Switch Mode

Chapter – 84

သွေးစွန်းနေသည့် အထွတ်အမြတ် တောင်တန်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၄ – သွေးစွန်းနေသည့် အထွတ်အမြတ်တောင်တန်း

လူဝံအိုကြီးသည် သူ့ကိုယ်ပိုင် သိုင်းပညာဂိုဏ်းနှင့် ပညာရေးကျောင်းကို တည်ထောင်ခဲ့သည့်သတင်းမှာ တစ်လောကလုံးကို ထိတ်လန့်စေခဲ့သည်။

အင်တာနက်ပေါ်နှင့် အပြင်လောကနှစ်ခုလုံးတွင် လူတိုင်း ဤအကြောင်းကိုသာ ဆွေးနွေးနေကြသည်။ ဤသတင်းသည် လူများအပေါ် အလွန်လွှမ်းမိုးနိုင်သည်ပင်။

မည်သို့ပင်ဖြစ်စေ လူဝံမှာ လူဝံပင်။ အသိဉာဏ်ရှိသည့်လူသားမဟုတ်။ သို့သော် ဤလူဝံအိုကြီးသည် ဂိုဏ်းအသစ်တစ်ခု တည်ထောင်သူ ဖြစ်လာသည်။

သာ့လင်ကျောင်း.. ဤစကားလုံးများတွင် အနက်ရောင်မှော်နှင့် စွမ်းအားများပါဝင်နေသော်လည်း ယခုတော့ တစ်ကမ္ဘာလုံး ဤနာမည်ကို မှတ်မိသွားကြလေပြီ။

“ငါတို့ အခု ဘယ်ခေတ်ကို ရောက်နေပြီလဲ .. နောက်ထပ်မျိုးစိတ်တစ်ခု ပေါ်လာပြီဆိုတော့ ငါတို့လူသားတွေ ပျက်စီးတော့မှာလား..”

“ဒါက ငှက်တွေနဲ့ သားရဲတွေရဲ့ ရွှေရောင်နေ့သစ်တွေပဲ .. ငါတို့အတွက်ကတော့ ကျဆုံးမယ့်အချိန်ပေါ့..”

အချို့လူများ ဝမ်းနည်းစွာ ညည်းတွားနေကြပြီး အချိုု့လူများမှာ အော်ဟစ်နေကြသည်။

“အရမ်းမကြောက်နဲ့ ကိုယ့်လူတို့ .. သန္ဓေပြောင်းလူတွေထဲမှာလည်း ဒီသားရဲတွေနဲ့ယှဉ်နိုင်တဲ့သူ ရှိတယ် .. အားလုံးက ညီတူညီမျှရှိနေသေးတယ် .. ဟုတ်တယ် လောကကြီးက တကယ်ပြောင်းလဲသွားပြီ ဒါပေမဲ့ ဒါက ငါတို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်တယ် .. မျိုးစိတ်တစ်ခုအနေနဲ့ ငါတို့ ဘယ်သူမှ မမှီတဲ့အမြင့်ထိရောက်အောင် သွားနိုင်တယ် .. ဒါက ငါတို့အတွက် အခွင့်အရေးပဲ .. အကောင်းဘက်ကစဉ်းစားစမ်းပါ ကိုယ့်လူတို့..”

အချို့လူများ၏ အားပေးသံများလည်း ကြားနေရသည်။

ထပ်မံစုံစမ်းလိုက်သည်နှင့် စုန့်တောင်နှင့်ပတ်သက်သည့်အချက်များစွာ ထွက်လာသည်။

“တောင်ပေါ်မှာ ပေါက်တဲ့ သန္ဓေပြောင်းမြက်တွေက တစ်ပင်၊နှစ်ပင် မကဘူး .. ရူးလောက်အောင်ကို များတာ..”

တစ်စုံတစ်ယောက် လျှို့ဝှက်ချက်ကို ဖောက်ချလိုက်သည်။

ဘောဓိတစ်ဖွဲ့တည်းသာ ဤတောင်ကို မျက်စိကျနေခြင်းမဟုတ်။ အခြားအဖွဲ့အစည်းများလည်း ဤတောင်တန်းကို အရူးအမူး ဖြစ်နေကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤတောင်မှာ ထူးဆန်းသည့်တောင်သည်။ ကမ္ဘာကြီး စတင်ပြောင်းလဲလာကတည်းက ဤတောင်တွင် သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်သည့် ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။ ညနေ နေဝင်သွားသည်နှင့် တောင်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ဘုရားကျောင်းရှေ့ရှိ သာမန်မြက်ပင်များပင် သန္ဓေပြောင်းသွားကြသည်ဟု ပြောကြသည်။ မြက်ပင်များအပြင် ထူးဆန်းသည့်သစ်ပင်များစွာလည်း ရှိနေသည်။

ဤအရာများကို လူများ ဘယ်လိုလုပ် မတပ်မက်ပဲ နေမည်နည်း..

ဤအကြောင်းကို အခြားကုမ္ပဏီများ သိသွားကြသည်နှင့် သူတို့မျက်လုံးများ နီရဲလာကြသည်။ အားလုံးသည် ထိုတောင်ကို ပိုင်ဆိုင်နိုင်ရန်အတွက် အကောင်းဆုံးလူများ လွှတ်လိုက်ကြသည်။ သို့သော် အကြိမ်တိုင်း သူတို့လူများသာ ရှုံးနိမ့်လာသည်။

ထိုလူများထဲတွင် ဘောဓိမှ အထိနာဆုံးပင်။

လူဝံများမှာ အလွန်ကြောက်စရာကောင်းလှ၏။ အထူးသဖြင့် အသက်ကြီးနေသည့်အကောင်ပင်။ သူသည် လူသားစကားကို ပြောနိုင်ရုံသာမက လူသားများ၏ လူမှုပတ်ဝန်းကျင်အကြောင်းကိုလည်း နားလည်သည်။

နောက်ပိုင်းတွင် ဘောဓိအဖွဲ့သည် စုန့်တောင်နှင့်ပတ်သက်သည့် အမှန်တရာအချို့ကို လူထုအား ချပြလာသည်။

တောင်၌ ဘောဓိသစ်ပင်များ ရှိနေပြီး ထိုသစ်ပင်များသည် အပြင်လောက၌ ရှိနေသည့် သန္ဓေပြောင်းသစ်ပင်များ၊ မြက်ပင်များထက် ပိုစွမ်းအားကြီးကြောင်း ပြောလာသည်။

ထိုအပင်များထဲတွင် တစ်ပင်၌ ဗုဒ္ဓ၏ အစောင့်အရှောက်တပ်သားဝိညာဉ်ရှိနေသည်ဟု ပြောကြသည်။ နေဝင်သွားသည်နှင့် ထွက်လာသည့် ရွှေရောင်အလင်းများမှာ ထိုသစ်ပင်မှ ထွက်လာခြင်းပင်။ ထိုသစ်ပင်သည် သူ၏မြင့်မြတ်မှုများအား တောင်တန်းတစ်လျှောက် ဖြန့်ကျက်ပေးနေသည်ပင်။

ဤစုန့်တောင်ကို လူများအဘယ်ကြောင့် ဤမျှပိုင်ဆိုင်ချင်နေကြသည်ကို အားလုံး နားလည်သွားကြသည်။

စုန့်တောင်သည် အထွဋ်အမြတ်ထားရသည့် နေရာတစ်ခုပင်။ သန္ဓေပြောင်းလူများအတွက် အဆင့်တစ်ခုတက်နိုင်သည့်နေရာဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ ဤနေရာသည် ဗျူဟာကျသည့်နေရာတစ်ခုပင်။ အခြားသူများ ရယူရန် ကြိုးစားနေသည့်အချိန် သူတို့ အနောက်၌ လက်ပိုက်ကြည့်နေနိုင်မည်မဟုတ်။

ဤသည်မှာ သန္ဓေပြောင်းလူသားများကြားမှ တိုက်ပွဲဖြစ်လိမ့်မည်ဟု အားလုံး ထင်ထားကြသော်လည်း သန္ဓေပြောင်းသားရဲများမှာ သူတို့အတွက် ကြီးမားသည့်အနှောက်အယှက်ကြီး ဖြစ်လာသည်။ လူဝံအိုကြီးသည် တောအုပ်ထဲမှ ရှေးဟောင်းတိရစ္ဆာန်များအား အမိန့်ပေးနိုင်ကြောင်းသိလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားခဲ့ရသည်။

အစပိုင်းတွင် ချူဖုန်း ထိတ်လန့်သွားသော်လည်း နောက်တွင် စိတ်အားထက်သန်လာသည်။ စုန့်တောင်၌ ထူးဆန်းသည့်သစ်ပင်တစ်ပင် ရှိနေသည်ကို သူ အစောကြီးကတည်းက သိထားပြီးသားပင်။ သို့သော် ထိုအပင်တွင် ဤမျှအံ့အားသင့်စရာကောင်းသည့်နောက်ခံရှိမှန်း သူမသိခဲ့။

“အဲဒီထူးဆန်းတဲ့အပင်တွေနဲ့ မြက်ပင်တွေက လူတွေကို ရူးအောင် လုပ်နိုင်တယ် .. အဲဒီကို သွားတာက ပိုးဖလံမီးတိုးသလိုဖြစ်မယ်ဆိုတာ သိပေမယ့် ငါ ကြိုးစားကြည့်ချင်နေတုန်းပဲ..” တစ်စုံတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။

သူပြောသည်မှာ မှန်သည်။ လူများမှာ ဤနေရာအတွက် ရူးသွပ်လာကြသည်။

သို့သော် အစောပိုင်း ရူးသွပ်မှုအဆင့်ကို ကျော်လွန်ပြီး ခေါင်းအေးလာသည့်အချိန်တွင်တော့ လူဝံများသာ တောင်ကိုပိုင်ဆိုင်နိုင်ကြောင်း လူများလက်ခံလာကြသည်။ သူတို့သည် ကုမ္ပဏီကြီးများမှ အင်အားအကြီးဆုံးလူများကိုပင် အနိုင်ယူခဲ့သောကြောင့် မည်သူကများ သူတို့ကို ယှဉ်နိုင်တော့မည်နည်း..

အစိုးရ ဦးဆောင်မှသာ ဖြစ်နိုင်တော့မည်။

လူဝံအိုကြီးသည် စုန့်တောင်၌ ရှိနေသည့်မျောက်ဝံများအား ဂိုဏ်းတစ်ခုအဖြစ် ကြေငြာလိုက်သည့်အကြောင်းရင်းကို လူများ ရုတ်တရက်စဉ်းစားမိသွားသည်။ ဤသည်မှာ အပြင်လောကမှ မည်သည့်စိန်ခေါ်မှုကိုမှ ကြောက်နေမည်မဟုတ်ကြောင်း ကြေငြာလိုက်ခြင်းပင်။

ဤလူဝံအိုကြီးလည်း ပြင်ပလောကမှ မည်ကဲ့သို့ တုံ့ပြန်လာမည်ကို သိချင်နေသည်ပင်။

ခဏကြာပြီးနောက် ဘောဓိသည် သူတို့စုန့်တောင်ကို ဘယ်တော့မှ ကျူးကျော်မည်မဟုတ်ကြောင်း ကြေငြာလိုက်သည်။

ဘောဓိအဖွဲ့အစည်းမှ ပထမဆုံး လက်လျှော့လိုက်ခြင်းဖြစ်သောကြောင့် ဤလူဝံအိုကြီးမှာ သူတို့ထင်ထားသည်ထက်ပင် ကြောက်စရာကောင်းလိမ့်မည်ဟု လူများ စဉ်းစားလာကြသည်။

“ဒီကမ္ဘာမြေကြီးမှာရှိတဲ့ အရာအားလုံးမှာ အသက်ဝိညာဉ်ရှိတယ် .. အသက်ဝိညာဉ်တိုင်းကို ညီတူညီမျှဆက်ဆံသင့်တယ်..” ထိုနေ့တွင် လူဝံအိုကြီး ထပ်မံပြောကြားလာသည်။ ဤစကားလုံးမှာ ဘောဓိ၏ ငြိမ်းချမ်းရေးအပြုအမူကို ချီးကျူးလိုက်ခြင်းဖြစ်သည့်အပြင် သူတို့လည်း အပြင်လောကနှင့် ငြိမ်းငြိမ်းချမ်းချမ်းနေမည်ဖြစ်ကြောင်း ကြေငြာလိုက်ခြင်းပင်။

ထို့အပြင် မျောက်ဝံအိုကြီးသည် ရာထူးကြီးသည့်အရာရှိများနှင့် ညှိနှိုင်းဆွေးနွေးချင်ကြောင်း ပြောလာသည်။

“ဒီလူဝံက တကယ်ကို သတ္တိရှိနေတာပဲ .. သူက လူသားတွေနေတဲ့မြို့ကိုလာပြီးတော့ စကားထိုင်ပြောဦးမလို့လား … သူတော်တော်လေး ရဲတင်းနေတာပဲ..” လူများစွာ ထိတ်လန့်သွားရသည်။

ကုမ္ပဏီကြီးများလည်း အတော်လေး ဆွံ့အသွားကြရသည်ပင်။ လူဝံကြီး၏ ညှိနှိုင်းမည့်ဆိုသည့်စကားလုံးမှာ သူတို့ဂိုဏ်းကို တရားဝင်ဖြစ်အောင် လုပ်လိုခြင်းပင်။ ထိုသို့ဆိုလျှင် နောင်အခါ၌ သူတို့သည် တိုင်းပြည်ထဲမှ စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ ကုမ္ပဏီကြီးတစ်ခု ဖြစ်လာလိမ့်မည်။

“နောက်ရက်နည်းနည်းနေရင် သာ့လင်ကျောင်းက တပည့်တွေ လက်ခံတော့မယ် .. ဘယ်မျိုးစိတ်မဆို ဝင်လို့ရတယ် .. ကံပါရင်တော့ လူဝံကြီးရဲ့ အတွင်းတပည့်ဖြစ်လာနိုင်တယ်”

ဤသတင်းကို လူဝံအိုကြီးကိုယ်တိုင် ကြေငြာခဲ့ခြင်းပင်။ တိုင်းပြည်ကြီးမှာ နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်လာသည်။

အဖွဲ့အစည်းမျိုးစုံမှ လူများအားလုံး ဤလူဝံကြီးကို အံ့အားသင့်သွားရသည်။ သူသည် ဂိုဏ်းအသစ် တည်ထောင်ရုံသာမက သူ့ကျောင်းကိုလည်း အင်အားကြီးလာအောင် လုပ်နေသည်။

လူတို့သည် ကြော်ငြာထဲ၌ ပါရှိသည့် စကားလုံးများကြောင့် စိတ်ယိုင်လာကြသည်။

စုန့်တောင်သည် အစကတည်းက ဘုရားကျောင်းများစွာ ရှိနေသည့်တောင်ပင်။ ထိုဘုရားကျောင်းများထဲတွင် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့သည့်ဘုရားကျောင်းများလည်း ပါဝင်သည်။

ရှေးယခင်ကတည်းက ဤတောင်ကို လူများ လေးစားကြည်ညိုခဲ့ကြသည်။ ထိုဘုရားကျောင်းအားလုံးကို စုပေါင်းကာ ရှောင်လင်ဘုံကျောင်းဟု ခေါ်ဆိုခဲ့ကြသည်ပင်။

ထို့ကြောင့် လူဝံကြီး ရှောင်လင်ကျောင်းနှင့် နာမည်ဆင်သည့် သာ့လင်ကျောင်းကို ဖန်တီးလိုက်သည့်အချိန် လူများ အံ့အားသင့်နေခဲ့ကြရခြင်းပင်။

ရွှမ်းထျန်

ဤမြို့သည်လည်း မြို့ကြီးတစ်ခုပင်။

စီးပွားရေးအချက်အချာကျသည့် မြို့ပြတွင် အဆောက်အအုံမြင့်များ တန်းစီလျက်ရှိသည်။ မိုးမျှော်တိုက်များကြားမှ လမ်းကျယ်ကြီးတွင် လူပင်လယ်ကြီး ရှိနေသည်။ ဆိုင်ပြတင်းများတွင်လည်း လှပသည့်ပစ္စည်းများကို အပြိုင်ပြသထားကြသည်။

လူများ နေ့စဉ်သွားလာလှုပ်ရှားနေသည့်နေရာာသို့ ရုတ်တရက် ပြန်ရောက်လာသောကြောင့် ချူဖုန်း နေမထိထိုင်မသာဖြစ်နေသည်။

အလုပ်များသည့်မြို့ပြဘဝနှင့် ရှေးဟောင်းတောင်တန်းများကြားတွင် နံရံတစ်ခုသာ ခြားနေသည်။

နံရံ၏နောက်ဘက်၌ တောရိုင်းများနှင့် လူသားများကို အမဲလိုက်နေသည့် သားရဲများနှင့် ငှက်များရှိနေသည်။

လွန်ခဲ့သည့်မိနစ်ပိုင်းက သူ လူမနေသည့်နယ်မြေများကို မိုင်နှင့်ချီဖြတ်ကျော်ခဲ့ရသည်။ ခရီးစဉ်တစ်လျှောက် သူ အသက်မည်မျှနှုတ်ယူခဲ့သည်ကို ဘုရားသာ သိလိမ့်မည်။ ယခု လူများ ပျာပန်းခပ်လှုပ်ရှားသွားလာနေသည့် နေရာ၌ လမ်းလျှောက်နေရခြင်းမှာ သူ့အတွက်တော့ လက်တွေ့လောကနှင့် အတော်အဆက်ပြတ်သွားသလို ခံစားလိုက်ရသည်။

လက်တွေ့ကမ္ဘာတွင် အလုပ်ကြိုးစားသည့်သူများအတွက် အလုပ်များ ရှိနေပြီး ပိုက်ဆံဖြင့်လည်း ဘာမဆိုလုပ်နိုင်သည်။ ဤသည်မှာ သူ့ အိမ်ဟု ပြောနိုင်သည့်နေရာပင်။

ချူဖုန်း ရပ်နေချိန်မရှိ။ တက္ကစီတစ်စီးငှားပြီး အိမ်သို့ အမြန်ပြန်လာလိုက်သည်။

သူ့မိဘများ နေနေသည့်နေရာတွင် မည်သူမှမရှိ။ သူတို့နှစ်ဦး အလုပ်၌သာ ရှိလိမ့်ဦးမည်။

“နောက်ဆုံးတော့ အိမ်ရောက်ပြီ..” ချူဖုန်း ယခုမှ သက်မချနိုင်တော့သည်။ သူ့ထံ၌ အိမ်သော့ရှိနေသောကြောင့် သူ အိမ်ထဲ ဖွင့်ဝင်လာခဲ့လိုက်သည်။

အိမ်မှာ ဘာမှမပြောင်းလဲသေး။ ပစ္စည်းများလည်း ယခင်နေရာအတိုင်းသာ။ ဤသည်မှာ ချူဖုန်းကို အနည်းငယ် စိတ်သက်သာရာရသွားစေသည်ပင်။

ချူဖုန်း ဖုန်းထုတ်ကာ သာ့လင်တောင်နှင့်ပတ်သက်သည့် သတင်းများကို လိုက်ရှာဖတ်လိုက်သည်။ ဤသည်မှာ အစသာရှိသေးပြီး နောက်ပိုင်းတွင် အခြားမျိုးစိတ်များလည်း ဤကဲ့သို့လုပ်လာလိမ့်မည်ဟု သူ ခံစားနေရသည်။

“နှစ်တစ်ထောင်ဗောဓိက အဲဒီမှာ ပေါက်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. နွားဝါရှာနေတဲ့ ‘အခွင့်အရေး’ က ဒီလိုအပင်မျိုးမဟုတ်ရင် ဘာဖြစ်မှာလဲ..” သူ သက်ပြင်းချလိုက်သည်။

သစ်ပင်နှင့်ပတ်သက်သည့် သတင်းများစွာလည်း ရှိနေသည်။ ဤဗောဓိပင်များ ပန်းပွင့်ကာ အသီးသီးလာသည်နှင့် ဘေးပတ်ဝန်းကျင်မှ သားရဲများ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ချက်ချင်းပင် ပြောင်းလဲသွားလိမ့်မည်ဟု ပြောထားကြသည်။

ထူးဆန်းသည့်သစ်ပင်များနှင့်မြက်ပင်များသည် တစ်ကြိမ်သာ ဖူးပွင့်နိုင်သော်လည်း ဗောဓိပင်များကတော့ တစ်နှစ်တစ်ခါ အပွင့်ပွင့်၊ အသီးသီးနိုင်သည်။

အထူးသဖြင့် ထိုနှစ်တစ်ထောင်မြင့်မြတ်သစ်ပင်မှ သီးလာသည့်အသီးဆိုလျှင် မည်မျှပင် စွမ်းအားကြီးလိုက်မည်နည်း..

ထိုသို့တွေးမိသည်နှင့် မည်သူက မနာလိုပဲ နေနိုင်မည်နည်း.. ထိုအုပ်စုကြီးများမှာ ဤကဲ့သို့သော အဖိုးမဖြတ်နိုင်သည့် သစ်ပင်ကို မပိုင်ဆိုင်ရသောကြောင့် သူတို့နှလုံး သွေးစိမ်းရှင်ရှင် ကျနေလောက်လေပြီ။

ကံကောင်းစွာဖြင့် လူသားတို့အုပ်စိုးနိုင်သည့် အခြား မြစ်ချောင်းတောတောင်များ ရှိနေသေးသည်။

လင်းနွိုင် သူ့ကို တစ်ခါပြောဖူးသည်။ သူ အင်တာနက်ပေါ်၌ ရှာကြည့်သည့်အချိန်တွင် မည်သည့်ကန်၊ မည်သည့်တောင်မှ တိုက်ပွဲမှမလွတ်။

လုန်ဟူတောင်၊ အဲ့မင်တောင်၊ ဖူထော်တောင်၊ ကျုံးနန်တောင်၊ ခုန်းထုန်တောင်..

အားလုံးမှာ အဖွဲ့အစည်းအားလုံး၏ ပစ်မှတ်များ ဖြစ်နေသည်။

သို့သော် သတင်းပျံ့နှံ့မှုကို ထိန်းချုပ်ထားကြသည်။ မီဒီယာများမှာ ဤသတင်းများနှင့်ပတ်သက်ပြီး ထုတ်လွင့်ခွင့်မရှိ။ ဖိုရမ်များတွင်လည်း ဤအထိမခံသည့်ခေါင်းစဉ်အကြောင်း ပြောခွင့်မရှိ။ လူများမှာ ဘာဖြစ်နေသည်ကို မသိသလောက်ပင်။

သို့သော် တိုက်ပွဲမှာ ထိန်းမနိုင်သိမ်းမရဖြစ်မည်ကို သူ ခန့်မှန်းနိုင်သည်။ ဤသည်မှာ တိုက်ပွဲဟုခေါ်သည်ထက် လူသတ်ပွဲဟု ခေါ်နိုင်သည်။

ဤတောင်များသည်လည်း စုန့်တောင်ကဲ့သို့ နာမည်ကြီးတောင်များပင်။ ထိုတောင်များတွင် ဗောဓိပင်ကဲ့သို့သော မြင့်မြတ်သည့်အပင်များ ရှိနိုင်သည်ပင်။

တစ်ယောက်ယောက် အင်တာနက်ပေါ်၌ ဓာတ်ပုံတစ်ပုံ တင်လာပြီး ဤပုံသည် ဝူသန်းတောင်ပေါ်၌ ရိုက်ထားခြင်းဖြစ်ကြောင်း စာရေးထားသည်။ ပြင်းထန်သည့်တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ထိုတောင်ပေါ်ရှိ ချောက်ကမ်းပါးထိပ်များတွင် သေဆုံးသွားသည့်လူများ၏ သွေးများဖြင့် နီရဲနေကြောင်း ရေးထားလေ၏။

ပုံကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း လူအရိပ်များနှင့် တောင်ကုန်းများပေါ်၌ တိုက်ခိုက်နေကြသည့် ကြောက်စရာကောင်းသည့်သားရဲများကို မြင်နေရသည်။

သို့သော် ခဏကြာပြီးနောက် ထိုဓာတ်ပုံ အဖျက်ခံလိုက်ရသည်။

တစ်ယောက်ယောက်မှ သတင်းမပေါက်ကြားစေချင်သည်မှာ သိသာလှသည်။

ချူဖုန်း မတည်ငြိမ်နိုင်တော့။ သူ့ရင်ထဲ ပူလောင်လာသည်။

သေချာစဉ်းစားပြီးနောက် သူ နွားနှစ်ကောင်ကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။

“နွားဝါလေး .. မင်း ကောင်းကောင်းအိပ်ရပြီလား..” နွားပေါက်လေး ဖုန်းကိုင်သည်နှင့် ချူဖုန်း ရွှင်လန်းနေသည့်အသံဖြင့် မေးလိုက်သည်။

နွားဝါ သူ့ခေါင်းကို ဖိနင်းပစ်ချင်လာသည်။ မနေ့က အကြောင်းကို စဉ်းစားမိလိုက်တိုင်း နွားဝါလေး ဒေါသထွက်နေဆဲပင်။ ချူဖုန်းသာ သူ့ရှေ့၌ ရှိနေလျှင် သူ့ခေါင်းကို နွားခွာဖြင့် ရိုက်ပြီးလောက်လေပြီ။

“မူး..”

“မင်း ကောင်းကောင်းအိပ်ခဲ့ရတယ်လို့ ပြောတာလား .. ငါ မင်းကို တစ်နေ့လုံး ဖုန်းမခေါ်ရသေးတော့ မင်းငါ့ကို လွမ်းနေပြီလား..”

နွားဝါလေး ပို၍ ဒေါသထွက်လာသည်။ ချူဖုန်း၏ အရေထူနိုင်စွမ်းမှာ မည်သူ့ကိုမဆို ရူးသွားစေနိုင်လောက်သည်။

“ရှူး.. လျှောက်အော်မနေနဲ့တော့ .. ငါ ဆွေးနွေးစရာရှိလို့ မင်းကို ခေါ်လိုက်တာ .. ကိစ္စကြီးတယ် .. အရမ်းအရမ်းကို အံ့ဩဖို့ကောင်းတဲ့ ကိစ္စပဲ ..” ချူဖုန်း အသံတိုး၍ လျှို့ဝှက်နက်နဲသည့်ပုံပေါက်အောင် ပြောလိုက်သည်။

“ပြော..” နွားဝါလေး စာပို့လာသည်။

“ဒီကမ္ဘာကြီးမှာ နာမည်ကြီးတဲ့တောင်တွေ ဘယ်နှလုံးရှိလဲဆိုတာ မင်းသိလား .. မင်းဘာလို့ ခွန်းလွန်တောင်ကို သွားနေတာလဲ .. ငါတို့ကိုယ်တိုင် တောင်တစ်တောင်လောက်ကို သွားသိမ်းရင်ရော .. မင်းငါနဲ့ လိုက်ချင်လား..” ချူဖုန်း မေးလိုက်သည်။

“မင်းပြောတာမှန်တယ် .. ငါ အရင်ကတည်းက ဒီအကြံရှိပြီးသား..” နွားဝါလေး စာပြန်ပို့လာသည်။

“အဲဒါဆိုလည်း အကောင်အထည်ဖော်ကြတာပေါ့..” ချူဖုန်းပြုံး၍ ပြောလိုက်သည်။

နွားဝါလေး သက်ပြင်းချလိုက်သည်။

“လူတွေက မြေတစ်လက်မရဖို့ အသေအကြေတိုက်ခိုက်နေကြတာ .. အဲဒီတိုက်ပွဲတွေ ဘယ်လောက်တောင် ရက်စက်လဲဆိုတာ မင်းစဉ်းစားမိမှာတောင် မဟုတ်ဘူး .. ငါတို့အတွက် အခွင့်အရေးမရှိဘူး..” နွားဝါလေး စာပြန်ပို့လာသည်။

“အဖွဲ့အစည်းအားလုံးက လူတွေက သူတို့အခြေချဖို့အတွက် တောင်တစ်တောင်ကို လိုချင်နေကြတာ .. ဘောဓိဗီဇ၊ ပရီချင်းသုတေသနတက္ကသိုလ်၊ ဒိမ်ဒီဇီဝဆေးဝါး၊ ဂြိုလ်သားသုတေသနအဖွဲ့အစည်း .. သူတို့တွေအကုန်လုံးက အံကြိတ်ပြီးတော့ တစ်ဖက်လူ မသေမချင်း တိုက်နေကြတာ .. ဒါပေမဲ့ ဘယ်သူမှ မသေသေးဘူး .. သူတို့တိုက်ပွဲတွေက အရမ်းကို ရက်စက်ကြတာ..”

နွားဝါလေးသည် မီဒီယာများမှ မပြောပြသည့် အမှန်တရားများကို ပြောပြလာသည်။

အနာဂတ်တွင် သူတို့ပြိုင်ဘက်အဖွဲ့အစည်းများကို အနိုင်ယူနိုင်ရန် တောရိုင်းထဲမှ တောင်ကုန်းများသာ ဝှက်ဖဲတစ်ခု ဖြစ်လာမည်မှန်း ကုမ္ပဏီကြီးများ သိကြသည်။ သူတို့အနာဂတ် ခိုင်မာရန်အတွက် ကုမ္ပဏီတစ်ခုစီတိုင်း အနည်းဆုံး တောင်ကုန်းတစ်ခုစီ ပိုင်ဆိုင်ထားရမည်ပင်။

နွားဝါလေးတွင် အခြားရွေးချယ်စရာ မရှိတော့။ သူတို့နှစ်ယောက်တည်းဖြင့် ထိုကုမ္ပဏီကြီးများ၏ စုပေါင်းအင်အားကို ယှဉ်နိုင်မည်မဟုတ်။

“ဟို အနက်ရောင်ကောင်ကြီးရော..” ချူဖုန်း မေးလိုက်သည်။

“ဟေ့ လူငယ်လေး .. စကားကို ကြည့်ပြောနော်..” နွားနက်ကြီး၏ အာရုံများမှာ စူးရှလှသည်ပင်။ အဝေးမှနေလျှင်ပင် သူတို့ပြောနေသည့်စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်ပင်။

ချူဖုန်း ကသိကအောင့်ဖြင့်ပင် ဟန်လုပ်ရယ်လိုက်သည်။

“ကျွန်တော့်အကြံပြုချက်ကို စိတ်မဝင်စားဘူးလား.. နွားအစ်ကိုကြီး..” ချူဖုန်း နွားနက်ကြီးအားခေါ်မည့်စကားလုံးကို သေချာရွေးချယ်လိုက်သည်။

သို့သော် ဤနာမည်မှာ သိပ်မကောင်းသေး။ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးအား ခေါ်နေသကဲ့သို့ပင်။ “မင်း ဘာလုပ်နေမှန်း ငါသိတယ် .. သေနာလေးရဲ့ .. မင်း ငါ့ဆီကဘာကြားချင်လဲ၊ ဘာလိုချင်လဲဆိုတာသာ ပြောလိုက်..” နွားနက်ကြီး ခါးခါးသီးသီး ပြောလာသည်။

“ကျွန်တော်ပြောချင်တာက ဖြစ်နိုင်ရင် ဘာလို့ အစ်ကိုကြီးရဲ့ ညီအစ်ကိုမောင်နှမတွေ၊ တစ်ဝမ်းကွဲတွေ ဘာတွေ ညာတွေကို ဘာလို့မခေါ်တာလဲလို့ .. ခွန်းလွန်တောင်ရောက်ရင် တိဗက်အမဲလိုက်ခွေးကြီးနဲ့ ဟိုရွှေရောင်ငှက်ကြီးကို ဆင့်ခေါ်လိုက်လေ .. ကျွန်တော်တို့ စုပေါင်းလိုက်ရင် အရမ်းကို အထင်ကြီးစရာကောင်းတဲ့အဖွဲ့တစ်ခု ဖြစ်လာမှာ .. ကျွန်တော်တို့က ပြိုင်ဘက်ကင်းအဖွဲ့ဖြစ်လာလိမ့်မယ် .. ဒီအဖွဲ့နဲ့ဆိုရင် ကျွန်တော်တို့ တောင်တွေကို ဘယ်ပြန်ညာပြန် သိမ်းလို့ရပြီ” ချူဖုန်း အကြံပေးလိုက်သည်။

“ခွန်းလွန်တောင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ .. ဘယ်သူက သူတို့လက်ထဲက အခွင့်အရေးကို လက်လွတ်ပြီး အဝေးကတောင်တွေကို စိတ်ဝင်စားမှာလဲ .. မင်း အနောက်ဘက်ကို သွားချင်တယ်လို့ ပြောလိုက်တာမလား .. ငါ မင်းကို ပြောပြမယ် .. အဲဒီက တိုက်ပွဲက မင်းမြင်ဖူးတာထက် ဆယ်ဆပိုပြင်းထန်တယ် .. ငါ့ကောင်လေး နွားဝါလေး ပြောသလိုပဲ လူတွေက မြေတစ်လက်မအတွက် တိုက်ခိုက်နေကြတာ..” နွားနက်ကြီး ပြောလာသည်။

“ကျွန်တော်တို့ စုန့်တောင်မှ အလစ်ဝင်တိုက်ကြရင်ရော .. ဟိုမျောက်ဝံအိုကြီးက ရာထူးကြီးတဲ့အရာရှိတွေနဲ့ တွေ့ချင်နေတာမလား .. ဒါ ကျွန်တော်တို့အတွက် အခွင့်အရေးပဲ .. ကျွန်တော်တို့ စုန့်တောင်ထဲကိုခိုးဝင်ပြီး ဗောဓိသီးတွေ နှစ်ခြင်း၊ သုံးခြင်းလောက် ခိုးလို့ရတယ် .. ပြီးတော့..”

“စုန့်တောင်လား .. မရဘူး .. အဲဒီလူဝံအိုကြီးက ငါ့ရဲ့သွေးသောက်ညီအစ်ကို .. သူ့နေရာကို အလစ်ဝင်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူး .. ငါမလုပ်ဘူး..” နွားနက်ကြီး အံကြိတ်၍ ပြောလာ၏။

ထို့နောက် နွားနက်ကြီး ဖုန်းချပစ်လိုက်လေ၏။

ခဏကြာပြီးနောက် နွားဝါလေး သူ့ကို စာပို့လာသည်။ နွားနက်ကြီး စုန့်တောင်ကို ခိုးဝင်ဖို့ ကြိုးစားဖူးကြောင်း၊ သို့သော် မျက်နှာတစ်ခုလုံး အညိုအမဲစွဲလျက် လက်ဗလာဖြင့် ပြန်လာခဲ့ရကြောင်း အမှန်ကို ပြောပြလာသည်။

“ငါ့ဖင်ကို သွေးသောက်ညီအစ်ကိုပါလား .. သွေးသောက်ရန်သူကမှ ဟုတ်ဦးမယ်..” ချူဖုန်း လှောင်ပြောင်လိုက်သည်။

“နွားနက်ကြီးက အောင့်သက်သက်ဖြစ်မှာစိုးလို့ ရှောင်နေတာ” နွားဝါလေး ပြောလာသည်။ နွားပေါက်လည်း နွားနက်ကြီးကို မထီမဲ့မြင် လုပ်လာသည်ပင်။

သို့သော်လည်း ခဏကြာပြီးနောက်တွင် နွားပေါက်လေးသည် ချည်တိုင်၌ ချည်ခံထားရသည့် ဝက်ကဲ့သို့ အော်ဟစ်လာသည်။ အဘယ်ကြောင့်ဆိုသော် နွားနက်ကြီးသည် နွားဝါလေးသူ့နောက်၌ သူ့အတင်းတုတ်နေသည်ကို မိသွားသောကြောင့် နွားဝါလေးကို ရိုက်နှက်လာသည်ပင်။

ချူဖုန်း သူ့ဖုန်းကို ဘေးချထားလိုက်ပြီး တိတ်တဆိတ် တွေးနေလိုက်သည်။ သူ တောင်တစ်လုံးကို ရန်သူ့လက်ထဲမှ ခိုးယူရန် တကယ် အစီအစဉ်မရှိ။ သူ ထိုလောက်မရူးသေး။ နွားနက်ကြီးထံမှ သတင်းရလိုသောကြောင့် မေးလိုက်ခြင်းပင်။

အပြင်ဘက်လောကတွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် တောင်များ၌ သွေးများစိုရွှဲနေပြီဖြစ်သည်။

“နွိုင် ဘယ်လိုနေလဲမသိဘူး.. သူ ခက်ခဲနေလောက်တယ်..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

ရုတ်တရက် တံခါးဘဲလ်မြည်လာလေ၏။

“အဖေနဲ့အမေလား..” ချူဖုန်း တိတ်တဆိတ် မေးခွန်းထုတ်လိုက်သည်။

အပိုင်း ၈၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset