Switch Mode

Chapter – 89

သန္ဓေပြောင်း မိဘများ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၉ – သန္ဓေပြောင်း မိဘများ

ကောင်းကင်ထက်မှ အနီရောင်နံနက်ခင်းနေရောင်ခြည်များ ဖြာကျနေသည်။ နေရောင်သည် အိပ်ခန်းကြမ်းပြင်နှင့် ချူဖုန်း၏ ဘဲမွေးစောင်ပေါ်သို့လည်း ဖြာကျနေသည်။ ချူဖုန်း အတော်လေး အိပ်မောကျနေသော်လည်း နေရောင်၏အနွေးဓာတ်ကို ခံစားလိုက်ရသည်နှင့် မျက်လုံးများ ပွင့်လာသည်။ သူ့အတွက်မှာ မနေ့ညမှာ အတော်လေးကောင်းမွန်ခဲ့သည့် ညတစ်ညပင်။

မနေ့ညက မကောင်းသည့် ခံစားချက်အားလုံးကို သွေးစက်များနှင့်အတူ ဆေးကြောပစ်လိုက်ပြီဖြစ်သည်။ သူသည် အကောင်းမြင်ဝါဒီရှိသည့်သူပင်။ ဖိအားများအား မည်ကဲ့သို့ လျှော့ချရမည်ကို သူသိသည်။ ယနေ့မှာ နေ့သစ်ဖြစ်သောကြောင့် သူ ဘဝသစ် စတင်ရမည်။ သူ အားအင်များ ပြည့်ဝနေလေပြီ။

ယနေ့မနက်တော့ ချူဖုန်း အသက်ရှူလေ့ကျင့်ခန်း မလုပ်တော့။ သူ အိပ်ရာထသည်နှင့် သူ့မိဘများ၏ အိပ်ခန်းတံခါးကို သွားခေါက်လိုက်သည်။ သူ အတော်လေး မျှော်လင့်နေမိသည်။ တစ်ညတာကုန်လွန်သွားပြီးသည့်နောက် သူ့မိဘများ မည်ကဲ့သို့ ဖြစ်နေပြီနည်း..

“အား..”

အိပ်ခန်းတံခါးနောက်မှ အော်သံတစ်သံကို ကြားလိုက်ရသောကြောင့် သူ ထိတ်လန့်သွားရသည်။ “အမေ .. စိတ်အေးအေးထား .. အရမ်းမတွေးနဲ့ .. ခေါင်းမှာ ဂျိုတစ်စုံ ရှိနေလို့လည်း ဘာမှမဖြစ်သွားဘူး .. အရမ်းဆိုးနေရင် ကျွန်တော်တို့ အလှပြင်ဆိုင်သွားပြီး အဲဒီဂျိုတွေကို သွားထုတ်ပစ်လို့ရတယ်”

သူ စိုးရိမ်နေရသည်။

“ဒါက..”

ခဏကြာပြီးနောက် တံခါးနောက်မှ ချူကျင်းယွမ်အသံ ထွက်လာသည်။ သူ့အသံမျာ အတော်လေး ထိတ်လန့်ကာ အံ့အားသင့်နေသည့်ပုံပင်။ သို့သော် ထိုစကားနှစ်လုံး ပြောပြီးနောက် သူ တိတ်ဆိတ်သွားသည်။

“အဖေ .. ဂျိုတွေကို မညှပ်ပစ်လိုက်နဲ့ .. ကျွန်တော့်ကိုယုံ .. အဲဒါက စွမ်းအားရှိလာတဲ့ လက္ခဏာပဲ .. တံခါးဖွင့်ပါ..” ချူဖုန်း တံခါး ခေါက်လိုက်သည်။

“သေချင်းဆိုးလေး .. ငါ့ကို ဒီလိုမျိုး မပြောနဲ့..” ဝမ်ကျင်း တံခါးဖွင့်လိုက်သည်။ သူမအသံမှာ ကြောက်လန့်နေသည့်အသံမဟုတ်ပဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပျော်ရွှင်နေသည့်ပုံပင်။

“ဟမ်..” တံခါးဖွင့်လိုက်သည့်အချိန် ချူဖုန်း ချက်ချင်း ဆွံ့အသွားရသည်။

သူမဦးခေါင်းထက်၌ မည်သည့်ဦးချိုမှ မရှိ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အတော်လေးငယ်ရွယ်နေသည်။ သူမအသားအရေမှာ ကြည်လင်တောက်ပနေသည်။ သူမ မျက်နှာထက်တွင်လည်း မည်သည့်အရေးကြောင်းမှ မရှိတော့။

“ဒါက ဘယ်သူလဲ .. ငါဘယ်တုန်းက အစ်မရသွားတာလဲ..” ချူဖုန်း အပိုလုပ်၍ အော်ဟစ်လိုက်သည်။

သူ့သား ဤကဲ့သို့ ပြောလိုက်သည့်အချိန်တွင် ဝမ်ကျင်း ပို၍ပျော်ရွှင်လာသည်။ “ရှူး .. ကောင်လေး မရိုမသေလာမပြောနဲ့..” သူမ စနောက်လိုက်သည်။

သူမ ပျော်ရွှင်နေကြောင်း သူမ မျက်လုံးထဲ၌ပင် ထင်ဟပ်နေသည်။

“အမေ .. အမေ ပြန်ငယ်သွားပြီ .. အမေ့ခန္ဓာကိုယ်ထဲမှာ တစ်ခြား ဘာပြောင်းလဲမှုတွေ ရှိသေးလဲဆိုတာကြည့်ကြည့်လိုက်..” ချူဖုန်း ပြောလိုက်သည်။

ချူဖုန်းလည်း ပျော်ရွှင်နေသည်ပင်။ သူ့အမေသည် အသက်ငါးဆယ်ကျော် ရှိနေလေပြီ။ သူမသည် အလုပ်ကြိုးစားရသောကြောင့် သူမ၏မျက်နှာထက်တွင် ငယ်ရွယ်နုပျိုမှုများ မရှိတော့။

ယခုအချိန်တွင်တော့ သူမ ဆယ်နှစ်လောက် ပိုငယ်သွားသလိုပင်။

ဝမ်ကျင်းမှာ အသက်သုံးဆယ်ကျော်နှင့် တူသွားလေပြီ။ ဤသည်မှာ သူမကို အလွန်ပျော်ရွှင်စိတ်လှုပ်ရှားစေသည်ပင်။

အလှအပကိုမကြိုက်သည့် အမျိုးသမီးမရှိပေ။

“တကယ်ကြီးလား..” ဝမ်ကျင်းသည် မှန်ရှေ့၌ မတ်တပ်ရပ်ကာ မယုံကြည်နိုင် ဖြစ်နေဆဲပင်။

ချူကျင်းယွမ်ကိုတော့ ချူဖုန်း စိတ်မပူ။ သူတို့နှစ်ဦးကြားရှိ သားအဖဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်ပင်။ နှစ်ယောက်လုံး စိတ်ဓာတ်တက်ကြွနေကြေသောကြောင့် ယခု ဧည့်ခန်းထဲ၌ စကားပြောနေကြသည်ပင်။

ချူကျင်းယွမ်၏ ပြောင်းလဲမှုများလည်း သိသာလှသည်။ သူ၏ငွေဖြူရောင်ဆံပင်များ ပျောက်ဆုံးသွားပြီဖြစ်ပြီး သန်စွမ်းသည့် ဆံပင်နက်များ အစားထိုးနေရာယူနေလေပြီ။ သူသည် အလွန်ခံ့ညားလာသည်ပင်။

သူလည်း အလွန်ငယ်ရွယ်သွားသည်ပင်။ သူ့မျက်လုံးအောက်မှ အနက်ရောင်အိတ်များ မရှီတော့။

“ငါအခု အားအင်တွေ ပြည့်ဝနေတယ် .. ငါ့ခန္ဓာကိုယ်ထဲမှာ မကုန်ဆုံးနိုင်တဲ့ အားအင်တွေ ရှိနေသလို ခံစားနေရတယ် .. အရင်ကထက်တောင် ပိုနေလို့ ကောင်းသေးတယ်..” ချူကျင်းယွမ် သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ပြောလာသည်။

“အဖေ၊ အမေ .. ကိုယ့်ကိုကိုယ် သေချာစစ်ကြည့်ပါဦး .. အပိုတစ်ခုခု ထွက်လာရှိလား..” ချူဖုန်း ပြုံး၍ သတိပေးလိုက်သည်။

“ဟေး မကောင်းတဲ့ကောင်လေး .. အဖေနဲ့အမေမှာ တကယ်ပဲ ဦးချိုတွေနဲ့ အကြေးခွံတွေ ထွက်လာဖို့ မျှော်လင့်နေတာလား..” ချူကျင်းယွမ် ချူဖုန်းကို စိုက်ကြည့်၍ ပြောနေသော်လည်း သူကိုယ်တိုင်လည်း အော်ရယ်နေသည်ပင်။

“ဒါက အံ့ဩစရာကောင်းလိုက်တာ .. ငါတို့ လူသားအစိတ်အပိုင်းမဟုတ်တဲ့ဟာတွေ မထွက်လာတဲ့အပြင် ပိုပြီးတော့ ငယ်ရွယ်၊ ကျန်းမာပြီး လှလာတယ်..” ဝမ်ကျင်း ပြောလိုက်သည်။ သူမ ယခုထိ ပျော်နေဆဲပင်။

“ရှင်တို့ မနက်စာ ဘာစားချင်လဲ .. ကျွန်မ မနက်ဈေးထဲသွားပတ်ပြီး ဟင်းချက်စရာ နည်းနည်းလောက် ဝယ်လိုက်ဦးမယ်” ဝမ်ကျင်း ပြောလိုက်သည်။ သူမတို့ ရထားသည့်အရာများအတွက် စားသောက်ပွဲ ကျင်းပရမည်ပင်။

“ငါတို့ မနက်စာကို ထွေထွေထူးထူး ပြင်ဆင်နေစရာမလိုပါဘူး .. ဖုန်း အသားတွေ အများကြီး ယူလာတယ်လေ .. အဲဒီတော့ ငါတို့ အဲဒီအသားကိုပဲ မီးအေးအေးနဲ့ ချက်ရအောင် .. မင်း‌ ဈေးသွားရ သက်သာတာပေါ့ .. ဒါမှမဟုတ် မင်း သွားချင်တယ်ဆိုရင်လည်း ဘဲသား၊ သိုးသား၊ ကြက်ဥနဲ့ နွားနို့လေး ဝယ်ခဲ့လိုက်လေ” ချူကျင်းယွမ် ပြောလိုက်သည်။

ဝမ်ချင်း သူ့ကို စိုက်ကြည့်လိုက်ကာ “ကျွန်မသိပြီ .. မနက်စာကို ထွေထွေထူးထူးပြင်နေစရာမလိုဘူးပေါ့ ဟမ် .. ရှင် တစ်ခြားစားချင်တာ ရှိလို့လား..”

“ငါစားချင်တာကို အပြစ်မတင်ပါနဲ့ .. ငါ ဗိုက်အရမ်းဆာနေပြီ..” ချူကျင်းယွမ် နီရဲနေသည့်မျက်နှာဖြင့် ပြောလိုက်သည်။

တကယ်တမ်းတွင်တော့ ဝမ်ကျင်းလည်း သည်းမခံနိုင်လောက်အောင် အလွန်ဆာလောင်နေပြီဖြစ်သည်။

“ဒါက ပုံမှန်ပါပဲ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တိုးတက်လာသည်နှင့် ဗိုက်ဆာသည့်ခံစားချက်ကို မရှောင်လွဲနိုင်ကြောင်း ရှင်းပြလိုက်သည်။

“ငါ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘာမှ ထူးခြားတာ မခံစားရဘူး .. လန်းဆန်းတက်ကြွ အားပြည့်နေရုံပဲ..”

မနက်စာစားနေစဉ် သူ ခံစားနေရသည့်ခံစားချက်များကို ချူကျင်းယွမ် ပြောပြလာသည်။

ဝမ်ကျင်း ခေါင်းညိမ့်ပြလိုက်၏။ သူမလည်း ထို့အတူပင်။ သူမထံ၌ မည်သည့် အထူးစွမ်းရည်မှ မရှိ။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ “ဒါ မဟုတ်သေးဘူး .. ထူးဆန်းတဲ့အသီးကို စားလိုက်တာနဲ့ အားလုံး သန္ဓေပြောင်းမှာလဲ .. ငါ့မိဘတွေက ဘာလို့ မပြောင်းတာလဲ..”

သူ့အဖေ မည်မျှအင်အားကြီးသည်ကို သူ စမ်းကြည့်လိုက်သည်။ ရလဒ်မှာ အထင်ကြီးစရာပင်။ သူသည် ခွန်အားကြီးသည့် လူငယ်အချို့ စုပေါင်းထားသည်ထက် ပိုခွန်အားကြီးနေသည်။ သို့သော် ဤသည်မှာ ထူးခြားစွမ်းရည်မဟုတ်။

ချူဖုန်း သူ့ဖုန်းကို ထုတ်လိုက်ကာ တစ်ခဏခန့် တွေဝေနေပြီးနောက် လင်းနွိုင်ကို စာပို့လိုက်သည်။ “ထူးဆန်းတဲ့အသီးကို စားတဲ့သူအားလုံး သန္ဓေပြောင်းမှာလား..” သူ မေးလိုက်သည်။

ထူးဆန်းသည့်အသီးနှင့် ပတ်သက်လျှင် ဒိမ်ဒီမှ ပိုသိမည်ပင်။ ကမ္ဘာကြီး စတင်ပြောင်းလဲလာကတည်းက အခြားသူများ မသိသည့် လျှို့ဝှက်ချက်များကို သူတို့ သိနေပြီးသားဖြစ်သည်။

ခဏကြာပြီးနောက် လင်းနွိုင်သူ့ကို အဖြေပြန်ပေးလာသည်။ အားလုံး သန္ဓေပြောင်းမည်မဟုတ်ကြောင်း၊ အချို့လူများတွင် ထူးဆန်းသည့် မော်လီကျူးများ မရှိသောကြောင့် သူတို့ ထူးဆန်းသည့်အသီးများ စားလျှင်ပင် ဘာမှဖြစ်မည်မဟုတ်ဟု သူမ ပြောလာသည်။

ချူဖုန်း ဆွံ့အသွားရသည်။

သူနှင့် လင်းနွိုင်ကြား၏ ဆက်ဆံရေးကြောင့် ဒိမ်ဒီသည် သူ့ဆံပင်နှင့် စမ်းသပ်ခဲ့သေးသည်။ အဆုံးတွင် သူ သန္ဓေမပြောင်းနိုင်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်ပင်။

သို့သော် သူကတော့ ဤအချက်ကို လျစ်လျူရှုခဲ့သည်ပင်။

“ဘာလို့ ဒီလိုမျိုး ဖြစ်တာလဲ..” ချူဖုန်း စာပို့လိုက်သည်။

ဤကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းမှာ အလွန်ရှုပ်ထွေးကြောင်း သူမ ပြောလာသည်။ သို့သော် ဤသည်မှာ မကောင်းသည့်ကိစ္စတော့မဟုတ်။ ကောင်းမကောင်းကို အချိန်က ဆုံးဖြတ်ပေးသွားမည်ပင်။

ချူဖုန်း သူ သန္ဓေပြောင်းနိုင်လား မမေးသလို လင်းနွိုင်လည်း မပြော။

“ဖုန်း သား ဒီကိစ္စကို စိတ်ပူဖို့ မလိုပါဘူး .. အဖေတို့ အဲဒီသဘာဝလွန်စွမ်းအားတွေ ရရင်လည်း အလကားပဲ ဖြစ်မှာ” ချူကျင်းယွမ် ပြောလိုက်သည်။

“ဟုတ်တယ် .. အမေတို့က အဲဒီစွမ်းရည်တွေနဲ့ ဘာလုပ်ရမှာလဲ .. တောထဲသွားပြီး သားရဲတွေကို သတ်ရမှာလား .. အမေနဲ့ သားအဖေက အသက်ကြီးနေပါပြီ .. အမေတို့ တောထဲက အဲဒီသားရဲတွေနဲ့ ဘယ်တော့မှ တိုက်နိုင်မှာမဟုတ်ဘူး…” ဝမ်ကျင်း ပြောလိုက်သည်။

“သားအမေနဲ့ အဖေက ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တော့တာ .. အဖေတို့အရွယ်တွေက အိမ်မှာပဲ နေသင့်တော့တာ” ချူကျင်းယွမ် ချူဖုန်းအား စကားလုံးအချို့နှင့် နှစ်သိမ့်ရန် ကြိုးစားလာသည်။

ချူဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ့မိဘများ ပြောနေသည်လည်း မှန်သည်ပင်။ သူတို့သည် အခြား သန္ဓေပြောင်းလူများကဲ့သို့ သဘာဝလွန်စွမ်းအားများ ရှိလျှင်ပင် သူ သူ့မိဘများကို ဘာမှလုပ်ခိုင်းမည်မဟုတ်။

သူ့မိဘများ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရန်အတွက် စွမ်းအားတစ်ချို့ ရချင်ခဲ့သည်။

သို့သော် အခြေအနေမှာ အလွန်ရှုပ်ထွေးနေသည်ပင်။ လူတိုင်းတွင် ထူးခြားသည့် မော်လီကျူးရှိမနေနိုင်ပေ။

သို့သော် ခဏကြာပြီးနောက် ချူဖုန်း စိတ်အေးသွားသည်။ “ကျွန်တော် အဖေတို့နားမှာ ရှိနေသရွေ့ ဘယ်သူမှ အဖေတို့ကို ထိရဲမှာ မဟုတ်ဘူး”

သူသာ အခြားသန္ဓေပြောင်းလူအားလုံးကို ခြိမ်းခြောက်နိုင်သည်အထိ အင်အားကြီးခဲ့လျှင် မည်သူမှ သူ့မိဘများကို ထိရဲတော့မည်မဟုတ်တော့။ ထို့ကြောင့် သူ ပို၍ စွမ်းအားကြီးလာအောင် လုပ်ရမည်။

လိုအပ်လျှင် သူ့စွမ်းရည်များကို လူထုအား ချပြမည်ဟု သူ တွေးလိုက်သည်။ အခြားသူများ သူ့ကို ကြောက်လာအောင် သူ့အစွယ်ကို ထုတ်ပြရမည်ပင်။

ရုတ်တရက် သူ အသက်ရှူလေ့ကျင့်ခန်းကို သတိရမိသွားသည်။

“အမေ၊ အဖေ .. တကယ်တော့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ် .. အမေတို့ စမ်းချင်ရင် ကျွန်‌တော် သင်ပေးမယ်”

ယခင်ကဆိုလျှင်တော့ သူတို့ကို ထူးခြားသည့်အသက်ရှူစည်းချက်အား သင်ပေးနိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူတို့ဓာတ်ကူးဝတ်မှုန်များနှင့် မထိတွေ့ဖူး။ သို့သော် သူတို့ ယခု ထူးဆန်းသည့်အသီးများကို စားပြီးသွားပြီဖြစ်သောကြောင့် အသက်ရှူလေ့ကျင့်ခန်း အလုပ်ဖြစ်လောက်သည်။

“နွားဝါလေး .. မင်း ငါ့ကို ထူးခြားတဲ့အသက်ရှူစည်းချက် သင်ပေးတာကို မှတ်မိသေးလား..” ချူဖုန်း နွားဝါလေးကို ဆက်သွယ်လိုက်သည်။ သူ့အား အသက်ရှူလေ့ကျင့်ခန်း၏ ‘အမြုတေ’အား မည်ကဲ့သို့ လွှဲပေးခဲ့သည်ကို သူ နွားဝါလေးအား မေးချင်သည်။

ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကို ‘ပုံစံ’နှင့် ‘အမြုတေ’ ဟူ၍ နှစ်ပိုင်းခွဲနိုင်သည်။ အသက်ရှူလေ့ကျင့်ခန်းပုံစံကို လူတိုင်း အတုခိုးနိုင်သော်လည်း ‘အမြုတေ’ကိုတော့ အတုခိုး၍မရ။

အရင်ဆုံး သူ ‘ဝိညာဉ်’ ရအောင် လုပ်ရမည်။ နွားဝါလေးသည် ချူဖုန်းကို သူ၏အတွင်းအင်္ဂါများနှင့် သွေးကြောများ စည်းချက်ကျအောင် လုပ်ခိုင်းပြီး သူ့အား ဝိညာဉ်ရအောင် လုပ်ပေးခဲ့သည်ပင်။ လူတစ်ယောက်၏ ခန္ဓာကိုယ် စည်းချက်ကျကျလှုပ်ရှားလာနိုင်သည်နှင့် အသက်ရှူလေ့ကျင့်ခန်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲမှ ဂိတ်တံခါးများအား ဖွင့်နိုင့်မည့်အမြုတေအား ရရှိသွားလိမ့်မည်ပင်။

‘ဝိညာဉ်’ လက်ဆင့်ကမ်းပေးသည်မှာ သန့်စင်ခြင်းဓလေ့ကဲ့သို့ပင်။

မိုးကြိုးအသက်ရှူလေ့ကျင့်ခန်းတွင်လည်း သူတို့သည် ‘ပုံစံ’ကိုသာ ရရှိထားခြင်းဖြစ်သောကြောင့် လေ့ကျင့်ခန်း၏ အကျိုးသက်ရောက်မှုမှာ အကောင်းဆုံးမဟုတ်။ ဤသည်မှာ သူတို့ကို ‘ဝိညာဉ်’ လက်ဆင့်ကမ်းပေးမည့်သူမရှိ၊ သူတို့အား ‘သန့်စင်ခြင်းဓလေ့’အား လုပ်ဆောင်းပေးမည့်သူ မရှိသောကြောင့်ပင်။

ရွှမ်းထျန်မြို့နှင့် လီပေါင်းများစွာ ဝေးကွာသည့်နေရာ၌ ရောက်နေသည့် နွားဝါလေးမှာ တရှူးရှူးတရှဲရှဲဖြစ်နေသည်။ “သွားသေလိုက်လေ .. ဘာအကြောင်းနဲ့မှ မင်း တစ်ခြားသူကို လက်ဆင့်ကမ်းပေးမှာကို ခွင့်မပြုနိုင်ဘူး .. မင်းကို ပေးမိတာတောင် ငါ့အမှားပဲ” နွားဝါလေး ပြန်ဖြေလာသည်။

“မင်းဘာလို့ အဲဒီလောက် အလေးအနက်ကြီး ဖြစ်နေတာလဲ..” ချူဖုန်းမှာ အရေထူသည့်သူပင်။ သူ့အား အသက်ရှူလေ့ကျင့်ခန်း၏ ‘ဝိညာဉ်’အား လက်ဆင့်ကမ်းပေးနိုင်မည့် နည်းလမ်းအား မေးနေဆဲပင်။

“မူး..”

နွားဝါလေး ဒေါသတကြီးဖြင့် သူ့ဖုန်းကို တွန်းထုတ်ပစ်လိုက်သည်။ ဤသည်မှာ ဟာသမဟုတ်ကြောင်း နွားဝါလေး သူ့ကို ပြောလာသည်။ နောင်ကျလျှင် သူ မည်သူ့ကိုမှ အသက်ရှူလေ့ကျင့်ခန်းအား လက်ဆင့်ကမ်းပေးမည်မဟုတ်ကြောင်း ပြောလာသည်။ မဟုတ်လျှင် သူတို့နှစ်ဦးလုံးအတွက် ကပ်ဆိုးကြီး ကျရောက်လာလိမ့်မည်။

“ဘာလို့လဲ..” ချူဖုန်း မေးလိုက်သည်။

ဤအသက်ရှူလေ့ကျင့်ခန်းမှာ ပထမတန်းစား လေ့ကျင့်ခန်းဖြစ်ကြောင်း၊ ဤလေ့ကျင့်ခန်းနှင့် မိုးကြိုးအသက်ရှူလေ့ကျင့်ခန်းမှာ မိသားစုအတွင်းသာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရသည့်ပညာဖြစ်ကြောင်း ပြောလာသည်။

ဤကိစ္စကို သူ သိုသိုသိပ်သိပ်သာ လုပ်ရမည်ဖြစ်ကြောင်း နွားဝါလေး သတိပေးလာသည်။ တတိယမြောက်လူသာ သိသွားလျှင် တစ်နေ့ သူတို့ အဆုံးသတ်သွားလိမ့်မည်။

တစ်နေ့ သူတို့နှစ်ဦးလုံး သူတော်စင် သို့မဟုတ် နတ်ဘုရားဖြစ်သွားလျှင်တော့ ထို ‘အမြုတေ’ မှာ လုံးဝ လျှို့ဝှက်ချက်တစ်ခု ဖြစ်သွားမည်ပင်။

“ငါက အပြင်လူကို မျှဝေပေးလို့ရတယ် .. ဘာလို့လဲဆိုတော့ ငါက ဒီပညာကို တရားမျှမျှတတ ရခဲ့တာ .. ဒါပေမဲ့ မင်းကတော့ မတူဘူး..” နွားဝါလေး ထပ်ပြောလာသည်။

ချူဖုန်း ဆွံ့အသွားရ၏။ အသက်ရှူလေ့ကျင့်ခန်းကို လျှို့ဝှက်ထားသင့်ကြောင်း သူ နားလည်လာရသည်။

“ဒီလောကမှာ သူတော်စင်ဖြစ်အောင် လုပ်ရမယ်..”

ဤသည်မှာ မူလက နွားဝါလေး၏ ရည်မှန်းချက်ဖြစ်သော်လည်း ယခုတော့ ချူဖုန်း၏ ရည်မှန်းချက်လည်း ဖြစ်သွားလေပြီ။ သူလည်း သူတော်စင်တစ်ပါး ဖြစ်ချင်သည်။

ထို့နောက် သူ သူ့မိဘများကို အသက်ရှူလေ့ကျင့်ခန်း’ပုံစံ’အား လက်ဆင့်ကမ်းပေး၍ရလားဟု မေးလိုက်သည်။

ရသည်ဟု နွားဝါလေး ပြောလိုက်သည်။ “ဒါက ငါတို့ မိုးကြိုးအသက်ရှူလေ့ကျင့်ခန်းနဲ့အတူတူပဲ .. အသက်ရှူလေ့ကျင့်ခန်း ‘ပုံစံ’က ဘယ်တုန်းကမှ လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ဘူး .. အပြင်လောကမှ ပျံ့နေတာ တော်တော်လေးတောင် ကြာနေပြီ”

နံနက်ခင်း နေရောင်ခြည်တောက်ပလာသည့်အချိန် ချူဖုန်း သူ့မိဘများအား အသက်ရှူလေ့ကျင့်ခန်းကို စသင်ပေးလိုက်သည်။ အသက်ရှူလေ့ကျင့်ခန်းကို နံနက်ခင်းလေ့ကျင့်လျှင် အကောင်းဆုံးပင်။

“အဟွတ်..”

ထင်ထားသည့်အတိုင်း ပထမဆုံးအကြိမ်တွင် သူတို့နှစ်ဦးလုံး သီးမလိုဖြစ်သွားကြသည်။ ချူဖုန်းလည်း ဤကဲ့သို့သော အမှားမျိုး ဖြစ်ခဲ့ဖူးသည်ပင်။

ဤစုံတွဲအတွက် ‘ပုံစံ’ပင်လျှင် ခက်ခဲနေပြီဖြစ်သည်။ သူတို့ ဤသည်ကို ကျွမ်းကျင်ရန် အချိန်လိုအပ်လိမ့်မည်။

သို့သော် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် သူတို့သည် ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကို လျင်မြန်စွာပင် ကျွမ်းကျင်သွားကြသည်။ ဤသည်မှာ ချူဖုန်းကို ထိတ်လန့်သွားစေသော်လည်း အနည်းငယ်လည်း စိတ်သက်သာရာရသွားစေသည်။

“ဖုန်း သားအဖေတို့နား နေ့နေ့ညည နေစရာမလိုတော့ဘူး .. ဒီအသက်ရှူလေ့ကျင့်ခန်းက အဖေတို့ကို ကျန်းမာရေးကောင်းစေတယ် .. ပြီးတော့ အဖေတို့က ဆရာတစ်ယောက် ဖြစ်ချင်တာလဲမဟုတ်ဘူး .. တကယ်တော့ အဖေတို့က သားကိုပိုပြီး စိတ်ပူတာ .. ပြော .. အခုတလော သား ဘာတွေ ကြုံတွေ့နေရတာလဲ..”

အားလုံး တည်ငြိမ်သွားသည့်အချိန် ချူကျင်းယွမ် မေးလိုက်သည်။

ချူဖုန်း တွေဝေနေသော်လည်း နောက်ဆုံးတွင် လွန်ခဲ့သည့်ရက်သတ္တပတ်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။ အန္တရာယ်များသည့် အဖြစ်အပျက်များကိုတော့ စကားလုံးအနည်းငယ်ဖြင့်သာ ကျော်ချသွားလိုက်၏။ သူ့မိဘများကို သူ့အတွက် စိတ်မပူစေချင်။

ထိုစုံတွဲမှာ ထိတ်လန့်သွားရသည်။ ချူဖုန်း သူ့အတွေ့အကြုံများအား ပြန်ပြောပြသည့်အချိန် သူတို့နှစ်ဦးလုံး ပြောစရာစကားများ ပျောက်ရှသွားရသည်။

“ဖုန်း .. သား ဒဏ်ရာရထားသေးလား..” ဝမ်ကျင်း ကြောက်လန့်တကြား မေးလိုက်သည်။

“မရပါဘူး အမေ .. သား အဆင်ပြေတယ် .. ကြည့်လိုက်လေ .. အမေ့သားက အခုဆိုရင် စွမ်းအားအကြီးဆုံးလူပဲ .. ဘယ်သူ့ ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။

“မူမိသားစုနဲ့ အဲဒီ မစ္စရှုနှစ်ယောက်လုံးက ကျွန်တော့်အတွက် ပြဿနာဖြစ်နေတယ်” ချူဖုန်း တီးတိုးပြောလိုက်သည်။

“အမေ သဘောတူတယ်..” ဝမ်ကျင်း ပြောလိုက်သည်။ “သားက ဒီတစ်ခေါက် သန္ဓေပြောင်းလူ ၁၃ ယောက်လုံးကို ရှင်းပစ်ခဲ့တာဆိုတော့ အဲဒီအမျိုးသမီးက သားအကြောင်း သိသွားမှာပဲ..”

ချူဖုန်း ခေါင်းညိမ့်လိုက်၏။ သူမ ပြောသည်မှာ မှန်သည်။ သန္ဓေပြောင်းလူ ၁၃ ဦးလုံး တစ်ပြိုင်နက်တည်း ပျောက်သွားလျှင် ထိုအမျိုးသမီး ထိတ်လန့်ကာ အံ့အားသင့်သွားလိမ့်မည်။ ဤသည်မှာ သူမ နှလုံးသားကို အက်ကွဲသွားစေသည့် သတင်း ဖြစ်လိမ့်မည်ပင်။ ထို့အပြင် သူနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း သူမ သတိထားမိလိမ့်မည်။

သို့သော် သူ့ထံတွင် ရွေးချယ်စရာမရှိခဲ့။ သူ့ရန်သူများကို သူ့မိဘများအား ထိခိုက်ခွင့် ပေးလိုက်ရမည်လား..

“သားမှာ ဘာအစီအစဉ်ရှိလဲ..” ချူကျင်းယွမ် မေးလိုက်သည်။

“ဟုတ် ရှိတယ်..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ သူ မည်သူဖြစ်သည်ကြောင်း ပေါ်သွားသကတည်းက သူ အစီအစဉ်ဆွဲခဲ့ခြင်းပင်။

“အဖေ စဉ်းစားကြည့်ရအောင်..” ချူကျင်းယွမ် တိတ်ဆိတ်သွားသည်။ ဤကိစ္စမှာ သူ့သားလုံခြုံရေး၊ သူ့မိသားစု လုံခြုံရေးနှင့် ဆက်စပ်နေသောကြောင့် သူ့ထံတွင် တစ်မိသားစုလုံး လုံခြုံစေမည့်အစီအစဉ် ရှိရမည်ပင်။

“သားက စွမ်းအားကြီးတဲ့ တိုက်ခိုက်ရေးသမားဖြစ်နေတော့ အခုတော့ သူတို့ သားကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး .. ဒါပေမဲ့ သူတို့မှာ ဘယ်လိုမကောင်းတဲ့စိတ်ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး .. ကောက်ကျစ်တဲ့လူတွေကို ကိုင်တွယ်ရ အခက်ဆုံးပဲ .. ပြီးတော့ သူတို့တွေက အဖေနဲ့မင်းအမေကို ဓားစာခံခေါ်သွားပြီး သားကို ခြိမ်းခြောက်နိုင်တယ်” ချူကျင်းယွမ် ပြောလိုက်သည်။

“ဟုတ်တယ် .. ကျွန်တော် သူတို့ကို မကြောက်ပေမယ့် အဖေတို့က ကျွန်တော့် အားနည်းချက်ပဲ” ချူဖုန်း ပြောလိုက်သည်။

“သားက စွမ်းအားကြီးတဲ့တိုက်ခိုက်ရေးသမားဆိုတာမှန်တယ် .. ဒါပေမဲ့ ‘စည်းရိုးကို တုတ်သုံးချောင်းနဲ့ထောက်ရသလို လုပ်နိုင်စွမ်းရှိတဲ့လူတစ်ယောက်လည်း တစ်ခြားလူသုံးဦးအကူအညီလိုအပ်တယ်’ ဆိုတဲ့ ဆိုရိုးလိုပဲ .. အခု သား တစ်ဘက်ဘက်ကို ရွေးဖို့ အချိန်ရောက်ပြီ” ချူကျင်းယွမ် ပြောလိုက်၏။

ချူဖုန်း ခေါင်းညိမ့်လိုက်၏။ ဤသည်မှာ သူ တွေးနေသည့်အကြောင်းပင်။

“ဘောဓိက ဒိမ်ဒီနဲ့ယှဉ်နိုင်တယ် .. ပြီးတော့ ပရီချင်းသုတေသနကျောင်း၊ ကုန်းမြေယဉ်ကျေးမှုကျောင်း၊ ထုံဂုအဖွဲ့အစည်းလိုမျိုး ကုမ္ပဏီကြီးတွေလည်း ရှိသေးတယ်” ချူကျင်းယွမ် သူ့သားအတွက် အကြံတစ်ချို့ ပေးလိုက်သည်။

နောက်ပိုင်းတွင် ကုမ္ပဏီကြီးများ၏ စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ စုန့်တောင်မှ တိုက်ပွဲများ ဖြစ်ပွားပြီးသည့်နောက်တွင် တိုင်းပြည်မှ ကုမ္ပဏီကြီးများ၏ အင်အားကို အားလုံး သိသွားကြရသည်။

“သားပြောတာမှန်တယ် .. တကယ်တော့ အကြီးဆုံး ကုမ္ပဏီတစ်ခု ရှိသေးတယ်..” ချူကျင်းယွမ် ပြုံး၍ ပြောလိုက်သည်။

“ဘာကုမ္ပဏီလဲ..” ဝမ်ကျင်း မေးလိုက်သည်။

“အစိုးရပေါ့..” ချူဖုန်း ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် တစ်ခြားသူတွေရဲ့ အမိန့်အောက်မှာ အလုပ်မလုပ်နိုင်မှာစိုးတယ်..” သူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“အဲဒီလိုမဖြစ်လောက်ပါဘူး .. အစိုးရက သူတို့စစ်တပ်အင်အားကို လုပ်နိုင်စွမ်းရှိတဲ့သန္ဓေပြောင်းလူတွေနဲ့ ဖြည့်ဖို့လိုနေတာ .. သား အရည်အချင်း ရှိနေသရွေ့ သူတို့အဖွဲ့ထဲမှာ လွတ်လွတ်လပ်လပ်နေလို့ရမှာပဲ .. သား စိတ်ဝိညာဉ်ကို သူတို့ဆီ နှစ်မြှုပ်ထားရင် သူတို့တွေသားကို လွတ်လပ်ခွင့်ပေးမှာပဲ..” ချူကျင်းယွမ် ပြောလိုက်သည်။

“အဲဒါဆို ကျွန်မတို့ဘာကို စောင့်နေမှာလဲ .. မြန်မြန် .. ရှင့်သူငယ်ချင်းကို မြန်မြန်ဖုန်းခေါ်ပြီးတော့ ကျွန်မတို့သားအတွက် စာရင်းသွင်းလိုက်..” ဝမ်ကျင်း ဆော်ဩလိုက်သည်။

သူ့အဖေထံတွင် စစ်တပ်၌ အလုပ်လုပ်နေသည့် သူငယ်ချင်းဟောင်းတစ်ယောက် ရှိသည်ပင်။ ချူဖုန်း ယခင်က သူနှင့် တစ်ခေါက်တွေ့ဖူးသော်လည်း သိပ်မမှတ်မိတော့။ ထိုလူနှင့်သူ့အဖေ ဆက်ဆံရေးကောင်းသည်ကိုသာ သိတော့သည်။

သို့သော် ချူဖုန်း မျက်နှာထက်၌ ထူးဆန်းသည့်အကြည့် ရှိနေသည်။ သူ့အဖေက ဘယ်တုန်းက စစ်တပ်က အရာရှိကြီးနဲ့ သိသွားတာလဲ..

“သားထင်ထားသလို မဟုတ်ဘူး.. သူက စာရင်းပိုင်းကလူ” ချူကျင်းယွမ် ပြုံး၍ ပြောလိုက်သည်။

“ဒါပေမဲ့ သူက စစ်တပ်က ရာထူးကြီးတွေနဲ့သိတယ် .. သူ့ကို သားအတွက် ပြောပေးဖို့ ပြောလို့ရတယ်..” ချူကျင်းယွမ် ပြောလိုက်သည်။

ချူကျင်းယွမ်သူ့အခန်းထဲ ဝင်သွားပြီး သူ့သူငယ်ချင်းအား ဖုန်းခေါ်လိုက်သည်။

ခဏကြာပြီးနောက် အခန်းထဲမှ ပြန်ထွက်လာကာ သူ့မိသားစုအား အရေးကြီးသတင်းများ ပြောပြလိုက်သည်။

“အဖေသိရသလောက်တော့ ကျားဖြူလည်း အစိုးရအတွက် အလုပ်လုပ်နေတာ .. ပုံမှန်အားဖြင့် သူက ကမ္ဘာတစ်ဝှမ်းလုံးကို ပတ်သွားလို့ရတယ် .. သူတို့လိုအပ်တဲ့အချိန်မှပဲ ကူညီပေးရတာ”

ဤသည်မှာ ခုန်းဂင်၊ ကျားဖြူနှင့် မီးဝိညာဉ်တို့နှင့် စွမ်းအားချင်းယှဉ်နိုင်သည့်သူဆိုလျှင် လွတ်လပ်ခွင့်ရလိမ့်မည်ဟု ဆိုလိုခြင်းပင်။

“ကျွန်တော့်အတွက် ပြဿနာမရှိဘူး..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ စွမ်းအားတစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် သူဘာမှ ကြောက်စရာမရှိ။

“သားသာ အစိုးရအဖွဲ့ထဲဝင်ရင် သားအတွက် တစ်ခြားအကျိုးကျေးဇူးတွေ အများကြီးလည်း ရလာနိုင်တယ် .. ဥပမာအားဖြင့် အပြင်မှာ မရှိတော့တဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်ရမယ်၊ နောက်ဆုံးသတင်းတွေကိုလည်း ဘယ်သူမှ မသိခင် သိရမယ်၊ သူတို့တွေက အဖွဲ့ဝင်တွေရဲ့ မိသားစုတွေကိုလည်း ကာကွယ်ပေးလိမ့်မယ်” ချူကျင်းယွမ် ပြောပြလိုက်သည်။

ချူဖုန်းစိတ်ဝင်စားသွားရသည်။ သူတို့ကမ်းလှမ်းသည့်အရာအားလုံး သူ့အတွက် ဆွဲဆောင်မှု ရှိနေသည်။

အစိုးရမှလွဲလျှင် ပျောက်ဆုံးနေသည့် ကိုယ်ခံပညာစာအုပ်များကို မည်သူက သိမ်းထားနိုင်မည်နည်း.. မည်သူက သူ့မိသားစုလုံခြုံရေးကို စစ်တပ်ထက် ပိုထောက်ပံ့ပေးနိုင်မည်နည်း.. မည်သူမှ မပေးနိုင်။

“ဒါပေမဲ့ သူတို့တွေက ဒါကို အလကားပေးမှာတော့ မဟုတ်ဘူး .. သားရဲ့ အားထုတ်မှုလိုတယ် .. သား သူတို့အတွက် များများလုပ်ပေးလေလေ သူတို့ဆီကနေ များများ ရလေလေပဲ .. အစိုးရကို ဘာမှမလုပ်ပေးရင် အစိုးရကလည်း ဘာမှပေးမှာမဟုတ်ဘူး .. သူတို့ကာကွယ်ပေးတဲ့အတိုင်းအတာတောင်မှ သားသူတို့အပေါ်လုပ်ပေးတဲ့အတိုင်းအတာပေါ် မူတည်မှာ..” ချူကျင်းယွမ် ပြောလိုက်သည်။

ဤကဲ့သို့သော သတင်းမျိုးကို သေချာပေါက် လူထုအား ချပြမည်မဟုတ်ပေ။ စစ်တပ်နှင့် အဆက်အစပ်ရှိသည့်သူများသာ ဤဥပဒေသအကြောင်းကို သိလိမ့်မည်။

“အန္တရာယ်များလား..” ဝမ်ကျင်းမေးလိုက်သည်။ ဤသည်ကိုသာ သူမဂရုစိုက်သည်။ သူမသား ဘေးကင်းနေသည်ကိုသာ သူမ မြင်ချင်သည်။

“ဒါက မင်း ဘယ်လိုရွေးချယ်မလဲဆိုတာနဲ့ မင်းဘာလုပ်နိုင်လဲဆိုတာပေါ် မူတည်တာ .. တစ်ချိုု့မစ်ရှင်တွေက လွယ်ပေမယ့် တစ်ချို့က မလွယ်ဘူး .. အခုတော့ လူတွေကို စောင့်နေတဲ့ မစ်ရှင်ကြီးတစ်ခုရှိနေတယ်” ချူကျင်းယွမ်‌ လေးနက်စွာ ပြောလိုက်သည်။

“ဘယ်တစ်ခုလဲ..” ချူဖုန်း မေးလိုက်သည်။

“ယွင်နန်-ကွေ့ကျီကုန်းပြင်မြင့်မှာ အဲဒီဝံပုလွေ ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်လာလဲသိလား .. သားရဲတွေက ဘာလို့ လူသားတွေကို ရုတ်တရက်ကြီး တိုက်ခိုက်လာလဲသိလား .. သူတို့ရည်ရွယ်ချက်က အစိုးရကို သူတို့လက်ရှိလုပ်နေတာကနေ အာရုံလွဲဖို့ပဲ”

“ကုမ္ပဏီကြီးတွေ နာမည်ကြီးတဲ့ တောတောင်တွေ၊ မြစ်တွေကို ပိုင်ဆိုင်ခွင့်ရဖို့ တိုက်ခိုက်နေကြတဲ့အချိန်မှာ အစိုးရလည်း ဝင်ပြိုင်ဖို့ ပြင်ဆင်နေပြီ .. သူတို့က အနည်းဆုံး နာမည်ကြီးတောင်နှစ်ခု ရမှဖြစ်လိမ့်မယ် .. ပြီးတော့ အစိုးရအတွက်ဆို စစ်တပ်က ပြည်သူတွေရဲ့အသက်တွေ၊ လက်နက်ကြီးကြောင့် တောင်တွေ ပျက်စီးသွားမှာတွေကို ဂရုမစိုက်နေမှာမဟုတ်ဘူး..” ချူကျင်းယွမ် ပြောလိုက်သည်။

ချူဖုန်း ထိတ်လန့်သွားခဲ့ရသည်။

“နာမည်ကြီးတောင်တွေအားလုံးထဲမှာမှ သူတို့ အလိုချင်နေဆုံး တောင်တစ်လုံးရှိတယ်..” ချူကျင်းယွမ် ပြောလိုက်သည်။

“ဘယ်တစ်ခုလဲ..”

“မင်းဆက်တွေအားလုံး သွားကြတဲ့ နေရာတစ်ခု”

ထိုတောင်သည် ယခင်က မြင့်မြတ်သည့်နေရာတစ်ခု ဖြစ်သော်လည်း ယခုတော့ အပျက်အစီးများသာ ရှီတော့သည်။ တောင်တန်းတစ်လျှောက် သွေးစွန်းထင်းသွားလေပြီ။ တောင်သည် ညအချိန်တွင် ရွှေပုံကဲ့သို့ ထွန်းလင်းတောက်ပနေသော်လည်း အထဲဘက်တွင် အသက်မဲ့သည့်အလောင်းများ၊ သွေးစီးကြောင်းများ ပြည့်နှက်နေသည်။ ထိုမြင်ကွင်းတစ်ခုတည်းဖြင့်ပင်လျှင် လူအများ၏နှလုံးကို တုန်လှုပ်စေနိုင်သည်။

အပိုင်း ၈၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset