Switch Mode

Chapter – 136.3

ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ဝင်ကြေး

အပိုင်း ၁၃၆•၃

” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့၀င်ကြေး ”
°°°
” ဆရာပြောတာ ”

ဟို့ယွိဟောင်က ထိတ်လန့်နေခဲ့ပါတယ်။ အကြီးအကဲမုကတော့ အေးဆေးတဲ့ပုံစံနဲ့သာ ပြန်ဖြေလာခဲ့တယ်။

” လူတွေအားလုံးက သေကြရမှာပဲ ဒီအတားအဆီးကို ကျော်ဖြတ်နိုင်တဲ့အခြေအနေမရှိရင် သေကြရမှာပဲလေ ဒါပေမယ့် အဲ့ဒီလိုကျော်ဖြတ်ဖို့က ခက်ခဲလွန်တယ်..ငါအသက်ရှင်နေခဲ့ရတာ နှစ်ပေါင်းနှစ်ရာကျော်သွားခဲ့ပြီ သေခြင်းတရားကကြောက်စရာမကောင်းတော့ပါဘူး…ငါနဲ့သုပီစီးနှစ်ယောက်စလုံးက အဲ့ဒီအချိန်မှာကြောက်စရာကောင်းတဲ့ဒဏ်ရာတွေကို ခံစားကြရတယ်…ဒါပေမယ့် ငါက သေခြင်းနဲ့ရှင်ခြင်းတရားကြားတိုက်ပွဲမှာ အကန့်အသတ်တွေကိုကျော်ဖြတ်ပြီ အဆင့်ကိုးဆယ်ကိုးကို တက်နိုင်ခဲ့တယ်…ဒါကြောင့်သာ အခုအချိန်အထိ ငါရှင်သန်နေရတာပဲ ဒါပေမယ့် သုပီစီးကတော့ ငါနဲ့ယှဥ်မယ်ဆိုရင် ကံဆိုးသွားခဲ့တယ် ”

” ငါရဲ့ခန္ဓာကိုယ်က ဒီနှစ်ပိုင်းမှာအတော်လေးကျဆင်းနေတာကို ရှင်းရှင်းလင်းလင်းခံစားမိတယ်…ဒါကိုပြောင်းလဲလို့မရတော့ဘူး…အချိန်ဘယ်လောက်ကျန်မလဲဆိုတာကို သေချာမသိတော့ဘူး…အနည်းဆုံးတော့ သုံးနှစ်အချိန်ရှိပါသေးတယ်…အများဆုံးကတော့ ငါးနှစ်ကနေခြောက်နှစ်တော့ရှိနိုင်တယ်..ငါလဲ အမျက်ဒေါသကျောင်းတော်ကို အချိန်အကြာကြီးမကာကွယ်နိုင်တော့ဘူး..ဒါကြောင့်သာ ဒီအချိန်လေးအတွင်းမှာ ကျောင်းတော်အတွက် အသုံး၀င်ဖို့လုပ်ခဲ့ရတာပဲ ”

” ငါကအခုကျန်းကျန်းမာမာရှိနေသေးပေမဲ့ အမှောင်ထဲမှာပဲနေတာက ကောင်းလိမ့်မယ်..ဒါမှသာငါရဲ့စွမ်းအားကို အသုံးပြုပြီးနေလနိုင်ငံတော်ကနေ စစ်ပွဲမဖြစ်လာအောင်အများကြီးထောက်ပံ့ထားလို့ရလိမ့်မယ်..ဒါပေမယ့် စစ်ပွဲတစ်ခုရဲ့ရလဒ်ကိုတော့ မဆုံးဖြတ်နိုင်တော့ဘူး…လက်ရှိအချိန်မှာ ငါရဲ့ခန္ဓာကိုယ်က မလုပ်နိုင်တော့ဘူးလေ ဒါကြောင့်လက်ရှိအချိန်လုပ်နိုင်တဲ့တစ်ခုတည်သောအရာက ငါရှိနေတဲ့အကြောင်းထုတ်ဖော်ပြသပြီ သူတို့ကိုထိတ်လန့်စေတာပဲ ဒါမှသာသူတို့အနေနဲ့ တစ်ခုခုလုပ်ဖို့ကြိုးစားနေတာတွေကို အချိန်ဆွဲကြလိမ့်မယ် ”

ကျန်းဟုန်ချန်ကို ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲ သူ၀င်ခွင့်ပြုလိုက်တာက ပြောသလောက်မရိုးရှင်းခဲ့ပါဘူး။ လုပ်ရပ်တိုင်းရဲ့အနောက်ဖက်မှာ ပိုမိုနက်ရှိုင်းတဲ့အဓိပ္ပာယ်ကရှိနေခဲ့တယ်။

” နောက်ထပ် နှစ်နှစ်အချိန်က မင်းတို့အတွက် အရမ်းကိုအရေးကြီးလိမ့်မယ်…မင်းတို့အနေနဲ့ နားဖို့အချိန်ရမှာတောင်မဟုတ်ဘူး…ယွိဟောင် မင်းကနှစ်နှစ်ကြာပြီတဲ့နောက် နေလကျောင်းတော်ကိုသွားရမှာ ၀မ်သုန့်မင်းကောဘယ်လိုလဲ ”

၀မ်သုန့်က တွေဝေနေခဲ့ပါတယ်။

” ဆရာ ကျွန်တော်၀ိညာဥ်လက်နက်တွေကို တကယ်မကြိုက်ဘူး…ကျွန်တော်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီတော့လဲ ပါရမီရှိမနေဘူး…ဒါပေမယ့် ယွိဟောင်နဲ့ ကျွန်တော်က ”

” မင်းတို့တစ်ယောက်နဲ့တစ်ယောက် အနေဝေးတာနဲ့တင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းတဲ့စွမ်းရည်ကပျောက်ကွယ်သွားမှာမဟုတ်ဘူးလေ မင်းက ယွိဟောင်နဲ့ ပါရမီအရယှဥ်လို့ရတယ်…ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်မှုဆိုတာက တစ်ယောက်နဲ့တစ်ယောက် ဘယ်ပုံစံတူပါ့မလဲ ဒါကြောင့် မင်းအနေနဲ့နောက်ပိုင်းမှာ ကျောင်းတော်ထဲနေဖို့မျှော်လင့်ပါတယ် ”

၀မ်သုန့်က တွေဝေနေခဲ့တယ်။ သူက ယွိဟောင်နဲ့မခွဲချင်ပါဘူး ဒါ့အပြင် သုံးနှစ်လုံးလုံးခွဲခွာနေကြရမှာလဲဖြစ်ပါတယ်။ ဒါဘယ်လိုပဲဖြစ်ပါစေ နောက်နှစ်နှစ်ကြာမှသာ ဖြစ်မဲ့ကိစ္စဖြစ်တဲ့အတွက် အခုသူဘာမှမပြောတော့ပဲ ရှိခဲ့တယ်။

” ကျန်းဟုန်ချန်ပြောတာမှန်တယ်…၀ိညာဥ်လက်နက်တွေက အနာဂတ်မှာဆက်တိုက်တိုးတက်လာလိမ့်မယ်..သူတို့တွေက ငါတို့လက်ရှိရှိနေတဲ့လက်နက်တွေကိုတောင် အစားထိုးပြီအသုံးအစွဲများလာတော့မှာပဲ ဒါကြောင့် စစ်ပွဲဖြစ်လာမဲ့ကိစ္စကို ငါတို့မရှောင်လွဲနိုင်ဘူး… တခြားနိုင်ငံတော်သုံးခုကလဲ ၀ိညာဥ်လက်နက်တွေကို တိုးတက်အောင်လုပ်တဲ့နေရာမှာ နေလနိုင်ငံတော်ထက်အများကြီးနှေးနေတယ်…စစ်ပွဲကြီးဖြစ်လာဖို့အချိန်က ဆယ်စုနှစ်ပဲကြာတော့မယ်…အချိန်သာကြလာခဲ့မယ်ဆိုရင် စစ်ပွဲကြောင့်ကိစ္စတွေအများကြီးက ပြောင်းလဲသွားလိမ့်မယ် ”

၀မ်သုန့်က မေးလိုက်ပါတယ်။

” ဆရာ ဒီနေ့ဘာလို့ကျန်းဟုန်ချန်ကို မသတ်လိုက်တာလဲ ”

” သူ့ကိုသတ်လိုက်မယ်ဆိုရင် နေလနိုင်ငံတော်က အစွမ်းကုန်တိုက်ခိုက်လာလိမ့်မယ်…ဒါ့အပြင် သူပြောတဲ့အထဲမှာ အလိမ်အညာပါမနေဘူး…သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ၀ိညာဥ်လက်နက်တွေအများကြီးက ကြောက်စရာကောင်းလွန်တယ်…ဒါ့အပြင် ငါတို့သာသတိမထားလို့ကတော့ နှစ်ဖက်စလုံးအထိနာသွားနိုင်တယ်..အမျက်ဒေါသကျောင်းတော်ရဲ့ နှစ်ပေါင်းများစွာကြာအောင် အခြေခံခိုင်လာတဲ့နေရာကြီးကိုလဲ ပျက်စီးသွားအောင်ငါမလုပ်နိုင်ဘူး..ကျန်းဟုန်ချန်က အရမ်းကိုအင်အားကြီးတဲ့အပြင် ရေလိုက်ငါးလိုက်လဲနေတတ်တယ်…အကယ်၍ သူ့ကိုဖိအားပေးခံရမယ်ဆိုရင် တိကျတဲ့ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်းဆန်းပြုလုပ်နိုင်တယ်…သေချာပေါက် နောက်အနာဂတ်မှာ အမျက်ဒေါသကျောင်းတော်အတွက် ကြီးမားတဲ့ရန်သူတော်ကြီးတစ်ယောက်ဖြစ်လာမှာပဲ ”

°°°
နောက်တစ်နေ့မနက်စောစောမှာတော့ ရာသီဥတုက မှုံမိုင်လို့နေခဲ့ပါတယ်။ ပင်လယ်နတ်ဘုရားရေကန်ပေါ်မှာရှိတဲ့မြူခိုတွေက အရင်ကထက်ပိုပြီးသိပ့်သည်းနေခဲ့လို့ပါ။

လူလေးယောက်ကကျောင်းတော်အပြင်ကို ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမယ့် ဂိတ်တံခါးကိုကျော်ဖြတ်ပြီတဲ့နောက်မှာတော့ သူတို့ရပ်တန့်သွားခဲ့တယ်။

အကြီးအကဲရွှမ်က သူ့ရဲ့ကြီးမားတဲ့၀ိုင်အရက်ဘူးသီးခြောက်ခွံကြီးကိုကိုင်ရင်း အရှေ့မှာရှိနေတဲ့ အမျိုးသားငယ်နှစ်ယောက်နဲ့ အမျိုးသမီးငယ်ကို ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် သူပြောလာခဲ့တယ်။

” မင်းတို့တွေ အဆင်ပြေ​ပြေနဲ့ အရှေ့ဆက်သွားလို့ရတယ်…အားလုံးက ငယ်ကြသေးတာပဲ အကယ်၍ ငါမင်းတို့ကို ဆက်တိုက်လိုက်ပြီစောင့်ကြည့်နေမယ်ဆိုရင် အဆင်မပြေဖြစ်လိမ့်မယ်…ကြယ်တာရာသစ်တောဘယ်နေရာမှာရှိလဲ သိကြတယ်မလား သစ်တောထဲ၀ိညာဥ်သားရဲကောင်ကို ကိုယ်ဘာသာကိုယ်သွားရှာကြ ငါမင်းတို့ရဲ့နောက်မှာလျှို့၀ှက်ပြီလိုက်လာမယ်…ဒါပေမယ့် အကယ်၍ မင်းတို့သာ၀ိညာဥ်လက်နက်တွေကို ရအောင်လုပ်နေတဲ့အချိန်မှာ ငါ၀င်ရောက်နှောင့်ယှက်ခံရမယ်ဆိုရင် ဒီနှစ်၀က်ရဲ့အပြင်နယ်မြေစာမေးပွဲမှာ ဆယ်မှတ်အလျှော့ခံရလိမ့်မယ် ”

” ဟုတ်ကဲ့ပါ ”

ဒီသုံးယောက်က ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ပါပဲ။ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းနှစ်ယောက်က တတိယ၀ိညာဥ်စက်ကွင်းကိုယူဖို့လိုပေမဲ့ ၀မ်သုန့်ကသူတို့နဲ့အတူ လိုက်ဖို့လိုလိုလားလားတောင်းဆိုခဲ့တယ်။ သူ့ရဲ့အကြောင်းရင်းကတော့ အရမ်းကိုရိုးရှင်းပါတယ်။ အကယ်၍ သူသာရှိနေမယ်ဆိုရင်ဟို့ယွိဟောင်က အရင်ကထက်ပိုပြီးနှစ်ဆသန်မာမလို့ပါ။

သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်က အရေးကြီးတဲ့အခြေအနေတွေမှာ သေချာပေါက် ကြီးမားတဲ့ရလဒ်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အကယ်၍ သူတို့သာပေါင်းစည်းလိုက်မယ်ဆိုလို့ကတော့ နှစ်တစ်ထောင်သရဲကောင်ကို ရင်ဆိုင်ဖို့ပြဿနာရှိနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ရှောင်းရှောင်းနဲ့ဟို့ယွိဟောင်နှစ်ယောက်စလုံးကလဲ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းတွေသာလိုအပ်ကြမှာပါ။

သူတို့သုံးယောက်ကို ပြောပြီတဲ့နောက် အကြီးအကဲရွှမ်က ပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့် အကြီးအကဲရွှမ်က သူတို့နောက်မလိုက်တာကလွဲပြီရင်း အမြဲတမ်းရှိနေမယ်ဆိုတာ သိပြီသားပါ။ အဆင့်ကိုးဆယ်ရှစ်ထူးကဲသာလွန်သော့်လော့က သူတို့ကို လျှို့၀ှက်ကာကွယ်မယ်ဆိုရင် သေချာပေါက် ကြယ်တာရာသစ်တောရဲ့အတွင်းနယ်မြေထဲကို ၀င်ဖို့တောင်အေးအေးဆေးဆေးသတ္တိရှိနေမှာဖြစ်ပါတယ်။

သူတို့သုံးယောက်က သွားတော့မဲ့နေရာကိုဆုံးဖြတ်ပြီးပါပြီ။ ဒါကြောင့် ကျောင်းတော်ရဲ့တောင်ဖက်အရပ်မှာရှိတဲ့ ကြယ်တာရာသစ်တောထဲကို အပြေးသွားကြပါတော့တယ်။

ကျောင်းတော်ကသစ်တောနဲ့ အတော်ကိုနီးကပ်နေခဲ့တယ်။ ဒီလိုသာမဟုတ်ခဲ့ဘူးဆိုရင် ကြယ်တာရာသစ်တောကနေလာတဲ့သားရဲကောင်လှိုင်းကြီးက အမျက်ဒေါသမြို့တော်ကို၀င်ရောက်တိုက်ခိုက်ခဲ့မှာမဟုတ်ပါဘူး။

သူတို့က နှစ်ရက်အချိန်အတွင်းမှာတင် ကြယ်တာရာသစ်တောဆီကို ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာလေထုက သန့်စင်နေခဲ့ပြီ သစ်တောနဲ့နီးလာတိုင်းမှာ စွမ်းအင်စီးဆင်းမှုကလဲ ပိုမိုချောမွေ့လို့လာပါတော့တယ်။ နှစ်ရက်တိတိခရီးနင်းလာခဲ့တာကြောင့် အတော်လေးကိုပေါ့ပေါ့ပါးပါးရှိနေခဲ့တယ်။

ကျောင်းတော်ထဲကို ၀င်ရောက်ပြီချိန်ကထဲကစလို့ စာသင်ကြားရတာနဲ့ လေ့ကျင့်ရတာတွေကြောင့် ဆက်တိုက်ဆိုသလို အလုပ်များနေခဲ့တာပါ။ အနားယူချိန်ဆိုတာ ရဖို့ခက်ခဲလွန်ပါတယ်။

ပထမနှစ်ပြီတဲ့နောက် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က သူတို့ရဲ့အိမ်တွေကိုပြန်ပြီး အနားယူချိန်ရခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မြောက်၀င်ရိုးစွန်းကိုသွားခဲ့ရတယ်။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကို ရရှိခဲ့ပေမဲ့ ဆက်တိုက်ဆိုသလိုကြမ်းတမ်းတဲ့ဖြတ်သန်းမှုတွေကို ကြုံတွေ့ခဲ့ရတာပါ။ အဲ့ဒီနောက် ကျောင်းတော်ကိုပြန်ရောက်ပြီတဲ့နောက်မှာလဲ မနားမနေလေ့ကျင့်နေခဲ့ရပါသေးတယ်။ ဒါတွေပြီချိန်မှာတော့ ပြိုင်ပွဲကိုသွားရောက်ယှဥ်ပြိုင်ခဲ့ရတယ်။ ကျောင်းတော်ထဲကို ၀င်ပြီချိန်ကစလို့သူတစ်ချက်လေးတောင် ငြိမ်ငြိမ်မနေခဲ့ရပါဘူး။

ဒါကြောင့် တတိယ၀ိညာဥ်စက်ကွင်းကိုရအောင်ယူဖို့သွားမဲ့လမ်းမှာအရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ တံခါးပိတ်ကျင့်ကြံမှုပြီးတဲ့နောက် သူတို့တွေရဲ့ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကလဲအများကြီးမြင့်တက်နေခဲ့ပါပြီ။ အစွမ်းအစတွေကို ဒီသစ်တောထဲမှာ အသုံးပြုဖို့အတွက် စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ဒါကြောင့်သာ နှစ်ရက်လုံးလုံးက ခရီးနင်းလာခဲ့ရတာတောင် တစ်စက်လေးမပင်ပန်ကြတာလဲဖြစ်ပါတယ်။ သူတို့တွေက စိတ်လှုပ်ရှားတက်ကြွနေခဲ့ပြီ စွမ်းအားတွေလဲအပြည့်ရှိနေခဲ့ပါတယ်။

သူတို့သွားနေရင်းမှာ ဟို့ယွိဟောင်က ရှောင်းရှောင်းကိုမေးလိုက်ပါတယ်။

” ရှောင်းရှောင်း၀ိညာဥ်စက်ကွင်းရအောင် လုပ်ဖို့မင်းဘယ်လိုစီစဥ်ထားလဲ ”

” ငါ့မှာအစီအစဥ်ရှိတယ်…ဒါပေမယ့် ဆရာ​ပြောတာကတော့ ၀ိညာဥ်စက်ကွင်းတစ်ကွင်းရဖို့ဆိုရင် ကံကောင်းမှုက အရေးကြီးတယ်တဲ့ အကယ်၍ ငါသာပိုကောင်းတဲ့အစားထိုးတစ်ခုကိုတွေ့မယ်ဆိုရင် ယူလိုက်မယ်…ငါရဲ့နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေအတွက် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းနဲ့ ပေါင်းစည်းဖို့လဲ စဥ်းစားပြီးပြီ ရိုးရိုးသားသားပြောရမယ်ဆိုရင် အခုအချိန်မှာ ငါနည်းနည်းတော့ ဝေခွဲမရဖြစ်နေတယ်…အကယ်၍ ငါသာဒုတိယသိုင်းပညာ၀ိညာဥ်မစတင်ခင်အချိန်မှာ ပထမသိုင်းပညာအတွက် ၀ိညာဥ်စက်ကွင်းကိုးကွင်းပြည့်အောင် စောင့်ဖို့လုပ်နေမယ်ဆိုရင် ငါရဲ့အမြွှာ၀ိညာဥ်အားသာချက်ကအရမ်းကိုဝေးကွာသွားလိမ့်မယ်….ဒါကြောင့် ပထမသိုင်းပညာ၀ိညာဥ်ကို လေ့ကျင့်နေတဲ့အချိန်မှာ ဒုတိယသိုင်းပညာ၀ိညာဥ်အတွက် ၀ိညာဥ်စက်ကွင်းသုံးကွင်းလေးကွင်းလောက် ထပ်ထည့်ဖို့စဥ်းစားထားတယ်..အကယ်၍ ငါဒီလိုမလုပ်ခဲ့ရင် နင်တို့နှစ်ယောက်က်ိုဘယ်လိုလုပ်အမီလိုက်နိုင်မှာလဲ ”

သူတို့သုံးယောက်သာရှိနေခဲ့တဲ့အတွက် ရှောင်းရှောင်းလဲတွေးနေတာတွေကို မကွယ်၀ှက်ပဲပြောပြနေခဲ့ပါတယ်။

ပြိုင်ပွဲပြီတဲ့နောက် ဟို့ယွိဟောင် ၀မ်သုန့်တို့ရဲ့ပေါင်းစည်းမှုက သူတို့နှစ်ယောက် ဘယ်လောက်ကွာခြားချက်ရှိနေလဲဆိုတာ ရှောင်းရှောင်းသေချာသိသွားခဲ့ပါပြီ။ လက်ရှိအချိန် ဟို့ယွိဟောင်က အဓိကဦးဆောင်နေသူဖြစ်ခဲ့ပါတယ်။ ၀မ်သုန့်ရဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုကလဲ အတော်ကိုအားကောင်းတဲ့သိုင်းပညာ၀ိညာဥ်တွေပါပဲ။ ဒါပေမယ့် သူမကတော့ သူတို့နှစ်ယောက်နဲ့ယှဥ်မယ်ဆိုရင် အနည်းငယ်နောက်ကျကျန်ရစ်နေခဲ့တယ်။ ဒါကြောင့် အများကြီးလဲ နောက်ကျမနေချင်ပါဘူး။ သူမက ထက်မြက်တဲ့သူဖြစ်တဲ့အတွက် အကယ်၍ အရမ်းနောက်ကျကျန်ရစ်နေခဲ့မယ်ဆိုရင် လိုက်မီဖို့မဖြစ်နိုင်မှန်း သိနေခဲ့တယ်။

” ရှောင်းရှောင်းဒုတိယ၀ိညာဥ်အရိုးကရောဘယ်လိုလဲ ”

” ဒါကလျှို့၀ှက်ချက်လေ ပြောမပြပါဘူး ဒါပေမယ့် ယွိဟောင်နဲ့ ဒုတိယ၀ိညာဥ်အရိုးက ရေခဲကျောက်စိမ်းဧကရီရဲ့ဘယ်ဘက်လက်မောင်းအရိုးပဲလို့တော့သိတယ် ”

” မပြောပြလဲရပါတယ်…ဘယ်လိုပဲဖြစ်ဖြစ်သားရဲကောင်တွေကို အမဲလိုက်ရင်းသုံးရမှာပဲကို ဒါနဲ့အသက်သုံးချောင်းချေဖျက်အိုးကြီးအတွက် ဘယ်လို၀ိညာဥ်စက်ကွင်းမျိုးလိုချင်လဲ မင်းအခုအထိမပြောရသေးဘူး ”

” ငါက အထောက်အပံ့ပြုရေးတိုက်ပွဲ၀ိညာဥ်ပညာရှင်ဖြစ်လာဖို့ ရွေးချယ်ခဲ့တယ်…ဒါကြောင့် ငါရဲ့၀ိညာဥ်စက်ကွင်းက သေချာပေါက် အထောက်အပံ့ပြုရေးအမျိုးအစားဖြစ်ရမှာ ဒါမှသာငါရဲ့ထူးခြားချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်လေ ငါရဲ့အစီအစဥ်က ထိန်းချုပ်ရေးစွမ်းရည်ကို အဓိက၀ိညာဥ်စွမ်းရည်အဖြစ် အသုံးပြုဖို့ပဲ ဒါမှမဟုတ်ရင် ခုခံမှုကိုပိုမြင့်တင်ထားဖို့စီစဥ်ထားတယ်..ပြိုင်ပွဲကြီးပြီတဲ့နောက် ငါရဲ့အသက်သုံးချောင်းချေဖျက်အိုးကြီးက ခုခံဖို့မှာသန်မာကောင်းသန်မာမယ်လို့ ထင်ပေမဲ့ သူ့မှာရန်သူတွေကို ခွဲခြားနိုင်ဖို့အတွက် အားကောင်းမှုတွေရှိနေတယ်…ဒါ့အပြင် ငါမှာအိုးကြီးရဲ့တုန်ခါမှုနဲ့ ဖယ်ရှားမှုတွေလဲရှိသေးတယ်လေ ”

” ရှောင်းရှောင်း မင်းကမင်းရဲ့သိုင်းပညာ၀ိညာဥ်ကို သေသေချာချာလေ့လာပြီးပြီပဲ ငါအထင် ခုခံရေးအမျိုးအစား၀ိညာဥ်စက်ကွင်းက သင့်တော်လိမ့်မယ်..အသက်သုံးချောင်းချေဖျက်အိုကြီးက ရန်သူတွေကိုခွဲခြားတဲ့နေရာမှာအတော်ကို သန်မာတာပဲ ငါတို့အတန်းနံပါတ်နှစ်နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ မင်းရဲ့ထိန်းချုပ်မှုစွမ်းရည်သာမရှိလို့ကတော့ ဒီလောက်လွယ်လွယ်အနိုင်ရသွားမှာမဟုတ်ဘူး ”

” နင်ရောဘယ်လိုလဲ ”

” နင်ကောဘာတွေစီစဥ်ထားလဲ စိတ်၀ိညာဥ်မျက်လုံးနဲ့ လိုက်ဖက်တဲ့၀ိညာဥ်စွမ်းရည်မျိုးကိုရဖို့က လွယ်ကူမှာမဟုတ်ဘူး…စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်တွေဆိုတာက ရှားပါးတယ်လေ သူတို့ကိုယ်သူတို့ ဖုံးကွယ်တဲ့နေရာမှာအတော်တော်ကြတယ် ”

” ငါလဲဖြည်းဖြည်းချင်းသွားတာပေါ့ ကံဘယ်လောက်ကောင်းမလဲဆိုတာ ကြည့်ရမယ်လေ ဒါ့အပြင် ငါတို့က ကြယ်တာရာသစ်တောရဲ့ပတ်ပတ်လည်နေရာမှာပဲ လှည့်ပတ်နေတုန်းရှိသေးတာ သင့်တော်တဲ့တစ်ခုခုကို ငါတို့အမဲလိုက်နိုင်မှာပါ ဒါ့အပြင် နည်းနိုင်သလောက်နည်းအောင်လဲသတ်ဖို့လိုလိမ့်မယ် ”

ရှောင်းရှောင်းက သဘောတူလိုက်ပါတယ်။

” ဟုတ်တယ် ၀ိညာဥ်သားရဲကောင်တွေဆိုတာက ငါတို့လိုအပ်တဲ့အရင်းအမြစ်တွေပဲ အကယ်၍ ငါတို့သာအဆင့်နှိမ့်တွေအများကြီးကိုသတ်လိုက်မယ်ဆိုရင် အနာဂတ်မျိုးဆက်သစ်တွေက ၀ိညာဥ်စက်ကွင်းတွေကိုရဖို့ခက်ခဲသွားလိမ့်မယ် ”

၀မ်သုန့်က မျက်မှောင်ကြုတ်သွားပါတယ်။

” နင်ဒီလိုပြောလို့မရဘူးလေ ၀ိညာဥ်သားရဲကောင်တွေဆိုတာက သက်ရှိတွေပဲ သူတို့ကိုအရင်းအမြစ်တွေလို့သုံးလို့မရဘူး…ငါတို့က အားနည်းတဲ့အချိန်မှာ သူတို့အမဲလိုက်တာခံခဲ့ရတယ်လေ ”

ရှောင်းရှောင်းက ၀မ်သုန့်ပြောတာကိုကြားချိန်မှာ မျက်လုံးပြူးသွားခဲ့ပါတယ်။

” နင်ဒီလောက်ကြင်နာတတ်လိမ့်မယ်လို့ ငါထင်တောင်မထင်ထားခဲ့မိဘူးပဲ ”

အပိုင်း ၁၃၆•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset