Switch Mode

Chapter – 93

ကျောက်စိမ်းဂူ ကျောင်း

အပိုင်း ၉၃ – ကျောက်စိမ်းဂူကျောင်း

နံနက်ခင်းအာရုံမတက်သေးသော်လည်း ချုဖုန်းသည် မြူများထဲ၌ အသက်ရှူလေ့ကျင့်ခန်း လုပ်နေသည်။

ယနေ့ သူ သန္ဓေပြောင်းအဖွဲ့အစည်းရုံးချုပ်သို့ သွားရမည်ဖြစ်သောကြောင့် သူ လေ့ကျင့်ခန်းကို စောစောရပ်နားလိုက်သည်။ သူခွန်အားကို ပြသနိုင်မှသာ သူ့မိဘများ၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည်။

“အမေ .. အမေလည်း ကျွန်တော်တို့နဲ့ လိုက်ခဲ့လေ”

မနက်စာစားနေသည့်အချိန် ချူဖုန်း ဝမ်ကျင်းကို ခေါ်လိုက်သည်။ သူမကို အိမ်၌တစ်ယောက်တည်း မထားခဲ့ချင်။

သူ ရှုဝမ်ရိ ပို့လိုက်သည့်လူ ၁၃ ဦးလုံးကို ရှင်းပစ်ခဲ့သောကြောင့် ထိုအမျိုးသမီး သေချာပေါက် စိတ်တိုသွားမည်ပင်။ သူမ မည်ကဲ့သို့ တုံ့ပြန်လာမည်ကို မသိသေး။

“ကောင်းသားပဲ..” ဝမ်ကျင်း သဘောတူလိုက်သည်။

….

ကျန်းနင်မြို့ နံနက်ခင်း..

မြို့ပြင်ဘက်၌ မြင့်မားလှသည့်တောင်များသည် တိမ်တိုက်များနှင့် ထိစပ်နေသည်။ တောင်ထဲတွင်လည်း ကျားဟိန်းသံများ၊ လူဝံအော်သံများ ပဲ့တင်ထပ်နေသည်။ သို့သော် မြို့ထဲတွင်တော့ မီးပွိုင့်များ၌ ပိတ်မိနေပြီး ယာဉ်များလည်း တစ်စီးထက်တစ်စီး ခမ်းနားနေသည်။

မြိုု့တွင်းနှင့်မြို့ပြင်မှာ ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ဤကဲ့သို့ ခေတ်တစ်ခေတ်၏ နောက်ဆုံးအပိုင်းအခြား၌သာ မြင်တွေ့နိုင်သည်ပင်။

ကျောက်စိမ်းရေကန်ဗီလာရပ်ကွက်တွင်းရှိ လင်းရဲယုအိမ်တွင်..

ယခုတလောတွင် ရှုဝမ်ရိ စိတ်အခြေအနေမကောင်း။ မနက်စာစားနေသည့်အချိန်၌ပင် သူမစိတ်ပျံ့လွင့်နေသည်။ သန္ဓေပြောင်းလက်ရွေးစင် အယောက် ၃၀ မှာ တစ်ညတည်းဖြင့် ပျောက်သွားခဲ့၏။ ဤသည်မှာ သူမကို အတော်လေး ရိုက်ခတ်သွားသည်ပင်။

ဤလူများမှာ သူမ ယုံကြည်ရသည့် လက်အောက်ငယ်သားများပင်။ ဤလူများကို စုစည်းနိုင်ရန် သူမစည်းစိမ်နှင့် အချိန်များစွာကို အသုံးပြုခဲ့ရသည်။

သူမသည် တိုင်းဟန်တောင်မှ တောသားလေးကို တိတ်တဆိတ်ရှင်းပစ်လိုခြင်းသာ။ ဤကဲ့သို့သော ရလဒ်မျိုး ရလာလိမ့်မည်ဟု သူမ မထင်ထား။

ဒိမ်ဒီအုပ်စု၌ ရှိနေသည့် ကျွမ်းကျင်သူများကိုခေါ်ပြီး ရွှမ်းထျန်မြို့ရှိ ထိုအိမ်ကို ရှင်းပစ်ချင်သည်အထိပင်။

ဝမ်းနည်းစွာဖြင့် သူမသည် လင်းနွိုင်မဟုတ်။ သူမထံတွင် ဤကဲ့သို့သော အခွင့်အာဏာမရှိ။

ချူကျင်းယွမ် ကျောနာသွားသည်မှလွဲလျှင် ချူဖုန်းမိသားစု ဘေးကင်းနေကြောင်း သန္ဓေပြောင်းလူတစ်ဦး သူမကို သတင်းပို့လာခဲ့သည်။

“နွားနတ်ဘုရားက ဘယ်သူလဲဆိုတာ သိဖို့ နည်းနည်းပဲ လိုတော့တယ် .. ငါ သူ့ကို အထင်သေးမိသွားတာပဲ..” ရှုဝမ်ရိမျက်နှာ မည်းမှောင်နေသည်။ တိကျခိုင်မာသည့်သက်သေမရှိသော်လည်း သူမ သံသယအချို့ ရှိနေသည်။

သူမ၏ လက်ရွေးစင်အုပ်စု ပျောက်သွားသည့်အချိန်မှာ ချူကျင်းယွမ် ဒဏ်ရာရသွားသည့်အချိန်နှင့် တစ်ချိန်တည်းနီးပါးပင်။

ဖုန်း..

သူမ ဓားနှင့်ခက်ရင်းကို စားပွဲပေါ်သို့ ဒေါသတကြီး ပစ်တင်လိုက်သည်။ သူမ မျက်လုံးထဲ၌ ပြင်းထန်သည့် အမုန်းတရားများ လောင်ကျွမ်းနေလေ၏။ သူမ ညီမလေး သေဆုံးမှုမှာ မရိုးရှင်းဟု သူမ အမြဲတမ်း ယုံကြည်ထားသည်ပင်။

မူကဲ့သို့ သူမ သေဆုံးမှုမှာ မေးခွန်းထုတ်စရာရှိနေသည်ပင်။

ချူဖုန်းသာ နွားနတ်ဘုရားဆိုလျှင်တော့ သူမ သံသယမှာ ကျိုးကြောင်းဆီလျော်သည်။ သူမညီမနှင့်မူသည် ချူဖုန်းကို ပစ်မှတ်ထားခဲ့ဖူးကြသည့်အပြင် လုပ်ကြံရန်ပင် ကြိုးစားဖူးကြသေးသည်။

“ကျွန်မညီမ ရှင့်ကို အရင်ဆုံးတိုက်ခိုက်တာက သူ့အမှားလို့ ပြောလို့ရတယ် .. ဒါပေမဲ့ ရှင်လုပ်လိုက်တာကို ခွင့်မလွှတ်နိုင်ဘူး..” သူမသည် သူမညီမ၏ပြဿနာကို တွေးရမည့်အစား သူမ ဒေါသကို ချူဖုန်းအပေါ် ပုံချရန် ဆုံးဖြတ်လိုက်သည်။

လင်းရဲယု ထမင်းစားခန်းထဲ ဝင်လာသည်။ သူသည် ယခုမှ ကိုယ်ခံပညာလေ့ကျင့်ရာမှ ပြန်လာခြင်းဖြစ်သောကြောင့် တစ်ကိုယ်လုံး ချွေးများ စီးကျနေကာ အလင်းတန်းလေးများပင် ထွက်နေသည်။

“ရဲယု..”

ရှုဝမ်ရိ သူ့ကို အပြေးသွားကြိုလိုက်ပြီး သူ့ချွေးများကို အဖြူရောင်တာဝါဖြင့် သုတ်ပေးလိုက်သည်။

“မင်း တစ်ခုခုဖြစ်နေတာလား .. မင်း မနက်စာကို မထိရသေးဘူး..” သူ မေးလိုက်သည်။

“ကျွန်မ ညီမလေးအကြောင်း တွေးနေတာပါ..” ရှုဝမ်ရိ သက်ပြင်းချလိုက်သည်။

“သေပြီးတဲ့လူက ပြန်ရှင်မလာနိုင်တော့ဘူး .. မင်းကိုယ်မင်း မထိခိုက်စေနဲ့..” လင်းရဲယု သူမပုခုံးကို ပွေ့ဖက်လိုက်ပြီး သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ ခဏကြာပြီးနောက် သူ တစ်ခုခုကို အမှတ်ရပြီး မေးလိုက်သည်။ “ဒါနဲ့ မင်း မကြာခင် ရုပ်ရှင်ရိုက်ရတော့မှာဆို .. ဟုတ်လား..”

နောက်ဆုံးတော့ ရှုဝမ်ရိ ပြုံးလာလေပြီ။ ဤသည်မှာ သူမအတွက် တစ်ခုတည်းသော သတင်းကောင်းပင်ဖြစ်လိမ့်မည်။

“ပြောရမှာ နည်းနည်းတော့ ရှက်စရာကောင်းတယ် .. နောက်ဆက်တွဲ အခန်းတွေက ကျွန်မ နည်းနည်းပဲ လေ့ကျင့်ထားတာ .. ကျွန်မ တကယ်တိုက်မှာမဟုတ်ဘူး .. သန္ဓေပြောင်းသားရဲတွေနဲ့ တိုက်တဲ့အချိန်ကျရင် အစားထိုးသရုပ်ဆောင်တွေ သုံးမှာ .. ဒီဇာတ်ကားအတွက် သန္ဓေပြောင်းလူတစ်ချို့ ငှားပြီးသွားပြီလို့ ကြားတယ်”

သူမ တိတ်တိတ်လေးတော့ ဝမ်းသာနေမိသည်။ ဤရုပ်ရှင်ကြီးတွင် နာမည်ကြီးများစွာ ပါဝင်မည်ဖြစ်သောကြောင့် သေချာပေါက် နာမည်ကြီးလိမ့်မည်။ သူမသည် အမျိုးသမီးဇာတ်ဆောင်မဟုတ်သော်လည်း သူမနေရာမှာ သိပ်မနိမ့်။

ဤရုပ်ရှင်ကို အသုံးပြုကာ တရုတ်ပြည်တစ်ပြည်လုံး နာမည်ကြီးအောင် လုပ်ပစ်မည်။

ချူဖုန်းတို့မိသားစု သွားရမည့်နေရာသို့ ရောက်သည့်အချိန်တွင် နေပင် အတော်မြင့်နေလေပြီ။ ဤခြံကြီးမှာ အတော်လေး ကြီးမားလှသည်။ မီးခိုးရောင်နံရံများမှာ အိုဟောင်းနေသောကြောင့် အနည်းငယ် ကြောက်စရာကောင်းနေသည်။

ဂိတ်တံခါးရှေ့၌ သစ်ပင်အချို့ ရှိနေသည်။ သစ်ပင်များမှာ လူကြီးသုံးဖက်စာခန့်ပင် ရှိသည်။

သူ ယခင်က ဤနေရာကို ဖြတ်ခဲ့ဖူးသော်လည်း စစ်ဆေးကြည့်စရာ အကြောင်းမရှိခဲ့။ ယနေ့တော့ မတူတော့။ ယနေ့ သူသည် ယှဉ်ပြိုင်သူတစ်ဦးအနေဖြင့် ဤခြံထဲသို့ ဝင်ရတော့မည်။

ဤနေရာမှာ အလွန်တိတ်ဆိတ်နေသောကြောင့် ငြိမ်းချမ်းသည့် ခံစားချက်ရနေသည်။

ခြံထဲသို့ ဝင်လိုက်သည်နှင့် ကျောက်လမ်းတစ်လမ်းအပြင် ရှေးဟောင်းဗိသုကာမျိုးစုံကိုလည်း တွေ့လိုက်ရသည်။

ခြံထဲ၌ နွယ်ပင်အိုများ ရစ်ပတ်နေသည့် ရှေးသစ်ပင်အချို့ကိုလည်း တွေ့လိုက်ရသည်။ ထိုအပင်နားရှိ လေထုမှာ အေးမြလတ်ဆတ်နေသည်။

“အမ်..”

ခြံထဲ၌ စာလုံးရေးထွင်းထားသည့် ကျောက်ပြားတစ်ခုကို တွေ့လိုက်ရသည့်အချိန်တွင် သူ နေရာများ မှားလာသလားဟု ချူဖုန်း တွေးမိသွားသည်။

“ကျောက်စိမ်းဂူဘုရားကျောင်းလား..” သူ အံ့အားသင့်သွားရသည်။

ကျောက်စိမ်းဂူဘုရားကျောင်းဆိုတာ ဒဏ္ဍာရီလာ ယွမ်ရှီးထျန်းကျွမ်းက ပိုင်တဲ့နေရာမဟုတ်ဘူးလား..

ချုဖုန်း အတော်လေး ဆွံ့အသွားရသည်။ ခြံဝင်းအတွင်း အပြင်အဆင်မှာ ဂုဏ်သိက္ခာရှိလှသော်လည်း ဤကျောက်တိုင်ကတော့ အလွန်ရယ်စရာကောင်းနေသည်။ မည်သူက ဤသည်ကို ရေးခဲ့သနည်း..

ချူကျင်းယွမ်နှင့် ဝမ်ချင်းတို့လည်း အံ့အားသင့်သည့် အမူအရာများဖြင့်သာ။ သူတို့၏ ဤနေရာပေါ်ရှိ အထင်ကြီးစိတ်တို့ပင် ပျောက်ကွယ်သွားလေပြီ။

ထို့နောက် ချူဖုန်း လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ချူဖုန်းသည် ဤလူနှင့် တွေ့ရမည်ထက် ချက်ချင်းပင် ထွက်ပြေးလိုက်ချင်သည်။

ဤသည်မှာ သူ့နောက်ကို အတင်းလိုက်ခဲ့သည့် ဒါရိုက်တာ ကျိုးရိထျန်းပင်။ သူ့ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့။

ဤလူမှာ ချူဖုန်းမတွေ့ချင်သည့် တစ်ဦးတည်းသောသူပင်။

“မင်းတို့အားလုံး အင်တာဗျူးအတွက် လာတာလား..” ကျိုးရိထျန်းသည် ဖော်ရွေသည့်အပြုံးကြီးဖြင့် ရောက်လာလေသည်။ “ဒီဘက်ကို လာခဲ့ပါ..”

ဒီအသုံးမကျတဲ့ ဒါရိုက်တာက ဒီကဝန်ထမ်းလား.. သူ ဤနေရာမှ ချက်ချင်းပင် ပြန်ထွက်သွားချင်မိသည်။ ဒီလိုလူမျိုးတောင် ဒီမှာ ရှိနေရင် ဒီ ‘ကျောက်စိမ်းဂူကျောင်း’ က ဘယ်လိုလုပ် ယုံကြည်ရတဲ့ နေရာဖြစ်မှာလဲ..

“မင်းက ဒီက ဝန်ထမ်းလား..” ဝမ်ကျင်း မေးလိုက်သည်။

“အဲဒီလို ပြောလို့ရပါတယ်..” သူ ပေါ့ပါးစွာပင် ပြောလာသည်။ “ကျွန်တော် ကျောက်စိမ်းဂူကျောင်းကနေ အကူအညီတောင်းစရာရှိလို့ ဒီမှာ ခဏနေနေတာပါ”

အခြားသူများကတော့ ဤလူသည် ဖော်ရွေသည်ဟု ထင်လိမ့်မည်။ သို့သော် ချူဖုန်းအတွက်တော့ ဤလူမှာ မျောက်စိတ်ဟူသည့်စကားလုံး၏ ဖွင့်ဆိုချက်ပင်။

ချူဖုန်း သူ့ကို ဤနေရာ၌ ရှုပ်မနေပဲ ရုပ်ရှင်သွားရိုက်နေဟုပင် ပြောချင်လာသည်။

သို့သော် ကျိုးရိထျန်းသည် အလွန်ဖော်ရွေနေကာ သူတို့ကို လမ်းပြခေါ်ဆောင်သွားနေသည်။

နောက်ဆုံးတွင်တော့ ချူဖုန်းသည် ကျောက်ပြား၌ ရေးထားသည့် ထို ‘ကျောက်စိမ်းဂူကျောင်း’ စကားလုံးအကြောင်းကို ဤမယုံကြည်ရသည့်ဒါရိုက်တာအား မမေးပဲ မနေနိုင်တော့။

“ဒါက ရှင်းရှင်းလေးပါ .. ကျောက်စိမ်းဂူကျောင်းက ယွမ်ရှီထျန်းကျွင်းရဲ့ အလေးအမြတ်ထားရတဲ့နေရာပဲ .. သူက နတ်ဘုရားတွေ စုဝေးနေတဲ့ စွမ်းအားကြီးနေရာတစ်ခုကို ကိုယ်စားပြုတာ .. ဒီနေရာက သန္ဓေပြောင်းအဖွဲ့အစည်းရဲ့ ရုံးချုပ်ဆိုတော့ ဒီလိုနာမည်ပေးထားတာ” ကျိုးရိထျန်း ပြန်ပြောလာသည်။

ဘာလားဟ .. ချူကျင်းယွမ်မှာ အော်ရယ်မိလုနီးပါးပင်။

“မင်းတို့တွေ ဒါကို သံသယမဝင်သင့်ဘူး .. အကြီးတွေတောင်မှ ဒီနေရာကို ‘ကျောက်စိမ်းဂူကျောင်း’ လို့ခေါ်တာကို သဘောတူထားကြတာ” ကျိုးရိထျန်း ပြောလာသည်။

“ဒါက တကယ်ပဲ ထူးခြားတာလား..” ဝမ်ကျင်းမှာ သတ္တိတော့မသေး။ သူ မရင်းနှီးသည့် ထူးဆန်းသည့်ပတ်ဝန်းကျင်မှာပင် သူမ စကားပြောရဲသည်။

ကျိုးရိထျန်းသည် လေးနက်စွာ ခေါင်းညိမ့်လိုက်ကာ “စဉ်းစားကြည့်လေ .. ဒီနေရာက သန္ဓေပြောင်းအဖွဲ့အစည်းရဲ့ ရုံးချုပ်လေ .. အဲဒီတော့ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေက ဘယ်လိုလုပ် ရိုးရှင်းတဲ့လူတွေ ဖြစ်မှာလဲ..”

“ဒီနေရာက ခေါင်းဆောင်ကို ‘ယွမ်ရှီထျန်းကျွင်း’ လို့ခေါ်တာလို့တော့ မပြောနဲ့နော်..” ချူဖုန်း မမေးပဲ မနေနိုင်။

“သန္ဓေပြောင်းလို့ကို မပြောရဘူး.. ဒီအချက်ကို ထက်ထက်မြတ်မြတ်နဲ့ မြန်မြန်ပဲရှာတွေ့လိုက်နိုင်တာပဲ..” ကျိုးရိထျန်း လေးစားသည့်မျက်နှာပေးဖြင့် ပြောလာလေ၏။ ချူဖုန်းမှာ သူ့မျက်နှာကိုပင် ပိတ်ရိုက်ပစ်ချင်မိသည်။ ဒါကို ထက်မြတ်တယ်လို့ ပြောလို့ရတာလား..

ကျိုးရိထျန်း၏လေသံသည် ချက်ချင်းပင် လေးနက်သွားကာ “ဒါပေမဲ့ မင်းသူ့ကို ခေါင်းဆောင်လို့ မခေါ်သင့်ဘူး .. ဒီလူက အရမ်းကို ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့သူ .. လုံလောက်အောင် ခွန်အားကြီးတဲ့သူမှ သူ့ကို ဆရာလို့ ခေါ်နိုင်တာ .. တစ်ခြားသူတွေက သူ့ကို … အာ ထားလိုက်ပါတော့ .. ဘာပဲဖြစ်ဖြစ် သာမန်လူတွေက သူ့ကိုတွေ့ခွင့်ရမှာမှ မဟုတ်တာ”

သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ..

“ကျောက်စိမ်းဂူကျောင်းရဲ့ ထူးဆန်းတဲ့ဆရာက အရမ်းကို စွမ်းအားကြီးတာလား..” ချူဖုန်း မေးလိုက်သည်။

“ဒါပေါ့..” ကျိုးရိထျန်း ခေါင်းညိမ့်လိုက်ကာ အတည်ပေါက်ပြောလာသည်။ “သူက လူသားမျိုးနွယ်စုက စွမ်းအားအကြီးဆုံး လက်ရွေးစင်တွေထဲက တစ်ယောက်ပဲ”

“အဲဒီလောက်တောင် စွမ်းအားကြီးတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

ဘောဓိတွင် ဗုဒ္ဓတပည့်များရှိပြီး ဒိမ်ဒီတွင် လိန်ကျန်းကျီရှိကြောင်း သူသိပြီးသားပင်။ ဤသန္ဓေပြောင်း ကျွမ်းကျင်သူများမှာ လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက သန္ဓေပြောင်းခဲ့ကြသည်ပင်။

ထိုအချိန်တုန်းက လောက၌ ပြောင်းလဲမှုများပင် မဖြစ်သေး။

ဗုဒ္ဓတပည့်ထဲမှ ချင်းယဲ့ဟုခေါ်သည့်သူသည် တိုင်းဟန်တောင်မှ မြွေဖြူနှင့်ပင် တိုက်ခိုက်ခဲ့သေးသည်။ သူ သေသလား ရှင်သလားမသိသော်လည်း သူ့ခွန်အားကိုတော့ မြင်တွေ့ခဲ့ကြရသည်။

“ဒီလောကကြီးမှာ ပြိုင်ဘက်ကင်းဖြစ်လောက်အောင်ထိ အံ့ဩဖို့ကောင်းတာ..” ကျိုးရိထျန်း ပြောလိုက်သည်။

“အဲဒီလောက် စွမ်းအားကြီးနေရင် သားရဲဘုရင်တွေ တိုက်ခိုက်လာတုန်းက သူဘာလို့ ထွက်မလာတာလဲ .. အနည်းဆုံးတော့ သူ မီးခိုးပြာဝံပုလွေနဲ့ သိမ်းငှက်တွေကို သတ်သင့်တယ်”

“ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် .. ဒါပေမဲ့ မင်း ပြန်မဖြန့်ဘူးလို့ ကတိပေး..” ကျိုးရိထျန်း တီးတိုးပြောလာသည်။ “ကျောက်စိမ်းဂူကျောင်းရဲ့ သခင်က သူကိုယ်တိုင် ထွက်လာမှာမဟုတ်ဘူး .. ဘာလို့လဲဆိုတော့ သူက လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ကိစ္စကြီးကို လုပ်နေလို့..”

“ဘာကိစ္စလဲ..”

“သူက စစ်တပ်လေ့လာရေးအဖွဲ့နဲ့ ဘုရားနယ်မြေတွေကို လေ့လာနေတာ .. သူက အဲဒီနေရာကို သိမ်းဖို့ ပြင်ဆင်နေတာ .. အဲဒီနေရာ တကယ် ကြောက်ဖို့ကောင်းတာ .. တိုက်ပွဲတွေ နေရာတိုင်းမှာ ဖြစ်နေပြီးတော့ သန္ဓေပြောင်းတွေနဲ့ သားရဲဘုရင်တွေက အမြဲတမ်း တိုက်ခိုက်နေကြတာ..” ကျိုးရိထျန်း ပြောပြလာသည်။

ပထမဆုံးအနေဖြင့် ချူဖုန်း အမူအရာ ပြောင်းလဲသွားသည်။ ဘုရားနယ်မြေမှ တိုက်ပွဲများမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ကျောက်စိမ်းဂူကျောင်းမှ ဆရာသခင် ထိုနေရာသို့ ရောက်နေလျှင် ဤလူမှာ တကယ်ကို အထင်ကြီးစရာကောင်းသည့် ကျွမ်းကျင်သူပင်။

“ယွင်ကွေ့ကုန်းပြင်မြင့်ကို သွေးလွှမ်းအောင်လုပ်တဲ့ မီးခိုးပြာဝံပုလွေ၊ သားရဲတွေကို ဆွပေးတဲ့ သိမ်းငှက်နဲ့ ရွှမ်းထျန်မြို့ပြင်မှာ ပေါ်လာတဲ့ သားရဲအုပ်တွေအားလုံးက သန္ဓေပြောင်းသားရဲတွေရဲ့ အကြံအစည်တွေပဲ .. သူတို့တွေက ငါတို့လူသားမျိုးနွယ်စုက ကျွမ်းကျင်သူတွေ ထွက်လာအောင် လုပ်နေကြတာ .. ဒါပေမဲ့ အထက်လူကြီးတွေက သူတို့ ဗျူဟာနဲ့သူတို့ ရှိပြီးသား” ကျိုးရိထျန်း တီးတိုးပြောလာသည်။

ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ ဤလူ အမှိုက်များ ပြောနေသည်ဟု သူ မသတ်မှတ်တော့။

“ကျောက်စိမ်းဂူကျောင်းရှိတယ်ဆိုတော့ အမြင်ရှစ်ခုကျောင်းနဲ့ ဂျိဒ်ကျောင်းရော ရှိတာလား..”

သူမအမျိုးသား၏ စိတ်ကူးယဉ်မှုကြောင့် ဝမ်ကျင်းပင် အံ့အားသင့်သွားရသည်။ အမြင်ရှစ်ခုကျောင်းနှင့် ဂျိဒ်ကျောင်းဆိုသည်မှာ လောင်ကျီနှင့် ထုန်းထျန်းကျောင်းကျူတို့၏ ရိုးရာဓလေ့နယ်မြေများပင်။

မထင်မှတ်ထားသည်မှာ ကျိုးရိထျန်းသည် လန့်သွားကာ ဘယ်ပြန်ညာပြန်ကြည့်ပြီးနောက် ခေါင်းညိမ့်လိုက်ကာ “သူတို့တွေ တကယ်ရှိတယ်လို့ ပြောကြတယ်..”

ဝမ်ကျင်း၏ အတွေးများ ကမောက်ကမ ဖြစ်သွားရသည်။ ကျောက်စိမ်းဂူကျောင်း၊ အမြင်ရှစ်ခုကျောင်းနဲ့ ဂျိဒ်ကျောင်းလို့ခေါ်တဲ့ သန္ဓေပြောင်းအဖွဲ့အစည်းသုံးခု တကယ် ရှိနေတာလား..

“သူတို့ရှိနေတာက အရမ်းအရေးကြီးတဲ့ သူငယ်ချင်းဆီက သိခဲ့တာ” ကျိုးရိထျန်း ဆက်ပြောလာသည်။ “အမြင်ရှစ်မျိုးကျောင်းရဲ့ဆရာလည်း ပြိုင်ဘက်ကင်းကျွမ်းကျင်သူပဲ .. ဒါပေမဲ့ ဒီအဖွဲ့မှာ အဖွဲ့ဝင်က လက်ချိုးရေလို့ရတယ် .. ဂျိဒ်ကျောင်းက ပင်လယ်ထဲမှာ ရှိနေတာ .. ပင်လယ်ထဲမှာလည်း ထူးဆန်းတဲ့ရှေးသစ်ပင်တွေ ပေါက်နေတယ်တဲ့ .. ဥပမာအားဖြင့် ဖုစန်းနတ်သစ်ပင်ပဲ .. ပင်လယ်က အဆပေါင်းများစွာ ပိုအန္တရာယ်များတယ်တဲ့ .. အဲဒီက သားရဲဘုရင်တွေက အရမ်းကို ကြမ်းတမ်းတယ် .. ဂျိဒ်ကျောင်းရဲ့ဆရာလည်း အထင်ကြီးစရာကောင်းတဲ့လူပဲ..”

ချူဖုန်းတို့ မိသားစုမှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားရသည်။ သူတို့ရသည့်သတင်းအသစ်ကို အစာကြေနိုင်ရန် သူတို့ အချိန်လိုအပ်သည်။

“ဒါပေမဲ့ ငါကြားတာတော့ ဂျိဒ်ကျောင်းရဲ့ဆရာလည်း ပြန်လာနေပြီတဲ့ .. ဒီကုန်းမြေက နာမည်ကြီးတောင်တစ်ခုကို အရင်ယူဖို့ စီစဉ်ထားတာတဲ့..” ကျိုးရိထျန်း ပြောလိုက်သည်။

ယခုအချိန်တွင် ကျောက်စိမ်းဂူကျောင်းမှ ဆရာသည် ဘုရားနယ်မြေများအတွက် တိုက်ခိုက်နေသော်လည်း ကျန်သည့်ဆရာနှစ်ဦးကတော့ နာမည်ကြီးသည့်တောင်တစ်လုံးစီ ပိုင်ဆိုင်သွားပြီဖြစ်သည်။

“ဒါက ကျောက်စိမ်းဂူကျောင်း၊ အမြင်ရှစ်မျိုးကျောင်းနဲ့ ဂျိဒ်ကျောင်းသုံးခုလုံးက စွမ်းအားရှင်တွေလို့ ဆိုလိုတာလား..” ဝမ်ကျင်း မေးလိုက်သည်။

“ဒါပေါ့ .. သူတို့တွေက ဘယ်သားရဲဘုရင်နဲ့မဆို ထိပ်တိုက် တိုက်ခိုက်နိုင်တယ် .. ပြီးတော့ ဒိမ်ဒီက လိမ်ကျန်းကျီနဲ့ ဘောဓိက ဗုဒ္ဓတပည့်တွေတောင်မှ အရင်တုန်းက ကျောက်စိမ်းဂူကျောင်းမှာ စာရင်းပေးသေးတယ်”

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဂူကျောင်း မည်မျှစွမ်းအားကြီးသည်ကို သိနိုင်သည်။ အဓိကကျသည့်အဖွဲ့အစည်းများပင် သူတို့ကို လေးစားပေးနေရသည်။

“နောက်ဆုံးတော့ ငါတို့ရောက်ပြီ .. ဒီတစ်ခေါက် ဝင်ဖြေတဲ့သူတွေ တော်တော်များတယ်” ကျိုးရိထျန်းသည် သူ၏ပုံမှန်ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး သူတို့နေရာသို့ ခေါ်သွားလိုက်လေသည်။

အပိုင်း ၉၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset