Switch Mode

Chapter – 97

အနာဂတ် ကြယ်ပွင့်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၇ – အနာဂတ်ကြယ်ပွင့်

ရှားချန်းယု အံ့အားသင့်သွားရ၏။ လုပ်ငန်းတစ်ခုထဲမှ လူတစ်ယောက်နှင့် ဘလိုင်းဒိတ်လာတွေ့နေရသည်မှာ မည်မျှပင် ထူးဆန်းလှသနည်း..

“ကမ္ဘာကြီးက အရမ်းကျဉ်းမနေဘူးလား..” သူမ မတွေးပဲ မနေနိုင်။ လူထုသာသိသွားလျှင် သူတို့ပျက်လုံးကြီး ဖြစ်သွားလိမ့်မည်။

ကျန်း‌လော့ရှန်းလည်း သူ့သူငယ်ချင်းနည်းတူ အံ့အားသင့်သွားရသည်။ သူမသည် ချူဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် သူမကိုယ်သူမ တွေးလိုက်သည်။ “တိုက်ဆိုင်လိုက်တာ..” သူမကဲ့သို့သော အခြေအနေမျိုးရှိသည့်လူတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့။ သူမ အော်ရယ်မိတော့မည်။

ရှားချန်းယု သူမကို လှောင်ရယ်နေသည့် ကျန်းလော့ရှန်းကို ဆွဲဆိတ်လိုက်သည်။ သူမကို ဤဂကျိုးဂကြောင်အခြေအနေမှ ဆွဲထုတ်ပေးနိုင်ရန် သူမ သူငယ်ချင်းအကူအညီ လိုနေသည်ပင်။

ချူဖုန်းကတော့ နောင်တရမိသွားသည်။ သူ လက်လွတ်စပယ် မပြောလိုက်သင့်။ သူ့ကိုယ်သူ ထိန်းလိုက်သင့်သည်။

“အံ့ဩစရာပဲ..” ကျန်းလော့ရှင်း လေထုထဲမှ တင်းမာမှုများကို ချေဖျက်လိုက်သည်။ သူမမှန်သိသွားမည်စိုးသောကြောင့် တမင်သက်သက်ပင် အသံအက်အက်ကြီးဖြစ်အောင် ပြောလိုက်သည်။

သူမ ပြောလိုက်သည့်စကားများမှာ သင့်တော်သည့်စကားလုံးများပင်။ သူမသည် မေးခွန်းကို တဲ့တိုးကြီးမမေးပဲ ကွေ့ပတ်မေးလိုက်သည်။ ချူဖုန်း မည်မျှ နာမည်ကြီးသည်ကို သိရန်အတွက် သူ မည်မျှအလုပ်များနေသလဲဟု မေးလိုက်သည်။

သူမ ယခင်က ဤလူကို မမြင်ဖူးသည်မှာ သေချာသည်။ သူသည် ယခုမှ အလုပ်သစ်စသည့်သူဖြစ်လိမ့်မည်။ အလွန်ဆုံးမှ သူ ဖြတ်လျှောက်သာ ဖြစ်လိမ့်မည်။

“ဟုတ်တယ် .. ရှင် တော်တော်အလုပ်များနေတာလား..” ရှားချန်းယုလည်း မေးလိုက်သည်။ ကျန်းလော့ရှန်း၏ လိမ္မာပါးနပ်မှုကို သူမ တိတ်တိတ်လေး အထင်ကြီးမိသွားသည်။ ဤမေးခွန်းသည် သဘောရိုးဖြင့် မေးဖြင့် မေးခွန်းပုံစံပေါက်သည့်အပြင် အလွန်တိကျသည့်အဖြေကို ရနိုင်သည်ပင်။

“ဟုတ်တယ် .. တော်တော်လေး အလုပ်များနေတာ .. နံနက်နေမထွက်ခင်သွားရပြီးတော့ ညသန်းခေါင်မှ ပြန်ရတာ” ချူဖုန်း အမှန်အတိုင်း ပြောလိုက်သည်။

သို့သော် သူ့ရှေ့၌ ထိုင်နေသည့်အမျိုးသမီးနှစ်ဦးအတွက်တော့ သူ့စကားလုံးများမှာ ဟောင်ဖွာဖွာပြောသည့်စကားများထက် မပို။

လူသစ်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် အလုပ်များနိုင်မှာလဲ..

ကျန်းလော့ရှန်း စကားပရိယာယ်ဆင်ပြီး မမေးချင်တော့။ ဤလူ သူမ ပြောသည်ကို နားမလည်ကြောင်း သူမယုံကြည်သည်။ ယခုတစ်ခေါက်တော့ သူမ ဒဲ့တိုးသာ မေးလိုက်သည်။ “ရှင်က ရုပ်ရှင်ထဲမှာ ဘယ်နေရာက ပါတာလဲ..”

“အမျိုးသားဇာတ်ဆောင်..” ချူဖုန်း ဖြေလိုက်သည်။

လိမ္မော်ရည်သောက်နေသည့် ရှားချန်းယုမှာ လိမ္မော်ရည်သီးတော့မလိုပင် ဖြစ်သွားသည်။

သရုပ်ဆောင်သစ်တစ်ယောက်က ရုပ်ရှင်ထဲမှာ ဇာတ်ဆောင်နေရာက ရိုက်ရတယ်ဟုတ်လား .. ဟာသပဲ .. ဒီလူက သူ့ကို ငတုံးလို့ထင်နေတာလား.. သူမကိုယ်တိုင်လည်း ဖျော်ဖြေရေးလောကထဲ၌ ကျင်လည်နေသည့်သူဖြစ်သောကြောင့် ဤလောက၌ မည်ကဲ့သို့သော အခြေအနေမျိုးရှိသည်ကို သူမ နားလည်သည်။

“ဝိုး .. မိုက်လိုက်တာ .. ရှင်က အမျိုးသားဇာတ်ဆောင်နေရာက ပါရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလြ..” ကျန်းလော့ရှန်း ပြုံး၍ ပြောလိုက်သည်။ သူမ မျက်ဝန်းများကို နေကာမျက်မှန်ဖြင့် ကာထားသောကြောင့် သူမပြုံးလိုက်လျှင် မည်မျှဆွဲဆောင်မှုရှိသည်ကို သူ မမြင်ရတော့။

ရှားချန်းယု နောက်ဆုံးတော့ လိမ္မော်ရည်ကို မြိုချလိုက်နိုင်သည်။ “ဟုတ်တယ် .. ဒါက တော်တော်အထင်ကြီးဖို့ ကောင်းတာပဲ..”

တကယ်တမ်းတွင်တော့ သူမ၏ ချီးကျူးစကားများမှာ ချူဖုန်းကို လှောင်ရယ်နေခြင်းပင်။

သူ့ရှေ့၌ ထိုင်နေသည့်မိန်းကလေးနှစ်ဦးလည်း ရုပ်ရှင်လောကထဲမှ ဖြစ်လိမ့်မှန်း ချူဖုန်း မသိသော်လည်း သူပြောလိုက်သည့်စကားအားလုံးမှာ အမှန်တရားများပင်။

“ငါလည်း ဒီရုပ်ရှင်ထဲမှာ မပါချင်ဘူး ဒါပေမဲ့ ငါ့မှာ တစ်ခြား ရွေးချယ်စရာမရှိဘူးလေ”

သူ ခံစားခဲ့ရသည့်နှိပ်စက်မှုများကို ပြန်စဉ်းစားမိသည်နှင့် ချူဖုန်း ပြောစရာစကားပင် မရှိတော့။ စွမ်းအားကြီးကာ သန်မာသည့် သန္ဓေပြောင်းလူတစ်ဦးဖြစ်ပြီး ရုပ်ရှင်ထဲ၌ သရုပ်ဆောင်ဝင်လုပ်ရသည်မှာ ရှက်စရာကောင်းသည်ဟု သူ ထင်သည်။

ဤရုပ်ရှင်သာ ဖန်သားပြင်ထက် ရောက်လာလျှင် ဘာဖြစ်လာမည်ကို ဘုရားသာသိလိမ့်မည်။

ချူဖုန်း ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။

သို့သော် သူပြောလိုက်သည့် စကားများနှင့် သူ့အပြုအမူများမှာ သူ့ရှေ့မှ မိန်းကလေးနှစ်ဦးကို ဒေါသထွက်စေကြောင်း သူ မသိခဲ့။

အထူးသဖြင့် ရှားထျန်းယုပင်။ သူမ မင်းသမီးအဖြစ် လုပ်နေနိုင်ခြင်းမှာ ကျန်းလော့ရှန်း အကူအညီကြောင့်သာ။ မဟုတ်လျှင် ယခုအချိန် သူမ မည်သည့်အလုပ်လုပ်နေရမည်ကို ဘုရားသာ သိလိမ့်မည်။

သူမသည် ကျောင်းတွင် စာတော်သည့်သူဖြစ်သော်လည်း ဤစာမှလွဲလျှင် သူမ မည်သည့်နေရာမှမတော်။ သူမ မိသားစုလည်း ချမ်းသာသည့်မိသားစုမဟုတ်သဖြင့် အခြားလူများနှင့်လည်း အဆက်အသွယ်မရှိ။

ထို့ကြောင့်လည်း ကျန်းလော့ရှန်း အကူအညီနှင့်ပင်လျှင် သူမ ဘယ်တော့မှ ဇာတ်ဆောင်နေရာရမည်မဟုတ်။ ကံကောင်းစွာဖြင့် သူမသည် ဇာတ်ရုပ်အသေးလေးများသာ သရုပ်ဆောင်ရသော်လည်း သူမရသည့် ဇာတ်ဝင်ခန်းအရေအတွက်မှာ အတော်လေး များလှသည်ပင်။

သရုပ်ဆောင်ဘဝမှာ သူမအတွက် ခက်ခဲလှသည်။ ဤလူသည် မရှိသည့်အလုပ်ကို အရှက်မရှိ လျှောက်ပြောနေသည်အား မြင်လိုက်ရသည့်အချိန် သူမ ဒေါသထွက်သွားရသည်။ မည်သူက ဇာတ်ဆောင်နေရာက မရိုက်ချင်ပဲ နေမည်နည်း..

“သွားသေလိုက်လေ .. သတောင်းစား..”

ရှားချန်းယု ဒေါသထွက်သွားရသည်။ “ငါ့ကို အနိုင်ကျင့်လို့ရတဲ့ နုံအအမိန်းကလေးများ ထင်နေတာလား .. သူ လိမ်ညာပြောတာနဲ့ ငါက သူ့အိပ်ရာပေါ်ခုန်တက်လိမ့်မယ်လို့ ထင်နေတာလား .. သောက်ရူးကောင်..”

ကျန်းလော့ရှန်းလည်း ချူဖုန်းကို အကောင်းမမြင်တော့။ ဤလူမှာ လိမ်ညာလှည့်ဖျားတတ်သည့်သူဟု သူမ ထင်သွားသည်။

“ရှင်က ဘယ်ရုပ်ရှင်ထဲမှာ ပါနေတာလဲ..” သူမ သူ့ကို ယဉ်ယဉ်ကျေးကျေး ပြောမနေတော့။

“အခုလက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းကို အဓိကရိုက်ကူးတဲ့ ပညာပေးဇာတ်လမ်း” ချူဖုန်း ပြောလိုက်သည်။

ကျန်းလော့ရှန်း အနည်းငယ် ထိတ်လန့်သွားရသည်။ ဤလူသည် လျှောက်ပြောနေသည်ထက် သူပြောသည့်အကြောင်းအရာများအား သေချာသိနေသည့်ပုံပင်။ ရှားချန်းယုလည်း ဤကဲ့သို့သော ရုပ်ရှင်မျိုး၌ ပါဝင်နေသည်ပင်။

လောကကြီး ရုတ်တရက် ပြောင်းလဲသွားသည့်အချိန်တွင် ဤကဲ့သို့သော ရုပ်ရှင်မျိုး ခေတ်စားလာသည်။ အော်ပရာများကို မည်သူမှ စိတ်မဝင်စားတော့။

စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရသည် လူများစိတ်ဓာတ်ခွန်အား တက်ကြွလာစေသည့် ရုပ်ရှင်များ ထုတ်လုပ်ရန် ကြိုးစားလာကြသည်။ သူတို့သည် လူများအား ဤရုပ်ရှင်များကြည့်ပြီး ရည်မှန်းချက် မြင့်မားလာပြီး အလုပ်ကြိုးစားရန် ရည်ရွယ်ကြသည်ပင်။

“ရှင်က ကိုယ့်ကိစ္စကိုယ်တော့ သိသားပဲ .. ဒါပေမဲ့ ရှင်ကျွန်မတို့ကို လိမ်နေတာက လိမ်နေတာပဲလေ .. ရှင်ဘယ်တော့ လိမ်ညာတာရပ်ပြီး အမှန်တရားကို ပြောမှာလဲ..” ရှားချန်းယု သူ့ကိုယ်သူ တွေးလိုက်သည်။

မိန်းကလေးများ မည်ကဲ့သို့တွေးနေသည်ကို ချူဖုန်း မသိ။ သူတို့လည်း သရုပ်ဆောင်များဖြစ်သည်ကို သူ မသိသေး။

“ဒါရိုက်တာ ဘယ်သူလဲ..” ကျန်းလော့ရှန်း မေးလိုက်သည်။ သူမအသံသည် အနည်းငယ် အက်ကွဲနေသော်လည်း နားဝင်ချိုလှသည်။

“အာ .. မင်းက ဘာလို့ ဒါရိုက်တာအကြောင်း ပြောလာတာလဲ..” ချူဖုန်း ခေါင်းခါလိုက်သည်။ သူ ကျိုးရိထျန်းဟူသည့်နာမည်ကို မုန်းသည်။ ဤလူသည် သူ့ကို ဖျော်ဖြေရေးလောကတွင် ပြက်လုံးတစ်ခုဖြစ်အောင် လုပ်ခဲ့သည့်လူပင်။

သို့သော် မိန်းကလေးများအတွက်တော့ သူ့စကားလုံးများမှာ ဝတ်ကြေတန်းကြေဆန်လှသည်။ မိန်းကလေးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ကြသည်။ ဤလူမှာ ရွံစရာကောင်းသည့်သူဖြစ်ကြောင်း သူတို့နှစ်ဦးလုံး သဘောတူလိုက်သည်။ သူတို့ စကားစမြန်မြန်ဖြတ်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

“အိုး .. ကျွန်မတို့ရဲ့ အနာဂတ်ကြယ်ပွင့်ကြီးပေါ့ .. ရှင့်ရဲ့ရုပ်ရှင် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် .. ရှင် နာမည်ကြီးသွားရင် ကျွန်မကို လက်မှတ်ထိုးပေးဖို့ မမေ့နဲ့ဦးနော်..” ကျန်းလော့ရှန်း ပြုံး၍ ပြောလိုက်သည်။

“ဟား ဟား..” ရှားချန်းယုလည်း ရယ်မောလိုက်သည်။ “ဟုတ်တယ် .. အနာဂတ်ကြယ်ပွင့်လေး .. ရှင့်အနာဂတ်က တောက်ပနေပြီ .. ရှင်က လူထုအသည်းစွဲ မင်းသားကြီး ဖြစ်လာတော့မှာ .. ဒီလိုမျိုး အောင်မြင်မှု၊ ကံကောင်းမှုနဲ့ဆိုရင် တစ်နေ့ကျရင် ရှင်က ကျန်းလော့ရှန်းနေရာကိုတောင် အစားထိုးသွားနိုင်လောက်တယ် .. အဲဒီတော့ ရှင်က ဒီနေ့ ဘာလို့ ဒီနေရာကိုလာလဲဆိုတာ မေးပါရစေ..”

ချူဖုန်း ထိုမိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် “မင်းမသိဘူးလား .. ဒီလောကကြီးက ငါ့တို့လောကကြီး မဟုတ်တော့ဘူး .. ဒါက ငါတို့လူသားတွေရဲ့ အဆုံးသတ်နဲ့တောင် တူနေပြီ .. အဲဒီတော့ ငါ့အဖေနဲ့အမေက မြေးလေးတစ်ယောက် လိုချင်နေတာ .. သူတို့အတွက်က မိသားစုမျိုးဆက်ရဖို့က အလျင်လိုနေတယ်လေ .. ငါ သူတို့အမိန့်ကို မလွန်ဆန်နိုင်လို့ ဒီနေ့ ဒီကိုရောက်လာတာပဲ..”

ဤမိန်းကလေးများမှာ သူ့ကို တစ်နည်းနည်းဖြင့် မလိုမုန်းထားဖြစ်နေကြောင်း သူ ခံစားနေရသည်။ ထို့ကြောင့် အမှန်တရားမှာ အနည်းငယ် ထိတ်လန့်စရာကောင်းမည်ဖြစ်သော်လည်း သူ အမှန်အတိုင်းသာ ပြောလိုက်သည်။

မြေးလိုချင်လို့ဟုတ်လား..

သေချာပါသည်။ မိန်းကလေးများမှာ သူတို့ကြားလိုက်ရသည့်စကားကြောင့် ထိတ်လန့်သွားကြရသည်။ ကလေးမွေးဖို့မပြောနှင့် ဘလိုင်းဒိတ်တွေ့သည်မှာပင် သူတို့အတွက် အလွန်ဆိုးနေပြီဖြစ်သည်။ လူတစ်ယောက်က ဘယ်လိုလုပ် ပထမဆုံးတွေ့တဲ့အချိန်မှာ ကလေးမွေးဖို့ကိစ္စ ပြောရဲရတာလဲ..

“အာ .. မင်းတို့ကို ဗိုက်ဆာဆာနဲ့ စောင့်ရအောင်လုပ်မိလို့ တောင်းပန်ပါတယ် .. တစ်ခုခုမှာရအောင်လေ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။

ဤဘလိုင်းဒိတ်ကို မစ်ရှင်တစ်ခုအနေဖြင့် သတ်မှတ်ထားသောကြောင့် သူ ဤမစ်ရှင်ကို သူ အောင်မြင်အောင်၊ ပြီးဆုံးအောင် လုပ်ရမည်။ ကောင်မလေးများ သူ့ကို မည်ကဲ့သို့ တွေးမည်ကို သူ ဂရုမစိုက်နိုင်။ အနည်းဆုံးတော့ သူ ပြောလိုက်သည့်စကားအားလုံးမှာ အမှန်များပင်။ “သူတို့တွေကို ငါ့ဝမ်းနည်းမှုတွေကို ဖွင့်ထုတ်နိုင်တဲ့ စိတ်ရောဂါကုဆရာဝန်လို့ပဲ သဘောထားလိုက်..” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။

သူ့အတွက်တော့ ထိုရုပ်ရှင်မှာ အချိန်မရွေးထပေါက်နိုင်သည့် ဗုံးတစ်လုံးပင်။

“ကောင်းပြီလေ .. ကျွန်မတို့ မစားတော့ဘူး .. ကျွန်မတို့ လုပ်စရာလေးတွေ ရှိသေးတယ် .. ပြီးတော့ .. ကျွန်မထင်တာတော့..” ရှားချန်းယု စကားလုံးများကို ရွေးချယ်လိုက်သည်။ သူမအတွက်တော့ ဤလူကို နောက်တစ်ကြိမ်ထပ်မတွေ့ချင်တော့။

သို့သော် ထိုအချိန်တွင် ချူဖုန်း၏ဖုန်း ထမြည်လာသည်။ ဖုန်းကို စားပွဲပေါ် တင်ထားသောကြောင့် ခေါ်လာသည့်သူနာမည်ကို သူမတို့ မြင်လိုက်ရသည်။ ‘လင်းနွိုင်’ ဟု ရေးထားသည်ပင်။

ချန်းလော့ရှန်း လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမထက် ဤနာမည်ကို မည်သူမှ မရင်းနှီးနိုင်။ သူမနှင့် လင်းနွိုင်မှာ ပြိုင်ဘက်များပင်။

ရှားချန်းယုလည်း အံ့အားသင့်သည့်အကြည့်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤနာမည်မှာ သူမအတွက်လည်း မစိမ်း။

တိုင်းဟန်တိုက်ပွဲမဖြစ်ခင်၌ လင်းနွိုင်ဓာတ်ပုံကို လိုင်းပေါ်၌ တင်ခဲ့ကြသေးသည်။ သူမ၏အလှတရားမှာ လူများကို အံ့အားသင့်စေခဲ့သည်ပင်။

မြွေဖြူတိုက်ပွဲပြီးနောက်တွင် သူမကျော်ကြားမှုမှာ မိုးထိုးလာသည်။ သူမသည် ‘နိုင်ငံနတ်ဘုရား’ ကျန်းလော့ရှန်းနီးပါး နာမည်ရလာသည်ပင်။

ကျန်းလော့ရှန်းနှင့် ရှားချန်းယု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤသည်မှာ လင်းနွိုင်အစစ်ခေါ်လာခြင်းမဟုတ်ကြောင်း သူတို့နှစ်ဦးလုံး သဘောတူလိုက်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ချူဖုန်း သူတို့ကို အရူးလုပ်ရန် ကြိုးစားနေကြခြင်းပင်။ “တော်တော် အတင့်ရဲတဲ့ကောင်ပဲ..” သူတို့နှစ်ဦး ကျိန်ဆဲလိုက်ကြသည်။

ချူဖုန်း ထိုင်ခုံမှထလိုက်ပြီး ဖုန်းအတွက် တောင်းပန်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။ “နေကောင်းလား နွိုင်..” သူ နူးညံ့စွာ နှုတ်ဆက်လိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ..” လင်းနွိုင်မေးလိုက်သည်။ သူမ စိတ်အားတက်ကြွနေကြောင်း သူမအသံကို နားထောင်၍ သူသိနိုင်သည်။

“ငါ ဘလိုင်းဒိတ်လုပ်နေတာ..” ချူဖုန်း အမှန်အတိုင်းသာ ပြောလိုက်သော်လည်း သူ ချက်ချင်း နောင်တရမိသွားသည်။

ဖုန်းလိုင်းတစ်ဖက်တွင် တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ရယ်သံ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် လင်းနွိုင်၏နူးညံ့သည့်အသံ ထွက်ပေါ်လာသည်။ “စိတ်ဝင်စားစရာပဲ .. ဆက်လုပ်ပါ..”

ထို့နောက် သူမ ဖုန်းချသွားသည်။

“ငါ ဘာအမှားလုပ်မိသွားတာလဲ..” ချူဖုန်း နောင်တရမိသွားသည်။ သူ ထိုနေရာ၌ သတိလက်လွတ်သာ ရပ်နေမိသည်။

“ဒိမ်ဒီမျိုးရိုးဗီဇက လင်းနွိုင်လား .. သူက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးပဲ .. သူနဲ့နာမည်တူတဲ့လူနဲ့ ရှင်သိနေတာ စိတ်ဝင်စားစရာ ကောင်းသားပဲ” ကျန်းလော့ရှန်း ပြုံး၍ ပြောလိုက်သည်။ “ရှင့်ကိုကြည့်ရတာ အစောနကနဲ့ မတူတော့သလိုပဲ .. နည်းနည်းလေး .. စိတ်ပျက်နေတယ်ထင်တယ် .. ခုနကခေါ်လာတာ ရှင့်အရင်ကောင်မလေးလား..”

ချူဖုန်းမှာ သူ့အတွေးထဲ နှစ်မြှုပ်နေသောကြောင့် ပြန်မဖြေလိုက်နိုင်။

သို့သော် ရှားချန်းယု အမြင်တွင်တော့ သူသည် မရှိသည်ကို အရှိလုပ်ပြီးပြောသည့်သူဟု ထင်ထားလေသည်။ “ရှင် လင်းနွိုင်အစစ်နဲ့ ဖုန်းပြောနေတယ်လို့ ယုံရအောင် ကျွန်မကို ငတုံးများ ထင်နေတာလား..”

ကျန်းလော့ရှန်းပင် ဤသည်ကို သည်းမခံနိုင်တော့။ ဤခွေးသားလေး ရှားချန်းယုအား နောင်တွင် မနှောက်ယှက်နိုင်ရန်အတွက် သူမ လေတိုက်ပြမှ ရတော့မည်။

ကျန်းလော့ရှန်းသည် ပြတ်သားစွာဖြင့် သူမ မက်စ်ကို ချွတ်လိုက်သည်။ အနီးကပ်နေနေသောကြောင့် မည်သူမဆို သူမကို မှတ်မိမည်ပင်။

ချူဖုန်း ထိတ်လန့်သွားရ၏။ သူမ မည်သူဖြစ်သည်ကို သူ သိသည်။

သူသာ သူ၏နတ်ဘုရားကဲ့သို့သော စွမ်းရည်ကို အသုံးပြုလျှင် အစောကြီးကတည်းက သူမကို သတိပြုမိသွားပြီဖြစ်သည်။

သို့သော် ထိုကဲ့သို့ သုံးလိုက်လျှင် သူ့ခန္ဓာကိုယ်မှ အမွှေးနံ့များ ထွက်လာပြီး သူ့အရေပြားလည်းတောက်ပလာလိမ့်မည်။ ထို့အပြင် သူ့အမြင်အာရုံသည် အကြားအာရုံနှင့် ဆက်စပ်နေသောကြောင့် သူသည် မီတာရာပေါင်းများစွာဝေးနေသည့်နေရာမှ ခြင်၏အတောင်ပံခတ်သံကို ကြားနေရသည်။

သူသာ ဤလူစည်ကားသည့်နေရာ၌ ထိုစွမ်းရည်ကို သုံးလိုက်ပါက မကောင်းသည့်အတွေ့အကြုံသာ ရလိမ့်မည်။

သို့သော် သူမ မက်စ်ချွတ်လိုက်သည်နှင့် သူ ချက်ချင်း မှတ်မိသွားရသည်။

မြွေဖြူတောင်တိုက်ပွဲ၌ သူ သူမနှင့်တွေ့ဖူးပြီး တစ်ခွန်း၊ နှစ်ခွန်း ပြောဖူးသည်။ ထိုနေရာ၌ သူ့ထံ၌ ဒိတ်လွန်နေသည့်အကင်များ စားခဲ့သည့် လုရှီယွမ်လည်း ရှိနေခဲ့သည်ပင်။

ထိုအချိန်တုန်းက သူ့ကို နွားနတ်ဘုရားမှန်း မည်သူမှ မသိခဲ့ကြ။ ထို့ကြောင့် ယနေ့ သူတို့မျက်နှာချင်းဆိုင်တွေ့သော်လည်း ကျန်းလော့ရှန်း သူ့ကို မမှတ်မိ။

ချူဖုန်းမှာ တည်ငြိမ်နေသေးသည်။ သူသည် ‘နိုင်ငံ့နတ်ဘုရားမ’၏ အလှဖြင့် ခြိမ်းခြောက်မခံရသည့်အပြင် သူမကို ခြေဆုံးခေါင်းဆုံး ကြည့်နေသေးသည်။ သူ့မျက်လုံးရှေ့မှ အလှတရားကို သူ ဘယ်လိုလုပ် လက်လွတ်နိုင်မည်နည်း..

ဘာဖြစ်နေတာလဲ.. ကျန်းလော့ရှန်း အနည်းငယ် ကြောင်အသွားရသည်။ သူမ၏ဆွဲဆောင်မှုမှာ ဤလူကို မဖိနှိပ်နိုင်သည့်ပုံပင်။ ထို့အပြင် ဤလူသည် သူမကို စိတ်ကြိုက်ပင် ကြည့်နေသေးသည်။ ဘာလားဟ…

ရှားချန်းယုလည်း ထိတ်လန့်သွားရသည်ပင်။ ကျန်းလော့ရှန်းရဲ့တည်ရှိမှုကို သူက ဘယ်လိုလုပ် မလန့်ပဲ နေနိုင်တာလဲ..

ရုတ်တရက် ချူဖုန်းမျက်နှာ ချက်ချင်း ပြောင်းသွားသည်။ အကြားအမြင်ကောင်နှစ်ကောင် ယဲ့ချင်းရုန်နှင့် အတူလျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။ ဤအုပ်စုလည်း ဤစားသောက်ဆိုင်းသို့ ဦးတည်လာနေသည်ပင်။

သူတို့ကို မြင်လိုက်သည်နှင့် ချူဖုန်း မူးဝေသွားရသည်။ ဘလိုင်းဒိတ်တွေ့နေတုန်း မိသွားလျှင် အလွန်ရှက်စရာကောင်းလှသည်။ အထူးသဖြင့် ပါးစပ်သရမ်းသည့် အကြားအမြင်ကောင်နှစ်ကောင်ပင်။ သူတို့သည် လော်စပီကာကဲ့သို့ တစ်လောကလုံးသိအောင် ကြေငြာလိမ့်မည်။ ထိုသို့တွေးလိုက်မိသည်နှင့် ချူဖုန်း တုန်လှုပ်လာရသည်။

တကယ်တမ်း သူတို့ကို စကိုင်းတာဝါအောက်၌ တွေ့လိုက်ရစဉ်ကတည်းက သူ ဤခံစားချက်ကြီး ရနေခြင်းပင်။ ယခုတော့ သူ ကြောက်နေသည့်ကိစ္စကြီး ဖြစ်လာလေပြီ။

သူ့ကို ဤလူများ တွေ့သွားမည်ကို ချူဖုန်း အလွန်ရှက်လှသည်။ သူသည် ယဲ့ချင်းရုန်ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းလော့ရှန်းမျက်နှာထက်မှ မက်စ်ကို ဆွဲယူလိုက်ပြီး သူ့မျက်နှာ တပ်ထားလိုက်သည်။

ရှားချန်းယု အေးခဲသွားရသည်။ သူ ဘာလုပ်နေတာလဲ .. သူ ကျန်းလော့ရှန်းကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား .. သောက်ရမ်းကို ရဲတင်းနေတာပဲ..

ကျန်းလော့ရှန်း နဖူးထက်တွင်လည်း အနက်ရောင်လှိုင်းများ ဖြစ်ပေါ်လာသည်။

ဤသည်မှာ သူမ ဝတ်ထားသည့်မက်စ်ပင်။ ဤမက်စ်သည် သူမနှုတ်ခမ်း၊ နှာခေါင်းနှင့် သူမ တံတွေးနှင့်ပင် ထိမိသွားပြီဖြစ်သည်။ သူက ယောက်ျားတစ်ယောက်ဖြစ်ပြီး ဒါကို ပါးစပ်မှာ ဝတ်ထားရဲတယ်လား..

ဒါက ဗလက္ကာရလုပ်တာလဲ .. သည်းမခံနိုင်ဘူး..

သူမ ဒေါသထွက်လာရသည်။

အပိုင်း ၉၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset