Switch Mode

Chapter – 82

ခွန်အား တိုးလာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၂ – ခွန်အားတိုးလာခြင်း

ကောင်းမွန်စွာ အိပ်စက်အနားယူပြီးနောက် ချူဖုန်း လန်းဆန်းတက်ကြွလာသည်။

“နွားဝါလေး အိပ်ပျော်ရဲ့လားမသိဘူး” ချူဖုန်း စပ်ဖြီးဖြီးပြုံးရင်း ရေရွတ်လိုက်သည်။ သို့သော် သူ ယခုထိ ဖုန်းပြန်မဖွင့်သေး။

တစ်ခဏခန့် ရှာဖွေပြီးနောက် သူ တောင်ကျစမ်းချောင်းလေးတစ်ခုကို ရှာတွေ့သွားသည်။ သူ့အဝတ်အစားများ ချွတ်လိုက်ပြီး သန့်ရှင်းနေသည့် ရေထဲ ဝင်စိမ်လိုက်သည်။

“နေလို့ကောင်းလိုက်တာ..”

တောင်များထဲတွင် ညလုံးပေါက် တိုက်ခိုက်ခဲ့ရ၍ သူ အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သို့သော် သူ ရေမချိုးခင် အရင်အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ယခုသည် ဆောင်းဦးရာသီဖြစ်သော်လည်း သစ်ပင်များမှာ နွေရာသီထက်ပင် စိမ်းစိုအုံ့ဆိုင်းနေသည်။ ရာသီဥတုသည်လည်း နွေရာသီကဲ့သို့ နွေးနေသေးသည်။

ချူဖုန်း စမ်းရေနွေးထဲ၌ အချိန်အကြာကြီး စိမ်နေပြီး သူ့ကိုယ်ပေါ်ရှိ သွေးကွက်များနှင့် သူ ပြောင်းလဲစဉ်က ထွက်လာခဲ့သည့်အရာများကို သန့်ရှင်းပစ်လိုက်သည်။ ယခု သူ အလွန်သက်တောင့်သက်သာဖြစ်ပြီး တက်ကြွလန်းဆန်းနေသည်။

ရေထဲမှ ထွက်လာသည်နှင့် နံနက်ခင်းနေရောင်ခြည် သူ့ပေါ်သို့ ဖြန်းပက်လာသည်။ သူ့အရေပြားလည်း တောက်ပနေကာ သူ့ဘေးပတ်လည်တွင် အမွှေးနံ့တစ်မျိုး သင်းပျံ့လာသည်။

ဤသည်မှာ သန့်စင်ခြင်း၏ လက္ခဏာများပင်။ သူ ဆက်လက်ပြောင်းလဲနေသရွေ့ တစ်နေ့ကျလျှင် ပြီးပြည့်စုံလာလိမ့်မည်။

“ငါလူတွေရှေ့မှာ သတိထားရမယ် .. ငါ သာမန်မဟုတ်ဘူးဆိုတာ ဘယ်သူမှ သိလို့မရဘူး..” ချူဖုန်း သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူ့အဝတ်များကို ရေထဲသို့ နှစ်လိုက်ပြီး တစ်ချက်နှစ်ချက်ခန့် ပွတ်သုတ်လိုက်ကာ ဘေးဘက်၌ ပြန်လှမ်းထားလိုက်သည်။

သူ အဝတ်အသန့်ဝတ်လိုက်ပြီး နေရောင်ကိုမျက်နှာမူလိုက်ကာ အသက်ရှူစည်းချက်ကို စတင်လေ့ကျင့်လိုက်သည်။

“ဟမ်..”

သူ အံ့အားသင့်သွားရသည်။ သူ ယခုမှ ‌စလုပ်ခြင်းဖြစ်သော်လည်း သူ့တစ်ကိုယ်လုံးမှာ မီးဖိုထဲ ထည့်ခံထားရသကဲ့သို့ ပူလောင်လာကာ ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။

သူ့အရေပြားထက်တွင် မီးတောက်များ တောက်လောင်လာသည်။ ဤသည်မှာ ကြောက်စရာကောင်းသကဲ့သို့ မြင့်မြတ်ပုံလည်း ပေါက်နေသည်။ နေရောင်ပင်လျှင် အဆပေါင်းများစွာ ပိုပြင်းလာပြီး သူ့မွေးညှင်းပေါက်များမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။

ဘာဖြစ်နေတာလဲ.. ချူဖုန်း အံ့အားသင့်သွားရသည်။ သူ့ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းမှုများမှာ ပို၍ပင် သိသာလာသည်။

သူအသက်ရှူလေ့ကျင့်ခန်းကို ဆက်လုပ်လိုက်သည်။ လေ့ကျင့်ခန်းသည် ယခင်ကထက် အကျိုးသက်ရောက်မှု များပြားလာသည်ကို သူတွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပူခြစ်နေကာ အသားအရေမှ ရွှေရောင်အလင်း ဖြာထွက်နေသည်။ သူ့ကို အဝေးမှ ကြည့်လျှင် ဝိုးတိုးဝါးတားအရိပ်ကိုသာ မြင်ရလိမ့်မည်။

အသက်ရှူလေ့ကျင့်ခန်းမှာ အံ့အားသင့်စရာကောင်းသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း သူ လက်ခံသွားလေပြီ။ ဤသည်မှာ ဖြတ်လမ်းနည်းနှင့်ပင် တူနေသည်။ သူ ဤအသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်ခန်းကို နေ့တိုင်းလေ့ကျင့်ရန်သာလိုသည်။ ထိုသို့လေ့ကျင့်ရုံဖြင့် သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ တိုးတက်ပြောင်းလဲလာလိမ့်မည်ပင်။

သူ စိတ်နှစ်ကာ အသက်ရှူလေ့ကျင့်ခန်းစည်းချက်များကို လေ့ကျင့်နေလိုက်သည်။

သူ၏မွေးညှင်းပေါက်မှ ရွှေရောင်အလင်းများ ဝင်ချည်ထွက်ချည်ဖြစ်နေပြီး သူ၏သွေးနှင့် အသားများကို ချိတ်ဆက်ပေးနေသည်။ သူ၏ကြွက်သားများလည်း စည်းချက်အတိုင်း လှုပ်ရှားနေသည့်အပြင် သူ၏အတွင်းအင်္ဂါများပင် ကြွက်သားများနှင့်အတူ လှုပ်ရှားလာကြသည်။ ယခုတစ်ခေါက်တော့ သူ ဝိညာဉ်သာမက သူ့ခန္ဓာကိုယ်ပင် သန့်စင်လာသည်။

ဤအတိုင်းသာ ဆက်သွားလျှင် တစ်နေ့ သူ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခု ရရှိလာလိမ့်မည်။

ခဏကြာပြီးနောက် သူ လေ့ကျင့်ခန်း ရပ်လိုက်သည်။

အသက်ရှူလေ့ကျင့်ခန်းသည် တိကျသည့်အချိန်အတွင်းသာ လုပ်ရသည့် လေ့ကျင့်ခန်းပင်။ ထိုအချိန်ထက်ကျော်လွန်လျှင် အကျိုးရှိမည်မဟုတ်။

“ဝတ်မှုန် .. ဓာတ်ကူပစ္စည်း..”

မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် သူ၏လေ့ကျင့်ခန်း ဤမျှအကျိုးထူးလာခြင်းဖြစ်လိမ့်မည်ဟု သူ ယုံကြည်သည်။

“ငါ့ခန္ဓာကိုယ် တိုးတက်လာတာက ငါက ဒီအသက်ရှူစည်းချက်နဲ့ သင့်တော်လာတာလို့ ဆိုလိုတာလား..”

ဝတ်မှုန်၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် အသက်ရှူစည်းချက်တို့မှာ တစ်ခုနှင့်တစ်ခု ခွဲခြား၍မရ။ ဤလမ်းကြောင်း၌ သူ မည်မျှပြည့်စုံမည်ဆိုသည်မှာ ဤသုံးခု တစ်ခုနှင့်တစ်ခု မည်မျှအပြန်အလှန်သက်ရောက်မှုရှိမည်ပေါ် မူတည်နေသည်ပင်။

လေ့ကျင့်ခန်းလုပ်ပြီး အသားနည်းနည်းကင်စားပြီးသည်နှင့် ချူဖုန်း ခရီးဆက်ခဲ့လိုက်သည်။

“ငါ့အမြန်နှုန်းကို စမ်းသပ်ကြည့်ရအောင်..”

သူ ပြေးလိုက်သည်နှင့် လမ်းဘေးရှိ သစ်ပင်များမှာ မှုန်ဝါးဝါးအရိပ်များ ဖြစ်လာပြီး သူ့နားထဲတွင် လေတိုးသံသာ ကြားနေရသည်။ ဖုန်မှုန့်များနှင့်သဲများ ပျံ့လွင့်နေပြီး ချူဖုန်းကိုပင် မတွေ့ရတော့။

သူသည် အလွန်လျင်မြန်လှသလို သူ့ခြေလှမ်းများမှာ လေးလံလှသည်။ မြေကြီးများပင် အက်ကွဲကုန်သည်။

ဆယ်စက္ကန့်ကြာပြီးနောက်တွင် သူ ငါးလီအဝေးသို့ ရောက်သွားလေပြီ။

ချူဖုန်း ဖြတ်သွားသည်နှင့် လမ်းမှ သားရဲများနှင့် ငှက်မျိုး နိုးထလာကြသည်။ သူတို့သည် ထိုလျင်မြန်လွန်းလှသည့် လူသားပုံရိပ်ကို အံ့အားတကြီး ကြည့်နေကြလေသည်။

“တစ်စက္ကန့်ကို ၂၆၀ မီတာ..”

ချူဖုန်း သူ့ကိုယ်သူပင် ထိတ်လန့်သွားရသည်။ အရှိန်မှာ ယခင်ကထက် သုံးဆမြန်နေသည်။ ယခု သူ့ကို မကောင်းဆိုးဝါးဟုပင် ခေါ်၍ရနေပြီဖြစ်သည်။

သူ့အရှိန်ကို အမြင့်ဆုံးတင်လိုက်သည်နှင့် သူတစ်ချက်ခုန်လိုက်သည်နှင့် မီတာတစ်ရာကျော် ရောက်နိုင်သည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

“အခုကစပြီး ငါ ဒီလေးမလိုပဲ စိတ်ကြိုက်သွားလို့ရပြီ..” သူ့စွမ်းအားဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်ဟု ချူဖုန်း ယုံကြည်သည်။

သူ ငွေတောင်ပံနှင့်တွေ့လျှင်ပင် ဤလေးကို အားကိုးစရာမလိုတော့။

ထို့နောက် သူ့အကြားအာရုံနှင့် အမြင်အာရုံကို စမ်းသပ်လိုက်သည်။ သေချာပါသည်။ သူ့အာရုံတိုင်းမှာ အလွန်တိုးတက်လာခဲ့သည်ပင်။ သူ့အောင်မြင်မှုသတင်းများကိုသာ အပြင်လောကသို့ ထုတ်လွှင့်လိုက်လျှင် တစ်လောကလုံး အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။

ငြိမ်ငြိမ်ရပ်နေရုံဖြင့် သူ၏အဝေး၌ ရှိနေသည့် ချုံထဲမှ ခြင်အချို့ကိုပင် သူ အာရုံခံနိုင်နေသည်။ သူတို့အတောင်ပံခတ်သံများ ကြားနေရသလို သူတို့ခန္ဓာကိုယ်ပေါ်မှ အစင်းလိုင်းများကိုလည်း မြင်နေရသည်။

သို့သော် ဤကဲ့သို့သော သေးငယ်သည့်အရာများကို အာရုံခံနိုင်ရန်အတွက် သူ အသက်ရှူစည်းချက်အတိုင်းရှူပြီး အာရုံခံရမည်ပင်။

“မဟုတ်သေးဘူး .. ဒီအာရုံခံနိုင်တာတွေကို ငါပိတ်ထားရမယ်..” ဤကမ္ဘာပေါ်၌ အသံများ ဆူညံနေသည်ပင်။ မြက်ပင်အချင်းချင်း ပွတ်တိုက်သွားလျှင်ပင် သူ့နားထဲ အလွန်ကျယ်လောင်နေသည်။

အန္တရာယ်များသည့်နေရာမဟုတ်လျှင် သူ၏ မြင့်မားလှသည့် အာရုံခံနိုင်စွမ်းများကို ဖွင့်ထားရန်မလို။

သူ့အသက်ရှူသံကို ချုပ်ထိန်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ အမွှေးနံ့မထွက်တော့သကဲ့သို့ သူ့အရေပြားလည်း တောက်ပမနေတော့။ သာမန်လူသားတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။

ဤသည်မှာ သူလိုချင်နေသည့်အရာပင်။ လူများမသိအောင် သူ ဖုံးကွယ်ထားချင်သည်။

နောက်ဆုံး သူ့ခွန်အားကို စမ်းသပ်ရန် ပစ်မှတ်ကို လိုက်ရှာလိုက်သည်။

အနည်းဆုံး ပေါင်တစ်သောင်းလေးသည့် ကျောက်တုံးကြီးတစ်တုံး သူ့မျက်စိထဲဝင်လာသည်။ ချူဖုန်း မြေကြီးကို ခြေစောင့်နင်းပြီး ထိုကျောက်တုံးထံသို့ တရှိန်ထိုး ပြေးသွားကာ သူ့လက်သီးကိုမြှောက်ပြီး အပြစ်မရှိသည့် ကျောက်တုံးကို ထိုးချလိုက်သည်။

ဝုန်း..

သူ့လက်သီးများမှာ နွားနတ်ဆိုး၏ ဦးချိုများကဲ့သို့ပင်။ သစ်သားပြားတစ်ပြားကို ထိုးသကဲ့သို့ ကျောက်တုံးကြီးကို ထိုးချလိုက်လေသည်။ လက်သီးသည် ကျောက်တုံးအတွင်းသို့ ဖောက်ဝင်သွားပြီး သူ့တစ်ကိုယ်လုံးလည်း ကျောက်တုံးကြီးကို ဖြတ်ဝင်သွားသည်။

ဝုန်း..

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း ကျောက်တုံးကြီး၏ အခြားတစ်ဖက်ခြမ်းမှ ပြန်ထွက်လာလေ၏။ ချူဖုန်း နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားကို ခံစားနိုင်လေပြီ။ ရွှမ်းထျန်သို့ရောက်သည်နှင့် သူ့မိသားစုအား ခြိမ်းခြောက်နိုင်သည့်သူ မည်သူ့ကိုမဆို ပြန်တိုက်ခိုက်ရန် အဆင်သင့်ပင်။

ထို့အပြင် သူ့ခန္ဓာကိုယ်သည် ယခုအချိန်တွင် မည်သည့်လက်နက်ကိုမဆို ခံနိုင်ရည်ရှိပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ ကျည်ဆံဖြစ်စေ၊ အမြောက်ဖြစ်စေ မည်သည့်လက်နက်မှ သူ့ကို မထိခိုက်နိုင်တော့။

ခုန်းဂင်လည်း ဤကဲ့သို့သော ခန္ဓာကိုယ်မျိုး ရရှိထားသော်လည်း သူသည် ခုန်းဂင်ထက် ပိုသာသည်ဟု ခံစားနေရသည်။

“ရွှမ်းထျန် .. ငါလာပြီ..”

သူ ပြိုင်စံရှားတိုက်ခိုက်သမား ဖြစ်လာသည်ကို သိသည်နှင့် ချူဖုန်း စိတ်အားတက်ကြွနေသည်။

လမ်း၌ ဖုန်းဖွင့်ကာ မက်ဆေ့ချ်ပေါင်းစုံကို ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်း နွားဝါလေးထံမှ ဖုန်းခေါ်ဆိုမှုမှာ တစ်ဒါဇင်မက ရှိနေသည်ပင်။

နောက်ဆုံးခေါ်ဆိုမှုမှာ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ကပင်။

မက်ဆေ့ချ်များလည်း အများအပြားပင်။ စာထဲ၌ ရေးထားသည်တော့အတူတူပင်။ အားလုံးမှာ ကျိန်ဆဲသည့်စကားလုံးများပင်။ သူသည် ချူဖုန်းကို သူငယ်ချင်းအား သစ္စာမရှိသည့်လူ၊ သောက်ကျင့်မကောင်းသည့်လူအဖြစ် ဆဲဆိုထားသည်။

သူ မက်ဆေ့ချ်များ ဖတ်နေသည့်အချိန်မှာပင် သူ့ဖုန်း ထပ်မြည်လာပြီး နွားဝါလေး၏နံပါတ် ပေါ်လာသည်။

ချူဖုန်း ဖုန်းကို အေးဆေးကိုင်လိုက်ပြီး “ဟယ်လို နွားဝါလေး .. ငါ့အချစ်ဆုံးသူငယ်ချင်းလေး .. အိပ်လို့ကောင်းရဲ့လား..”

ထို့နောက် သူ ဖုန်းကို နားမှ ခွာထားလိုက်သည်။

“မူး မူး မူး…”

ချူဖုန်း ဉာဏ်ကောင်းစွာဖြင့် ဖုန်းကို သူ့နားမှ ခွာထားလိုက်သည်ပင်။ မဟုတ်ပါက နွားအော်သံကြောင့် သူ့နား ကန်းသွားနိုင်သည်။

နွားဝါလေးမှာ ဒေါသထွက်နေသည်ပင်။ သူ တစ်ညလုံး မအိပ်ရသေးသည်ကို ချူဖုန်း သိနေသည့်အပြင် သူ့ကို ဤကဲ့သို့ လာမေးနေသေးသည်။

“ဒါက ငါ့ကို သက်သက်ရန်စတာ..” နွားဝါလေး သူ့ကိုယ်သူ ပြောလိုက်သည်။ “ဒီအတောအတွင်း ချူဖုန်း ငါနဲ့မတွေ့နိုင်တာ ကံကောင်းသွားတယ် .. မဟုတ်ရင် ငါ့သူ့ပါးစပ်ကို ဘယ်လိုမျိုး နင်းခြေပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်..”

ချူဖုန်း မျက်နှာထက်၌ အပြုံးကြီးများ ဖြစ်ပေါ်နေသည်။

သူတို့နှစ်ဦးလုံး ဖုန်းကိုင်ထားဆဲဖြစ်သော်လည်း ချူဖုန်းသည် မနေ့ညက ဖြစ်ခဲ့သည့်ကိစ္စများကို တစ်ခွန်းမှမပြော။

“ငါ့ညီအစ်ကိုရေ .. နောက်ဆုံးတော့ ငါမင်းနဲ့ စကားပြောလို့ရပြီ..” ဖုန်းထဲမှ အခြားအသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ မျက်ရည်စက်လက်နှင့်ဖြစ်နေသည့် ကျိုးချွမ်၏အသံပင်။

ကျိုးချွမ် ဖုန်းကို လုယူလိုက်ပြီး ချူဖုန်းနှင့် စကားပြောလိုက်သည်။ “မင်းသိလား ဟေ့ကောင် .. ငါ မနေ့ညက တစ်စက္ကန့်မှ မျက်လုံးမပိတ်လိုက်ရဘူး .. ဒီနွားစုတ်က တစ်ညလုံး ငါ့ကို သူနဲ့စကားပြောခိုင်းနေတာ..” ကျိုးချွမ် မျက်ရည်လည်ရွှဲဖြင့် ပြောလာသည်။

“ဘာဖြစ်လို့လဲ..” ချူဖုန်း မေးလိုက်သည်။

“ဘာကို ဘာဖြစ်လို့လဲလို့ လာမေးနေတာလဲ .. မင်း ဟိုနွားစုတ်ကို ဘာလုပ်လိုက်တာလဲ.. နွားစုတ်က..” ကျိုးချွမ် သူ၏မကျေနပ်ချက်များကို တရစပ် ပြောလာသည်။

နွားပေါက်လေးသည် သူအိပ်မရသည်နှင့် အခြားသူများကိုလည်း မအိပ်ခိုင်းတော့။ သူ မသိသည့်အကြောင်းအရာများ ပြောနေသော်လည်း ကျိုးချွမ် အတင်းမျက်လုံးပြူးကာ နားထောင်နေခဲ့ရသည်။

“အား .. လူငယ်လေး .. ငါ မင်းကို သတိပေးလိုက်မယ် .. နွားပေါက်လေးကို အနိုင်မကျင့်နဲ့..” ရုတ်တရက် နွားရိုင်းနက်ကြီး ရောက်လာကာ ကျိုးချွမ်လက်ထဲမှ ဖုန်းလုယူလိုက်ကာ အော်ဟစ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် သူလည်း တစ်ညလုံးအိပ်မရသေး။ နွားဝါသည် ရေပူမကြောက်သည့် ဝက်ကဲ့သို့ပင်။ သူသည် နွားရိုင်းနက်ကြီးအား ညလယ်၌ အတင်းနိုးပြီး နွားရိုင်းနက်ကြီး ရိုက်နှက်နေလျှင်ပင် အသံတိတ်မသွားပဲ ဆက်အော်နေခဲ့သည်။

“မဟုတ်ပါဘူး .. ကျွန်တော်က ဘယ်လိုလုပ် နွားပေါက်လေးကို အနိုင်ကျင့်ရဲမှာလဲ..” ချူဖုန်း ကသိကအောက် ရယ်လိုက်သည်။ “အခုဆိုရင် ကျွန်တော် အမဲသားတောင် မစားတော့ဘူး..” သူ ထပ်ပြောလိုက်သည်။

“ဘာ .. မင်း ဘာပြောလိုက်တယ် .. ပြန်ပြောလိုက်စမ်း..မူး..” နွားနက်ကြီးသည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လာလေသည်။

အသံမှာ ကျယ်လွန်းလှသောကြောင့် ချူဖုန်း သူ့ဖုန်းကို နားနားမှ ခွာထားလိုက်ရသည်။

“သားလေး .. ငါ မင်းကို သတိပေးလိုက်မယ် .. မင်း ငါ့ကောင်လေးကို နောက်ထပ် စိတ်ရှုပ်အောင်လုပ်ရင် ငါတို့နောက်တစ်ခေါက်တွေ့တဲ့အခါ မင်းဖင်ကို မစောင့်ကန်စေဖို့ ဆုတောင်းထားလိုက်..” နွားနက်ကြီး ခြိမ်းခြောက်လိုက်သည်။

ချူဖုန်း ဘာမှပြန်မပြော။ ဤအတိုင်းသာ နားထောင်နေလိုက်သည်။ ရွှမ်းထျန်မြို့သို့ရောက်သည်နှင့် အမဲသားပြုတ်၊ အမဲသားချဉ်စပ်၊ အမဲသားဟင်း၊ အမဲသားနှပ်.. စသည်ဖြင့် အမဲသားနှင့်ပတ်သတ်သမျှကို အားရပါးရစားသောက်ပစ်မည်ဟု သူ့စိတ်ထဲ ကြုံးဝါးလိုက်သည်။ သူ့ဗိုက်ပေါက်ကွဲသည်အထိ အမဲသားများ စားပစ်လိုက်မည်။

နောက်ဆုံး နွားဝါလေး ဖုန်းပြန်ယူသွားသည်။

“နွားဝါလေး ငါ မင်းကို တကယ် သတိရနေတာ .. မင်း ကောင်းကောင်းစားရဲ့လား .. ကောင်းကောင်းအိပ်ရဲ့လား.. ဘာ .. မင်း ဘာပြောလိုက်တာလဲ .. မူး ဟုတ်လား .. အဲဒါ ဘာပြောတာလဲ .. ငါ နားမလည်ဘူး..”

“မူး မူး မူး..” နွားဝါလေး ဒေါသထွက်လာသည်။ သူ ဖုန်းပြန်ယူလိုက်ခြင်းမှာ အစေ့နှင့်ပတ်သက်ပြီး သိချင်သောကြောင့်ပင်။ သို့သော် ချူဖုန်းကတော့ မသိချင်ယောင်ဆောင်နေဆဲ။

“ကောင်းပြီ ကောင်းပြီ .. မင်း ဘာပြောချင်နေတာလဲ ငါသိပြီ .. အဲဒီနွားနက်ကြီးနဲ့ဝေးတဲ့ တိတ်ဆိတ်တဲ့တစ်နေရာရှာလိုက် .. ငါ မင်းကို အားလုံး ပြောပြမယ်..” ချူဖုန်း တီးတိုးပြောလိုက်သည်။

သူ နွားဝါလေးကို မလန့်သွားစေချင်။

နောက်ဆုံး နွားဝါလေး တည်ငြိမ်သွားသည်။ ဖုန်းကို လက်မောင်းကြားထဲ ညှပ်လိုက်ပြီး နွားနက်ကြီး၏မျက်လုံးအောက်မှ ထွက်လာခဲ့လိုက်သည်။

မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးကို ပြောပြလိုက်ပြီးနောက် အစေ့ဖြူလေးကိုပင် ဓာတ်ပုံရိုက်ပြီး ပို့လိုက်သည်။

ဖုန်းတစ်ဖက်မှ နွားဝါလေးကတော့ အလွန်နာကျင်နေသလို ဒေါသလည်း ထွက်နေသည်။ သူ့နှာခေါင်းမှ အငွေ့များ ထွက်လာပြီး နားရွက်မှ မီးတောက်များ ထွက်လာလေသည်။ နွားဝါလေး ဘယ်လိုလုပ် စိတ်မတိုပဲ နေမည်နည်း.. သူ ရက်ပေါင်းနှစ်ဆယ်နီးပါး စောင့်ဆိုင်းခဲ့သော်လည်း အမြစ်တစ်မွေးမှပင် ထွက်မလာခဲ့။

သို့သော် သူ ထွက်သွားသည်နှင့် အမြစ်ထွက်လာသည့်အပြင် ပန်းပွင့်ပြီး အသီးပါသီးလိုက်သေးသည်။ ဤသည်မှာ တမင်သက်သက်လုပ်နေခြင်းမဟုတ်လျှင် ဘာဖြစ်မည်နည်း..

“မူး..”

နွားဝါလေးသည် နောက်ခြေကို ယက်လိုက်ကာ ကျောက်တောင်ကုန်းကို သူ့ခေါင်းနှင့် ပြေးဝင်ဆောင့်လိုက်သည်။ အပြစ်ကင်းသည့် သနားစရာကောင်းသည့်ကျောက်တောင်လေးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေသည်။

နွားပေါက်လေးမှာ ဤလောကတွင် နေရောင်မရှိတော့သလို ခံစားနေရသည်။ အားလုံးမှာ မှောင်မည်းအုံ့ဆိုင်းနေသည်။

ဤမျှဆန်းကြယ်သည့် အစေ့နှင့် လွဲချော်ခဲ့ရခြင်းမှာ လုံးဝခွင့်မလွှတ်နိုင်သည့် အမှားပင်။

သူ နောက်ထပ်ရက်နည်းနည်းလောက် စောင့်နေသင့်သည်။ မဟုတ်လျှင်လည်း ခွန်းလွန်တောင်သို့ အတူသွားမည့်အစီအစဉ်ကို လက်လွှတ်လိုက်သင့်သည်။

သူ့ဘဝတွင် ဘယ်တုန်းကမှ ဤမျှလောက် မနာကျင်ဖူး။ သူသည် ဝမ်းနည်းစွာပင် အော်ဟစ်ငိုကြွေးနေလေတော့သည်။

နောက်ဆုံးတွင် ငိုကြွေးနေသည့် နွားပေါက်လေးသည် သူ့ဝမ်းနည်းမှုကို အခြားဘာသာစကားတစ်ခုဖြင့် ဖော်ပြလာလေ၏။ “မူး မူး မူး .. အေား..”

“ဘာလဲ .. ဘာအသံကြီးလဲ .. နွားပေါက်လေးက သန္ဓေပြောင်းသွားတာလား ဒါမှမဟုတ် သူကတစ်ခြားမျိုးစိတ်တွေနဲ့ သွေးရောနေတာလား..” ကျိုးချွမ်သံသယဖြင့်မေးလိုက်သော်လည်း နွားနက်ကြီးသည် ပြန်ဖြေသည့်အနေဖြင့် သူ့ခေါင်းကိုသာ တစ်ချက်ခေါက်လိုက်သည်။

နောက်ဆုံးတွင် ချူဖုန်း နောက်ထပ်မက်ဆေ့ချ်တစ်စောင် ထပ်ပို့လိုက်သည်။

“နွားဝါလေး .. မင်း ခွန်းလွန်တောင်ရောက်ရင် ထူးဆန်းတဲ့မြေကြီးတွေ ရှာဖို့မမေ့နဲ့ .. အဖြူရောင်အစေ့ကို စိုက်ဖို့အတွက် သယ်လာခဲ့..”

မက်ဆေ့ချ်ကို ဖတ်ပြီးသည်နှင့် နွားဝါလေးသည် ပို၍ပင် နာကျင်စွာ ငိုကြွေးလာလေသည်။

“မူး .. အော.. အော.. အော..”

အဝေးမှ နွားနက်ကြီးသည် ခေါင်းမော့လိုက်ကာ “တကယ်ကြီးလား..”

ချူဖုန်းသည် ပျော်ရွှင်စွာ အော်ဟစ်ကာ မြောက်ဘက်ပိုင်းသို့ ဦးတည်သွားလိုက်လေသည်။ “ရွှမ်းထျန်ရေ .. ငါလာပြီ..”

အပိုင်း ၈၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset