အပိုင်း ၁၃၄•၁
” ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ခေါင်းဆောင်သုပုစီး ”
°°°
ပျံသန်းရေးအမျိုးအစားမဟုတ်တဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ လေထဲမှာအချိန်တိုအတွင်း ပျံသန်းနိုင်ဖို့ဆိုရင်တောင် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ဖြစ်နေမှရမှာပါ။
လေထဲမှာဒီလိုမျိုးအေးအေးဆေးဆေးလွှင့်မျောနိုင်ဖို့ဆိုရင် အနည်းဆုံး၀ိညာဥ်စက်ကွင်းရှစ်ကွင်းတော့ ရှိနေရပါလိမ့်မယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကိုအများကြီးအသုံးပြုပြီး အချိန်ကြာရှည်ပျံသန်းနိုင်ဖို့ကတော့ သော့်လော့အဆင့်ကို ရောက်နေခဲ့ရမှာပါ။ ဒါတွေကြောင့် အခုလေပေါ်မှာရှိနေတဲ့ လူနှစ်ဆယ်ကျော်က သေချာပေါက် အနည်းဆုံး၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့သူတွေဖြစ်ပါလိမ့်မယ်။
အမျက်ဒေါသကျောင်းတော်ကို လာပြီရန်စဖို့ဆိုရင် သူတို့မှာသေချာပေါက် လုံလောက်တဲ့အစွမ်းအစရှိနေရမှာပါ။ ဒီလူတွေကသေချာပေါက် မကောင်းတဲ့အကြံအစည်ရှိနေတာအသိအသာကြီးပါပဲ။
အမျက်ဒေါသကျောင်းတော်ဖက်မှာတော့ ထပ်တူညီစွာပဲလွှင့်မျောနေတဲ့လူတွေရှိနေခဲ့ပါတယ်။ ကျောင်းသားတော်တော်များများကတော့ သင်ကြားရေးအဆောင်ရဲ့ပြတင်းပေါက်ကနေ အဝေးကောင်းကင်ကိုလှမ်းကြည့်နေခဲ့ကြတယ်။ သူတို့တွေရဲ့ အကြည့်တွေအားလုံးက မည်းမှောင်နေခဲ့ကြပါပြီ။
ဒီလိုမျိုးထိပ်တန်းအဆင့်သူတွေရဲ့ တိုက်ခိုက်မှုဆိုတာက မြင်ရခဲတဲ့အရာတစ်ခုပါ။ ဒါ့အပြင် အတွင်းနယ်မြေရဲ့တပည့်သားတွေအတွက်တောင် ဒီလိုကိစ္စမျိုးကိုမြင်ဖူးတာက ပထမဆုံးအကြိမ်ဖြစ်နေခဲ့ပါတယ်။
မကြာခင်မှာပဲ ကျောင်းတော်ဖက်မှာလူသုံးဆယ်ကျော်ကျော်ရှိနေတာကို အတွင်းနယ်မြေရဲ့ကျောင်းသားတွေမြင်လိုက်ရပါတော့တယ်။ အကြီးအကဲရွှမ်ဦးဆောင်လာတဲ့အဖွဲ့က ကျူးကျော်သူတွေထက်ကို အရေအတွက်သာလွန်နေခဲ့တာပါ။
အကြီးအကဲရွှမ်က စိုးရိမ်နေပုံမပေါ်သလို စိတ်ပူနေပုံလဲမပေါ်ပါဘူး။ သူက ထူးမခြားနားလေသံနဲ့သာ ပြောလာခဲ့ပါတယ်။
” အဘိုးကြီးသု မင်းက ဒီနေ့ရှိသမျှလူတွေအကုန်လုံးကခေါ်လာတာဘာလုပ်ချင်လို့လဲ မင်းတို့ခန္ဓာကိုယ်မျိုးနွယ်က တိုက်ကြီးမှာပြန်ပေါ်ပေါ်လာချင် ငါတို့ကမင်းတို့ရဲ့ပထမဆုံးပစ်မှတ်ဖြစ်လာပြီတဲ့လား ”
အကြီးအကဲရွှမ်ရဲ့ပါးစပ်ကနေ ခန္ဓာကိုယ်မျိုးနွယ်ဆိုတဲ့စကားထွက်ပေါ်လာချိန်မှာတော့ အနောက်မှာရှိတဲ့ ခပ်ငယ်ငယ်ဆရာတွေက အထိတ်တလန့်ဖြစ်ကုန်ပါတော့တယ်။ တစ်ဖက်သူတွေက အမျက်ဒေါသကျောင်းတော်ကို အကြောက်အလန့်ကင်းကင်းနဲ့ ကျုးကျော်၀င်ရောက်လာ၀ံ့တာ အံ့ဩစရာမရှိတော့ပါဘူး။ သူတို့က ခန္ဓာကိုယ်မျိုးနွယ်ရဲ့အင်အားကြီးလူတွေဖြစ်နေခဲ့လို့ပါပဲ။
အမျက်ဒေါသကျောင်းတော်နဲ့ ခန္ဓာကိုယ်မျိုးနွယ်ဆိုတာက လက်ရည်ချင်ညီတဲ့သူတွေပါ။ သူတို့မှာလဲ ကိုယ်ပိုင်သမိုင်းအကြောင်းကို အခိုင်အမာစိုက်ထူးထားနိုင်ပါတယ်။
ဆံပင်အစိမ်းရောင်ရှိတဲ့အကြီးအကဲက အကြီးအကဲရွှမ်ကို လှမ်းကြည့်နေခဲ့တယ်။
” ရှောင်ရွှမ် မင်းမေးတာမသိသာလွန်ဘူးလား ဘာလဲမင်းလုပ်ခဲ့တဲ့ကိစ္စတွေကို မေ့သွားပြီလား ”
” ဘာမေ့ရမှာလဲ မင်းလက်အောက်က အကောင်နှစ်ကောင်ငါသင်ခန်းစာပေးလိုက်တာလေ သူတို့ဘာလုပ်ခဲ့လဲဆိုတာ မင်းမေးကြည့်လိုက်စမ်း မင်းတို့ကငါတို့ကို တိုက်ခိုက်၀ံ့တယ်လား..အကယ်၍ မင်းရှိနေတယ်ဆိုတဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် သူတို့တွေ အသက်ရှင်လျက်ပြန်ရောက်လာမယ်လို့ မင်းထင်လို့လား ”
” မဟုတ်တရမ်းတာတွေ ပြောမနေနဲ့ မင်းကငါတို့မျိုးနွယ်ရဲ့လူတွေကိုရိုက်နှက်ခဲ့တဲ့အပြင် အခုတော့ကိုယ်ကိုကိုယ်အမှန်တရားရဲ့ဘက်တော်သားကြီးပုံစံလုပ်နေပြန်ပြီ ဒီကိစ္စကိုငါလုံး၀အလွှတ်မပေးနိုင်ဘူး…မင်းရဲ့ဒီလိုကိုယ်ကိုကိုယ်ထောင်လွှားနေတဲ့ ယုံကြည်ချက်တွေ ဘယ်ကရနေလဲဆိုတာ ပြလိုက်စမ်းပါ ”
သူပြောပြီတာနဲ့ ဒေါသတကြီးဟိန်းဟောက်လိုက်ပါတော့တယ်။ ထူးထပ်တဲ့အစိမ်းရင့်ရောင်အလင်းတန်းတွေက ကောင်းကင်ပေါ်ကို ထိုးတက်လို့သွားခဲ့ပါပြီ။
ကောင်းကင်ရဲ့တစ်၀က်နီးပါးက အစိမ်းရင့်ရောင်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကြီးကလဲ မူလအချိန်ထက်ဆယ်ဆမကပိုမိုကြီးမားလို့လာခဲ့ပါတော့တယ်။ အစိမ်းရင့်ရောင်အသားအရေးက ကြီးမားတဲ့ကြွက်သားကြီးတွေအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပြီ သူ့၀တ်ဆင်ထားတဲ့အ၀တ်အစားတွေက သူ့ရဲ့ခန္ဓာကိုယ်အနည်းငယ်ကိုသာ လုံခြုံအောင်ဖုံးနိုင်တဲ့အထိ သေးသွားပါတော့တယ်။ ဒါ့အပြင် ဒီ၀တ်စုံတွေက အထူးပြုလုပ်ထားတာကြောင့်သာ ပေါက်ကွဲမထွက်သွားခဲ့တာပါ။
ပိုပြီးကြောက်စရာကောင်းတာကတော့ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေပါပဲ။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်နှစ်ကွင်းနဲ့ အနီရောင်သုံးကွင်းရှိနေခဲ့တယ်။ သူ့မှာနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းသုံးကွင်းအထိတောင်ရှိပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို အပြည့်အ၀ထုတ်သုံးပြီတဲ့နောက် မောက်မာမှုနဲ့ အရှိန်အ၀ါတွေက လေထုတစ်ခုလုံးကို ကျိုးကြေးစေမတတ်အားကောင်းလာပါတော့တယ်။
အကြီးအကဲရွှမ်ကလဲ အလေးအနက်ဖြစ်သွားခဲ့ပါပြီ။ သူလဲကောင်းကင်ပေါ်ကိုထိုးတက်လို့သွားပါတော့တယ်။ ပြင်းထန်စူးရှတဲ့အ၀ါရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်အပြင်ဘက်ကို လျှံထွက်လို့လာခဲ့ပါပြီ။ ကြောက်စရာကောင်းတဲ့အရှိန်အ၀ါနဲ့အတူ အမျက်ဒေါသကျောင်းတော်ကောင်းကင်အထက်မှာတော့ အ၀ါရောင်အလင်းတန်းတွေက သိပ့်သိပ့်သည်းသည်းရှိနေပါတော့တယ်။ အ၀ါနဲ့အစိမ်းနှစ်ခုက ကောင်းကင်ကြီးကိုလုံလုံလားလားဖုံးလွှမ်းလို့သွားခဲ့တယ်။
ဒါပေမယ့် အကြီးအကဲရွှမ်ရဲ့ ၀ိညာဥ်စက်ကွင်းတွေက အဘိုးကြီးသုထက်တော့အနည်းငယ်နောက်ကျလို့နေခဲ့ပါတယ်။ သူ့မှာအ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းအနက်ရောင်လေးကွင်းနဲ့ အနီရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိခဲ့တယ်။ သူ့မှာနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတာပါ။ အဘိုးကြီးသုကိုယှဥ်နိုင်ဖို့အတွက် သူ့မှာနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနှစ်ခုထပ်လိုဦးမယ်ဆိုတာ သိနေခဲ့တယ်။
အကြီးအကဲရွှမ်ကလဲ ကြီးမားတဲ့အပြောင်းအလဲကြီးကို ကြုံတွေ့လိုက်ရပါတယ်။ အ၀ါရောင်အလင်းတန်းရဲ့အောက်မှာလည်ချောင်းသံနဲ့အော်ဟစ်ဟိန်းဟောက်ရင်းခန္ဓာကိုယ်မျိုးနွယ်ဖက်လူတွေကို နောက်ဖက်မီတာကျော်အထိဆုတ်ခွာသွားစေခဲ့တယ်။
အ၀ါရောင်အလင်းတန်း ပေါက်ကွဲထွက်လာတာနဲ့ အကြီးအကဲရဲ့ ရုပ်ရည်သွင်ပြင်ကလဲ လုံး၀ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။
သူ့မှာသိုးတစ်ကောင်လိုခန္ဓာကိုယ်ဖြစ်သွားခဲ့ပြီ ကျားတွေလိုချွန်ထက်တဲ့သွားနဲ့ လူသားလက်တွေရှိတဲ့ အသွင်ကိုပြောင်းသွားခဲ့သလို ကြီးမားပြီထူးဆန်းတဲ့ဦးချိုကောက်ကောက်ကြီးတွေကလဲ ခေါင်းပေါ်မှာပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကမီတာသုံးဆယ်ကျော်အထိ ကြီးမားလို့သွားခဲ့ပြီ အဘိုးကြီးသုထက် ပိုသန်မာနေပုံပေါ်ပါတယ်။
အားကောင်းလွန်လှတဲ့အ၀ါရောင်အလင်းတန်းက ဆက်တိုက်ဆိုသလို အရှေ့ကိုဆက်တိုးနေခဲ့ပြီ ၀ိညာဥ်စက်ကွင်းကိုးကွင်းကလဲ ကြီးမားတဲ့ဦးချိုတွေနားမှာ အနှိမ့်အမြင့်မြန်မြန်ဆန်ဆန်ဖြစ်ပြီလှည့်ပတ်လို့နေခဲ့တယ်။
ဟို့ယွိဟောင်တို့ကတော့ ရန်ရှောင်ကျဲ့ရဲ့ ညွှန်ကြားချက်နဲ့အတူ ပင်လယ်နတ်ဘုရားခန်းမဆောင်အပြင်ဘက်ကိုရောက်ရှိလို့လာခဲ့တာပါ။ ရန်ရှောင်ကျဲ့ကဖြစ်နေတဲ့ကိစ္စတွေကိုမော့ကြည့်ရင်း စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် ဟို့ယွိဟောင်တို့ကိုပြောလိုက်ပါတယ်။
” ခန်းမထဲကိုမြန်မြန်၀င်လိုက် ဘယ်လိုကိစ္စပဲဖြစ်လာပါစေ ထွက်မလာခဲ့နဲ့ မင်းတို့သုံးယောက်နားလည်ရဲ့လား ”
“နားလည်ပါပြီ ”
သူတို့သုံးယောက်လဲ ခပ်မြန်မြန်ပဲပြန်ဖြေလိုက်ပါတယ်။ ဖြစ်နေတဲ့ကိစ္စတွေက အရမ်းကိုထိတ်လန့်နေခဲ့ပါပြီ ဒီလိုအကြီးအကဲရွှမ်အနေနဲ့ အစွမ်းအစအကုန်ထုတ်သုံးတာကိုမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။
” ခန်းမထဲ၀င်မနေနဲ့တော့ တံခါးအပြင်ဘက်ကပဲကြည့်ကြ ”
နူးညံ့ညင်သာတဲ့အသံက ထွက်ပေါ်လာတာကိုရန်ရှောင်ကျဲ့နဲ့အတူ တခြားကလေးတွေလဲ ကြားလိုက်ရပါတယ်။ ဒီအသံကိုကြားချိန်မှသာ ရန်ရှောင်ကျဲ့လဲ သက်ပြင်းချလိုက်တော့တယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်အကြီးအကဲကို သူဦးညွတ်လိုက်ပြီတဲ့နောက် မြေပြင်ကိုအားပြုကာခြေဖျားထောက်ရင် ကောင်းကင်ပေါ်ကို ထိုးတက်လို့သွားပါတော့တယ်။ သိုင်းပညာ၀ိညာဥ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့သူက ကျောင်းတော်တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ဘယ်လိုလုပ်မရှိပဲရမှာလဲ။ သေချာပေါက်ပြောလိုက်တဲ့သူကတော့ အကြီးအကဲမုပါ။ ဟို့ယွိဟောင်တို့ကလဲ အကြီးအကဲမုရှိနေသရွေ့ ဘယ်အန္တရာယ်မှရင်ဆိုင်ရမှာမဟုတ်ပါဘူး။
၀မ်သုန့်က ခပ်တိုးတိုးမေးလာခဲ့တယ်။
” အကြီးအကဲမုသုံးတာက သိုင်းပညာရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ဖြစ်လိမ့်မယ်..ဒါကအနည်းဆုံးစက်ကွင်းခုနှစ်ကွင်းရှိနေတဲ့သူတွေမှလုပ်နိုင်မဲ့ပုံစံပဲ ပိုပြီးအရမ်းလဲသန်မာသေးတယ်..ဒါပေမယ့် ဟိုဖက်ကလူပုံသဏ္ဍာန်ရှိတဲ့ဘီးလူအစိမ်းကြီးကရော ဘာကြီးလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ရှေးဘီးလူမျိုးနွယ်ကလာလို့လား ”
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့အဖြေကိုပြန်မဖြေနိုင်ပါဘူး။ အကြီးအကဲမုကတော့ ဖြေနိုင်ပါတယ်။ အကြီးအကဲမုရဲ့ နူးညံ့တဲအသံက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့တယ်။
” မင်းမြင်နေရတာက ရိုးရှင်းတဲ့သိုင်းပညာ၀ိညာဥ်စစ်မှန်တဲ့ခန္ဓာကိုယ်မဟုတ်တော့ဘူး..ဒါက အနည်းဆုံး၀ိညာဥ်စွမ်းအားအဆင့်ကိုးဆယ်ငါးအထိကို ရောက်ပြီမှသာဖြစ်ပေါ်လာနိုင်တဲ့ သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ပဲ ဒါကလူတစ်ယောက်ရဲ့ ကိုယ်ပိုင်သိုင်းပညာ၀ိညာဥ်အပေါ် နားလည်နိုင်စွမ်းအပေါ်လဲမူတည်နေသေးတယ်…ဒါမျိုးကိုထူးကဲသာလွန်သော့်လော့တွေသာ ပြုလုပ်နိုင်တယ်…အဲ့ဒီလူကိုသုပုစီးလို့ခေါ်တယ်..ခန္ဓာကိုယ်မျိုးနွယ်ရဲ့ခေါင်းဆောင်ပဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ဆိုတာက သူကိုယ်တိုင်ဖြစ်နေခဲ့တယ် ”
” ခန္ဓာကိုယ်မျိုးနွယ်တဲ့လား ”
ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်လဲ လန့်သွားခဲ့ပါပြီ။ ဖြစ်ခဲ့တဲ့ကိစ္စတွေကို သူပြန်တွေးမိပါတော့တယ်။
” ဟုတ်တယ်သူတို့က မင်းအတွက်လာကြတာပဲ ခန္ဓာကိုယ်၀ိညာဥ်တစ်ခုနဲ့ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိနေတဲ့လူတစ်ယောက်အတွက် ဒီလိုခရီးနင်းလာပုံဆိုတာက ထိုက်တန်တဲ့အရာပဲလေ သူတို့မှာနောက်ထပ် ရည်ရွယ်ချက်တစ်ခုရှိနေဦးမယ်ငါထင်မိတယ်..ယွိဟောင် ငါမင်းကိုဖုံးကွယ်မထားသင့်ဘူး ခန္ဓာကိုယ်မျိုးနွယ်က ခန္ဓာကိုယ်၀ိညာဥ်တွေကို ရှာဖွေလေ့လာနေတာနှစ်ပေါင်းသောင်းနဲ့ချီပြီကြာသွားခဲ့ပြီ ဘယ်သူကမှဒါကိုမယှဥ်ပြိုင်နိုင်ကြဘူး ”
” မင်းရဲ့ဒုတိယနိုးထမှုကို ကြုံတွေ့စေနိုင်ဖို့နဲ့ စိတ်၀ိညာဥ်မျက်လုံးကို အဆင့်မြင့်တင်နိုင်ဖို့အတွက် သူ့တို့မှာနည်းလမ်းရှိမယ်လို့ငါယုံကြည်တယ်..အကယ်၍ မင်းထွက်ခွာဖို့ရွေးချယ်မယ်ဆိုရင်တောင် ကျောင်းတော်ကမင်းကိုအပြစ်မတင်ပါဘူး…ဒါပေမယ့် မင်းနေခဲ့မယ်ဆိုရင်လဲ ကျောင်းတော်အနေနဲ့ မင်းကိုအနာဂတ်မှာအကောင်းဆုံးမွေးမြူးဖို့လုပ်မယ်ဆိုတာပြောနိုင်တယ်…ကျောင်းတော်က မင်းရဲ့အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ ပိုပြီးတော့ကောင်းမှာပါ ဒီတော့မင်းရဲ့ဆုံးဖြတ်ချက်ကို ပြောပြ ဒါဆိုရင် ခန္ဓာကိုယ်မျိုးနွယ်ကို ငါဘယ်လိုလုပ်ရမလဲဆိုတာ သိရတာပေါ့ ”
အကြီးအကဲမုရဲ့စကားကိုကြားပြီချိန်မှာ ဟို့ယွိဟောင်ကချက်ချင်းဆိုသလို ပြန်ဖြေလိုက်ပါတော့တယ်။ သူမတွေဝေခဲ့ပါဘူး။
” အကြီးအကဲမု ကျောင်းတော်ကကျွန်တော်အတွက်ပြဿနာတက်ရတယ်…ဒါပေမယ့် ကျွန်တော်ကျောင်းတော်ကနေ ထွက်ခွာမှာမဟုတ်ဘူး…ကျွန်တော်က အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာတစ်ယောက်ဖြစ်နေခဲ့ပြီးပြီ ကျောင်းတော်အနေနဲ့ ကျွန်တော်ကို လက်မလွှတ်သေးသရွေ့ ကျွန်တော်ကသေချာပေါက် ကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေဦးမှာပဲ ဒါ့အပြင် ကျွန်တော်မှာမျိုးနွယ်စုရှိနေပြီ ကျွန်တော်ကထန်မျိုးနွယ်ရဲ့တပည့်သားဘယ်လိုကြောင့်များမျိုးနွယ်ကိုထပ်ပြီပြောင်းလဲရမှာလဲ ဆရာရှောင်ယာ့နဲ့ အစ်ကိုကြီးကြောင့်သာမဟုတ်ရင် ကျွန်တော်ကျောင်းထဲကို ၀င်ဖြစ်မှာတောင်မဟုတ်ဘူး..ဒါ့အပြင် ကြယ်တာရာတောထဲမှာသေသွားလောက်ပါပြီ ထန်မျိုးနွယ်နဲ့ အမျက်ဒေါသကျောင်းတော်ကလွဲပြီ တခြားဘယ်နေရာကိုမှ ကျွန်တော်၀င်ရောက်မှာမဟုတ်ဘူး ”
” လိမ်မာကလေးပဲ ”
အကြီးအကဲမုရဲ့အသံက ပိုပြီးတော့တောင် ညင်သာလာပါသေးတယ်။
ကောင်းကင်ပေါ်မှာကတော့ ကျယ်လောင်တဲ့ပဲ့တင်သံကြီးနဲ့အတူ ပေါက်ကွဲမှုက ထွက်ပေါ်လာခဲ့ပါပြီ။ သုပုစီးနဲ့ အကြီးအကဲရွှမ် နှစ်ယောက်စလုံးက တိုက်ခိုက်ဖို့လှုပ်ရှားကြပါတော့တယ်။
သူတို့ရဲ့တိုက်ပွဲကြောင့် ကောင်းကင်ကြီးကဆက်တိုက်ပြောင်းလဲလို့နေခဲ့တယ်။ အ၀ါနဲ့အစိမ်းနှစ်ခုစလုံးက အားပြိုင်လို့နေခဲ့ကြပြီ သူတို့ပိုင်ခြားထားတဲ့နေရာမှာအကြီးအကဲရွှမ်နဲ့ သုပုစီးတို့က တိုက်ခိုက်နေခဲ့ပါတယ်။ တကယ်ကိုပြင်းထန်လွန်လှတဲ့ နှစ်ယောက်ချင်းတိုက်ပွဲပါပဲ။
အကြီးအကဲရွှမ်ရဲ့နတ်ဘုရားထျောင်ထျဲ့နတ်သိုးခန္ဓာကိုယ်က လေထဲမှာအရှိန်ပြင်းပြင်းနဲ့ ပြေး၀င်လို့သွားခဲ့ရင်း သုပုစီးကို၀င်တိုက်ပါတယ်။ သုပုစီးရဲ့အစိမ်းရင့်ရောင်ဘီးလူကြီးကတော့ ခြေလှမ်းကျယ်တွေနဲ့ ခုန်လွှားနေခဲ့ရင်း အကြီးအကဲရွှမ်ကို တိုက်ရိုက်တုန့်ပြန်နေခဲ့တယ်။ သူတို့နှစ်ယောက်က လေထဲမှာကြောက်စရာအကောင်းဆုံးတိုက်ခိုက်မှုတွေကို ပြုလုပ်နေခဲ့တာပါ။
ဒီတစ်ကြိမ်မှာပဲ အမျက်ဒေါသကျောင်းတော်နဲ့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ပညာရှင်တွေကလဲမြေပြင်ပေါ်ကို ခပ်မြန်မြန်ဆင်းလာကြပါတော့တယ်။ ယ
ကောင်းကင်ပေါ်မှာဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုက အရမ်းကိုဖိအားပြင်းထန်လှတာကြောင့် အောက်ဖက်တစ်ရာမီတာနီးပါးမှာသာ ဒီအရှိန်တွေကနေ လွှတ်ကင်းမှုရှိပါတယ်။ ဒါကနှစ်ဖက်စလုံးကိုလဲ ထိန်းချုပ်လို့ထားနိုင်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ ဘယ်သူကမှကိုယ်ဘက်ကိုယ်လူသားကို မထိခိုက်စေချင်ပါဘူး။ သုပုစီးအနေနဲ့လဲ အကြီးအကဲရွှမ်ကိုသေတဲ့အထိ မတိုက်ခိုက်ချင်းမှန်းလဲ သိသာနေခဲ့တယ်။
ဘယ်လိုပဲဖြစ်ပါစေ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ သူတို့ရပ်နေတဲ့မြေပြင်ကြီးတစ်ခုလုံးက တုန်ခါနေခဲ့တာကြောင့် ထိတ်လန့်လို့နေခဲ့ရပါတယ်။ သူတို့ရဲ့မျက်နှာတွေကလဲ ဖြူဖျော့လို့နေခဲ့ပါပြီ။ မိုးကောင်းကင်တစ်ခုလုံးက မျက်စိရှေ့မှာတင်ပြိုကျလာတော့မဲ့အတိုင်းပါပဲ။
ဒါကထိပ်တန်းအဆင့်လူတွေရဲ့ နှစ်ယောက်ချင်းတိုက်ခိုက်မှုတဲ့လား။ လူသားအင်အားကအဲ့ဒီလောက်ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လား။
ဟို့ယွိဟောင်အနေနဲ့ ထိတ်လန့်ရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ ဒီနေ့မတိုင်ခင်အထိ ၀ိညာဥ်ပညာရှင်တွေရဲ့အင်အားက အဲ့ဒီလောက်အဆင့်ကို ရောက်ရှိနိုင်မယ်လို့မထင်ထားခဲ့မိတာအမှန်ပါ။ ၀ိညာဥ်ပညာရှင်တွေရဲ စွမ်းဆောင်နိုင်စွမ်းအပေါ် သူ့ရဲ့နားလည်မှုကလဲ ကျော်လွန်လို့သွားခဲ့ပါပြီ။
သူမြင်ဖူးတဲ့ထိပ်တန်းအဆင့်ဆိုတာက ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်အဆင့်သာရှိခဲ့တာပါ။ သူတို့တွေက ဟို့ယွိဟောင်ထက် အများကြီးသန်မာသလို ကွာခြားချက်ကိုလဲ သိသိသာသာမြင်နေခဲ့ရပါတယ်။ ဒါပေမယ့် အကြီးအကဲရွှမ်နဲ့ သုပုစီးထုတ်ပြနေခဲ့တဲ့ အစွမ်းအစကတော့ သူနားလည်နိုင်တာထက်ကို အများကြီးကျော်လွန်လို့သွားခဲ့ပါပြီ။ ချီးမွမ်းမယ်ဆိုရင်တောင် ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ သူတို့ရဲ့တည်ရှိမှုကို ခံစားရတဲ့အခြေအနေမှာသာ ရှိနေခဲ့ပါတယ်။
အကြီးအကဲမုရဲ့အသံက နောက်တစ်ကြိမ်ထပ်ထွက်မလာတော့ပါဘူး။ သူက ဘာကိုမှရှင်းပြမနေတော့ပဲ ကလေးသုံးယောက်ကောင်းကင်ပေါ်မော့ကြည့်နေတာကိုသာ လွှတ်ထားခဲ့ပါတော့တယ်။
ကလေးတွေကိုအပြင်မှာသာထားထားခဲ့ပြီ ခန်းခထဲလဲ၀င်ခွင့်မပြုခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် မြေကမ္ဘာတစ်ခုလုံးကိုတုန်လှုပ်စေနိုင်တဲ့တိုက်ပွဲဆိုတာ ဘယ်လိုပုံစံဖြစ်မယ်မှန်း သိစေချင်လို့ပါ ဒီလိုကြီးမားတဲ့တိုက်ပွဲမျိုးက တိုက်ကြီးတစ်ခုလုံးမှာတောင် တွေ့ရခဲပါတယ်။ ၀ိညာဥ်ပညာရှင်တွေတင်မက ငယ်ရွယ်တဲ့ပညာရှင်တွေအတွက် ဒါကအရမ်းကိုတန်ဖိုးကြီးလွန်လှတဲ့ အတွေ့အကြုံတစ်ခုပါပဲ။
အပိုင်း ၁၃၄•၁ ပြီး၏။