ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၀ – ဝံပုလွေ
ချူဖုန်း စိတ်လှုပ်ရှားလွန်းသောကြောင့် နှလုံးခုန်နှုန်းပင် မြန်ဆန်လာသည်။ မင်းဆက်အားလုံးမှ လူများ အလေးထားသည့်နေရာတွင် သေချာပေါက် မှော်အသီးများနှင့် မြင့်မြတ်သည့်သစ်ပင်များ ရှိနေမည်ပင်။
“တောင်က တောက်ပနေရုံတင်မကဘူး တောင်ထိပ်တွေနဲ့ တောင်ကုန်းတွေမှာ မြူတွေလည်း ဆိုင်းနေသေးတယ် .. အဲဒီမြူတွေကြောင့် အရာအားလုံးက နည်းနည်းလေးပိုပြီးတော့ ဆန်းကြယ်လာတာ..” ချူကျင်းယွမ် ပြောလိုက်သည်။
“အဲဒီနေရာက ကျွန်တော့်အတွက် ထူးခြားနေသလိုပဲ .. အဲဒီမှာ မြင့်မြတ်တဲ့သစ်ပင်တွေ တစ်ပင်မကလောက်ဘူး” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤကဲ့သို့သော နေရာမျိုးကို ကုမ္ပဏီများလိုချင်ကြမည်ပင်။
အစိုးရလည်း ထို့အတူပင်။ ပြီးလျှင် သူတို့ဤတောင်ကို ယူဖို့ ဆုံးဖြတ်ပြီးသွားလျှင် ဘာမှ အမှားအယွင်းခံမည်မဟုတ်။
“အဲဒီတော့ အစိုးရက သူတို့အတွက် အဲဒီမှာရှိနေတဲ့ သန္ဓေပြောင်းတွေကို တိုက်ပေးဖို့ စွမ်းအားကြီးတဲ့ တိုက်ခိုက်ရေးသမားအဖွဲ့တစ်ဖွဲ့ လိုနေတယ်လို့ ဆိုလိုတာလား .. ဒါပေမဲ့ အဲဒါက ဖုန်းအတွက် အန္တရာယ်မများလွန်းဘူးလား..” ဝမ်ကျင်းအသံမှာ တုန်လှုပ်နေသည့်ပုံပင်။ သူမသား အန္တရာယ်များမည့်အကြံကို သူမ သဘောမကျ။
“ငါလည်း အဲဒါကို စိုးရိမ်တာ..” ချူကျင်းယွမ်ခေါင်းညိမ့်လိုက်သည်။
ဤတောင်သည် ယခင်က မျိုးဆက်အားလုံးမှ လူများ အလေးအမြတ်ထားသည့်နေရာဖြစ်သော်လည်း ယခုတော့ ကျောက်လှေကားများတွင် သာမန်လူများ၊ သန္ဓေပြောင်းလူများ၊ သန္ဓေပြောင်းသားရဲများ၏ သွေးများစွန်းထင်းနေလေပြီ။ ထိုနေရာ၌ သွေးမြေခခဲ့သည့်သူအားလုံးမှာ ထူးချွန်သည့်တိုက်ခိုက်ရေးသမားများပင်။
အစိုးရသည် သူတို့၏လက်နက်များ ထုတ်သုံးခဲ့သော်လည်း အခြားသူများကို အသာစီးမရခဲ့။ အဘယ်ကြောင့်ဆိုသော် ထိုတိုက်ပွဲ၌ပါဝင်သည့် သန္ဓေပြောင်းမျိုးစိတ်များမှာ များပြားလွန်းလှသည်ပင်။ တစ်ယောက်စီတိုင်းမှာ တီထွင်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များပင် စိတ်မကူးနိုင်လောက်အောင် ရက်စက်လွန်းလှသည်။
အချို့သားရဲများတွင် နတ်ဘုရားကဲ့သို့သော ကြိုတင်သိစိတ်များရှိနေသည်။ ဒုံးချည်များ မပစ်ခင်ကတည်းက အန္တရာယ်ကို ကြိုမြင်နေပြီးသားဖြစ်နေသည်။
ထို့အပြင် ထိုတောင်များပေါ်၌ ရှိနေသည့် ရှားပါးအပင်များအား ထိခိုက်မိမည်စိုးသောကြောင့် အစိုးရသည် သူတို့ကိုယ်သူတို့ ထိန်းချုပ်နေရသည်ပင်။
“တိုင်းဟန်တောင်က မြွေဖြူက အဲဒီတောင်မှ ပေါ်လာဖူးတယ်လို့ ပြောတယ် .. စုန့်တောင်က လူဝံအိုကြီးရောပဲ..”
ဤသည်မှာ ချူကျင်းယွမ်၏သူငယ်ချင်းဟောင်းမှ ပြောပြလာသည့် လျှို့ဝှက်ချက်များပင်။
ချူဖုန်း အလွန်အံ့အားသင့်သွားရသည်။ သန္ဓေပြောင်းမျိုးစိတ်များ၏ ဘုရင်များပင် ထိုနေရာ၌ ပေါ်လာသောကြောင့် ထိုနေရာမှ တိုက်ပွဲမည်မျှပြင်းထန်သည်ကို စဉ်းစားကြည့်နိုင်သည်။
“ကျွန်တော် အဲဒီနေရာကို အရင်ဆုံး သွားလည်ချင်တယ်..” ချူဖုန်း ပြောလိုက်သည်။ ထိုကဲ့သို့သော နေရာမျိုးကို သွားလည်သည်မှာ အန္တရာယ်များကြောင်း သူသိသော်လည်း အခြားသန္ဓေပြောင်းမျိုးစိတ်များနှင့် တိုက်ခိုက်လျှင် နိုင်မနိုင်သိချင်သောကြောင့် သူ ထိုနေရာများကို အနီးကပ် လေ့လာရမည်ပင်။ သူ နိုင်နိုင်ချေမရှိလျှင်တော့ သူ ပြန်လာခဲ့မည်ပင်။
“မရဘူး .. ဒါက အန္တရာယ်များလွန်းတယ်..” ဝမ်ကျင်း၏မျက်ဝန်းများ စိုစွတ်လာသည်။ သူမသား လက်မောင်းကို ဆုတ်ကိုင်ထားပြီး သူ့အား မသွားရန် တားဆီးနေသည်။
“စိတ်ချပါအမေ .. ဘယ်သူ့အတွက်နဲ့မှ ကျွန်တော့်အသက်ကို မစွန့်စားပါဘူး” ချူဖုန်း ပြောလိုက်သည်။
“မရဘူး .. သား မသွားရဘူး..” ဝမ်ကျင်း ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
“ကျွန်တော် အစိုးရအတွက် အသက်စွန့်စားချင်ရင်တောင် သူတို့ ကျွန်တော့်ကို ယုံကြည်မှာမဟုတ်ဘူး .. ကျွန်တော့်ကို ရှေ့တန်းပို့ဖို့ ပြောရင်တောင် ကျွန်တော် ဒီအလုပ်ကိုလုပ်နိုင်၊ မလုပ်နိုင် မသေချာမချင်း သူတို့ပို့မှာမဟုတ်ဘူး” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။ သူ့အမေ စိတ်အေးသွားအောင် ကြိုးစားနေလေ၏။
“ဟုတ်တယ် .. သူ ပြောတာမှန်တယ်..” ချူကျင်းယွမ် ခေါင်းညိမ့်လိုက်သည်။ လူတစ်ယောက်၏ အတိတ်နှင့် လက်ရှိလုပ်နိုင်စွမ်းများကို အကဲမဖြတ်ရသေးမချင်း အသစ်ဝင်လာသည့်သူများကို အလုပ်တာဝန်ခန့်အပ်ဦးမည်မဟုတ်။
မိသားစုသုံးယောက် ဧည့်ခန်းထဲ၌ထိုင်ကာ အတော်ကြာဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ချူဖုန်း အစိုးရစစ်တပ်ထဲ ဝင်နိုင်အောင် လုပ်ပေးရန် ချူကျင်းယွမ် ဆုံးဖြတ်လိုက်သည်။
“အဲဒါဆို အဖေ ကျွန်တော့်အတွက် စီစဉ်ပြီးတဲ့အချိန်ထိ စောင့်နေလိုက်တော့မယ်..” သူ ဘာမှလုပ်စရာမလိုသေးသည့်အတွက် ချူဖုန်း ပျော်နေသည်ပင်။
ချူကျင်းယွမ်ကတော့ အတော်လေး အလုပ်များလာသည်။ သူသည် သူနှင့်သိသည့်လူများကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်နေလေသည်။ အချို့လူများကို အပြင်၌ လူကိုယ်တိုင်တွေ့နိုင်ရန်အတွက် ချိန်းဆိုခဲ့သေးသည်။
“အမေ၊ အဖေ .. အခုလောလောဆယ်တော့ အမေတို့ အလုပ်ထွက်ပြီး အိမ်မှာနေတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်” ချူဖုန်း ပြောလိုက်၏။ အပြင်လောကမှာ ဖရိုဖရဲဖြစ်နေသည်။ သူ့မိဘများ သူ့မျက်စိအောက်မရှိလျှင် သူ စိတ်အေးနိုင်မည်မဟုတ်။
အထူးသဖြင့် ယခုဆိုလျှင် ချူဖုန်း သူ့လူများကို သတ်ပစ်လိုက်ပြီဖြစ်ကြောင်း ရှုဝမ်ရိ သိလောက်လေပြီ။ သူမသည် လက်စားပြန်ချေရန်အတွက် မည်ကဲ့သို့သော ရူးနှမ်းသည့်လုပ်ရပ်မျိုး လုပ်လာမလဲ မသိနိုင်။
“ဒါပေမဲ့ အိမ်မှာနေရင် ပျင်းနေမှာပေါ့..” ဝမ်ကျင်း ပြောလိုက်သည်။ သို့သော် သူမထံ၌ အခြားရွေးချယ်စရာမရှိ။ အခြေအနေ မငြိမ်းချမ်းသရွေ့ သူမ အိမ်ပြင်မထွက်နိုင်။
“အွန်လိုင်းကနေ ဈေးတယ်ပေါ့ .. အမေ ဝါသနာပါတာပဲလေ ဟုတ်တယ်မလား..” ချူဖုန်းသူ့အမေကို စနောက်လိုက်သည်။
ဝမ်ကျင်း နှုတ်ခမ်း တွန့်ကွေးသွားရသည်။ လမ်းများ ပျက်စီးသွားသောကြောင့် ပို့ဆောင်ဆက်သွယ်ရေးလည်း ရပ်တန့်ကုန်လေပြီ။ အွန်လိုင်းဈေးဝယ်ရာတွင်လည်း ရွှမ်းထျန်မြို့တွင်းသာ ဝယ်ရတော့သည်။ ဤသည်မှာ သိပ်ပျော်စရာမကောင်း။
အားလုံး ရှင်းပြီးသွားသည့်အချိန် ချူဖုန်း သူ့ဖုန်းထဲမှ သတင်းများကို ရှာဖတ်လိုက်သည်။
စီချွမ်မြို့မှာ ဖရိုဖရဲဖြစ်နေလေပြီ။ သန္ဓေပြောင်းသားရဲများ အုပ်လိုက်ကြီး ရောက်လာကာ လူများစွာ သေကြေပျက်စီးခဲ့ရသည်။ သို့သော် စစ်တပ်မှ ထိုသန္ဓေပြောင်းငှက်များ၊ သားရဲများအား သူတို့လက်နက်ကြီးများဖြင့် သတ်ဖြတ်ပြီးသွားပြီဖြစ်သည်။
ဤသည်မှာ မနေ့ကသတင်းပင်။ ယနေ့တွင် သတင်းအသစ်ရှိနေသည်။
နေရာအနှံ့တွင် သန္ဓေပြောင်းသားရဲများစွာ လှည့်ပတ်သွားလာနေကြသည်။ သားရဲကောင်တစ်ကောင်စီတိုင်းမှာ ရွာတစ်ရွာလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ကြောက်စရာကောင်းလှသည်။
ကံကောင်းစွာဖြင့် စစ်တပ်မှ ထိုသားရဲများကို ရှင်းလိုက်နိုင်သည်။
သားရဲများစွာ အသတ်ခံလိုက်ရပြီး အခြားအကောင်များမှာ တောထဲသို့ ပြန်ဝင်သွားကာ လူထုရှေ့မှ ပျောက်ကွယ်သွားသည်။
ယွင်နန်-ကွေ့ကျိုးကုန်းပြင်မြင့်လည်း ငရဲကျနေသကဲ့သို့ပင်။ ရွာများမှာ အမှိုက်ပုံကြီး ဖြစ်သွားကာ မြို့များလည်း အပျက်အစီးများသာ ကျန်တော့သည်။ ဝံပုလွေကြီး ဖြတ်သန်းသွားသည့်နေရာတိုင်း စုတ်ပြတ်သွားလေသည်။
ဝံပုလွေ၏ အရှိန်မှာ အလွန်လျင်မြန်လှသောကြောင့် အခြေအနေမှာ ပို၍ခက်ခဲနေသည်။ သူ့ထံတွင် နတ်ဘုရားကဲ့သို့သော အသိစိတ်လည်းရှိနေသောကြောင့် ဤသားရဲသည် ဝံပုလွေတစ်ကောင်သာဖြစ်သော်လည်း စီချွမ်းကို ဝင်တိုက်သည့် သားရဲများအားလုံးပေါင်းထားသည်ထက်ပင် အဆပေါင်းများစွာ ကြောက်စရာကောင်းနေသည်။
အင်တာနက်မှာ ဝံပုလွေအား သေစေချင်နေသည့်လူများ၏ အော်ဟစ်သံများဖြင့် ပေါက်ကွဲနေသည်။
ခန့်မှန်းရသလောက်ဆိုလျှင် ဝံပုလွေကြောင့် သေဆုံးသွားသည့်လူများမှာ သောင်းဂဏန်းထိပင် ရှိနေပြီဖြစ်သည်။
ဤသည်မှာ အနောက်နိုင်ငံများကိုပင် ထိတ်လန့်သွားစေခဲ့သည်။ ဝံပုလွေနှင့် သူတို့ဘက်မှ သားရဲဘုရင် နဂါးနက်မှာ တူညီလှသည်။
“ဝံပုလွေ သေရမယ်..” စစ်တပ်ရုံးချုပ်မှ တစ်စုံတစ်ယောက် ဒေါသတကြီး ပြောလိုက်သည်။ ဝံပုလွေကို မတားဆီးလိုက်နိုင်သည့်အတွက် စစ်တပ်နာမည်ကျရသည်ပင်။ ဝံပုလွေတစ်ကောင် ပြေးလွှားလျှောက်သွားနေပြီး လူများအား သတ်နေသည်ကို သူတို့ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မည်နည်း..
သို့သော် ရက်အချို့ကြာပြီးနောက် ဝံပုလွေကြီး ပျောက်ကွယ်သွားသည်။
ဤသည်မှာ လူများကို အမုန်းတရားနှင့် ဒေါသတရားများ ပေါက်ထွက်လာစေသည်။ ဝံပုလွေကြီး တောနက်ထဲ၌ ပုန်းခိုသွားသည်နှင့် သူ့ကို ဘယ်တော့မှ ပြန်ရှာတွေ့မည်မဟုတ်တော့။ သူတို့ချစ်ရသည့်သူများ သေဆုံးမှုအတွက် ဝံပုလွေကို သတ်ပြီး လက်စားချေနိုင်မည်မဟုတ်တော့။
သို့သော် အခြားသူများအတွက်တော့ စိတ်အေးစရာပင်။ မည်သို့ပင်ဖြစ်စေ စစ်တပ်မှ လက်နက်များပင် ဝံပုလွေကို ထိခိုက်အောင် မလုပ်နိုင်။
ချူဖုန်း သက်ပြင်းချလိုက်သည်။ ဤဝံပုလွေ၏စွမ်းအားနှင့် စွမ်းရည်မှာ ပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူ ဝန်ခံသည်။ ဤသားရဲကို သတ်ရန်အတွက် မုဆိုးကိုယ်တိုင် အတော်လေး ပေးဆပ်ရလိမ့်မည်။
ဤသည်မှာ အစသာရှိသေးသည်။ ဤခေတ်တွင် သန္ဓေပြောင်းမျိုးစိတ်အရေအတွက်မှာ တရှိန်ထိုး များပြားလာသည်ပင်။
နောင်ကျလျှင် ဤလောကကို လူသားများ အုပ်ချုပ်နိုင်ပါဦးမလားဟု လူများ စတင်တွေးတောလာကြသည်။ လူများသည် သူတို့အမဲလိုက်ခဲ့သည့်သားကောင်များ၏ သားကောင်ဖြစ်လာတော့မည်လား..
ရုတ်တရက် တိုင်းဟန်တောင်၌ မြွေဖြူပြောခဲ့သည့်စကားကို ပြန်အမှတ်ရမိကာ ချူဖုန်း ထိတ်လန့်သွားရသည်။
“လူသားတွေက တိုးတက်ဖို့အတွက် ဖြတ်လမ်းလိုက်ခဲ့ကြတယ် .. ဒါပေမဲ့ အခုတော့ အားလုံး မတူတော့ဘူး”
ဤစကားလုံးများကို မြွေဖြူပြောခဲ့စဉ်က သူဘာမှ မတွေးမိသော်လည်း ယခုပြန်စဉ်းစားလိုက်လျှင် သူ ကြက်သီးထလာသည်။
ညနေပိုင်းတွင် ဝံပုလွေကြီး ယွင်နန်-ကွေ့ကျိုးကုန်းပြင်မြင့်၌ ပြန်ပေါ်လာသည်။ ယခုတစ်ခေါက်တွင်တော့ သူသည် လူသားဘာသာစကားပြောပြီး အပြင်လောကကို ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့သည်ဂ။
“ယွင်နန်နဲ့ ကွေ့ကျိုး ကုန်းပြင်မြင့်က အခု ငါ့ပိုင်နက်ဖြစ်သွားပြီ..”
သူ ပထမဆုံး စပြောသည့် လူသားဘာသာစကားမှာ နယ်မြေသိမ်းကြောင်း ကြေငြာသည့် စကားဖြစ်နေသည်။
ထို့အပြင် သူ့ပိုင်နက်အတွင်း၌ နေနေသည့်လူများကို အခြားနေရာများသို့ ရွှေ့ပြောင်းရန်နှင့် ဤနေရာ၌ နေနေလျှင် အညှာအတာမရှိ သတ်ပစ်မည်ဖြစ်ကြောင်း ပြောလာလေသည်။
အင်တာနက်မှာ ဒေါသပေါက်ကွဲသည့်လူများ၏ ကောမန့်များနှင့် ပေါက်ကွဲထွက်လာသည်။ ဝံပုလွေတစ်ကောင် သူ့နယ်မြေကို ကြေငြာလိုက်ခြင်းမှာ လူအများကို အဆုံးစွန်သို့ ရောက်အောင် တွန်းပို့လိုက်သည်ပင်။
“ငါ ဒီမှာ ဝံပုလွေနန်းတော်တစ်ခု တည်ဆောက်မယ်..”
ဝံပုလွေ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ပျံ့လွင့်လာသည်။ မိုင်ပေါင်း ထောင်ပေါင်းများစွာမှ လူများပင် သူ့အသံကို ကြားနိုင်သည်ပင်။ နောင်ကျလျှင် ဤကုန်းပြင်မြင့်၌ ဝံပုလွေများသာ နေထိုင်မည်ဖြစ်ကြောင်း သူ ကြေငြာလိုက်သည်။
“ခွေးမသား … အရှက်မရှိတဲ့ကောင် .. ဝံပုလွေအကြောင်း လေ့လာတဲ့ တိရစ္ဆာန်ကျွမ်းကျင်သူတွေကို ခေါ်လာခဲ့လိုက် .. ငါတို့ရဲ့ နောက်ဆုံးနည်းပညာရော ဘယ်လိုလဲ .. ပစ်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလား.. လုပ်စမ်းပါ .. တစ်ခုခုလုပ်ရအောင် .. ငါတို့ ဒီကောင်ကို သတ်ရမယ်..” စစ်တပ်မှ လူတစ်ဦး ဒေါသတကြီး ပြောလိုက်သည်။
အင်တာနက်ပေါ်မှ လူများမှာ ဤဝံပုလွေကို အရှင်လတ်လတ်ပင် အရေခွံနွာချင်နေကြလေပြီ။
ညပိုင်းတွင် ချူဖုန်းတို့ မိသားစု ညစာစားကြရင်း ဝံပုလွေအကြောင်း ပြောနေကြသည်။
“သောက်သားရဲကောင်..” ဝမ်ကျင်း ဒေါသတကြီး ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အစိုးရ ဒီသားရဲကောင်ကို သတ်ပစ်ဖို့လိုတယ် .. မဟုတ်ရင် တစ်ခြားမျိုးစိတ်တွေကြားမှာ ငါတို့ သိက္ခာကျလိမ့်မယ်.. ငါတို့တွေကို လွယ်လွယ်အနိုင်ကျင့်လို့ရတယ်လို့ သူတို့ထင်သွားလိမ့်မယ် .. အဲဒါဆိုရင် ငါတို့ လူသားမျိုးနွယ်တွေအတွက် အခြေအနေ ကောင်းမှာမဟုတ်ဘူး” ချူကျင်းယွမ် ပြောလိုက်သည်။
ချူဖုန်း ခေါင်းညိမ့်လိုက်၏။ သူ့အဖေ ပြောသည်မှာ မှန်သည်။ အစိုးရသာ ဤသားရဲများကို မခြိမ်းခြောက်နိုင်လျှင် နောင်၌ပြဿနာပိုကြီးလာလိမ့်မည်။
သို့သော် ပြဿနာမှာ ဤဝံပုလွေကို သတ်ရန်မှာ အလွန်ခက်ခဲလွန်းလှသည်။
နောက်တစ်နေ့တွင် ချူကျင်းယွမ် နိုင်ငံတော်ကာကွယ်ရေးတပ်မှ လူအချို့ကို ဖုန်းခေါ်လိုက်ပြီး ချူဖုန်း စစ်တပ်ထဲ ဝင်လိုကြောင်း ပြောလိုက်သည်။ အရင်ဆုံး ချူဖုန်း ဒိုင်လူကြီးများရှေ့၌ သူ့အရည်အချင်းများကို ပြသရမည်ဖြစ်ကြောင်း သူတို့ ပြောလာကြသည်။
“ပြဿနာမရှိဘူး..” ချူဖုန်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။
နောက်တစ်နေ့တွင် အခြားသတင်းတစ်ခု ထွက်ပေါ်လာပြီး တစ်လောကလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ထိုသတင်းတွေ့လိုက်သည့်အချိန် ချူဖုန်းပင် ဦးရေပြားများ ထုံကျဉ်သွားရသည်။
“ချီးပဲ..”
“ဘုရားရေ..”
ဝမ်ကျင်းနှင့် ချူကျင်းယွမ်တို့မှာ ကြောက်လန့်တကြား အော်ဟစ်နေကြသည်။
“ယနေ့မနက်တွင် ဝံပုလွေကြီးသည် မြို့တစ်မြို့လုံးကို သတ်သွားခဲ့ပြီး သေဆုံးသူဦးရေ ၇ သိန်းထိရှိသွား..”
ဤစာလုံးများကို အနီရောင်စာလုံးကြီးကြီးဖြင့် ရေးသားထားကြသည်။ ဤသတင်းကို တွေ့သည်နှင့် တစ်ကမ္ဘာလုံးမှ လူများ ထိတ်လန့်သွားကြရသည်။ ဝံပုလွေကြီးမှာ ကြမ်းတမ်းကာ အညှာအတာမဲ့လှသည်။
သတင်းမှာ ဟာရီကိန်းကဲ့သို့ တစ်လောကလုံး၏ နေရာအနှံ့ကို ပျံ့နှံ့သွားသည်။ နိုင်ငံခြားမှ လူများလည်း ဤသတင်းကို တွေ့သည်နှင့် ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ဤသည်မှာ သမိုင်းတွင် အရက်စက်ဆုံးအဖြစ်ဆိုးကြီး ဖြစ်လိမ့်မည်ပင်။ သေဆုံးသူဦးရေမှာ နဂါးနက်ထက်ပင် များသေးသည်။
“ငါ အရင်က ပြောဖူးသလိုပဲ ဒီနယ်မြေက ငါ့နယ်မြေ .. ဒါက ဝံပုလွေကလန်နယ်မြေ..” ဝံပုလွေ ဟစ်ကြွေးလိုက်သည်။ သို့သော် ခဏကြာပြီးနောက် သူ ပြန်ပျောက်သွားသည်။
သူသည် အတော်လေး သတိထားနေသည်ပင်။ သူသည် ပုံစံမရှိသည့် သရဲကဲ့သို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။
ဝံပုလွေကြီး ချန်ထားခဲ့သည့် မြို့မှ သွေးလွှမ်းနေသည့် မြင်ကွင်းကို မြင်လိုက်သည်နှင့် အားလုံး သွေးပျက်သွားကြရသည်။ ထိုမြင်ကွင်းမှာ မြင်ရက်စရာပင်မရှိ။
အစိုးရမှအရာရှိများအားလုံး အစည်းအဝေးခန်းထဲသို့ ရောက်နေကြပြီး သူတို့သည် ဤပြစ်မှုကို တရားခံကို ပြစ်ဒဏ်ခံစားရအောင် လုပ်ပေးမည်ဟု လူထုအား ပြောလာသည်။
“သားရဲကိုသတ် .. အဲဒီခွေးကောင်ကို ပျောက်ကွယ်သွားအောင် လုပ်လိုက်..”
စစ်တပ်မှ လူများ၏မျက်လုံးများ နီရဲနေကြလေပြီ။
သို့သော် နှစ်ရက်ကြာပြီးသည့်နောက်တွင် သားရဲအုပ်ကြီးသည် စီချွမ်မြို့သို့ ထပ်ရောက်လာပြီး အနာပေါ် ဆားဖြူးလာသည်။
တစ်ချိန်တည်းမှာပင် ရွှမ်းထျန်မြို့ကို သားရဲနှင့်ငှက်များ ဝိုင်းရံလာကြလေ၏။
ဤနယ်မြေသုံးခုမှ ဘုရင်များ ပူးပေါင်းလုပ်ဆောင်နေကြသည်မှာ သိသာလှသည်။
“အားလုံး စိတ်အေးအေးထားပါ .. ကျွန်တော်တို့ ဒီသားရဲတွေကို သူတို့ပြစ်မှုအတွက် ပြန်ပေးဆပ်ရအောင် လုပ်ပေးပါ့မယ်..” ရာထူးကြီးသည့် စစ်တပ်အရာရှိငယ်လေးတစ်ဦး ကျန်ဆိုလာသည်။
ထိုနေ့ ညနေပိုင်းတွင် ယွင်နန်- ကွေ့ကျိုးကုန်းပြင်မြင့်ထက်၌ မှိုပုံစံ တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားမှာ တစ်လောကလုံးကို ထိတ်လန့်သွားစေခဲ့သည်ပင်။
အပိုင်း ၉၀ ပြီး၏။