျိုးရိထျန်း၏ စကားလုံးများပင်။

ဘေးဘက်တွင် ရပ်နေသည့် ရှားချန်းယုကတော့ ဤလူကို ပိတ်ရိုက်ပစ်ချင်နေလေပြီ။ ဤလူများမှာ အတူတူပင်။ အလိမ်အညာစကားများပင် တစ်ယောက်နှင့်တစ်ယောက်တူနေသည်။

ယုယန်ချင်း စကားဖြတ်ပြောလိုက်သည်။ “ဟုတ်တယ် နတ်ဘုရားမ .. ဒီရုပ်ရှင်ထွက်လာတဲ့အချိန်ကျရင် အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မယ် .. စောင့်ကြည့်ထားလိုက် .. အခု ကျွန်တော်တို့လည်း ရုပ်ရှင်ရိုက်နေပြီဆိုတော့ ကျွန်တော်တို့က လောကတစ်ခုထဲက လူတွေလို့ သတ်မှတ်လို့ရသွားပြီ” သူက ပို၍ပင် အရှက်မဲ့သေးသည်။

ဝှစ်..

ကျန်းလော့ရှန်း ဤသည်ကို ဆက်သည်းမခံနိုင်တော့။ ရှားချန်းယုကိုခေါ်ကာ သူမ ထွက်ပြေးသွားလိုက်သည်။

နတ်ဘုရားမကို ဤကဲ့သို့ ထွက်ပြေးအောင်လုပ်နိုင်သည့်သူမှာ ရှားပါးလှသည်။

“ကျန်းလော့ရှန်း .. မင်းရဲ့ လူထုဆက်သွယ်ရေးမန်နေဂျာကို ပြောပြီးတော့ ဒီကိစ္စတွေကို ရှင်းလိုက်ဦး .. မနက်ဖြန်ခေါင်းစည်းသတင်းမှာ ငါ့နာမည်ကို မမြင်ချင်ဘူးနော်.. ငါက တစ်ကိုယ်တည်းသမား .. ငါ ကောင်မလေး ရှာရဦးမှာ..” ထွက်ပြေးသွားသည့်လူရိပ်ကိုကြည့်ပြီး ချူဖုန်း အော်ပြောလိုက်သည်။

သူ့စကားများ ကြားလိုက်သည်နှင့် ကျန်းလော့ရှန်း ယိုင်သွားရသည်။ သူမသည် ချူဖုန်းကို ပုခုံးကျော်၍ ကြည့်လိုက်ပြီးနောက် ရှားချန်းယုကို လက်ဆွဲကာ ဤနေရာမှ ပြေးထွက်သွားကြလေသည်။

အပိုင်း ၉၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset