Switch Mode

Chapter – 95

ပထမဆုံး မစ်ရှင်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၅ – ပထမဆုံး မစ်ရှင်

ယဲ့ချင်းရုန်သည် ကျက်သရေရှိစွာပင် လမ်းလျှောက်လာသည်။ သူမ၏လှိုင်းတွန့်ဆံပင်များမှာ သူမ နဖူးထက် ဝဲပျံကျနေသည်။ သူမ ဆံပင်များကို လက်ချောင်းများဖြင့် ညင်သာစွာ ဖြီးသင်လိုက်သည်။ သူမ၏အသားအရေမှာ ဆင်စွယ်ဖြင့် ထွင်းထုထားသကဲ့သို့ ဖြူဖွေးချောမွေ့နေသည်။ သို့သော် သူမ ခန္ဓာကိုယ်၌ ဆွဲဆောင်မှုအရှိဆုံးမှာ သူမ မျက်လုံးများပင်။

သူမသည် ခန္ဓာကိုယ်အနည်းငယ် ထွားသည့် မိန်းမငယ်လေးပင်။ သူမသည် ရင်သားကြီးထွားသော်လည်း ခါး၌သေးသွယ်သွားသည်။ သူမသည် သူမခန္ဓာကိုယ်အား အလွန်ဂုဏ်ယူသည်ပင်။

ယဲ့ချင်းရုန် ရောက်လာသည်မှာ လူအုပ်ကြီးကို အံ့အားသင့်သွားစေခဲ့သည်။ ထိပ်တန်းအဆင့် ၅၀ ထဲ ဝင်သည့်သူတစ်ဦးဖြစ်ပြီး သူမက အဘယ်ကြောင့် အခြားသူ၏အုပ်စုထဲ၌ ဝင်ချင်နေသနည်း..

လူအိုကြီးပင် အံ့အားသင့်သွားရသည်။ ယခင်က သူသည် သူမအား အဖွဲ့တစ်ဖွဲ့ ဦးဆောင်ခိုင်းရန် စီစဉ်ထားသည်ပင်။ သူမသည် စစ်တပ်ပါရမီရှိသူပင်။ အခြားသူတစ်ဦး၏နောက်လိုက် မလုပ်သင့်။

လူအများစု၏အကြည့်မှာ ချူဖုန်းထံသို့ ရောက်လာသည်။ ဤလူသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ သားရဲတစ်ကောင်ကဲ့သို့ စွမ်းအားကြီးပြီး ဆုံးဖြတ်ချက် ပြတ်သားသည့်သူပင်။

လူအများစုအမြင်တွင် ဤကဲ့သို့ စွမ်းအားကြီးသည့်သူနှင့် ပေါင်းသင်းရန် ခက်ခဲလိမ့်မည်။

သို့သော် အမှန်တရားမှာ ဆန့်ကျင်ဘက်ဖြစ်နေ၏။ ချူဖုန်းမျက်နှာထက်၌ အပြုံးများသာ ရှိနေသည်။ သူသည် ခေါင်းညိမ့်ပြလိုက်ပြီး ယဲ့ချင်းရုန်ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။

လူအုပ်ကြီးမှာ အံ့အားသင့်သွားရသည်။

“မင်းတို့နှစ်ယောက် အခုသွားလို့ရပြီ..” ချူဖုန်းသည် သူ့ပုခုံးကို ကျော်ကြည့်လိုက်ပြီး ယုယန်ချင်းနှင့် တုဟွိုင်ကျင်းတို့အား ပြောလိုက်သည်။

“ဘာ..” သူတို့နှစ်ဦး ဆွံ့အသွားရသည်။

ကြည့်နေသည့်လူများပင် ဆွံ့အသွားရသည်ပင်။ ချူဖုန်း အဘယ်ကြောင့် ဤနှစ်ယောက်အား ထုတ်ပစ်သည်ကို သူတို့ နားလည်သည်။ သို့သော် ဤသည်မှာ ဤကောင်လေးများအပေါ် အလွန်ပြင်းထန်လွန်းသည်မလား..

ယဲ့ချင်းရုန် မျက်နှာထက်ရှိ အမူအရာများပင် အေးခဲသွားလေ၏။

“အစ်ကိုကြီး..”

“ဘော့စ်..”

တုဟွိုင်ကျင်းနှင့် ယုယန်ချင်းတို့မှာ နောက်ဆုံးတော့ ချူဖုန်း၏စကားလုံးများကို တုံ့ပြန်လာနိုင်လေပြီ။ တစ်ဦးသည် ချူဖုန်း၏ခြေထောက်ကို ပြေးဖက်ပြီး နောက်တစ်ဦးကတော့ ချူဖုန်း၏ပုခုံးကို နှိပ်နယ်ပေးနေလေသည်။ သူတို့ဖားယားနေသည်မှာ အလွန်ရွံစရာကောင်း‌နေလေပြီ။

အဘယ်ကြောင့်ဆိုသော် ယဲ့ချင်းရုန်လည်း အသင်းထဲပါမည်ဖြစ်သောကြောင့် ဤနှစ်ယောက်သည် အသင်းထဲမှ ထွက်သည်ထက် အသက်သာ အသေခံလိုက်မည်။ သူတို့၏ ဖားယားနေမှုသည် အနည်းငယ် အရှက်မရှိသော်လည်း ဤနေရာ၌ နေခွင့်ရရန် သူတို့ ပျော်ပျော်ကြီးပင် လုပ်လိုက်မည်။

“ကောင်းပြီ ကောင်းပြီ .. မင်းတို့ အခု ဒီအဖွဲ့ထဲ နေလို့ရပြီ .. ဒါပေမဲ့ အနာဂတ်ကတော့ မင်းတို့ ငါ့ကို ဘယ်လောက်ကောင်းကောင်းဆက်ဆံလဲဆိုတဲ့အပေါ် မူတည်တယ်နော် .. ရှင်းလား..” ချူဖုန်း မေးလိုက်သည်။

လူအိုကြီးမှာ ချူဖုန်းကို နှစ်သက်အားရနေလေ၏။ ဤလူငယ်မှာ တိုက်ခိုက်ရေးသမားကောင်းနှင့် ခေါင်းဆောင်ကောင်းတစ်ဦးပင်။ သူ့ကိုသာ လိုအပ်သည့် လေ့ကျင့်မှုများ ပေးလိုက်ပါက ဤလူငယ်လေးသည် အပြင်ဘက်ရှိ စွမ်းအားအကြီးဆုံးသားရဲများကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။

သူ့မျက်လုံးထဲတွင် ချူဖုန်းမှာ ထွန်းတောက်လာသည့် ကြယ်လေးတစ်လုံးပင်။

“မင်း လူတွေ ထပ်လိုသေးလား..” လူအိုကြီးမေးလိုက်သည်။

“ကျွန်တော်လည်း သူတို့အဖွဲ့ထဲ ပါချင်တယ်” ချန်လော့ယန် ထွက်လာကာ ပြောလိုက်သည်။ သူသည်လည်း တိုင်းပြည်ထဲတွင် ထိပ်တန်းအယောက် ၅၀ ထဲ ပါဝင်သောကြောင့် အဖွဲ့ထဲ သူပါလျှင် လူများ ကြောက်ရွံ့တုန်လှုပ်သွားကြလိမ့်မည်။ ဤအဖွဲ့ကို မည်သူမှ တားဆီးရဲတော့မည်မဟုတ်တော့။

ချူဖုန်းပင်လျှင် အနည်းငယ် ထိတ်လန့်သွားရသည်။ သူသည် အများအမြင်တွင် ဤမျှထူးခြားသည့်ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့။

“ဘာလို့လဲ..” သူ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းက စွမ်းအားကြီးတယ်လေ .. မင်းနားမှာနေရင် လုံခြုံတယ်လို့ ခံစားရတယ် .. ဘုရားနယ်မြေတွေထဲ သွားဖို့ မင်းကို ဦးဆောင်စေချင်တယ်..” ချန်လော့ယန် ပြောလိုက်သည်။

ယဲ့ချင်းရုန်လည်း ပြုံး၍ ခေါင်းညိမ့်လာသည်။ သူမလည်း ဤကဲ့သို့ တွေးနေသည်မှာသိသာလှသည်။ သူတို့သည် အခြားနေရာများမှာ ဘုရားနယ်မြေများအကြောင်း သတင်းရထားခဲ့သည်။ သူတို့အတွက်တော့ သူတို့ကို မည်သူဦးဆောင်ပါစေ အရေးမကြီး။ သူတို့ဂရုစိုက်သည်မှာ သူတို့ကို ဦးဆောင်သည့်လူမှာ သူတို့ကို ထိုနယ်မြေများထဲသို့ အသက်ရှင်လျက် ခေါ်သွားနိုင်မလား ဆိုသည်ကိုပင်။ သူတို့အသက်ရှင်နိုင်ရန်အတွက် အင်အားကြီးသည့်အဖွဲ့တစ်ဖွဲ့ လိုအပ်သည်။

“ကောင်းပြီလေ .. မင်း ငါတို့အဖွဲ့ထဲ ဝင်လို့ရတယ်” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

နောက်ဆုံးတွင်တော့ ဤမစ်ရှင်သွားမည့် လူစာရင်းကို အတည်ပြုလိုက်နိုင်လေပြီ။ ချူဖုန်း၊ ယဲ့ချင်းရုန်၊ ချန်လော့ယန်နှင့် အကြားအမြင်နှစ်ဦးပင်။

“မင်းတို့တွေ ငါ့နောက် လိုက်လာခဲ့” လူအိုကြီး ဤလူများနှင့်စကားပြောချင်သေးသည်။

တကယ်တမ်းတွင် ဤလူများမှာ အစကတည်းက သူ ရွေးထားသည့်သူများပင်။ ချူဖုန်းပေါ်ထွက်လာသည့်ကိစ္စမှာတော့ အံ့အားသင့်စရာကိစ္စပင်။

သူတို့အဖွဲ့ တောက်ပနေသည့် ခန်းမထဲသို့ ဝင်လာခဲ့လိုက်၏။ ဤနေရာလည်း မြေအောက်၌ ရှိနေဆဲပင်။

“ငါ မင်းတို့ရဲ့နောက်ခံတွေနဲ့ အတိတ်တွေကို လေ့လာပြီးသွားပြီ .. မင်းတို့ကို ရှေ့တန်းပို့ဖို့က ပြဿနာမရှိဘူး”

လူအိုကြီး ယဲ့ချင်းရုန်နှင့် ချန်လော့ရှန်းတို့ကို ကြည့်၍ ပြောလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ မိတ်ဆက်လာသည်။ သူ့နာမည်မှာ လုထုန်ဖြစ်ပြီး သူသည် အသစ်ဝင်လာသည့်သူများအား ကြီးကြပ်ကွပ်ကဲရသည့်သူပင်။

“ငါ မင်းတို့အတွက် စာအုပ်တစ်အုပ် ရထားတယ် .. ဒါက ရှားပါးစာအုပ်တစ်အုပ်ရဲ့ မိတ္တူပဲ” လူအိုကြီး လုထုန် ပြုံး၍ ပြောလာသည်။

အမြင်အာရုံသမား တုဟွိုင်ကျင်းနှင့် အကြားအာရုံသမား ယုယန်ချင်းတို့မှာ ပျော်ရွှင်သွားကြရသည်။ သူတို့ ဤဂိုဏ်းသို့ ဝင်သည့် အကြောင်းရင်းတစ်ခုမှာ ဤစာအုပ်များကြောင့်ပင်။ ဤစာအုပ်၏အကူအညီနှင့်ဆိုလျှင် သူတို့၏စွမ်းအားနှင့် ခွန်အားများ တိုးတက်လာလိမ့်မည်။

ယဲ့ချင်းရုန်သည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ကာ “အဲဒါက အသက်ရှူစည်းချက်အကြောင်း စာအုပ်လား..”

လူအိုကြီး၏ စကားမှာ ချန်လော့ယန်ကိုလည်း နှိုးဆွလိုက်နိုင်သည်ပင်။ သူ ဘာမှမမေးသော်လည်း သူ့မျက်လုံးများကတော့ တောက်ပနေသည်။

“မင်းတို့ကောင်တွေက အရမ်းကို လောဘကြီးတာပဲ .. ထူးခြားတဲ့အသက်ရှူစည်းချက်က ရှားပါးပစ္စည်းပဲ .. ငါ မင်းတို့အတွက်ရလာတဲ့စာအုပ်က လက်ဝှေ့ပုံစံအကြောင်းစာအုပ် .. ဒါလည်း ထူးခြားတဲ့စာအုပ်ပဲ .. မင်းတို့သာ ဒီလက်ဝှေ့ပုံစံကို မနားမနေ လေ့ကျင့်ရင် တစ်နေ့ မင်းတို့ ထူးခြားတဲ့အသက်ရှူစည်းချက်ပုံစံတစ်မျိုးမျိုးနဲ့ အသက်ရှုနေကြောင်း မင်းတို့တွေ့ရလိမ့်မယ်” လုထုန် ပြောလိုက်သည်။

“အဲ့မင်တောင်မှာ အသက်ရှူစည်းချက်နဲ့ပတ်သက်တဲ့ စာအုပ်တစ်ချို့ရှိတယ် .. ဒါပေမဲ့ ကံဆိုးစွာနဲ့ ကြိုးကြာနှစ်ကောင်က စာအုပ်တွေကို အရင်ရသွားပြီ..” သူ သက်ပြင်းချ၍ ပြောလိုက်သည်။

“ကျောက်စိမ်းဂူကျောင်းမှာ သူတို့ကိုယ်ပိုင် အသက်ရှူစည်းချက်ရှိလား..” ယဲ့ချင်းရုန် မေးလိုက်သည်။ သူမ ဤအကြောင်းကို အတော်လေး ဂရုစိုက်နေသည့်ပုံပင်။

“ရှိတာပေါ့ .. မင်း ဂိုဏ်းအတွက် အလုပ်လုပ်ပေးရင် မင်း တွေ့ရလိမ့်မယ် .. အလုပ်သာကြိုးစား .. မင်းတို့ကို ဆုချလိမ့်မယ်” လုထုန် ပြောလိုက်သည်။

“ဂိုဏ်းတိုင်းရဲ့ လက်ဝှေ့ပုံစံတိုင်းမှာ ထူးခြားတဲ့အသက်ရှူစည်းချက်ရှိတယ် .. ဒါပေမဲ့ မင်းတို့ အဆင့်တစ်ခုထိရောက်မှ ဒီအသက်ရှူစည်းချက်တွေကို လေ့ကျင့်နိုင်လိမ့်မယ်”

ထို့နောက် သူသည် အဖွဲ့ဝင်လေးဦးအား လက်ဝှေ့ပုံစံ လေ့ကျင့်ခိုင်းလိုက်ပြီး ချူဖုန်းကို နေခဲ့ခိုင်းလိုက်သည်။

ထို့နောက် သူသည် ချူဖုန်းကို အခြားအခန်းတစ်ခုထဲသို့ ခေါ်လာသည်။ ဤအခန်းကို ကျောက်တုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပို၍ တိတ်ဆိတ်သည်။

“မင်း နာမည်က ချူဖုန်း .. အရင်တုန်းက မင်း တိုင်းဟန်တောင်နား၌ ရွာတစ်ရွာမှာ နေတာ .. အခုမှ ရွှမ်းထျန်မြို့ကို ပြောင်းလာတာ” လုထုန် သူ့စားပွဲပေါ်မှ ဖိုင်အချို့ကို လှန်လှောလိုက်ကာ သေချာဖတ်လိုက်သည်။

ထို့နောက် တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် ရုတ်တရက် ခေါင်းမော့လာလေသည်။ “မင်းက နွားနတ်ဘုရားနောက်က လူတော့ မဟုတ်ဘူးမလား..” သူ ထိတ်လန့်စွာ မေးလိုက်သည်။

“ဟုတ်ပါတယ် .. ကျွန်တော်ပါ” ချူဖုန်း ဝန်ခံလိုက်သည်။

“မင်းလား..” လုထုန် ထိတ်လန့်သွားရသည်။ တိုင်းဟန်တောင်မှ တိုက်ပွဲများပြီးဆုံးသွားကတည်းက နွားနတ်ဘုရား မည်သူဖြစ်သည်ကို သူ စုံစမ်းနေခဲ့ခြင်းပင်။

ဤလူဘာကြောင့် ဤနေရာ၌ လာရောက်ခိုလှုံသည်ကို လုထုန် ချက်ချင်း နားလည်သွားရသည်။ သူပြုံးလိုက်သည်။ သို့သော် ဤအပြုံးမှာ စိတ်ထဲမှလာသည့်အပြုံးမဟုတ်။ “မင်းက ဒိမ်ဒီကလူတွေ လက်စားချေမှာကြောက်လို့ ငါတို့ဂိုဏ်းထဲကို လာပုန်းတာပေါ့”

“ကျွန်တော့်မိဘရဲ့ လုံခြုံရေးကိုပဲ ကျွန်တော် ဂရုစိုက်တာ .. မဟုတ်ရင် ကျွန်တော်က ဘာကို ကြောက်နေရာမှာလဲ .. ကျွန်တော် နွားနတ်ဘုရားက ဘာကိုမှ မကြောက်ဘူး..” ချူဖုန်း တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ ဤသည်မှာ အမှန်တရားပင်။ သူ့ကို လက်စားလာချေသည့်သူမှန်သမျှကို သူ ပြန်တိုက်နိုင်သည်။

“မင်းစိတ်ကိုကြိုက်တယ် ကောင်လေး .. မင်းက မူမိသားစုကလူကို သတ်ခဲ့တာပဲ .. ဒါက ငါတို့ကို ပြဿနာတော့ဖြစ်စေလိမ့်မယ် .. ဒါပေမဲ့ ငါတို့က ဘယ်သူလဲ .. ငါတို့က ကျောက်စိမ်းဂူကျောင်းကလူတွေပဲ .. ငါတို့ ဘာကိုမှမကြောက်ဘူး” လုထုန် ပြောလိုက်သည်။

သူတို့အတွက်တော့ ချူဖုန်းမှာ တွေ့နိုင်ရန် ရှားပါးသည့်လူပင်။ သူတို့ မည်မျှပေးဆပ်ရပါစေ သူ့ကို သူတို့အနား၌ ခေါ်ထားမည်ပင်။ ဤကဲ့သို့သောလူမှာ တိုးတက်ရန် အလားအလာများစွာရှိသည်။

လူအိုကြီးသည် သူ့မိဘများအတွက် ဤဝင်းထဲရှိ အလုံခြုံဆုံးနေရာ၌ စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောလာသည်။ သူ့မိဘများ၏ လုံခြုံရေးကို သူ အာမခံပေးလိုက်သည်။

ချူဖုန်း ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။ ဤစီစဉ်မှုကို သူ သဘောကျသည်ပင်။ ကျောက်စိမ်းဂူကျောင်းပိုင်သည့် နေရာကို မည်သူက ချိုးဖောက်ဝင်ရဲမည်နည်း.. တိုင်းဟန်တောင်မှ မြွေဖြူနှင့် သာ့လင်ကျောင်းမှ လူဝံအိုကြီးသာ ဤသို့ လုပ်နိုင်လိမ့်မည်။ အခြားသူများအတွက်တော့ ဤနေရာမှာ ပြန်လမ်းမရှိသည့်နေရာပင်။

“တစ်ခြားလူတွေဆိုရင် ဝင်ဝင်ချင်း ဒီလိုအခွင့်အရေးမျိုးရမှာမဟုတ်ဘူး .. ဂိုဏ်းအတွက် အလုပ်လုပ်ပေးတဲ့ပမာဏပေါ်မူတည်ပြီးတော့ပဲ ဆုပေးတာ .. မင်းကို အခု ကမ်းလှမ်းလိုက်တာက မင်းကို လစာကြိုပေးတာနဲ့အတူတူပဲ” လုထုန် ပြုံး၍ ပြောလိုက်သည်။

ဤလူအိုကြီးမှာ အခွင့်အရေးယူခံမည့်လူမျိုးမဟုတ်။ သူသည် ချူဖုန်းကို တောက်ပသည့်အပြုံးများနှင့် ကြည့်နေဆဲဖြစ်သောကြောင့် ချူဖုန်းပင် မသက်မသာဖြစ်လာရသည်။

“နွားနတ်ဘုရား .. အဲဒီတော့ မင်းက နွားနတ်ဘုရားပေါ့..” လုထုန် ရေရွတ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခု တွေးနေသလိုပင်။

“ကျွန်တော်လည်း အဲဒီစာအုပ် မိတ္တူတစ်စုံလောက် ရမလား..” ချူဖုန်း မေးလိုက်သည်။ ထိုစာအုပ်ထဲပါသည့် လက်ဝှေ့ပုံစံကို သူ သိချင်မိသည်။

“သေချာတာပေါ့..” လုထုန်မှာ အလွန်ရက်ရောနေသည်။ သူသည် အံဆွဲထဲမှ တစ်အုပ်ထုတ်လာပြီး ချူဖုန်းကို ပေးလိုက်သည်။

ချူဖုန်း စာအုပ်ကို သေချာဖတ်ကြည့်လိုက်သည်။ ဤစာအုပ်ထဲ၌ပါသည့် လက်ဝှေ့ပုံစံမှာ ထူးခြားသည့်ပုံစံတစ်ခုပင်။ သို့သော် ဤသည်မှာ လူအိုကြီးပြောသည့် ရှေးဟောင်းပညာမဟုတ်။ ခေတ်သစ်မှလက်ဝှေ့ပုံစံသာ။

သူ ဤစာအုပ်ကို စိတ်မဝင်စားတော့။ ဤစာအုပ်ထဲ၌ ရေးထားသည့် အသက်ရှူစည်းချက်မှာလည်း စွမ်းအားကြီးသည့်အသက်ရှူစည်းချက်တစ်ခု၏ အပိုင်းအစများသာ။

သို့သော် သူ ဤစာအုပ်ကို အလွန်တန်ဖိုးထားဟန်ဆောင်လိုက်ပြီး စာအုပ်ကို သူ့အိတ်ကပ်ထဲ သေချာထည့်လိုက်သည်။

“ကျွန်တော် ဒီရှေးဟောင်းကိုယ်ခံပညာနဲ့ပတ်သက်ပြီး ပိုသိချင်သေးတယ်” ချူဖုန်း ပြောလိုက်သည်။

“တစ်ခြားစာအုပ်တွေက အရမ်းအဖိုးတန်တယ် .. ဘာမှမလုပ်ရသေးတဲ့သူတွေက အဲဒီစာအုပ်ကို ဖတ်ဖို့အတွက် အရည်အချင်းမပြည့်မှီဘူး .. ဒါပေမဲ့ မင်းကတော့ ချွင်းချက်ပဲ..” လုထုန်ပြောလိုက်သည်။

ထို့နောက် သူသည် ချူဖုန်းကို ပိုနက်သည့် မြေအောက်အခန်းထဲသို့ ခေါ်လာလေသည်။

ဤသည်ကို တင်းကြပ်စွာ စောင့်ကြပ်ထားကြသည်။

ဤအခန်းကို ကျောက်တုံးဖြင့် ပြုလုပ်ထားသည်။ အခန်းမှာ အတော်လေး ကျယ်ပြီး အထဲဘက်တွင် ကျောက်တုံးစားပွဲတစ်လုံးနှင့် ကျောက်စာအုပ်စင်တစ်ခု ရှိနေသည်။ သို့သော် စာအုပ်တော့ များများစားစားမရှိ။

“ဒါက အဲဒါလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

“ဒါတွေက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ အရှားပါးဆုံးစာအုပ်တွေ .. ဒါတွေက ရတနာတွေ မင်းမြင်ဖူးတာတွေ မဟုတ်ဘူး” လုထုန် ပြောလိုက်သည်။ “ငါ အရင်တုန်းက ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့လိုသာ.. မဟုတ်ရင် ငါ ဒီစာအုပ်တွေနားကို ကပ်နိုင်မှာကို မဟုတ်ဘူး..”

လူအိုကြီး၏ စကားမှာ ချူဖုန်းကို အံ့အားသင့်စေခဲ့သည်။ သူ စားပွဲနားသို့ မြန်မြန်သွားလိုက်ပြီး စာအုပ်များကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့မျက်စိကိုဖမ်းစားနိုင်သည့် စာအုပ်တစ်အုပ်သာရှိသည်။ ဤသည်မှာ ချန်းဟိုင်လေ့ကျင့်သည့် လက်ဝှေ့ပုံစံစာအုပ်ပင်။ ချူဖုန်း ထိုလက်ဝှေ့ပုံစံဖြင့် စတင်ချင်သည်။

“မထိနဲ့ .. တစ်ယောက်ယောက် မင်းကို ယူပေးလိမ့်မယ် .. မဟုတ်ရင် မင်း စာအုပ်ကို ဖျက်ဆီးမိသွားလိမ့်မယ်..” လုထုန် သတိပေးလိုက်သည်။

နောက်ဆုံးတွင်တော့ ချူဖုန်းလက်ထဲ စာအုပ်ရောက်လာလေပြီ။ သို့သော် စာရွက်များကို လှန်ကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။ “လက်သီးပုံစံ ၁၃ မျိုးမှာ ဘာလို့ ၃ မျိုးပဲ ရှိနေတာလဲ..”

“ဒီလက်ဝှေ့ပုံစံက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ .. ၁၃ မျိုးလုံးရှိတဲ့ မိတ္တူက တစ်စုံပဲရှိတယ် ပြီးတော့ အဲဒီတစ်စုံကိုလည်း ဒီပညာကို တီထွင်တဲ့ဂိုဏ်းမှာ သိမ်းထားတာ .. ငါတို့ခြံဝင်းထဲမှာတော့ တစ်ခြားသိုလှောင်ရုံတွေမှာ သိမ်းထားတဲ့ မိတ္တူတစ်ချို့ ရှိသေးတယ် .. ဒါပေမဲ့ မင်း တစ်ခြားနေရာတွေက မိတ္တူတွေကို‌ ပေါင်းလိုက်ရင်တောင်မှ မင်း စုစုပေါင်းကိုးခုပဲ တွေ့ရလိမ့်မယ်”

“ဘာလို့ တစ်နေရာစီ သိမ်းထားတာလဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။

“ဒါက သာမန်လက်ဝှေ့ပညာမဟုတ်ဘူး .. ဒီပညာကို ကျွမ်းကျင်တာနဲ့ ကောင်းကင်ဘုံ၊ နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်လိမ့်မယ် .. တကယ်တမ်းကျတော့ လက်သီးပုံစံ ၃၊ ၄ မျိုးလောက် ကျွမ်းကျင်ရင် လူတစ်ယောက်အတွက် လုံလောက်နေပြီ .. လက်ဝှေ့ဆရာကြီးတွေတောင် လက်သီးပုံစံ တစ်ခု၊ နှစ်ခုက အနှစ်သာရကို ထုတ်နိုင်ဖို့အတွက် တစ်ဘဝလုံး ကြိုးစားခဲ့ကြရတာ .. ဒါပေမဲ့ မင်း ပိုပြီးလိုချင်ရင်တော့ ဂိုဏ်းအတွက် များများလုပ်ပေးရမှာပေါ့ .. မင်း ကိုးခုလုံးကို စုစည်းနိုင်တာနဲ့ မင်း ဒီလောကကြီးမှာ လှည့်ပတ်သွားလို့ရပြီ .. တောင်တစ်လုံးကို တိုက်ယူတာက မင်းအတွက် ပြဿနာမဟုတ်တော့ဘူး”

“၁၃ မျိုးလုံးပါတဲ့ စာအုပ်မိတ္တူကို ဒီပညာတီထွင်တဲ့ဂိုဏ်းက သိမ်းထားတာလား .. အဲဒီဂိုဏ်းက ရှိသေးရဲ့လား..” ချူဖုန်း မေးလိုက်သည်။

လုထုန် ခေါင်းညိမ့်လိုက်ကာ “ရှိတာပေါ့ .. ဒီလိုဂိုဏ်းမျိုး တိမ်ကောသွားဖို့က မဖြစ်နိုင်ဘူး .. သူတို့တွေကို ရှေးခေတ်ကတည်းက တည်ထောင်ခဲ့ကြတာ .. ဒါပေမဲ့ သူတို့တွေက သိုသိုသိပ်သိပ်နေကြတော့ အခုခေတ်မှာ လူတွေ သူတို့အကြောင်း သိပ်မသိတော့ဘူး .. အဲဒီတော့ လူတော်တော်များများအတွက် သူတို့က အတော်လေးဆန်းကြယ်တဲ့ ဖြစ်တည်မှုဖြစ်နေတာ..”

ချူဖုန်း ဤနေရာမှ ထွက်မသွားခင် စာအုပ်အား ပြန်ထားခဲ့ရမည်။ သူ ဤနေရာသို့ နေ့တိုင်းလာဖတ်၍ရသော်လည်း စာအုပ်ကို အပြင်ယူသွား၍မရ။

“ချူဖုန်း ငါ မင်းကို ငါတို့ရဲ့ အရှားပါးဆုံးရတနာကို ပြပြီးသွားပြီ၊ မင်းမိဘတွေရဲ့လုံခြုံရေးကိုလည်း အာမခံပေးပြီးသွားပြီ .. အဲဒီတော့ အခုက မင်း ငါတို့ဂိုဏ်းကို ပြန်ပေးဆပ်ရမယ့်အချိန်ရောက်ပြီလို့ မထင်ဘူးလား..”

“ခင်ဗျားကလဲ .. ခင်ဗျားနည်းနည်းလောက် လက်တွေ့ဆန်လို့မရဘူးလား .. ကျွန်တော်က အခုမှ ခင်ဗျားတို့ဂိုဏ်းထဲ ဝင်လာတာလေ” ချူဖုန်း ပြောလိုက်သည်။ ဤလူသည် အလကားလုပ်ပေးမည့်သူမဟုတ်ကြောင်း ချူဖုန်း သိပြီးသားပင်။ သူ ယခုမှ ဤနေရာသို့ ရောက်လာခြင်းဖြစ်သော်လည်း ဂိုဏ်းအတွက် ကိစ္စကြီးများကို လုပ်ခိုင်းနေလေပြီ။

“ငါတို့အတွက် အချိန်မရှိတော့ဘူး .. ပြီးတော့ ဒီအလုပ်အတွက် မင်းထက်သင့်တော်တဲ့သူ မရှိတော့ဘူး” လုထုန် ပို၍ လေးနက်လာသည်။ သူ့မျက်နှာထက်မှ တည်ကြည်မှုမှာ ချူဖုန်းကို ပို၍ စိတ်လေးစေသည်။

ခဏကြာပြီးနောက် အခြားအဖွဲ့ဝင်လေးဦးကိုလည်း ပြန်ခေါ်လိုက်သည်။ လူအိုကြီးမျက်နှာထက်မှ လေးနက်သည့်မျက်နှာထားကိုတွေ့လိုက်ရသည်နှင့် သူတို့ ကြောက်ရွံ့ကာ စိုးရိမ်လာကြသည်။

“ကျွန်တော်တို့ မစ်ရှင်က ဘာလဲ..” ချူဖုန်း မေးလိုက်သည်။

သန္ဓေပြောင်းလူတစ်ဦး အမျိုးသားတစ်ဦးကို မခေါ်လာခင်အထိ လုထုန်သည် ဘာမှမပြောပဲ တိတ်ဆိတ်စွာသာ ငေးနေလေသည်။

အခန်းထဲဝင်လာသည့်သူကို မြင်သည်နှင့် ချူဖုန်း မကောင်းသည့် ခံစားချက်များ ရလာသည်။

“ဒါက ကျိုးရိထျန်း .. အခုအချိန်မှာ သူက အစိုးရအတွက် မှတ်တမ်းရုပ်ရှင်ကြီးတစ်ခု လုပ်နေတာ .. သူ့ရည်ရွယ်ချက်က ဒီနေ့ခေတ်ရဲ့ ထူးခြားတဲ့ပုံစံကို ပြသဖို့ပဲ .. ဇာတ်လမ်းထဲမှာ ရက်စက်တဲ့ ဇာတ်ကွက်တွေ ပါမယ်ဆိုပေမယ့် ငါတို့လူသားတွေ သားရဲတွေကို တိုက်ထုတ်ပြီး ငါတို့နယ်မြေတွေကို ပြန်သိမ်းယူတဲ့ စွမ်းအားကြီးကြောင်း ပုံဖော်တဲ့ ဇာတ်ကွက်တွေလည်း ပါမှာ .. အခုအချိန်မှာ အားလုံးက စိုးရိမ်ပူပန်နေကြတာ .. အဲဒီတော့ ငါတို့လူတွေကို စိတ်ဓာတ်ခွန်အား တက်ကြွစေမယ့်တစ်ခုခုလိုတယ် .. ပြီးတော့ မင်းတို့တာဝန်က သူ့ကို ကူပြီးတော့ ရုပ်ရှင်ကြီးပိတ်ကားထက် ရောက်လာအောင် လုပ်ဖို့ပဲ” လုထုန် ပြောလာသည်။

ချူဖုန်း ထင်ထားသည့်အတိုင်း တကယ် ဖြစ်လာလေပြီ။

အခြားအဖွဲ့ဝင်လေးဦးလည်း ဆွံ့အသွားကြသည်ပင်။ ဟာသလုပ်နေတာလား.. သူတို့တွေက ကောင်းကင်ကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်လောက်တောင် စွမ်းအားကြီးတဲ့ သန္ဓေပြောင်းတွေလေ .. တာဝန်တွေ အများကြီး ရှိတဲ့ထဲကမှ ဘာလို့သူတို့ကို ဒီလိုချီးထုပ်ရုပ်ရှင်ရိုက်တဲ့နေရာမှာ လာကူခိုင်းတာလဲ..

“အားလုံးပဲ မင်္ဂလာပါ .. မင်းတို့တွေက လူသစ်တွေဆိုတာ ငါသိပါတယ် .. ငါလည်း လွန်ခဲ့တဲ့ရက်ကမှ သူတို့ဆီကို ရောက်လာတာ..” ကျိုးရိထျန်း ဟန်လုပ်ပြုံး၍ ပြောလိုက်သည်။

“ဟေ့ .. မင်းစကားကို ကြည့်ပြော” လုထုန် သူ့ကို ဆူပူလိုက်သည်။

ထို့နောက် သူသည် ချူဖုန်းကို လက်ညှိုးထိုးလိုက်ကာ “နွားနတ်ဘုရားအစစ်က ဒီမှာပဲ.. အဲဒီတော့ မင်းအကျိုးအတွက် တုံးတုံးအအ ဒဏ္ဍာရီရုပ်ရှင်ရိုက်မလား ငါတို့အတွက် မှတ်တမ်းရုပ်ရှင်ရိုက်ပေးမလားဆိုတာ ဆုံးဖြတ်လို့ရပြီမလား..”

“ဘာ .. မင်းက နွားနတ်ဘုရားလား..” ကျိုးရိထျန်းမှာ အံ့ဩလွန်းသောကြောင့် လေထဲပင် ခုန်ပေါက်လိုက်သည်။

သူ့ဘေး၌ ရပ်နေသည့် ယဲ့ချင်းရုန်၊ ချန်လော့ယန်နှင့် အကြားအမြင်ပုဂ္ဂိုလ်နှစ်ဦးမှာ ချူဖုန်းကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်လာသည်။

“ငါဘာလို့ ချီးပုံထဲ ခုန်ချမိသွားတယ်လို့ ခံစားနေရတာလဲ..” ချူဖုန်း ပြောလိုက်သည်။

နောက်နေ့များတွင် ချူဖုန်းနှင့် သူ့အဖွဲ့သားများသည် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ သူတို့သည် ရုပ်ရှင်၏ဇာတ်ကွက်တိုင်းလိုလို၌ ပါနေရသောကြောင့် သူတို့ မောပန်းလာရသည်။

ငါးရက်ကြာပြီးနောက် သူတို့၏ နှိပ်စက်ညှင်းပန်းခံရမှုကြီး ပြီးဆုံးသွားသည်။

“ဖုန်း .. သားနောက်ဆုံးတော့ ပြန်လာပြီပေါ့..” သူမသားကို တွေ့လိုက်ရသည့်အချိန် ဝမ်ကျင်း အလွန်ဝမ်းသာသွားရသည်။ သူမ၏အိမ်အသစ်ကို သူမ အတော်လေး သဘောကျနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် အိမ်ပတ်ဝန်းကျင်ရှုခင်းမှာ အလွန်ကောင်းမွန်လှသည်။ ပြတင်းပေါက်နားတွင် ကန်တစ်ကန် ရှိနေသည့်အပြင် ဘေးပတ်လည်လည်း စိမ်းစိုနေသည်။

ရက်ပေါင်းများစွာ ငရဲကျခံပြီးနောက် ချူဖုန်း နောက်ဆုံးတော့ အချုပ်အနှောင်များမှ လွတ်လာလေပြီ။

သူ ထွက်မလာခင် ကျိုးရိထျန်း သူ့ကို လေလုံးကြီးနေသေးသည်။ သူ့ရုပ်ရှင်သည် တစ်ကမ္ဘာလုံးကို လှုပ်ခတ်နိုင်လိမ့်မည်ဖြစ်ပြီး သူ၏ပြိုင်ဘက်များပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိရှိ ပြောနေလေသည်။

“ဖုန်း .. အမေ သားကို ပြောနေတာ ကြားလား.. အမေပြောတာကို နားမထောင်ဘူးလား..” ဝမ်ကျင်း အသံမြှင့်၍ မေးလိုက်သည်။

“သား ကြားပါတယ်..” ချူဖုန်းပြီးစလွယ်သာ ဖြေလိုက်သည်။

“ကောင်းတယ် .. အမေ သားအတွက် စီစဉ်ပြီးသွားပြီ .. မနက်ဖြန်ကျရင် အဲဒီမိန်းကလေးနဲ့တွေ့လိုက်” ဝမ်ကျင်းမှာ အတော်လေး ပျော်ရွှင်နေသည့်ပုံပင်။

“အမေ ဘာပြောလိုက်တာ..” ချူဖုန်း ထိတ်လန့်သွားရသည်။

“သား မနက်ဖြန် သွားဒိတ်ရမယ်..” ဝမ်ကျင်း ပြောလိုက်သည်။

“အမ်..”

ထိုအချိန်တွင် အခြားရပ်ကွက်တစ်ခုမှ အမျိုးသမီးငယ်လေးတစ်ဦး ဖုန်းပြောနေလေသည်။ “ကျန်းလော့ရှန်း .. ငါ့ကို ကယ်ပါဦး .. နင် ရွှမ်းထျန်မှာ ရှိသေးတယ်မလား … မနက်ဖြန်ငါနဲ့လိုက်ခဲ့ .. လူတစ်ယောက်ကို အနိုင်ယူဖို့အတွက် နင့်ရဲ့ ဆွဲဆောင်မှုတွေ လိုနေတယ် .. ငါ့ကို ဘာဖြစ်တာလဲ လာမေးနေတာလား .. ငါ့အန်တီလေ .. သူ့ဘာသာသူ ဆုံးဖြတ်ပြီး ငါ့ကို ဘလိုင်းဒိတ်တစ်ခု စီစဉ်ပေးထားတာ .. နင်က ဘာကို ရယ်နေတာလဲ .. မြန်မြန် လာခဲ့ … ငါ့ကိုလာကယ်ဦး..”

အပိုင်း ၉၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset