ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၅ – အိမ်
တံခါးပွင့်သွားပြီး အသက်ငါးဆယ်ကျော် အမျိုးသားတစ်ဦး ဝင်လာသည်။ သူသည် အရမ်းအသက်မကြီးသေး။ သူ၏နာထင်မွေးများသာ အနည်းငယ် ဖြူနေသည်။ သူ့ထံတွင် ပညာရှင်ဆန်ပြီး ယဥ်ကျေးသိမ်မွေ့သောအပြုအမူမျိုး ရှိနေသည်။
သူ့နောက်တွင် အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦး ပါလာသည်။ သူမသည် ကြင်နာတတ်ပုံပေါ်သော်လည်း ဝမ်းနည်းပူဆွေးနေပုံပင်။
ဤလူများမှာ ချူဖုန်း၏ မိဘများဖြစ်သည့် ချူကျင်းယွမ်နှင့် ဝမ်ကျင်းပင်ဖြစ်သည်။
“ကျွန်မတို့ဖုန်းလေး ဘယ်ရောက်နေပြီလဲမသိဘူး .. ကျွန်မ အရမ်းစိတ်ပူတာပဲ..” ဝမ်ကျင်း ရေရွတ်လိုက်သည်။ အိမ်ပြန်ရောက်သည်နှင့် သူမဖုန်းကို ချက်ချင်းရှာတော့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သားရဲများ လူထုကို တိုက်ခိုက်လာသောကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထိုသတင်းများကြောင့် ဝမ်ကျင်းပို၍ စိတ်ပူနေရသည်ပင်။
“ဖုန်းပြောတာ သူ့ကို ကာကွယ်ပေးနေတဲ့ သန္ဓေပြောင်းလူရှိတယ်တဲ့ .. အဲဒီတော့ သူ အဆင်ပြေမှာပါ .. စိတ်မပူပါနဲ့..” ချူကျင်းယွမ် သူ့မိန်းမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ သူသည် အတော်လေးပင် တည်ငြိမ်နေသည်။
“အဖေ၊ အမေ..”
အမှောင်ထောင့်တစ်နေရာမှ သူတို့ရင်းနှီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသောကြောင့် ဝမ်ကျင်း ထိတ်လန့်သွားရသည်။ သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင်တော့ သူမသား ချူဖုန်း သူမထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမ မျက်နှာထက်မှ ပူပန်မှုများ ချက်ချင်း ပျောက်ကွယ်သွားကာ အံ့အားသင့်သည့်အမူအရာများ ဖြစ်ပေါ်လာသည်။
“ဖုန်း .. အမေ့ကလေးလေး .. ကလေးလေး ပြန်ရောက်လာပြီ..”
ချူဖုန်းသည် ‘ကလေးလေး’ အရွယ်မှ ကြီးပြင်းလာပြီဖြစ်သော်လည်း သူ့အမေ မျက်လုံးထဲတွင် သူသည် အမြဲတမ်း ကလေးဖြစ်နေသည်ပင်။
ဝမ်ကျင်း သူမသားထံသို့ တရှိန်ထိုး ပြေးသွားပြီး တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ ထို့နောက် ချူဖုန်းအား စုံချည်ဆန်ချည် ကြည့်လာလေသည်။
ချူဖုန်း အပြင်လောက၌ ဒုက္ခရောက်နေမည်ကို သူမ အမြဲတမ်း စိုးရိမ်နေခဲ့ရသည်ပင်။
“မင်း ပြန်လာတာကောင်းတယ်..” ချူကျင်းယွမ်လည်း ပျော်နေသည်ပင်။
“ပြန်ရောက်နေတာလို့ ဘာလို့မပြောတာလဲ..” ဝမ်ကျင်း ဆူပူလိုက်သည်။
“အမေတို့ အံ့ဩသွားအောင်လို့ပေါ့..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
“ဘာစားချင်လဲပြော .. အမေချက်ပေးမယ်..” ဝမ်ကျင်း ပျော်ရွှင်စွာ မေးလိုက်သည်။ သူမ သားကို မြင်လိုက်ရကတည်းက သူမမျက်နှာထက်မှ အပြုံးမပျောက်တော့။
“ကျွန်တော် .. အမဲသား စားချင်တယ်..” ချူဖုန်း သူ့စိတ်ထဲ အငြိုးထားနေဆဲပင်။ သူ ရွှမ်ထျန်းမြို့သို့ ရောက်လာပြီဖြစ်သောကြောင့် နောက်ဆုံးတွင် သူ အမဲသားကို စိတ်ကြိုက်စား၍ရလေပြီ။
“ဒီရက်တွေမှာ အသားဝယ်ရတာ မလိုဘူး .. ဒါပေမဲ့ ကိစ္စမရှိပါဘူး .. ဘယ်လိုလုပ်လို့ရမလဲဆိုတာ အဖေနဲ့အမေ နည်းလမ်းရှာကြည့်လိုက်မယ်” ဝမ်ကျင်း ပြောလိုက်သည်။
ချူကျင်းယွမ်လည်း ခေါင်းညိမ့်လိုက်ကာ သူ့ဂျက်ကက်ကို ကောက်ကိုင်ပြီး အပြင်ပြန်ထွက်ရန် ပြင်လိုက်သည်။
“အဖေ၊ အမေ စိတ်မပူပါနဲ့ .. ကျွန်တော် အားလုံးပါလာပြီးသား..” ချူဖုန်း သူ့အဖေကို တားလိုက်သည်။ ဤကဲ့သို့သော ပြဿနာများကို သူ စဉ်းစားမိပြီးသားပင်။
ကမ္ဘာကြီး ဗြောင်းဆန်မှုဖြစ်ပြီးနောက် ဆန်စပါးများကို ပုံမှန်အတိုင်း ဝယ်ယူနိုင်သေးသော်လည်း အချို့အစားအစာများမှာ ရှားပါးလာသည်။ ထိုအစားအစာများထဲတွင် အမဲသားလည်း ပါဝင်သည်ပင်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းလွင်ပြင်နှင့် ဆက်သွယ်ထားသည့် လမ်းများ ပြတ်တောက်သွားသောကြောင့် အသားများကို မတင်ပို့နိုင်တော့။
ချူဖုန်း ရေခဲသေတ္တာဖွင့်လိုက်ပြီး အသားပိုင်းအချို့ကို ထုတ်လာလိုက်သည်။
“အသားတွေ အများကြီးပဲ … ဘယ်ကဝယ်လာတာလဲ..” သူတို့နှစ်ဦး အံ့အားသင့်သွားရသည်။ ဤကဲ့သို့သော ပစ္စည်းမျိုးကို ပိုက်ဆံဖြင့်ပင် ဝယ်၍မရ။
“မြို့မှာ ဒီလိုအသားတွေ မရှိမှာစိုးလို့ ကျွန်တော် ရွှမ်းထျန်ကို လာတဲ့လမ်းမှာ ဝယ်ခဲ့တာ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
“မြို့ပြင်မှာ အမဲသားရောင်းတဲ့သူတွေ ရှိတာလား..”
“သန္ဓေပြောင်းနွားတစ်ကောင်က ပတ်လည်က ရွာသားတွေကို လိုက်သတ်နေတာ .. သန္ဓေပြောင်းလူတစ်ယောက် အဲဒီနားက ဖြတ်သွားတဲ့အချိန် အဲဒီနွားကို သတ်ပြီးတော့ အသားတွေကို ရောင်းခဲ့တာ..” ချူဖုန်း ရှင်းပြလိုက်သည်။
ဤသည်မှာ တကယ်ကို သန္ဓေပြောင်းနွားတစ်ကောင်ဖြစ်သည်။ နွားသည် အသားမစားသော်လည်း လူများစွာကို ထိခိုက်ဒဏ်ရာရစေခဲ့သည်။ ချူဖုန်း ထိုရွာသို့ အချိန်မှီရောက်သွားပြီး ထိုနွားတစ်ရွာလုံး မဖျက်ဆီးခင် တားဆီးခဲ့လိုက်သည်ပင်။
ချူဖုန်း နည်းနည်းတော့ ဖုံးကွယ်ရမည်ပင်။ သန္ဓေပြောင်းလူတစ်ဦး နွားကို သတ်သည်ဟု ပြောခဲ့သည်မှာ အဖြူထည်မုသားများပင်။
ညစာတစ်ခုလုံး အမဲသားဖြင့် ပြည့်နှက်နေသည်။ အမဲသားဆော့စ်နှပ်၊ အမဲသားပြုတ်၊ အမဲသားကြော်၊ အမဲသားအစပ်..
“အဆင်ပြေလား သား.. သား အမဲသားဒီလောက်ကြိုက်မှန်း မသိခဲ့ဘူး .. စားပွဲပေါ်က ဟင်းတွေကို ကြည့်လိုက်ပါဦး.. ဟင်းမတူပေမယ့် အားလုံးက အမဲသားတွေပဲ..” ဝမ်ကျင်း ပြောလိုက်သည်။
“လမ်းမှာ ခေါင်းကို နွားအကန်ခံလိုက်ရတာတော့ မဟုတ်ဘူးမလား..” သားတစ်ယောက်ကို အဖေတစ်ယောက်ထက် မည်သူမှ ပိုမသိနိုင်။ ချူကျင်းယွမ် သူ့သားကို သံသယဖြင့် ကြည့်လိုက်သည်။ ချူဖုန်း ထိုသန္ဓေပြောင်းနွား၏ အနိုင်ကျင့်ခြင်းခံလိုက်ရသည်ဟု သူယုံကြည်သည်။ ထို့ကြောင့်သာ သူ့သားသည် အမဲသားကို ဒေါသတကြီး စားနေခြင်းပင်။
“အဖေပြောတာမှန်တယ် .. ဒီနောက်ပိုင်း ကျွန်တော် အနိုင်ကျင့်ခံနေရတာ .. ဒါပေမဲ့ အဲဒီနွားတော့မဟုတ်ဘူး .. ခွာတွေက ရေပုံးတစ်ပုံးစာလောက်ရှိတဲ့ နွားတစ်တွဲက ကျွန်တော့်ကို တက်နင်းပြီး ခြိမ်းခြောက်ခဲ့တာ .. အဲဒါကြောင့် ကျွန်တော် သူတို့အသားတွေစားပြီး သွေးကိုသောက်ရမှ ကျွန်တော့်ဒေါသပြေမှာ” ချူဖုန်း ပြောလိုက်သည်။
“ဘာ … တကယ်လား .. သူ သားကို ဒဏ်ရာရအောင် လုပ်သေးလား..” ဝမ်ကျင်း စိတ်မအေးဖြစ်သွားရသည်။
“မလုပ်ပါဘူး .. ကျွန်တော် အမေ့ကို စတာပါ.. ကျွန်တော်က နွားတက်နင်းတာ ခံပါ့မလား .. အမေ မြန်မြန် .. ကျွန်တော်နဲ့အတူတူစားမယ် .. ဒီဟင်းတွေက အရမ်းကို အရသာရှိလွန်းတယ်..” ချူဖုန်း စကားခေါင်းစဉ် ပြောင်းလိုက်သည်။
“ရော့ .. ငါနဲ့အတူတူသောက် .. အခုလိုအချိန်မျိုးမှာ ဒီလိုဟင်းအများကြီး စားရဖို့က မလွယ်ဘူး..” ချူကျင်းယွမ် စိတ်အားတက်ကြွနေသည်။
“ရတာပေါ့..” ချူဖုန်း သူ့ခွက်ထဲ အရက်ပြင်းတစ်ချို့ လောင်းထည့်လိုက်သည်။
“အခုကမ္ဘာကြီးက အရင်ကထက် ပိုထူးဆန်းလာပြီ .. မျောက်တွေတောင်မှ နယ်မြေတစ်ခုကို ထိန်းချုပ်ပြီး ခြိမ်းခြောက်လာနိုင်ကြပြီ .. ဒီအကြောင်းကို လွန်ခဲ့တဲ့လပိုင်းလောက်ကသာ ငါ့ကို လာပြောရင် ငါ စောက်ပိုတွေလို့ ပြောမိမှာပဲ .. ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလိုကိစ္စမျိုးတွေက နွေရာသီက ယင်ကောင်တွေကိုပဲ ပေါများနေတာ..” ချူကျင်းယွမ်သည် ၃၊ ၄ ခွက်ခန့် သောက်ပြီးနောက် မျက်နှာများ နီရဲလာလေ၏။
“အဲဒီလူဝံကြီးက ကောင်းပါသေးတယ် .. အနည်းဆုံးတော့ သူက မြွေဖြူလိုမျိုး မြို့တစ်ဝက်လောက်ကို သတ်မသွားဘူးလေ” ဝမ်ကျင်း ပြောလိုက်သည်။
“မင်းနားမလည်ပါဘူး .. အဲဒီလူဝံက ကောက်ကျစ်ပြီး ဉာဏ်များတဲ့ တိရစ္ဆာန် .. သူသတ်ချင်ရင် မြို့တစ်ခုလုံးကိုတောင် သတ်လို့ရတယ်” ချူကျင်းယွမ် ပြောလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. အဲဒီလူဝံကြီးက ကြည့်ရတာ ကြင်နာတတ်တဲ့ပုံပါ .. သူ့ပုံကို သတင်းမှာ ပထမဆုံးတွေ့လိုက်ကတည်းက သူက ရက်စက်တဲ့တိရစ္ဆာန်မဟုတ်မှန်း ကျွန်မ ပြောနိုင်တယ်..” ဝမ်ကျင်း ချူကျင်းယွမ်နှင့် အငြင်းပွားနေသည်။ စုန့်တောင်မှ မျောက်များသည် မကောင်းသည့်ကိစ္စများ လုပ်လာလိမ့်မည်မဟုတ်ဟု သူမယုံကြည်သည်။
“အပြင်ပန်းကိုကြည့်ပြီး မဆုံးဖြတ်နဲ့ .. လူဝံတွေက မိတ်ဆွေတွေကိုတောင် ရန်သူ လုပ်နိုင်တဲ့ကောင်တွေ .. သူတို့တွေက အသိဉာဏ်ရှိလို့ သူတို့ရန်ကနေ ကာကွယ်ဖို့ ပိုခက်တာ” ချူကျင်းယွမ် ပြောလိုက်သည်။
“အဲဒါ ရှင့်အမြင်လေ .. ရှင် လွန်ခဲ့တဲ့နှစ်သုံးဆယ်က ကိစ္စကို အငြိုးထားနေသေးမှန်း ကျွန်မသိပါတယ် .. အဲဒီတုန်းက စုန့်တောင်က မျောက်တစ်ကောင် ရှင့်ကို ကုတ်လိုက်တယ်ဆိုပေမယ့် ရှင်ရယ် အဲဒါက အရင်တုန်းက ကိစ္စလေ .. ရှင် အဲဒီကိစ္စကို လက်လွှတ်သင့်ပါပြီ..” ဝမ်ကျင်း သူတို့သားအရှေ့တွင် ငယ်ကျိုးငယ်နာများ ဖော်လာသည်။
“ဒီမှာ အစ်မကြီး .. အဲဒီလိုမျိုး မဟုတ်ပါဘူးနော်..” ချူကျင်းယွမ် ရှက်သွားလေ၏။
စားပွဲ ဘေးဘက်တွင် ထိုင်နေသည့်ချူဖုန်း တီးတိုးရယ်လိုက်လေသည်။
“ကြည့်လိုက် .. ရှင့်သားတောင် ရှင့်ကို ရယ်နေပြီ..” ဝမ်ကျင်း ရယ်မော၍ ပြောလိုက်သည်။
…
ညစာမှာ အချိန်အတော်လေး ကြာသွားသည်။ မိသားစုမှာ ပျော်ရွှင်နေပြီး တစ်အိမ်လုံး ပျော်ရွှင်သည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
“အဖေ၊ အမေ တကယ်လို့ တစ်နေ့နေ့မှာ အဖေတို့ ဦးခေါင်းကနေ ချိုတွေထွက်လာပြီး မီးတောက်တွေ မှုတ်ထုတ်နိုင်မယ်ဆိုရင် ထူးဆန်းတယ်လို့ ထင်မှာလား..”
မိသားစုသည် တီဗီကြည့်ရင်း မုန့်စားနေကြခြင်းဖြစ်သည်။ ချူဖုန်း မေးခွန်းသည် သဘာဝအကျဆုံးပုံစံဖြင့် မေးလိုက်လေ၏။
“အဲဒါက လူတွေလုပ်ဖို့ မဖြစ်နိုင်တဲ့အရာတွေပဲ .. လူဖြစ်နေသေးရင်ပေါ့လေ”
“ဟုတ်တယ် .. သန္ဓေပြောင်းလူတွေကို သန္ဓေပြောင်းတွေလို့ မခေါ်သင့်ဘူး .. ငါ့အတွက်တော့ သူတို့တွေက ရက်စက်ခြင်းမှာပျော်မွေ့နေတဲ့ သားရိုင်းကောင်တွေပဲ”
သူ့မိဘများ၏ မှတ်ချက်အား ကြားလိုက်ရသည့်အချိန်တွင် ချူဖုန်း သူ့ပါးစပ်ထဲမှ ပန်းသီးအားပြန်ထွေးထုတ်မိလုနီးပါး ဖြစ်သွားသည်။
ကျန်သည့်ညတစ်ညလုံး သူ ခရမ်းရောင်ထင်းရှူးစေ့များအကြောင်း မပြောတော့။ သန္ဓေပြောင်းလူများနှင့် ပတ်သက်ပြီး သူ့မိဘများ ဤကဲ့သို့ ထင်မြင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့။ ထို့နောက် လူတစ်ယောက် သန္ဓေပြောင်းသွားလျှင် မည်သည့်ပုံစံ ဖြစ်လာနိုင်သည်ကို သူ အင်တာနက်ပေါ်၌ သွားရှာကြည့်လိုက်သည်။
ကျိုးချွမ်ကတော့ ကံအဆိုးဆုံးသန္ဓေပြောင်းလူသားပင်။ အခြားသန္ဓေပြောင်းလူများသည် သူတို့၏လူပုံစံမဟုတ်သည့်အရာများကို တတ်နိုင်သလောက် ဖုံးကွယ်နိုင်သော်လည်း ကျိုးချွမ်ကတော့ တစ်ဖြည်းဖြည်း ပိုသိသာလာသည်။
“အိုး ဟုတ်သားပဲ ဖုန်း .. သားပြန်လာတာ ကွက်တိပဲ..” ဝမ်ကျင်း ပြုံး၍ ပြောလိုက်သည်။ သူမ အကြည့်ကတော့ တီဗီ၌သာ ရှိနေသေးသည်။
“အမေ့ အချစ်ဆုံးသူငယ်ချင်းမှာ တူမလေးရှိတယ် .. သား သူ့ကို မတွေ့မချင်း သူ ဘယ်လောက်တောင် ချစ်စရာကောင်းလဲဆိုတာ သားယုံမှာမဟုတ်ဘူး” ဝမ်ကျင်း ပျော်ရွှင်စွာ ပြောလာသည်။
“မလုပ်ပါနဲ့ .. တော်ပါပြီ..” ချူဖုန်း သူ့အခန်းထဲ မြန်မြန် ပြေးဝင်သွားလိုက်သည်။
“ဖုန်း .. အမေပြောတာနားထောင် .. ဒီတစ်ခေါက်တော့ အခွင့်အရေးကို လက်လွှတ်မခံနိုင်တော့ဘူး .. ဒီမိန်းကလေးမှာ ထူးခြားတဲ့စွမ်းရည်တွေ အများကြီးရှိတယ် .. ပြီးတော့ အမေကြားတာ သူက ကျန်းလော့ရှန်းနဲ့ အတန်းဖော်တဲ့ .. ဟုတ်တယ် .. ကျန်းလော့ရှန်းလေ သားသိလား .. သူက ကျန်းလော့ရှန်းလိုမျိုး ဆွဲဆောင်မှုရှိတယ်လို့ ကြားတယ်”
ချူဖုန်း ချွေးပင် ပြန်လာသည်။ သူ့အမေသည် သူစိမ်းအချို့နှင့် သူ့အား ဒိတ်လုပ်ခိုင်းလိမ့်မည်ဟု သူ မထင်ထားခဲ့။
သူ့မိဘများသည် နောက်ကျမှ လက်ထပ်ဖြစ်သောကြောင့် အသက် ၃၅ ကျော်မှသာ သူ့ကို မွေးဖွားနိုင်ခဲ့သည်။ သူတို့သည် ချူဖုန်းကို သူတို့ခြေရာအတိုင်း မလိုက်စေချင်သောကြောင့် ချူဖုန်း ငယ်သေးသော်လည်း သူ့မိဘများမှာ သူ့အိမ်ထောင်ရေးကို အတော်လေး ပူပန်နေကြလေပြီ။
ခဏကြာပြီးနောက် ချူဖုန်း စိတ်တည်ငြိမ်သွားသည်။ “ဒါက သာမန်လူတစ်ယောက် နေသင့်တဲ့ဘဝပဲထင်တယ်..” သူ သက်ပြင်းချလိုက်သည်။
သူလုပ်နိုင်သည့်အရာဆိုနှင့် သာမန်ဘဝမှာ သူနှင့်သိပ်မလိုက်ဖက်။ သို့သော်လည်း သူတစ်ယောက်တည်း မနေချင်။ “ဒါပေမဲ့ မိဘတိုင်းက သူတို့သားသမီးတွေကို ဒီလိုပဲ ဖြစ်စေချင်တာမလား..” ချူဖုန်း သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။
သူ အခုတလော ဘာတွေ ကြုံတွေ့ခဲ့ရသလဲ .. ဘယ်လိုဘဝမျိုးကို သာမန်ဘဝမျိုးလို့ ခေါ်နိုင်တာလဲ.. နွားဝါလေးနဲ့အတူတူ နေ့တိုင်းမှော်စွမ်းအားတွေ လေ့လာတာက သာမန်ဘဝလား .. ဒါမှမဟုတ် မြွေဖြူတောင်မှာ နေ့တိုင်းတိုက်နေရမှာလား .. လက်ဝှေ့ဆရာ ချန်းဟိုင်ကိုသတ်ပြီးတော့ ရှေးဟောင်းတောင်ထဲမှာ သားရဲတွေ ရာနဲ့ချီသတ်ခဲ့တာက သာမန်ဘဝလား..
သာမန်လူသားတစ်ယောက်မှာ သူတို့နေ့စဉ်ဘဝတွင် ဤကိစ္စများကို လုပ်ဆောင်မည်မဟုတ်။
“လူတစ်ယောက် ပြောင်းလဲသွားဖို့က အရမ်းကို မြန်လွန်းတယ်..” ချူဖုန်း သက်ပြင်းချလိုက်သည်။
ချူဖုန်းသူ့ဖုန်းကို ထုတ်လိုက်ပြီး သတင်းများကို ရှာဖတ်လိုက်သည်။ ထူးဆန်းသည့်အသီးကို စားပြီးနောက် အခြားသူများ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို သူသိချင်သည်။
အတိုချုပ်ပြောရလျှင် သူတို့ ခန္ဓာကိုယ် ဖွဲ့စည်းပုံပေါ်မူတည်၍ လူတစ်ယောက်နှင့်တစ်ယောက် ပြောင်းလဲပုံခြင်းမတူပေ။
ညကောင်းကင်မှာ ကြယ်များဖြင့် အသက်ဝင်လျက်ရှိသည်။
ချူဖုန်း ပြတင်းပေါက်ဘေးတွင် မတ်တပ်ရပ်ရင်း သူ၏တစ်နေ့တာ လုပ်ငန်းစဉ်ဖြစ်သည့် အသက်ရှူလေ့ကျင့်ခန်းကို လုပ်နေသည်။
ယနေ့ညတွင် သူ ထူးခြားနေသည်။ အသက်ရှူစည်းချက်၏ အကျိုးသက်ရောက်မှုမှာ မတူတော့သလို ခံစားနေရသည်။
သူ့ခန္ဓာကိုယ် ပြောင်းလဲသွားကတည်းက အသက်ရှူစည်းချက်၏ အကျိုးသက်ရောက်မှုမှာ သူ့လေ့ကျင့်တိုင်း မတူညီတော့။
မနက်ပိုင်းတွင် ရွှေရောင်မြူများ ခြုံလွှမ်းနေပြီး နေမင်းကဲ့သို့ တောက်ပနေသည်။
ညနေပိုင်းတွင်တော့ အဖြူရောင်အလင်းတန်းများထဲ ဖုံးလွှမ်းခြင်းခံရသည်။ သို့သော် ညကျလျှင်တော့ မတူတော့။ အနက်ရောင်မီးခိုးငွေ့များ သူ့မွေးညှင်းပေါက်များ၊ နှာခေါင်းများမှ ဝင်ရောက်လာသည်ကို သူခံစားနေရသည်။ ထိုမြူခိုးငွေ့များမှာ ဝေဝါးနေသော်လည်း သူ့ကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားနေရသည်ပင်။
အနက်ရောင်အငွေ့များမှာ ကျောချမ်းစရာ ကောင်းလှသည်။
“ဟမ် .. အသက်ရှူလေ့ကျင့်ခန်းက ဒီလိုမျိုးဆို ပိုပြီးအကျိုးရှိတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။
အသက်ရှူလေ့ကျင့်ခန်း ပြီးဆုံးသွားသည့်အချိန်တွင်တော့ ချူဖုန်း ခွန်အားများ ပြည့်ဝနေသည်။ သူ၏တိုးတက်ပြောင်းလဲမှုလည်း ပို၍မြန်ဆန်လာသည်။
ဤသည်မှာ ကောင်းသည့်ကိစ္စပင်။
“နွားဝါလေး .. အသက်ရှူလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ပြဿနာကြီး ရှိနေတယ်..” ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကို သိသည်နှင့် ချူဖုန်း နွားဝါလေးကို ခေါ်လိုက်သည်။
နွားဝါလေး ထိတ်လန့်သွားလေ၏။ “ဘာဖြစ်လို့လဲ..” နွားဝါလေး စာအမြန်ပို့လာသည်။
“ငါပုံမှန်အတိုင်း အသက်ရှူလေ့ကျင့်ခန်းလုပ်နေတာ .. ဒါပေမဲ့ ရုတ်တရက် အနက်ရောင်လေတွေ တိုက်ခတ်လာပြီးတော့ ငါ့မွေးညှင်းပေါက်ကနေ ငါ့ကိုယ်ထဲ ဝင်လာတာ .. ငါ့ကို မိစ္ဆာဝိညာဉ်တွေ တိုက်နေတာထင်တယ်..”
“မူး..” နွားဝါလေး မျက်လုံးများ ပြူးကျယ်သွားလေ၏။
နွားပေါက်လေး မနာလိုဖြစ်လာသည်။ သို့သော် ခဏကြာပြီးနောက် မနာလိုမှုမှာ မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် အံကြိတ်ကာ တမူးမူး အော်ဟစ်နေလေ၏။
“အဲဒါက မိစ္ဆာဝိညာဉ် တိုက်ခိုက်ခံရတာလား ဒါမှမဟုတ် ငါ ကောင်းတဲ့အသစ်တစ်ခုခုကို ရသွားတဲ့ လက္ခဏာလား..” ချူဖုန်း မေးလိုက်သည်။ “ခဏ .. မင်းဘာလို့ အံကြိတ်နေတာလဲ .. ဪ ငါသိပြီ .. မင်းမရသေးတာတစ်ခုခုကို ငါရလိုက်လို့လား..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
“လဲသေလိုက်..” နွားဝါလေး ဒေါသတကြီး ပြန်ဖြေလာသည်။
ထို့နောက် သူ ချူဖုန်းကို လျစ်လျူရှုသွားလေ၏။
ချူဖုန်း စကားပြောရန် ကြိုးစားသော်လည်း နွားဝါလေးသည် ဖုန်းပိတ်သွားကာ ချူဖုန်းကို အဖက်မလုပ်တော့။
“နွားစုတ်..”
အပိုင်း ၈၅ ပြီး၏။