ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၈ – ကမ္ဘာမြေပေါ်၌ လမ်းလျှောက်နေသည့် နတ်ဆိုး
ဤလူကို ဖမ်းပြီး သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရုံဖြင့် သူ့ရင်ထဲမှ ဒေါသကို ဖြေဖျောက်နိုင်မည်မဟုတ်။ ဤလူမှာ ရက်စက်ကောက်ကျစ်လွန်းလှသည်။
မြေပြင်ထက်၌ ရှိနေသည့်လူကတော့ ညည်းတွားနေလေသည်။ သူ့အဝတ်အစားများမှာ ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။
ချူဖုန်း ထိုလူနားကပ်လိုက်ပြီး သူ့ခြေထောက်ကို ထပ်မြှောက်လိုက်သည်။
“မသတ်ပါနဲ့ .. ကျွန်တော့်ကို မသတ်ပါနဲ့..” ထိုလူ တောင်းပန်လာသည်။
“ဒီလိုတောင်းပန်မှုမျိုးကို ကျုပ်အိမ်မှာတုန်းက မတွေ့ခဲ့ရပါဘူး .. ကျုပ်မိဘတွေက ခံစားရမယ့်ပုံစံရွေးခိုင်းနေတာ ခင်ဗျား မဟုတ်ဘူးလား .. ခင်ဗျားက ကိုယ့်ကိုကိုယ် အရမ်းတွေ မြင့်မြတ်တဲ့ပုံ လုပ်ခဲ့တာ မဟုတ်ဘူးလား .. ခင်ဗျားက ကြက်အုပ်ထဲက ကြက်ထီးလိုမျိုး ဝံ့ကြွားနေခဲ့တာလေ .. အခုမှ ဘာလာကြောက်ပြနေတာလဲ..”
ချူဖုန်း ထိုလူကို ငုံ့ကြည့်ပြီးနောက် ဘုန်းကနဲ ထိုလူ၏ရင်ဘတ်ကို ကန်ထည့်လိုက်သည်။ ထိုလူသည် အနားမှ သစ်ပင်နှင့် ဝင်ဆောင့်မိသွားလေသည်။
သစ်ပင်ကြီးတုန်ခါသွားကာ သစ်ရွက်များလည်း မြေပြင်ထက်သို့ ကြွေကျလာသည်။
ထိုလူသည် ဘိလပ်မြေဖျော်စက်ထဲမှ ဘိလပ်မြေများကဲ့သို့ မြေပြင်ပေါ်၌ ထွန့်ထွန့်လူးနေပြီဖြစ်သည်။ ထိုကန်ချက်မှာ အားပြင်းလွန်းလှသောကြောင့် သူ့နံရိုးများစွာ ကျိုးသွားလေပြီ။ သူ မျက်ရည်ကျမတတ် ဖြစ်နေလေပြီ။
တကယ်တမ်းတွင် ချူဖုန်း ဘာအားမှ ထည့်မထား။ သူသာ အားထည့်လိုက်လျှင် လူသားခန္ဓာကိုယ်မပြောနှင့် အမာကျောဆုံး ကျောက်တုံးပင်လျှင် တစ်စစီ ပေါက်ကွဲသွားလိမ့်မည်။
“စကားပြောရအောင် .. အားလုံးကို စကားပြောပြီး ဖြေရှင်းလို့ရတယ်လေ ဟုတ်တယ်မလား..” ထိုလူ ထထိုင်ရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ခံစား၍မရတော့ကြောင်း သူ တွေ့လိုက်ရသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် ပုံပျက်နေသည့် ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ့ကို လုံးဝထိတ်လန့်သွားစေသည်ပင်။
“မလုပ်ပါနဲ့ .. ကျွန်တော့်ကို မရိုက်ပါနဲ့တော့ .. ကျွန်တော် ပူးပေါင်းပေးပါ့မယ် .. ကျွန်တော့်ကို မသတ်သရွေ့ ခင်ဗျားဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်..” သူ တုန်လှုပ်စွာ ပြောလိုက်သည်။
ကြောက်ရွံ့မှုကြောင့် သူ့စိတ်ဓာတ် ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
အမှောင်ညထဲမှာပင် သူ့ရှေ့၌ ရပ်နေသည့် လူငယ်လေး၏မျက်နှာထက်မှ အေးစက်မှုကို သူမြင်နေရသည်။ သူ့မျက်နှာထက်တွင် တည်ငြိမ်ခြင်းနှင့် ထူးမခြားနားမှုသာ ရှိနေသည်။ သူ့အတွက်တော့ ချူဖုန်းသည် ကမ္ဘာပေါ်၌ လမ်းလျှောက်နေသည့် နတ်ဆိုးတစ်ကောင်သာ။
တကယ်တမ်း သူ ချူဖုန်းကို ကြောက်နေသည်မှာ ချူဖုန်း၏ စွမ်းအားကြောင့်ပင်။
ချူဖုန်းသည် အော်သံတစ်ခုတည်းဖြင့် သူ၏ဝိညာဉ်သံလိုက်စက်ကွင်းကို ဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် သူ၏အရှိန်မှာ ဝိညာဉ်ထက်ပင် မြန်နေသေးသည်။
သူသည် အလင်းထက်ပိုမြန်သည့်အရှိန်ဖြင့် သူ့ခန္ဓာကိုယ်ထံ ပြန်လာခဲ့သော်လည်း သူမျက်လုံး ဖွင့်လိုက်သည့်အချိန်တွင် ချူဖုန်း သူ့ရှေ့ ၌ ရှိနေလေပြီ။
သူ ဘယ်လိုလုပ် မကြောက်ပဲ နေမည်နည်း..
“မင်းကို အသက်ရှင်လျက်ထားလို့ ဘာအကျိုးကျေးဇူးရမှာလဲ..” ချူဖုန်း မေးလိုက်သည်။
“ကျွန်တော်..” ထိုလူသည် ပါးစပ်ဟလာသော်လည်း တွေဝေနေသည်။ သူသာ သစ္စာဖောက်လျှင် မည်ကဲ့သို့သော အပြစ်ပေးမှု စောင့်ကြိုနေမည်ကို သူ့ထက် မည်သူမှ ပိုမသိ။
“ကြည့်ရတာ ခင်ဗျားက မပူးပေါင်းချင်ဘူးထင်တယ်” ချူဖုန်း ပြောလိုက်ကာ ထိုလူ့ရင်ဘတ်ကို ဘုန်းကနဲ ထပ်ကန်လိုက်သည်။
ထိုလူ လေထဲ လွင့်ထွက်သွားပြီး ချုံထဲ ကျသွားသည်။ သူ့အရိုးကျိုးသံများကို သူပြန်ကြားလိုက်ရလေ၏။ သူ့အဆုတ် ဖိခံလိုက်ရပြီး သူ အသက်ရှူရ ခက်ခဲလာသည်။
အကြောက်တရားမှာ သူ့အသိစိတ်ကို ဝါးမြိုသွားလေပြီ။ သူသာ ဤနေရာ၌ သေဆုံးသွားလျှင် မည်သူမှ သိမည်မဟုတ်။ သူ၏စွမ်းရည်နှင့် အောင်မြင်မှုများအားလုံးကို မည်သူမှ သိတော့မည်မဟုတ်ပေ။ သူသည် လူတစ်ယောက်၏ ခြေဖဝါးအောက်၌ သေသွားသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေဆုံးသွားလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဤလူငယ်လေး မည်မျှစွမ်းအားကြီးသည်ကို သူ ဆန်းစစ်ကြည့်လိုက်သည်။ “သူက ခုန်းဂင်နဲ့ ငွေတောင်ပံနှစ်ယောက်ပေါင်းထက်တောင် ပိုစွမ်းအားကြီးလောက်တယ်..” သူ့ကိုယ်သူ စဉ်းစားလိုက်သည်။
ဤသို့ စဉ်းစားမိသည်နှင့် သူ တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး မှားယွင်းနေကြလေပြီ။ သူတို့သည် သူတို့ပြိုင်ဘက်၏စွမ်းအားကို လျှော့တွက်ခဲ့ကြသည်။ ယခု ဤအမှားကို ပြန်ပြင်၍မရတော့။
ကျန်းနင်မှ အမျိုးသမီးသည် ရက်စက်ကာ အညှာအတာမဲ့သော်လည်း သူမပြိုင်ဘက်အကြောင်း သူမ ဘာမှမသိ။ သူမ ဆုံးဖြတ်ချက်တိုင်းမှာ မှားယွင်းနေပြီး ခန့်မှန်းမှုတိုင်းလည်း မမှန်။ သို့သော် ယခု သူ နောက်ပြန်လှည့်၍မရတော့။
“မင်း သိချင်တာအားလုံးကို ပြောပြမယ် .. ဒါပေမဲ့ မင်း ငါ့ကို လွှတ်ပေးရမယ်..” သူ တိုးလျစွာ ပြောလိုက်သည်။
ချူဖုန်း ဘာမှမပြောပဲ သူ့ကိုသာ စိုက်ကြည့်နေသည်။
“မင်း ခန့်မှန်းထားသလိုပဲ ငါက ကျန်းနင်ကလာတာ .. ငါ့ကို လင်းမိသားစုရဲ့ ချွေးမ လုပ်ခိုင်းခဲ့တာ .. သူက အညှာအတာမရှိတဲ့သူ အဲဒီတော့ သူ့အမိန့်ကို ဘယ်သူမှ မလွန်ဆန်ရဲဘူး .. သူ ငါ့ကို ဒီလိုလုပ်ခိုင်းလို့ ငါလုပ်ရတာ..”
ထိုလူ သူ့ကိုယ်သူ အပြစ်ပေါ့အောင် ပြောလာသည်။
ချူဖုန်း ဤလူ့ကို စာနာပေးစရာအကြောင်းပြချက်မရှိ။ ထိုအမျိုးသမီးသည် နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သော်လည်း ဤကဲ့သို့သော နှိပ်စက်မှုများ ပြုလုပ်ရန် သူမ အမိန့်မပေးခဲ့။ ဤလူ၏ ရက်စက်သည့်သဘာဝကြောင့် ဤကဲ့သို့ လုပ်လာခြင်းပင်။ ထိုအမျိုးသမီးသည် စတင်သူဖြစ်သော်လည်း ဤလူကတော့ လက်တွေ့လုပ်ဆောင်သူပင်။ သူ ချူဖုန်းမိသားစုအား လုပ်ထားသည့်အမှားများအတွက် သူ ခွင့်လွှတ်မည်မဟုတ်။
“ဒါတွေက ကျုပ်သိပြီးသားတွေ .. ကျုပ်အတွက် အသုံးမဝင်ဘူး..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
ထိုလူမှာ ပို၍ပင် တုန်လှုပ်လာသည်။ တစ်ခဏခန့် တွေဝေနေပြီးနောက် “ကျုပ်တို့ စုစုပေါင်း ၁၃ ယောက်ရှိတယ်..” သူ ပြောလာသည်။
ယခုအချိန်မှာ သူ့အလုပ်ရှင်မှ အပြစ်ပေးမပေးကို သူ စိုးရိမ်နေရမည့်အချိန်မဟုတ်။
“သူတို့တွေ ဘယ်မှာလဲ..” ချူဖုန်း မေးလိုက်သည်။ သူသည် ဤလူပြောသည်ကို အာရုံစိုက်နားထောင်နေသော်လည်း သူ့မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ မရှိ။
မြေပြင်ပေါ်မှ အမျိုးသား သက်ပြင်းချလိုက်သည်။ ယခုအချိန်တွင် သူသည် ကျန်းနင်မြို့မှ လူများ၏ရန်သူဖြစ်သွားလေပြီ။
“သူတို့တွေက ဗီလာတစ်ခုထဲ နေနေကြတာ..”
သူသည် အခြားသန္ဓေပြောင်းလူ ၁၂ ဦး၏ စွမ်းရည်များကို ဖွင့်ဟပြောကြားလာသည်။
ဤလူ ၁၂ ယောက်မှာ ယခင်တစ်ခေါက်က သူ့မိဘများအား ဖမ်းဆီးရန် ကြိုးစားသည့်သူများဖြစ်လိမ့်ဖြစ်ကြောင်း ချူဖုန်း ခန့်မှန်းမိသည်။
ကံကောင်းစွာဖြင့် အခြားလူတစ်စု အချိန်မှီပေါ်လာကာ သူတို့ကို တားဆီးနိုင်ခဲ့သည်။ ထိုလူများကို ဦးဆောင်နေသည့်သူမှာ လင်းနွိုင်ဖြစ်လိမ့်မည်ဟု သူ ထင်သည်။
တစ်ချိန်တည်းမှာပင် သူ ထိုအုပ်စုထဲ၌ မပါခဲ့ကြောင်း ဤလူ ပြောလာသည်။
ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤလူသာ ထိုအုပ်စုထဲ၌ ပါခဲ့လျှင် အလွန်အန္တရာယ်များလိမ့်မည်။ ခန္ဓာကိုယ်မှ ဝိညာဉ်ခွဲထုတ်နိုင်သည့်သူမှာ ဘယ်မှမသိခင် ကိစ္စများစွာ လုပ်သွားနိုင်သည်။
“ငါ သိသမျှ မင်းကို ပြောပြသမျှပြီးသွားပြီ .. ငါ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..” ထိုလူ တောင်းပန်တိုးလျှိုးလာသည်။
ချူဖုန်း ဘာမှပြန်မပြောပဲ စဉ်းစားနေလိုက်သည်။
ကျန်းနင်မှ အမျိုးသမီးသည် သူ နွားနတ်ဘုရားဖြစ်သည်ဟူသည့် သံသယကို လက်လွှတ်လိုက်ပြီဖြစ်ကြောင်း သူယုံကြည်သည်။ မဟုတ်ပါက သူမ၏လှုပ်ရှားမှုများမှာ ဤထက်ပင် ပိုပြင်းထန်လိမ့်မည်။
ချူဖုန်း သူ့ကို ပို၍ပင် မုန်းတီးလာသည်။ သူ့အတွက်တော့ ဤအမျိုးသမီးမှာ စက်ဆုပ်ရွံစရာကောင်းသည့်လူတစ်ဦးသာ။ သူမသည် အကြောင်းရင်းမရှိပဲ သူ့ကို ထိခိုက်အောင် လုပ်ချင်နေသည်။
ချူဖုန်း တစ်ခုခုကို တွေးနေကြောင်း မြေပြင်ပေါ်မှလူ သတိထားမိသွားသည်။ သူ့နှလုံးခုန်နှုန်းများ ရုတ်တရက် မြန်ဆန်လာပြီး သူ့မျက်လုံးထဲတွင် အပြာရောင်အလင်းတန်းများ လှုပ်ရှားလာသည်။
သူ သိသမျှအားလုံး ပြောပြနေသော်လည်း အဆုံးတွင် ဤလူငယ် သူ့ကို သတ်ပစ်မည်ဖြစ်ကြောင်း သူသိသည်။
သူ အံကြိတ်လိုက်သည်။ ရုတ်တရက် အပြာရောင်အလင်းလုံးလေးသည် သူ့ခန္ဓာကိုယ်မှ ထွက်လာကာ ချူဖုန်း နဖူးထံသို့ ဦးတည်သွားလေသည်။ သူ ချူဖုန်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်ချင်သည်။
သူ့ကံကြမ္မာကို အခြားသူလက်ထဲ ပုံအပ်မထားနိုင်။ သူ့အခွင့်အရေးကို သူကိုယ်တိုင် ရှာဖွေမည်။
သူသာ အောင်မြင်သွားလျှင် ဤလူငယ်လေး၏ ခန္ဓာကိုယ်နှင့်ဆိုလျှင် သူ ကြိုက်သလို လုပ်နိုင်လိမ့်မည်။
ချူဖုန်း မျက်လုံးများ တောက်ပလာသည်။ သူ ပါးစပ်ကို အသာဟလိုက်သည်နှင့် လေထဲ၌ မိုးခြိမ်းသံကြီးထွက်ပေါ်လာလေသည်။
ဘုန်း..
အပြာရောင်အလင်းလုံးမှာ လေထဲ၌ လုံးဝပျောက်ကွယ်သွားသည်။
“မဟုတ်ဘူး..”
ထိုလူ၏အသံမှာ မကြားနိုင်ရလောက်အောင် တိုးလျလှသည်။ သူ၏နောက်ဆုံးအသိစိတ်မှာ အကြောက်တရားဖြင့် ဖုံးလွှမ်းနေသည်ပင်။ သူ ကြောက်နေသော်လည်း နောက်ပြန်လှည့်ရန် နောက်ကျလွန်းသွားလေပြီ။ အပြာရောင်အလင်းတန်းမှာ လေထဲ၌ ပျောက်ကွယ်သွားလေပြီ။
ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ သူ ပထမဆုံးရှင်းပစ်ဖူးသည့်ရန်သူပင်။
သူ ရပ်နေသည့်နေရာမှာ တောအုပ်အတွင်းပိုင်းပင်။ သစ်ပင်များ ထူထပ်သည့်အပြင် ညအချိန်ဖြစ်သောကြောင့် အရာအားလုံးတိတ်ဆိတ်နေသည်။
သူ ဘေးပတ်လည်သို့ ကြည့်လိုက်သည့်အချိန်တွင် ရေမြောင်းဖုံးတစ်ခုကို တွေ့လိုက်သည်။ သူ ထိုမြောင်းဖုံးကို မလိုက်ပြီး ထိုလူကို ရေဆိုးပြွန်ထဲ ပစ်ထည့်လိုက်သည်။ ထိုပြွန်ထဲမှ အနံ့အသက်မှာ ဆိုးရွားလှသည်ပင်။
ချူဖုန်း သူ့ကိုယ်သူ အလင်းလွှာတစ်လွှာဖြင့် ဝန်းရံလိုက်ပြီး အနံ့ဆိုးများ မရအောင် လုပ်လိုက်သည်။ ထို့နောက် သူ အားထည့်ကာ ရေဆိုးပိုက်အောက်ပိုင်းကို ထိုးချလိုက်သည်။ ရေဆိုးမြောင်းအောက်ခြေရှိ မြေကြီး အက်ကွဲပြိုကျသွားလေ၏။ ချူဖုန်း ထိုလူကို ထိုမြေကြီးပုံထဲ၌သာ မြှုပ်နှံထားခဲ့လိုက်တော့သည်။
ခဏကြာပြီးနောက် ချူဖုန်း ပန်းခြံဝင်ပေါက်ဝသို့ ပြန်ရောက်လာသည်။
သူ အိမ်မြန်မြန်ပြန်သွားလိုက်သည်။ သူ အပြင်၌ ကြာကြာနေလေ သူ့မိဘများ စိတ်ပူလေလေပင် ဖြစ်လိမ့်မည်။
သူ အိမ်ပြန်လာသည့်လမ်းတွင် စာပို့သမားကို တွေ့လိုက်ရသည်။ သူ အသိပြန်ဝင်နေပြီဖြစ်သော်လည်း ရှုပ်ထွေးနေဆဲပင်။
ချူဖုန်း အိမ်ပြန်ရောက်လေပြီ။
“ဖုန်း..” ဝမ်ကျင်း ထိတ်လန့်နေသည်။ သူမ ဘယ်တုန်းကများ ဤကဲ့သို့သော အန္တရာယ်များသည့် အခြေအနေမျိုးကို ကြုံတွေ့ဖူးသနည်း.. ချူဖုန်း ထိုလူနောက် ပြေးလိုက်သွားသည့်အချိန်တွင် သူမ ပို၍စိုးရိမ်လာသည်။
“အဲဒီလူ .. ဘယ်လိုလဲ..” ပြောရမည်ဆိုလျှင် ချူကျင်းယွမ်မှာ အတော်လေး တည်ငြိမ်နေသေးသည်။ အခြေအနေများ မည်ကဲ့သို့ ဖြစ်သွားပြီကို သူသိချင်သည်။
“အဖေ၊ အမေ စိတ်အေးအေးထားပါ .. ပြဿနာအားလုံးကို ရှင်းပြီးသွားပြီ .. ဘယ်သူမှ ထပ်ခြိမ်းခြောက်တော့မှာမဟုတ်ဘူး” ချူဖုန်း စိတ်အေးလက်အေးပုံစံဖြင့် ပြောလိုက်သည်။ သူ့မိဘများကို ထပ်မကြောက်စေချင်တော့။
“ဘုရားရေ .. ငါတစ်ခါမှ ဒီလောက် မကြောက်ဖူးဘူး .. အဲဒီလူက အရမ်းကို ကြောက်စရာကောင်းတာပဲ .. သူ့ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ဘယ်လိုခွဲထုတ်ရလဲဆိုတာ ငါ့ကို ပြောပြလို့ရလား..” ဝမ်ကျင်းမှာ တွေးလေလေ ထိုလူကို ကြောက်လေလေပင်။
“ဖုန်း .. သား သူ့ကို ဘာလုပ်ခဲ့တာလဲ..” ဤပြဿနာအကြောင်း တွေးမိသွားသည့်အချိန်တွင် ဝမ်ကျင်း ပို၍စိုးရိမ်လာသည်။
“အမေ .. အဲဒီကိစ္စကို အများကြီး တွေးမနေပါနဲ့ .. ကျွန်တော် သူ့ကို ဘာမှမလုပ်ပါဘူး..” ချူဖုန်း အမှန်တရားကို ပြောပြချင်သော်လည်း သူ့မိဘများ တောင့်မခံနိုင်မည်ကို စိုးရိမ်မိသည်ပင်။
သူ မတ်တပ်ထရပ်လိုက်ပြီး သူ့မိဘများအတွက် လက်ဖက်ရည်ဖျော်ပေးလိုက်သည်။ “အမေနဲ့အမေ ဒီနေ့ စောစောအိပ်တော့ .. အိပ်တာက အစေ့တွေရဲ့ ထူးဆန်းတဲ့အားတွေကို စုတ်ယူရာမှာ အထောက်အကူဖြစ်စေတယ်” ချူဖုန်း ပြောလိုက်သည်။
သူ အပြင်ထပ်သွားရဦးမည်။ သို့သော် သူ့မိဘများကို ဤအကြောင်း မပြောပြတော့။ မဟုတ်လျှင် သူတို့ စိတ်လေးနေရလိမ့်မည်။
“ဟုတ်တယ် .. အိပ်ရာဝင်ကြစို့ .. ငါတို့ပြဿနာတွေကို မနက်ဖြန်မှ ရှင်းကြတာပေါ့..” ချူကျင်းယွမ် ပြောလိုက်သည်။
ချူဖုန်း သူ့မိဘများရှေ့ တည်ငြိမ်ချင်ဟန်ဆောင်ကာ သူ့အိပ်ခန်းထဲ ဝင်လာခဲ့လိုက်သည်။
ခဏကြာပြီးနောက် သူအိမ်ပြတင်းပေါက်မှ ပေါ့ပါးစွာပင် ထွက်လာလိုက်သည်။ မည်သူမှ သတိမထားမိအောင် သူ ညရိပ်ခိုသွားလိုက်၏။
အိမ်မှ ထွက်လာသည်နှင့် ချူဖုန်း တက္ကစီတစ်စီး ငှားလိုက်သည်။ သို့သော် ဒါရိုက်ဘာသည် သူ့ကို မြို့ပြင်သို့ မပို့ရဲ။ အစပ်ထိသာ ပို့ပေးလေသည်။
ယခုအချိန်တွင် မြို့ပြင်မှာ အန္တရာယ်ဇုန်ပင်။ စက္ကန့်မရွေး သန္ဓေပြောင်းသားရဲများနှင့် တွေ့သွားနိုင်သည်ပင်။
တက္ကစီထဲမှ ထွက်လာသည်နှင့် ချူဖုန်း အမှောင်ထုထဲသို့ ပြေးဝင်သွားလိုက်သည်။ သူ ပြေးသည့်အရှိန်မှာ တက္ကစီထက်ပင် ပိုမြန်သေးသည်။
ခဏကြာပြီးနောက် သူ့ ပစ်မှတ်သို့ ရောက်ရှိလာလေပြီ။
ဤနယ်မြေထဲတွင် စံအိမ်အချိုု့ ရှိနေသော်လည်း အများစုမှာ အလွတ်များသာ။ မည်သူမှ ဤနေရာတွင် မနေရဲကြသေး။
သို့သော် စံအိမ်တစ်ခုကတော့ မီးများထိန်လင်းနေသည်။ ဤသည်မှာ သူ ရှာနေသည့်အိမ်ပင် ဖြစ်လိမ့်မည်။
သူ ထိုနေရာသို့ တိတ်တိတ်လေး ချဉ်းကပ်သွားလိုက်သည်။ သူ လုံခြုံရေးကင်မရာများအောက်မှ လွတ်အောင် ရှောင်လာလိုက်သည်။ သူ၏ နတ်ဘုရားကဲ့သို့သော အသိစိတ်ဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည့်အချိန်တွင် အိမ်ထဲ၌ စုစုပေါင်း လူ ၁၂ ရှိနေသည်ကို တွေ့လိုက်ရသည်။
အချို့လူများမှာ စကားပြောရင်း သောက်စားနေကြသည်။ အချို့လူများမှာ သူတို့အခန်းထဲ လက်ဝှေ့လေ့ကျင့်နေပြီး အချို့လူများမှာ အိပ်စက်နေကြသည်။ ဤသည်မှာ လေးထပ်စံအိမ်ဖြစ်သောကြောင့် ဤလူများ နေထိုင်ရန် လုံလောက်သည်။
“ငါတို့ ဒီမှာ လာပိတ်မိနေတာ တော်တော်ကြာနေပြီ .. ငါတို့ ဘယ်အချိန် ပြန်သွားနိုင်မှာလဲ..”
“မကြာခင် .. ငါတို့ မကြာခင် ပြန်သွားကြမယ် .. အဲဒီခွေးသားလေး အိမ်ပြန်ရောက်နေပြီလို့ ကြားတယ် .. အဲဒီတော့ ငါတို့ သူ့ကို ကားမတော်တဆမှုဖြစ်ပြီး သေအောင် လုပ်နိုင်ရင် ငါတို့ ပြန်ဆုတ်လို့ရပြီ..”
“သူတို့က သာမန်မိသားစုတစ်စုပဲမဟုတ်ဘူးလား .. ငါသာ မင်းနေရာမှာဆိုရင် သူတို့အိမ်ထဲသွားပြီးတော့ အားလုံးကို လက်ဝါးနဲ့ ဖျစ်ညှစ်သတ်ပစ်လိုက်ပြီ .. အဲဒါဆိုရင် ငါတို့အားလုံး ဒုက္ခမများတော့ဘူး..”
“ငါတို့မူးနေပြီ ကိုယ့်လူတို့ .. ငါတို့ ဦးနှောက်သုံးပြီး သေချာလုပ်ဖို့လိုတယ် .. အထက်လူကြီးက ငါတို့ကို သန့်သန့်ရှင်းရှင်းလေး လုပ်စေချင်တာ .. အဲဒီတော့ ဒီမိသားစု ‘မတော်တဆ’ မှုနဲ့ သေဖို့လိုတယ် .. မဟုတ်ရင် နောက်ပိုင်း ပြဿနာတွေတက်လာရင် ငါတို့ အပြစ်တင်ခံရလိမ့်မယ်”
အရက်သောက်နေသည့်လူများ စကားပြောနေကြခြင်းပင်။
ချူဖုန်း၏မျက်နှာထက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ ချူဖုန်းသည် တံခါးကို သတ္တုစလေးတစ်စအား ကန်သကဲ့သို့ ကန်ကာ အိမ်ထဲသို့ ဝင်လာလိုက်သည်။
“ဘယ်သူလဲ..” အရက်သောက်နေသည့်လူများ မတ်တပ်ထရပ်လိုက်ကြသည်။ ယခုကဲ့သို့ အိမ်ထဲ ချိုးဝင်လာရဲသည့်သူမှာ အားနည်းသည့်သူဖြစ်မည်မဟုတ်မှန်း သူတို့သိကြသည်ပင်။
ဘုန်း..
ချူဖုန်းမျာ အလွန်လျင်မြန်လှသည်။ ထိုလူ့အသံဆုံးသွားသည်နှင့် ချူဖုန်း သူ့မျက်နှာကို ပိတ်ကန်လိုက်သည်။ သူ့ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ထိုလူသည် အခန်းတစ်ဖက်ခြမ်းသို့ လွင့်ထွက်သွားကာ နံရံနှင့်တိုက်မိသည်နှင့် ထိုလူ အသားတစ်ခြား အရိုးတစ်ခြား ဖြစ်သွားသည်။
“ငါတို့ခေါင်းတွေကို ချိုးပစ်ချင်တာဟုတ်လား .. သွားသေလိုက်တော့..” ချူဖုန်း၏မျက်လုံးများ အရောင်တောက်လာသည်။
“ဘုရားရေ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သူ့ကို သွေးများလွင့်စင်သွားသောကြောင့် သူ အလွန်ထိတ်လန့်နေပြီဖြစ်သည်။
သွေးမိုးမှာ တစ်ခန်းလုံး လွင့်စင်သွားခြင်းပင်။ သန္ဓေပြောင်းလူအားလုံး ဦးခေါင်းများ ထုံကျဉ်နေကြလေပြီ။ ဒီလူက ဘယ်သူလဲ .. သူ ခြေထောက်ကို အနည်းငယ် လွှဲရမ်းလိုက်ရုံဖြင့် သူတို့ထဲမှ တတိယစွမ်းအားအကြီးဆုံးလူ အသက်ဆုံးရှုံးသွားလေပြီ။
သူတို့အတွက်တော့ ဤလူမှာ ကမ္ဘာမြေပေါ် လျှောက်သွားနေသည့် နတ်ဆိုးတစ်ပါးပင်။
“ချူဖုန်း .. သူက ချူဖုန်းပဲ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သူတို့သည် ချူဖုန်းအတွက် ရွှမ်းထျန်သို့လာခြင်းဖြစ်သောကြောင့် သူ့ဓာတ်ပုံကို မြင်ဖူးကြသည်ပင်။
အချို့လူများ လျင်မြန်စွာ လှုပ်ရှားလာကြသည်။ သူတို့အားလုံးတွင် ထူးခြားသည့်စွမ်းရည်များ ရှိနေကြသည်။ အချို့မှာ ကျောက်တုံးအဖြစ် ပြောင်းလဲသွားပြီး အချို့မှာ ထူးဆန်းသည့် အသားစားသားရဲများ ဖြစ်သွားကြသည်။ အချို့သူများ၏ အရေပြားမှ သတ္တုအရောင်များ ထွက်ပေါ်လာသည်။
ဘုန်း ဘုန်း ဘုန်း..
ချူဖုန်းလည်း အညှာအတာကင်းမဲ့လှသည်။ သူ၏လက်သီးချက်ကို မည်သူမှ မခုခံနိုင်။ စွမ်းအားနှင့် စွမ်းရည်ပိုင်းတွင် ဤလူများသည် ချန်းဟိုင်ထက် နိမ့်ကျသည်။ တစ်ခဏအတွင်း ချူဖုန်း အားလုံးကို လေထဲလွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူတို့ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြန်ကျလာသည့်အချိန်တွင် အချို့သူများမှာ ရင်ဘတ်ဟောင်းလောင်းပေါက်ဖြစ်နေပြီး အချို့သူများမှာ ဦးခေါင်းခွံများ အက်ကွဲနေသည်။ အားလုံးမှာ တစ်ခဏအတွင်း သေဆုံးသွားကြသည်။
တကယ်တမ်းတွင် ချူဖုန်း အားကုန်သုံးရန် ဆုံးဖြတ်ထားပြီးသားပင်။ မည်သူမှ အသက်မရှင်စေရ။
ဝှစ်..
နောက်တစ်စက္ကန့်တွင် ချူဖုန်း ပြတင်းပေါက်ပေါ်သို့ တက်လိုက်သည်။ ပြတင်းပေါက်ဘောင်ကို လေးကြိုးအနေဖြင့် အသုံးပြုကာ လေထဲမီတာပေါင်းများစွာ မြင့်အောင် ခုန်တက်သွားလိုက်သည်။ သူသည် ထွက်ပြေးသွားသည့် သန္ဓေပြောင်းလူ၏ကော်လံကို ဆွဲကိုင်လိုက်ပြီး သူနှင့်အတူ မြေပြင်ပေါ်သို့ ဆွဲချလိုက်သည်။
ဝုန်း..
ထိုလူသည် မြေပြင်ပေါ်သို့ ကျသွားသည်နှင့် ချက်ချင်းပင် အသတ်ခံလိုက်ရလေသည်။
အခြားအခန်းထဲ၌ ပုန်းနေသည့် သန္ဓေပြောင်းလူများလည်း ထွက်လာကြသည်။ သူတို့သည် ချူဖုန်းနှင့် တိုက်ခိုက်ရန်အတွက် ထွက်လာကြခြင်းမဟုတ်ပဲ ထွက်ပြေးရန် ထွက်လာကြခြင်းပင်။ အားလုံး အတော်လေး ထိတ်လန့်နေကြလေပြီ။
ဧည့်ခန်းထဲ၌ အရက်သောက်နေသည့် ၆ ယောက်လုံး ချက်ချင်း အသတ်ခံလိုက်ရသောကြောင့် သူတို့ ကြောက်ရွံ့နေကြပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း..
ကံဆိုးစွာဖြင့် မည်သူမှ ပြေးမလွတ်ခဲ့။ ချူဖုန်းမှာ မြန်လွန်းလှသည်။ တစ်ယောက်မှာ အထိုးခံရပြီး သေသွားကာ အခြားသူမှာ ရင်ဘတ်ကို ကန်ခံလိုက်ရပြီး ဆိုးရွားစွာ အဆုံးသတ်သွားသည်။ ချူဖုန်းမှာ သေမင်းကဲ့သို့ သူ၏တံစဉ်ဖြင့် အားလုံး၏အသက်ကို နှုတ်ယူနေသည်။
နောက်ဆုံးတွင် သန္ဓေပြောင်းလူအားလုံး၏ အသက်မရှိသည့် ခန္ဓာကိုယ်သည် ထူထဲလှသည့်ချုံထဲ၌ လဲနေပြီး မြက်ပင်များ၏ နူးညံ့မှုကို ခံစားနေလေ၏။
“ငါ့မိဘတွေက ငါ့အတွက် အရာရာပဲ .. မင်းတို့တွေ သူတို့ကို အပြစ်လုပ်တာနဲ့ မင်းတို့ရဲ့ အဆုံးသတ်က သေခြင်းတရားပဲ .. ရှုဝမ်ချင်း .. မင်းက ငါ့အတွက်တော့ အသားတုံးတစ်တုံးထက် မပိုဘူး .. အနှေးနဲ့အမြန် မင်းခေါင်း ငါ့လက်ထဲ ရောက်စေရမယ်..”
ချူဖုန်း အမှောင်ထုထဲ၌ ဝင်ရောက်ပျောက်ကွယ်သွားသည်။
သူ့နှလုံးသား၌ နူးညံ့သည့်အပိုင်းရှိသော်လည်း သူ လူကောင်းများကိုသာ နားလည်ပေးနိုင်မည်။ မောက်မာရက်စက်သည့်သူများကိုတော့ သူ ညှာတာနေမည်မဟုတ်။
ချူဖုန်း အိမ်ပြန်ရောက်သည်နှင့် ရေပူချိုးကာ အိပ်ရာဝင်လိုက်သည်။
အပိုင်း ၈၈ ပြီး၏။