Switch Mode

Chapter – 86

ဖရိုဖရဲဆန်သော ကိစ္စများ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၆ – ဖရိုဖရဲကိစ္စများ

ဤနှစ်ရက်ကို ချူဖုန်း စိတ်အေးသက်သာစွာဖြင့် ဖြတ်သန်းနေခဲ့သည်။ မြို့ပြထဲ ရောက်နေသောကြောင့် သူ သားရဲများနှင့် ဝေးကွာလျက်ရှိသည်။

ထို့နောက် သူ ကုန်တိုက်များ၌ လှည့်ပတ်သွားကြည့်လိုက်သည်။ သူကဲ့သို့ မြို့ပြနှင့် အသားကျအောင် လုပ်နေရသည့်သူအတွက် အရာအားလုံးမှာ ဆန်းသစ်နေသည်။

ဇိမ်ခံအရောင်းပစ္စည်းဆိုင်၌ သားရဲများ၏အရိုးနှင့် ငှက်နှုတ်သမီးများကို တွေ့လိုက်ရသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။

ပစ္စည်းတစ်ခုချင်းစီ၏ ဈေးနှုန်းမှာလည်း အံ့အားသင့်စရာကောင်းလှသည်။ ဈေးအနည်းဆုံးပစ္စည်းပင်လျှင် ‘မြေဒင်္ဂါး’ သောင်းချီတန်သည်။ ဤသည်မှာ လူများတတ်နိုင်သည့် အခြားဇိမ်ခံပစ္စည်းထက်ပင် ပိုဈေးကြီးသေးသည်။

“ဆရာ ဒီဆွဲသီးကို စိတ်ဝင်စားလို့လား .. ဒါက မီးကျီးကန်းနှုတ်သီးနဲ့ လုပ်ထားတာပါ .. ဆရာမြင်တဲ့အတိုင်းပဲ ဒီဆွဲသီးလေးက ကျောက်စိမ်းတုံးတစ်တုံးလိုပဲ တောက်ပနေတယ် .. ဒါက ဒီဆွဲသီးရဲ့ အပေါ်ယံပုံစံပဲ ရှိသေးတယ် .. ဒီဆွဲသီးကို ရင်ဘတ်နား ဝတ်ဆင်ထားလိုက်တာနဲ့ ဆရာ့ရဲ့ ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ် .. ဒါက မှော်ပစ္စည်းလိုမျိုးပါပဲရှင့်..”

ချစ်စရာကောင်းသည့် အရောင်းစာရေးမလေးတစ်ဦး သူ့အား ရှင်းပြလာသည်။ မီးကျီးကန်း၏နှုတ်သီးမှာ တကယ်ကို ကျောက်စိမ်းကဲ့သို့ဖြစ်နေသည်။ အရောင်တင်ပြီးသည့်နောက်တွင်တော့ နှုတ်သီးမှာ ပို၍ပင် တောက်ပလာသေးသည်။

“ဝတ်ထားတဲ့သူရဲ့ ကျန်းမာရေးကို ကောင်းစေတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

“ဟုတ်ပါတယ်ရှင် .. နှုတ်သီးဆိုတာက ငှက်တစ်ကောင်ရဲ့ စွမ်းအားသိုလှောင်တဲ့နေရာပါ .. ငှက်တွေမှာ ထူးဆန်းတဲ့စွမ်းအင်တွေရှိနေလို့ ငှက်တွေကို အမဲလိုက်ဖို့ ခက်တယ် .. ဆရာ လက်နဲ့ထိကြည့်ပြီး စမ်းလို့ရတယ် .. နွေးထွေးတဲ့စီးကြောင်းလေးတစ်ခု ဆရာ့ခန္ဓာကိုယ်ထဲ စီးဝင်လာလားဆိုတာ စမ်းကြည့်လိုက်ပါ” ချစ်စရာကောင်းသည့် အရောင်းစာရေးလေးသည် မှန်ဘောင်ထဲမှ ဆွဲသီးလေးကို ဂရုတစိုက် ထုတ်လာလိုက်သည်။

ချူဖုန်း သူ့လက်ချောင်းများဖြင့် ထိကြည့်လိုက်သည့်အချိန်တွင် အနွေးကြောင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားသည်ကို သူ တကယ် ခံစားလိုက်ရသည်။

“ဈေးကြီးလိုက်တာ..” ဈေးနှုန်းအား မြင်လိုက်ရသည့်အချိန်တွင်တော့ သူ ထိတ်လန့်သွားရသည်။ ဤဆွဲသီးမှာ မြေဒင်္ဂါး သုံးသိန်းရှိသည်။ ဤသည်မှာ သာမန်လူများ နှစ်ပေါင်းများစွာ စုရမည့် ပမာဏတစ်ခုပင်။

“ဟုတ်ပါတယ် … ဒါက အဆင့်မြင့်လက်ရာမို့ပါ .. ဆရာသိတဲ့အတိုင်းပဲ ဒီသားရဲတွေက ကြောက်စရာကောင်းပြီးတော့ သတ်ရခက်တယ် .. ပြီးတော့ သားရဲတိုင်းက ဒီလိုအစွမ်းထက်တာမျိုး ထုတ်နိုင်တာမဟုတ်ဘူး .. အဲဒါကြောင့် ဒီပစ္စည်းက သာမန်ပစ္စည်းတွေထက် ၁၀ ဆ ပိုဈေးကြီးသွားတာပါ” ထိုမိန်းကလေး တည်ငြိမ်စွာ ရှင်းပြလာသည်။

ပြောရမည်ဆိုလျှင် ဤနေရာ၌ ရှိနေသည့်ပစ္စည်းများမှာ သာမန်မိသားစုများ တတ်နိုင်သည့်ပစ္စည်းတစ်ခုမှ မရှိ။ ဈေးအနည်းဆုံးပင်လျှင် သောင်းချီရှိသည်။

ခဏကြာပြီးနောက် ပိုဈေးကြီးသည့် သားရဲအရိုးတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုအရိုးသည် မြေဒင်္ဂါးတစ်သန်းပင်ရှိသည်။

“ကျိုကျိုးပိုက်ဆံနဲ့တွက်ရင်တော့ ဒေါ်လာငါးသန်းလောက် ကျပါတယ် .. ဒါက မိုးကြိုးကျားသစ်ရဲ့ ရှေ့ဦးခေါင်းခွံမှာ .. ဒီဦးခေါင်းခွံကနေ လျှပ်စီးထုတ်လွှတ်နိုင်ပြီးတော့ ဒါက သူ့အမြုတေ သိမ်းဆည်းထားတဲ့နေရာပါ..”
[AN: ကျိုကျိုး ဆိုတာက တရုတ်ရဲ့ နယ်မြေကိုးခုကို ရည်ရွယ်တာပါ]

ချူဖုန်းအား ဤအရိုးအကြောင်း ရှင်းပြနေသည့်အချိန်တွင် အမျိုးသမီးလေး၏ မျက်လုံးများ တောက်ပနေလေ၏။

မြေဒင်္ဂါးသည် တစ်ကမ္ဘာလုံးသုံးသည့် ငွေကြေးယူနစ်ဖြစ်ပြီး မြေဒင်္ဂါးတစ်ပြားလျှင် ကျိုကျိုးဒေါ်လာ ငါးဒေါ်လာနှင့် ညီမျှသည်။

ဤခေတ်မှီလူအဖွဲ့အစည်းတွင် တရုတ်သည် ကျိုကျိုးဟူသောအမည်အား ယူသုံးခဲ့သည်။

နေ့စဉ်သုံးပစ္စည်းများမှာ ဈေးနည်းသည့်အတွက် ကျိုကျိုးဒေါ်လာ တစ်သောင်း၊ နှစ်သောင်းဆိုလျှင် မိသားစုတစ်စု စားသောက်ရန် လောက်ငှသည်။

ထို့ကြောင့် ကျိုကျိုးဒေါ်လာ ငါးသိန်းဆိုသည်မှာ မည်မျှများပြားသည့် ပမာဏဖြစ်ကြောင်း သိနိုင်သည်။

“ဒီအရိုးခေါင်းက ဘာထူးခြားလို့လဲ..”

“သူ့ဆီကထွက်တဲ့ လျှပ်စီးနဲ့ မိုးကြိုးက သယ်ဆောင်သူရဲ့ ကျန်းမာရေးကို အရမ်းအထောက်အကူပြုတယ် .. သူက သွေးဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ပြီးတော့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း အတော်လေး ကောင်းမွန်စေတယ်..” အရောင်းဝန်ထမ်းအမျိုးသမီးလေးသည် ဤအရိုး၏ ကောင်းကျိုးများကို စိတ်အားထက်သန်စွာပင် ရှင်းပြလာသည်။ “သူက အရေပြားဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်တော့ ပါးရေတွန့်နေတဲ့လူအိုကြီးတွေကို ပြန်ပြီး ငယ်ရွယ်စေတယ်..”

“ဒါက တော်တော် အံ့ဩဖို့ ကောင်းတာပဲ .. ကျွန်တော် ကြည့်လို့ရမလား..” ချူဖုန်း မေးလိုက်သည်။

သူမထံတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိသောကြောင့် အရောင်းဝန်ထမ်းအမျိုးသမီး တွေဝေသွားရသည်။ သူမ မန်နေဂျာထံမှ ခွင့်ပြုကြောင်း လက်မှတ်ထိုးပေးပြီးမှသာ သူမ ချူဖုန်းကြည့်နိုင်အောင် ထုတ်ပြလာလေသည်။

သူမ အရိုးခေါင်းကို လက်ထဲသေချာကိုင်ပြီးနောက် နူးညံ့သည့် ပိုးသားစပေါ် တင်လိုက်သည်။

ချူဖုန်း ထိုအရိုးကို သေချာကြည့်လိုက်သည်။ အရိုးလေးမှာ အလျားသုံးလက်မနှင့် အနံ နှစ်လက်မသာရှိသည်။ ဤအရိုးလေးသည် ကျောက်စိမ်းတုံးထက်ပင် ပို၍လှပသည်။

အရိုးကို သူ့လက်ထဲ ကိုင်ထားလိုက်သည်နှင့် သူ့သွေးကြောထဲ ထုံကျဉ်သွားရသည်။ အရိုးခေါင်းမှ လျှပ်စီးတန်းတစ်ခု ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားသည်။

“အဲဒီလျှပ်စီးကြောင်းကို ခံစားမိလား .. အဲဒါက ဒီအရိုးရဲ့ မှော်စွမ်းအားပဲ .. အဲဒီစွမ်းအားက ကိုင်ဆောင်သူရဲ့ ကျန်းမာရေးကို အရမ်းအကျိုးပြုတယ်..” ထိုအမျိုးသမီး ဂုဏ်ယူစွာ ပြောလိုက်သည်။

ချူဖုန်း ထို ‘မှော်စွမ်းအား’ကို ခံစားမိသည်နှင့် သူမ အရိုးကို မြန်မြန်သိမ်းလိုက်လေသည်။

“မဆိုးပါဘူး..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

အရောင်းဝန်ထမ်းအမျိုးသမီးသည် သူ့အား မကောင်းဆိုးဝါးတစ်ကောင် ကြည့်သကဲ့သို့ကြည့်လာသည်။ သူမအတွက်တော့ ဤအရိုးခေါင်းသည် ‘မဆိုးဘူး’ ထက် သာလွန်သည့် မှတ်ချက်များ ရသင့်သည့် ပစ္စည်းပင်။

“ငါ အရင်တုန်းက အမဲလိုက်ခဲ့သမျှက အလကားဖြစ်သွားပြီ .. ဟိုကြံ့ရဲ့ဂျိုနဲ့ ရွှေရောင်လင့်ကြောင်ရဲ့ အရေခွံဆိုရင် ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရတယ် .. ငါ သူတို့ကို ဒီအတိုင်း လွှင့်ပစ်ခဲ့တာ အရမ်းနှမြောစရာကောင်းတာပဲ..” ချူဖုန်း သူ့ကိုယ်သူ တွေးနေလိုက်သည်။

“ခင်ဗျားတို့ဆိုင်မှာ ကျွန်တော့်ပစ္စည်းတွေ လာရောင်းလို့ရလား..” ချူဖုန်း မေးလိုက်သည်။

သူ ဤဆိုင်ကို အတော်လေး အမြင်ကောင်းနေသည်ပင်။ သူဘာမှမဝယ်ခဲ့သော်လည်း အရောင်းဝန်ထမ်းအမျိုးသမီးနှင့် မန်နေဂျာနှစ်ဦးလုံး သူ့အား စိတ်ရှည်စွာ ဆက်ဆံခဲ့သည်ပင်။

ရသည်ဟု ပြောပြီး အရောင်းဝန်ထမ်းအမျိုးသမီး သူ့အား ဆိုင်၏လိပ်စာကဒ်ပေးလာသည်။

“လော့ရှန်း..” ချူဖုန်း အံ့အားသင့်သွားသည်။ လော့ရှန်းဆိုသည်မှာ တိုင်းပြည်၌ ဇိမ်ခံပစ္စည်းများ ရောင်းသည့်ဆိုင်ဖြစ်ပြီး ဆိုင်ခွဲများစွာ ရှိနေသည့်ဆိုင်ပင်။

ဒီဆိုင်တွေက ကျန်းလော့ရှန်းနဲ့ ဆက်စပ်နေတာလား.. သူ သံသယဝင်လာသည်။

သူ ထိုဆိုင်ထဲမှ ထွက်လာပြီး သူ့ဘာသာ စဉ်းစားနေလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ သန်းပေါင်းများစွာကို ဖြုန်းတီးခဲ့သည်ပင်။

“ငါ အဲဒီလောက်ပိုက်ဆံအများကြီးကို ရှာနိုင်ခဲ့တာလား..” ချူဖုန်း မျက်နှာမှာ ရှုံ့မဲ့နေသည်။

“ငါ အဲဒီလောက်ပိုက်ဆံအများကြီး သုံးဖို့မရှိပေမယ့် ဘယ်သူက ပိုက်ဆံကိုမုန်းလို့လဲ..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။

သူ အရှားပါးဆုံးသားရဲကို အမဲလိုက်ကာ သူ့အမေအတွက် အရိုးနှင့် လက်ကောက်လုပ်ပေးချင်သည်။

ထို့အပြင် သူ့အဖေအတွက်လည်း ဆွဲကြိုးတစ်ခု လုပ်ပေးမည်။ သို့သော် ရိုးရှင်းသည့်ပုံပေါက်အောင်တော့ သူ လုပ်ရလိမ့်မည်။ သို့မှသာ ချူကျင်းယွမ် ထိုဆွဲကြိုးအာနိသင်ကို ခံစားနိုင်ပြီး အခြားသူများလည်း လုယူတော့မည်မဟုတ်။

“ငါ မုဆိုးတစ်ယောက် ဖြစ်ချင်တယ်..” ချူဖုန်း သူ့ကိုယ်သူ လေးနက်စွာ ပြောလိုက်သည်။ သို့သော် အဆုံးတွင် သူ ကိုယ့်ကိုကိုယ် ရယ်လိုက်သည်။

ချူဖုန်းသည် တက္ကသိုလ်မှ ဘွဲ့ရထားသူတစ်ဦးပင်။ သူ့အသက်အရွယ်တွင် သူ အလုပ်တစ်ခု လုပ်သင့်နေပြီဖြစ်သည်။ သို့သော် ဤကဲ့သို့သော လောကမျိုးတွင် သူ့ဘဝလမ်းကြောင်းမှာ ယခင်အတိုင်း မဖြစ်နိုင်တော့။

သူ ရွှမ်းထျန်မြို့၌ အမြဲတမ်း မနေနိုင်။ ပြောင်းလဲခြင်းလမ်းကြောင်းကို လျှောက်လိုက်သည်နှင့် နောက်ပြန်လှည့်၍မရတော့။

တောတောင်များမှာ သူ နေထိုင်ရမည့်နေရာပင်။ သူ နာမည်ကြီးတောင်တစ်လုံး၊ ရေကန်တစ်ကန်ကို မသိမ်းပိုက်နိုင်လျှင်ပင် သူ အမှတ်မထင် တစ်ခုခုရလာနိုင်သည်။

ထို့အပြင် သားရဲများကို သတ်ပြီး သူတို့အရိုးများကိုယူ၍လည်း ပျော်ရွှင်မှုကို ရနိုင်သည်။ လူသားတို့ကို အန္တရာယ်ပေးသည့် သန္ဓေပြောင်းသားရဲများမှာ သူ့ပစ်မှတ်များပင်။

ထို့နောက် ဈေးဝယ်စင်တာထဲတွင် ပို၍အဖိုးတန်သည့်တစ်ခုခုကို သူတွေ့လိုက်ရသည်။

“ထူးဆန်းတဲ့အသီးတွေလား..”

ထိုဆိုင်နား၌ လူများ ဝိုင်းအုံနေသည်။ သို့သော် အများစုမှာ ဘာဖြစ်နေသည်ကို ချောင်းကြည့်နေသည့်လူများပင်။ သာမန်လူများ ဤအသီးများကို မဝယ်နိုင်။

ခင်းကျင်းရောင်းချနေသည့် ထူးဆန်းသည့်အသီးမှာ ၂ လုံးသာ ရှိသည်။

တစ်လုံးမှာ မြေဒင်္ဂါးရှစ်သန်း၊ ကျိုကျူးဒေါ်လာနှင့်ဆိုလျှင် သန်းလေးဆယ်ရှိသည်။ ဤသည်မှာ သာမန်မိသားစုတစ်စု နှစ်ပေါင်း လေးထောင် လုပ်အားနှင့် ညီမျှသည်။

သို့သော် ဤသည်မှာ ဈေးပေါသေးသည်။ နောက်တစ်လုံးမှာ မြေဒင်္ဂါး ၁၅ သန်း တန်ဖိုးရှိသည်။

ဤနေရာ၌ ရှိနေသော လူများမှာ အလွန်အမင်းမြင့်မားလှသည့် တန်ဖိုးကို အပြစ်မတင်ကြ။ ဤအသီးများ သူတို့အတွက် မဟုတ်သည်ကို သူတို့နားလည်ကြသည်။ မည်သည့်ဈေးဖြစ်နေပါစေ သူတို့နှင့် မသက်ဆိုင်။ သူတို့ သိချင်စိတ်ကို ကျေနပ်ရန်အတွက်သာ ရပ်ကြည့်နေကြခြင်းပင်။

“ငါ အဲဒီလောက် မချမ်းသာတာ ဝမ်းနည်းဖို့ကောင်းလိုက်တာ .. မဟုတ်ရင် ငါ နှစ်လုံးလုံး ဝယ်လိုက်ပြီ .. အသက်ရှည်စေနိုင်မယ်ဆိုတာနဲ့တင် ဝယ်ဖို့တန်နေပြီ..” လူအုပ်ထဲမှ လူတစ်ဦး သက်ပြင်းချလိုက်သည်။

“ငါ နှစ်တိုင်းရတဲ့ပိုက်ဆံနဲ့ဆိုရင်တော့ နှစ်တစ်ထောင်လောက် မရပ်မနား အလုပ်လုပ်မှ ဒီအသီးကို ဝယ်နိုင်လိမ့်မယ်” အခြားလူတစ်ဦး ခေါင်းခါ၍ ပြောလိုက်သည်။

ဤဈေးနှုန်းမှာ ချူဖုန်းကိုလည်း အံ့အားသင့်သွားစေသည်ပင်။

“ငါသာ မုဆိုးအဖြစ် အလုပ်လုပ်ရင် တောက်ပတဲ့အနာဂတ် ရှိနိုင်တယ် .. စိတ်ကြိုက်သုံးဖြုန်းနိုင်တဲ့ဘဝမျိုး မရနိုင်ပေမယ့် အနည်းဆုံးတော့ ငါ့မိဘတွေကို အိမ်ကြီးကြီး ဝယ်ပေးနိုင်မှာ” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။

သန္ဓေပြောင်းသားရဲများနှင့် ထူးဆန်းသည့်အသီးများ ပေါ်ထွက်လာခြင်းမှာ လူများ၏ဘဝကို အကျိုးသက်ရောက်မှုရှိကြောင်း နောက်ဆုံးတော့ သူ သဘောတူလိုက်သည်။ ဤသည်မှာ အချို့လူများအတွက် ကပ်ဆိုးကြီးဖြစ်သော်လည်း အချို့လူများအတွက်တော့ အခွင့်အရေးတစ်ခု ဖြစ်မည်ပင်။

“ပြေး .. မကောင်းဆိုးဝါးတွေ လာနေပြီ..”

ရုတ်တရက် ဈေးဝယ်စင်တာထဲမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

ချူဖုန်း ထိတ်လန့်သွားရသည်။ ရွှမ်းထျန်သည် မြောက်ဘက်ပိုင်းတွင် အကြီးဆုံးမြို့တစ်ခုဖြစ်သောကြောင့် ဤမြို့ကို အတင်းကြပ်ဆုံးခုခံမှုများဖြင့် ကာကွယ်ထားသည်ပင်။ သားရဲတွေနဲ့ ငှက်တွေက ဘယ်လိုလုပ် ဒီမြို့ကို တိုက်ခိုက်ရဲသွားတာလဲ..

ချူဖုန်း တည်ငြိမ်စွာဖြင့် အင်တာနက်ပေါ်၌ သတင်းများ ရှာဖွေလိုက်သည်။

ဝုန်း..

ခဏကြာပြီးနောက် အမြောက်ပစ်သံများနှင့် သေနတ်ပစ်သံများကို ကြားလိုက်ရသည်။ အသံများမှာ ကျယ်လောင်လှသောကြောင့် မြို့ပြင်ဘက် မိုင်ပေါင်းများစွာ ဝေးသည့်နေရာသို့ပစ်နေသော်လည်း စင်တာထဲမှပင် ကြားနေရသည်။

“အဖေ၊ အမေ .. အမေတို့ အခု ဘယ်မှာလဲ .. မကြောက်နဲ့ .. ကျွန်တော် အဖေတို့ကို လာရှာမယ်..” ချူဖုန်း သူ့မိဘများကို ဖုန်းခေါ်လိုက်သည်။

“စိတ်မပူနဲ့ဖုန်း သားအဖေနဲ့အမေ အဆင်ပြေတယ် .. အမေတို့အခုမှ အလုပ်က ပြန်လာတာ .. ခဏနေရင် အိမ်ပြန်ရောက်ပြီ..”

“ဟုတ်အမေ..”

လမ်း၌ တက္ကစီခေါ်၍မရတော့။ လုံးဝပင် ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။

သူ အိမ်ပြန်နိုင်မည့်လမ်းကို ရှာတွေ့သွားလေပြီ။ အစပိုင်းတွင် ရွရွလေး ပြေးနေပြီးနောက် နောက်ဆုံးတွင် အမြန်ပြေးလိုက်သည်။

သို့သော် နေရာအနှံ့၌ လူများရှိနေသောကြောင့် သူ မြန်မြန်ပြေး၍တော့မရ။ လမ်းမထက်တွင် ကားများနှင့် လုံခြုံသည့်နေရာရှာနေသည့်လူများဖြင့် ပြည့်နှက်နေသည်။

ခဏကြာပြီးနောက် ဘာဖြစ်နေသည်ကို အင်တာနက်ပေါ်မှ ချူဖုန်း ရှာတွေ့သွားသည်။

သန္ဓေပြောင်းမျိုးစိတ်ပေါင်း ထောင်ပေါင်းများစွာသည် တစ်နေရာရာမှ ရုတ်တရက် ထွက်လာကြသည်။ မြေပြင်ထက်၌ သွားလာနေသည့် သားရဲများ ရှိနေသကဲ့သို့ ကောင်းကင်ထက်တွင်လည်း သန္ဓေပြောင်းငှက်များ ပြည့်နှက်နေသည်။ သားရဲမျိုးစိတ်တိုင်းသည် ရုတ်တရက်ပင် ရွှမ်းထျန်မြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာလေသည်။

ဤသားရဲများမှာ မြို့၏ခုခံမှုကို ချိုးဖောက်ဝင်ရောက်လာနိုင်ပါက အကျိုးဆက်များမှာ အလွန်ဆိုးရွားသွားလိမ့်မည်။

ကံကောင်းစွာဖြင့် မြို့၏ခုခံမှုမှာ အတော်လေး ကောင်းမွန်လှသည်။ သားရဲများ ရောက်မလာခင်ကတည်းက မူမမှန်မှုများကို သတိထားမိသောကြောင့် အစောကြီး ပစ်ခတ်နိုင်ခဲ့သည်။ မြေပြင်နှင့်ဝေဟင်နှစ်ခုလုံးကို ပစ်ခတ်ပြီးနောက် ပြေးဝင်လာသည့် သားရဲများ အတော်လေး နည်းပါးသွားသည်။

“ငါတို့ သားရိုင်းကောင်တွေကို ရင်ဆိုင်နိုင်ပြီ..”

လူတစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သေနတ်သံများ တစ်ဖြည်းဖြည်း လျော့နည်းလာပြီး တိတ်ဆိတ်သွားလေပြီ။

သားရိုင်းကောင်များ ရုတ်တရက် ထွက်ပေါ်လာသော်လည်း သူတို့ကို တားဆီးနိုင်ခဲ့သည်။ မြို့၏ ခိုင်ခံ့သောခံတပ်ကြောင့် သားရဲများကို ဟန့်တားနိုင်ခဲ့သည်။ အချို့သည် အသားစများအဖြစ် ပေါက်ကွဲသွားပြီး ကျန်သည့်အကောင်များမှာ တောတောင်များထဲသို့ ထိတ်လန့်တကြား ပြေးဝင်သွားကြလေ၏။

“ငါတို့ ဒီမတော်တဆဖြစ်ရပ်ရဲ့ အကြောင်းရင်းကို ရှာရမယ် .. သူတို့ဘယ်ကလာသလဲဆိုတာ ငါတို့သိအောင်လုပ်ရမယ် .. သူတို့တွေ ဘာလို့ ငါတို့ကို လာတိုက်တာလဲ.. ပြီးတော့ သူတို့ခေါင်းဆောင်က ဘယ်သူလဲ..” စစ်တပ်မှလူတစ်ယောက် အမိန့်ပေးလိုက်သည်။ ယနေ့အဖြစ်အပျက်မှာ ကြိုတင်သတိပေးခြင်းမရှိပေ။ အားလုံးမှာ ကို့ယိုးကားယား ဆန်လွန်းလှသည်။

“အိုး နိုး.. သားရဲတွေက စီချွမ်မြို့ကိုလည်း အလုံးအရင်းလိုက်သွားနေတယ် .. သူတို့မြို့ကို တိုက်ခိုက်ကြတော့မယ်..”

အင်တာနက်ပေါ်တွင် ဤကဲ့သို့သော သတင်းမျိုးဖြင့်သာ ပြည့်နှက်နေသည်။ သားရဲများ ရွှမ်းထျန်မြို့ကိုသိမ်းပိုက်ရန်ကြိုးစားနေသည့်အချိန်တွင် အခြားမြို့များလည်း ပြင်းထန်စွာ တိုက်ခိုက်ခံနေရသည်။

“ဘုရားရေ .. ယူနန်-ကွေ့ကျိုး ကုန်းပြင်မြင့် ကျသွားပြီ..”

နောက်တစ်ခဏတွင် အင်တာနက်၌ နောက်သတင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ မကောင်းဆိုးဝါးကြီးသည် မြို့၌ နေထိုင်သည့်သူအားလုံးကို သတ်ပစ်နေသည်။ ထိုမကောင်းဆိုးဝါးမှာ ဝံပုလွေဖြူကြီးပင်။

“ဘုရားရေ .. ဒီဝံပုလွေကြီးက တိုင်ဟန်းတောင်က မြွေဖြူနဲ့ စုန့်တောင်က လူဝံကြီးတို့နဲ့ ပုခုံးချင်း ယှဉ်နိုင်တယ် .. အဲဒီအကောင်က အရမ်းကြောက်ဖို့ကောင်းတာပဲ .. ယူနန်-ကွေ့ကျိုးက လူတွေ သေကုန်ပြီ .. ဒီဝံပုလွေတွေက ငါတို့လူသားမျိုးနွယ်တွေကို ကျူးကျော်တာပဲ..”

ရွှမ်ထျန်း၊ စီချွမ်းနှင့် ယူနန်-ကွေ့ကျိုးကုန်းပြင်မြင့်တို့မှာ တစ်ဆက်တည်းရှိနေပြီး အားလုံး သားရဲကောင်များ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

တစ်တိုင်းပြည်လုံး ကြောက်ရွံ့ထိတ်လန့်နေကြရလေပြီ။

“အမေ .. ဘယ်လိုနေလဲ .. အဖေရော..” သူ့အဖေကို အိမ်၌ မမြင်လိုက်ရသည့်အချိန် ချူဖုန်း စိတ်ထဲ လေးလံသွားသည်။

“ငါ အဆင်ပြေတယ်..” ချူကျင်းယွမ်၏အသံ သူ့အခန်းထဲမှ ထွက်လာသည်။ ချူကျင်းယွမ်သည် အိပ်ရာထက်၌ လဲနေပြီး သူ့ကို ကြည့်ရသည်မှာ အားနည်းကာ ဖျော့တော့နေသည်။

“အဖေ .. ဘာဖြစ်လို့လဲ..” ချူဖုန်း စိုးရိမ်လာသည်။ သူ့အဖေမှာ ဒဏ်ရာရနေပုံပင်။ သို့သော် လွန်ခဲ့သည့်မိနစ်အနည်းငယ်ကမှ သူတို့ စကားပြောနေခဲ့ကြသေးသည်။

“တစ်ချို့လူတွေက စိတ်ဓာတ်မကောင်းဘူး .. သားအဖေကို လူတစ်ယောက်ဝင်တိုက်လိုက်တော့ လွင့်ထွက်သွားကာ .. သူ ကားဘီးအောက် ရောက်တော့မလိုပဲ .. ကံကောင်းလို့ ဘေးနားကဖြတ်သွားတဲ့ လူငယ်တစ်ယောက် မျက်လုံးလျင်လျင်နဲ့ မင်းအဖေကို အမြန်လှမ်းဆွဲလိုက်လို့ပေါ့ .. ခုနက ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားလိုက်ရင် ရင်တုန်နေတုန်းပဲ..” ဝမ်ကျင်း၏မျက်လုံးမှ မျက်ရည်များ ကျဆင်းလာသည်။ သူမ ယခုထိ စိတ်မတည်ငြိမ်နိုင်သေး။

သူမခင်ပွန်းသည် သေမင်းတံခါးဝသို့ရောက်ရန် လက်မအနည်းငယ်သာ လိုခဲ့သည်။ ထိုလူငယ်လေးသာ သူ့အသက်ကို မကယ်လိုက်လျှင် ချူကျင်းယွမ်မှာ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်နေလောက်လေပြီ။

ချူဖုန်းသည် အစပိုင်းတွင် စိတ်တိုသွားသော်လည်း နောက်ပိုင်း ကြောက်ရွံ့လာသည်။

“ဘာမှမဖြစ်ပါဘူး .. ဒါက မတော်တဆပါပဲ .. အသံကြားတာနဲ့ အားလုံးက ထိတ်လန့်တကြား ပြေးကြတော့တာလေ .. လမ်းပေါ်မှာ လူတွေ ဘယ်လောက်များလဲဆိုတာ မင်းလဲ မြင်ခဲ့တာပဲ .. အဲဒီတော့ ဒီလိုမတော်တဆမှုမျိုးက ဖြစ်ကိုဖြစ်မှာပဲ .. ငါ အဆင်ပြေနေတုန်းပဲလေ..” ချူကျင်းယွမ် ပြောလိုက်သည်။

“မပြေဘူး .. ရှင် ခါးရိုးကျိုးသွားတာလေ .. ပြီးတော့ အဲဒီလူက တမင်သက်သက်လုပ်တာလို့ ကျွန်မ ထင်တာပဲ .. မတော်တဆဆိုရင် ကျွန်မ ဘာမှပြောနေမှာမဟုတ်ဘူး .. လူတစ်ယောက်ကို လေထဲ လွင့်ထွက်သွားအောင်ထိ တိုက်တာက ဘာမတော်တဆလဲ .. အဲဒီလူက တမင်သက်သက် အားကုန်သုံးပြီး ရှင့်ကို ရော်ဘာဘောလုံးကို ပစ်ပေါက်လိုက်တာ..” ဝမ်ကျင်း ငြင်းလိုက်သည်။

ထိုလူသည် ပြန်မတောင်းပန်သည့်အပြင် လူသတ်သမားကဲ့သို့ အဝေးသို့ ထွက်ပြေးသွားသည်ပင်။

“လူတွေအများကြီး ထွက်ပြေးနေကြရတာ .. အားလုံးက ကြောက်နေကြတာလေ .. ဘယ်သူက ငါ့ကိုရပ်ပြီးတောင်းပန်နေဖို့ အချိန်ရှိမှာလဲ..” ချူကျင်းယွမ် ပြောလိုက်သည်။

“အဖေ .. ကျွန်တော်ကြည်ကြည့်မယ်..” ချူဖုန်း သူ့အဖေ ကုတင်ပေါ်၌ ထိုင်လိုက်ပြီး ဒဏ်ရာကို သေချာစစ်ဆေးကြည့်လိုက်သည်။

သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖုံးကွယ်ထားသည်ပင်။ ဒါက မတော်တဆလား .. သူကတော့မထင်။

“သောက်ခွေးကောင်တွေ..” ချူဖုန်း စိတ်ထဲ ကျိန်ဆဲလိုက်သည်။ ဤကိစ္စကို သူသေချာစုံစမ်းမည်ဟု ကျိန်ဆိုလိုက်သည်။ မတော်တဆမဟုတ်လျှင်တော့ ပါဝင်ခဲ့သည့်သူအားလုံးကို ရှာသတ်ပစ်မည်။

“မင်းက ကျန်းနန်က ကောင်လား .. ငါက မင်းကို ရင်ဆိုင်ဖို့ အင်အားမရှိဘူးလို့ ထင်နေတာလား .. ငါ့ကို အရမ်းဖိအားပေးမလာနဲ့ .. မဟုတ်ရင် ငါ မင်းတို့အသိုက်ထဲထိ မင်းတို့ကို လာသတ်မှာ..” ချူဖုန်း စိတ်ထိန်းမထားနိုင်တော့။

ချူကျင်းယွမ်၏နောက်ကျောမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ပင်။ သူ ပြန်ကောင်းလာနိုင်ရန်အတွက် အချိန်အတော် ကြာလိမ့်မည်။

“အဖေ၊ အမေ .. ဒီထင်းရှူးစေ့တွေကို စားလိုက်..” သူ ထပ်စောင့်၍မရတော့မှန်း သူသိသည်။ သူ့မိဘများ ဤထင်းရှူးစေ့များကို မြန်မြန်စားရန်လိုသည်။

လွန်ခဲ့သည့်ရက်များတွင် သူသည် ဆေးပင် အမြောက်အမြားဝယ်ကာ စွပ်ပြုတ်လုပ်ပြီး သူ့မိဘများကို တိုက်ခဲ့သည်။ ဤသည်မှာ သူပြင်ဆင်နေခဲ့ခြင်းပင်။

ဤသည်မှာ အင်တာနက်ပေါ်၌ အချိန်တစ်ခုကာ ပျံ့နှံ့ခဲ့သည့် နည်းလမ်းတစ်ခုပင်။ ထူးဆန်းသည့်အသီးများကို မစားသုံးမီ ဆေးပင်များအား စားထားပါက အကျိုးသက်ရောက်မှု ပိုရှိလိမ့်မည်ဟု ပြောထားကြသည်ပင်။

သူ ယခင်ကသံသယရှိခဲ့သော်လည်း ဆေးပင်များမှာ လူ့ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ကြောင်း သိလိုက်ရသည်။

သူ့မိဘများအား စွပ်ပြုတ်များ တိုက်ခဲ့သော်လည်း ရည်ရွယ်ချက်အမှန်ကို မပြောပြခဲ့။

သို့သော် လက်ရှိအခြေအနေတွင် သူထပ်စောင့်နေ၍ မရတော့ပေ။

အပိုင်း ၈၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset