Switch Mode

Chapter – 80

ပြိုင်ဘက်ကင်း လက်ဝှေ့ပုံစံ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၈၀ – ပြိုင်ဘက်ကင်း လက်ဝှေ့ပုံစံ

တောက်ပသည့် လမင်းကြီး ကောင်းကင်ထက်၌ ချိတ်ဆွဲထားပြီး ငွေရောင်အလင်းတန်းများ ဖြန့်ကျက်ပေးနေသည်။

တောအုပ်ကြီးမှာ မှောင်မဲမနေပဲ မြူနှင်းကဲ့သို့ ဖြူဖွေးကာ လင်းထိန်နေသည်။

သို့‌သော် လေထုထဲရှိ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ပြင်းထန်လွန်းလှသည်။

ဤဘေးပတ်ပတ်လည်ကို သားရဲအကောင်ရာချီ ဝန်းရံထားသည်ပင်။

ချန်းဟိုင်သည် သားရဲကောင်များဘေးမှ ဖြတ်သွားကာ ချူဖုန်းထံသို့ ချဉ်းကပ်လာသည်။ သားရဲများဖြတ်သွားသောကြောင့် မြေပြင်ကြီး တုန်ခါသွားကာ သစ်ပင်များမှ သစ်ရွက်များလည်း ကြွေကျလာသည်။

ချူဖုန်းမှာ တည်ငြိမ်နေဆဲပင်။ သူ တိုက်ခိုက်ရန် အဆင်သင့် လုပ်ထားသည်။

“မင်းကောင်းကောင်းနေ .. အစေ့တွေက အခုထိ မမှည့်သေးဘူး..” ချန်းဟိုင် ထူးမခြားနားစွာ ပြောလိုက်သည်။ ထို့နောက် ဘေးဘက်လှည့်ကာ သူနှင့်အနီးဆုံးဖြစ်နေသည့် သန္ဓေပြောင်းသားရဲသုံးကောင်ကို ရင်ဆိုင်လိုက်သည်။

သူ သားရဲကောင်များအားခြိမ်းခြောက်လိုက်ခြင်းပင်။

သို့သော် သားရဲကောင်များလည်း အားနည်းသည့်အကောင်များမဟုတ်။ သူတို့သည် သက်ဆိုင်ရာနယ်မြေ၏ အရှင်သခင်များပင်ဖြစ်သည်။

ဂါး…

ကြံ့ဖြူတစ်ကောင် အော်ဟစ်လိုက်သည်။ သူ၏ဦးချိုကို ချန်းဟိုင်ထံသို့ ချိန်ရွယ်ထားကာ တရှိန်ထိုး ပြေးလာလေ၏။

ကြံ့ဘေးတွင် လင့်ကြောင်မြီးတိုတစ်ကောင်ရှိနေသည်။ ရွှေရောင်ကြောင်လေးသည် တစ်မီတာခန့်သာ ရှိသော်လည်း သူ့မျက်နှာထက်ရှိ သတ်ဖြတ်လိုသည့်အကြည့်မှာ ကြောက်စရာကောင်းလှသည်။

ဝံပုလွေခွေးတစ်ကောင်လည်း ရှိသည်။ ဤခွေးသည် ငါးမီတာကျော်ရှည်လျားပြီး သူ့အစွယ်များမှာ ကြောက်စရာကောင်းလှသည်။ သူ့မျက်လုံးမှ ရက်စက်မှုများကို ဖော်ပြနေပြီး သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူများ ထုတ်လွှတ်နေသည်။

သန္ဓေပြောင်းသားရဲ သုံးကောင်လုံးမှာ ချန်းဟိုင်ထက် အားမနည်း။ သူတို့ ထိုဝတ်မှုန်များကို မရလိုက်သောကြောင့် သူတို့အားလုံး စိတ်ပျက်ဒေါသထွက်နေကြသည်။

ခဏကြာပြီးနောက် သူတို့ စိတ်ငြိမ်သွားအောင် လုပ်လိုက်လေ၏။ သူတို့လည်း ထိုအစေ့ကို ရင့်မှည့်လာစေချင်သည်။

“အရမ်းကောင်းတယ်..” သူ မြင်လိုက်ရသည့် မြင်ကွင်းကို ချန်းဟိုင် ကျေနပ်သွားရသည်။

သူသည် လက်နောက်ပစ်ထားကာ အစေ့ ရင့်မှည့်လာမည့်အချိန်ကို ရပ်စောင့်နေလိုက်သည်။

ညအမှောင်ထုတွင် တောအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရာချီသည့်သားရဲများ အော်ဟစ်ခြင်းမရှိတော့။ သူတို့ အရှင်သခင် ရောက်လာကြပြီဖြစ်သောကြောင့် မည်သည့်သားရဲမှ မလှုပ်ရဲ။ သားရဲအားလုံးသည် သူတို့နေရာ သူတို့ သိကြသောကြောင့် ကောင်းမွန်စွာ ပြုမူနေကြသည်။

ရှင်သန်ကြီးထွားရန်လိုအပ်သည့် ပစ္စည်းတစ်ခု နွယ်ပင်မှ စိမ့်ထွက်လာသည်ကို သူတို့မြင်နေကြရသည်။ ထိုအရာသည် အပေါ်ဘက်သို့ စီးဆင်းသွားကာ ထိုအစေ့ထဲသို့ စိမ့်ဝင်သွားသည်။

ငွေရောင်အမြစ်မွေးများလည်း ထို့အတူပင်။

ချူဖုန်း စကားတစ်ခွန်းမှ မပြော။ ချန်းဟိုင်နှင့် သားရဲများ ရပ်နေသည်ကို သူ ပျော်နေရသည်။

သူ့ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ အနွေးစီးကြောင်းတစ်ခု သူ့အသွေးအသားနှင့် အရိုးများကို ဖြတ်တိုက်သွားနေသည်။ ဤသည်မှာ ပြောမပြနိုင်လောက်သည့် ခံစားချက်မျိုးပင်။

သူ့အရေပြားမှ ထူးဆန်းသည့်အရာများ ထွက်လာသည်။ ဤအရာများမှာ စေးကပ်နံစော်နေသောကြောင့် ချွေးထွက်နေသကဲ့သို့ပင်။

ချူဖုန်းမှာ သန့်ရှင်းစင်ကြယ်သွားသကဲ့သို့ ခံစားနေရသည်။

ယခုအချိန်တွင် သူ့၏အသွေးအသားနှင့် သွေးများ ကြည်လင်တောက်ပနေသည်။ သူ့နှလုံးသည် ဧရာမဗုံကြီးအား ထုနှက်နေသကဲ့သို့ တုန်ခါနေပြီး သွေးများသည်လည်း လှိုင်းများရိုက်ခတ်နေသကဲ့သို့ သွေးကြောများထဲ စီးဝင်သွားသည်။

ဤသည်မှာ သန့်စင်ခြင်းအစသာဖြစ်သေးကြောင်း သူသိသည်။

သူ့ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

သူ့အရေပြားပေါ်မှ စေးကပ်နေသည့်အရာများကို ဖယ်ရှားလိုက်လျှင် သူ့အရေပြားများ ပိုတောက်ပလာလိမ့်မည်ဟု သူ ခံစားနေရသည်။

နောက်ဆုံးတွင် သူ့ခန္ဓာကိုယ် တစ်ဖြည်းဖြည်းတည်ငြိမ်လာသည်။ ဝတ်မှုန်၏စွမ်းအား အားလုံးကို စုတ်ယူလိုက်နိုင်ပြီဖြစ်သောကြောင့် သူ စိတ်အေးသွားရသည်။

ဖုန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာကာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ အသံမှာ ချန်းဟိုင်ဖုန်းမှအသံပင်။ ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေပြီး အရှင်သခင်များ၏ အကြည့်များမှာ ပို၍ခက်ထန်လာသည်။

ချန်းဟိုင် တစ်ခဏခန့် တွေဝေနေပြီးနောက် ဖုန်းပြန်ဖြေလိုက်သည်။

“မင်း သူ့ကို တွေ့ပြီလား..” မူမိသားစုမှ မေးလာသည်။ သူတို့သည် ချူဖုန်းနှင့်ပတ်သက်သည့်ကိစ္စအား အလွန်အလေးထားနေကြသည်ပင်။

သူတို့သည် ချန်းဟိုင်အား အလွန်တန်ဖိုးထားသောကြောင့် ပုံမှန်အားဖြင့် သူတို့သည် ချန်းဟိုင်ကို ဖုန်းခေါ်ကာ မနှောက်ယှက်ကြ။ ထိုအမျိုးသမီးကိုသာ ဆက်သွယ်ကြသည်။ သို့သော် ယခု သူမကို ဆက်သွယ်၍မရဖြစ်နေကြသည်။

“မတွေ့သေးဘူး..” ချန်းဟိုင် ပြန်ဖြေလိုက်သည်။

မကြာခင် ချူဖုန်းထံမှ ကံကောင်းမှုကြီး ရတော့မည်ဖြစ်သောကြောင့် ချန်းဟိုင် ငြင်းလိုက်မည်ပင်။ သူ မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြောပြမည်မဟုတ်။

လျှို့ဝှက်ချက်ကို ထိန်းထားရန်အတွက် သူ့လူကိုပင် သူပြန်သတ်ခဲ့သေးသည်။

“ချူဖုန်းနဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းတာရှိလား..” မူ မိသားစု မေးခွန်းထုတ်လိုက်သည်။

“မရှိလောက်ပါဘူး .. ကျွန်တော်ထင်တာတော့ ခုန်းဂင်နဲ့ပတ်သက်ပြီး ထူးဆန်းတာ ရှိလိမ့်မယ်ထင်တယ်” ချန်းဟိုင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူ ဂရုစိုက်လေလေ ပို၍ ဖုံးကွယ်ချင်လေလေပင်။

အမျိုးသမီးနှင့် အခြားအမျိုးသားတစ်ဦး မည်သည့်နေရာ၌ ရှိနေသလဲဟု မူမိသားစု မေးလာသည်။ သူတို့နှစ်ဦးသည် ခုန်းဂင်နောက်သို့ လိုက်နေကြခြင်းဖြစ်ပြီး သူလည်း ထိုနေရာသို့သွားနေခြင်းဖြစ်ကြောင်း လိမ်ညာပြောလိုက်သည်။

“နွားနတ်ဘုရားနဲ့ခုန်းဂင်ကြားမှာ တကယ် ဆက်စပ်မှု ရှိနေတာလား..” မူမိသားစု အေးစက်စွာ မေးလိုက်သည်။

“ကျွန်တော် အဲဒီကို ရောက်မှ သိရမှာပဲ..” ချန်းဟိုင် ပြောလိုက်သည်။

လိုင်းမကောင်းသောကြောင့် သူတို့ဖုန်းခေါ်ဆိုမှုမှာ ခဏခဏပြတ်တောက်နေသည်။

“ကျွန်တော် တောင်ထဲမှာ သူတို့သဲလွန်စကို တွေ့နေပြီ .. ဖုန်းချလိုက်တော့မယ်” ချန်းဟိုင် မြန်မြန်ဖုန်းချလိုက်သည်။

ချူဖုန်း၏အကြားအာရုံမှာ အလွန်စူးရှနေသည်။ သူတို့အတော်လေး ဝေးနေသော်လည်း သူတို့ပြောသည့်စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။

သူပြုံးလိုက်၏။ သူ့မျက်နှာထက်တွင် ပျော်ရွှင်သည့်အပြုံးများ ဖြစ်ပေါ်လာသည်။

ချန်းဟိုင် ဖုံးကွယ်ရန် ကြိုးစားနေခြင်းမှာ သူ့ကို တကယ် အထောက်အကူပြုသည်ပင်။

သို့သော် ခုန်းဂင်အတွက် သူ အနည်းငယ် ဝမ်းနည်းမိသည်။ အဘယ်ကြောင့်ဆိုသော် ခုန်းဂင်သည် ယခုလည်း သူ့အစား ခေါင်းခံရဦးမည်။

“မင်း ဘာလို့ရယ်နေတာလဲ .. မင်းက သေလူတစ်ယောက်ပဲ မင်းသိလား..” ချန်းဟိုင် ချူဖုန်းကို ကြည့်လိုက်သည်။ သူ လုံးဝကို စိုးရိမ်မနေ။

“ကျေးဇူးပဲ ညီအစ်ကို .. မင်းက တကယ်ကို လူကောင်းတစ်ယောက်ပဲ .. မင်းက ငါ့ကိုကူပြီး ပြဿနာတွေ ရှင်းပေးလိုက်တာပဲ..” ချူဖုန်း ပြုံးလိုက်သည်။

“ဘယ်သူ့ကို ကူညီတာလဲ .. မင်းလား .. ဟား ဟား..” ချူဖုန်း ဘာကိုဆိုလိုသည်ကို သူ သိသည်ပင်။ သို့သော် အပြင်ပန်း၌ သူ ဟိတ်ဟန်တကြီး နေနေဆဲပင်။

ဝှီး..

ရုတ်တရက် ငွေရောင်နွယ်ပင်သည် လုံးဝကျုံ့သွားကာ သစ်ပင်ထိပ်မှ အစေ့လည်း ချက်ချင်း ကြွေကျလာသည်။ ထိုအစေ့သည် လရောင်အောက်မှာပင် တောက်ပနေသည်။

ဝှစ်…

ဝံပုလွေခွေး လှုပ်ရှားလာသည်။ ဤသားရဲသည် အနီးအနားရှိ နယ်မြေ၏အရှင်သခင်ပင်။ သူသည် လျှပ်စီးတစ်စင်းကဲ့သို့ တရှိန်ထိုးပြေးသွားကာ အစေ့ကို မြိုချရန် ပြင်လိုက်သည်။

သို့သော် ချူဖုန်းမှာ ပို၍လျင်မြန်သည်။ သူသည် အပင်နား ရပ်နေခြင်းဖြစ်သောကြောင့် အပင်ထက်မှ ကြွေကျလာသည်နှင့် သူ ချက်ချင်း ဖမ်းယူလိုက်သည်။ ဤအစေ့မှာ သူ့အတွက် အလွန်အရေးကြီးလှသောကြောင့် သူ ဘာကိုမှ အမှားမခံနိုင်။

ဝုန်း..

တစ်ချိန်တည်းလိုပင် ချန်းဟိုင်လည်း လှုပ်ရှားလာသည်။ သူသည် အစေ့ကို လုမယူ။ သူ့ဘေးနားမှ သားရဲသုံးကောင်ကို အရင်ရှင်းပစ်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေလိုက်သည်။ ယခု သူ ဝံပုလွေခွေးနောက် လိုက်သွားရန် အချိန်ကောင်းပင်။

သူ၏လက်သီးတွင် စွမ်းအားနှင့် ခွန်အားများ ပြည့်နှက်နေသည်။ သူ လက်သီးကို လွှဲရမ်းလိုက်သည်နှင့် အနီးအနားမှ သစ်ပင်များအားလုံး နှစ်ခြမ်းကွဲသွားသည်။ သူ၏လက်ဝှေ့ထိုးနည်းမှာ စွမ်းအားကြီးမားလှသည်။

ဝံပုလွေခွေး၏ တုံ့ပြန်မှုများမှာ လျင်မြန်လှသည်။ သူ ထိုလက်သီးချက်ကို ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီးနောက် စာရွက်ကဲ့သို့ အသွင်သဏ္ဌာန်ရှိသည့် အနက်ရောင်အလင်းတန်းတစ်စင်းကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် စကြာတစ်ခုကဲ့သို့ ချန်းဟိုင်ထံသို့ ဦးတည်သွားလေ၏။

သို့သော် တန်ပြန်တိုက်ခိုက်မှုများအတွက် ချန်းဟိုင် အသင့်ပြင်ထားပြီးသားပင်။ သူ့ဒိုင်းကာဖြင့် ထိုအလင်းတန်းကို ကာဆီးလိုက်ပြီး ညာလက်သီးကို ဝံပုလွေခွေးထံသို့ ချိန်ရွယ်ထားလိုက်သည်။

ဝုန်း..

သတ္တုဒိုင်းကာသည် အလင်းတန်းကို ကာကွယ်လိုက်ပြီး အကောင်းပကတိအတိုင်း ရှိနေဆဲပင်။

ချန်းဟိုင်သည် ဝှီးကနဲ လေပေါ်သို့ ခုန်တက်လိုက်သည်။ သူသည် ဝံပုလွေခွေးနှင့် ဆံချည်တစ်မျှင်စာမျှသာ ဝေးတော့သည်။ ယခုတစ်ခေါက်တော့ သူ့ညာလက်သီးသည် သားရဲကြီး၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ထိုသားရဲကြီး လေထဲသို့ မြှောက်တက်သွားလေသည်။

ဖူး..

သားရဲကြီးပါးစပ်မှ သွေးများပန်းထွက်လာကာ ‌ဒေါသတကြီး အော်ဟစ်လာလေ၏။ သူ၏နံရိုးအားလုံး ကျိုးသွားပြီး သူ့ခန္ဓာကိုယ်ပင် နှစ်ခြမ်းကွဲမတတ် ဖြစ်သွားသည်ပင်။ ဝံပုလွေခွေးကြီးသည် သူ၏အရှုံးကို ဝန်မခံချင်သော်လည်း နောက်ဆုံးတွင် သွေးအိုင်ထဲ လဲကျသွားကာ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။

ချန်းဟိုင်မှာ ရက်စက်သည့် နတ်ဆိုးတစ်ကောင်ပင်။

သူတို့အဖော် သေဆုံးသွားသည်ကို မြင်သည်နှင့် အခြားအရှင်သခင်နှစ်ကောင်မှ ထိတ်လန့်သွားကြရသည်။

ချန်းဟိုင်ကတော့ ပို၍ စိတ်အေးသွားလေပြီ။ ယခု သူ သတ်ရန် နှစ်ကောင်သာ ကျန်တော့သည်။ သူ ဤအကောင်များကို အေးဆေးသတ်ပစ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

ယခုအချိန်တွင် သူ့အတွက် အားလုံး အဆင်ပြေနေပြီဖြစ်သောကြောင့် သူ ပျော်ရွှင်နေသည်။

ချန်းဟိုင် နွယ်ပင်ထံသို့ ဦးတည်သွားလိုက်သည်။ သူ ချူဖုန်းကို အထင်မကြီး။ “ငါ့အတွက် ဒီအပင်ကို အကြာကြီး စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” သူ ပြောလိုက်သည်။

သူ လက်ဆန့်ထုတ်လိုက်ပြီး အစေ့ကို တောင်းလိုက်သည်။

“စောလွန်းပါသေးတယ် ညီအစ်ကိုရာ..” ချူဖုန်း ပြောလိုက်သည်။ သူလည်း သူ့ရန်သူကဲ့သို့ ပျော်ရွှင်နေသည်ပင်။

ချန်းဟိုင် ချူဖုန်းနား ကပ်လာလိုက်သည်။

မြောင်..

ထိုအချိန်တွင် ရွှေရောင်လင့်ကြောင် လျင်မြန်စွာ တိုက်ခိုက်လာသည်။ သူသည် ချူဖုန်းလက်ထဲမှ အစေ့ကိုပစ်မှတ်ထားနေခြင်းမဟုတ်ပဲ ချန်းဟိုင်၏လည်ပင်းကို ပစ်မှတ်ထားနေခြင်းပင်။

ဝုန်း..

ကြံ့ဖြူကြီးလည်း လှုပ်ရှားလာသည်။ ကြံ့ဖြူကြီး၏ခန္ဓာကိုယ်မှာ တောင်တစ်လုံးစာ ပမာဏရှိသောကြောင့် သူ ပြေးလာသည်နှင့် မြေပြင်ကြီး တုန်ခါလာသည်။ ကြံ့ဖြူလည်း ချန်းဟိုင်ထံသို့ ဦးတည်ပြေးနေခြင်းပင်။

သားရဲနှစ်ကောင်လုံး ချန်းဟိုင်၏ခြိမ်းခြောက်နိုင်စွမ်းကို နားလည်ကြသောကြောင့် သူတို့ ပူးပေါင်းကာ သူ့ကို ရှင်းပစ်ချင်နေကြသည်။

“ဂါး..”

ရုတ်တရက် အခြား ရာချီသော သားရဲများလည်း ရူးသွပ်လာသည်။ သူတို့အားလုံး ဒီရေကဲ့သို့ ပြေးထွက်လာကြလေ၏။ သူတို့အားလုံး အစေ့ကို လိုချင်နေကြခြင်းပင်။

ချန်းဟိုင်မှာ ထူးမခြားနားသာ။ သူသည် ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားကာ အရှင်သခင်နှစ်ဦး၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

သူသည် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် ငှက်တစ်ကောင်ကဲ့သို့ ထိုးဆင်းလာသည်။ သူ့လက်သီးချက်မှာ ချူဖုန်း၏ဦးခေါင်းခွံထံသို့ ချိန်ရွယ်ထားခြင်းပင်။

နောက်ဆုံးတော့ ချူဖုန်း လှုပ်ရှားလာသည်။ ချန်းဟိုင်၏လက်သီးကို သူ့လက်သီးနှင့် မိတ်ဆက်ပေးလိုက်သည်။

ဝုန်း..

နားကွဲလောက်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကျောက်တုံးကျောက်ခဲများ လွင့်စင်လာသည်။ သစ်ပင်များ နှစ်ပိုင်းကွဲသွားကာ ကျောက်တုံးကြီးများလည်း အက်ကွဲလာသည်။ အနီးအနားမှ သားရဲများအားလုံး ထိုစွမ်းအားလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်။

ချူဖုန်းသည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေဆဲပင်။

ချန်းဟိုင် ထိတ်လန့်သွားရသည်။ သူ့လက်သီးနာကျင်သွားရသောကြောင့် ဤတိုက်ခိုက်မှုတွင် သူ ရှုံးနိမ့်သွားခဲ့သည်ပင်။

နှစ်ပေါင်းသုံးဆယ် လက်ဝှေ့လေ့ကျင့်လာသည့်အပြင် သန္ဓေပြောင်းထားသောကြောင့် သူ့ကို ယှဉ်တိုက်နိုင်သူ မရှိခဲ့။

သို့သော် ယခုတော့ ပြင်းထန်သည့်အားတစ်ခု သူ့ကို တွန်းတိုက်လာသလို ခံစားလိုက်ရသည်။ ထိုအားသ်ည အလွန်အရှိန်ပြင်းထန်ပြီး ရှေးဟောင်းဆန်သည်။ ရှေးခေတ်မှ နွားနက်ရိုင်း ကန်ခံလိုက်ရသလို ခံစားလိုက်ရသည်ပင်။

ထိုအားသည် သူ့လက်ချောင်းများကို ပြင်းထန်စွာ နာကျင်သွားစေခဲ့သည်။

“မင်းမှာ လက်ဝှေ့ထိုးတဲ့ပါရမီရှိတာပဲ သားလေး…” ချန်းဟိုင်မှာ တည်ငြိမ်နေဆဲပင်။ ကိစ္စများမှာ သူထင်ထားသလို မဟုတ်တော့။

အစောပိုင်းတွင် ချူဖုန်း သူနှင့်ယှဉ်မတိုက်နိုင်။

သို့သော် ယခု နာရီအနည်းငယ် ကြာပြီးနောက်တွင် ချူဖုန်း လုံးဝပြောင်းလဲသွားသည်။ သူက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးသွားတာလဲ..

ချန်းဟိုင်သည် ဝတ်မှုန်၏အရေးကြီးပုံကို ယခုထိ မသိသေး။ သူသာသိလျှင် အစောကြီးကတည်းက လုယူနေလောက်လေပြီ။

“ခင်ဗျားရဲ့ လက်ဝှေ့ ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ကြတာပေါ့..” ချူဖုန်း ပြောလိုက်သည်။ သူ့အတွက်တော့ ချန်းဟိုင်သည် လက်ဝှေ့ထိုးလေ့ကျင့်သည့် သဲအိတ်တစ်ခုသာ။

သူတို့ဘေးနားရှိနေသည့် ရွှေရောင်လင့်ကြောင်နှင့် ကြံ့ဖြူတို့နှစ်ကောင်လုံး ကြောက်ရွံ့စွာ နောက်ဆုတ်သွားလိုက်ကြသည်။ လူသားနှစ်ယောက် အချင်းချင်း သေကြေအောင် တိုက်ခိုက်ကြရန် သူတို့ မျှော်လင့်နေကြသည်။

ထို့နောက် အခြားသားရဲများလည်း သူတို့နောက် လိုက်သွားကြသည်။

ချန်းဟိုင် လှုပ်ရှားလာသည်။ သူသည် လျှပ်စီးတစ်စင်းကဲ့သို့ သစ်ပင်ထိပ်မှ ဆင်းလာသည်။ သူသည် လက်ဝှေ့ပုံစံ ၁၂ မျိုးမှ မြင်းပုံစံကို အသုံးပြုလိုက်ပြီး မြင်းတစ်ကောင်ကဲ့သို့ ချူဖုန်း၏ဦးခေါင်းထံသို့ ထိုးဆင်းလာသည်။

ချူဖုန်းမှာ အလွန်တည်ငြိမ်နေသည်။ သူ့လက်သီးတွင် နွားနတ်ဆိုးလက်ဝှေ့ပထမပုံစံ၏စွမ်းအားများ ရှိနေသည်ပင်။ ချန်းဟိုင်၏ ခက်ထန်မှုကို ခက်ထန်မှုဖြင့် တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ဘုန်း..

နှစ်ယောက်လုံး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။ သို့သော် ချူဖုန်းကတော့ သက်တောင့်သက်သာ ဖြစ်နေဆဲပင်။ ဆင့်ကဲတိုးတက်လာပြီးနောက် သူ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမှာ အလွန်ကြောက်စရာကောင်းလာသည်။

ချန်းဟိုင် ထိတ်လန့်သွားရ၏။ သူ့လက်မောင်းများ ထုံကျဉ်နေပြီဖြစ်သည်။

အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူ့အတွက် အခြေအနေ မကောင်းတော့။ ခွန်အားအရာတွင် ချူဖုန်း သူ့ထက်သာလွန်နေပြီး လက်ဝှေ့ပုံစံတွင်လည်း ချူဖုန်း သူ့ထက်အားမနည်။ သူ၏ပထမလက်သီးပုံစံမှာ အတော်လေး ထူးဆန်းနေသည်။

ချန်းဟိုင်သည် ဤလက်ဝှေ့ပညာကို ဆရာတစ်ဦး၏ သင်ကြားမှုအောက် လေ့ကျင့်ခဲ့ခြင်းပင်။

သူ၏လက်ဝှေ့ပုံစံ၏အင်အားကို သူသိသည်။

“သတ်..”

ချန်းဟိုင် ဟစ်ကြွေးလိုက်သည်။ သူ၏စွမ်းအားအကြီးဆုံး လက်ဝှေ့ပုံစံကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ဘယ်လက်တွင် နဂါးပုံစံကွက်ထုတ်ထားပြီး ညာလက်တွင် ကျားပုံစံထုတ်ထားသည့် လက်ဝှေ့ပုံစံပင်။

ယခုတစ်ခေါက်တွင်တော့ ချူဖုန်း လေးနက်နေသည်။ သူ ပေါ့ပေါ့ဆဆ မနေရဲ။ နွားနတ်ဆိုးလက်ဝှေ့ပုံစံမှ အဆင့်အမြင့်ဆုံးပုံစံဖြင့် ချန်းဟိုင်၏လက်သီးများကို ကြိုဆိုလိုက်သည်။

ဘုန်း..

ဤတိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။ လေပြင်းများ တိုက်ခတ်လာပြီး ကျောက်တုံးများနှင့် ကျောက်ဆောင်များ အက်ကွဲသွားကြသည်။

လွင့်ပျံနေသည့် ကျောက်တုံးကျောက်ခဲများကြားတွင် သူတို့နှစ်ဦးသည် မကောင်းဆိုးဝါးများကဲ့သို့ ဖြစ်နေသည်။ သူတို့သည် တစ်ဖက်လူ၏တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း လျင်မြန်စွာ တိုက်ခိုက်နေကြသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့နှစ်ဦး ၁၂ ချက်ကျော် တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။

ချန်းဟိုင် အံ့အားသင့်သွားကာ သူ့မျက်နှာ ဖြူလျော်သွားရသည်။ နောက်ဆုံးစက္ကန့်ပိုင်းတွင် သူ၏နဂါးနှင့်ကျားတို့ ပေါင်းစည်းသွားကာ ရန်သူကို ထိုးနှက်ခဲ့သည်။

သို့သော် ချူဖုန်းကတော့ ထိုထိုးနှက်ချက်များကို တောင့်ခံနိုင်ခဲ့သည်။

ထို့အပြင် ချူဖုန်း၏ ခွန်အားမှာ ပို၍ကြီးမားလာပုံပင်။ သူ့လက်ဝှေ့ပုံစံများမှာ ပို၍ပြင်းထန်လာသည်။ လက်သီးဖြင့် ထိုးမိသွားသည်နှင့် ချန်းဟိုင် သူ၏ရိုးတွင်းခြင်ဆီထိ နာကျင်သွားရသည်။ နောက်ဆုံးတွင် ချန်းဟိုင် သူ၏လက်မောင်းကို ခံစား၍မရတော့။

ဖူး..

ချန်းဟိုင် သွေးအန်ထွက်လာသည်။ သူ့လက်မောင်းများမှာ တွန့်ကွေးနေပြီဖြစ်ပြီး ကြွက်သားများပင် တုန်ယင်နေသည်။

ဝှစ်..

မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် သူ ပြေးထွက်သွားလိုက်သည်။ “သောက်အစေ့…” သူ ဤနေရာမှ ထွက်ပြေးချင်နေလေပြီ။

ရုတ်တရက် သူ့ရှေ့ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ ချူဖုန်း၏အရှိန်မှာ ချန်းဟိုင်ထက် ပိုမြန်နေသည်။

ချန်းဟိုင် ထိတ်လန့်တုန်လှုပ်သွားရသည်။ ဒီလူ ထူးဆန်းတဲ့အသီးကို စားလိုက်ပြီလား..

“ခင်ဗျားရဲ့ လက်ဝှေ့ပုံစံက မဆိုးဘူး .. ခင်ဗျား ကျုပ်ကို ခင်ဗျားရဲ့ လက်ဝှေ့ပုံစံရဲ့ အဓိကအချက်ကို ပြောပြပေးရင် ကျုပ်ခင်ဗျားကို မြန်မြန်လေး အဆုံးသတ်ပေးမယ်” ချူဖုန်း ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ လက်ဝှေ့ပုံစံကို လိုချင်နေတာလား … သွားသေလိုက်လေ..” ချန်းဟိုင် နောက်ပြန်ဆုတ်ကာ ထွက်ပြေးနိုင်မည့်လမ်းကို ရှာဖွေနေလိုက်သည်။ သူ ဤနေရာ၌ တစ်ယောက်တည်း မသေချင်။

“အဲဒါဆိုလည်း လွယ်ပါတယ် .. သတ်လိုက်ရုံပဲပေါ့..” ချူဖုန်း၏မျက်ဝန်းများ အေးစက်လာသည်။ သူ့လက်သီးတွင် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

သူ၏လက်သီးပေါ်တွင် အလင်းလွှာတစ်လွှာပင် ရှိနေလေ၏။

ဝုန်း .. ဝုန်း.. ဝုန်း..

ချန်းဟိုင်သည် ကြောက်ရွံ့သောကြောင့် ဖြူဖျော့နေလေပြီ။ ချူဖုန်း၏ လက်သီးချက်များကြောင့် သူ နောက်ယိုင်ကာ သွေးအန်လာသည်။ ဒိုင်းကာပင်လျှင် ချူဖုန်း လက်သီးကို မတောင့်ခံနိုင်ပဲ ပုံပျက်နေပြီဖြစ်သည်။

“ခွပ်..”

နောက်ဆုံးတွင် ထိုသတ္တုဒိုင်းကာကြီး အက်ကွဲကြေမွသွားသည်။ ချူဖုန်း၏လက်သီးချက်သည် ဒိုင်းကာကို ကျော်ဖြတ်ကာ ချန်းဟိုင်၏ရင်ဘတ်ထက်သို့ ရောက်ရှိလာသည်။

ချန်းဟိုင် သူ့ရင်ဘတ်ကို ထိတ်လန့်တကြား ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။ ထိုအပေါက်သည် သူ့နံရိုးကို ဖြတ်သွားကာ ကျောဘက်မှ ရှုခင်းများကိုပင် မြင်နေရလေသည်။

အပိုင်း ၈၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset