ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၆ – ဘလိုင်း ဒိတ်
“ဟား ဟား..” ဖုန်းတစ်ဖက်ခြမ်းမှ ပေါ့ပါးသည့် ရယ်သံ ထွက်ပေါ်လာသည်။
“ငါ ဒေါသထွက်နေတာ နင်မရယ်နဲ့ .. ကျန်းလော့ရှန်း .. မင်းက နိုင်ငံရဲ့နတ်ဘုရားမနော် .. နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်းနေစမ်းပါ .. အရင်က နင် ဒီလိုမျိုးရယ်တာ မတွေ့ဖူးပါဘူး .. နင်တော်တော့..”
..
ချူဖုန်းအိမ်တွင်..
ချူဖုန်း ဆွံ့အနေသည်။ ဘလိုင်းဒိတ်ဟုတ်လား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
သူ ဘယ်တုန်းက သဘောတူလိုက်တာလဲ .. အခုလား .. ဝမ်ကျင်း သူ့အား ချုံခိုတိုက်ခိုက်လိုက်သည်ကို သူ နားလည်သွားရသည်။
“အမေ .. ကျွန်တော်ပြောတာနားထောင် .. အစောပိုင်းက ကျွန်တော် စိတ်လွင့်နေတာ .. အမေပြောတာကို မကြားလိုက်ရဘူး..”
“ငါ စကားပြောနေတာကို မင်းကစိတ်ပျံ့ရဲတယ်ပေါ့ .. ကောင်းပြီလေ မင်းမကြားရင် ထပ်ပြောလိုက်မယ် .. မင်း မနက်ဖြန် ဘလိုင်းဒိတ်သွားတွေ့ရမယ် .. အားလုံး စီစဉ်ထားပြီးသား .. သွား အခုချက်ချင်း အဝတ်အစားအသစ်တွေ သွားဝယ်တော့ .. မနက်ဖြန်ကျရင် စတိုင်ကျကျလေးဝတ်သွား .. အခုသွားတော့..”
ဝမ်ကျင်းသည် သူ့ကို ဒေါသထွက်ခွင့်မပေးပဲ ဖိနှိပ်ပစ်လိုက်သည်။
သူ့အမေကို အတင်းဆန့်ကျင်မည့်နည်းလမ်းမရှိ။ သူ ဆက်ငြင်းနေလျှင် နားရွက်ဆွဲလိမ်ခံရတော့မည်။
သူ တကယ်ကို စိတ်ဓာတ်ကျနေမိသည်။ သန္ဓေပြောင်းလူများထဲမှ အကြီးဆုံးလက်ရွေးစင်မှာ ဘလိုင်းဒိတ်သွားတွေ့ရန် ဖိအားပေးခံနေရသည်။ ဤသတင်းသာ ပြန့်သွားလျှင် သန္ဓေပြောင်းလောကအတွက်တော့ သူသည် ပျက်လုံးတစ်ခု ဖြစ်သွားတော့မည်။
သူ ဤကိစ္စကို လုံးဝလျှို့ဝှက်ထားရမည်။ အထူးသဖြင့် အကြားအမြင်သမားနှစ်ယောက် သိသွား၍မရ။
ယခုတလော ထိုနှစ်ယောက်သည် ချူဖုန်းသွားသည့်နေရာတိုင်း နောက်မှ လိုက်နေရသည်ပင်။
“ထပ်ငေးနေပြန်ပြီ .. ဘာလို့ အခုထိ မသွားသေးတာလဲ..” ဝမ်ကျင်း ချူဖုန်းကို ဆော်ဩလိုက်သည်။
“ကျွန်တော်က ဘယ်ကိုသွားရမှာလဲ..” ချူဖုန်း မကျေမနပ်မေးလိုက်သည်။
“မင်းအတွက် သင့်တော်တဲ့အဝတ်အစား ရွေးဖို့ ငါတို့ အိမ်တစ်ခုလုံး ပြောင်းလာတာ .. မင်းက လူကြီးဖြစ်နေပြီကို အခုထိ ကိုယ့်အစားကိုယ် မဝတ်တတ်သေးဘူး”
“မလိုပါဘူး .. ရိုးရိုးရှင်းရှင်းဆို ရပါပြီ .. တီရှပ်ဆိုရင် ရလောက်ပြီ .. တီရှပ်က သက်တောင့်သက်သာဖြစ်တယ်”
“မဖြစ်ဘူး .. ပိုပြီးတော့ ပုံစံကျရမယ် .. တစ်ဖက်လူ အပြစ်တင်စရာတစ်ကွက်မှ မရှိအောင် လုပ်ရမယ်” ဝမ်ကျင်း ပြောလိုက်သည်။
“ကျွန်တော် မဝတ်ချင်ဘူး .. ဒီလိုရာသီဥတုမျိုးမှာ ဘယ်သူက ဒီလောက်အထပ်အများကြီး ဝတ်လို့လဲ..”
…
နောက်တစ်နေ့တွင် ကောင်းကင်ကြီးမှာ အပြာရောင်တောက်ပရှင်းလင်းနေပြီး နေလည်းသိပ်မပူ။
ကော်းကင်ထက်၌ ပျံဝဲနေသည့် ငှက်ကြီးများမရှိလျှင် ဤကဲ့သို့သော ရာသီဥတုနှင့် အပူချိန်မှာ သေချာပေါက် ပျော်စရာကောင်းသည့်နေတစ်နေ့ဖြစ်မည်ပင်။
ဤငှက်များမှာ သန္ဓေပြောင်းသားရဲခေတ် ရောက်နေပြီဖြစ်ကြောင်း သတိပေးနေသည့် မြင်ကွင်းတစ်ခုပင်။
“အစ်ကိုကြီး..”
“ဘော့စ်..”
ထိုလူနှစ်ယောက်မှလွဲလျှင် သူ့ကို ဤကဲ့သို့ ခေါ်မည့်သူမျိုးမရှိ။ ဖုန်းတစ်ဖက်ခြမ်းမှ တိဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့ ချူဖုန်းကို ဖားယားရန် ကြိုးစားနေကြသည်။
“ငါ့ကို လာမရှုပ်နဲ့ .. မင်းတို့နှစ်ယောက် ဒီနေ့လာစရာမလိုဘူး .. ငါ မင်းတို့ကို မမြင်ချင်ဘူး ကြားလား..” ချူဖုန်း သတိပေးလိုက်သည်။
“ဘော့စ် .. ကျွန်တော်တို့က ဘော့စ်ကို ထမင်းစားဖိတ်ချင်နေတာ .. အစ်မယဲ့ချင်းရုန်လည်း ဒီမှာ ရှိတယ် .. သူက ကျောပြောင်အင်္ကျီဝတ်ထားတာ .. သူ့အသားအရေက နှင်းလိုပဲ ဖြူဖွေးနေတာ .. အရမ်းကို မျက်စပသာဒဖြစ်တာပဲ .. စားသောက်ဆိုင်ကလည်း အဆင့်မြင့်စားသောက်ဆိုင် .. ဘော့စ် လာမှာလား မလာဘူးလား..”
ဤငနဲနှစ်ကောင်ကတော့ အောက်တန်းကျလွန်းသည်ပင်။ ထမင်းစားသည့်ကိစ္စကိုပင် သံသယဖြစ်အောင် ပြောနေသည်။
ထိုသို့ဆိုသော်လည်း ဤသည်မှာ ချူဖုန်းကို ဆွဲဆောင်လိုက်နိုင်သည်။ အနည်းဆုံးတော့ ဘလိုင်းဒိတ်သွားရသည်ထက် သာသေးသည်။ “တကယ်ကို ကျောပြောင်အင်္ကျီလား..” သူ မေးလိုက်သည်။
“အာ့..” ဖုန်းတစ်ဖက်ခြမ်းမှ နာကျင်စွာ အော်သည့်အသံများ ထွက်ပေါ်လာ၏။ သူတို့အပြစ်ပေးခံလိုက်ရသည်မှာ သေချာသည်။
ယဲ့ချင်းရုန်ကိုယ်တိုင် ဤရွံစရာကောင်းသည့် ကောင်နှစ်ကောင်ကို သင်ခန်းစာ ပေးလိုက်ခြင်းပင်။
သို့သော် ဖုန်းယူလိုက်သည်နှင့် သူမ၏ဒေါသများ ပျောက်ကွယ်သွားကာ ဆန့်ကျင်ဘက်အနေဖြင့် ဆွဲဆောင်မှုရှိသည့် လေသံတိုးလေးဖြင့် ပြောလာသည်။ “အစ်ကိုချူး .. ကျွန်မ ကျောနောက်ပြောင်အင်္ကျီဝတ်ထားတာ .. အစ်ကိုချူး လာမလား..”
“ထုံထိုင်းသွားပြီ .. ပျော့ခွေနေပြီ .. မူးဝေနေပြီ..” တုဟွိုင်ကျင်း အော်ဟစ်လိုက်သည်။
ယုယန်ချင်းလည်း နှာခေါင်းသွေးယိုမတတ် ဖြစ်နေလေပြီ။ သူသည် ယဲ့ချင်းရုန်ကို စိုက်ကြည့်လိုက်ကာ “သူ ငါတို့နဲ့ မပါချင်ရင်လည်း ထားလိုက်တော့ .. ငါတို့ မင်းနဲ့အတူတူ သွားမယ်..”
ဖုန်း … ဖုန်း..
လူနှစ်ယောက် လွင့်ထွက်သွားလေပြီ။
ချူဖုန်းလည်းထုံထိုင်းသွားသော်လည်း ယဲ့ချင်းရုန်ထံမှ ဖုံးကွယ်ထားသည့် လူသတ်လိုသည့်အငွေ့အသက်များကို ခံစားလိုက်ရသည်။ “ဒီနေ့ ငါလုပ်စရာတွေ ရှိနေတယ် .. နောက်တစ်ခေါက်မှ အတူတူစားကြတာပေါ့..”
သူ စကားစကို မြန်မြန်ဖြတ်လိုက်သည်။
တူ.. တူ.. ဖုန်းကျသွားသည့်အသံကို နားထောင်လိုက်ပြီး ယဲ့ချင်းရုန်၏ ဆွဲမက်ဖွယ်ကောင်းသည့်မျက်ခုံးများ ထောင်မတ်ကုန်သည်။ သူမ၏ ပုလဲလုံးသွားများဖြင့် သူမ၏နီရဲတောက်ပနေသည့် နှုတ်ခမ်းကို ကိုက်လိုက်ကာ “ငါ့ကိုတောင် ဖုန်းချသွားရဲတယ်ပေါ့..” သူမ ရေရွတ်လိုက်သည်။
…
နောက်ဆုံးတွင်တော့ ချူဖုန်းသည် သူ့အတွက် ပြင်ဆင်ထားသည့် ကိန်းကြီးခမ်းကြီးနိုင်သည့် အဝတ်အစားများ မဝတ်ပဲ ထွက်လာလိုက်သည်။ ဒေါသထွက်နေသည့် ဝမ်ကျင်းသည် သူ့နောက် ၁၀ မီတာခန့် လိုက်လာပြီးမှသာ မျှော်လင့်ချက်မဲ့စွာ နောက်ပြန်လှည့်သွားလေသည်။
“စကိုင်းတာဝါ၊ ၈၈ ထပ်..” ချူဖုန်း ခေါင်းကိုက်လာရသည်။ သူ့အမေသည် ပထမဆုံးတွေ့ဆုံမှုအတွက် ဤကဲ့သို့သော ခမ်းနားလွန်းလှသည့်နေရာမျိုး စီစဉ်ထားခြင်းမှာ ဖြုန်းတီးရာကျလွန်းနေသည်မလား..
သူသာဆိုလျှင် ကော်ဖီဆိုင်တစ်ခုခုမှာသာ ချိန်းလိုက်မည်ပင်။
စကိုင်းတာဝါမှာ စီးပွားရေးဇုန်ထဲ၌ ရှိနေသောကြောင့် လူများ ပျာပန်းခတ်မျှစည်ကားနေသည်။ ဤနေရာတွင် စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံနှင့် တစ်ခြား အပန်းဖြေစရာများလည်း ရှိနေသည်။
“ဒီနေရာက တကယ် မဆိုးဘူး .. အဲဒီလူက တော်တော်လေး အာရုံစိုက်ထားတာပဲ .. ချန်းယု နင့်မိဘတွေ တော်တော်လေး ကျေနပ်လိမ့်မယ်လို့ ငါပြောရဲတယ် .. ပြောလို့မရဘူး .. သူက လူချမ်းသာသားမက်တွေထဲကတစ်ယောက်လည်း ဖြစ်နိုင်တယ်”
စကိုင်းတာဝါအောက်တွင် ကျက်သရေရှိသည့် အမျိုးသမီးနှစ်ဦး ရပ်နေကြသည်။ တစ်ဦးမှာ နူးညံ့စွာ ပြုံးထားပြီး နေကာမျက်မှန်ဖြင့် သူမ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားလေသည်။
“ကျန်းလော့ရှန်း .. နင် ငါ့ကို ဆက်စနေမယ်ဆိုရင် ငါ နင့်နာမည်ကို အကျယ်ကြီး အော်ပစ်မှာနော် .. အဲဒီအချိန်ကျရင် နင့်ပရိသတ်တွေ အုပ်လိုက်ကြီး ရောက်လာမှာ” အခြားအမျိုးသမီးတစ်ဦးမှာ ပိန်ပါးသွယ်လျကာ ကျက်သရေရှိလှသည်။ သူမသည် ကျန်းလော့ရှန်းအား မျက်လုံးဝိုင်းများဖြင့် ဒေါသတကြီး စိုက်ကြည့်နေလေသည်။
“ရှားချန်းယု .. နင်က ငါ့စေတနာတွေကို စော်ကားလိုက်တာပဲ .. ငါက နင့်အတွက် အခြေအနေကို ဆန်းစစ်ပေးနေတာပါနော် .. ဒီလူက ဒီဘလိုင်းဒိတ်ကို အတော်လေး အလေးထားနေတယ်နေမှာ .. မဟုတ်ရင် ဒီလိုနေရာမျိုး ရွေးမှာမဟုတ်ဘူး .. ပထမဆုံးတွေ့တဲ့အချိန်ကိုတော့ နင် သူ့ကို အေးစက်စက် ဆက်ဆံလို့မရဘူးနော်” ကျင်းလော့ရှန်း ရယ်မောလိုက်သည်။
“နင် ငါ့ကို တကယ် စိတ်တိုအောင် လုပ်နေတာပဲ .. ငါတို့ တွေ့ကတည်းက နင်ငါ့ကို စနေတာ .. ဒါတွေအားလုံးက ငါ့အဒေါ်အပြစ်တွေ .. သူက ဒီကိစ္စကို ဘာလို့ဒီလောက်ထိ စိတ်အားထက်သန်နေတာလဲ.. ငါ့စိတ်ကိုတောင် မပြင်ဆင်ရသေးဘူး..”
ရှားချန်းယုမှာ ဖြူစင်သည့်သူဖြစ်ပြီး မိတ်ကပ်မပါလျှင်ပင် လှသည်။ သူမထံတွင် ကျောင်းသူတစ်ဦးကဲ့သို့သော အလှမျိုးရှိသည်။
“နင်က ငါတို့အခန်းထဲမှာ ပထမဆုံး ဘလိုင်းဒိတ်သွားတဲ့သူပဲ .. ဒီသတင်းသာ ပျံ့သွားရင် .. အိုး .. ငါတော့ ဖြစ်လာမယ့်ကိစ္စကို ခန့်မှန်းမိနေပြီ .. ချိုမြိန်လိုက်တာ..”
“တော်တော့ .. အချိန်ကျလာရင် နင့်အော်ရာတွေကို ထုတ်ပြီးတော့ သူ့ဘာသာသူ နောက်ပြန်ဆုတ်သွားအောင် လုပ်လိုက် .. ဒါက နင်ပြီးအောင်လုပ်ရမယ့် မစ်ရှင်ပဲ..” ရှားချန်းယု ဒေါသတကြီး ပြောလိုက်သည်။
ထိုနားတစ်ဝိုက် ပတ်သွားပြီးသည်နှင့် အမျိုးသမီးနှစ်ဦး တာဝါထဲ မြန်မြန်ဝင်သွားလိုက်သည်။ လူထူထပ်သည့်နေရာ၌ သူတို့ကြာကြာမနေရဲ။ ကျင်းလော့ရှန်းသည် မျက်မှန်ကြီးတပ်ထားသည့်အပြင် မက်စ်လည်း တပ်ထားသည်ပင်။
သူတို့နှစ်ဦး ၈၈ လွှာသို့ တက်သွားလိုက်ပြီး ကြိုတင်မှာထားသည့်စားပွဲ၌ ထိုင်လိုက်သည်။ ဤနေရာမှ အပြင်ဘက်ရှူခင်းများကို ကောင်းကောင်းမြင်နိုင်သည်ပင်။
ပြတင်းပေါက်ဘေး၌ ရပ်လိုက်ရုံဖြင့် ကောင်းကင်ထက်၌ ပျံဝဲနေသည့် အသားစားငှက်များနှင့် မြေပြင်ထက်၌ လျှောက်သွားနေသည့် သားရဲများကို မြင်နေရသည်။ ဤမြင်ကွင်းမှာ တကယ်ကို မှော်ဆန်လှသည်။
“လော့ရှန်း .. နင်က ဘာလို့ ရွှမ်းထျန်ကို လာတာလဲ..” ထိုင်ပြီးသွားသည်နှင့် ရှားချန်းယု သူမ၏ အရင်းနှီးဆုံးသူငယ်ချင်းကို မေးလိုက်သည်။
“မီးခိုးပြာဝံပုလွေအတွက်ကလွဲရင် ဘာဖြစ်နိုင်မှာလဲ .. ဝံပုလွေကြီး သူ့ရဲ့နတ်အာရုံ ဘယ်လိုဆုံးရှုံးသွားလဲဆိုတာ ဘောဓိမျိုးရိုးဗီဇက သိချင်နေတာ”
သူတို့နှစ်ဦးသည် နီးနီးကပ်ကပ်ထိုင်ကာ ပွင့်ပွင့်လင်းလင်းပင် ဆွေးနွေးနေကြသည်။
“ဒါနဲ့ နင်ရိုက်နေတဲ့ ရုပ်ရှင် ဘယ်လိုဖြစ်သွားပြီလဲ .. ဒီလိုနာမည်ကြီးနေတဲ့လူပါနေတယ်ဆိုတော့ ဇာတ်ကားက သေချာပေါက် ပေါက်မှာပဲ .. နင် နာမည်ကြီးလာတဲ့အချိန်ကျရင် ငါ့ကို အော်တိုထိုးပေးဖို့ မမေ့နဲ့နော်”
“သွားစမ်းပါ .. ငါ့ကိုပဲ လိုက်စမနေနဲ့တော့ .. ဒါပေမဲ့ ဒါတွေအားလုံးက နင်ငါ့ကို ထောက်ခံပေးလိုက်တာကြောင့်ပါ .. မဟုတ်ရင် ငါအဲဒီအဖွဲ့ထဲပါဖို့က မဖြစ်နိုင်ဘူး .. တကယ်ကို နာမည်ကြီးတဲ့သူတွေ စုထားတာပဲ .. ငါတို့ နောက်ဆုံးအပိုင်း ရောက်သွားလို့ တော်သေးတာပေါ့ .. ငါ ပင်ပန်းတယ်လို့ မပြောနိုင်လောက်အောင်ကိုပင်ပန်းခဲ့ရတာ..”
ချန်းယုသည် ပင်ပန်းသည်ဟု ပြောသော်လည်း သူမစိတ်ခံစားချက် အတော်လေး ကောင်းမွန်နေသည်မှာ သိသာလှသည်။
“နင် မလုပ်ချင်တာကို ဖိအားပေးပြီး မလုပ်ခိုင်းခဲ့ဘူးမလား..” ကျန်းလော့ရှန်း တီးတိုးမေးလိုက်သည်။
ရှားချန်းယုသည် ကျန်းလော့ရှန်းအား ရိုက်လိုက်ကာ “နင်က အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ .. နင် အရိုက်ခံချင်နေတာလား .. နင်က ထောက်ခံပေးလိုက်မှတော့ ဘယ်သူက ငါ့ကို အနိုင်ကျင့်ရဲမှာလဲ .. ဟမ့် .. သီးသန့်အချိန်တွေမှာဆိုရင် နင်က နတ်ဘုရားမ အငွေ့အသက်ကို မရှိဘူး .. ဒါပေမဲ့ ငါ့ကို နှာဗူးအကြည့်နဲ့ လိုက်ကြည့်ကြည့်နေတဲ့ လက်ထောက်ဒါရိုက်တာတစ်ယောက်တော့ရှိတယ် .. အဲဒီလူက တကယ်စိတ်ရှုပ်ဖို့ကောင်းတာ..”
“‘အဆက်အသွယ်’တွေကို ထည့်စဉ်းစားပေးရတာနဲ့ပဲ ဇာတ်ကောင်အသစ်တွေ အများကြီး ထပ်ထည့်လိုက်တယ်ဆို .. အဲဒီလိုလုပ်တာက ဇာတ်လမ်းကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား..” ကျန်းလော့ရှန်း မေးလိုက်သည်။
ရှားချန်းယု ပြောသည့်အတိုင်းပင် သူမသည် ကိုယ်ပိုင်အချိန်များတွင် ပွင့်လင်းသည့်သူပင်။ နတ်ဘုရားမနှင့်မတူ။
“ဟုတ်တယ် .. ဥပမာအားဖြင့် လင်းမိသားစုကအမျိုးသမီး ရှုဝမ်ရိဆိုရင် ဇာတ်ကောင်ရွေးတုန်းက ဘယ်တုန်းကမှ ပေါ်မလာဖူးဘူး .. ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့အခန်းတွေ ပါလာတာ” ရှားချန်းယု ပြောလိုက်သည်။
“ကိစ္စတော့မရှိပါဘူး .. နင့်အခန်းတွေ အများကြီးပါတာပဲ .. ဒီငယ်ရွယ်ပြီးအပြစ်ကင်းတဲ့အမျိုးသမီးလေးက အဲဒီလူအိုကြီးတွေကို မှုတ်ထုတ်ပစ်မှာပေါ့ ဟုတ်တယ်မလား..” ကျန်းလော့ရှန်းသည် ရှားချန်းယု၏ နူးညံ့သည့်မျက်နှာလေးကို ငြင်သာစွာ ပွတ်သပ်ပြီး ပြောလိုက်သည်။
ရှားချန်းယု သူမလက်ကိုပုတ်ထုတ်လိုက်ပြီး “မိန်းမနှာဗူး .. နင်က တကယ်ရော ငါတို့နိုင်ငံရဲ့နတ်ဘုရားမ ဟုတ်ရဲ့လား .. ဣန္ဒြေကိုမရှိဘူး .. တစ်ယောက်ယောက်သာ နင့်ကို ဒီလိုပုံစံတွေ့သွားရင်တော့ မေးရိုးက ကြမ်းပြင်ထက်ထိကို ကျသွားမယ်ထင်တယ်”
ခပ်လုံးလုံးဆံပင်ကေ၊ မျက်လုံးဝိုင်းနှင့် ဖြူဖွေးနေသည့်အသားအရေများမှာ သူမကို ကျောင်းသူတစ်ဦးနှင့် တူစေသည်ပင်။
“တိုက်ခိုက်တဲ့အခန်းတွေကို အချိန်အကြာကြီး ရိုက်နေရတာဆိုတော့ ပင်ပန်းနေပြီမလား..” ကျန်းလော့ရှန်း မေးလိုက်သည်။
“တကယ်ကိုပင်ပန်းတာ .. ငါ လနည်းနည်းလောက်တော့ နားရလိမ့်မယ် .. ငါ အလုပ်များနေတဲ့အချိန် ငါ့အန်တီ ဒါကို စီစဉ်လိုက်တာလေ .. ငါ ဒေါသထွက်လွန်းလို့ တောင်ပိုင်းကို ချက်ချင်း ပြန်သွားချင်စိတ်တောင် ပေါက်သွားတယ်” ရှားချန်းယု ညီးတွားလိုက်သည်။
ခဏကြာပြီးနောက် သူမအချိန်ကိုကြည့်လိုက်ကာ “အမ်.. ဒီလူက ဘာလို့ ရောက်မလာသေးတာလဲ .. သူက ငါတို့ကို စောင့်နေစေချင်တာလို့တော့ မပြောနဲ့နော်..”
“သူ ရောက်လာတဲ့အချိန်ကျရင် ငါ သူ့ကို ချက်ချင်းခြောက်လန့်ပစ်လိုက်ရမလား..” ကျန်းလော့ရှန်း မေးလိုက်သည်။
“မလုပ်နဲ့ဦး .. သူက ကျိုးကြောင်းဆီလျော်တဲ့သူဆိုရင် ငါ သူနဲ့စကားပြောလို့ရတယ် .. သူငယ်ချင်းအသစ်ဖွဲ့တာလို့ သဘောထားလိုက်လို့ရတယ် .. ဒါပေမဲ့ သူက ကျိုးကြောင်းမဆီလျော်ပဲနဲ့ လူတတ်ကြီးလုပ်နေမယ်ဆိုရင်တော့ သူ့ကိုဖြေရှင်းဖို့အတွက် နင့်ကိုပဲ အားကိုးလိုက်တော့မယ် .. သူ လွင့်ထွက်သွားအောင် နင့်အရှိန်အဝါတွေကို ထုတ်ပြလိုက်” ရှားချန်းယု ပြောလိုက်သည်။
“ကိစ္စမရှိဘူး … အချိန်ကျလာရင် နင့်ကို ငါ့ရဲ့ နတ်လက်သီးတွေကို ပြပေးမယ်” ကျန်းလော့ရှန်း သူ့လက်သီးများကို ဝေ့ရမ်း၍ ပြောလိုက်သည်။
ချူဖုန်း အမြန်ပြေးလာခဲ့သော်လည်း သူ ရောက်သည့်အချိန်တွင် တုဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့သည် ယဲ့ချင်းရုန်အား ကားထဲမှ ထွက်နိုင်အောင်ကူညီပေးနေသည်ကို တွေ့လိုက်ရသည်။
“သူတို့ ဒီလမ်းမလာလို့ တော်သေးတာပေါ့..” ချူဖုန်း ချွေးသုတ်လိုက်ပြီး တာဝါထဲ အမြန်ဝင်ခဲ့လိုက်သည်။
သူ ၈၈ ထပ်သို့ရောက်လာပြီး စာရင်းပေးထားသည့်စားပွဲခုံအား ကြည့်လိုက်သည့်အချိန်တွင် မိန်းမလှလေးနှစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်မှာ နေကာမျက်မှန်နှင့် မက်စ်တပ်ထားသော်လည်း သူမသည် ထူးခြားသည့်သူဖြစ်လိမ့်မည်ဟု သူ ခံစားနေရသည်။
ချူဖုန်း သူတို့ကို တည်တည်ငြိမ်ငြိမ်ဖြင့်ပင် နှုတ်ဆက်လိုက်ပြီး သူနောက်ကျသည့်အတွက် ပြုံး၍နှုတ်ဆက်လိုက်သည်။
“ကိစ္စမရှိပါဘူး .. ကျွန်မတို့လည်း အခုမှရောက်တာ .. ထိုင်ပါဦး..” ရှားချန်းယု ပြုံး၍ ပြောလိုက်သည်။
သူတို့နှစ်ဦး ချူဖုန်းကို အကဲဖြတ်လိုက်ကြသည်။ ချူဖုန်းမှာ သိပ်မဆိုးဟု သူတို့မှတ်ချက်ပေးလိုက်ကြသည်။ ဤသည်မှာ သူတို့၏ အလွန်မြင့်မားသည့်စံနှုန်းများဖြင့် စစ်ဆေးလိုက်ခြင်းပင်။
သို့သော် ချူဖုန်း ဝတ်စုံပြည့်ဝတ်မလာသည်ကို သူတို့ အံ့အားသင့်သွားရသည်။
ဤသည်မှာ ချူဖုန်းနှင့် ရှားချန်းယုတို့နှစ်ဦးလုံးအတွက် ပထမဆုံး ဘလိုင်းဒိတ်ပင်။ စိတ်မလှုပ်ရှားသင့်သော်လည်း အနည်းတော့ ဂကျိုးဂကြောင်ဖြစ်နေသည်။
သူတို့ စကားအကြာကြီး ပြောခဲ့ကြသည်။ အများစုမှာ လက်ရှိဖြစ်ပျက်နေသည့်ကိစ္စများပင်။
ကျန်းလော့ရှန်းကတော့ သူတို့နှစ်ယောက်ကို မေးထောက်၍သာ အံ့အားတကြီး ကြည့်နေလေ၏။ လက်ရှိဖြစ်ပျက်နေသည့်ကိစ္စများမှာ သူမနှင့်မဆိုင်သကဲ့သို့ ဤအတိုင်းသာ ထိုင်နေလေ၏။
ရှားချန်းယုကတော့ အံကြိတ်ကာ သူမ၏ ‘သူငယ်ချင်းကောင်း’ကို လက်တို့လိုက်သည်။
“ဒါက မင်းသူငယ်ချင်းလား .. သူက ဘာလို့ ဒီလိုမျိုးဝတ်ထားတာလဲ..” ချူဖုန်း သိချင်မိသည်။ ဤထူးဆန်းသည့်အမျိုးသမီးမှာ ယခုထက်ထိ စကားတစ်လုံးမှ မပြောသေး။
သူမ၏ သူငယ်ချင်းကောင်းသည် သူမကို မကူညီပဲ ပွဲကြီးပွဲကောင်းကြည့်နေသောကြောင့် ရှားချန်းယု ဒေါသထွက်လာကာ သူမ သူငယ်ချင်းအား သစ္စာဖောက်ရန် ဆုံးဖြတ်လိုက်သည်။ “သူ့ကို မပြစ်မတင်ပါနဲ့ .. အေဗီယန်တုပ်ကွေးမိနေလို့ .. သူ့မျက်လုံးတွေ ယောင်ကိုင်းနေတာ .. သူက လည်ချောင်းလည်း နာနေတာ.. အဲဒါကြောင့်မို့လို့ သူ့ကိုယ်သူ ဒီလိုမျိုး ဖုံးအုပ်ထားရတာ”
အေဗီယန်တုပ်ကွေးဟုတ်လား .. ကျန်းလော့ရှန်း မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤသည်မှာ သန္ဓေပြောင်းငှက်များမှ ကူးစက်သည့်ရောဂါဖြစ်ပြီး လူသားများအား ကူးစက်သည်မှာ ရှားပါးလှသည်ပင်။
“မင်း ဆေးရုံမြန်မြန်သွားသင့်တယ် .. ဒီလိုမျိုး ပြင်းထန်တဲ့အခြေအနေမျိုးမှာ အပြင်ထွက်မလာသင့်ဘူး..” ချူဖုန်း ခေါင်းညိမ့်၍ ပြောလိုက်သည်။
ရှားချန်းယုလည်း သဘောတူကြောင်း ခေါင်းညိမ့်ပြလာလေသည်။ “ရှင်ပြောတာမှန်တယ် .. ဒါပြီးရင် ကျွန်မကိုယ်တိုင် သူ့ကို ဆရာဝန်ဆီ ခေါ်သွားပြီး ဆေးသွားထိုးလိုက်မယ် .. သူက ကျွန်မကို အရမ်းစိတ်ပူလို့ ကျွန်မနဲ့ လိုက်လာတာ”
“အမှိုက်တွေ .. ဘာဆေးလဲ .. ကျိန်စာနဲ့ပိုတူနေတယ် .. ငါက အဲဒီရွံစရာကောင်းတဲ့ အေဗီယန်ဆေးတောင် ထိုးရဦးမှာလား..” သူတို့နှစ်ဦး၏ အနိုင်ကျင့်ခြင်းခံနေရသောကြောင့် သူမ စိတ်တိုလာသည်။
“ကျွန်မအဒေါ်ဆီကကြားတာ ရှင်အခုတလော အတော်လေး အလုပ်ရှုပ်နေတယ်ဆို..” ရှားချန်းယု ဤလူအကြောင်း သိပ်မသိ။ ပုံပန်းသွင်ပြင်အားဖြင့် မဆိုးသော်လည်း ဤလူသည် သတ်ဖြတ်သည့်ကိစ္စများသာ ပြောနေသည်။ ဤသည်မှာ အနည်းငယ် ဂကျိုးဂကြောင်နိုင်လှသောကြောင့် သူမ စကားလမ်းကြောင်း ပြောင်းချင်သည်။
“ဒီရက်ပိုင်းက ငါ တကယ်ကို အလုပ်ရှုပ်နေခဲ့တာ..” ချူဖုန်း ပြန်ဖြေလိုက်ပြီး အတွေးထဲ နှစ်မျောသွားသည်။ ဒီရက်တွေထဲမှာ သူ မမျှော်လင့်ပဲ.. ရုပ်ရှင်ရိုက်နေခဲ့ရတာ..
ကျိုးရိချန်းသည် သူ့ရင်ဘတ်သူပုတ်ကာ ဤရုပ်ရှင် အောင်မြင်လိမ့်မည်ဟု ပြောခဲ့သည်ကို ပြန်စဉ်းစားမိပြီး ချူဖုန်း ရှက်မိသွားသည်။
ခပ်ပေါပေါဒါရိုက်တာနဲ့ သရုပ်ဆောင်လူသစ်တွေက ရုပ်ရှင်ကောင်းကောင်းတစ်ခုကို ဖန်တီးနိုင်မှာတဲ့လား .. ဤရုပ်ရှင် တစ်နည်းနည်းဖြင့် ပျက်စီးသွားလျှင်ကောင်းမည်။ ရုပ်ရှင်ကို ရုပ်ရှင်ရုံ၌သာ ပြသလိုက်ပါက သူ့အနာဂတ် မှောင်မဲသွားလေပြီ။
သူ တကယ်ကို စိုးရိမ်နေသည်။ သူ့အသိများသာ သူ့ကို ဤကဲ့သို့ ခပ်ပေါပေါ ရုပ်ရှင်၌ တွေ့လိုက်ရပါက သူမည်မျှပင် ရှက်ရမည်နည်း..
“ရှင်ကဘာတွေ အလုပ်ရှုပ်နေတာလဲ..” ရှားချန်းယု သင့်တော်သည့်မေးခွန်းမေးလိုက်သည်။
“ရုပ်ရှင်တစ်ခု ရိုက်နေတာ..” ချူဖုန်း မစဉ်းစားပဲ ဖြေလိုက်သည်။ သူ စိတ်ပျံ့လွင့်နေပြီး ကျိုးထျန်းရိ၏ ဇာတ်လမ်း ဖန်သားပြင်ပေါ်သို့ ရောက်လာမည်ကို သူ စိုးရိမ်နေသည်။
“အမ်..” ရှားချန်းယု မပြောနှင့် ကျန်းလော့ရှန်းပင် ထိတ်လန့်သွားရသည်။ သူလည်း ဖျော်ဖြေရေးလောကထဲကလား..
အပိုင်း ၉၆ ပြီး၏။