အပိုင်း ၁၃၇•၂
” ကြယ်တာရာသစ်တောထဲကို ထပ်မံ၀င်ရောက်ခြင်း ”
°°°
ရှောင်းရှောင်းကိုအလယ်မှာထားရင်း ၀မ်သုန့်နဲ့ဟို့ယွိဟောင်နှစ်ယောက်က သူ့ရဲ့ဘယ်ညာမှာနေရာယူလိုက်ကြပါတယ်။ သူတို့သုံးယောက်က သေးငယ်တဲ့တြိဂံပုံသဏ္ဍာန်နဲ့ ဆက်တိုက်လျှောက်လာနေရင်း သစ်တောထဲကို ဖြည်းဖြည်းချင်း၀င်ရောက်လာခဲ့ပါပြီ။ လေထုကအရမ်းကို သန့်စင်နေခဲ့ပြီ စိုစွတ်လို့နေပါတော့တယ်။ သစ်တောထဲကို လျှောက်လာတဲ့လမ်းတစ်လျှောက်မှာ သူတို့ခန္ဓာကိုယ်ကို ပြိုင်ဘက်ကင်းတဲ့အင်အားတချို့က အာဟာရဖြည့်တင်းပေးလိုက်သလိုမျိုး ခံစားလိုက်ရတော့တယ်။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို ချက်ချင်းဆိုသလို အသက်သွင်းလိုက်ပြီ သူတို့ရဲ့ပတ်ပတ်လည်မီတာနှစ်ရာအထိကို ထိန်းထားပါတော့တယ်။ သူတို့ရဲ့စိတ်ထဲကိုပုံရိပ်ယောင်တွေက ၀င်လာခဲ့ပါပြီ။ အရာတွေအားလုံးက အရမ်းကိုအသေးစိတ်ကြနေခဲ့တယ်။ အရောင်မပါတာကလွဲပြီ ကျန်တဲ့ချွင်းချက်ကမရှိခဲ့ပါဘူး။
သူတို့ကိုစောင့်ကြည့်နေတဲ့ အင်အားနည်းတဲ့၀ိညာဥ်သားရဲကောင်တွေက နေရာအပြည့်ပါပဲ။ ဒါ့အပြင် ဒီသုံးယောက်အနားကပ်လာမှာကို ကြောက်နေတဲ့အတိုင်းဝေးဝေးရှောင်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့တယ်။ ဒီနှစ်ရက်အတွင်းခရီးသွားလာတဲ့လမ်းတစ်လျှောက်မှာ သစ်တောထဲရောက်တာနဲ့ ဘယ်လိုလုပ်မလဲဆိုတာ အစကထဲကပစ်မှတ်ချထားပြီးသားပါ။
ဟို့ယွိဟောင်က အော်ဟစ်ဟိန်းဟောက်သံတချို့ကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ထဲကနေ တောက်ပတဲ့မီးအနီရောင်အလင်းတန်းကလဲ ထွက်ပေါ်လာခဲ့ပါပြီ။ အင်အားကြီးတဲ့အရှိန်အ၀ါက အပြင်ကိုဆန့်ထွက်လို့သွားတာကြောင့် အဆင့်နှိမ့်တဲ့၀ိညာဥ်သားရဲကောင်တွေအားလုံးက ကြောက်လန့်တကြားဖြစ်ကုန်ပြီ နေရာအနှံ့အပြားကိုထွက်ပြေးကုန်ကြပါတော့တယ်။
ဟို့ယွိဟောင်က နှစ်တစ်ထောင်မီးလျှံခြင်္သေ့ရဲ့အရှိန်အ၀ါကိုတုပပြီ အသုံးချလိုက်တာပါ။ အပြင်နယ်မြေမှာရှိတဲ့အင်အားကြီးသားရဲကောင်တွေဆိုတာက ဆယ်နှစ်၀န်းကျင်သားရဲကောင်တွေသာဖြစ်ပါတယ်။ ဒါကြောင့် နှစ်တစ်ထောင်သားရဲကောင်ရဲ့ကြောက်စရာအငွေ့အသက်ကိုရချိန်မှာတော့ သူတို့တွေထိတ်လန့်ကုန်ကြတော့တယ်။ ဒါကြောင့် အထဲကို၀င်ရောက်ဖို့အတွက် အချိန်ကုန်သက်သာသွားခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုနဲ့ ပုံစံတူတုပမှု၀ိညာဥ်စွမ်းရည်နှစ်ခုက အရမ်းကိုအံ့ဖွယ်ရာကောင်းတဲ့လက်နက်တွေနဲ့ တူညီနေခဲ့ပါတယ်။ သူတို့သုံးယောက်က တစ်နာရီနီးပါးမှာ ဘာအနှောင့်အယှက်မှမရှိပဲနဲ့ အရှေ့ကိုအေးအေးဆေးဆေးဆက်သွားနိုင်ခဲ့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့ပုံစံတူတုပမှုကို အသုံးချရင်း နှစ်တစ်ထောင်မီးလျှံခြင်္သေ့ရဲ့ အရှိန်အ၀ါကို ဆက်တိုက်ထုတ်လွှတ်နေခဲ့တာပါ။ သူ့ရဲ့လှုပ်ရှားမှုမှာနက်ရှိုင်းတဲ့အဓိပ္ပါယ်လဲရှိပါတယ်။ သူတို့ရှာဖွေရမဲ့၀ိညာဥ်စက်ကွင်းက အနည်းဆုံးနှစ်တစ်ထောင်၀ိညာဥ်ရှိမှဖြစ်မှာပါ။ ဒါ့အပြင် အနည်းဆုံးသူတို့အတွက် နှစ်သုံးထောင်ရှိတဲ့သားရဲကောင်တွေမှာသာ သူတို့အတွက် သင့်တော်ပါလိမ့်မယ်…မီးလျှံခြင်္သေ့က အံ့ဩစရာကောင်းတဲ့တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့နှစ်တစ်ထောင်သားရဲကောင်ပါပဲ။ ဒါကြောင့် သူ့ကိုကြောက်လန့်တဲ့၀ိညာဥ်သားရဲကောင်တွေက သင့်တော်တဲ့ပစ်မှတ်မဖြစ်နိုင်ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေက မကြောက်လန့်ပဲပြန်တိုက်ခိုက်ဖို့လုပ်မယ်ဆိုရင် သူတို့အတွက် သင့်တော်တဲ့ပစ်မှတ်ဖြစ်လာပါလိမ့်မယ်။
” ခဏနားရအောင် ဟို့ယွိဟောင် ”
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
ခရီးလမ်းတစ်လျှောက်မှာ ၀မ်သုန့်နဲ့ ရှောင်းရှောင်းနှစ်ယောက်က အေးအေးဆေးဆေးလာခဲ့ကြတာပါ။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေကို ဆက်တိုက်အသုံးပြုထားတဲ့အတွက် စွမ်းအင်ကုန်ဆုံးမှုကလဲ များပြားပါတယ်။
အချိန်တိုင်းလိုလိုအင်အားအပြည့်အ၀ရှိနေမှဖြစ်မှာကိုနားလည်တဲ့အတွက် ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သင့်တော်တဲ့နေရာတစ်ခုကိုရှာရင်း အနားယူဖို့လုပ်ကြတယ်။
” ငါတို့ဒီနေရာမှာနားမယ် ”
ဟို့ယွိဟောင်ကပြောရင်းအချက်ပြလိုက်ပါတယ်။
၀မ်သုန့်က သူ့ဘေးနားကိုရောက်လာပြီ ဟို့ယွိဟောင်ရဲ့ပုခုံးကို ဘယ်ဘက်လက်နဲ့ထိလိုက်ပါတယ်။ ဟောင်သုန့်စွမ်းအားက စတင်ပေါင်းစည်းရင်း တောက်ပတဲ့အလင်းတန်းနဲ့ စွမ်းအင်တွေကထွက်ပေါ်လာခဲ့ပါပြီ။ သိပ့်သည်းတဲ့ဟင်းသီးဟင်ရွက်တွေလဲ ပေါက်ရောက်နေတဲ့ ပန်းပင်သစ်ပင်တွေကလဲ သူတို့အတွက် အားကောင်းတဲ့အရှိန်အ၀ါတစ်ခုကို ဖန်တီးရင်းသုခဘုံတစ်ခုလိုမျိုးပတ်၀န်းကျင်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
၀မ်သုန့်ခန္ဓာကိုယ်ထဲက ရွှေရောင်အလင်းတန်းတွေတစ်ခုပြီတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ရင်း ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို လက်မောင်းကတစ်ဆင့်၀င်ရောက်သွားပါတယ်။
ဟို့ယွိဟောင်က သူကိုအထိတ်တလန့်နဲ့ ပြန်ကြည့်လာခဲ့ပြီ ခန္ဓာကိုယ်မှာရှိရှိသမျှမောပန်းမှုတွေအားလုံးက ဒီအလင်းအရှိန်အ၀ါအောက်မှာ သက်သာပျောက်ကင်းသွားတာကို ခံစားမိလိုက်ပါတယ်။ သူ့ရဲ့ ၀ိညာဥ်စွမ်းအားကလဲ ချက်ချင်းဆိုသလို အသက်စွမ်းအားတွေနဲ့ပြည့်နှက်လို့သွားခဲ့ပါပြီ။ ဟောင်သုန့်စွမ်းအားရဲ့အကူအညီနဲ့ ၀ိညာဥ်စွမ်းအားရဲ့ဆယ်ရာခိုင်နှုန်းက အသက်ရှုချိန်ဆယ်ကြိမ်အတွင်းမှာတင် ပြန်လည်ပြည့်၀လာပါတော့တယ်။
၀မ်သုန့်က ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြောလာခဲ့တယ်။
” ဒါက ငါရဲ့ရွှေအလင်းစိတ်၀ိညာဥ်အရိုးရဲ့ စစ်မှန်တဲ့စွမ်းအင်အမွေအနှစ်ပဲ ဒါကိုစစ်မှန်ရတနာအမွေအနှစ်လို့ခေါ်ဖို့စဥ်းစားထားတယ်…ဒါကခုခံတဲ့နေရာမှာလဲ အသုံး၀င်တယ်…တိုက်ခိုက်လို့လဲရတယ်…၀ိညာဥ်စွမ်းအားကို ပြန်ဖြည့်တင်းတဲ့အချိန်လဲ အသုံး၀င်ရုံတင်မက တခြားသူတွေကိုပါ ကုသပေးလို့ရတယ်…ဒါ့အပြင် နှစ်တစ်သိန်း၀ိညာဥ်အရိုးရဲ့ အစွမ်းအစကိုအပြည့်အ၀ယှဥ်နိုင်စွမ်းရှိတယ်..ငါပိုပြီးတော့နားလည်လေလေ ဒီစွမ်းအားပိုခိုင်မာလာလေပဲ ကြည့်ရတာအလင်းရဲ့စွမ်းအားနဲ့ ကိစ္စတွေအများကြီးကို လုပ်လို့ရမဲ့ပုံပေါ်တယ် ”
ဟို့ယွိဟောင်က ရယ်မောနေခဲ့ပါတယ်။
” မင်းကငါထက်ပိုပြီးကျင့်ကြံအောင်စွဲဆောင်နေတာလား ကြည့်ရတာငါတို့ရဲ့ကျင့်ကြံနှုန်းက အရင်ကထက်ပိုပြီးမြန်နိုင်မယ်နဲ့တူတယ် ”
” ကိုယ်လိုရာဆွဲတွေးမနေနဲ့ ”
၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။
” အစောတုန်းက မင်းပြောခဲ့တယ်လေ အဆင့်သုံးဆယ်ကိုမင်းတက်သွားခဲ့မယ်ဆိုရင် မင်းရဲ့အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရဲ့ကျင့်ကြံဆင့်က နှေးကွေးသွားမယ်ဆိုဟုတ်တယ်ဟုတ် ”
” ဘယ်သူသိလိမ့်မလဲ ဒါကိုအသေအချာပြောလို့မရဘူးလေ ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။ သူက သာမန်အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ ရေခဲဧကရီရဲ့စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲမှာ ဆက်တိုက်ဆိုသလို သန့်စင်ခံနေရပြီတည်ရှိနေပါတယ်။ ဒါ့အပြင် ရွှေလိုအသက်ရဲ့စွမ်းအားကြောင့် သူ့ရဲ့ကျင့်ကြံနှုန်းက အများကြီးမသက်ရောက်နိုင်ဘူးလို့ ဟို့ယွိဟောင်ထင်နေခဲ့တယ်။ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ဖြစ်နေမယ်ဆိုရင်တောင် သူ့အနေနဲ့သိပ်ပြီကြောက်စရာမရှိလှပါဘူး။
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တောင့်တင်းလို့သွားခဲ့ပြီ သူ့ရဲ့အာရုံကိုပုံစံတူတုပမှုအသုံးချဖို့အတွက် လုပ်လိုက်ပါတယ်။
” ဂရုစိုက် ”
ဟို့ယွိဟောင်က ပြောလိုက်ပြီတဲ့နောက် သူ့ရဲ့လက်နှစ်ဖက်စလုံးက ဖြူဖွေးလို့သွားခဲ့ပြီ အရှေ့ကိုထွက်သွားတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှု ပတ်ပတ်လည်နေရာတစ်လျှောက်မှာ အားကောင်းတဲ့၀ိညာဥ်စွမ်းအားတွေက ထွက်ပေါ်နေခဲ့တာပါ။ ဒါကြောင့် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့စိတ်ထဲမှာလဲ ပုံရိပ်ယောင်တွေက၀င်ရောက်လာခဲ့ပါပြီ။ ဒီထူးခြားတဲ့တစ်စုံတစ်ရာက သူတို့ကို ရှာဖွေတွေ့ရှိသွားပုံပါပဲ။ ဒါ့အပြင် ကြောက်စရာကောင်းလွန်းလှတဲ့ အရှိန်နှုန်းနဲ့ သူတို့ဆီကိုပြေး၀င်လာနေခဲ့ပါတယ်။
အစိမ်းရောင်အရိပ်က တိုးတိုးတိတ်တ်ိတ်နဲ့ သူတို့ဆီကို ရောက်ရှိလို့လာခဲ့ရင်း သစ်ပင်တစ်ပင်ပေါ်မှာပုန်းအောင်လို့နေခဲ့ပါတယ်။ အဲ့ဒီအရာက သူတို့နဲ့မီတာသုံးဆယ်၀န်းကျင်သာ ကွာဝေးတော့တာပါ။ သေးငယ်တဲ့ခန္ဓာကိုယ်ရှိတဲ့ ကြောင်ရိုင်းတစ်ကောင်က သူ့တို့မြင်ကွင်းထဲကို ၀င်လာပါတော့တယ်။ အမွေးတွေက အစိမ်ရင့်ရောင်ဖြစ်ပြီ မျက်လုံးကတော့ ခရမ်းရောင်နဲ့အနီရောင်ပေါင်းစည်းထားကာ ရန်လိုမှုအပြည့်နဲ့တောက်ပနေပါတော့တယ်။ သူ့ရဲ့အမွေးတွေက ကျားအစင်းတွေလိုပုံသဏ္ဍာန်ရှိနေပြီ အမွေးတွေရဲ့အရောင်အသွေးကတော့ မညီမျှပဲဖြစ်နေခဲ့ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်က နှစ်ပေ၀န်းကျင်သာရှိပေမဲ့ သူတို့သုံးယောက်ကို သတ်ဖြတ်လိုစိတ်အပြည့်နဲ့ ကြည့်နေခဲ့တာပါ။
၀ိညာဥ်သရဲကောင်တွေကသာ မဟာကြယ်တရာသစ်တောရဲ့အထဲထဲမှာ ရှင်သန်နေထိုင်ကြပါတယ်။ သူ့ရဲ့အရှိန်နှုန်းနဲ့ အငွေ့အသက်တွေကြောင့် သေချာပေါက် နှစ်တစ်ထောင်သားရဲကောင်လို့သေချာနေခဲ့ပါပြီ။
ဟို့ယွိဟောင်က အသံတိုးတိုးနဲ့ပြောလာခဲ့ပါတယ်။
” ဒါကမိစ္ဆာကျားအသွင်ရှိတဲ့ကြောင်ပဲ သူ့ရဲ့အမွေးတွေကအစိမ်းရင့်ရောင်ဖြစ်နေပြီဆိုမှတော့ နှစ်နှစ်ထောင်ကျင့်ကြံဆင့်ရှိလိမ့်မယ်..အကယ်၍ သူသာ နှစ်တစ်သောင်းသက်တမ်းကိုရောက်သွားမယ်ဆိုရင် သူ့ရဲ့အမွေးတွေကလုံး၀ကိုအနက်ရောင်ပြောင်းသွားပြီ အပြင်ဘက်ကိုအစိမ်းရင့်ရောင်အလင်းကဖြာထွက်လာလိမ့်မယ် ”
ကျောင်းတော်ထဲမှာရထားတဲ့ အသိပညာတွေကတကယ်လက်တွေ့အသုံးချတဲ့အချိန်မှာ အသုံး၀င်လာပါတယ်။ ရှောင်းရှောင်းနဲ့ ၀မ်သုန့်ရဲ့အကူအညီနဲ့အတူ သူခပ်မြန်မြန်ပဲ ဖြေရှင်းချက်ရသွားခဲ့ပါပြီ။ ကျောင်းတော်က ၀ိညာဥ်သားရဲကောင်တွေအကြောင်းကို သူအတန်းတွေထဲမှာ တကယ်ကိုသုံးကြိမ်တိတိသင်ကြားပေးပါတယ်။ ဒီကျားကရှားပါးတဲ့အရာမဟုတ်တာကြောင့် အတန်းထဲမှာ သူတို့မကြာခဏကြားနေကြဖြစ်ပါတယ်။
အကယ်၍ ဒီကျားကို၀ိညာဥ်ပညာရှင်တွေရဲ့အမြင်ရှုထောင့်နဲ့ဖော်ပြရမယ်ဆိုရင် အမြန်နှုန်းအမျိုးအစားသားရဲကောင်ဖြစ်သွားမှာပါ။
” ဒီတိုက်ပွဲကတော့ ရှောင်လို့မရလောက်ဘူး မသတ်ဖြတ်ဖို့သတိထားကြ ”
ဟို့ယွိဟောင်က ခပ်တိုးတိုးသတိပေးလိုက်ပါတယ်။ သူတို့တွေက နှစ်တစ်ထောင်သားရဲကောင်တွေကို မကြုံတွေ့ရသေးပေမဲ့ ဒီကျားကိုအလွယ်လေးမောင်းထုတ်လို့မရမှန်းသိနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အခုသစ်တောရဲ့အတွင်းပိုင်းထဲမှာ ပိုပြီးကြောက်စရာကောင်းတဲ့ နှစ်တစ်သိန်းသားရဲကောင်တွေက ရှိနေခဲ့လို့ပါ။ ဒါကြောင့် ဟို့ယွိဟောင်လဲသူ့ရဲ့နှစ်တစ်သိန်းသားရဲကောင်အရှိန်အ၀ါကို ထုတ်သုံးလို့မရပါဘူး။ ဒါဆိုရင် တကယ်ကြောက်စရာကောင်းတဲ့အန္တရာယ်က ရောက်ရှိလာပါလိမ့်မယ်။ အကြီးအကဲရွှမ်က သူတို့ကိုသတိပေးထားပြီသားပါ။ ဒါမျိုးကိုနောက်ဆုံးအခြေအနေမှာ ထုတ်သုံးဖို့မှာထားပါတယ်။
အစိမ်းရောင်လျှပ်စီးတစ်ခုလိုအသွင်နဲ့ နတ်ဆိုးကျားအသွင်ကြောင်က သူတို့ဆီကို ပြေး၀င်လာပါတယ်။ သူ့ရဲ့ပစ်မှတ်က ဟို့ယွိဟောင်မဟုတ်ပဲ ၀မ်သုန့်ဖြစ်နေခဲ့တယ်။
သူ့ရဲ့ပစ်မှတ်ကဒီလိုဖြစ်နေခဲ့ရတာ လေအမျိုးအစားနဲ့ အမှောင်ထုအမျိုးအစားကို အဓိကအခြေခံတာကြောင့်ပါပဲ။ ဒါကြောင့် ကြမ်းတမ်းတဲ့သဘာ၀နဲ့အတူ ကြောက်စရာကောင်းတဲ့အင်အားကိုလဲပိုင်ဆိုင်ထားသေးတယ်။
အရှေ့ခြေသည်းတွေထဲမှာမှိန်ဖျော့ဖျော့အလင်းတန်းတွေက တောက်ပလာခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို ရှောင်ရှားရင်း၀မ်သုန့်ဆီကို ပြေး၀င်သွားပါတော့တယ်။ ၀မ်သုန့်က သူတကယ်မုန်းတီးလွန်လှတဲ့ လေအမျိုးအစားကိုအသုံးပြုတဲ့၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့လို့ဒီလိုတိုက်ခိုက်တာပါပဲ။
သူ့ရဲ့နံရိုးအောက်ဖက်ကနေ သေးငယ်တဲ့အတောင်ပံလေးတွေက ထွက်လာခဲ့ပါပြီ။ ဒီသေးငယ်တဲ့အတောင်ပံလေးတွေက မပျံသန်းနိုင်သေးပေမဲ့ လေထဲမှာသူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့အရမ်းအသုံး၀င်နေခဲ့တယ်။
၀မ်သုန့်ကလဲ သူ့ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို ထုတ်နေခဲ့ပါပြီ။ ဒီကျားရဲ့တိုက်ခိုက်မှုကို မရှောင်ရှားခဲ့ပဲ အရှေ့ဖက်မှာဖြည်းဖြည်းချင်းလှုပ်ရှားရင်းနဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ကို စတင်အသုံးပြုပါတော့တယ်။
၀မ်သုန့်နဲ့သုံးမီတာအကွာမှာ အိုးကြီးတစ်လုံးက ရုတ်တရက်ပေါ်လာပြီ ကျားရဲ့တိုက်ခိုက်မှုကို တားဆီးလိုက်ပါပြီ။ ဒီနတ်ဆိုးကျားအသွင်ကြောင်က အရမ်းကိုမြန်ဆန်လွန်လှပေမဲ့ သူ့ရဲ့လက်တစ်ဖက်ကတော့ အိုးကြီးပေါ်ရောက်သွားခဲ့တယ်။ အဲ့ဒီနောက် ဆက်ပြီခုန်ရင်းနဲ့ ၀မ်သုန့်ဆီကို ပြေး၀င်ဖို့လုပ်ပါတယ်။ ဒါပေမယ့် အိုးကြီးကပြင်းပြင်းထန်ထန် တုန်ခါလို့လာခဲ့တယ်။
ပြင်းထန်တဲ့တုန်ခါမှုတွေကြောင့် ဒီကြောင်ကမထိခိုက်ပေမဲ့ သေသေချာချာကြီးနှေးကွေးသွားပါတယ်။ သူနှေးကွေးသွားတာနဲ့ ကောင်းကင်ပေါ်ကနေဖြတ်သန်းလာတဲ့ခရမ်းရွှေရောင်အလင်းတန်းက သူ့ကို၀င်တိုက်တော့တယ်။ ထိတ်လန့်တကြားနဲ့အော်ဟစ်ရင် သူခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်ဖြစ်ကာသူလဲလွှင့်ထွက်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံး၀င်ဆုံးအချိန်မှာ အသုံးချလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ဆက်တိုက်ကြီးထွားနေခဲ့တဲ့ ၀ိညာဥ်စွမ်းအားတွေကြောင့် စိတ်၀ိညာဥ်ထိတ်လန့်မှုက ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ပေါင်းစည်းလိုက်မယ်ဆိုရင် အများကြီးအားကောင်းလို့နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့နောက်ဆုံးရလဒ်ကဟို့ယွိဟောင်ထင်ထားတာထက်တောင် ပိုပြီးကောင်းမွန်ပါသေးတယ်။
နတ်ဆိုးကျားအသွင်ကြောင်က မြေပြင်ပေါ်မှာပြားပြား၀ပ်လို့နေခဲ့ပါပြီ။ ၀မ်သုန့်ရဲ့အလင်းတန်းတချို့က သူ့ခန္ဓာကိုယ်ကို၀င်တိုက်ပြီ ပျက်စီးလို့သွားပါတယ်။ အဲ့ဒီနောက် ရှောင်းရှောင်းရဲ့အိုးကြီးနဲ့ထပ်မံတိုက်မိပြီ မြေပြင်ပေါ်ကိုပြုတ်ကျသွားတော့တယ်။
နတ်ဆိုးကျားအသွင်ကြောင်က မြေပြင်ပေါ်ကိုပြုတ်ကျသွားပြီတဲ့နောက် အနက်ရောင်လောင်ကျွမ်းမှုတွေက ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင်သာ စိတ်၀ိညာဥ်ထောာက်လှမ်းမျှဝေမှုကို အသုံးပြုနေပေမဲ့ ဒီသတ္တ၀ါရဲ့သွေးအဆီအနှစ်နဲ့၀ိညာဥ်စွမ်းအားတွေက ပဠိပက္ခဖြစ်နေတာကို ခံစားလိုက်မိပါတယ်။ ဒီကောင်ကနောက်ထပ်မလှုပ်ရှားနိုင်တော့ပါဘူး။
” ဘာဖြစ်သွားတာလဲ ”
ရှောင်းရှောင်းက ဟို့ယွိဟောင်ကို လှမ်းမေးပြီကြည့်နေခဲ့ပါတယ်။
‘” ကြည့်ရတာငါရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် သတိလစ်သွားပုံပဲ သူ့ရဲ့ခန္ဓာကိုယ်ကသိမ်းလို့ရမဲ့ပုံပေါ်တယ်…တစ်ချက်လောက်သွားကြည့်ရအောင် ”
သူပြောပြီတာနဲ့ သတိလစ်နေတဲ့ကြောင်ကိုတစ်ဖက်လှန်းလိုက်ပါတယ်။ ဒီသတ္တ၀ါရဲ့ရုပ်သွင်က အနည်းငယ်ထူးခြားလို့နေခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်က ယူသွားလို့ရမဲ့ပုံစံပါပဲ။ ဒါ့အပြင် နှာခေါင်းကနေလဲ အစိမ်းရင့်ရောင်သွေးတွေကစီးကျလို့နေခဲ့တယ်။ မျက်ဖြူလဲစိုက်နေခဲ့ပြီ လုံး၀ကိုသတိလစ်သွားတဲ့ပုံစံပါ။
” မင်းရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက ဘာလို့အဲ့ဒီလောက်အင်အားကြီးနေရတာလဲ ဘယ်တုန်းကအဲ့လိုဖြစ်သွားတာလဲ ”
” ငါလဲမသိဘူးလေ အကယ်၍ ဒီလောက်ကြီးဖြစ်သွားမယ်လို့သိခဲ့ရင်း အစောထဲကသုံးတာပေါ့ ဒါပေမယ့် ပြဿနာလဲပေးတယ်လေ ”
သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက အရမ်းကိုတိုးတက်လာတာကြောင့် ဒီစွမ်းအင်အပြောင်းအလဲဖြစ်သွားတာကို သတိထားမိပါတယ်။ ဒါ့အပြင် အစွမ်းအစတွေက ဆက်တိုက်တိုးတက်နေခဲ့တဲ့အတွက် ကျင့်ကြံဆင့်ကလဲ တိုးပွားလာခဲ့တယ်။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားတွေက တခြားအရာတွေအားလုံးထက် ပိုမိုပိုတိုးတက်နေခဲ့တာပါ။
သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးက အဆမတန်ကြီးမားပြီပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒုတိယအသိစိတ်နေရာကလဲ ဖြစ်ပေါ်လို့လာခဲ့သလို မျက်ခုံးအလယ်ကြားမှာလဲ ရွှေလိုအသက်ဖြစ်ကြောင်းပေါ်လာတဲ့ နေရာတစ်ခုထက်ပိုနေခဲ့တယ်။ ဒီစိတ်၀ိညာဥ်ပင်လယ်က သူ့ခန္ဓာကိုယ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာမရှိတော့ပေမဲ့ အများကြီးတိုးတက်မှုဖြစ်စေခဲ့ပါတယ်။
အပိုင်း ၁၃၇•၂ ပြီး၏။