Chapter – 8.4 ” ကြောက်စရာကောင်းတဲ့ ဆရာ ”
°°°
ကျိုးယိကတော့ ပြုံးနေဆဲပါပဲ။
” မင်းတို့တွေ မပြေးရဘူးလို့ ငါမှမပြောခဲ့တာ ကျောင်းကအခုမှစတုန်း ရှိတာလေ ဒါတောင် မင်တို့က အခန်းဖော်နဲ့ တိုက်ခိုက်ပြီးနေပြီ နှစ်ယောက်စလုံးက တကယ်အလားအလာ ရှိတာပဲ အဲ့ဒီတော့ တခြားသူတွေထက်ပိုပြီး ခက်ခဲတဲ့စမ်းသပ်ချက်ကို ကျော်ဖြတ်ရလိမ့်မယ်….ဒါ့အပြင် နှစ်ယောက်စလုံးက ကိုယ့်အခန်းဖော်တွေနဲ့အတူတူ ခက်ခဲတဲ့ပျော်ရွှင်မှုတွေကို မျှဝေသင့်တယ်မဟုတ်လား မင်းတို့ နှစ်ယောက်တခြားသူတွေလိုပဲ အချိန်နှစ်နာရီအတွင်းမှာ အပတ်တစ်ရာပြည့်ရမယ်…ကြည့်လိုက်သတိမထားမိလို့ အချိန်တစ်ချို့တောင် ကုန်သွားပြီးပြီ ”
၀မ်သုန့်က တစ်ခုခုပြောနေဆဲဖြစ်ပေမဲ့ ဟို့ယွိဟောင်ကတော့ သူ့ကို ဆွဲခေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် အပြင်ကို ပြေးထွက်လာခဲ့ပါပြီ။
၀မ်သုန့်ကတော့ အတော်လေးစိတ်ဖိစီးနေပုံပါပဲ။
” နင်ငါ့ကို ဘာလို့ဆွဲထုတ်လာတာလဲ အဲ့ဒီဆရာကျိုးက တကယ်ကို ရူးနေတာ ”
ဟို့ယွိဟောင်ကတော့ မကျေမနပ်နဲ့ ပြန်ပြောပါတယ်။
” သူ့ရဲ့ စကားစစ်ထိုးပွဲကို မင်းနိုင်နိုင်မှာမလို့လား မင်းက သူ့တိုက်ပွဲထဲမှာ သာလို့လား ဒီနှစ်ခုကို မလုပ်နိုင်ဘူးဆိုရင် ကျောင်းတော်ထဲမှာ ဆက်ပြီးနေချင်လို့ကတော့ သူ့အမိန့်ကိုနာခံရမှာပဲ မြန်မြန်ပြေး သူ့ရဲ့အစောပိုင်းစကားတွေက လုံး၀အမှန်ပဲလို့ ငါယုံတယ်…သေချာပေါက် နှစ်နာရီအတွင်း အပတ်တစ်ရာပြည့်အောင် မပြေးနိုင်တဲ့သူကို သူထုတ်ပြစ်မှာပဲ ”
အမျက်ဒေါသကျောင်းတော်ရဲ့ အပြင်ဘက်မှာကတော့ ဆက်တိုက်ဆိုသလို ကျောင်းသားတွေက ပြေးနေခဲ့ပါပြီး ဒါ့အပြင် ကျောင်းတော်ရဲ့ ရင်ပြင်ကျယ်က သိပ်ပြီး မကြီးမားပေမဲ့ မီတာသုံးရာလောက်အထိ ရှိတာတော့အမှန်ပါပဲ။ သာမန်လူတွေအတွက်တော့ ဒီရင်ပြင်ကျယ်ကြီးကို အပတ်တစ်ရာပြည့်အောင်ပြေးရမဲ့ကိစ္စက သေချာပေါက် ရိုးရှင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ၀ိညာဥ်ပညာရှင်အခြေခံရှိနေတဲ့ ကျောင်းသားငယ်တွေအတွက်ကတော့ သိပ်ပြီး မခက်ခဲပါဘူး။ သူတို့တွေသာ လေးလေးနက်နက်ထားပြီး ပြေးမယ်ဆိုရင် နှစ်နာရီအတွင်း အပတ်တစ်ရာကို ရအောင်ပြေးနိုင်ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတော့ ပြေးနေတဲ့သူတွေနဲ့ ပူးပေါင်းလိုက်ပါတော့တယ်။ မကြာခင်မှာပဲ မောပန်းတဲ့ငြီးငြူးသံတွေက ထွက်ပေါ်လာခဲ့ပါပြီး ဒါပေမယ့် သူတို့တွေကတော့ သိပ်ပြီး ဂရုစိုက်နေဖို့မအားပါဘူး။ သူတို့တွေက ဆယ့်ငါးမိနစ်သာ နောက်ကျကျန်ရစ်ပြီ ဖြစ်နေတာကြောင့်အဆုံးစွန်းအထိ ကြိုးစားပြီ ယှဥ်ပြိုင်ရမှာပါ။
ပြေးနေချိန်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ကို ရုတ်တရက်မေးလာခဲ့ပါတယ်။
” အဲ့ဒီနေ့တုန်းက မင်းငါ့ကိုဘယ်လို စွမ်းရည်သုံးပြီး တိုက်ခိုက်လိုက်တာလဲ ငါ အခုအချိန်ထိ တွေးမရသေးဘူး မင်းရဲ့ သိုင်းပညာ၀ိညာဥ်က ခန္ဓာကိုယ်စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်လား ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
၀မ်သုန့်လဲ မျက်လုံးပြူးလို့သွားခဲ့တယ်။
” တကယ်ကို စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ပဲ ဒါကြောင့် ငါမမြင်ခဲ့ရတာ ဘယ်အံ့ဩစရာရှိမလဲ ငါရဲ့ရှုံးနှိမ့်မှုက မတရားဘူးလို့ သတ်မှတ်လို့မရနိုင်ဘူးလေ ”
ဟို့ယွိဟောင်လဲ သက်ပြင်းချလိုက်ပါတယ်။
” မင်းက မောက်မာလွန်တယ်လေ အကယ်၍ မင်းသာ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို အသုံးပြုလိုက်မယ်ဆိုရင် ငါလဲ နိုင်နိုင်စရာ ဘာအကြောင်းမှမရှိဘူး…မင်းရဲ့၀ိညာဥ်စွမ်းအားက ငါ့ထက်အများကြီး ပိုသန်မာတာပဲ ”
၀မ်သုန့်လဲ ကျေနပ်လို့သွားခဲ့ပါတယ်။
” အမှန်ပဲလေ ဒီလူသစ်တွေထဲမှာ ငါနဲ့ယှဥ်နိုင်တဲ့သူဆိုတာက နတ်မီးငှက်ရဲ့အမွှေး ချင်းလင်ရဲ့ဦးချိုလိုမျိုး ရှားပါးတယ်…နင်က ဆယ့်နှစ်၀ိညာဥ်စက်ကွင်းလေးပဲရှိတာလေ ဒီတော့ ငါ့ပြိုင်ဘက်ဘယ်ဟုတ်မလဲ ”
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ မောက်မာတဲ့ပုံစံကို တစ်စက်မှမကြိုက်ပါဘူး။ ဒါကြောင့် သူပြန်ပြောလိုက်ပါတယ်။
” အဲ့ဒီဆယ့်နှစ်၀ိညာဥ်စက်ကွင်းကို မင်းရှုံးလာတယ်ဆိုတာ မမေ့နဲ့ ”
၀မ်သုန့်က ပြန်ပြီးစိတ်ညစ်သွားပြန်တော့တယ်။
” သိပြီး နောက်ထပ် ထပ်ပြီးမပြောနဲ့တော့ အဲ့ဒီဆရာရှေ့မှာ နင်ငါ့ကို ကာကွယ်ပေးခဲ့တာကြောင့် အစောပိုင်းကိစ္စကျေပြီးလို့ မှတ်လိုက်မယ် ..အနာဂတ်မှာ ငါနင့်ကို ဂရုစိုက်ပေးမယ်…အကယ်၍ တစ်ယောက်ယောက်ကသာ မင်းကိုအနိုင်ကျင့်တယ်ဆို ငါမင်းကို ကာကွယ်ပေးမယ် ”
ဟို့ယွိဟောင်လဲ ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူး။
” ငါမင်းရဲ့ အကူအညီမလိုဘူး ”
သူပြောပြီတဲ့နောက် အရှိန်မြင့်ပြီး ပြေးပါတော့တယ်။
၀မ်သုန့်က ပြေးလိုက်လာခဲ့တယ်။ ခန္ဓာကိုယ်သန်မာမှုမှာ ယှဥ်မယ်ဆိုရင် သူက အများကြီး ပိုသာနေခဲ့တာပါ။ ဒါကြောင့် အရှိန်မြင့်တယ်ဆိုတာ သူ့အတွက် အေးအေးဆေးဆေးပါပဲ။ ၀မ်သုန့်က မကျေမနပ်နဲ့ ပြောလာခဲ့တယ်။
” မင်းတကယ်ကို ကျိုးကြောင်းဆီလျော်နိုင်စွမ်းမရှိဘူး ”
ဟို့ယွိဟောင်က ပြန်ပြီး အော်ပါတယ်။
” အကယ်၍ မင်းသာ ငါ့ကို တန်တူညီတူဆက်ဆံမယ်ဆိုရင် ငါလဲ ဒီလိုတုန့်ပြန်စရာဘာအကြောင်းမှ ရှိမနေဘူး ”
၀မ်သုန့်က ပြုံးပြနေခဲ့ပါတယ်။
” ငါငယ်ငယ်လေးထဲက ငါနဲ့သက်တူရွယ်တူထဲမှာ အဆင့်တူတဲ့လူတစ်ယောက်မှ မရှိခဲ့သေးဘူး ”
ဟို့ယွိဟောင်က သူ့ကို မကြည့်တော့ပါဘူး။
” စကားတွေက အသုံးမ၀င်မှတော့ နောက်ထပ် ထပ်ပြောနေလဲ ကိစ္စမရှိတော့ဘူး ”
၀မ်သုန့်က စကားပြောတာ ရပ်လိုက်ပါပြီး ရုတ်တရက်ဆိုသလို သူအရှိန်မြင့်လိုက်ရင်း ဟို့ယွိဟောင်ကို ကျော်သွားပါတော့တယ်။
၀မ်သုန့်က မောက်မာပေမဲ့ သူ့ရဲ့အရည်အချင်းကတော့ တကယ်ကို ထူးခြားနေတာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ကလဲ အတော်ကို သန်မာလွန်လှပါတယ်။ သူအရှိန်မြင့်လိုက်တာနဲ့ ဘယ်သူမှသူ့ကို လိုက်မမီတော့ပါဘူး။ ဒီတစ်ကြိမ်မှာ ကျိုးယိကတော့ ရင်ပြင်ကျယ်ရဲ့ဘေးကို ရောက်ရှိနေခဲ့ပါပြီး။ သူအဲ့ဒီမှာပဲ အေးအေးဆေးဆေး ကျောင်းသားတွေပြေးနေတာကို ရပ်ကြည့်နေခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ ၀မ်သုန့်ကို သူအာရုံစိုက်မိသွားတော့တယ်။ အကြည့်က အနည်းငယ်ပြောင်းလဲသွားခဲ့ပေမဲ့ မကြာခင်မှာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ပြီးပြည့်သွားတဲ့အရေအတွက်ကလဲ တိုးပွားလာခဲ့သလို ကျောင်းသားတွေလဲ အသက်ရှုပိုမြန်လာခဲ့ပါတယ်။ ခန္ဓာကိုယ်သန်မာမှုနဲ့ ကျင့်ကြံတဲ့အဆင့်က လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပါပြီး ကျိုးယိကတော့ ၀ိညာဥ်စွမ်းအားအသုံးချမှုကို တားဆီးတယ်လို့ ဘယ်တော့မှ မပြောခဲ့ပါဘူး။ ဒါကြောင့် အားလုံးက ၀ိညာဥ်စွမ်းအားကို အသုံးချရင်း ကြာရှည်ပြေးဖို့အတွက် ခန္ဓာကိုယ်အစွမ်းအစကို တိုးမြင့်ပါတော့တယ်။ အရှေ့ဆုံးမှာကတော့ လူဆယ့်ယောက်ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ အရှိန်နှုန်းက လုံး၀ကို မနှေးကွေးခဲ့ပါဘူး။ ဦးဆောင်သူကတော့ ၀မ်သုန့်ပါပဲ။ သူက နောက်ကျမှထွက်လာခဲ့ပေမဲ့ အချိန်တိုအတွင်းမှာတင် အများဆုံးပြေးနိုင်တဲ့သူ ဖြစ်နေခဲ့ပါပြီး သူပုံစံကို ကြည့်လိုက်ရုံနဲ့တင်စွမ်းအင်တော်တော်များများ မကုန်သေးတာကို သိနေခဲ့တယ်။ သူ့ရဲ့အရှိန်နှုန်းက တစ်စက်လေးမှကို ကျမသွားခဲ့ပါဘူး။
အရှေ့ဆုံးအဖွဲ့ရဲ့ အနောက်မှာတော့ ကျောင်းသားခုနှစ်ဆယ့်ကျော် ရှိနေခဲ့ပါတယ်။ အားလုံးက တူညီတဲ့ အရှိန်နှုန်းနဲ့ ပြေးနေခဲ့တာပါ။ ဒီပြေးတာကလဲ သူ့တို့ကိုသိပ်ပြီး မောပန်းစေပုံမပေါ်ပါဘူး။ အရှိန်နှုန်းကိုကြည့်မယ်ဆိုရင် နှစ်နာရီအတွင်းမှာ အပတ်တစ်ရာပြည့်အောင် ပြေးဖို့က သူ့တို့အတွက် မခက်ခဲတဲ့ပုံပါ။
နောက်ဆုံးမှာကျန်နေခဲ့တဲ့သူတွေကတော့ ရှိနေပါသေးတယ်။ ဟို့ယွိဟောင်ကတော့ အဲ့ဒီနောက်ဆုံးအဖွဲ့ထဲမှာ ရောက်နေခဲ့တယ်။ သူ့ရှေ့မှာရှိတဲ့ ကျောင်းတော်သားတွေကို လိုက်မီဖို့အတွက် ဟို့ယွိဟောင်လဲ မြန်မြန်ဆန်ဆန် အစွမ်းကုန်ပြေးနေခဲ့တယ်။ ဒါပေမယ့် ခန္ဓာကိုယ်စွမ်းအားက ကုန်ဆုံးလာခဲ့မှုကြောင့် အပတ်နှစ်ဆယ်ပြေးပြီချိန်မှာပဲ သူအတော်လေးကို အရှိန်လျော့သွားခဲ့ပါပြီး သူက အတန်းထဲမှာ နောက်ဆုံးဖြစ်နေရုံတင်မကပဲ သူပြေးခဲ့တဲ့ အပတ်ရေးနှုန်းကလဲ တခြားသူတွေထက် လျော့ပါးလို့နေခဲ့တယ်။
ကျိုးယိရဲ့အသံက ရုတ်တရက်ဆိုသလို လူတိုင်းရဲ့နားထဲကို ၀င်ရောက်လာခဲ့ပါတယ်။
” အရှိန်တိုးလိုက်ကြ ငါ့ရဲ့ရပ်နေတဲ့နေရာကို နောက်ဆုံးအမှတ်အသားအဖြစ် ထားလိုက် ”
သူပြောပြီတဲ့နောက် ၀မ်သုန့်က သူ့ကိုခပ်မြန်မြန်ပဲ ဖြတ်သန်းသွားခဲ့ပါတယ်။ အဲ့ဒီနောက် ပထမဆုံးအနေနဲ့ အပတ်တစ်ရာပြည့်အောင် ပြေးနိုင်တဲ့သူဖြစ်လာခဲ့တယ်။
အရမ်းကို မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ သူက အပတ်တစ်ရာပြည့်အောင် ပြေးနိုင်ခဲ့တာကြောင့် ၀မ်သုန့်ရဲ့မျက်နှာက နီရဲလို့နေခဲ့ပါပြီး သူလဲ အရှိန်ကို ပြန်လျှော့လိုက်ပြီး ရင်ပြင်ရဲ့ဘေးကို လျှောက်လာပါတော့တယ်။
အဲ့ဒီနောက် ပိုပြီး များပြားတဲ့ကျောင်းတော်သားတွေက တဖြည်းဖြည်းဆိုသလို ပြီးဆုံးပါတော့တယ်။ နောက်ဆုံးမှာတော့ အချိန်နှစ်နာရီပြည့်ဖို့ ဆယ့်ငါးမိနစ်သာ ကျန်တော့တာပါ။
၀မ်သုန့် ရပ်လိုက်ပြီတဲ့နောက် နောက်ဆုံးမှာကျန်နေခဲ့တဲ့ ဟို့ယွိဟောင်ဆီကို အကြည့်ရောက်သွားပါတော့တယ်။ သူမျက်မှောင်ကြုတ်ရင်း သူ့ဘာသာသူ ပြောနေခဲ့မိတယ်။
” ငါဒီကောင်ကို ဘယ်လိုများ ရှုံးသွားရတာပါလိမ့် ”
ဟို့ယွိဟောင်ရဲ့ အရှိန်နှုန်းက အများကြီးကို ပိုနှေးနေခဲ့ပါပြီး သူ့ရဲ့ ကျောင်း၀တ်စုံတစ်ခုလုံးလဲ ချွေးတွေနဲ့ စိုရွှဲနေခဲ့ပါတယ်။ သိုင်းပညာ၀ိညာဥ်ကလဲ စိတ်၀ိညာဥ်အမျိုးအစား ဖြစ်နေခဲ့တာကြောင့် ခန္ဓာကိုယ်ကို အများကြီး တွန်းအားမပေးနိုင်ပါဘူး။ ထူးဆန်းကောင်းကင်နည်းလမ်းကို ကျင့်ကြံထားတာကြောင့်သာ မဟုတ်ရင် အခြေအနေ ပိုဆိုးနေခဲ့မှာပါ။
အကယ်၍ ဟို့ယွိဟောင်သာ နှစ်နာရီအချိန်အပြည့်အ၀ကို ဖြတ်ကျော်ပြီး ပြေးရခဲ့မယ်ဆိုရင်တောင် ခက်ခက်ခဲခဲ ဖြတ်သန်းရမှာပါ။ ဒါပေမယ့် ကျိုးယိက သူတို့ကိုဆယ့်ငါးမိနစ်လောက် နှောင့်နှေးစေခဲ့တာကြောင့် အပတ်တစ်ရာပြည့်ပြီး ပိုခက်ခဲလာပါတော့တယ်။ ဒါ့အပြင် ခန္ဓာကိုယ်စွမ်းအားကို ထိန်းသိမ်းရင်းနဲ့ သူက ချွေတာပြီး ပြေးနေခဲ့ရတယ်။ လက်ရှိအချိန် သူက သူ့ဘေးမှာရှိတဲ့ ကျောင်းတော်သားထက်တောင် သုံးပတ်နောက်ကျနေခဲ့ပါပြီး အပတ်တစ်ရာပြည့်ဖို့ နှစ်ဆယ့်တိတိတောင် လိုပါသေးတယ်။ ဆယ့်ငါးမိနစ်အတွင်း အပတ်နှစ်ဆယ်ကို ပြေးဖို့ဆိုတာ သူ့အတွက်တော့ မဖြစ်နိုင်သလောက် ကိစ္စပါပဲ။
အပိုင်း ၈•၄ ပြီး၏။