Switch Mode

Chapter – 83

တောအုပ်ထဲမှ ဘုရားကျောင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၃ – တောအုပ်ထဲမှ ဘုရားကျောင်း

နေရောင်မှာ ထိန်လင်းတောက်ပနေပြီး တစ်လောကလုံးကို လွှမ်းခြုံထားသည်။

မြူများ လွင့်ပါးသွားကာ တောအုပ်ထဲတွင် သားရဲအော်သံများ ပဲ့တင်နေသည်။ ကောင်းကင်ထက်တွင်လည်း ငှက်များ ပျံသန်းနေကြသည်။

ဤသည်မှာ ကျန်းနင်မြို့အပြင်ဘက်ရှိ မြင်ကွင်းပင်။

ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးနောက် လောကကြီးကို နားလည်ရန် ပိုခက်ခဲလာသည်။

နေရာအတော်များများ ပြောင်းလဲသွားပြီဖြစ်ပြီး ယခင်က ရင်းနှီးနေသည့်နေရာမှာ ယခုဆိုလျှင် ထူးဆန်းသည့်ပတ်ဝန်းကျင်တစ်ခု ဖြစ်သွားလေပြီ။

ကံကောင်းစွာဖြင့် တောင်များထဲ၌ ထွက်ပေါ်လာသည့် သားရဲများသည် ထိုတောင်များထဲ၌သာ ပိတ်မိနေပြီး အပြင်သို့ ထွက်မလာနိုင်ကြ။

ကျန်းနင်မြို့သည် တိုင်းပြည်ရှိ အကြီးမားဆုံး မြို့များထဲမှ တစ်ခုပင်။ ဒိမ်ဒီဗီဝဝေဒအုပ်စု၏ ရုံးချုပ် ဤမြို့၌ ရှိသကဲ့သို့ မူမိသားစုလည်း ဤမြို့၌ ရှိနေသည်ပင်။

မြို့ထဲတွင် မူမိသားစုပိုင်သည့် ဥယျာဉ်ကျယ်ကြီး တစ်ခုရှိသည်။ ဥယျာဉ်ထဲရှိ အိမ်များကို ရှေးဟောင်း အိမ်ပုံစံ ဆောက်လုပ်ထားပြီး ဘေးပတ်လည်မှ မြင်ကွင်းများမှာလည်း ပန်းချီကားတစ်ချပ်အလား ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

ဧည့်ခန်းမှာ ကျယ်ဝန်းလှပြီး အတွင်းပိုင်းအပြင်အဆင်မှာ ရှေးဆန်ပြီး ကြည့်ကောင်းလှသည်။ စားပွဲနှင့် ထိုင်ခုံများအားလုံးကို အနီရောင်စန္ဒကူးသားဖြင့် ပြုလုပ်ထားသည်ပင်။

“ချန်းဟိုင်နဲ့ အဆက်အသွယ် မရသေးဘူးလား..” လူလတ်ပိုင်းအမျိုးသားတစ်ဦး မေးလိုက်သည်။ သူသည် မူမိသားစုထဲတွင် အရေးပါသည့်တစ်ဦးပင်။ သူ့အမည်မှာ မူချင်းဟိုင်ဖြစ်ပြီး မူ၏ဖခင်ပင်။

“မရသေးပါဘူး..” သန္ဓေပြောင်းလူတစ်ဦး ပြန်ဖြေလိုက်သည်။

မူချင်းဟန် သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် တင်လိုက်သည်နှင့် အခန်းတစ်ခုလုံး လက်ဖက်ရည်နံ့ မွှေးပျံ့သွားသည်။ သူ မတ်တပ်ရပ်လိုက်ပြီးနောက် ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်လာသည်။ “ငါတို့ ပြဿနာတက်ပြီ..” သူ သက်ပြင်းချလိုက်သည်။

“မဖြစ်နိုင်တာ .. ချန်းဟိုင် ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ဦးလေးနဲ့ကျွန်တော် နှစ်ယောက်လုံး သိပါတယ် .. သူက ခုန်းဂင်ထက်တော့ အားမနည်းဘူး .. ခန်းဂင်ထက် အားနည်းတယ်ဆိုရင်တောင် သူ အသက်ရှင်လျက် ပြန်လာနိုင်ဦးမှာပဲ” မူကျွော ပြောလိုက်သည်။ သူသည် အသက် ၂၀ ခန့်ရှိသည့် လူငယ်လေးတစ်ဦးပင်။

“သူသေသွားပြီဆိုတာ ငါလည်း မယုံနိုင်ဘူး .. ဘာပဲဖြစ်ဖြစ် ငါတို့မှာ အားကိုးစရာဆိုလို့ သူပဲရှိတာ .. သူ အသက်ရှင်နိုင်အောင်လို့ ငါတို့ သတ္တုဒိုင်းကာကိုတောင် ပေးလိုက်သေးတယ် .. ဒါပေမဲ့ ငါတို့တစ်ညလုံး သူနဲ့အဆက်အသွယ်ပြတ်နေတာလေ .. တစ်ခြား ဘာများဖြစ်နိုင်သေးလို့လဲ..” မူချင်းဟယ်မှာ သုန်မှုန်နေသည်။

သူသည် မူ၏ဖခင်ဖြစ်သောကြောင့် ဤကိစ္စကို အခြားသူများထက် အလေးထားသည်ပင်။

“ခုန်းဂင်လား .. သူက ဒီလောက် စွမ်းအားကြီးလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး..” မူကျွော မယုံကြည်နိုင်ဖြစ်နေဆဲပင်။

သူတို့နောက်ဆုံး ဖုန်းခေါ်စဉ်က ချန်းဟိုင်သည် သူ ခုန်းဂင်နောက် လိုက်နေကြောင်း ပြောခဲ့သည်ပင်။

“ပြီးတော့ ကျွန်တော်တို့ သူ့ကို လုပ်ပေးလိုက်တဲ့ ဒိုင်းက ကျွန်တော်တို့ဟိုတစ်နေ့က တွေ့ခဲ့တဲ့ ထူးဆန်းတဲ့သတ္တုတွေ ရောထားတာ .. အဲဒါက ကမ္ဘာပေါ်မှာ အခိုင်ခံ့ဆုံးသတ္တုပဲ .. အဲဒီဒိုင်းကာနဲ့ဆိုရင် သူက တင့်ကားကြီးလိုဖြစ်နေမှာပဲ..” မူကျွော ပြောလိုက်သည်။

“ချန်းဟိုင်ရဲ့ လက်ဝှေ့ပုံစံက အံ့ဩဖို့ကောင်းတယ် .. ငါတို့ သူ့အတွက် သင့်တော်တဲ့အသီးတစ်လုံးကို ရှာနိုင်တာနဲ့ သူက ဒီကမ္ဘာပေါ်မှာရှိတဲ့ သန္ဓေပြောင်းလူအားလုံးကို နင်းချေပစ်နိုင်လိမ့်မယ်” မူချင်းဟိုင် ပြောလိုက်သည်။

ယခုအချိန်တွင် ချန်းဟိုင်ကဲ့သို့သော လူမျိုးကို ရှာတွေ့ရန် ခက်ခဲသည်။ မူချင်းဟိုင်အတွက်တော့ သားတစ်ယောက်ကို ဆုံးရှုံးရသည်နှင့် မခြားနား။

“လောကကြီးက ကိုယ်ခံပညာတွေအတွက် ရွှေရောင်ခေတ် ရောက်နေပြီ” မူကျွော ပြောလိုက်သည်။

“ကိုယ်ခံပညာက လူတစ်ယောက် သန္ဓေပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်နိုင်တယ် .. အဲဒီတော့ ကိုယ်ခံပညာက ငါတို့အတွက် အရေးကြီးတယ်” မူချင်းဟိုင် ခေါင်းညိမ့်ကာ ထပ်ပြောလိုက်သည်။

“ကိုယ်ခံပညာနဲ့ ခန္ဓာကိုယ်တိုးတက်ပြောင်းလဲအောင်လုပ်ပြီး အဆင့်တက်တာကလွဲရင် တစ်ခြားဘာနည်းလမ်းတွေ ရှိသေးလို့လဲ .. ထူးဆန်းတဲ့အသီးစားတဲ့နည်းပဲ ရှိတာလေ..” မူကျွော ပြောလိုက်သည်။

“အဲဒါတော့ ငါလည်း မသိဘူး .. ဒါပေမဲ့ ငါတို့ကို ပြောင်းလဲအောင် လုပ်ပေးနိုင်မယ့် တစ်ခြားနည်းလမ်း ရှိလိမ့်ဦးမယ်လို့ ငါယုံကြည်တယ်” မူချင်းဟိုင် ပြန်ဖြေလိုက်သည်။

သူ ချန်းဟိုင်အတွက် စိတ်ပူနေဆဲပင်။ သူ တစ်ခုခုမဖြစ်ဖို့ ဆုတောင်းမိသည်။ မဟုတ်လျှင် သူတို့မိသားစုအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မည်။

ကျန်းနင်မြို့ရှိ ဗီလာတစ်ခုတွင်..

သားနားလှသည့် ဧည့်ခန်းတစ်ခုတွင် ရှုဝမ်ရိနှင့် လင်းယဲယုတို့ စကားပြောနေကြသည်။ သူတို့လည်း ချင်းဟိုင်အကြောင်း ပြောနေကြသည်ပင်။

“ခုန်းဂင်က ဒီလောက် အင်အားကြီးမယ်မှန်းမသိခဲ့ဘူး .. သူက ချန်းဟိုင်ကိုတောင် သတ်နိုင်တာလား..” ရှုဝမ်ရိ ထိတ်လန့်သွားရသည်။

“ခုန်းဂင် မဟုတ်လောက်ဘူး .. တစ်ခြားတစ်ယောက်ယောက် ဖြစ်လိမ့်မယ် .. ပြီးတော့ ချန်းဟိုင် သေသွားပြီလို့ တပ်အပ်ကြီးတော့ မပြောနိုင်သေးဘူး” လင်းယဲယု မျက်မှောင်ကြုတ်လိုက်သည်။

“လူသတ်သမားက စကြာမုနိဗုဒ္ဓရဲ့ တပည့်ဆိုရင် ဘယ်လိုလုပ်မလဲ .. သူတို့သတ်တာ ဖြစ်နိုင်လား..” ရှုဝမ်ရိ မေးလိုက်သည်။

“ဖြစ်နိုင်တယ်..”

ခဏကြာပြီးနောက် သူတို့နှစ်ယောက်‌ ခေါင်းစဉ်ပြောင်းလိုက်သည်။ ရှုဝမ်ရိက သူမကို တစ်စုံတစ်ယောက်မှ ကမ္ဘာပျက်ကပ်ရုပ်ရှင်ထဲ ပါဝင်ရန် ခေါ်ထားကြောင်း ပြောလာသည်။ ယခုကဲ့သို့ ကမ္ဘာကြီး ကပြောင်းကပြန်ဖြစ်သွားသည့်အချိန်တွင် ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ထားသည့် ဇာတ်ကားမှာ သေချာပေါက် အံ့အားသင့်စရာကောင်းမည်ပင်။

သရုပ်ဆောင်မည့်သူများမှာ နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် ရုပ်ရှင်စတားများ ဖြစ်သည်ဟု ပြောထားသည်ပင်။

ရှုဝမ်ရိ ဤရုပ်ရှင်တွင် ပါဝင်ချင်လွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တစ်ချိန်က ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း လင်းယဲယုနှင့် လက်ထပ်ပြီးနောက် သူမ၏ ကျော်ကြားမှု မှေးမှိန်သွားသည်ပင်။

“ငါကြားတာတော့ မြွေဖြူတောင်တိုက်ပွဲမှာတုန်းက အခင်းဖြစ်တဲ့နေရာကို ရိုက်ကူးနေတဲ့ ရိုက်ကူးရေးသမားတွေ ရှိခဲ့တယ်တဲ့ .. သူတို့ရိုက်မယ့်ရှပ်ရှင်မှာ မင်းကိုလိုတာများလား..” လင်းယဲယု ပြောလိုက်သည်။

“အဲဒီအုပ်စုက ရုပ်ရှင်လောကမှာ ရယ်စရာဖြစ်အောင် လုပ်ခဲ့တဲ့သူတွေ .. အဲဒါတွေက နာမည်ကြီးချင်လို့ လုပ်နေတဲ့ ဒုတိယတန်းစားဒါရိုက်တာတွေ .. ကျွန်မကို သူတို့နဲ့ လာမပတ်သက်ခိုင်းနဲ့ .. ကျွန်မ တစ်ခြားသူတွေရဲ့ ပျက်လုံးမဖြစ်ချင်ဘူး..” ရှုဝမ်ရိ ပြောလိုက်သည်။

“ခဏ .. ရှင်အရင်တုန်းက ကျွန်မ ရုပ်ရှင်ရိုက်တာကို သဘောမတူဘူးမဟုတ်ဘူးလား..” သူမခင်ပွန်း သူမအား ပြောခဲ့ဖူးသည်ကို သူမ ပြန်စဉ်းစားမိသွားသည်။

“မဟုတ်ပါဦး .. မင်း ရိုက်ချင်ရင် ရိုက်လို့ရပါတယ် .. မိသားစုထဲမှာ ငြီးငွေ့နေတာထက်စာရင် မင်း အသစ်အဆန်း တစ်ခုခုလုပ်နေတာကို ပိုကြိုက်တယ်” လင်းယဲယု ပြုံး၍ ပြောလိုက်သည်။

“ချူဖုန်း .. ကျွန်မညီမသေတာက ရှင်နဲ့ဘာမှမဆိုင်လောက်ဘူး .. ဒါပေမဲ့ ကျွန်မ ရှင့်ကို သိပ်မကြိုက်သေးဘူး..” လင်းယဲယုထွက်သွားသည်နှင့် ရှုဝမ်ရိ သူမကိုယ်သူမ ပြောလိုက်သည်။

..

လူပြောများနေသည့် ချူဖုန်းကတော့ သူ့အိမ်ပြန်ခရီးကိုသာ စိတ်နှစ်ထားသည်။ သူ ရွှမ်းထျန်မြို့သို့သာ မြန်မြန်သွားနေသည်။

လမ်းတစ်လျှောက်တွင် လူသူကင်းမဲ့သော ရွာများနှင့် ထိုရွာအနားတွင် အမဲလိုက်နေသည့် သားရဲများကို တွေ့ခဲ့ရသည်။

အချို့ရွာသားများမှာ မပြေးချင်ပဲ ပြေးခဲ့ရသည်ပင်။ သို့သော် အများစုမှာ ထွက်ပြေးရန်အတွက်ပင် ကံမကောင်းခဲ့။ ရွာအများစု လူသူကင်းမဲ့နေရခြင်းမှာ သားရဲများ ဝင်ရောက်သတ်ဖြတ်ပစ်လိုက်သောကြောင့်ပင်။

ဤရွာများထဲတွင် လတ်ဆတ်သည့်သွေးများ မြင်နေရဆဲပင်။

ချူဖုန်း သူ့ဖုန်းမှ သတင်းများ တွေ့ခဲ့ရသည်။

လွန်ခဲ့သည့်နှစ်ရက်တွင် တိုင်းပြည်အနှံ့ရှိ ကျေးရွာများ၌ ဤကဲ့သို့သော အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ အစိုးရသည် ကယ်ဆယ်ရေးအဖွဲ့များအပြင် မြို့ပြများ၌ လှည့်လှည်သွားလာနေသည့် သားရဲများကို သတ်ဖြတ်မည့် လက်နက်ကိုင်တပ်ဖွဲ့လည်း စေလွှတ်လိုက်သည်။

ငြိမ်းချမ်းသည့် အချိန်ကာလ ကုန်လွန်သွားပြီဖြစ်ကြောင်း ချူဖုန်း သိသည်။ အိပ်စက်နေကြသည့် သားရဲများသည် သူတို့အသိုက်များထဲမှ ထွက်လာကြလေပြီ။ အခြေအနေများမှာ ပို၍သာ ကြောက်စရာကောင်းလာလိမ့်မည်။

တောရိုင်းကောင်များ ဖျက်ဆီးထားသည့် ရွာများကို ဖြတ်သွားတိုင်း ချူဖုန်း ချက်ချင်း လှုပ်ရှားလိုက်သည်။ တစ်ခါက သူ တောဝက်အုပ်ကြီးကိုပင် သတ်ခဲ့သေးသည်။ ဝက်ပေါက်လေးတစ်စုလုံးသည် သန္ဓေပြောင်းလဲသွားကာ ချူဖုန်း ရောက်မလာခင်မှာပင် တစ်ရွာလုံးကို ပတ်မွှေသွားခဲ့သည်ပင်။

“ဘယ်လိုလုပ် တစ်အုပ်လုံး သန္ဓေပြောင်းသွားတာလဲ.. ဝက်ပေါက်တွေ ထူးဆန်းတဲ့အသီး စားမိလို့လား .. ဒါမှမဟုတ် သူတို့တွေ ဝတ်မှုန်တွေ ရှူမိသွားလို့လား..” ဤသို့ စဉ်းစားမိသည်နှင့် ချူဖုန်း စိတ်လေးသွားရသည်။

ထူးဆန်းသည့်အသီးများကို ရှာဖွေရန် ခက်ခဲသည်။ အပင်တစ်ပင်တွင် အသီးတစ်လုံးသာ ရှိမည်ဖြစ်သည်။

သို့သော် ဝတ်မှုန်ကတော့ မတူ။ ဝတ်မှုန်များသည် သူတို့ဘေးပတ်လည်မှ သက်ရှိတိုင်းကို ပြောင်းလဲစေနိုင်သည်။

ဝတ်မှုန်ကြောင့်သာဆိုလျှင်တော့ သန္ဓေပြောင်းသားရဲများ သန္ဓေပြောင်းလူထက် များနေသည့် အကြောင်းရင်း ရှင်းလင်းသွားလေပြီ။

သို့သော် ဤသန္ဓေပြောင်းတောဝက်များမှာ သိပ်စွမ်းအားမကြီး။ ဝတ်မှုန်များ လေထဲ၌ အလွန်ပြန့်ကျဲသွားသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့ခန္ဓာကိုယ် ပြောင်းလဲရန် လုံလောက်သည့် ဝတ်မှုန်ပမာဏ မရလိုက်ကြ။

လမ်းတစ်လျှောက် ရွာပျက်အချို့ကို သူ ထပ်တွေ့ခဲ့ရသေးသည်။ ရွာများမှာ တိတ်ဆိတ်ငြိမ်သက်နေလေ၏။ ချူဖုန်းမှာ ပို၍ပင် ရင်လေးလာရသည်။

တစ်ချိန်တည်းမှာပင် သန္ဓေပြောင်းသားရဲများအား လက်နက်များဖြင့် ဝိုင်းဖိနှိပ်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း သူ တွေ့ခဲ့ရသေးသည်။

“သတ်..”

ငါးမီတာရှည်သည့်ခွေးနက်ကြီးတစ်ကောင် စစ်တပ်ကားအား ပြောင်းပြန်လှန်ဖျက်ဆီးနေသည်ကို သူတွေ့လိုက်ရသည်နှင့် ချက်ချင်းပင် တရှိန်ထိုးပြေးသွားကာ ခွေးခေါင်းကို သူ့လက်ဝါးဖြင့် ရိုက်ခွဲပစ်လိုက်သည်။

ဖူး…

ခွေး၏သွေးလွှတ်ကြောမှ သွေးများပန်းထွက်လာပြီး ခွေးနက်ကြီး သေဆုံးသွားသည်။

သို့သော် ချူဖုန်း ထိုနေရာ၌ ကြာကြာမနေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဤသည်မှာ သူ လမ်းတစ်လျှောက်လုံး တွေ့ခဲ့ရသည့် သတ်ဖြတ်မှုများထဲမှ တစ်ခုသာ ရှိသေးသည်။ သတ်ဖြတ်ခြင်းမှာ တိုင်းပြည်အနှံ့ ဖြစ်ပျက်နေသည်ပင်။

ညနေစောင်းတွင် ချူဖုန်း ရွာပျက်တစ်ခုကို ဖြတ်သွားသည်။ မြေကြီးများ၊ နံရံများနှင့် ပြတင်းပေါက်များတွင် သွေးများစွန်းထင်နေသော်လည်း ထိုနေရာ၌ လှည့်ပတ်သွားနေသည့် လူများ ရှိနေဆဲပင်။

ရွာဝင်ပေါက်၌ ကလေးအချို့ ဆော့ကစားနေကြသည်။ သူတို့အားလုံး ညစ်ပတ်ပေရေနေကြသည်ပင်။

လူကြီးအချို့လည်း စားပွဲ၌ ဝိုင်းထိုင်နေကြပြီး ညည်းတွားနေကြသည်။ ရွာထဲ၌ လူငယ်၊ လူလတ်ပိုင်းများ မရှိတော့။

“ဒီနားမှာ သန္ဓေပြောင်းသားရဲရှိနေတာကို ဘာလို့ ဒီမှာ ဆက်နေနေသေးတာလဲ..” ချူဖုန်း ရွာထဲ ဝင်သွားလိုက်သည်။

ဤကဲ့သို့သော ရွာမျိုးမှာ လူနေထိုင်ရန် မသင့်တော်ကြောင်း သူသိသည်။ အသက်ရှင်နေသည့်လူများမှာ မြန်မြန်ထုတ်ပိုးကာ ထွက်သွားသင့်သည်။

“ကျွန်တော်တို့လည်း ပြေးချင်ပါတယ် .. ဒါပေမဲ့ မကောင်းဆိုးဝါးလက်ထဲမှာ ကျွန်တော်တို့ မိသားစုဝင်တွေ ရှိနေတယ်” ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ငိုကြွေး၍ အမှန်တရားကို ပြောပြလာသည်။

မကောင်းဆိုးဝါး.. ဘာမကောင်းဆိုးဝါးလဲ.. ချူဖုန်း အံ့အားသင့်သွားရသည်။

“အဲဒါက ခန္ဓာကိုယ်အကြီးကြီးနဲ့ အားကောင်းတဲ့ မကောင်းဆိုးဝါး .. သူက သူ့ကိုယ်သူ လေနက်နတ်ဆိုးလို့ ပြောတယ်” ကောင်လေး ပြောလာသည်။

လက်စသပ်တော့ ကောက်ကျစ်တဲ့ သန္ဓေပြောင်းသားရဲကိုး .. ထို ‘လေနက်နတ်ဆိုး’ ဟု ခေါ်သည့် သားရဲသည် ရွာမှ လူများကို သူ့ကျွန်အဖြစ် အလုပ်လုပ်ခိုင်းပြီး သူ နေထိုင်ရန်ဂူတစ်ခုကို ဆောက်လုပ်ခိုင်းနေသည်။

သားရဲကြီးသည် ပြည်သူများအား မည်ကဲ့သို့ ထိန်းချုပ်ခြိမ်းခြောက်ရမည်ကို သိနေသည်။

သူသည် ရွာမှ ကလေးများနှင့် အားနည်းသည့်အကြီးအကဲများအား ရွာ၌ ဆက်နေရန် ခြိမ်းခြောက်ထားသည်။ သူတို့တစ်ခုခုလုပ်လျှင် သူဖမ်းထားသည့်သူများကို သတ်ပစ်မည်ဟု ပြောထားသည်ပင်။

ထိုဇာတ်ကြောင်းအား သိလိုက်ရသည့်အချိန် ချူဖုန်း အံ့အားသင့်သွားရသလို သူ့မျက်နှာထက်၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။

“အစ်ကို .. ကျွန်တော်တို့ ဗိုက်အရမ်းဆာနေပြီ..” ကလေးတစ်ဦး သူ့ကို ပြောလာသည်။ သူ့မျက်လုံးများမှာ အပြစ်ကင်းစင်နေသည်။

အခြားကလေးများလည်း သူ့နား ဝိုင်းလာကြသည်။ သူတို့အားလုံး ကြောက်ရွံ့ကာ ရှက်နေကြသည်။

“မကြောက်နဲ့ .. ဒီမှာ စောင့်နေနော်..”

ချူဖုန်း ခြေလှမ်းကျယ်ကြီးဖြင့် ရွာမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် မည်သူမှ မရှိတော့သည့်နေရာတွင် သူ့အရှိန်ကို တင်လိုက်ပြီး လေပွေတစ်ခုကဲ့သို့ တောင်အတွင်းနက်ပိုင်းသို့ ဦးတည်သွားလိုက်သည်။

သားရဲကြီးမှာ မည်းနက်နေသည့် မြေခွေတစ်ကောင်ပင်။ သူနေထိုင်သည့်အိမ်ဆောက်လုပ်ပေးရန် ရွာသားများအား ခြိမ်းခြောက်ထားသည်ပင်။

ချူဖုန်း ထိုနေရာသို့ ရောက်သည့်အချိန်တွင် ၇မီတာခန့်ရှည်လျားသည့် သန္ဓေပြောင်းသားရဲသည် ဂူထဲ၌ ပျင်းရိစွာ လဲလျောင်းနေသည်။ ထိုမြေခွေးဘေးနားတွင်တော့ လူတစ်ယောက် သတင်းမျိုးစုံ ဖတ်ပြနေသည်။

သားရဲများသည် သန္ဓေပြောင်းပြီးနောက်တွင် သူတို့ဉာဏ်ရည်များမှာ လူသားနှင့် ယှဉ်နိုင်လာသည်။ သူတို့လည်း လူ့လောကမှ အဖြစ်အပျက်များကို စိတ်ဝင်စားနေကြသည်ပင်။

လေနက်နတ်ဆိုးလည်း ဉာဏ်ကောင်းသည့်ကောင်ပင်။ သူသည် အင်တာနက်မှ သတင်းပေါင်းစုံ ရနေခဲ့သည်။

သူသည် အလွန်လည်းရက်စက်လှသည်။ သူဗိုက်ဆာသည်နှင့် လူတစ်ယောက်လုံးကို ဝါးမြိုစားသောက်ပစ်လိုက်သည်ပင်။

ချူဖုန်း ဒေါသထွက်သွားကာ ဤနေရာသို့ရောက်သည်နှင့် ချက်ချင်း လှုပ်ရှားလိုက်သည်။

ဤမြေခွေးနက်ကြီးလည်း စွမ်းအားကြီးသည့် သတ္တဝါပင်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသွားပြီဖြစ်သော်လည်း သူ အသက်ရှင်နေနိုင်သေးသည်။ ထို့အပြင် သူ့ပါးစပ်မှ‌ ကြောက်စရာကောင်းသည့် အနက်ရောင် လေပွေများကိုလည်း မှုတ်ထုတ်နေနိုင်သည်။

သာမန်သန္ဓေပြောင်းလူများမှာ ထိုအနက်ရောင်လေပွေများကို ခုခံနိုင်မည်မဟုတ်။ ထိုလေပွေနှင့်ထိမိသည်နှင့် ချက်ချင်းပင် အသားပုံကြီး ဖြစ်သွားလိမ့်မည်ပင်။

သို့သော် ချူဖုန်းကတော့ သာမန်သန္ဓေပြောင်းလူမဟုတ်။ လေပွေများ သူ့ကို ဘာမှမလုပ်နိုင်။

ချူဖုန်း လေထဲသို့ ခုန်တက်လိုက်ပြီး မြေခွေးကို သူ့ညာလက်သီးဖြင့် ထိုးချလိုက်သည်။

ဖူး..

သူ၏အနှိုင်းမဲ့လက်သီး မြေခွေး၏ဦးခေါင်းခွံကို ထိုးဖောက်သွားလေ၏။ ကြောက်စရာကောင်းသည့် သားရဲကြီးမှာ လက်သီးတစ်ချက်တည်းဖြင့် ကြွေလွင့်သွားလေပြီ။

ဂူထဲမှ လူငယ်များစွာကို ကယ်တင်လိုက်နိုင်သည်။ ဤလူငယ်များမှာ ရယ်ရမလား ငိုရမလားပင်မသိတော့။ ဤနေ့ရက်များမှာ သူတို့အတွက်တော့ အိပ်မက်ဆိုးများပင်။ သူတို့သည် ရဲရင့်သန်မာသည့်ယောက်ျားကြီးများ ဖြစ်ကြသော်လည်း မြေခွေးတစ်ကောင်၏ ကျွန်ပြုခြင်း ခံလိုက်ရသည်။

မိသားစုများ ပြန်လည်စုံစည်းသွားကြသည်နှင့် မိသားစုများမှာ ရွာမှ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။ ဤရွာတွင် နေ၍မရတော့ကြောင်း အားလုံး သဘောတူလိုက်ကြသည်ပင်။

စစ်တပ်ကြီး မကြာခင်ရောက်တော့မည်ဖြစ်ပြီး သူတို့ ဤရွာ၌ စစ်တပ်ကြီးကို စောင့်နေသင့်ကြောင်း ချူဖုန်း ပြောလိုက်သည်။

ချူဖုန်းမျက်နှာမှာ အလွန်မည်းနက်နေသည်။ သူ့မျက်နှာကို ပြာများဖြင့် သုတ်လိမ်းထားသောကြောင့် မည်သူမှ သူ့မျက်နှာအစစ်ကို မမြင်ရတော့။ ထို့ကြောင့် နောင်အနာဂတ်တွင် မည်သူမှ သူ့ကို ပြဿနာရှာနိုင်မည်မဟုတ်တော့။

ချူဖုန်းသည် ထွက်မသွားခင် တောင်ထဲပြန်ဝင်သွားပြီး သားရဲအချို့ကို သတ်ကာ အကောင်များကို သယ်လာခဲ့လိုက်သည်။ သူကိုယ်တိုင် အသားများကို ကင်လိုက်သည်။ ကလေးများအားလုံး ဗိုက်ပြည့်အောင် စားလိုက်ရပြီး ပျော်ရွှင်ရယ်မောနေသည့် အသံမှာ သူ့ကို ပျော်ရွှင်စေပြီး စိတ်ကျေနပ်စေသည်။

ညရောက်သည့်အချိန်တွင်တော့ တင့်ကားအချို့ ရွာသို့ ရောက်လာသည်။

ရွာသားများ လုံခြုံသွားသည်ကို မြင်သည်နှင့် ချူဖုန်း အချိန်ဆွဲမနေတော့။

ညအချိန်ကုန်လွန်သွားကာ နံနက်ခင်း ရောင်ခြည်သန်းလာသည်။ ချူဖုန်း လမ်းပေါ်၌ ပြန်ရောက်နေပြီဖြစ်ပြီး မြင်းရိုင်းတစ်ကောင်ကဲ့သို့ ပြေးထွက်သွားလိုက်သည်။ သူ့မိဘများကို အမြန်တွေ့ချင်နေပြီဖြစ်သောကြောင့် သူ လမ်း၌ အချိန်မဖြုန်း။

မွန်းတည့်ချိန်တွင် ချူဖုန်း ရွှမ်းထျန်မြို့သို့ ရောက်လာလေပြီ။

ထိုအချိန်တွင် တစ်နိုင်ငံလုံးကို ထိတ်လန့်စေသည့် သတင်းထူးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လောကကြီး ပြောင်းလဲသွားသည်နှင့် ဘုရားကျောင်းများစွာရှိနေသည့် စုန့်တောင်လည်း ထူးခြားသည့်နေရာတစ်ခု ဖြစ်လာခဲ့သည်။

လူဝံများနှင့် အော်ရန်ဂူတန်မျောက်များသည် တောင်ကို သူတို့ပိုင်နက်အဖြစ် သိမ်းပိုက်လိုက်သည်။ ဘောဓိအုပ်စုမှ ဤမျောက်များနှင့် တိုက်ခိုက်ခဲ့သော်လည်း ဘောဓိအုပ်စုသာ အထိနာခဲ့သည်။

တိုက်ပွဲ၏အသေးစိတ်အကြောင်းအရာများကို လျှို့ဝှက်ချက်အဖြစ် ထားထားသော်လည်း ကုမ္ပဏီကြီးများကြားတွင် လျှို့ဝှက်ချက်ဆိုသည်မှာ မရှိ။

ဘောဓိတွင် စကြာမုနိဗုဒ္ဓတပည့်များစွာ ရှိသော်လည်း သူတို့သည် တိုက်ခိုက်ရေးသမားကောင်းဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့ကြ။

ထို့ကြောင့် ကုမ္ပဏီအချို့ သူတို့လူလွှတ်ကာ စုန့်တောင်ကို တိုက်ခိုက်ခဲ့ကြသေးသည်။

ထိုတောင်တွင်ရှိနေသည့် လူဝံကြီးသည် တိုင်ဟန်းတောင်မှ မြွေဖြူထက် အားမနည်းဟု ပြောကြသည်။

ပို၍အရေးကြီးသည်မှာ ထိုလူဝံကြီးတွင် တိကျသည့်အသိစိတ်ရှိနေသည်။ သူသည် ရောက်လာမည့်အန္တရာယ်များကို ရှောင်ရှားနိုင်သလို လူသတ်လက်နက်များဖြင့် သတ်၍မရ။

စုန့်တောင်အနောက်ဘက်တွင် အလယ်ကျယ်ပြန့်လှသည့် ရှေးတောင်တန်းများ ရှိသည်။ တစ်ခုခုမှားနေပြီဟု ခံစားရသည့်အချိန်တိုင်း လူဝံကြီးသည် အပြိုင်စကြာဝဠာထဲသို့ ဝင်ရောက်သွားသည်။

ထို့အပြင် ဤလူဝံများသည် အပြစ်မရှိသည့် ဒေသခံများကို သတ်ဖြတ်ခြင်းမရှိသောကြောင့် ဤလူဝံများကို အန္တရာယ်မရှိဟု သတ်မှတ်၍ရသေးသည်။

သို့သော် ဤလူဝံများမှာ အေးချမ်းသည့်လူဝံများမဟုတ်သည်ကို ဘောဓိမှလူများ သိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤမျောက်ဝံများကြောင့် သူတို့များစွာ ဆုံးရှုံးခဲ့ရသည်ပင်။

ဘောဓိ၏အဖြစ်အပျက်ကို သင်ခန်းစာယူကာ အခြားကုမ္ပဏီများလည်း မလှုပ်ရှားကြတော့သဖြင့် စုန့်တောင်မှာ အတော်လေး တည်ငြိမ်၊ ငြိမ်းချမ်းနေသည်။

သို့သော် ယနေ့တွင်တော့ စုန့်တောင်သည် လူထုအာရုံစိုက်ရာနေရာတစ်ခု ပြန်ဖြစ်လာသည်။

လွန်ခဲ့သည့်လများတွင် အကြီးအကဲလူဝံကြီးသည် ဘုရားကျောင်း၌ တံခါးပိတ်ကာ ကွန်ဖြူရှပ်စာများ လေ့လာနေခဲ့သည်။ သို့သော် ယနေ့တွင်တော့ သူသည် ပထမဆုံးအကြိမ်အဖြစ် အပြင်ထွက်လာကာ ယနေ့မှစ၍ သူသည် ဂိုဏ်းတစ်ခု၊ ကျောင်းတစ်ခု၊ စာပေဂိုဏ်းတစ်ခု၏ တည်ထောင်သူဖြစ်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။ သူ့ဘာသာရေးဂိုဏ်းအသစ်ကို သာ့လင်ကျောင်းဟု အမည်ပေးထားသည်။

ဤသတင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးကို ရိုက်ခတ်စေခဲ့ပြီး လူများမှာ မတည်မငြိမ်ဖြစ်လာကြသည်။

အပိုင်း ၈၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset