Switch Mode

Chapter – 94

အရည်အချင်း စစ်ဆေးခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၄ – အရည်အချင်း စစ်ဆေးခြင်း

ပူပြင်းသည့်နေရောင်အောက်တွင် သစ်ရွက်များပင် ညှိုးလျော်နေလေပြီ။

ဟောခန်းလမ်းမတစ်လျှောက်တွင် နွယ်ပင်များ အုံ့ဆိုင်းနေပြီး သန္ဓေပြောင်းလူတစ်စုသည် နေအပူရှိန်ကို ရှောင်တိမ်းရန် အပင်အောက် ရောက်လာကြသည်။ ဤလူများထဲတွင် ဆယ်ကျော်မှစ၍ အသက် ငါးဆယ်ကျော်၊ ခြောက်ဆယ်ကျော်ထိ ပါဝင်သည်။

ချူဖုန်း ရောက်လာသည်မှာ နောက်ကျသွားသည်ဟု ပြော၍ရသည်။ သူ ရောက်လာသည်နှင့် အားလုံး လှည့်ကြည့်လာကြသည်။

“မင်းတို့တစ်မိသားစုလုံး သန္ဓေပြောင်းတွေလား..” ပိန်ပိန်ပါးပါးလူငယ်တစ်ဦး မေးလာသည်။ သူ၏မျက်လုံးများမှာ မီးအိမ်ကဲ့သို့ တောက်ပနေသည်။

“မဟုတ်ဘူး .. ငါတစ်ယောက်တည်း သန္ဓေပြောင်း” ချူဖုန်း ပြန်ဖြေလိုက်သည်။

နားရွက်ကြီးကြီးနှင့် လူငယ်တစ်ဦးသည် နှာခေါင်းရှုံ့လိုက်ကာ “မိဘတွေ လိုက်ပို့ရတဲ့ အရွယ်ရောက်လူကြီးတစ်ယောက်က သူ့ကိုယ်သူ ကျောက်စိမ်းဂူကျောင်းကို ဝင်နိုင်မယ်လို့ ထင်နေတယ်..”

ခန်းမထဲမှ လူများအားလုံး သူတို့ကို လှည့်ကြည့်လာကြသည်။

ချူဖုန်း ဤလူကို နင်းချေပစ်ချင်မိသည်။ သူ စကားနည်းနည်းသာ ပြောရသေးသော်လည်း စော်ကားသည့်စကားများ ကြားနေရလေပြီ။

“အားလုံးပဲ .. ဖော်ဖော်ရွေရွေ နေကြရအောင် .. နောက်ကျရင် ငါတို့တွေက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာနိုင်တယ် .. အဲဒီအချိန်ကျရင် ငါတို့တစ်ယောက်ကိုတစ်ယောက် ခဏခဏတွေ့နေရမှာ .. အဲဒီတော့ ငါတို့အချင်းချင်းကူညီနိုင်ရင် အကောင်းဆုံးပဲ” ကျိုးရိထျန်း ပြောလိုက်သည်။

ထို့နောက် သူသည် လက်နောက်ပစ်ကာ ထွက်သွားလေသည်။

“သူ့ကို စိတ်ထဲ မထားနဲ့ .. သူက လူထူးဆန်း .. သူက သိပ်မတွေးပဲ အမှန်တရားတွေကို ပြောတတ်တယ်” မီးအိမ်ကဲ့သို့သော မျက်လုံးဝိုင်းနှင့် ပိန်ပါးပါးလူငယ်လေး ပြောလာသည်။

ဒါက ပြန်ဖြေတယ်လို့ သတ်မှတ်လို့ ရတယ်လား .. အစပိုင်းစကားလုံးများမှာ သင့်တော်သော်လည်း အနောက်ပိုင်းမှ စကားလုံးများမှာ ပို၍ပင် ခါးသီးနေသည်။

“ချူဖုန်း သူတို့ကို မျက်နှာချင်းဆိုင်လိုက်ကာ “ခင်ဗျားတို့နှစ်ယောက်က အတော်လေး လိုက်ဖက်ညီတာပဲ .. ဒီလိုရန်လာစနေတာက အရိုက်ခံချင်နေတာပဲ..”

“ဒီအသက်အရွယ်လူငယ်တွေက စဉ်းစားဆင်ခြင်ဉာဏ်မရှိပဲ အရမ်းဒေါသထွက်လွယ်ကြတာပဲ..” နားရွက်ခပ်ကြီးကြီးနှင့် လူငယ်သည် အဘိုးအိုကြီးတစ်ဦးကဲ့သို့ ခေါင်းတခါခါ လုပ်နေသည်။ သူ့နားရွက်များပင် ရယ်စရာကောင်းသည့်ပုံစံဖြင့် လှုပ်ရမ်းနေပြီဖြစ်သည်။

ချူဖုန်း ထိုနားရွက်များကို စောင့်ဆွဲပြီး ရိုက်ပစ်လိုက်ချင်မိသည်။

သူတို့၏စကားဝိုင်းမှာ လူများ၏အံ့အားသင့်သည့်အသံများကြောင့် ပြတ်တောက်သွားသည်။

“လှပြီးတော့ ဆွဲဆောင်မှု ရှိလိုက်တာ .. သူက အနည်းဆုံးတော့ ၃၆ .. E ဆိုဒ်လောက် ရှိလောက်တယ်” မီးအိမ်ကဲ့သို့သောမျက်လုံးနှင့် လူငယ်လေး ပြောလိုက်သည်။

“မဟုတ်လောက်ဘူး .. သူက ၃၅ Dဆိုဒ် လောက်ပဲ” နားရွက်ကြီးကြီးနှင့် လူငယ်လေးလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဤနှစ်ယောက်မှာ ကိုယ်ရေကိုယ်သွေး နိမ့်ကျသည့်သူများဖြစ်ကြောင်း ချူဖုန်း သိလိုက်ရလေပြီ။ သူတို့ပါးစပ်များမှာ မိစ္ဆာဆန်လှသည်ပင်။

လူများစွာ သူမကို လှည့်ကြည့်လိုက်ကြသည်။ သူမသည် တကယ်ကို ဆွဲဆောင်မှုရှိသည့်သူပင်။ နှင်းကဲ့သို့ ဖြူဖွေးနေသည့် အသားအရေရှိပြီး လှိုင်းတွန့်ကဲ့သို့သော ဆံနွယ်များ၊ နီရဲနေသည့်နှုတ်ခမ်းတစ်စုံနှင့် နောက်ကျောဘက်တွင်လည်း အတောင်ပံတစ်စုံ ရှိနေသည်။

“ဟူး .. ငါ အချိန်မှီလိုက်တယ်..” မြေပြင်ထက်သို့ ညင်သာစွာ ဆင်းလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးချကာ သူမရင်ဘတ်ကို ပုတ်လိုက်သည်။

“ချီးပဲ .. ငါမူးလဲတော့မယ်..” နားရွက်ကြီးကြီးနှင့် လူငယ်သည် သူ့ရင်ဘတ်ကိုပုတ်ပြီး နီရဲနေသည့်မျက်နှာဖြင့် ရေရွတ်လိုက်သည်။

“မိန်းကလေး .. မင်း ရောက်လာတာ နောက်မကျသေးပါဘူး .. ဒါပေမဲ့ မင်း စိတ်ပူနေရင် မင်း ငါ့ရှေ့မှာ လာစီလို့ရတယ်..” ပိန်ပါးပါးလူငယ်လေး ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့နာမည်ကိုလည်း မိတ်ဆက်လိုက်လေ၏။ “ငါ့နာမည်က တုဟွိုင်ကျင်းပါ..”

“ဟုတ်တယ် .. မင်း ငါတို့နဲ့ လာတန်းစီလို့ရတယ်..” နားရွက်ကြီးကြီးနှင့် လူငယ်လည်း ပြောလာသည်။ “ငါက ယုယန်ချင်းပါ”

ချူဖုန်းလည်း‌ ဒေါသပြေသွားလေပြီ။ ဤနှစ်ကောင်သည် ယခု သူတို့မိသားစုသုံးယောက်ကို လျစ်လျူရှုပြီး ထိုမိန်းကလေး အလှည့်ကျော်နိုင်ရန် စီစဉ်ပေးနေကြသည်။

“ဒါက .. မသင့်တော်ပါဘူး .. ကျွန်မ ဒီမှာပဲ ရပ်နေလိုက်ပါ့မယ်” ထိုအမျိုးသမီးသည် သူမ ဆံနွယ်များကို ဆော့ကစားပြီး ပြောလိုက်သည်။

သူမ၏ ဖြူဆွတ်နေသည့် အတောင်ပံများကို ပြန်သိမ်းလိုက်ပြီဖြစ်သောကြောင့် ထိုအတောင်ပံအတွက် အပေါက်ဖောက်ထားသည့် အင်္ကျီဒီဇိုင်းကြောင့် သူမ အသားအရေကို မြင်နေရသည်ပင်။

“ယဲ့ချင်းရုန်ပါ..” သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“အိုး .. မင်းက ယဲ့ချင်းရုန်လား..”

“ကောင်းကင်အတောင်ပံ ယဲ့ချင်းရုန် .. မင်းကို အပြင်မှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး..”

ခန်းမထဲတွင် ရုတ်တရက် လူစုဝိုင်းလာကြသည်။ သူမပတ်လည်တွင် အမျိုးသားများနှင့် စိတ်အားထက်သန်သည့် အမျိုးသမီးများ ဝိုင်းလာကြသည်။

“ကျွန်မရှင့်ကို အရမ်းလေးစားတာ ယဲ့ချင်းရုန် ..” အမျိုးသမီးများလည်း စိတ်လှုပ်ရှားစွာ ပြောလာသည်။

ဘာဖြစ်နေတာလဲ.. ချူဖုန်းနှင့် သူ့မိဘများမှာ လူအုပ်ကြား၌ ညှပ်နေကြသည်။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်လာမှန်းသူတို့မသိကြ။ ယဲ့ချင်းရုန် နာမည်သာ ကြားလိုက်ရသည်။

“မင်းက သန္ဓေပြောင်းလူ ဟုတ်ရဲ့လား .. သန္ဓေပြောင်းလူတွေရဲ့ ဆွေးနွေးမှုတွေကို လိုက်မဖတ်ဘူးလား .. မင်းက ကောင်းကင်တောင်ပံယဲ့ချင်းရုန်အကြောင်း မကြားဖူးဘူးလား .. သူက နှင်းကျားသစ်ကို သတ်ခဲ့တဲ့သူလေ .. သူ့ရဲ့ အောင်မြင်မှုတွေက ထိပ်တန်းအယောက် ၅၀ ထဲပါလောက်တယ်..”

ချူဖုန်း နားလည်သွားလေပြီ။ ဆွဲဆောင်မှုရှိသည့်မျက်လုံးနှင့် ဤအမျိုးသမီးမှာ ဤမျှစွမ်းအားကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့။

သို့သော် ထိပ်တန်းအဆင့် ၅၀ ဟု ဆိုရာတွင် ဗုဒ္ဓတပည့် သို့မဟုတ် လိမ်ကျန်းကျီတို့ကဲ့သို့ ပုန်းကွယ်နေသည့် ကျွမ်းကျင်သူများအား ထည့်တွက်မည်မဟုတ်ဟု သူထင်သည်။

အဘယ်ကြောင့်ဆိုသော် ခုန်းဂင်၊ ငွေတောင်ပံ၊ မီးဝိညာဉ်နှင့် ကျားဖြူတို့ကိုပင်လျှင် ကျောက်စိမ်းဂူကျောင်းအရှင်ကို ထည့်မတွက်ပဲ ထိပ်တန်းလေးယောက်ဟု အမည်တပ်ခဲ့ကြသည်ပင်။

“အစ်မယဲ့ကျင်းရုန်က စွမ်းအားကြီးရုံတင်မကဘူး .. လှလည်း အရမ်းလှတာပဲ.. ဓာတ်ပုံထဲကထက်တောင် ပိုလှသေးတယ်” မိန်းကလေးတစ်ဦး ရေရွတ်လိုက်သည်။

လူငယ်များမှာ ဆက်တိုက်ပင် ခေါင်းညိမ့်လာကြလေ၏။

“ညီအစ်ကို .. မိန်းမလှလေး အရှေ့တက်နိုင်အောင်လို့ ဉာဏ်ရှိရှိနဲ့ လမ်းမြန်မြန်ဖယ်ပေးလိုက်..” တုဟွိုင်ကျင်းဟုခေါ်သည့် မီးအိမ်မျက်လုံးနှင့်လူငယ် ချူဖုန်းကို ပြောလာသည်။

“ဟုတ်တယ် ဟုတ်တယ်..” နားရွက်ကြီးကြီးနှင့် ယုယန်ချင်းလည်း ခေါင်းညိမ့်ပြလာသည်။

ချူဖုန်း ဤနှစ်ယောက်နှင့် စကားများချင်စိတ်မရှိ။

ယဲ့ချင်းရုန်သည် လူအုပ်၏တွန်းပို့မှုကြောင့် ရှေ့သို့ ရောက်သွားလေသည်။ သူမသည် ချူဖုန်းကို နောက်ပြန်လှည့်ကြည့်ပြီး ပြုံးပြလာသည်။ “ကျေးဇူးတင်ပါတယ်..”

“ရပါတယ် .. မင်း ငါ့ရှေ့မှာ ရပ်နေတော့ မင်းကို ပိုပြီး လေးစားလို့ရတာပေါ့ .. မဟုတ်ရင် ငါနောက်လှည့်ကြည့်နေရဦးမှာ..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။

“…”

ဤနေရာ၌ ရှိနေသည်သူအားလုံး ဆွံ့အသွားရသည်။

ယဲ့ချင်းရုန် သူ့ကို ဒေါသတကြီး စိုက်ကြည့်လာလေ၏။

ထိုအချိန်တွင် ၁၀ ယောက်ထက်မနည်းသည့် လူအုပ်ကြီး ရောက်ရှိလာသည်။ သူတို့ကို ယဉ်ကျေးစွာ ပြုံးနေသည့် ချောမောသည့်လူငယ်တစ်ဦး ဦးဆောင်လာခဲ့သည်ပင်။

“အမ် .. သူ့ကို ကြည့်ရတာ အတော်လေး ရင်းနှီးနေသလိုပဲ..” သန္ဓေပြောင်းတစ်ဦး အံ့အားသင့်စွာ ပြောလိုက်သည်။ သို့သော် သူ ဤလူ့ကို ချက်ချင်းပင် မှတ်မိသွားလေ၏။ “သူက ချန်လော့ယန်ပဲ..”

အားလုံး၏ အာရုံမှာ ဤလူအုပ်ကြီးထံသို့ ရောက်သွားလေပြီ။

“ချန်လော့ယန်လား..” တစ်စုံတစ်ယောက် အံ့အားတကြီး ပြောလိုက်သည်။

“ဟုတ်တယ် .. တကယ်သူပဲ .. သူလည်း ထိပ်တန်း အယောက် ၅၀ ထဲ ပါတယ် .. သူ လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. ဒီနေ့ကတော့ အရမ်းကို အသက်ဝင်နေတာပဲ .. ကျွမ်းကျင်သူ ၂ ယောက်ကို ဆက်တိုက်တွေ့လိုက်ရတယ်”

“အားလုံးပဲ မင်္ဂလာပါ..” ချန်လော့ယန် လူအုပ်ကြီးကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ သူ့ပုံပန်းသွင်ပြင်မှာ ကျက်သရေရှိလှသလို သူ့အောင်မြင်မှုများမှာလည်း အံ့အားသင့်စရာကောင်းလှသည်။ သန္ဓေပြောင်းအသိုင်းအဝိုင်းတွင်တော့ သူသည် အတော်လေး နာမည်ကြီးသည့်သူပင်။

ယခုအချိန်တွင် သန္ဓေပြောင်းလူများစွာ ပေါ်ထွက်လာနေသောကြောင့် ထိပ်တန်းအယောက် ၅၀ ထဲ ဝင်သည်မှာ အတော်လေး အထင်ကြီးစရာ ကောင်းသည်ပင်။

ရွှမ်းထျန်တွင် ဤကဲ့သို့သော ပါရမီရှင်မျိုး ရှားပါးလှသည်။ အများဆုံး ၂ ယောက်၊ ၃ ယောက်သာ ရှိလိမ့်မည်။

“အစ်ကိုချန်ကလည်း ရွှမ်းထျန်ကလား..” တစ်စုံတစ်ယောက် မေးလိုက်သည်။

“မဟုတ်ဘူး .. ကျွန်တော် ကျင်းမန်ကနေ အပြေးလေး ရောက်လာတာ” ချန်လော့ယန် ပြန်ဖြေလိုက်သည်။

လူအုပ်ကြီး အံ့အားသင့်သွားရသည်။ ကျင်းမန်သည် ရွှမ်းထျန်နှင့် ကီလိုမီတာ သုံးထောင်၊ လေးထောင်ခန့် ဝေးသည်ပင်။ ဤမျှဝေးကွာလှသည့် အကွာအဝေးကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်သောကြောင့် သူ့အင်အားကို သက်သေပြပြီးသား ဖြစ်သွားလေပြီ။

နောက်ဆုံးတွင် အမျိုးသမီးသန္ဓေပြောင်းလူများသည် ချန်လော့ယန်ကို အရှေ့ထားပေးရန် ချူဖုန်းနှင့် ယဉ်ကျေးစွာ ညှိနှိုင်းလာကြလေသည်။

“ကိစ္စမရှိပါဘူး..” ချူဖုန်း လက်ဝေ့ရမ်းပြလိုက်သည်။ နှစ်ယောက်စာ နောက်ဆုတ်လိုက်ရသည်မှာ တစ်ယောက်စာဆုတ်ရသည်နှင့် ဘာမှမခြား။

နောက်ဆုံးတွင် ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့ အရှေ့ဘက်သို့ ရောက်သွားကြလေ၏။

ချူဖုန်းတို့ မိသားစုမှာ နောက်ဆုံးတွင်သာ ရှိနေဆဲပင်။

“အချိန်ကျပြီ .. အားလုံး ငါ့နောက်လိုက်ခဲ့..” တစ်စုံတစ်ယောက် ရောက်လာကာ သန္ဓေပြောင်းများကို ခြံထဲသို့ ခေါ်လာခဲ့လေသည်။

ဝမ်ကျင်းနှင့် ချူကျင်းယွမ်ကတော့ အပြင်ဘက်၌သာ စောင့်ရတော့မည်ပင်။

ဤခြံဝန်းမှာ အတော်လေး ကြီးမားလှသည်။ ဤနေရာ၌ ကန်ကြီးတစ်ကန်ရှိနေသောကြောင့်ထင်သည်၊ ဤနေရာမှာ အတော်လေး အေးနေသည်။

ဤခြံ၏ ဒီဇိုင်းပုံစံမှာ အတော်လေး ရှေးကျလှသည်။ ကန်ကြီးမှလွဲလျှင် ဘာမှမရှိ။

“အားလုံးက စိတ်အားထက်သန်နေကြပေမယ့် ကျောက်စိမ်းဂူကျောင်းရဲ့ ရွေးချယ်တဲ့လုပ်ငန်းစဉ်က တော်တော်လေး တင်းကြပ်တယ် .. စွမ်းအားကြီးတဲ့သူပဲ ဝင်ခွင့်ရလိမ့်မယ်..” သန္ဓေပြောင်းအမျိုးသမီးတစ်ဦး ပြုံး၍ ပြောလာသည်။

စာမေးပွဲဖြေရမည့်နေရာကို ရှာဖွေရန်အတွက် အားလုံး ကန်အတွင်းနက်ပိုင်းထဲသို့ ဆင်းရမည်ဖြစ်ကြောင်း သူမ ပြောလာသည်။

“ကိုယ့်ကိုကိုယ် အရမ်းဒုက္ခမခံပါနဲ့ .. ဒီကန်က အရမ်းအေးတယ် .. ဒီကန်ထဲမှာ ကြာကြာနေရင် ရှင်တို့ခန္ဓာကိုယ်အတွက် ကောင်းမှာမဟုတ်ဘူး” သူမ ယှဉ်ပြိုင်သူများကို သတိပေးလိုက်သည်။

ယခုတော့ အားလုံး တွန့်ဆုတ်နေကြလေပြီ။ သူတို့ ဒီကန်ထဲကို တကယ် ဒိုင်ဗင်ထိုးချရမှာလား..”

“ရေမကူးတတ်တဲ့သူတွေကရော..”

“အဲဒါဆိုရင်တော့ ရှင်တို့သတ္တိပေါ် မူတည်တာပေါ့,..” ထိုအမျိုးသမီး ပြုံး၍ ပြောလာသည်။

“ဗွမ်း..”

ပထမဆုံးလူ ခုန်ချပြီးသွားသည်နှင့် နောက်လူများစွာလည်း ခုန်ချသွားသည်။

ချူဖုန်းလည်းကန်ထဲသို့ ဝင်သွားလိုက်သည်။ ဤထူးဆန်းသည့်ကန်ကြီးမှာ သူ့ကို မဆုံးနိုင်အောင် အံ့အားသင့်သွားစေခဲ့သည်။ အေးခဲမှုမှာ ကျောချမ်းမတတ်ပင်။ သာမန်လူသာ ဝင်လာလျှင် သေချာပေါက် ခဲသွားမည်ပင်။

ဤသည်မှာ ရေရောဟုတ်ရဲ့လားဟု သူ သံသယဝင်လာသည်။ ဤအပူချိန်ဆိုလျှင် ရေခဲလောက်လေပြီ။

လမ်းတွင် အချို့ပြိုင်ပွဲဝင်များမှာ ဆက်မကူးနိုင်တော့။ သူတို့ခန္ဓာကိုယ်များ တောင့်ခဲလာကြသည်။ အချို့ဆိုလျှင် သူတို့သွေးများပင် ခဲမတတ် ဖြစ်သွားသည်။

ကန်ထဲမှ ပြိုင်ပွဲဝင်သူများကို စောင့်ကြည့်နေသည့် သန္ဓေပြောင်းဝန်ထမ်းများ ရှိနေသည်ပင်။ ဆက်မကူးနိုင်သည့်သူများကို သူတို့ ကယ်တင်ပေးနေကြသည်။

ချူဖုန်း တစ်ဖြည်းဖြည်းချင်း ဆက်ကူးသွားပြီး နောက်ဆုံးတွင် ကျောက်နံရံပေါ်မှ တောက်ပနေသည့်အလင်းလေးကို မြင်လိုက်ရသည်။ သူ ထိုနေရာသို့ ကူးသွားလိုက်သည့်အချိန်တွင် ထိုနေရာသည် အနောက်ဘက်၌ တစ်ခြားနေရာ ရှိနေသေးသကဲ့သို့ ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။

အားအနည်းငယ် သုံးလိုက်ပြီး သူ ထိုအလင်းကွင်းထဲသို့ ဝင်သွားလိုက်သည်။

ဤနေရာထဲတွင် ရေများစီးကျမလာသည်ကို သူ အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ ထို့အပြင် ဤနေရာမှာ အလွန်ပူလောင်လှသည်။ မြေပြင်ထက်တွင် ချော်ရည်များ စီးကျနေပြီး မီးတောက်များ ထွက်ပေါ်နေသည်ပင်။

“ကျေးဇူးပြုပြီး ဆက်သွားပါ..” သန္ဓေပြောင်းတစ်ဦး ညွှန်ကြားလာသည်။

ဤလောင်ကျွမ်းနေသည့်နေရာကို ဖြတ်သန်းပြီးနောက် ချူဖုန်း၏အဝတ်အစားများ ခြောက်သွားလေပြီ။ ထို့နောက် သူ အလွန်ကျယ်ပြန့်လှသည့် နေရာတစ်ခုသို့ ရောက်လာသည်။

ဒါက မြေအောက်လောကလား .. ဒါမှမဟုတ် ခေါက်ထားတဲ့လေဟာနယ်လား.. ဤနေရာမှာ အပြင်ဘက်ရှိ ကျောက်စိမ်းဂူကျောင်းထက်ပင် ပိုကျယ်နေသည်။

အတော်လေး ကျယ်ပြောလှသည့် ကိုယ်ခံပညာခန်းမသို့ သူရောက်လာသည်။ ဤသည်မှာ အလင်းမရှိသော်လည်း မှောင်မည်းနေသည်မဟုတ်။ တောက်ပသည့်မြူမှုန်လေးများ ရှိနေသည်။

ဤနေရာသို့ သန္ဓေပြောင်းလူအချို့လည်း ရောက်နေလေပြီ။ အားလုံးမှာ ဤနေရာ ထူးဆန်းသည်ဟု ခံစားနေရသည်ပင်။

ဤနေရာတွင် သန္ဓေပြောင်းလူ အယောက် ၃၀ ခန့်သာ ကျန်တော့သည်။

ဤနေရာ၌ ဝန်ထမ်း ၁၀ ဦးရှိနေ၏။ အားလုံးမှာ သန္ဓေပြောင်းလူများပင်။

“ဒီအဆင့်ကို ဖြတ်နိုင်ဖို့က ရိုးရှင်းပါတယ် .. မင်းတို့ခွန်အားပေါ် မူတည်တာပဲ..” လူအိုကြီးတစ်ဦး လူအုပ်ကြီးကို စိုက်ကြည့်ကာ ပြောလာသည်။

သူသည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် “မဆိုးဘူး .. ယဲ့ချင်းရုန်နဲ့ ချန်လော့ယန် .. ငါမင်းတို့နှစ်ယောက်လုံးကို သိတယ် .. မင်းတို့တွေက မင်းတို့ကိုယ်တိုင် နာမည်ရအောင် လုပ်ခဲ့ပြီး မင်းတို့ရဲ့အောင်မြင်မှုတွေကလည်း အထင်ကြီးလောက်စရာပဲ .. ကျောက်စိမ်းဂူကျောင်းက မင်းတို့ကို ကြိုဆိုပါတယ်”

ဤနှစ်ယောက်ကို ကျောက်စိမ်းဂူကျောင်းမှ သတိထားမိသည်မှာ သေချာသည်။ ဤလူများမှာ ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သည့်မျိုးစေ့ကောင်းများပင်။

“မင်းတို့ လူငယ်တွေထဲမှာ အဝေးကို မြင်နိုင်ပြီး အဝေးက အသံတွေကိုလည်း ကြားနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တွေရှိတဲ့သူတစ်ချို့ ရှိတယ်ဆိုတာ ငါသိတယ် .. ဒီလူတွေ အခုထိ ရောက်မလာသေးဘူးလား..” ထိုလူအိုကြီး မေးလိုက်သည်။

“ရောက်ပါပြီ..” တုဟွိုင်ကျင်း အရှေ့ထွက်ရပ်လိုက်သည်။ သူ့မျက်လုံးများမှာ ရွှေရောင်မီးအိမ်ကဲ့သို့ တောက်ပနေသောကြောင့် ဤသည်မှာ အနာဂတ်မြင်နိုင်သည့်စွမ်းရည်ဖြစ်ကြောင်း နားလည်လိုက်ရသည်။

“ကျွန်တော်လည်း ဒီရောက်ပါပြီ..” ယုယန်ချင်းလည်း သူ့နားရွက်ကြီးဖြင့် လူအုပ်ထဲမှ ရှေ့ထွက်လာသည်။

သူတို့နှစ်ယောက်က အမြင်အာရုံနဲ့ အကြားအာရုံ ထူးခြားတဲ့သူတွေလား.. ချူဖုန်း ထူးဆန်းသည့်ခံစားချက် ခံစားလိုက်ရသည်။

“မင်းတို့နှစ်ယောက် လုံလောက်တဲ့ခွန်အားမရှိရင် ငါ မင်းတို့နှစ်ယောက်လုံးအတွက် ချွင်းချက်ထားပေးလို့ရတယ်..” လူအိုကြီး ရယ်မော၍ ပြောလိုက်သည်။

လူအုပ်ကြီးမှာ သူတို့ကို မနာလိုဖြစ်သွားရသည်။

“ရပါတယ် .. ကျွန်တော်တို့ စမ်းကြည့်ချင်သေးတယ်” သူတို့နှစ်ဦး ပြောလိုက်သည်။ သူတို့သည် သူတို့၏ခွန်အားကို ယုံကြည်ချက်ရှိသည်။

“စမ်းသပ်မှုက ရိုးရိုးလေးပဲ … ဘာလှည့်ကွက်မှ မရှိဘူး .. ပထမဆုံး မင်းတို့ခန္ဓာကိုယ်ကစွမ်းရည်တွေကို စစ်ဆေးမယ် .. ပြီးရင်တော့ တိုက်လို့ရပြီ..” လူအိုကြီး ကြေငြာလိုက်သည်။

ခန္ဓာကိုယ်စွမ်းရည်များတွင် အကြား၊ အမြင်၊ အရှိန်နှင့် ခွန်အားတို့ ပါဝင်သည်။

ယုယန်ချင်းမှာ အတော်လေး အထင်ကြီးစရာကောင်းလှသည်။ အကြားအာရုံထူးခြားသည့်သူဖြစ်သည်နှင့် အားလျော်စွာ သူသည် မီတာဝက်အကွာ၌ ရှိနေသည့် ခြင်၏အတောင်ပံခတ်သံကိုပင် ကြားနေရသည်။ သူ့အကြားစွမ်းရည်မှာ သာမန်လူထက် အနည်းဆုံး အဆတစ်ရာကျော် ကောင်းသည်ပင်။

“တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. နောင်ကျရင် ငါတို့ မင်းအတွက် သင့်တော်တဲ့ သန္ဓေပြောင်းအသီးတွေပေးမယ် .. အဲဒီအချိန်ကျရင် မင်း မိုင်ပေါင်း ထောင်ပေါင်းများစွာက အသံကိုတောင် ကြားနိုင်လိမ့်မယ်..” လူအိုကြီး အလွန်ကျေနပ်စွာ ပြောလိုက်သည်။

ယုယန်ချင်း၏ နားရွက်ကြီးများ ပျော်ရွှင်စွာ လှုပ်ခတ်လာသည်။ “ဒါက ကျွန်တော့်စွမ်းရည်အကုန် မဟုတ်သေးပါဘူး”

ချူဖုန်း၏နှုတ်ခမ်းထက် လှောင်ပြုံးတစ်ခု ဖြစ်သွားသည်။

“ဒါ ဘာသဘောလဲ .. မင်း မယုံဘူးလား..” ချူဖုန်း၏ အမူအရာကို သတိပြုမိသွားသည့်အချိန်တွင် ယုယန်ချင်း မပျော်မရွှင်ဖြစ်သွားလေသည်။

ဤနေနရာ၌ ရှိနေသည့်လူအားလုံး၏အကြည့်လည်း ချူဖုန်း ထံသို့ ရောက်လာသည်။

“ဒါက အကြားအာရုံ ကောင်းတာလေးပဲ မဟုတ်ဘူးလား..” ချူဖုန်း သိုသိုသိပ်သိပ်နေရန် စိတ်ကူးမရှိ။ သူ့အစီအစဉ်မှာ သူ့စွမ်းရည်များကို ပြသပြီး ကျောက်စိမ်းဂူကျောင်း၏အာရုံစိုက်မှုကို ရယူရန်ပင်။ သို့မှသာ သူ့မိဘများ လုံခြုံပြီးသူလည်း ကျားဖြူကဲ့သို့ လွတ်လွတ်လပ်လပ်သွားလာနိုင်လိမ့်မည်။

“ဟမ့် .. စိန်ခေါ်မလား.. မင်းမှာလည်း ဒီလိုမျိုး စွမ်းရည်ရှိနေရင် မီတာတစ်ရာကျော်က သေတ္တာထဲမှာရှိတဲ့ ခြင်တွေကို ငါစားပြမယ်” ယုယန်ချင်း သူ့ကို စိုက်ကြည့်လာသည်။

“ကောင်းပြီလေ .. အဲဒါဆိုလည်း မင်းခြင်တွေကို စားဖို့ ပြင်ထားလိုက်တော့..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

မီတာ သုံးရာအကွာတွင် ဝန်ထမ်းတစ်ဦး သေတ္တာအသစ်တစ်ခုကိုင်ပြီးရပ်နေသည်။

“ခြင်ငါးကောင်..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မှန်ပါတယ်..” သန္ဓေပြောင်းတစ်ဦး ပြောလိုက်သည်။

အားလုံး လန့်သွားရသည်။ နောက်ထပ် အကြားစွမ်းရည် နောက်တစ်ယောက်လား…

“မင်း .. မင်းခန့်မှန်းလိုက်တာပဲဖြစ်မှာ..” ယုယန်ချင်း အော်ဟစ်လိုက်သည်။

“နောက်တစ်ခေါက်..” လူအိုကြီးမှာ အတော်လေး အံ့အားသင့်သွားသည်ပင်။

“ခြင် ခြောက်ကောင်..” ချူဖုန်း ထပ်ဖြေလိုက်သည်။

“မှန်ပါတယ်..” မီတာသုံးရာအကွာမှ ဝန်ထမ်း ပြောလိုက်သည်။

“အဲဒီသေတ္တာကို ဒီယူလာခဲ့..” လူအိုကြီးမှာ ပြဿနာရှာရသည်ကို ကြိုက်သည့်သူပင်။ သူ ထိုအမျိုးသားကို သေတ္တာယူလာခိုင်းလိုက်သည်။

ယုယန်ချင်း ခေါင်းကိုက်နေရလေပြီ။ သူသည် ကျားပေါ်တက်စီးမိသွားလေပြီ။

သေတ္တာအားဖွင့်လိုက်သည့်အချိန်တွင်တော့ သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “ခြင်တွေက ဘယ်လိုလုပ် ဒီလောက်တောင် ကြီးနေတာလဲ..”

စက္ကူသေတ္တာမှာ အလွန်ကြီးမားလှပြီး အထဲဘက်တွင် တစ်လက်မကျော်ရှည်သည့် ခြင်များ ရှိနေသည်။

ဒီလောက်ကြီးတဲ့ ခြင်တွေကို ငါစားနိုင်ပါ့မလား.. နားရွက်ကြီး ယုယန်ချင်း၏အမူအရာမှာ ရုပ်ဆိုးလာလေပြီ။

“ကျောက်စိမ်းဂူကျောင်းမှာ အလောင်းအစားလုပ်ရဲရင် ရှုံးရင်လည်း အရှုံးကို လက်ခံရဲရမယ်” လူအိုကြီး ရယ်မော၍ အားပေးလိုက်သည်။

ဤနေရာ၌ ရှိနေသည့်လူအားလုံး ဆွံ့အသွားရသည်။

“စိတ်မပူပါနဲ့ .. ဒါတွေက ခြင်အစစ်တွေမဟုတ်ဘူး ..ခြင်အစစ်တွေလိုမျိုး အသံထွက်အောင်လုပ်ထားတဲ့ အတုတွေ .. မင်း ရဲရဲသာစားလိုက်..”

“သူတို့တွေကို ပလပ်စတစ်နဲ့ လုပ်ထားတာလား.. အားလုံးက အကြီးကြီးတွေပဲ .. ကျွန်တော် တကယ် ငါးကောင်စားရမှာလား .. သူတို့တွေက အသားအစစ်တွေမှ မဟုတ်တာ..” ယုယန်ချင်းမှာ ငိုတော့မည်။ ဒါတွေကို အစာခြေလို့ရော ရပါ့မလား..

သူ ငိုချင်သော်လည်း မျက်ရည်ထွက်မလာ။ အားလုံး၏အကြည့်အောက်မှာပင် သူ ခြင်များကို ပါးစပ်ထဲ ထည့်လိုက်ရသည်။

“မင်း မကောင်းတဲ့ကောင် .. မင်း ဒီလောက်ယုတ်မာလိမ့်မယ်လို့ မထင်ထားဘူး..” အမြင်စွမ်းရည်ပိုင်ရှင် တုဟွိုင်ကျင်း ဒေါသတကြီး စိုက်ကြည့်ကာ ယုယန်ချင်းအတွက် ပြောပေးလာသည်။

“အဲဒါဆို ငါတို့လည်း ပြိုင်ပွဲလေးတစ်ခု လုပ်ရင်ရော .. ရှုံးတဲ့သူက ခြင်စားကြေး..” ချူဖုန်း သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ခြင်ဟူသည့်အသံကြားသည်နှင့် တုဟွိုင်ကျင်း ချက်ချင်း ပါးစပ်ပိတ်သွားသည်။ သူရှုံးသွားပြီး တကယ်စားရမည်ကို စိုးသည်ပင်။

“အတင်းအန်အောင် လုပ်စရာမလိုဘူး .. ခြင်တွေက အစာချေလို့ရတယ် .. အများဆုံးမှ ရက်နည်းနည်းလောက် ဝမ်းလျှောရုံလောက်ပဲ” လူအိုကြီးကြင်နာစွာ သတိပေးလာသည်။

“အွတ်..” မုယန်ချင်းမှာ ဒေါသထွက်လွန်းသောကြောင့် နံရံနှင့်ခေါင်း ပြေးဆောင့်ချင်လာသည်။

“ကောင်းပြီလေ .. မင်း မပြိုင်ရဲရင်လည်း ထားလိုက်ပါတော့ .. ဘာပဲဖြစ်ဖြစ် ငါလည်း ပြိုင်ဖို့ စိတ်မပါသေးဘူး..” ချူဖုန်း စိတ်အေးသက်သာစွာ ပြောလိုက်သည်။

“ငါပြိုင်မယ်..” တုဟွိုင်ကျင်း အော်ဟစ်လာသည်။

“ကောင်းတယ်..” လူအိုကြီးသည် ချူဖုန်း၏ ဆုံးဖြတ်ချက်ကိုတောင် မစောင့်တော့။

လူအိုကြီး၏ လုပ်ရပ်ကြောင့် လူအုပ်ကြီး ယာယီဆွံ့အသွားရသည်။

အဝေးရှိ ဟောခန်းကြီးမှာ မှောင်မိုက်နေသည်။ သာမန်လူများမှာ သူတို့လက်ချောင်းများပင် မြင်နိုင်မည်မဟုတ်။

သို့သော် အမြင်စွမ်းရည်ပိုင်ရှင်တုဟွိုင်ကျင်း၏ မျက်လုံးများ တောက်ပလာကာ မီတာသုံးထောင်၌ ပျံသန်းနေသည့် ခြင်များကို မြင်နိုင်လေသည်။

လူအိုကြီးပင် သူ၏အမြင်အာရုံကို အံ့အားသင့်သွားခဲ့ရသည်။ “အရမ်းကောင်းတယ် .. နောင်ကျရင် အဲဒီအသစ်က အသီးတွေ မှည့်လာတာနဲ့ ငါမင်းအတွက် တစ်လုံးချန်ထားမယ် .. အဲဒီအချိန်ကျရင် မင်း အဲဒီဒဏ္ဍာရီလာအမြင်အာရုံရတဲ့အထိ အဆင့်တက်နိုင်သွားလောက်တယ်”

“မင်းအလှည့်..” တုဟွိုင်ကျင်း ရယ်မော၍ ချူဖုန်းကို ပြောလိုက်သည်။

ချူဖုန်းသည် တည်ငြိမ်စွာပင် သူ့နတ်အာရုံများကို အမြင့်ဆုံးထိရောက်အောင် အသက်သွင်းလိုက်သည်။ သူ့မျက်လုံးများမှာ လေဆာတန်းနှစ်တန်းကဲ့သို့ တောက်ပလာကာ အမှောင်ထုကို ဖောက်ထွက်သွားသည်။ ရုတ်တရက် မီတာ လေးထောင်အကွာအဝေးရှိ နံရံပေါ်မှ အစက်အပျောက်များကို သူ မြင်လိုက်ရသည်။

“အပျောက်ငါးခု..”

“တကယ်ကြီးလာ..” လူအိုကြီး အံ့အားသင့်သွားရသည်။

“မှန်ပါတယ်..” ဝန်ထမ်း ပြန်ဖြေလိုက်သည်။

ယှဉ်ပြိုင်နေသည်များအားလုံး ထိတ်လန့်သွားရသည်။ သူ့မိဘတွေ လိုက်ပို့တဲ့ ဒီလူက ဒီလောက်တောင် စွမ်းအားကြီးတာလား..

ယဲ့ချင်းရုန်ပင် အံ့အားသင့်သွားလေသည်။

တုဟွိုင်ကျင်းကတော့ ကြမ်းပြင်ပေါ် ထိုင်ချကာ သူ့ခေါင်းကို ကိုင်ထားလေသည်။ “ငါ ခြင်တွေ မစားချင်ဘူး..”

“စိတ်မပူပါနဲ့ .. ဒီခြင်တွေကို အစာချေနိုင်တယ် .. စား..” လူအိုကြီးသူ့ကို နှစ်သိမ့်လိုက်သည်။

တုဟွိုင်ကျင်း: $#%@…

ဤလူနှစ်ယောက် လက်ချောင်းအရွယ်အစားရှိသည့် ခြင်များကို စားလိုက်ရပြီးနောက် မည်သူမှ ချူဖုန်းကို စိန်မခေါ်ရဲတော့။

ဒုန်း..

ခွန်အားစမ်းဆေးမှုတွင် ချန်လော့ယန် တစ်ကိုယ်လုံး ရွှေရောင်တောက်ပလာကာ ကက်တီ သုံးသောင်းလေးသည့်အိုးကြီးကို သူ့ခေါင်းထက် မတင်လိုက်သည်။

အားလုံး ချူဖုန်းကို ကြည့်လာကြလေသည်။

သူသည် ပုံမှန်အတိုင်းသာ လမ်းလျှောက်လာပြီး ကက်တီ သုံးသောင်းခုနှစ်ထောင်ကျော်လေးသည့် အိုးကြီးကို လေထဲသို့ကန်ထည့်လိုက်သည်။ သူ တစ်ချက်ကန်လိုက်သည်နှင့် အိုးကြီးမှာ ၁၀ မီတာကျော် လေထဲမြှောက်တက်သွားလေသည်။ လူအုပ်ကြီးမှာ ထပ်မံ အံ့ဩသွားရလေပြီ။

ချူဖုန်းမှာ ကြောက်စရာကောင်းသည့် ဂျီးနီးယပ်စ်တစ်ဦးဖြစ်ကြောင်း အားလုံးသိသွားလေပြီ။

အရှိန်စမ်းသပ်မှုတွင်လည်း ချူဖုန်းသည် မျက်စိတစ်မှိတ်အတွင်း ၂၆၈ မီတာ ပြေးသွားကာ ယဲ့ချင်းရုန်ကို ဖုန်မှုန့်များကြားထဲ၌ ထားခဲ့လေသည်။

“တိုက်ခိုက်မှုအစစ်..”

သန္ဓေပြောင်းဝန်ထမ်း အယောက်သုံးဆယ်ကျော် ရှိနေပြီး အားလုံးမှာ တိုက်ခိုက်မှုအစစ်ဖြင့် စစ်ဆေးရန် ပြင်ဆင်နေကြသည်။

ဖုန်း ဖုန်း ဖုန်း..

ချူဖုန်း ထိန်ချန်မထား။ စစ်ဆေးသူ အယောက် ၃၀ လုံးကို မျက်စိတစ်မှိတ်အတွင်း ရှင်းပစ်လိုက်သည်။ အားလုံး ကြိုးဝိုင်းထဲမှ လွင့်ထွက်သွားကြကာ မည်သူမှ မတ်မတ်မရပ်နိုင်တော့။

“အတော်ကောင်းတဲ့ ခွန်အား..” ဆရာတစ်ဦး သူ့ရင်ဘတ်ကို ဆုတ်ကိုင်ထားပြီး နာကျင်စွာ ပြောလာသည်။ “မင်း အောင်ဖို့အတွက်က ငါတို့ထဲကတစ်ယောက်ကို နိုင်ရင် ရပြီ..”

“ခင်ဗျားတို့ အစောကြီးကတည်းက ပြောသင့်တယ်..” ချူဖုန်း တကယ်မသိခဲ့။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်..” လူအိုကြီး ရှေ့တက်လာသည်။ သူ ရွှေတွင်းတူမိသွားပြီဖြစ်ကြောင်း သူသိသည်။ ဤချူဖုန်းမှာ ကျားဖြူထက်ပင် ခွန်အားကြီးသေးသည်။

သူသည် ချူဖုန်းကို သေချာကြည့်ပြီးနောက် “မင်းက အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ် .. ဒီလူတွေထဲက ကြိုက်တဲ့လူကို မင်းအဖွဲ့ဝင်အဖြစ် ရွေးလို့ရတယ်”

“ကျွန်တော်လိုချင်တာက လွတ်လပ်မှုနဲ့ ကျွန်တော့်မိဘတွေရဲ့ ဘေးကင်းလုံခြုံရေးပါ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကိစ္စမရှိဘူး .. အဲဒီလိုဆိုရင်တောင် မင်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ပေးမယ့် လက်အောက်ငယ်သားတစ်ချို့ ရွေးလို့ရသေးတယ်..” လူအိုကြီး ရယ်မော၍ ပြောလိုက်သည်။

“ကောင်းပြီလေ .. အဲဒါဆို မင်းတို့နှစ်ယောက် အခုကစပြီး ငါ့နောက်လိုက်ခဲ့ကြ” ချူဖုန်း အကြားစွမ်းရည်နှင့် အမြင်စွမ်းရည်နှစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

“မဟုတ်ဘူး..” သူတို့နှစ်ဦး၏ မျက်နှာများ ဖြူဖျော့လာသည်။

“ဟုတ်တယ်..” ချူဖုန်း ပြောလိုက်သည်။

“အစ်ကိုကြီး..”

“ဘော့စ်..”

ထိုနှစ်ဦးသည် ချက်ချင်းပင် ပုံစံပြောင်းသွားကာ လျှပ်စီးအရှိန်ဖြင့် ချူဖုန်းထံသို့ ပြေးလာလေသည်။ သူတို့နှစ်ဦး မျက်နှာထက်၌ အပြုံးများဖြစ်ပေါ်နေပြီး ချူဖုန်း၏ ပုခုံးနှင့်နောက်ကျောကို နှိပ်နှယ်ပေးရန် အသင့်ဖြစ်နေလေပြီ။

“ငါလည်း သူတို့အဖွဲ့ထဲ ပါချင်တယ်…” ယဲ့ချင်းရုန် ထိုသို့ပြောပြီး ငြင်သာစွာ လျှောက်လမ်းလာလေသည်။

အပိုင်း ၉၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset