Switch Mode

Chapter – 92

အမွေ၊ မျိုးဆက်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၂ – အမွေ၊ မျိုးဆက်

ကြိုးကြာဖြူသည် ဓားပျံတစ်လက်ကဲ့သို့ လေထဲ ပျံဝဲတက်သွားသည်။

ရုတ်တရက် ငှက်ကြီး၏ အမွေးအတောင်များသည် ကျောက်စိမ်းဖြူကဲ့သို့ တောက်ပလာလေသည်။ ငှက်သည် အလင်းတန်းအဖြူအဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ဓားများမှာ ဆိုင်ကလုန်းကဲ့သို့ သိမ်းငှက်ကြီးထံသို့ ဦးတည်သွားနေလေသည်။

ဤသည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။

သူတို့မြင်နေရသည့်မြင်ကွင်းမှာ အစစ်အမှန်ဟုတ်ရဲ့လားဟု လူများ သံသယဝင်လာကြရသည်။

ကောင်းကင်ထက်၌ ကြိုးကြာဖြူမရှိတော့။ ထိုအစား ဖြူဖွေးနေသည့် မောက်မာသည့် သိမ်းငှက် ဓားအလင်းတန်းတစ်ခုသာ ရှိတော့သည်။

သိမ်းငှက်ကြီးသည် မီတာခြောက်ဆယ်ကျော် ရှည်လျားသည်ပင်။ သူ၏အမွေးအတောင်များမှာ အနက်ရောင်ရွှေကဲ့သို့ တောက်ပနေပြီး သံမဏိများထက်ပင် မာကျောနေသည်။ ယခုအချိန်တွင် သူ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသောကြောင့် သူ့အမွေးအတောင်များအားလုံး ထောင်ထနေလေပြီ။

ခွပ်..

သိမ်းငှက်သည် ထိုအလင်းတန်းကို မရှောင်ပဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဂီး…

သိမ်းငှက်ကြီး လေထဲ ပြောင်းပြန်လှန်သွားပြီး စူးရှစွာ အော်ဟစ်လာလေသည်။

ဖူး..

သွေးများလွင့်စင်လာကာ သူ့အနက်ရောင်အမွေးအတောင်များလည်း တောင့်တင်းမှုမရှိတော့။

သူ၏ခြေသည်းများ ဒဏ်ရာရသွားလေပြီ။ ဒဏ်ရာမှာ နက်လွန်းလှသည်။ သူ့အရိုးပေါ်မှ အသားများသည် လန်ထွက်သွားပြီး အရိုးများကြားဆက်ထားသည့် အရွတ်များသာ ကျန်တော့သည်။

တစ်ချိန်က ကြောက်စရာကောင်းခဲ့သည့် ခြေသည်းများမှာ သွေးများဖြင့် ရှုပ်ပွနေလေပြီ။

ကြိုးကြာဖြူမှာ ကောင်းကင်ထက်၌ လွတ်လပ်စွာ ပျံဝဲနေဆဲပင်။ သူသည် ပေါ့ပါးစွာပင် တိုက်ခိုက်နေလေ၏။ သူ တိုက်ခိုက်မည်ဟု ပြောပြီးသည်နှင့်‌ တွေဝေမနေပဲ ပြင်းထန်သည့်စွမ်းအားများဖြင့် ပြတ်သားစွာ တိုက်ခိုက်လာသည်။ ဤကြိုးကြာမှာ ဓားသမားအစစ်ပင်။

သိမ်းငှက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ ဒေါသထွက်နေလေပြီ။ သူလည်း တိရစ္ဆာန်လောက၏ ဘုရင်တစ်ပါးဖြစ်သောကြောင့် ဤရှုံးနိမ့်မှုကို သည်းမခံနိုင်။ ဒေါသကြောင့် သူ့ခန္ဓာကိုယ် တောက်ပလာသည်။

အနက်ရောင်နေလုံးကြီးကဲ့သို့ သူ့ခန္ဓာကိုယ်ပတ်လည်တွင် မီးများ ဝန်းရံနေသည်။

ဝုန်း..

သူ ပါးစပ်ဟလိုက်သည်နှင့် အနက်ရောင်မီးတောက်ဝန်းရံထားသည့် အနက်ရောင်လျှပ်စီးတစ်စင်း ကောင်းကင်ထက် ထွက်ပေါ်လာသည်။

သိမ်းငှက်ဖန်တီးလိုက်သည့် ဤမီးတောက်လျှပ်စီးမှာ ကြိုးကြာဖြူထံသို့ ဦးတည်သွားနေသည်ပင်။

ဝှစ်..

ကြိုးကြာဖြူထံတွင်လည်း ပြိုင်ဘက်ကင်းအရှိန်ရှိနေသည်။ အနက်ရောင်လျှပ်စီးထွက်ပေါ်လာသည်နှင့် သူ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ကာ ဓားနှင့်အတူ သိမ်းငှက်ထံသို့ ဦးတည်သွားလေသည်။

လူများမှာ အသက်အောင့်ကာ ဤမြင်ကွင်းကို မျက်လုံးပြူး မျက်ဆံပြူး ကြည့်နေကြသည်။ အများစုမှာ သူတို့မြင်နေရသည့်မြင်ကွင်းကို ယခုထိ မယုံကြည်နိုင်သေး။

ကြိုးကြာတစ်ကောင်က ဘယ်လိုလုပ် စီချွမ်ရဲ့ ဆရာသခင် ဖြစ်လာတာလဲ..

“ဗီဒီယိုကို နောက်ပြန်ရစ်ပြီး သေချာလေ့လာ..”

စစ်တပ်မှလူများတီးတိုး ရေရွတ်လိုက်သည်။ သူတို့လည်း အခြားသူများကဲ့သို့ ထိတ်လန့်နေကြသည်ပင်။

ဂြိုလ်တုမှ ဖမ်းထားသည့် ဗီဒီယိုများကို သူတို့ နောက်ပြန်ရစ်လိုက်ကြသည်။

ဗီဒီယိုကို အတော်လေး နှေးပစ်လိုက်မှသာ သူတို့ အမှန်တရားကို တွေ့ရတော့သည်။ သူတို့ကြား တိုက်ခိုက်မှုအား သိလိုက်ရသည့်အချိန်တွင် လူအားလုံး အံ့ဩထိတ်လန့်သွားကြရသည်။

ကြိုးကြာသည် သူ့ရန်သူအား တိုက်ခိုက်သည့်အချိန်တွင် အတောင်ပံများကို ခတ်သွားခြင်းမဟုတ်။ ထိုအစား အတောင်ပံကို သူ့ခန္ဓာကိုယ်နံဘေး၌ ကပ်ထားကာ သူ့ခြေထောက်များကို ဆန့်တန်းကာ လေကိုကန်ပြီး သွားနေခြင်းပင်။

သူ့ခန္ဓာကိုယ်မှာ ဖြောင့်တန်းနေပြီး သူ့နှုတ်သီးမှာ လှံတံထိပ်ကဲ့သို့ သိမ်းငှက်ထံသို့ ဦးတည်သွားနေသည်။

ဤဓားသမား အဘယ်ကြောင့် ဓားမသုံးသည်ကို အားလုံး နားလည်သွားကြလေပြီ။ ကြိုးကြာကိုယ်တိုင်ကပင် ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်ပင်။

ကြိုးကြာဖြူ ကောင်းကင်ထက်သို့ တက်သွားသည်။ သူ့အရှိန်မှာ သိမ်းငှက်ထက်ပင် မြန်နေသေးသည်။

“ကြိုးကြာက ဆရာတစ်ယောက်ရဲ့ လက်အောက်မှာ ဓားရဲ့လျှို့ဝှက်ချက်တွေကို သင်ခဲ့ရတာ ဖြစ်လိမ့်မယ်…” တစ်စုံတစ်ယောက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ မဟုတ်ပါက မျက်စိရှေ့မှ တောက်ပနေသည့် အလင်းတန်းကို မည်ကဲ့သို့ ရှင်းပြမည်နည်း.. ဓားပညာမှာ ကြိုးကြာ၏သဘာဝထဲ မပါ။

ခွပ် ခွပ် ခွပ်..

အဲ့မင်တောင်ထက်၌ မီးပွားများ လွင့်စင်ထွက်နေသည်။ ငှက်နှစ်ကောင်မှာ ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။

သိမ်းငှက်ကြီးလည်း သူ့စွမ်းအားများကို အားကုန်ထုတ်သုံးနေသည်။ သို့သော် သူ ကြိုးကြာ၏ လျှပ်စီးကဲ့သို့သော အရှိန်နှင့် စွမ်းအားကို မယှဉ်နိုင်။

ဖူး..

သွေးများလွင့်စင်လာသည်။ ကြိုးကြာဖြူ သိမ်းငှက်၏ဝမ်းဗိုက်အောက်ပိုင်းကို သူ၏နှုတ်သီးဖြင့် ထိုးလိုက်သည့်အချိန်တွင် နက်ရှိုင်းလှသည့် ဒဏ်ရာ ဖြစ်ပေါ်လာပြီး ထိုဒဏ်ရာများ သွေးများ စီးကျလာကာ အနက်ရောင်အမွေးအတောင်များအား စွန်းထင်းကုန်သည်။

သိမ်းငှက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သိမ်းငှက်သည် သူ့ရှုံးကို ဝန်မခံချင်သော်လည်း သူ့စိတ်ထဲ ကြောက်နေလေပြီ။

သို့သော် သိမ်းငှက်အတွက် နောက်ပြန်ဆုတ်စရာ လမ်းမရှိ။ သူ နောက်ပြန်လှည့်လိုက်သည်နှင့် ကြိုးကြာဖြူ၏ နှုတ်သီး သူ့ရင်ဘတ်ကို ထိုးဖောက်သွားလိမ့်မည်။

ငှက်နှစ်ကောင်သည် မီးပွားများကြား၌ပင် တိုက်ခိုက်နေကြသည်။

သိမ်းငှက်၏ အမာကျောဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းပင် ကြိုးကြာ၏နှုတ်သီးဖြင့် ထိုးဖောက်ခြင်း ခံနေရသည်။ သူ၏အရွတ်များနှင့် နှုတ်သီးမှာ ပြုတ်ကျတော့မတတ် ဖြစ်နေလေပြီ။ သူ့နှုတ်သီးတစ်ခုလုံး၌ အက်ကွဲကြောင်းများ ပြည့်နှက်နေပြီဖြစ်သည်။

ခွပ်..

နောက်ဆုံးတွင် သူ၏ခြေသည်းတစ်ခု သူ့ခြေထောက်မှ ပြုတ်ထွက်သွားသည်။ ကျိုးသွားသည့်ခြေသည်းသည် အသားစ၊ သွေးစတို့နှင့်အတူ အောက်ဘက်ရှိ တောင်ကြားထဲသို့ ကျသွားသည်။

သိမ်းငှက်ကြီး စူးရှစွာ အော်ဟစ်လိုက်သည်။ သူပြန်တိုက်ခိုက်ရန် အချိန်သိပ်မကျန်တော့သဖြင့် သူ့ကိုယ်သူ အားဖြည့်လိုက်သည်။

ကြိုးကြာသည် ကြင်နာကာ ရင်းနှီးလွယ်သည့် သက်ရှိပင်။ အားလုံးကို ညှိနှိုင်း၍ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်သည်။ သို့သော် ဤသည်မှာ သူတို့ခေါင်းကို မပုတ်ခင်အထိသာ။ သူတို့ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်နှင့် ညှာတာတော့မည်မဟုတ်တော့။

ကြိုးကြာသည် သိမ်းငှက်ကို ဒုတိယအခွင့်အရေးမပေးတော့။ စကားပြောရန် အလွန်နောက်ကျနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ကြိုးကြာသည် သူ့ရန်သူကို သတ်ပစ်မည်ဟု ဆုံးဖြတ်ချက်ချထားပြီးသားပင်။

“သတ်..” သိမ်းငှက် ရှည်လျားကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်နှင့် ငှက်မွေးများ ကျွတ်ထွက်လာသည်။ ထို့အပြင် သူ၏အရေပြားကို ထိုးဖောက်ကာ အနက်ရောင်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ သူသည် ပေါက်ကွဲတော့မည့်ဘောလုံးတစ်လုံးနှင့် တူနေသည်။

ဤသည်မှာ နောက်ဆုံးတိုက်ကွက်ပင်။ သူသည် ပူတင်းငါးကဲ့သို့ ဖောက်ခွဲပစ်ရန် ကြိုးစားနေခြင်းပင်။

ထိုအခိုက်အတန့် လူများမှာ နှလုံးခုန်နှုန်းပင် ရပ်တန့်သွားသည်။ သိမ်းငှက်သည် သူ့သေဆုံးမှုနှင့်အတူ ကြိုးကြာအား ဆွဲချသွားမည်ကို လူများ ကြောက်ရွံ့သွားကြသည်။

ဝုန်း..

အလင်းတန်းများသည် လျှပ်စီးတန်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုလျှပ်စီးတန်း အများစုမှာ ကြိုးကြာထံသို့ ဦးတည်သွားသည်။ လျှပ်စီးတန်းတစ်ခုစီတိုင်းမှာ ကြီးမားထူထဲလှသည်။၊

အချို့လျှပ်စီးတန်းများသည် အနီးအနားမှ တောင်ထိပ်များကို ထိမှန်သွားလေ၏။ ထိုတောင်ထိပ်များသည် ချက်ချင်းပင် ရွှံ့ပုံအဖြစ် ပြောင်းလဲသွားပြီး မိုးထိုးနေသည့်တောင်များမှာ ချက်ချင်းပင် ပုတိုသွားသည်။

ဤလျှပ်စီးတန်းများ၏ စွမ်းအားမှာ ရူးလောက်စရာပင်။

ကြိုးကြာသည် ထိုလျှပ်စီးတန်းများကို ထိပ်တိုက်ရင်မဆိုင်ပဲ ဘယ်ညာ ရှောင်တိမ်းလိုက်သည်။

သို့သော် လျှပ်စီးအရေအတွက်မှာ အတော်လေး များလှသည်။ သိမ်းငှက်ကြီးသည် သူ့ခန္ဓာကိုယ်ထဲမှ သန့်စင်သည့်စွမ်းအင်များ အသုံးပြုကာ တစ်နည်းနည်းဖြင့် လျှပ်စီးများ ဖန်တီးနေသည်။

နှုတ်သီးနှင့်အတူ သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ပြည့်နေပြီဖြစ်သည်။ သူ ဤအကွက်ဖြင့် ရန်သူကို သတ်နိုင်သော်လည်း ဤသည်မှာ အသွားနှစ်ဘက်ပါသည့် ဓားပင်။ သူ ကြိုးကြာကို သတ်နိုင်သော်လည်း သူလည်း များစွာပေးဆပ်ရလိမ့်မည်။

ဝှစ်..

ကြိုးကြာ သူ့အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ ယခုဆိုလျှင် သူသည် ဓားတစ်လက်ပုံစံမဟုတ်တော့။

အစပိုင်းတွင် သူ့အတောင်ပံများမှ ထွက်လာသည့် အလင်းတန်းများကို သေချာမမြင်ရ။ နောက်ပိုင်းတွင် အလင်းတန်းမှာ ပို၍ အင်အားကြီးလာပြီး နောက်ဆုံးတွင်တော့ မုန်တိုင်းထန်သည့်ပင်လယ်ထဲမှ လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်လာသည်။

ကြိုးကြာ သူ့အတောင်ပံများကို ခတ်လိုက်သည်နှင့် အလင်းလှိုင်းများမှာ အလင်းပြင်တစ်ခုအဖြစ် ပြောင်းလဲလာသည်။ ထိုအလင်းပြင်ကို လျှပ်စီးများ ရိုက်ခတ်သည့်အချိန်တွင် လျှပ်စီးထဲမှ စွမ်းအင်များ ပျက်ပြယ်သွားကာ လျှပ်စီးလည်း ပျံပျက်ပြီးလေထဲ ပျောက်ကွယ်သွားသည်။

လူများ အံ့အားသင့်သွားရသည်။

“‘ကြိုးကြာတောင်ပံဖြန့်ခြင်း’က ဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့ မထင်ထားဘူး..” ရှေးဟောင်းသိုင်းပညာ ကျွမ်းကျင်သည့် ကျွမ်းကျင်သူတစ်ဦးမှ ပြောလိုက်သည်။
[AN: ကြိုးကြာတောင်ပံဖြန့်ခြင်း = ထိုက်ချရဲ့ ပထဆုံးအကွက်]

ပို၍အရေးကြီးသည်မှာ ဤလူပြောသည့်စကားများကို သတင်းကွန်ယက်များ၌ တိုက်ရိုက်လွင့်နေခြင်းပင်။

လူများမှာ ဆွံ့အသွားရသည်။ ဒါက ‘ကြိုးကြာတောင်ပံဖြန့်ခြင်း’ လို့ ခေါ်တာလား .. ဒါပေမဲ့ ရှေးဟောင်းသိုင်းပညာက ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ..

ဤ’ကြိုးကြာတောင်ပံဖြန့်ခြင်း’ဟူသည့် စကားလုံး၏ မူလဇစ်မြစ်ကို နားလည်သည့်သူများရှိသော်လည်း နိုင်ငံခြားမှ လူများအတွက်တော့ ဤသည်မှာ အဓိပ္ပာယ်မရှိသည့် ဗလုံးဗထွေးစကားလုံးများသာ ဖြစ်နေသည်။

သိမ်းငှက်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်းနဲ့ငါ နှစ်ယောက်လုံးက သန္ဓေပြောင်းငှက်တွေပဲ .. ငါတို့ ဘုံရန်သူကို တိုက်ခိုက်ရမယ့်အစား မင်းက ငါ့ကို လာတိုက်နေတယ် .. မင်း တစ်ခြားဘုရင်တွေ ဒေါသထွက်သွားမှာ မကြောက်ဘူးလား..” သိမ်းငှက်သည် ကြမ်းတမ်းသည့် ကိုယ်နေဟန်ထားရှိသော်လည်း စိတ်နုလှသည်။ သူ ထပ်တောင့်မခံနိုင်တော့သည်ကို သိသည်နှင့် သူ ကြိုးကြာကို စွပ်စွဲလာသည်။

“ခင်ဗျားက ပျော့ညံ့တဲ့ကောင်ပဲ .. ခင်ဗျားနဲ့ အဲဒီဝံပုလွေက တစ်ယောက်ယောက်အတွက် အလုပ်လုပ်နေတယ်ဆိုတာ ကျုပ်သိတယ် .. သူတို့တွေက ခင်ဗျားတို့ကို အကျိုးအမြတ်တွေ ပေးမယ်လို့ ကတိပေးထားတာလေ .. ကျုပ်ပြောလိုက်မယ် .. ခင်ဗျား အဲဒီအကျိုးအမြတ်တွေ ရမှာမဟုတ်ဘူး..”

ကြိုးကြာ သစ်ပင်ထက်၌ နားလိုက်သည်။ ထိုသို့နားလိုက်သည်နှင့် ငှက်သည် အခြားနတ်ဘုရားများကဲ့သို့ နူးညံ့သိမ်မွေ့လာသည်။

“မင်း..” သိမ်းငှက်တစ်ခုခု ပြောလိုက်ချင်သော်လည်း သူ ကြောက်လာသည်။ ကြိုးကြာကြီး နူးညံ့နေသည်ဆိုသည်မှာ သူ အသေသတ်တော့မည့် လက္ခဏာပင်။

ဖူး..

ကြိုးကြာကြီး ထပ်မံလှုပ်ရှားလာသည်။ ယခုတစ်ခေါက်တွင် သူသည် အတောင်ပံများကို လှုပ်ခတ်လိုက်ပြီး လေထဲသို့ တက်သွားသည်။ သူ ဓားပုံစံမသုံးတော့။

သူ့အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် အတောင်ပံတစ်ဖက်မှ အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။ ထိုအလွှာမှာ အလွန်ထက်ရှလှသည်ပင်။

သိမ်းငှက်လည်ပင်းကို ထိုအလွှာ ဖြတ်သွားသည်နှင့် သွေးများ ပန်းထွက်လာပြီး ထိတ်လန့်အံ့အားသင့်နေသည့် သိမ်းငှက်ခေါင်းမှာ အောက်ဘက်ရှိ တောင်ကြားထဲသို့ ပြုတ်ကျသွားသည်။

ဝုန်း..

ခဏကြာပြီးနောက် မီတာ၆၀ ရှိသည့် ခေါင်းမပါသည့် ငှက်ကိုယ်လည်း ခေါင်းနောက် လိုက်လာလေသည်။

ကြိုးကြာဖြူသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အဲ့မင်တောင်အတွင်းနက်ပိုင်းသို့ ဦးတည်သွားသည်။ ခဏကြာပြီးနောက် ထိုအလင်းတန်းမှာ တောအုပ်ထဲမှ ပျောက်ကွယ်သွားသည်။

လူများမှာ ဘာပြောရမှန်းမသိအောင်ပင် အံ့အားသင့်သွားရသည်။

မိနစ်အတော်ကြာမှသာ လူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

တိုက်ခိုက်သည့်မြင်ကွင်းအား ကြည့်လိုက်ရသည့်သူမှန်သမျှ မထိတ်လန့်၊ မအံ့ဩသည့်သူမရှိ။

“ဘုရားရေး .. ဓားသခင် တကယ်ရှိနေတယ် .. ပြီးတော့ အဲဒါက ကြိုးကြာကြီး..” နိုင်ငံခြား၌ နေသည့်သူများမှာ အံ့အားသင့်နေကြရသည်။

တိုင်းပြည်ထဲမှ လူများလည်း ထို့အတူပင်။

ယခုအချိန်တွင် လူမပြောနှင့် သားရဲဘုရင်များပင် ဤကြိုးကြာနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ပင်။

အင်တာနက်မှာ ပွက်ပွက်ဆူသည့် ရေနွေးအိုးကဲ့သို့ ဖြစ်နေလေပြီ။

“ကြိုးကြာက ဖျာတစ်ချပ်လိုမျိုး သူ့ရန်သူကို ရှင်းပစ်လိုက်တာ .. သူ့သတ်ပုံသတ်နည်းတွေက မြန်ဆန်ပြီး သန့်ရှင်းတယ် .. ဒီစစ်နတ်ဘုရားက တွန့်ဆုတ်မှုမရှိပဲ ရန်သူကို ရှင်းပစ်ခဲ့တာ.. ကြိုးကြာက ပြိုင်ဘက်ကင်းပဲ..”

“နောက်ဆုံးတော့ ငါတို့ဘက် ရှိနေပေးမယ့်သူ ရှိလာပြီ .. ငါ စီချွမ်မှာ သွားနေတော့မယ် .. အဲဒီကြိုးကြာက ငါတို့ကို အလုံခြုံဆုံး နေရာပေးနိုင်မှာပဲ .. ဘယ်သူ ငါနဲ့လိုက်မလဲ..”

သေချာပါသည်။ ဤအတွေးကို လူများစွာ တွေးနေကြသည်ပင်။

“မြန်မြန် .. သိမ်းငှက်အလောင်းကို မြန်မြန်သွားရှာပြီး ယူလာခဲ့ .. တစ်ခြားသားကောင်တွေ အဲဒီအလောင်းကို မဖျက်ဆီးစေနဲ့ .. အဲဒီငှက်သွေးနဲ့ အသွေးအသားက ငါတို့အတွက် အဖိုးမဖြတ်နိုင်ဘူး .. ငါတို့အတွက် အရမ်းအသုံးဝင်လာလိမ့်မယ်..”

စစ်တပ်မှလူများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ ဗိုလ်မှူးတစ်ဲဦးသည် သိမ်းငှက်အလောင်းကို တတ်နိုင်သမျှ မြန်မြန်ယူလာရန် အမိန့်ပေးလိုက်သည်။

ထိုနေ့တွင် တစ်လောကလုံး ဤကြိုးကြာအကြောင်းကို တက်ကြွစွာ ဆွေးနွေးနေကြသည်။ အားလုံးမှာ သူ၏ထူးခြားသည့်စွမ်းအားနှင့် ခွန်အားကို အံ့အားသင့်နေကြသည်ပင်။

နိုင်ငံခြား၌ နေသည့်သူများပင် မနာလိုဖြစ်လာကြလေ၏။ ဤကြိုးကြာသည် သူ့လူများကို ကာကွယ်ပေးတတ်သည့် နတ်ဘုရားပင်။

အနောက်နိုင်ငံ၌ နေသည့် အချို့လူများသည် စီချွမ်သို့ သံတမန်များ စေလွှတ်ကာ ကြိုးကြာ၏အကူအညီကို တောင်းခံခဲ့သည်။

သို့သော် ထိုလူများသည် တိုင်းပြည်ထဲသို့ ဝင်ရန်အတွက် ကျိုကျိုးမှ အရာရှိများ၏ ခွင့်ပြုချက် လိုအပ်မည်ပင်။ မဟုတ်ပါက သူတို့ တရားဝင်မည်မဟုတ်။

သို့သော် တိုင်းပြည်မှ အင်အားကြီးသူများလည်း ဤကြိုးကြာကို အလေးထားကြသည်ပင်။ ဤကြိုးကြာသည် သူတို့ကုမ္ပဏီများအတွက် အင်အားကြီးသည့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်။

လူများမှာ ဤကြိုးကြာအကြောင်း သတင်းစုဆောင်းရင်းဖြင့် အလုပ်များနေကြသည်။ အချို့သတင်းများပင် လူထုကြားသို့ ပျံ့နေပြီဖြစ်သည်။

တိုင်းပြည်မှ အင်အားကြီးအဖွဲ့အစည်းများသည် ယခင်က အဲ့မင်တောင်ပိုင်ဆိုင်နိုင်ရေးအတွက် တိုက်ခိုက်ခဲ့ကြသောကြောင့် သူတို့ ဤငှက်ကို တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။

နောက်ဆုံးတွင် လူထုဖိအားကြောင့် ပရီချင်းသုတေသနကျောင်းနှင့် အခြားကုမ္ပဏီများမှာ လျှို့ဝှက်ချက်အချို့ကို ထုတ်ဖော်လာရသည်။

သမိုင်းတစ်လျှောက်တွင် ဓားသမားများနှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်များစွာ ရှိခဲ့သည်။ ထို့အပြင် တိုင်းပြည်မှ ကုမ္ပဏီများကြောင့် ထိုပုံပြင်များမှာ အချိန်တစ်ခုကြာသည်အထိ နာမည်ကြီးခဲ့သေးသည်။ ထို့ကြောင့် ဗြောင်းဆန်မှုများ စတင်သည်နှင့် ဤကုမ္ပဏီများသည် ချက်ချင်းပင် သူတို့လူများလွှတ်ကာ တန်ဖိုးရှိသည့်အရာများကို ရှာဖွေစေခဲ့သည်။

သို့သော် ဤကုမ္ပဏီများ မတွေးမိသည်မှာ ထိုနေရာတွင် သူတို့ထက်အရင်ရောက်နေသည့်သူများ ရှိနေမည်ကိုပင်။ သားရဲနှင့်ငှက်များမှာ သူတို့ထက်အရင် ရောက်နေလေပြီ။

ကြိုးကြာသည် ဗြောင်းဆန်မှုများ မဖြစ်ခင်ကတည်းက ထိုနေရာ၌ နေနေသည့် နေထိုင်သူ တစ်ဦးပင်။

ဗြောင်းဆန်မှုများ စတင်ကတည်းက ကြိုးကြာသည် ထူးဆန်းသည့်ရှေးသစ်ပင်ကြီးတစ်ပင်၌သာ အမြဲတမ်း စောင့်နေခဲ့သည်။ သူသည် ထိုအပင်အနားမှ ခြေတစ်လှမ်းပင် မခွာခဲ့။

“အဲဒီသစ်ပင်က အဲ့မင်တောင်ထိပ်မှာ ပေါက်နေတာ .. အဲဒီနေရာက တစ်တောင်လုံးက စွမ်းအင်တွေ စုစည်းနေတဲ့နေရာ .. အဲဒီတော့ ငါတို့အတွက်လည်း အဲဒီနေရာက အရမ်းအရေးကြီးခဲ့တယ်..” ပရီချင်းသုတေသနကျောင်းမှ လူများ သက်ပြင်းချလိုက်ကြသည်။

ထိုတောင်ထိပ်မှ ရွှေရောင်မြူများ ထုတ်လွှတ်နေပြီး ထိုမြူသည် တောင်တစ်ခုလုံးသို့ ပျံ့နှံ့နေသည်။

ထိုတောင်ထိပ်၌ ပေါက်နေသည့် ရှေးသစ်ပင်လည်း ထူးခြားလှသည်ပင်။ သူ၏ပန်းပွင့်များမှာ ဓားတစ်လက်ပုံစံ ရှိနေပြီး ထိုပန်းပွင့်ပေါ်သို့ အလင်းကျရောက်သွားသည်နှင့် ဓားသွားကဲ့သို့ တောက်ပလာသည်။ လေတိုက်ခတ်လျှင် ပန်းပွင့်များ လှုပ်ခတ်သွားပြီး သာယာနာပျော်ဖွယ်ကောင်းသည့် စည်းချက်များ ထွက်ပေါ်လာသည်။

အသီးများလည်း ထူးခြားလှသည်။ အပင်တွင် အသီးအနည်းငယ်သာ ရှိသော်လည်း အသီးအားလုံးမှာ လက်မအရွယ်အစားသာရှိပြီး ဓားပုံစံ ဖြစ်နေသည်။

ကြိုးကြာသည် ထိုရှေးဟောင်းသစ်ပင်ကို စောင့်ကြပ်နေခဲ့သည်။ အစပိုင်းတွင် ဤသည်မှာ သူ့အတွက် ခက်ခဲလှသည့် အလုပ်တစ်ခုပင်။ သူ အသတ်ခံရမလိုပင် ဖြစ်သွားခဲ့သည်။

အခြားသန္ဓေပြောင်းသားရဲများမှာ သူ့ထက်အားမနည်း။ သူတို့စုပေါင်းတိုက်ခိုက်ကြသည့်အချိန်တွင် ငှက်မှာ မြေပြင်ထက်၌ ရပ်ရုံသာ ရပ်နိုင်တော့သည်။ သားရဲများသည် သူ့အတောင်ပံများကို ကိုက်ဖြတ်လာကြပြီး ငှက်များလည်း သူတို့ခြေသည်းများဖြင့် ကုတ်ခြစ်လာကြသည်။

“ဒါပေမဲ့ နောက်ဆုံးတော့ သူ အဲဒီသားရဲတွေအားလုံးကို ရှင်းနိုင်ခဲ့တယ်..”

သူ အနိုင်ယူနိုင်ခဲ့သည့် အကြောင်းရင်းတစ်ခုသာ ရှိသည်။ သူတို့ တိုက်ခိုက်နေကြစဉ်အတွင်း တောင်ထိပ်၌ ဘုရားကျောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုဘုရားကျောင်းထဲတွင် ဗုဒ္ဓဓာတ်တော်မွေတော်များ ရှိနေသည်။ ထိုဘုရားကျောင်းမှ အလင်းတန်းများ ထုတ်လွှတ်ကာ သစ်ပင်နှင့်အတူ ကြိုးကြာကို ကာကွယ်ပေးလာသည်။

ထို့နောက် ကြိုးကြာမှာ ပို၍ ပို၍ စွမ်းအားကြီးလာသည်။ ငှက်ကြီးသည် မြေအောက်ဘုရားကျောင်းထံမှ အသက်ရှူစည်းချက်ပုံစံ တစ်မျိုးမျိုးရခဲ့သည့်ပုံပင်။

“တကယ်လား..”

ကုမ္ပဏီကြီးများမှ ဤအကြောင်း ပြောလာသည့်အချိန်တွင် အားလုံး အံ့အားသင့်သွားရသည်။

ယခင်က ထိုကုမ္ပဏီကြီးများ တိုက်ခိုက်ကြစဉ်က တောင်ထိပ်၌ ရွှေရောင်တောက်ပနေသည်ကို တွေ့လိုက်ရသည်။ မြူများ လွင့်ပါးသွားသည့်အချိန်တွင် ထိုနေရာ၌ ကြာပန်းနှင့် အခြား ထူးဆန်းသည့်အပင်များ ပေါက်နေသည်ကို သူတို့တွေ့လိုက်ရသည်။ ဤအပင်အားလုံးမှာ ထိုရှေးသစ်ပင်ပတ်လည်၌ ပေါက်နေကြခြင်းပင်။

ထိုသစ်ပင်၏ ပန်းပွင့်နှင့် အသီးများမှာ ဓားတစ်လက်နှင့် တူသောကြောင့် သူတို့ ‘ဓားသစ်ပင်’ဟု ခေါ်လိုက်ကြသည်။

အစပိုင်းတွင် လူများသည် အဲ့မင်တောင်မှ ထွက်ခွာရန် တွန့်ဆုတ်နေခဲ့ကြသည်။ သို့သော် ချင်းချွမ်တောင်မှ သတင်းတစ်ခုရောက်လာသည့်အချိန်တွင်တော့ သူတို့ ထိတ်လန့်သွားခဲ့ကြရသည်။

ချင်းချွမ်တောင်မှ သန္ဓေပြောင်းမှုများမှာ ပို၍ပင် ကြောက်စရာကောင်းနေသည်။ တောင်တစ်ခုလုံးကို ရွှေရောင်မြူများ အုံ့ဆိုင်းနေပြီး ပို၍အရေးကြီးသည်မှာ ထိုနေရာ၌လည်း ‘ဓားသစ်ပင်’ ရှိနေသည်။ ထိုသစ်ပင်ကိုလည်း ကြိုးကြာတစ်ကောင် စောင့်ကြပ်နေသည်။

လူများအား ပို၍ ထိတ်လန့်သွားစေသည်မှာ ထိုကြိုးကြာနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် သိနေကြသည်။ သူတို့သည် ယခင်က သွေးသောက်ညီအစ်ကိုများပင် ဖြစ်ခဲ့ကြလိမ့်မည်ဟု လူအချို့ သံသယဝင်ခဲ့သည်။

နောက်ဆုံးတွင် ထိုကြိုးကြာနှစ်ကောင်သည် သစ်ပင်အား လာလုချင်နေသည့် သားရဲအားလုံးကို တိုက်ခိုက်ခဲ့သည်။ ယခုဆိုလျှင် လူများမှာ ထိုကြိုးကြာများလက်မှ တောင်နှစ်လုံး လုယူရန် မျှော်လင့်ချက်မရှိတော့။ သေချာစဉ်းစားပြီးသည်နှင့် သူတို့ နောက်ပြန်ဆုတ်ရန် သဘောတူလိုက်ကြသည်။

သိမ်းငှက်သေသွားပြီးနောက် ကြိုးကြာနှစ်ကောင် အတူထွက်လာကာ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ သူတို့သည် ဓားတောင်ကျောင်းဟု ခေါ်သည့် ဂိုဏ်းတစ်ခု တည်ထောင်မည်ဖြစ်ကြောင်း ကြေငြာလာသည်။

ဤသည်မှာ သူတို့ ထူးခြားသည် အသက်ရှူစည်းချက်တစ်မျိုးအား ကျွမ်းကျင်နေပြီဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင်။ ထို့နောက် ဓားတောင်ကျောင်းသည် လူများ ဂိုဏ်းထဲသို့ ဝင်လာကာ ဂိုဏ်းတပည့်ဖြစ်လာရန် ဖွင့်ပေးလာသည်။

ဤသည်မှာ တိုင်းပြည်မှ လူများကို အတော်လေး လှုပ်ခတ်သွားစေခဲ့သည်။

သာ့လင်ကျောင်းပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်မဟုတ်သည့် ဒုတိယမြောက်ကျောင်းပင်။

“စီချွမ် သွားကြစို့ .. အဲဒီနေရာက အလုံခြုံဆုံးပဲ..”

“ဟုတ်တယ် .. ငါလည်း သွားချင်တယ် … ငါ ဓားသမားတစ်ယောက် ဖြစ်ချင်တယ်..”

လူများစွာမှာ အထုပ်အပိုးများ စတင်ထုတ်ပိုးကာ ခရီးထွက်ရန် ပြင်နေကြတော့သည်။

ဖြစ်ပျက်သမျှ ကိစ္စအားလုံးကို ချူဖုန်း အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သူလည်း ဆွဲဆောင်ခံလိုက်ရသည်ပင်။ သူလည်း အဲ့မင်တောင်သို့ သွားချင်လာသည်။

“ဖုန်း .. မနက်ဖြန်ကျရင် အဖေတို့ လူတစ်ချို့နဲ့ တွေ့ရမယ်..” မနက်ဖြန်ကျလျှင် သက်ဆိုင်ရာဌာနမှ သူ့အား လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ချူကျင်းယွမ် ပြောလာသည်။

“ကျွန်တော် အခု အဲ့မင်တောင် သွားချင်နေတယ်..” ချူဖုန်း ပြောလိုက်သည်။

“မင်း အဲဒီသစ်ပင်တွေကို စိတ်ဝင်စားနေတာမလား..” ချူကျင်းယွမ် ရယ်မောလိုက်သည်။ “အဝေးကဟာကို မျှော်ကြည့်မနေနဲ့ .. ကိုယ့်အနီးနားမှာရှိတာကို အရင်လုပ်ရအောင်..”

သူသာ စစ်တပ်ထဲ ဝင်နိုင်သည်နှင့် ထိုနေရာသို့ သွားလျှင် သွားရနိုင်ကြောင်း ချူကျင်းယွမ် ပြောလာသည်။

“အဲဒီသန္ဓေပြောင်းတွေ ဘာလို့ သူများထက် စွမ်းအားကြီးနေလဲဆိုတာ သားသိလား .. သူတို့တွေက ဘယ်သူမှ မလှုပ်ရှားခင် အရင်လှုပ်ရှားလို့ပဲ .. သူတို့တွေက အားလုံးထက်အရင် နာမည်ကြီးတောင်တွေကိုသွားပြီး ထူးဆန်းတဲ့အပင်တွေ သွားရှာတယ် .. သားလိုအပ်တာက တစ်ခြားသူတွေ တိုက်ခိုက်ပြီး၊ စားပြီးတဲ့ အကြွင်းအကျန်မဟုတ်ဘူး .. သားလိုအပ်တာက ဒီလိုရှေးနယ်မြေမျိုးပဲ .. သားစဉ်းစားကြည့် … သမိုင်းတစ်လျှောက်ကလူတွေက ဒီလိုနေရာမျိုးကို သွားပြီးဝတ်ပြုနေရင် အဲဒီနေရာက သာမန်နေရာဖြစ်လိမ့်မယ်လို့ ထင်လား .. လူတွေက ကောင်းကင်ဘုံကို ဆုတောင်းဖို့အတွက် အဲဒီလိုရှေးဟောင်းနေရာတွေကို သွားကြတာ .. အဲဒီတော့ တစ်နေရာရာမှာ မြင့်မြတ်တဲ့အပင်တွေက ပေါက်မယ်ဆိုရင် အဲဒီနေရာပဲ ဖြစ်လိမ့်မယ်..”

“ပြီးတော့ အထက်လူကြီးတွေပြောတာ သူတို့တွေက အားလုံးကို ကျော်လွှားနိုင်တဲ့ ဆရာသခင်တစ်ယောက်ကို ပျိုးထောင်ဖို့ အစီအစဉ်ရှိတယ်တဲ့..”

“လူသားတွေကို လက်ဆင့်ကမ်းလို့ရတဲ့ အမွေအနှစ်တစ်ခုခု ရှိရင် ရှိနေနိုင်တယ်..”

အပိုင်း ၉၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset