ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၁ – အဲ့မင်တောင်မှ ဓားသမား
ညနေပိုင်း၌ သတင်းထွက်လာပြီး တစ်လောကလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
ကောင်းကင်ထက်၌ မှိုပုံစံ တိမ်တိုက်ထွက်ပေါ်လာသည်နှင့် ယွင်နန်-ကွေ့ကျိုး ကုန်းပြင်မြင့်အတွင်းနက်ပိုင်းမှ ဝံပုလွေအူသံ ထွက်ပေါ်လာသည်။ ထိုအူသံမှာ တောင်များ လှုပ်ခါသွားစေကာ မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
ရုတ်တရက် တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
စစ်တပ်ကြီးမှ ဝံပုလွေကြီးကို ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ရှာတွေ့သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြသည်။ မည်သူမှ ဤလက်နက်ကို မမြင်ဖူးခဲ့ကြ။
ဒီဝံပုလွေကြီးက နတ်ဘုရားလိုမျိုး အသိစိတ်ရှိပြီး အန္တရာယ်တွေကို ကြိုရှောင်နိုင်တယ်မလား .. သူ သေသွားပြီလား..
အားလုံး သူတို့ဖုန်းကို စိုက်ကြည့်ပြီး သတင်းစောင့်ဆိုင်းနေကြသည်။
“ဝံပုလွေကို သတ်ပစ် .. သူ့ကို သတ်ပြီး လက်စားချေလိုက်..” လူများ စိတ်ထဲမှ ဆုတောင်းလာကြသည်။
“အဲဒီကောင် သေကိုသေရမယ် .. အဲဒီမြို့က လူပေါင်း ၇ သိန်းအတွက် လက်စားချေလိုက်..” အားလုံးမှာ ထိုဝံပုလွေကြီး သေသွားရန် ဆုတောင်းနေကြသည်ပင်။
အနောက်နိုင်ငံမှ လူများလည်း ထိတ်လန့်သွားကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့ ယုံလည်း မယုံကြည်။ အရှေ့တိုင်းက လူတွေက ဝံပုလွေလိုမျိုး အရှောင်အပုန်းကောင်းတဲ့ကောင်ကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ .. ဒီလိုသက်ရှိမျိုးကို သတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား .. နဂါးနက်ကြီး သောင်းကျန်းစဉ်ကပင်လျှင် အစိုးရနှင့်စစ်တပ်မှာ ဘာမှမလုပ်နိုင်ခဲ့ကြ။
ကြိုသိစိတ်..
ဤသည်မှာ ကြောက်စရာကောင်းသည့် စွမ်းရည်တစ်ခုပင်။ သားရဲဘုရင်များ ထိုစွမ်းရည်ကို ပိုင်ဆိုင်လိုက်သည်နှင့် အတိကျဆုံး၊ ကြောက်စရာအကောင်းဆုံး လက်နက်များပင် ထိုသားရဲများကို ဘာမှလုပ်နိုင်မည်မဟုတ်။
“အား .. မဟုတ်ဘူး..” ရုတ်တရက် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ဖုန်းမျက်နှာပြင်ထက်မှ ပုံရိပ် ရုတ်တရက် ပြောင်းသွားခဲ့သည်ပင်။ ကင်မရာနှင့် မိုင်ပေါင်း ရာပေါင်းများစွာ ဝေးသည့်နေရာမှပြေးလာနေသည့် ဝံပုလွေတစ်ကောင်ကို အားလုံး မြင်လိုက်ရသည်ပင်။ ဝံပုလွေသည် ဝရုန်းသုန်းကား ပြေးလာသော်လည်း သူ့ခန္ဓာကိုယ်မှာ အကောင်းအတိုင်း ရှိနေဆဲပင်။
“ဘုရားရေ .. ငါတို့ထင်ထားတဲ့အတိုင်းပဲ .. ဒုံးချည်က ဝံပုလွေကို မထိလိုက်ဘူး .. သူက ပေါက်ကွဲမှုအလယ်မှာ ရှိနေတာမဟုတ်ဘူး..”
ဤသတင်းမှာ ပျော်ရွှင်နေသည့်လူထုအား ရိုက်ချပစ်လိုက်သည်ပင်။
“ဘာလို့လဲ..” အားလုံး မျက်နှာ ဖြူဖျော့သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်သာ လွှတ်သွားလျှင် နောင်ကျ သူ လက်စားပြန်ချေလာနိုင်သည်။ ထိုအချိန်ကလျှင် လူဘယ်နှယောက် ထပ်သေမည်ကို ဘုရားသာ သိလိမ့်မည်။
“စစ်တပ်က ဘာကိုစောင့်နေတာလဲ .. အဲဒီနေရာကို နျူကလီးယားနဲ့ ထပ်ပစ်လေ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သူတို့ ဤကဲ့သို့သော ရလဒ်ကို လက်မခံနိုင်။
သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ သူတို့အော်ပရေးရှင်း ကျဆုံးသွားကြောင်း သိလိုက်ရသည့်အချိန်တွင် ဝံပုလွေမှာ ရှေးဟောင်းတောင်အတွင်းနက်ပိုင်းသို့ ထွက်ပြေးသွားပြီဖြစ်သည်။ ထိုတောအုပ်အနောက်ဘက်တွင် သစ်တောများ ထူထပ်လှပြီး မြူများလည်း သာမန်လူသားမျက်လုံးဖြင့် မမြင်နိုင်လောက်အောင် သိပ်သည်းနေသည်။
ထို့အပြင် ဝံပုလွေပြေးသွားသည်မှာ မြန်လွန်းလှသည်ပင်။
“မဟုတ်ဘူး..” လူအချို့မှာ ဤအမှန်တရားကို လက်မခံနိုင်သေး။
“ဖူး..”
အချို့လူများမှာ ဒေါသထွက်လွန်းသောကြောင့် သွေးပင် အန်လာသည်။
ဤဝံပုလွေကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသော်လည်း ဝံပုလွေကတော့ လွတ်သွားလေပြီ။ မည်သူက ဝမ်းမနည်းပဲ နေမည်နည်း..
“ဝမ်းနည်းစရာပဲ..”
အနောက်နိုင်ငံများတွင် နေထိုင်သည့်သူများလည်း သက်ပြင်းချလိုက်ကြသည်။ သူတို့ အောင်မြင်ရန် ဆံချည်တစ်မျှင်စာသာ လိုတော့သည်ပင်။
ဝုန်း..
တစ်ခဏကြာပြီးနောက် ကုန်းပြင်မြင့် အထက် ကောင်းကင်၌ မှိုပုံစံတိမ်တိုက်တစ်ခု တစ်ခု ထပ်ပေါ်လာသည်။ ထို့နောက် ထိုရှေးဟောင်းတောင်အထက်တွင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေသည်။
“ဘာကြီးလဲ..”
တစ်ကမ္ဘာလုံးမှ လူများ အံ့အားသင့်သွားရသည်။
စစ်တပ်ကြီးက ဝံပုလွေ နေရာကို သိသွားပြီလား..
“သူတို့တွေက ဝံပုလွေကြီးရဲ့ နတ်ဘုရားလိုသိစိတ်ကို ကျော်လွှားနိုင်ပြီးတော့ ဒုံးချည်တစ်ခုနဲ့ သတ်လိုက်နိုင်တာလား..” အနောက်နိုင်ငံမှလူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ယခုအချိန်တွင် အင်တာနက်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပွက်ပွက်ညံနေလေပြီ။
ဤဒုတိယနျူးကလီးယားဗုံးသာ ဘာမှမလုပ်နိုင်လျှင် သူတို့ ဤဝံပုလွေကို တားဆီးရန် ဘာမှမလုပ်နိုင်တော့။
သို့သော် တင်ပြချက်များအရဆိုလျှင်တော့ ဝံပုလွေသည် ဤနျူးကလီးယားဗုံး၏ စက်ကွင်းအတွင်း၌ ရှိနေခဲ့သည်ပင်။ ဝံပုလွေကြီး မည်မျှပင်စွမ်းအားကြီးနေပါစေ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် ကြောက်စရာကောင်းသည့်အပူချိန်ကိုတော့ ရှောင်လွဲနိုင်မည်မဟုတ်။ သူသည် ပြာပုံဖြစ်သွားလောက်လေပြီ။
“တော်သေးတာပေါ့ .. နောက်ဆုံးတော့ ငါတို့ ဝံပုလွေကို သတ်လိုက်နိုင်ပြီ..”
“ကောင်းလိုက်တဲ့ပစ်ချက်.. ဒီခွေးကောင်ကြီးနောက်ဆုံးတော့ အဆုံးသတ်သွားပြီ.. ဝံပုလွေရဲ့ ရက်စက်မှုကြောင့် သေဆုံးသွားတဲ့လူတွေ အေးချမ်းစွာ အနားယူလို့ရပြီ..”
နိုင်ငံတစ်ဝှမ်းမှလူများ စိတ်လှုပ်ရှားနေကြရသည်။ ဤသည်မှာ အားလုံး မျှော်လင့်နေသည့် ရလဒ်ပင်။ နောက်ဆုံးတော့ ဝံပုလွေကြီး သေဆုံးသွားလေပြီ။
နိုင်ငံခြား၌ နေထိုင်သည့်သူများလည်း စိတ်လှုပ်ရှားနေကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့အတွက်လည်း သတင်းကောင်းပင်။ ဤသည်မှာ လူသားများသည် ထိုသားရဲများထက် သာလွန်ကြောင်း ပြသလိုက်ခြင်းပင်။
“ဝံပုလွေရဲ့ နတ်ဘုရားလိုအသိစိတ်ကို သူတို့ဘယ်လို ကိုင်တွယ်လိုက်တာလဲ..” နိုင်ငံခြားမှ လူများမှာ အလွန်သိချင်နေကြလေပြီ။
“အဲဒီနေရာကို သေချာရှာပေမယ့် သက်ရှိလက္ခဏာ မတွေ့ရတော့ဘူး .. ဝံပုလွေရဲ့ သေဆုံးမှုကို အတည်ပြုနိုင်ပြီ .. ငါတို့ မစ်ရှင် အောင်မြင်သွားပြီ..” စစ်တပ်မှ အချိန်မှီ သတင်းတင်ပြလာသည်။
သတင်းကြည့်နေသည့်သူများမှာ လမ်းမထက်၌ အော်ဟစ်ကြွေးကြော်လာပြီး အောင်ပွဲခံလာကြသည်။
ယနေ့ညတော့ မည်သူမှ အိပ်ပျော်နိုင်မည်မဟုတ်တော့။
ရွှမ်းထျန်မြို့သို့ ဦးတည်လာနေသည့် သားရဲများလည်း နောက်ပြန်ဆုတ်သွားကြလေပြီ။
နောက်တစ်နေ့တွင် ဝံပုလွေကြီး သေဆုံးသည့်သတင်းသည် တစ်ကမ္ဘာလုံးရှိ သတင်းစာများ၏ ခေါင်းစည်းသတင်း ဖြစ်လာသည်။
ဤတိုက်ပွဲ၏ အကျိုးသက်ရောက်မှုမှာ ကြီးမားလှသည်ပင်။ ထိုနေ့တွင် နာမည်ကြီးတောင်များကို လုယူသည့်တိုက်ပွဲများ တစ်ခဏ ရပ်တန့်သွားသည်။ တိုက်ပွဲများမှာ ယခင်ကလောက် မကြမ်းတမ်းတော့။
ထို့နောက် သားရဲဘုရင်များလည်း ပါးစပ်ဟလာကြသည်။
စုန့်တောင်မှာ သာ့လင်ကျောင်း..
ထိုလူဝံကြီး၏အသံကို မိုင်ပေါင်းရာပေါင်းများစွာမှပင် ကြားနိုင်သည်။ လူဝံကြီးသည် သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပင် ပြောလာသည်။ မြို့၌ နေထိုင်သည့်ပြည်သူများကို သတ်သည့်အကြံအစည်ကို သူဆန့်ကျင်ကြောင်း၊ မျိုးစိတ်အားလုံး တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ ယှဉ်တွဲနေထိုင်သင့်ကြောင်း၊ အချင်းချင်း ယှဉ်ပြိုင်သတ်စရာမလိုကြောင်း ပြောလာလေသည်။
ထို့အပြင် သူသည် မျိုးစိတ်အားလုံး၏ ခေါင်းဆောင်များကို ခေါ်ယူကာ စိတ်လိုက်မာန်ပါမလုပ်ရန် ပြောလာလေသည်။ လူသားနှင့် သားရဲများ အေးဆေးဆွေးနွေးသင့်သည်ပင်။
လူဝံကြီး၏ လုပ်ရပ်ကြောင့် အားလုံး ထိတ်လန့်သွားရသည်။ ဝံပုလွေကို သတ်ရာ၌ ဤလူဝံကြီးစစ်တပ်ကြီး ကူညီပေးခဲ့သေးသလားဟု အချို့လူများ မေးခွန်းထုတ်လာကြသည်။
မဟုတ်ပါက ဝံပုလွေသည် ဘယ်လိုလုပ် သူ့ထံသို့ ဦးတည်လာနေသည့် ဒုံးကျည်ကို မခံစားမိပဲ နေမည်နည်း.. အခြားသားရဲဘုရင်များမှ လွဲလျှင် ဝံပုလွေ၏အားနည်းချက်ကို မည်သူက သိမည်နည်း..
ခဏကြာပြီးနောက် တိုင်းဟန်တောင်မှ မြွေဖြူလည်း ထွက်လာလေသည်။ မြွေကြီးမှာ ယခင်ကဲ့သို့ မောက်မာနေဆဲပင်။ ဝံပုလွေသေရခြင်းမှာ သူ အားနည်းလွန်းသောကြောင့် ပြောလာသည်။
သားရဲဘုရင်များဟု သတ်မှတ်ထားသည့်သူများမှာ စူးရှထက်မြက်သည့်သိစိတ်ရှိရမည်ပင်။ ဘုရင်အစစ်မှာ ဒုံးကျည်မပစ်ခင် တစ်နာရီကတည်းက ဒုံးကျည်၏တည်ရှိမှုကို အာရုံခံနိုင်ရမည်ပင်။
မြွေဖြူ၏စကားများမှာ အတော်လေး ရိုက်ခတ်သွားခဲ့သည်။ ‘သားရဲဘုရင်တွေက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးလာတာလဲ’ လူများ စတင်မေးခွန်းထုတ်လာကြသည်။
မြွေဖြူပြောသည့်အတိုင်းဆိုလျှင် ဝံပုလွေသည် သားရဲများထဲ၌ အားအနည်းဆုံးဘုရင်တစ်ဦးသာ။
“နွားဝါလေး .. ငါတို့ခေါင်းဆောင်နက်ကို ဖုန်းပေးလိုက်စမ်းပါ .. ငါ သူ့အကြံလိုနေလို့” ချူဖုန်း ဖုန်းထဲ အော်ဟစ်လိုက်သည်။ မြွေဖြူပြောလိုက်သည့်စကားများ မှန်မမှန်ကို သူသိချင်သည်။
“ထွက်သွားစမ်း .. ငါအလုပ်များနေတယ်..” ဖုန်းကို သူ့လက်ထဲ ထည့်ပေးလိုက်သည့်အချိန် နွားနက်ကြီး အော်ဟစ်လာသည်။
“ဟေး ခေါင်းဆောင်နက် .. ဘာတွေအလုပ်များနေတာလဲ..” ချူဖုန်း မေးလိုက်သည်။
“လူငယ်လေး ငါမင်းကို သတိပေးလိုက်မယ် .. ငါ့ကို အဲဒီ ‘ခေါင်းဆောင်နက်’ လို့ လာမခေါ်နဲ့ .. မဟုတ်လို့ကတော့ ငါရွှမ်းထျန် ရောက်တာနဲ့ မင်းဖင်ကို လာကန်မှာ..” ချူဖုန်း သူ့အား ခေါ်သည့် အသုံးအနှုန်းကို နွားနက်ကြီး မပျော်မရွှင်ဖြစ်နေလေသည်။
ချူဖုန်း ကသိကအောင့် ရယ်မောလိုက်ပြီးနောက် “ထားလိုက်ပါ .. ခင်ဗျားက တကယ်ပဲ ဘာတွေ လုပ်နေတာလဲ နွားနတ်ဆိုး..” ချူဖုန်း မေးလိုက်သည်။
“နျူးကလီးယားလက်နက်တွေ လေ့လာနေတာ..” နွားနတ်ဆိုး စိတ်မရှည်လက်မရှည် ပြန်ဖြေလာသည်။
ချူဖုန်း ဆွံ့အသွားရ၏။ ဒီနွားကြီးက ဘာလုပ်နေတာလဲ .. သူ ဘာလိုချင်တာလဲ .. သူက သူကိုယ်တိုင် သိပ္ပံနည်းကျရှာဖွေဖော်ထုတ်မှုတွေ လုပ်ချင်နေတာလား..
ခဏကြာပြီးနောက် သူနားလည်သွားသည်။ ဝံပုလွေ အသတ်ခံလိုက်ရခြင်းမှာ တောရိုင်းများထဲ၌ နေထိုင်သည့် သားရဲများကို ခြိမ်းခြောက်နိုင်ခဲ့သည်ပင်။ ထိုသားရဲများထဲတွင် နွားနက်ကြီးလည်း တစ်ဦးအပါအဝင်ပင်။ နျူးကလီးယားလက်နက်၏ စွမ်းအားကို သူ ထိတ်လန့်သွားသောကြောင့် ဤစွမ်းအားကြီးသည့်လက်နက်ကို သူကိုယ်တိုင် လေ့လာချင်နေသည်။
“အဲဒီတော့ ဝံပုလွေကို သတ်လိုက်တာက တိရစ္ဆာန်တွေကို ခြိမ်းခြောက်နိုင်ခဲ့တာပေါ့ .. သန္ဓေပြောင်းသားရဲတွေတောင် နျူးကလီးယားလက်နက်ကို ကြောက်နေကြပြီ..” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
စုန့်တောင်မှ လူဝံအိုကြီးသည် လူကောင်းပုံစံလုပ်ကာ သားရဲအားလုံးကို နားချခဲ့သည်။ တိုင်းဟန်တောင်မှ မြွေဖြူကတော့ ဗီလိန်လုပ်ခဲ့သည်ပင်။
“အခု ငါတို့ အဲဒီသားရဲတွေကို ခြောက်လိုက်နိုင်ပြီ..” လူများစွာ ယူဆလိုက်ကြသည်။
သို့သော် အမှန်တရားမှာ လူထုယုံကြည်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဝံပုလွေအသတ်ခံလိုက်ရသည်နှင့် ရွှမ်းထျန်မြို့အပြင်ဘက်၌ ရှိနေသည့် သားရဲနှင့် ငှက်များ နောက်ပြန်ဆုတ်သွားသော်လည်း စီချွမ်မြို့ပြင်ဘက်ရှိ သားရဲအုပ်များကတော့ အရှိန်ကောင်းစွာ ဆက်လာနေဆဲပင်။
ဤသားရဲအုပ်များနောက်၌ တစ်စုံတစ်ယောက် ရှိနေသည်မှာ သေချာသည်။ ဤသည်မှာ နျူးကလီးယားလက်နက်ကို မကြောက်သည့် အခြားဘုရင်တစ်ဦး ဖြစ်လိမ့်မည်ပင်။ ထိုဘုရင်သည် လူသားများကို ရန်လိုနေပြီး တစ်ခုခုလုပ်ချင်နေသည်။
“ဘုရားရေ .. စီချွမ်မှာ သားရဲဘုရင်တစ်ကောင် ထပ်ပေါ်လာပြီ..”
ဤသတင်းမှာ လူများစွာကို ဆွံ့အသွားစေခဲ့သည်။
ထို့နောက် အင်တာနက်တွင် ဤ’ဘုရင်’ အကြောင်းများ ဆက်တိုက်တက်လာပြီး သူ့ပုံများပင် ပေါ်ထွက်လာသည်။
ဤသည်မှာ တစ်ကိုယ်လုံး သတ္တုရောင်တောက်ပနေသည့် သိမ်းငှက်တစ်ကောင်ပင်။ သူ့အတောင်ပံများမှာ ဆယ်မီတာကျော် ရှည်လျားသည်။ သူ လေထဲသို့ တက်သွားသည်နှင့် အောက်ဘက်ရှိ သားရဲနှင့်လူများ ထိတ်လန့်သွားကြရသည်။
သားရဲများနှင့် ငှက်များသည် ဤသိမ်းငှက်ကိုမြင်သည်နှင့် ကြောက်ရွံ့တုန်လှုပ်လာကြလေသည်။ သားရဲတိုင်းသည် မြေပြင်၌ ဝပ်ကာ အရိုအသေပေးလာကြသည်။
“လူသားတွေ .. မင်းတို့ ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ .. ဝံပုလွေက ငါ့သူငယ်ချင်း ဒါပေမဲ့ မင်းတို့ သူ့ကို သတ်လိုက်ပြီ .. သူ့သေဆုံးမှုအတွက် မင်းတို့ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်..”
သိမ်းငှက်ကြီး လူသားဘာသာစကားဖြင့် ပြောလာသည်။ သူ့အသံမှာ ကြားလိုက်ရသည့်သူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။
ဝုန်း..
ထို့နောက် သိမ်းငှက်ကြီး တောင်ကုန်းထိပ်တစ်ခုကို သူ့အတောင်ပံများဖြင့် ခုတ်ချလိုက်သည်ကို လူအချို့ တွေ့လိုက်ရသည်။
ဤဗီဒီယိုကို အင်တာနက်ပေါ်၌ တင်လိုက်သည့်အချိန်တွင် ကြည့်ရှုသူတိုင်း ဦးရေပြာများ ထုံကျဉ်သွားရသည်။
ဤသိမ်းငှက်မှာ ဝံပုလွေထက်ပင် ကြောက်စရာကောင်းသည်ဟု ထင်လာကြသည်။
“ဂြိုလ်တုအဖွဲ့ .. သိမ်းငှက်ကို ချိန် .. ပစ်..” သိမ်းငှက်၏ရန်စမှုမှာ စစ်တပ်မှဗိုလ်မှူးကို ဒေါသထွက်စေခဲ့သည်ပင်။
ဤသိမ်းငှက်မှာ စီချွမ် သားရဲများကို စုစည်းသည့်သူပင်။ ယခုတော့ သူ ထွက်လာရန် ဆုံးဖြတ်လိုက်လေပြီ။
“မင်းတို့လက်နက်တွေက ငါ့ကို ဘာမှမလုပ်နိုင်ဘူး .. ငါ့ကို ပစ်မှတ်ထားနိုင်မှာမဟုတ်ဘူး .. မင်းတို့မယုံရင် စမ်းကြည့်လို့ရပြီ .. ငါနဲ့ ဒီနယ်မြေမှာ နေထိုင်တဲ့သူတွေထဲမှာ ဘယ်သူ အရင်ကျမလဲဆိုတာ ကြည့်ရတာပေါ့..” သိမ်းငှက်ကြီး စစ်ကြေငြာလိုက်သည်။
သူသည် အတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်ထက်၌ ပျံသန်းသွားသည်။ သူ၏အရှိန်မှာ လျင်မြန်လှသည်ပင်။
သူ၏သတ္တုကိုယ်ထည်မှာ ထက်ရှလှပြီး သူ့အတောင်ပံများသည် ဓားတစ်လက်ကဲ့သို့ပင် ဂျက်လေယာဉ်တစ်စီးကို နှစ်ပိုင်းပြတ်အောင် လုပ်လိုက်လေသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။
သိမ်းငှက်ကြီးသည် ဆယ်မီတာကျော်ရှိသောကြောင့် သူ့အရွယ်အစားမှာ လေယာဉ်၏အရွယ်အစားနှင့်အတူတူပင်။ သို့သော် မာကျောမှုနှင့် တောင့်တင်းမှုတွင်တော့ သိမ်းငှက်သည် လေယာဉ်အထက်၌ ရှိနေသည်ပင်။ သူ့ထံ၌ လျှပ်စီးကဲ့သို့သော အရှိန်ရှိနေသည့်အပြင် သူ၏နတ်ဘုရားကဲ့သို့သော သိစိတ်လည်း ရှိနေသောကြောင့် သူ့ကို ဒုံးချည်ဖြင့် ပစ်ခတ်ရန်မှာ မဖြစ်နိုင်လောက်ပင်။
“ငါ မင်းတို့ ပြင်ဆင်ဖို့ အချိန်နည်းနည်းပေးလိုက်မယ် .. အချိန်စေ့သွားရင်တော့ ငါ စီချွမ်က မြို့ဆယ်မြို့မှာ နေတဲ့လူတွေကို အရင်စသတ်မယ်..” သိမ်းငှက်၏အသံမှာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။ သူ ထိုသို့ပြောလိုက်သည်နှင့် လေထဲတွင် သွေးနံ့ပင် ရလာသည်။
ခြိမ်းခြောက်သည့်စကားများ ပြောပြီးသည်နှင့် သိမ်းငှက်ကြီး သူ့ခွန်အားကို ပြသလာသည်။ သူသည် ရှေးဟောင်းတောင်တစ်လုံးဘက်သို့ ပျံသန်းသွားပြီးနောက် သူ့အတောင်ပံများကို လှည့်လိုက်သည်။ ထိုသို့လှည့်လိုက်သည်နှင့် ကြည့်နေကြသည့်သူများ၏ မျက်လုံးများကို ကန်းသွားစေလောက်သည့် သန်းပေါင်းများစွာသော အလင်းတန်းများ ထွက်ပေါ်လာသည်။
ဝုန်း..
ထိုတောင်ကြီးမှာ နှစ်ခြမ်းကွဲသွားလေပြီ။ ဤမြင်ကွင်းကြောင့် တစ်ကမ္ဘာလုံးမှ လူများ အံ့အားသင့်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤအဖြစ်အပျက်အားလုံးကို ဂြိုလ်တုမှ ရိုက်ကူးထားသည်ပင်။
“ဒါက အိပ်မက်မလား .. ငှက်တစ်ကောင်က ဘယ်လိုလုပ် ဒီလောက်တောင် လုပ်နိုင်နေတာလဲ..”
ဤသိမ်းငှက်မှာ ဝံပုလွေထက် အဆပေါင်းများစွာ အားကောင်းနေသည်။ သူတို့ကို ပြဿနာကြီး စောင့်ကြိုနေကြောင်း လူများ သိသွားကြသည်။
ဟယ်လီကော်ပတာများ ဝေဟင်ထက်သို့ တက်လာပြီး သိမ်းငှက်ကို ပစ်မှတ်ထားလာကြသည်။
ခွပ်..
သိမ်းငှက်ကြီးသည် ကောင်းကင်ထက်၌ အရှိန်မြင့်လိုက်ပြီးနောက် သူ့ပါးစပ်ဟလိုက်ကာ အဝေးမှ ဟယ်လီကော်ပတာထံသို့ လျှပ်စီးတန်းတစ်တန်း ပစ်လွှတ်လိုက်သည်။
ဝုန်း..
ဟယ်လီကော်ပတာမှာ ပျက်စီးသွားလေပြီ။
မထင်မှတ်ထားသည့် ဒုံးကျည်တစ်ခု သိမ်းငှက်ကြီးနှင့် လက်မအနည်းငယ်အလိုမှ ဖြတ်သွားသော်လည်း သိမ်းငှက်ကြီးမှာ အလွယ်တကူပင် ရှောင်လိုက်နိုင်လေသည်။
ရုတ်တရက်မြေပြင်ထက်မှ အလင်းတန်းတစ်ခု ပစ်လွှတ်လာသည်။ ဤသည်မှာ သေစေလောက်သည့် လေဆာအလင်းတန်းပင်။
ကံဆိုးစွာဖြင့် ဤငှက်ထံတွင် နတ်ဘုရားကဲ့သို့သော သိစိတ်ရှိနေသောကြောင့် ထိုလေဆာအလင်းတန်းကို အချိန်မှီပင် ရှောင်တိမ်းလိုက်နိုင်သည်။
ထိုအချိန်တွင် သူ ပါးစပ်ဟကာ စူးစူးရှရှအော်ဟစ်လိုက်ပြီး အောက်ဘက်သို့ ထိုးဆင်းသွားလေသည်။ ဝုန်း ဟူသည့်အသံနှင့်အတူ ဒုံးကျည်ပစ်သည့်နေရာမှာ ပျက်စီးသွားလေပြီ။
မြေပြင်ထက်မှ လူများသည် ထိုငှက်ကို ပစ်ချရန် နည်းလမ်းများစွာ ကြိုးစားနေသော်လည်း မည်သည့်နည်းလမ်းမှ မလုပ်မဖြစ်သေး။
“မင်းတို့အတွက် အချိန်သိပ်မကျန်တော့ဘူး .. ငါ့ရဲ့ သတ်ဖြတ်ခြင်းကို စတော့မယ် .. ဒီနေ့ကို မင်းတို့သမိုင်းမှာ အမြဲတမ်း အမှတ်ရနေလိမ့်မယ်..” သိမ်းငှက်၏အသံ လေထဲ ထိုးထွက်လာသည်။
စီချွမ်မှာ အကြောက်တရားတို့ ကြီးစိုးရာ နယ်မြေတစ်ခု ဖြစ်လာသည်။
လူအများစုမှာ မြို့ပြင်ဘက်သို့ ဦးတည်ထွက်ပြေးနေကြလေပြီ။
အဘယ်ကြောင့်ဆိုသော် အစုလိုက်အပြုံလိုက်သတ်ခြင်းကို ဝံပုလွေမှ လုပ်ပြသွားပြီဖြစ်သည်။ ဤသိမ်းငှက်ကဲ့သို့ စွမ်းအားကြီးသည့်သားရဲကြီး သတ်ဖြတ်လျှင် ပို၍ပင် ရက်စက်လိမ့်မည်။
ယခုအချိန်တွင် စီချွမ်စီရင်စုတစ်ခုလုံး အကြောက်တရားများဖြင့် ဖုံးလွှမ်းနေလေပြီ။
အခြားနေရာများ၌ နေထိုင်သည့်သူများလည်း ကျောချမ်းနေကြသည်ပင်။ ဤသိမ်းငှက်ကြီး မည်သည့်အချိန်မှ သူ၏သတ်ဖြတ်ခြင်းအား ရပ်တန့်မလဲ မသိနိုင်။
နိုင်ငံခြားမှ လူများလည်း စိုးရိမ်နေကြရသည်ပင်။ သန္ဓေပြောင်းသားရဲများ အဆင့်တက်သည့်နှုန်းမှာ သူတို့ထင်ထားသည်ထက်ပင် ပိုမြန်နေသည်။ လူသားများ၏ အနာဂတ်မှာ မည်းမှောင်နေလေပြီ။
“စကားမပြောတော့ဘူးလား .. အဲဒါဆိုရင် ဒါကို ကျုပ်အတွက် အဖြေလို့ သတ်မှတ်လိုက်မယ် .. ကောင်းပြီလေ .. ဘယ်သူမှ မဆန့်ကျင်ဘူးဆိုတော့ စလှုပ်ရှားတာပေါ့..” သိမ်းငှက်ကြီး အေးစက်စွာ ပြောလိုက်သည်။
ဖူး..
ထိုအချိန်တွင် အဲ့မင်တောင်ဘက်မှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
အဲဒါက ဘာကြီးလဲ .. အားလုံး ထိတ်လန့်သွားကြရသည်။
ယခုအချိန်တွင် စီချွမ်သည် တစ်လောကလုံး၏ အာရုံစိုက်ရာ ဖြစ်နေသောကြောင့် ဂြိုလ်တုအားလုံးမှာ ဤနယ်မြေကိုသာ ချိန်ထားကြသည်။
“ဘုရားရေ.. ငါ ဘာမြင်လိုက်ရတာလဲ .. အဲဒါ ဓားအလင်းတန်းလား.. ”
“အဲဒီဓားအလင်းတန်းက အဲ့မင်တောင်ကနေ ထွက်လာတာလား..”
လူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
စီချွမ်တွင် ထာဝရဓားသိုင်းသမားများနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။ ထိုနယ်မြေမှ ဓားအလင်းတန်း ထွက်လာသည်နှင့် လူများမှာ ထိုဒဏ္ဍာရီများနှင့် ဆက်စပ်တွေးမိသွားသည်။
ဒဏ္ဍာရီများတွင် အဲ့မင်တောင်နှင့် ချင်းချွမ်တောင်မှာ ဆရာသခင်များ နေကြသည့်နေရာများပင်။
ဖူး..
ထိုဓားအလင်းတန်းမှာ လျင်မြန်ကာ ပြင်းထန်လှသည်။
သိမ်းငှက်ကြီးသည် ထိတ်လန့်သွားကာ မြန်မြန်ဦးတည်ချက် ပြောင်းလိုက်လေသည်။
“ဓားပျံ .. အဲဒါ ဓားပျံပဲ..”
ဖုန်းကြည့်နေကြသည့် သူများအားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ ဤမြင်ကွင်း မြင်လိုက်ရသည်နှင့် သူတို့ အလွန်ပျော်ရွှင်သွားကြရသည်။
ဖူး..
ယခုတစ်ခေါက်တွင်တော့ သိမ်းငှက်ကြီး မရှောင်နိုင်တော့။ သူ၏အတောင်ပံများကို ထိုထူးဆန်းသည့်အလင်းတန်းကြီး ဖြတ်ဖောက်သွားသည်နှင့် သူ့ဒဏ်ရာများမှ ချက်ချင်းပင် သွေးများ ပန်းထွက်လာသည်။
“ဘုရားရေ .. ငှက်အတောင်ပံ ကျိုးသွားပြီ..” နိုင်ငံခြားမှ လူများပင် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
“မှော်ပစ္စည်းတွေ ရှိနေတဲ့ ရှေးဟောင်းတိုင်းပြည်မှာ ဒဏ္ဍာရီလာဓားသိုင်းသမား ရှိနေလိမ့်ဦးမယ်လို့ ငါမထင်ထားဘူး..” အနောက်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများပင် အံ့အားသင့်ကာ ပျော်ရွှင်နေကြလေ၏။
ပြည်တွင်းထဲတွင်တော့ အော်ဟစ်ကြွေးကြော်သံများဖြင့် ပြည့်နှက်နေလေပြီ။
“ဓားသမားက ငါတို့ကို ကယ်တင်လိုက်ပြီ..”
“ဒီလောကကြီးမှာ ဓားသမား တကယ်ရှိနေတယ် .. ငါ အရမ်းအံ့ဩတာပဲ..”
အစောပိုင်းတွင် လူများသည် အရှုံးပေးရန် အဆင်သင့်ဖြစ်ကြပြီဖြစ်သည်။ သို့သော် အဲ့မင်တောင်မှ ဓားအလင်းတန်းတစ်ခု ထွက်လာပြီး မောက်မာနေသည့် သိမ်းငှက်ကြီး၏ အတောင်ပံအား ထိုးဖောက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
…
အဲ့မင်တောင်ထက်တွင် သိမ်းငှက်ကြီး ထူးမခြားနားသာာ ရပ်နေသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ ဒေါသတရားများ လောင်ကျွမ်းနေပြဖြစ်သည်။
သို့သော် သူ ကြောက်လန့်ကြောက်နေမိသည်။ “မင်း ဘယ်သူလဲ..” နေရာတစ်ခုကိုကြည့်ပြီး သူ အေးစက်စွာ မေးလိုက်သည်။
တောက်ပနေသည့် အလင်းမှာ နောက်ဆုံးတော့ ငြိမ်သက်သွားကာ သိမ်းငှက်ရှေ့၌ ရပ်တန့်သွားသည်။
“မင်း..” သိမ်းငှက်သာမက ဖုန်းကြည့်နေသည့်လူများလည်း အံ့အားသင့်သွားကြရသည်။
ဤသည်မှာ ဓားပျံမဟုတ်။ သလင်းကျောက်ကဲ့သို့သော တောက်ပသည့်အတောင်ပံများ ရှိနေသည့် ကြိုးကြာဖြူတစ်ကောင်သာ။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အဖြူရောင်အလင်း လွှမ်းခြုံနေသောကြောင့် သူသည် နတ်ဘုရားတစ်ပါးနှင့်တူနေသည်။
သူ့ခန္ဓာကိုယ်မှာ သိပ်မကြီး။ သာမန်ကြိုးကြာတစ်ကောင်အရွယ်အစားသာ။ သို့သော် သူ့ထံတွင် ဆွဲဆောင်မှုတစ်ခုခု ရှိနေသည်ပင်။
သူ့အရေပြားများမှာ သေါးကဲ့သို့ နီရဲနေသည်။ အဖြူရောင်အမွေးများတွင် အနက်ရောင်အနည်းငယ် ရောစပ်နေသည်။ ဤကြိုးကြာသည် ယခင်က ကြိုးကြာနီဖြစ်ခဲ့လိမ့်မည်ထင်သည်။
ပုံမှန်အားဖြင့် ဤကြိုးကြာကို ရှန်းကြိုးကြာဟု ခေါ်ကြသည်။
[AN: ရှန်း = နတ်ဘုရား]
ဤကြိုးကြာမှာ ဤနေရာ၌ နေ,နေသည့် ဓားသမားပင်။
“မင်းက ဘာလို့ သူတို့ဘက်က ပါရတာလဲ..” သိမ်းငှက် မေးလိုက်သည်။ သူတို့နှစ်ဦးလုံးမှာ စွမ်းအားရရှိလာသည့် ငှက်များဖြစ်ကြသောကြောင့် ကြိုးကြာမှာ သူနှင့်အတူ တိုက်ခိုက်သင့်သည်။ သို့သော် သူက အဘယ်ကြောင့် သူ့ကို တိုက်ခိုက်နေသနည်း…
“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ငါ ဒဏ်ရာရခဲ့တယ် .. ဒဏ်ရာက အရမ်းဆိုးတော့ အဲ့မင်တောင်မှာ ငါသေမလိုဖြစ်ခဲ့တယ် .. ဒါပေမဲ့ ငါ့ကို လူအိုကြီးတစ်ယောက် ကယ်ခဲ့ပြီး အစားကျွေး၊ ရေတိုက်ခဲ့တယ် .. သူသာ ငါ့ကို မကယ်ရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ငါ သေသွားလောက်ပြီ .. မင်း ဒီနေ့ ဒီလူတွေကို ရက်ရက်စက်စက် သတ်နေတာကိုတောင် မြင်ရမှာမဟုတ်ဘူး” ကြိုးကြာ ပါးစပ်ဟကာ ပြောလာသည်။ ကြိုးကြာသံမှာ ယောက်ျားသံဖြစ်ပြီး တည်ငြိမ်နူးညံ့ကာ နားထောင်သူကို စိတ်ချမ်းမြေ့စေသည်။
“အဲဒါကြောင့်မို့လို့ အခု မင်းက ငါ့ကို ဆန့်ကျင်နေတာလား..” သိမ်းငှက် အေးစက်စွာ မေးလိုက်သည်။
“ဟုတ်တယ် .. အဲဒီလူအိုကြီးက လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက သေသွားပြီ … ဒါပေမဲ့ ဒီနေရာက သူ နေခဲ့တဲ့နေရာ၊ ဒီမြို့က သူ့မွေးရပ်မြေ .. အဲဒီတော့ မင်း စိတ်ထင်ရာ လျှောက်လုပ်မှာကို ငါ ခွင့်ပြုမှာမဟုတ်ဘူး .. ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ဒီမြို့ ထပ်ပြီးတော့ သွေးမစွန်းစေရတော့ဘူး” ကြိုးကြာ ပြောလိုက်သည်။
ထိုအချိန်တွင် တစ်စုံတစ်ဦးမှ လူထုအား ကြေငြာချက် ထုတ်ပြန်လိုက်သည်။
အဲ့မင်တောင်သည် ယနေ့မှစ၍ ပိုင်ရှင်အသစ်ရှိသွားလေပြီ။ လွန်ခဲ့သည့်ရက်များစွာက အဖွဲ့တိုင်း ဤတောင်ကိုပိုင်ဆိုင်နိုင်ရန် တိုက်ခိုက်ခဲ့ကြသူများမှာ ယခုတော့ လက်နက်ချကာ ဤတောင်ကို ကြိုးကြာဖြူအား ပေးလိုက်ရလေပြီ။
ဤသတင်းကို ပရီချင်းသုတေသနတက္ကသိုလ်မှ ဖော်ထုတ်လိုက်ခြင်းပင်။
လူများ အံ့အားသင့်သွားရသည်။ ပိုင်ရှင်အသစ်မှာ ဤကြိုးကြာဖြူပင်။ သူသည် တစ်ယောက်တည်းဖြင့် ကျူးကျော်လာသူအားလုံးကို အနိုင်ယူနိုင်ခဲ့သည်ပင်။
“ငါက ဆက်လုပ်ရင်ရော..” သိမ်းငှက် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“အဲဒါဆိုရင် ငါမင်းကို တားရမှာပေါ့..” ကြိုးကြာပြောလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့ခန္ဓာကိုယ် စတင်တောက်ပလာပြီး ဓားပျံတစ်လက်ကဲ့သို့ လေထဲ ပျံတက်သွားလိုက်သည်။
အပိုင်း ၉၁ ပြီး၏။