ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၁ – အရိုင်းဆန်မှု
ချန်းဟိုင် သူ့ရင်ဘတ်ကို ငုံ့ကြည်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။ သူ့ရင်ဘတ်မှာ ထုတ်ချင်းပေါက်နေပြီး သွေးများ စီးကျနေသည်။ သူ မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ သူ အသက်ဆက်ရှင်နိုင်ရန် မျှော်လင့်ချက် မရှိတော့။
“မဟုတ်ဘူး..” သူ့ရင်ဘတ်မှ အပေါက်ကြီးကို လက်ဖြင့် ဖုံးဖိလိုက်သည်။ သူ အသက်ဆက်ရှင်ပြီး ဤခေတ်၏ဘုရင်နှင့်အုပ်စိုးသူ ဖြစ်ချင်သည်။ သူကဲ့သို့ နှစ်သုံးဆယ် လက်ဝှေ့လေ့ကျင့်ခဲ့သည့်သူမှ လွဲလျှင် မည်သူက ဤနေရာနှင့် သင့်တော်မည်နည်း..
ထူးဆန်းသည့်အသီးများ ဆက်တိုက်ပေါ်လာပြီး လောကကြီး ပြောင်းလဲလာသည့်အချိန်တွင်တော့ ချန်းဟိုင် သူ့လက်ဝှေ့ပညာကို ထိပ်ဆုံးထိရောက်အောင် အလွယ်တကူ လုပ်နိုင်သွားသည်။
ယခင်က ပြီးပြည့်စုံအောင်လုပ်ရန် ခက်ခဲသော်လည်း ယခုတော့ မတူတော့။ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အဆင့်မြင့်နိုင်သည်နှင့် ချက်ချင်း တိုးတက်လာမည်ပင်။
သူ သေရမည်ကို ကြောက်နေသည်။ သူ့နှုတ်ခမ်းများကို လှုပ်ရှားလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာ။ နောက်ဆုံးတွင်တော့ သူ မြေပြင်ပေါ်လဲကျသွားပြီး နောက်ဆုံးထွက်သက်ကိုရှိုက်ကာ သေဆုံးသွားခဲ့သည်။
ရွှေရောင်လင့်ကြောင်မြီးတိုနှင့် ကြံ့ဖြူနှစ်ကောင်လုံး ထိတ်လန့်သွားရသည်။ သူတို့သည် ချူဖုန်းကို စိုက်ကြည့်ကာ ဘာလုပ်ရမှန်းပင် မသိတော့။
ထိုသားရဲနှစ်ကောင်နောက်တွင် ရာချီသည့် သန္ဓေပြောင်းသားရဲများ ရှိနေသည်။ သူတို့သည်လည်း ဤလူသား၏ ကြောက်စရာကောင်းသည့် ရန်လိုမှုကို ခံစားမိနေကြသည်ပင်ဂ။
ချူဖုန်း တုတ်တုတ်မှမလှုပ်။ သူ့အတွက်တော့ နွားနတ်ဆိုးလက်ဝှေ့ပညာမှာ ထူးဆန်းသည့်ကိုယ်ခံပညာပင်။ သူ ဤပညာကို နားလည်လေလေ သူ့အတွက် ပိုအကျိုးရှိလေလေပင်။
နေ့တိုင်းသာ လေ့ကျင့်နေလျှင် သူ့တစ်ဘဝလုံးကို ဤလက်ဝှေ့ပညာ အကျိုးပြုနိုင်လိမ့်မည်ဟု နွားဝါလေး သူ့ကို ပြောဖူးသည်။
ထိုအချိန်တုန်းက ချူဖုန်း သံသယဝင်ခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် သူ လက်ဝှေ့ပညာကိုးခုလုံးကို ကျွမ်းကျင်နေပြီဖြစ်သောကြောင့် လေ့ကျင့်စရာ ဘာမှမရှိတော့ဟု ထင်ခဲ့သည်။
သို့သော် တစ်ပွဲတိုက်ပြီးသည့်နောက်တွင်တော့ နွားဝါလေး၏စကားများကို သူ နားလည်သွားလေပြီ။ နွားပေါက် သူ့ကို မလိမ်ညာခဲ့။ ဤလက်ဝှေ့ထိုးနည်းမှာ တကယ်ကို ပြိုင်ဘက်ကင်းပင်။
သူ့လက်သီးများကို စိတ်ကြိုက်ဝေ့ရမ်းတိုက်ခိုက်လိုက်သည့်အချိန်တွင် မတူညီသည့် ခံစားမှုကို ခံစားလိုက်ရသည်။
သူ့လက်သီးများသည် နွားနတ်ဆိုး၏ ဦးချိုကဲ့သို့ ထိုဒိုင်းကာကို ချိုးဖောက်ကာ ချန်းဟိုင်၏ခန္ဓာကိုယ်ကို ဖောက်ဝင်သွားနိုင်ခဲ့သည်ပင်။
ထိုအခိုက်အတန့်တွင် သူ့လက်သီးသည် ဓားများထက်ပင် ပိုထက်ရှိနေခဲ့သည်။ သူ့လက်သီးကို ရစ်ပတ်ထားသည့် အနွေးစီးကြောင်းလေးသည် ခုခံမှုအားလုံးကို အနိုင်ယူနိုင်သည်။
ချူဖုန်း ချန်းဟိုင် အလောင်းကို ရှာဖွေလိုက်သည့်အချိန်တွင် ဖုန်းတစ်လုံးနှင့် ဟောင်းနွမ်းနေသည့် စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့သည်။
“ပုံသဏ္ဍာန်နှင့် သွင်ပြင်၏ အနှစ်သာရ” သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ပုံသဏ္ဍာန်နှင့် သွင်ပြင်မှာ ချန်းဟိုင် လေ့ကျင့်သည့် လက်ဝှေ့ပုံစံပင်။ ဤသည်မှာ ရှေးရိုးစွဲလက်ဝှေ့ပုံစံတစ်မျိုးပင်။
ရှေးရိုးစွဲ လက်ဝှေ့ပညာမှာ လူသားများကြား လေ့ကျင့်သည့် လက်ဝှေ့ပုံစံဖြစ်သောကြောင့် ချူဖုန်း ဤပညာကို တန်ဖိုးထားသည်ပင်။
“ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက ဒီစာအုပ်မှာ အဲဒီပုံစံရဲ့ လျှို့ဝှက်ချက်တွေ မရေးထားဘူး..” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။
ပုံသဏ္ဍာန်နှင့် သွင်ပြင်၏ လက်သီးပုံစံတိုင်းကို အသေးစိတ်ရေးထားသော်လည်း ချန်းဟိုင်လေ့ကျင့်သည့် ၁၂ ခုမြောက် လက်ဝှေ့ပုံစံအတွက်တော့ မပါပေ။
ထိုပုံစံနှင့်ပတ်သက်ပြီး တစ်ခုတစ်လေပင် ရှင်းပြမထား။
သို့သော်လည်း နောက်ပိုင်း ကိုးကားရန်အတွက် ချူဖုန်း ထိုစာအုပ်ကို သိမ်းထားလိုက်သည်။
သူ နွားနတ်ဆိုးလက်ဝှေ့ပုံစံကို ကျွမ်းကျင်နေသောကြောင့် ပုံသဏ္ဍာန်နှင့် သွင်ပြင်၏ ၁၂ ခုမြောက်လက်သီးထိုးချက်များကို သိပ်တော့အလေးမထား။
လေထဲ၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေသည်။ ရာပေါင်းများစွာသော သားရဲများသည် ဆက်တိုက်အော်ဟစ်နေကြပြီး တိုက်ခိုက်ရန် တာဆူနေကြသည်။
ရွှေရောင်လင့်ကြောင်မြီးတိုနှင့် ကြံ့ဖြူတို့သည် တိရစ္ဆာန်အုပ်ကြီးနောက်တွင် ပုန်းနေပြီး သူတို့လက်အောက်ငယ်သားများကို အမိန့်ပေးနေလေသည်။
ချူဖုန်း ဘာကိုမှ မကြောက်။ သူ ညှိုးခြောက်နေသည့်နွယ်ပင်နားသို့ ပြန်လာခဲ့လိုက်သည်။ ဤအပင်တွင် သူ ယူရမည့် အရေးကြီးပစ္စည်းတစ်ခု ရှိနေသေးသည်။
နွယ်ပင်မှာ ရေဓာတ်ခန်းခြောက်နေပြီဖြစ်သည်။ သူ ထိလိုက်သည်နှင့် အမှုန့်ဖြစ်သွားကာ လေထဲ လွင့်ပြယ်သွားသည်။
ဤသည်မှာ မှော်အပင်ဖြစ်သောကြောင့် အချိန်တစ်ခဏသာမျှ ဖူးပွင့်ပြီးနောက် တိတ်ဆိတ်စွာပင် သေဆုံးသွားလေပြီ။
တစ်ချိန်က တောက်ပနေသည့် ငွေရောင်အမြစ်များလည်း အမှုန့်အဖြစ် ပြောင်းလဲသွားပြီး လေထဲ လွင့်သွားပြီဖြစ်သည်။
သူ ကျောက်သေတ္တာကို ကောက်ယူလိုက်သည့်အချိန်တွင် သေတ္တာထဲရှိ မြေကြီးအားလုံး အရောင်အဆင်းကင်းမဲ့သွားသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။ သူတို့သည် သာမန်မြေကြီးကဲ့သို့ ဖြစ်သွားကြလေပြီ။
ဤအပင် အမြစ်တွယ်ခဲ့သည့် မြေကြီးများပင် ခြောက်သွေ့သွားခဲ့သည်။
ချူဖုန်း လက်ထဲ၌ အဖြူရောင်အစေ့လေးရှိနေသည်။
တစ်နေ့ကျလျှင် ဤအစေ့ကို ထပ်စိုက်ပျိုးနိုင်ဖို့ မျှော်လင့်မိသည်။ သို့သော် စိုက်ပျိုးရန်အတွက် သူ ထူးဆန်းသည့်မြေကြီးများစွာ လိုအပ်လိမ့်မည်။
“ဖြူဖွေးတောက်ပနေပြီး အပြစ်အနာအဆာကို မရှိဘူး .. မင်းက ကိုးထပ်မြောက်ကောင်းကင်ဘုံက နတ်သမီးဖြစ်ဖို့ မျှော်လင့်မိတယ်..” ချူဖုန်းသည် သူ့ဘေးမှ သားရဲများကို လျစ်လျူရှုကာ သူ့ကိုယ်ပိုင်အတွေးထဲ ပျော်မွေ့နေလေသည်။
သူ အဖြူရောင်အစေ့လေးကို ကျောက်သေတ္တာထဲ ပြန်ထည့်ထားလိုက်သည်။
“ဟမ်..”
သူ့ဘေးပတ်လည်ကိုကြည့်လိုက်သည့်အချိန် သူ အံ့အားသင့်သွားရသည်။ သားရဲအရှင်နှစ်ကောင်သည် ဘေးပတ်လည်မှ သားရဲများကိုပါ လှမ်းခေါ်နေသည်ပင်။
သားရဲများ ငြိမ်နေသည်မှာ အံ့ဩစရာမရှိတော့။ သူတို့သည် သူ့ကိုအကောင်ရေအင်အားဖြင့် ဖြိုချလိုခြင်းပင်။
ချူဖုန်း စတင်လှုပ်ရှားလိုက်သည်။ သူ ဤအုပ်စုကြီးထဲမှ ထိုးထွက်ရန် လိုအပ်သည်။ သူ့လက်သီးများမှာ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်သည့် ဓားတစ်လက်ကဲ့သို့ အဆီးအတားအားလုံးကို ထိုးဖောက်သွားလေသည်။
ဘုန်း.. ဘုန်း.. ဘုန်း..
သူ့လက်သီးချက်များသည် သားရဲများတစ်ကောင်ပြီးတစ်ကောင်ကို ထိုးဖောက်သွားသည်။ မည်သည့်သားရဲမှ သူ့လမ်းကို မပိတ်နိုင်။
သို့သော် ဤသည်မှာ ပျားအုံကို တုတ်နှင့်ထိုးလိုက်သည်နှင့် တူသွားသည်။ သားရဲများ၏ သွေးများ လွင့်စင်လာသည်နှင့် ရာချီသည့်သားရဲများ ရူးသွပ်လာကြသည်။ သားရဲများမှာ အကြောက်တရားမရှိ။ ချူဖုန်းနှင့် နီးနေသည့် အကောင်များသည် ချူဖုန်းထံသို့ တရှိန်ထိုး ပြေးဝင်လာပြီး သူနှင့် ဝေးနေသည့် အကောင်များမှာ အော်ဟစ်ကြွေးကြော်နေကြသည်။
သားရဲအုပ်ကြီး ပိုကြီးလာသည်ကို မြင်သည်နှင့် ချူဖုန်းအနည်းငယ် ထိတ်လန့်လာသည်။ သားရဲများမှာ သေရမည်ကို မကြောက်။ ထို့ကြောင့် သူ မည်မျှပင် စွမ်းအားကြီးနေပါစေ သားရဲအုပ်တစ်အုပ်လုံးကို ထိန်းနိုင်မည်မဟုတ်။
တစ်ကောင်နှစ်ကောင်သတ်ပြီး သူတို့ကြောက်သွားအောင် လုပ်မည်ဟု သူ စဉ်းစားထားခြင်းပင်။ တစ်ကောင်သေသွားလျှင် ကျန်သည့်အကောင်များ တိုက်ရဲမည်မဟုတ်တော့။
သို့သော် ယခုတော့ ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဝှစ်..
ချူဖုန်း ခုန်လိုက်ပြီး သားရဲများကို ကျော်ဖြတ်ကာ အနောက်၌ ပုန်းနေသည့် သားရဲဘုရင်နှစ်ကောင်ထံသို့ သွားလိုက်သည်။
ကြံ့ဖြူမှာ အစေ့ဖြူလေးကို လိုချင်သောကြောင့် ရူးမတတ်ဖြစ်နေသော်လည်း ချူဖုန်းနှင့် တိုက်ခိုက်ရမည်ကို ကြောက်နေသည်။ သို့သော် ချူဖုန်း သူ့ဆီသို့ ရောက်လာပြီဖြစ်သောကြောင့် သူ့အသက်နှင့်ရင်းပြီး တိုက်ခိုက်ရတော့မည်။
ဝုန်း..
သားရဲကြီး ချူဖုန်းထံသို့ တရှိန်ထိုး ပြေးဝင်သွားသည်။ ကြံ့ဖြူကြီးသည် စွမ်းအားကြီးလှပြီး ဤနေရာတွင် သူ့လောက် အင်အားကြီးသည့်သူမရှိ။ သူသည် တောင်ကုန်းလေးတစ်လုံးကိုပင် အလွယ်တကူ တွန်းဖြိုနိုင်သည်။
ဤသားရဲသာ ထပ်ပြီး သန္ဓေပြောင်းသွားလျှင် သူ တောင်တန်းကြီးကိုပင် ဖြိုချပစ်နိုင်လိမ့်မည်။
ဝုန်း..
တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေသည့် အသံကျယ်ကြီး ထွက်ပေါ်လာကာ ကြံ့ဖြူမှာ နာကျင်နေသည့်ပုံပင်။ သူသည် မြင့်မြတ်သည့်တောင်တစ်လုံးနှင့် သွားတိုက်မိလိုက်သကဲ့သို့ သူ့ဦးချိုနှင့် ဦးခေါင်းမှာ နှစ်ခြမ်းကွဲမတတ် ဖြစ်နေသည်။
သို့သော် သူ့ရှေ့၌ ရှိနေသည်မှာ လူသားတစ်ဦး၏လက်သီးတစ်လုံးသာ။
ကြံ့ဖြူကြီး ထိတ်လန့်သွားကာ အခြားသားရဲများကို ခေါ်လိုက်သည်။
ချူဖုန်း စိတ်ရှုပ်သွားရသည်။ အနီးအနားမှ သားရဲများသည် ကြံ့ဖြူကို ဒိုင်းအဖြစ် ကာကွယ်ပေးလာကြလေသည်။
ရွှေရောင်လင့်ကြောင်မြီးတိုမှာ ပို၍ပင် ကြောက်ရွံ့နေသည်။ သူသည် သားရဲအုပ်ကြီးနောက်တွင်ပုန်းကာ ချူဖုန်းကို တိုက်ခိုက်ရန် အမိန့်ပေးနေလေသည်။
“အခြေအနေ သိပ်မကောင်းသေးဘူး..”
ချူဖုန်း မျက်နှာ မည်းမှောင်လာသည်။
“မင်းတို့က ငါ့ကို ဒီမှာနေစေချင်တာလား ဘာလား.. မင်းတို့ ငါ့လမ်းပိတ်နေရင် ငါမင်းတို့ကိုသတ်ပြီး ထွက်သွားရမှာပဲ..” ချူဖုန်း ခြိမ်းခြောက်လိုက်သည်။ သူ လျှပ်စီးတန်းကဲ့သို့ လှုပ်ရှားလိုက်သည်။ သူ့လက်သီးချက်တိုင်း သားရဲများ၏ သွေးများ လွင့်စင်လာသည်။ သူ ကြံ့ဖြူကို အရင်သတ်ရန် ဆုံးဖြတ်လိုက်သည်။
ကြံ့ဖြူကြီးသည် ကြောက်ရွံ့နေသော်လည်း သူ၏ခန္ဓာကိုယ်မှာ ကြီးမားလှသောကြောင့် သူ လွတ်လွတ်လပ်လပ် လှုပ်ရှား၍မရ။ နောက်ဆုံးတွင်တော့ ချူဖုန်း သူ့နား ရောက်လာလေပြီ။
ပြေးပုန်းစရာနေရာမရှိတော့သဖြင့် ကြံ့ဖြူကြီးသည် ရုတ်တရက် ရူးသွပ်လာကာ ချူဖုန်းထံသို့ လျင်မြန်စွာ ပြေးလာသည်။
ကြံ့ကြီးသည် ချန်းဟိုင်ထက် အားကြီးသော်လည်း အစွမ်းအစမရှိ။
သို့သော် သူ့အစွမ်းအစမရှိမှုကို ဖြည့်ဆည်းရန်အတွက် သူ့ထံ၌ လှည့်ကွက်အချို့ ရှိနေသည်ပင်။ ရှူးခနဲအသံမြည်ကာ သူ့ဦးချိုတောက်ပလာသည်။ ထို့နောက် သူ့ဦးချိုကို ဓားတစ်ချောင်းကဲ့သို့ ဝေ့ရမ်းကာ ချူဖုန်းဦးခေါင်းထံသို့ ဦးတည်သွားလိုက်သည်။
ချူဖုန်း ဘေးဘက်သို့ ခုန်ရှောင်လိုက်ပြီး ထိုဦးချို လေအား ဖြတ်သွားသည်ကို ကြည့်နေလိုက်သည်။
ကြံ့ကြီးသည် ချူဖုန်းကို မထိမိသော်လည်း သားရဲသုံးကောင်ကို ဆက်တိုက်နှစ်ပိုင်းပိုင်းပြစ်လိုက်လေသည်။
ကြံ့ကြီး၏ စွမ်းအားကို မြင်လိုက်သည်နှင့် သူ သတိလက်လွတ်နေ၍မရကြောင်း ချူဖုန်း သိလိုက်ရသည်။ နွားနတ်ဆိုးလက်ဝှေ့ပညာကို ထူးခြားသည့်အသက်ရှူစည်းချက်နှင့်အတူ အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။ ယခုတစ်ခေါက်တော့ သူ မရှောင်တော့။
ဝုန်း..
အလင်းများ ပေါက်ကွဲထွက်လာသည်။
ကြံ့ဖြူကြီး ထိတ်လန့်သွားရသည်။ ယခင်က သူ့အလင်းဓားသွားကို မြင်သည့်သားကောင်တိုင်း တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားကြသည်ပင်။ မည်သူမှ သူ့ကို ထိပ်တိုက်မရင်ဆိုင်ရဲခဲ့။
ဘုန်း .. ဘုန်း.. ဘုန်း..
ချူဖုန်း ကြံ့ဖြူကြီးကို သူ၏လက်သီးဖြင့် ဆက်တိုက်ထိုးနေသောကြောင့် ကြံ့ဖြူကြီးခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ထို့နောက် ကြံ့ဖြူကြီးသည် ဝုန်းကနဲ ပေါက်ကွဲကာ သေဆုံးသွားလေ၏။
ကြံ့ဖြူကြီးသေဆုံးမှုမှာ သားရဲအုပ်ကြီးကို ထိတ်လန့်သွားစေခဲ့သည်။
“မြောင်..” ရွှေရောင်လင့်ကြောင်မြီးတို အော်ဟစ်လိုက်ကာ အနီးအနားမှ သားရဲများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
“မင်းက အစေ့မရမချင်း အရှုံးမပေးဘူးပေါ့ ဟုတ်လား..” ချူဖုန်း ရွှေရောင်လင့်ကြောင်မြီးတိုကို စိုက်ကြည့်လိုက်သည်။
ရွှေရောင်လင့်ကြောင်မြီးတိုမှာ သတိကြီးလှသည်။ သူသည် မီတာတစ်ရာ အဝေးရှိ တောင်ထိပ်၌ ပုန်းနေလေ၏။
အနီးအနားမှ သားရဲအုပ်ကြီးသည် အော်ဟစ်ကာ သူ့ထံသို့ ပြေးလာကြလေသည်။ သူတို့လာရာလမ်းတစ်လျှောက်ရှိ သစ်ပင်များပင် ကျိုးပဲ့ပျက်စီးသွားကုန်ကြသည်။
ချူဖုန်း ထိတ်လန့်သွားရသည်။ ဤသားရဲအုပ်ကြီးထဲ၌ ပိတ်မိသွားပါက သူ သေချာပေါက် သေသွားလိမ့်မည်၊။ သူ မည်မျှစွမ်းအားကြီးနေပါစေ အနှေးနှင့်အမြန် သူ မောပန်းလာလိမ့်မည်ပင်။
ချူဖုန်းသည် ရုတ်တရက် သစ်ပင်ထိပ်သို့ တက်သွားလိုက်ပြီး ထိုသစ်ပင်ထိပ်ကို လေးကြိုးအဖြစ် အသုံးပြုကာ အခြားသစ်ပင်ထိပ်သို့ ခုန်ကူးသွားလိုက်သည်။
သူ တစ်ချက်ခုန်လိုက်သည်နှင့် မီတာရာပေါင်းများစွာ ရောက်သွားနိုင်သည်ပင်။
ရွှေရောင်လင့်ကြောင်မြီးတိုသည် အမွေးများ ထောင်ထလာကာ ပြိုင်ဘက်ကင်းသည့်အရှိန်ဖြင့် စတင်ထွက်ပြေးလေတော့သည်။
အမြန်နှုန်းတွင် မည်သည့်သားရဲမှ သူ့ကို မယှဉ်နိုင်။
သို့သော် ခဏကြာပြီးနောက် ကြောင်ကြီး လုံးဝထိတ်လန့်သွားရသည်။ သူ့နောက်မှ လူသည် သူ့နားသို့ လျင်မြန်စွာပင် ရောက်ရှိလာသည်။. ခဏကြာလျှင် သူ့ကို ဖမ်းမိတော့မည်။
ဝှစ်..
ချူဖုန်း သူ့လက်ကို ဝေ့ရမ်းလိုက်ပြီး အနက်ရောင်ဓားမြောင်ကို ပစ်လွှတ်လိုက်သည်။
ဖူး..
မီတာတစ်ရာ၌ ရှိနေသည့် ကြောင်မှ သွေးများ လွင့်စင်လာပြီး သွေးပျက်သည့်အော်သံ ထွက်ပေါ်လာသည်။ ကြောင်၏မျက်လုံးနှစ်ဖက်လုံး နီရဲနေပြီး ချူဖုန်းကို ရက်စက်စွာ ကြည့်နေလေသည်။
ဓားမြောင်သည် သူ့အမြှီးကို ထိသွားကာ သူ့အမြှီး ပြုတ်ကျသွားသည်ပင်။
မြောင်..
သူ ဒေါသတကြီး အော်ဟစ်လိုက်သည်နှင့် သားရဲအားလုံး ချူဖုန်းထံသို့ ပြေးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်လင့်ကြောင်မြီးတိုသည် မတ်စောက်သည့် ချောက်ကမ်းပါးတစ်ခု ပေါ်သို့ခုန်တက်သွားလေသည်။ ကြောင်ကြီးသည် တစ်ခုခုပေါ် တွယ်ကုပ်တက်ရန် ကျွမ်းကျင်ကြသောကြောင့် မည်မျှပင် မတ်စောက်နေပါစေ သူတို့သည် မြေပြင်၌ သွားလာနေသကဲ့သို့သွားနိုင်ကြသည်။
“မင်းက ဘယ်သွားချင်နေတာလဲ…”
ချူဖုန်း တောင်ထိပ်သို့ ပြေးတက်သွားပြီးနောက် နွယ်ပင်ကိုဆုတ်ကိုင်ကာ သူ့ပစ်မှတ်ထံသို့ ဦးတည်သွားလိုက်သည်။
“မြောင်..”
သူ ဘယ်လိုပြေးပြေး ဤလူ့လက်မှ မလွတ်နိုင်ဖြစ်နေသောကြောင့် ရွှေရောင်လင့်ကြောင်မြီးတို ဒေါသတကြီး အော်ဟစ်လိုက်သည်။
နောက်ဆုံး သူ မပြေးနိုင်တော့သည့်အချိန်တွင် ကြောင်ကြီး ရပ်တန့်လိုက်သည်။ သူ၏ ရွှေရောင်အမွေးများ ပို၍တောက်ပလာပြီး သူသည် ချူဖုန်းကို စတင်ပတ်ပြေးလာသည်။ သူပြေးသည့်အရှိန်မှာ အလွန်လျင်မြန်လှသောကြောင့် အရိပ်များသာ မြင်နေရသည်။
ကြောင်နှင့် လက်ဝှေ့သမားတစ်ဦးကြားမှ တိုက်ခိုက်မှုမှာ ကြံ့ဖြူနှင့် တိုက်ခိုက်သည်ထက် ပိုကြောက်စရာကောင်းနေသည်။
ကြောင်လက်သည်းသည် ကျောက်တုံးကို ကုတ်ခြစ်မိသည်နှင့် ထိုကျောက်တုံးသည် တိုဖူးကဲ့သို့ပင် ကြေမွသွားသည်။
ကြောင်ကြီးသည် စွမ်းအားကြီးသော်လည်း ချူဖုန်းရှေ့တွင် အသုံးမဝင်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည်နှင့် ကြောင်ကြီးသည် ခေါင်းကို အထိုးခံလိုက်ရသည်။ သနားစရာကောင်းသည် ကြောင်လေးသည် လေထဲ၌ အနည်းငယ် ကျွမ်းပစ်ပြီးနောက် မြေကြီးနှင့် ရိုက်မိသွားသည်။ မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် သူ ထပ်မထနိုင်တော့။
ချူဖုန်းသည် သွေးအေးစွာဖြင့်ပင် လှည့်ထွက်လာလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်အန္တရာယ်များ ရောက်လာတော့မည်ကို သူ ခံစားနေရသည်။
ပတ်ဝန်းကျင်မှာ ရုတ်တရက်ပင် မူမမှန်ဖြစ်လာသည်။ တောရိုင်းကောင်အားလုံး ရူးသွပ်လာသည်။ ကောင်းကင်ထက်တွင်လည်း ကြီးမားလှသည့်ငှက်များ ထပ်မံရောက်ရှိျလာသည်။
ချူဖုန်း အရှိန်အမြင့်ဆုံးတင်ကာ အဝေးသို့ အမြန်ပြေးသွားလိုက်သည်။
တောင်များ တုန်ခါလာကာ အရာအားလုံး ကြောက်မက်ဖွယ်ကောင်းလာပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာကာ တောအုပ်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
သူ မိုင်ပေါင်းများစွာ ပြေးပြီးသွားပြီဖြစ်သော်လည်း ချူဖုန်း ထိတ်လန့်နေဆဲပင်။ သူပုခုံးကျော်ကြည့်လိုက်ပြီးနောက် “အား…” သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုနေရာတွင် တောင်တစ်လုံးအမြင့်ရှိသည့် တောရိုင်းကောင်တစ်ကောင်ရှိနေသည်။ ထိုအကောင်သည် ကိုယ်လုံးတီးဖြစ်နေပြီး သူ့ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းများ တောက်ပနေသည်။
“ဒါက ဘာကြီးလဲ..”
သားရဲကြီးတွင် ရွှေရောင်အကြေးခွံများ ရှိနေသည်။ သားရဲကြီးသည် မြူထဲမှ ထွက်လာပြီး စပြေးလာသည်။
“ချီး သေပြီ..”
ချူဖုန်းသည် ကြောက်လန့်နေသည့် သမင်တစ်ကောင်ကဲ့သို့ ပြေးထွက်လာသည်။ သူ ဤသားရဲကောင်ကြီးနှင့် မတိုက်ချင်။
နောက်ဆုံးတွင်တော့ သူ ရှေးတောင်များထဲမှ ထွက်လာနိုင်လေပြီ။
“ဒါက အပြိုင်စကြာဝဠာက သားရဲကြီး ဖြစ်လိမ့်မယ်..” သူ ထွက်ပေါ်၌ အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း သားရဲကြီးကို မမြင်ရ။
ချူဖုန်း အဝေးသို့ လျှောက်လာလိုက်သည်။ လမ်းတစ်လျှောက် သူ ချန်းဟိုင် ဖုန်းကို ထုတ်ကြည့်လိုက်သည့်အချိန်တွင် မူမျိုးရိုးရှိသည့်လူတစ်ဦးနှင့် ရှုဝမ်ရိဟုခေါ်သည့် အမျိုးသမီးနာမည်ကို တွေ့လိုက်ရသည်။
“ဟမ့်..” ချူဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဖုန်းကို ကျစ်ကျစ်ဆုတ်လိုက်သည်။ ဖုန်းသည် အမှုန့်ဖြစ်သွားကာ လေထဲ လွင့်မျောသွားလေတော့သည်။
သူ အနားယူရန် တိတ်ဆိတ်အေးချမ်းသည့်နေရာတစ်နေရာ ရှာလိုက်သည်။
သို့သော် သူ အိပ်မပျော်ခင်တွင် သူ့မျက်နှာထက်၌ အပြုံးကြီး ပေါ်လာကာ နွားဝါလေးကို ဖုန်းခေါ်လိုက်လေသည်။
ညသန်းခေါင်ကျော်နေပြီဖြစ်သောကြောင့် နွားဝါလေး အိပ်ပျော်နေလေပြီ။ ချူဖုန်း ဖုန်းသံကြောင့် သူ လန့်နိုးသွားလေ၏။ နွားဝါလေးသည် ဖုန်းမကိုင်ပဲ ချပစ်လိုက်လေသည်။
ချူဖုန်း နောက်တစ်ခေါက် ထပ်ခေါ်လိုက်သည်။
နွားဝါလေး ဒေါသထွက်သွားကာ ဖုန်းကို ချလိုက်သည်။ “ဆူညံနေတာပဲ..” နွားဝါလေး စာပို့လာသည်။
ချူဖုန်း မျက်နှာထက်တွင် အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ခဏခန့် စဉ်းစားပြီးနောက် “အမြစ်ပေါက်ပြီး အပင်ပေါက်လာပြီ..” ချူဖုန်း စာပြန်လိုက်သည်။
‘ပန်းပွင့်သည်’ဟု သူ မပြောတော့။ အဘယ်ကြောင့်ဆိုသော် နွားဝါလေး သူ့ကို ယုံမည်မဟုတ်ကြောင်း သူသိသည်။ နွားဝါသာ သူ့ကိုမယုံလျှင် သူ နွားဝါလေးကို ဆွေ့ဆွေ့ခုန်အောင် လုပ်နိုင်မည်မဟုတ်။
ထို့နောက် ချူဖုန်း အိပ်စက်လိုက်တော့သည်။
မိုင်ပေါင်း ထောင်ပေါင်းများစွာ အဝေး၌ ရှိနေသည့် နွားဝါလေးသည် စာကို မြင်သည်နှင့် အိပ်ချင်စိတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။ သူသည် အိပ်ရာထက်မှ ခုန်ထွက်လိုက်ပြီး သူ့ရှေ့ခြေထောက်များဖြင့် ဖုန်းကို ပြင်းထန်စွာ ဖိနှိပ်နေတော့သည်။ နွားဝါလေး ချူဖုန်းကို ဖုန်းပြန်ခေါ်နေခြင်းပင်။
သို့သော် ချူဖုန်း ဖုန်းမကိုင်။
ဆက်တိုက်ခေါ်ရသည့်သူမှာ သူဖြစ်သွားလေပြီ။ သို့သော် နောက်ဆုံးတွင်တော့ ချူဖုန်း စက်ပိတ်သွားလေသည်။
နွားဝါလေး ရူးမတတ် ဖြစ်သွားသည်။ သူ တစ်ခါမှ ယခုလောက် ဆဲဆိုချင်စိတ် မဖြစ်ဖူး။ သို့သော် သူသည် တမူးမူး အော်ဟစ်ပြီး တစ်အိမ်လုံးမှ လူများ လန့်နိုးသွားအောင် လုပ်လိုက်လေသည်။
ဤသည်မှာ လူတစ်ယောက်နှင့် နွားတစ်ကောင်ကြားရှိ တိုက်ပွဲများစွာထဲမှ တစ်ခုသာ။ ယခုတစ်ပွဲတော့ ချူဖုန်း အသာစီးရသွားလေပြီ။
နွားဝါ အိပ်မပျော်တော့။ သူသည် ချက်ချင်းပင် နောက်လှည့်ပြန်ချင်စိတ် ဖြစ်သွားသည်။
သူ ထွက်လာသည်နှင့် အစေ့အညှောင့်ပေါက်လာသည်ကို သိလိုက်ရသည့်အချိန် နွားဝါလေး တစ်ဖြည်းဖြည်း ဒေါသထွက်လာသည်။ သို့သော် သူ အံကြိတ်ရုံမှလွဲ၍ မတတ်နိုင်။
နောက်ဆုံးတွင်တော့ နွားပေါက်လေး ကျိုးချွမ်ကိုလည်း သွားနှိုးလိုက်သည်။ ဘာမှန်းမသိသည့် ကျိုးချွမ်မှာ အူကြောင်ကြောင့်ဖြင့်ပင် နှိုးလာသည်။ နောက်ဆုံးတွင်တော့ နွားဝါလေးသည် သူ့ကိုလည်း အိပ်မရအောင် လုပ်နေခြင်းဖြစ်ကြောင်း သူ နားလည်သွားရသည်။
အဆုံးတွင် ကျိုးချွမ် မခံနိုင်တော့ပဲ နွားနက်ကြီးအခန်းထဲသို့ သွားပုန်းနေလိုက်တော့သည်။
နွားပေါက်လည်း နွားနက်ကြီး အခန်းထဲသို့ ဝင်လာပြီး အော်ဟစ်နေလေသည်။
“ဟေ့ကောင် .. မင်း ထပ်အရိုက်ခံချင်နေတာလား .. မင်းမအိပ်ချင်ရင်လည်း ငါ့အခန်းထဲ လာပြီး ဆူညံမနေနဲ့..” နွားနက်ကြီး ဒေါသတကြီး ပြောလိုက်သည်။
“မူး မူး မူး..” နွားဝါသည် နွားနက်ကြီးစကားကို အရေးမလုပ်ပဲ ဆက်တိုက် အော်ဟစ်နေလေသည်။
“အား .. မင်းက ငါ့ကို အဖက်မလုပ်တာလား .. ထွက်သွားလိုက်စမ်း .. ငါပြောတာကြားလား..”
“မူး မူး မူး..”
အပိုင်း ၈၁ ပြီး၏။