ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၉ – ခမ်းနားသည့် ပြောင်းလဲခြင်း
နူးညံ့သည့် ညနေခင်း လေပြေကြောင့် မြူများ လွင့်ပါးသွားကာ တောအုပ်တစ်ခုလုံးကို တောက်ပသည့်လရောင်များ ဖြာကျလာသည်။ တောအုပ်တစ်ခုလုံးကို မြူအလွှာပါးလေးတစ်ခု ဝန်းရံထားသောကြောင့် အဝေးမှကြည့်လျှင် ဝေဝေဝါးဝါးမြင်ကွင်းကိုသာ မြင်ရလိမ့်မည်။
ထူးဆန်းသည့်နွယ်ပင်သည် နုပျိုလန်းဆန်းနေဆဲပင်။ လရောင်အောက်တွင် ဤအပင်သည် သလင်းကျောက်ကဲ့သို့ တောက်ပလာလေသည်။
နွယ်ပင်မှ အဖူးလေးသည် အစိမ်းရောင်အလင်းကွင်း၏ အလယ်ဗဟိုဖြစ်လာသည်။ ထိုအဖူးလေးသည် မွှေးပျံ့သည့်ရနံ့ဖြင့် လရောင်ကို ဆီးကြိုနေလေသည်။
အမွှေးနံ့များကို ရှူရှိုက်လိုက်သည်နှင့် ချူဖုန်း မွေးညှင်းပေါက်များ ပွင့်ထွက်လာ၏။ အမွှေးနံ့သည် သူ၏စိတ်ဝိညာဉ်အား သန့်စင်ပေးနေသည်ပင်။
သို့သော် တည်ငြိမ်အေးချမ်းမှုမှာ တစ်ခဏသာ ကြာမြင့်သည်။ ခဏကြာပြီးနောက် ချူဖုန်း တစ်ဖန် ပြန်လည်စိုးရိမ်ပူပန်လာသည်။ သူ့မျက်လုံးများသည် စလိုက်မီးများကဲ့သို့ ဘေးပတ်ဝန်းကျင်ကို သေချာရှာဖွေလိုက်သည်။
အဖူး ဖူးပွင့်လာသည်နှင့် အမွှေးနံ့များ ပျံ့လွင့်သွားကာ အနီးအနားမှ ကြောက်စရာကောင်းသည့်သက်ရှိများ နှိုးလာမည်ကို စိုးရိမ်နေခြင်းပင်။
ကံကောင်းစွာဖြင့် နွယ်ပင် ပေါက်လာသည်မှာ သိပ်မကြာသေး။
ချူဖုန်း သူ၏မိုးကြိုးလေးကို လက်ထဲတင်းတင်းဆုတ်ကိုင်ထားလိုက်သည်။ ဤအပင်ကို လာလုမည့်သူများ၏ရန်ကို ကာကွယ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
ဤအပင်ပေါက်လာရန် စောင့်ဆိုင်းခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာလှပြီဖြစ်သောကြောင့် သူက ဘယ်လိုလုပ် ဤအပင်အား လက်လွတ်ခံနိုင်မည်နည်း…
အနီးအနားရှိ ချုံထဲမှ အသံတစ်သံ ထွက်ပေါ်လာသည့်အချိန်တွင် ည၏အေးချမ်းမှု ပြိုကွဲသွားသည်။ ချူဖုန်း လေးကို တင်းတင်းဆုတ်ကိုင်ထားပြီး ပစ်ခတ်ရန် အဆင်သင့် လုပ်ထားလိုက်သည်။
ဤသည်မှာ မြက်ထဲ၌ ပုန်းနေသည့် ဖားတစ်ကောင်ပင်။ ဖားသည် လူတစ်ယောက် လက်သီးအရွယ်အစားသာရှိသည့် သာမန်ဖားတစ်ကောင်သာ။
“ပန်းနံ့က ဖားလိုမျိုး သတ္တဝါကိုတောင် သန္ဓေပြောင်းသွားစေနိုင်ရင် ဘယ်လိုလုပ်မလဲ..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ကြည်လင်ပြတ်သားသည့် အသိစိတ်ဖြင့် အနီးအနားရှိ နယ်မြေများကို စစ်ဆေးကြည့်လိုက်သည်။
ငါးမီတာအကွာတွင် ပုရွက်ဆိတ်အုံ ရှိနေသည်။ ဤပုရွက်ဆိတ်များသည် သန္ဓေမပြောင်းသေးသော်လည်း လက်သည်းခွံအရွယ်အစား ရှိနေသည်။ ဤပုရွက်ဆိတ်အုံတစ်ခုလုံးသာ သန္ဓေပြောင်းသွားပါက အနီးအနားမှ သက်ရှိများ မည်မျှပင် အန္တရာယ်များလိုက်မည်နည်း..
ဆယ်မီတာအကွာတွင် ငှက်ရိုင်းတစ်တွဲနေထိုင်သည့် အသိုက်ရှိနေသည်။ ဤငှက်များမှာ မီတာဝက်သာရှိပြီး တောင်များ၌ နေထိုင်တတ်သည့် သာမန်ငှက်တစ်မျိုးသာ။
ထိုထက်ပိုဝေးသည့်နေရာတွင် ရှဉ့်အချို့ ကျောက်တုံးများကြား၌ ဝင်ထွက်သွားလာနေကြသည်။
ရုတ်တရက် ချူဖုန်း တုန်လှုပ်လာသည်။ မီတာတစ်ရာကျော်ရှိ ဂူတစ်ခုထဲတွင် စပါးအုံးမြွေတစ်ကောင် ရှိနေသည်။ မြွေကြီး၏ခန္ဓာကိုယ်၌ အစင်းကြောင်းများ ရှိနေပြီး လုံးပတ်မှာ ရေပုံးအဝထက်ပင် ကြီးသေးသည်။ အစောပိုင်းတွင် သူ အပင်ကိုသာ အာရုံစိုက်နေသောကြောင့် ဘေးပတ်ဝန်းကျင်ကို သတိမထားမိခဲ့။
မြွေသည် သွေးအေးသတ္တဝါဖြစ်သောကြောင့် သူတို့အိပ်နေလျှင် ဇီဝကမ္မဖြစ်စဉ်ကို အနိမ့်ဆုံးအဆင့်ထိရောက်အောင် ထား,ထားသောကြောင့် သတိကြီးကြီးထားသည့်လူပင် သူတို့၏တည်ရှိမှုကို သတိမထားမိနိုင်။
သူ၏အဆင့်လွန်လူသားအသိစိတ်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို သေချာစစ်ဆေးကြည့်မှ ချူဖုန်း ဤမြွေကို တွေ့ခဲ့ခြင်းပင်။
“ဒီမြွေက ဒီတိုင်းတောင် သားရဲကြီးဖြစ်နေပြီ … သူသာ သန္ဓေပြောင်းသွားရင် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ စဉ်းစားလို့ကို မရဘူး..” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။
ကံကောင်းစွာဖြင့် အနီးအနား၌ သားကောင်ကြီးများ မရှိသလို ကောင်းကင်ထက်၌ ပျံဝဲနေသည့် အသားစားငှက်များလည်းမရှိ။ ယခုထိတော့ လုံခြုံသေးသည်။
သို့သော် ခဏကြာပြီးနောက် ချူဖုန်း ဆွံ့အသွားရသည်။ မြွေကြီးသည် သာမန်မြွေမဟုတ်သော်လည်း သူသည် ပန်းပွင့်ကို စိတ်ဝင်စားခြင်းမရှိပဲ အိပ်နေဆဲပင်။
“တစ်ခုခုတော့ မှားနေတယ်..”
တိရစ္ဆာန်အများစုသည် လူသားများထက် ပို၍စူးရှထက်မြက်သော အသိစိတ်ရှိကြောင်း နွားပေါက်လေး သူ့ကို ပြောဖူးသည်။ ထူးဆန်းသည့်အသီး သို့မဟုတ် ဝတ်မှုန်များ ရှိလျှင် သူတို့အရင်ဆုံး သတိပြုမိကြသည်ပင်။
သို့သော် ယခုအချိန်တွင်တော့ ဤသက်ရှိများသည် တုပ်တုပ်ပင် မလှုပ်ကြ။
ဒီနွယ်ပင်က သူတို့အတွက် တန်ဖိုးမရှိလို့လား..
ဒီလိုလည်း မဟုတ်လောက်ပါဘူး..
ချူဖုန်း အဖူးကို စိုက်ကြည့်လိုက်ပြီးနောက်တွင် တစ်ခုခုကို သတိပြုမိသွားသည်။
အမွှေးနံ့သည် မြူများနှင့်အတူ ရောနှောသွား၍ သူ၏ပါးစပ်နှင့် နှာခေါင်းထံသို့သာ ဦးတည်လာပြီး သူ့ကိုသာ ဝိုင်းရံထားသည်ပင်။
သူ အငွေ့လမ်းကြောင်းမှ အနည်းငယ် ဖယ်လိုက်သည်နှင့် အနံ့ချက်ချင်း ပျောက်သွားသည်ပင်။
“ထူးဆန်းလိုက်တာ..”
ချူဖုန်း အံ့အားသင့်သွားရသည်။ ပန်းနံ့မှာ သာမန်ဓာတ်ငွေ့အမှုန်များမဟုတ်ပဲ လူသားမျက်လုံးဖြင့် မြင်ရသည့်လမ်းကြောင်းများအဖြစ် တည်ရှိနေသည်။
အကြိမ်အနည်းငယ်ခန့်စမ်းသပ်ကြည့်ပြီးနောက် သူ အထင်မှန်နေကြောင်း ချူဖုန်း တွေ့လိုက်ရသည်။ အမွှေးနံ့မှာ ထိုမြူခိုးများမှ ရနေခြင်းပင်။ ထိုမြူခိုးသည် သူ၏ခန္ဓာကိုယ်ကိုသာ ရစ်ပတ်ထားပြီး အပြင်ဘက်သို့ ပျံ့လွင့်ခြင်းမရှိ။
ဤသည်မှာ သူ့ကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။
သို့သော် ပန်းပွင့်လာပြီး ဝတ်မှုန်များ ပျံ့လွင့်သွားသည့်အချိန်တွင်တော့ သူ အကြောက်ဆုံးအရာများ ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် သားရဲမည်မျှပင်သန္ဓေပြောင်းသွားသည်ကို ဘုရားသာ သိလိမ့်မည်။
ဝတ်မှုန်ပျံ့ကြဲလာသည့်အချိန်တွင် စွမ်းအားအကြီးဆုံးသော သားရဲများ အချိန်ကိုက်ရောက်လာလျှင် ဘယ်လိုလုပ်မည်နည်း.. သားရဲဘုရင်များသာ တိုင်ဟန်းတောင်မှ မြွေဖြူကဲ့သို့ ရုတ်တရက် စွမ်းအားကြီးသွားလျှင် ပြဿနာများလိမ့်မည်။
“တောအုပ်ကြီး တိတ်ဆိတ်ငြိမ်သက်နေတုန်း အဖူး ပွင့်လာပါစေ..” ချူဖုန်း ဆုတောင်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အကြာကြီးစောင့်ရလေလေ မမြင်နိုင်သည့်အရာများ ပေါ်လာနိုင်လေပင်။
ရုတ်တရက် ပန်းနံ့မှာ အဆပေါင်းများစွာ ပို၍သင်းပျံ့လာသည်။ ပန်းအဖူး၌လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။ ပန်းပွင့်လာတော့မည်။
ထို့နောက် တောင်တစ်ခုလုံး၌ ထူးဆန်းသည့်အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
တောက်ပနေသည့် အစိမ်းရောင်နွယ်ပင်တွင် အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများ ဖြစ်လာသည်။
အပင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အစိမ်းရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားလေ၏။
ချူဖုန်း အံ့အားသင့်ကာ ကြောင်အသွားရသည်။
ပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသည်ပင်။
နွယ်ပင်၊ အဖူးနှင့် သစ်ရွက်များအားလုံး နှင်းကဲ့သို့ ဖြူဖွေးကာ တောက်ပနေသည်။ ဤသည်မှာ မှောင်မည်းနေသည် ပင်လယ်ပြင်ကြီးထဲ မီးပြတိုက်မှ အလင်းတန်း ကျရောက်လာသကဲ့သို့ပင်။ အပင်သည် မှောင်မည်းနေသည့် တောအုပ်ကြီးထဲ တောက်ပလာကာ လမ်းပျောက်နေသည့် ဝိညာဉ်များအား လမ်းပြပေးနေသည်။ အမြစ်မွေးများပင်လျှင် ငွေရောင်အလင်း စီးဆင်းနေ၏။
တစ်ချိန်တည်းမှာပင် ထိုအဖူးလည်း အပြည့်အဝဖူးပွင့်လာလေပြီ။
ပန်းပွင့်ဖတ်များအားလုံး ကွာကျလာကာ အလယ်မှ ဝတ်မှုန်ခံတိုင်ထွက်ပေါ်လာသည်။ ထိုအတိုင်မှ အလင်းများ ထုတ်လွှတ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ထိန်လင်းသွားစေခဲ့သည်ပင်။
အမွှေးနံ့များမှာ ပို၍ ပြင်းထန်လာသည်။ ချူဖုန်း ပါးစပ်ဟလိုက်ပြီး ထိုမြူများကို ပါးစပ်အပြည့် ငုံချလိုက်သည်။ ထို့နောက် သူ့နှာသီးဖျားမှစကာ အသွေးအသားများထိ ပူလောင်လာသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုမွှေးရနံ့သည် ထိတွေ့နိုင်သည့် ပစ္စည်းတစ်ခု ဖြစ်နေပြီး သူ့အစာခြေလမ်းကြောင်းတစ်လျှောက် ဝင်သွားကာ သွေးထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားသည်။
“ဂါး..”
အဝေးမှ သားရဲဟိန်းသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးတော့ စွမ်းအားကြီးသည့် သားရဲအချို့ သတိပြုမိသွားလေပြီ။
ချူဖုန်း မျက်မှောင်ကြုတ်သွားရသည်။ မကောင်းသည့်အရာတစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူ ခံစားနေရသည်။ ဤနေရာသည် မကြာမီတွင် သွေးလွှမ်းသွားတော့မည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ရှိနေသည့်အရာများမှာ တစ်ခုမှ သာမန်မဟုတ်။ ငွေရောင်အလင်းများ ထိန်လင်းနေသောကြောင့် တောအုပ်တစ်ခုလုံးမှာ နေ့ခင်းကဲ့သို့ ထိန်လင်းနေသည်။
ချူဖုန်းသည် စက္ကန့်ပင် ဖြုန်းတီးမနေပဲ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသုံးပြုကာလေထဲမှ မြူနှင့် ရေငွေ့များကို စုတ်ယူလိုက်သည်။
ထင်ထားသည့်အတိုင်း အကျိုးရလဒ်များမှာ အံ့အားသင့်စရာ ကောင်းလှသည်။ အဖြူရောင်ရေခိုးရေငွေ့များသည် သူ့နှာခေါင်းမှ တစ်ဆင့် ဝင်ရောက်လာသည်။ ထို့အပြင် သူ မွေးညှင်းပေါက်များ ပွင့်လာကာ ရေခိုးရေငွေ့များကို စုတ်ယူလာသည်။
ချူဖုန်း ဘေးပတ်လည်တစ်ခုလုံး အဖြူရောင်အခိုးအငွေ့ကမ္ဘာကြီး ဖြစ်နေလေပြီ။
ရေခိုးရေငွေ့များမှာ သူ့ဘေးပတ်လည်၌သာ ရှိနေသည်ကို သူ အံ့အားသင့်စွာ တွေ့လိုက်ရသည်။ မြူတစ်မှုန်မှ အပြင်ဘက်သို့ ပျံ့မသွား။
ထိုပုရွက်ဆိတ်များ၊ ဖား၊ ရှဉ့်၊ ငှက်များနှင့် မြွေမှာ အနံ့လေးလေးမှပင်မရ။
သို့သော်လည်း ခဏကြာပြီးနောက် သူ အမှန်တရားကို နားလည်သွားသည်။
ဝတ်မှုန်များအားလုံးသည် ရေငွေ့များနှင့် ရောနှောကာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ရုတ်တရက် ညကောင်းကင်တွင် သားရဲငှက်တစ်ကောင် ပျံသန်းလာသည်။ သူ့ခန္ဓာကိုယ်မှာ ဆယ်မီတာကျော် ရှည်လျားပြီး အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။
သူ ထူးဆန်းသည့် အသက်ရှူစည်းချက်ကို ဆက်လက်လုပ်ဆောင်နေဆဲပင်။ တည်ငြိမ်နေသည့် ချူဖုန်း၏အသိစိတ်များမှာ ယခင်ထက် ထက်မြက်နေသည်ပင်။ သူ လေးကြိုးကိုဆွဲလိုက်ပြီး လေထဲ မြှားတစ်စင်း လွှတ်တင်လိုက်သည်။
ဝုန်း..
မြှားပစ်လိုက်သည့်အားမှာ ပို၍ ပြင်းထန်လာသည်။ ထိုမြှား ငှက်ပေါ်သို့ ရောက်သွားသည်နှင့် ငှက်ကြီး ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားပြီးနောက် ကျယ်လောင်သည့်အသံနှင့်အတူ ငှက်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
သို့သော် ဤသည်မှာ စစ်ပွဲအစသာ ရှိသေးသည်။ အဝေးမှ သားရဲများကြောင့် ကမ္ဘာမြေကြီး တုန်ခါလာကာ သူတို့၏ အော်ဟိန်းသံများမှာ တောအုပ်တစ်ခုလုံး၌ ပဲ့တင်ထပ်နေသည်။
ချူဖုန်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ စည်းစနစ်ကျနာစွာဖြင့်ပင် သူ့အသက်ရှူလေ့ကျင့်ခန်းကို ဆက်လုပ်နေလိုက်သည်။
မြူများ ပို၍ သိပ်သည်းလာလေပြီ။
ထိုအခိုက်အတန့်တွင် ရေပူစမ်းထဲ ထိုင်နေရသကဲ့သို့သို့ တစ်ကိုယ်လုံးနွေးထွေးလာသည်။
သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများမှာ အံ့အားသင့်စရာကောင်းလှသည်။ သူ၏နှလုံးခုန်သံများမှာ ဗုံတီးသံကဲ့သို့ပင်။ အဝေးမှ အသံများကိုပင် သူရှင်းရှင်းလင်းလင်း ကြားနေရသည်။
ထို့နောက် နွေးထွေးမှုသည် သူ့သွေးကြောများတစ်လျှောက် ပျံ့နှံ့သွား၏။ သူ့ထဲ လျှပ်စီးဖြတ်ပြေးသွားပြီး သူ၏ဝိညာဉ်နှင့် အရိုးများ၊ ကြွက်သားများအား သန့်စင်ပေးလိုက်သကဲ့သို့ပင်။
အခြားငှက်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ငှက်ကြီးသည် အာကာသအပြင်ဘက်မှ ဥက္ကာခဲကြွေကျလာသကဲ့သို့ အောက်ဘက်သို့ ထိုးဆင်းလာသည်။ ဤငှက်မှာ သန္ဓေပြောင်းငှက်ပင်။
ငှက်သည် သူ့လက်သည်းများကို ဖွင့်ထားလေ၏။ သူသည် သူ့သားကောင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်မည်။ ထို့နောက် ဤလူ့နေရာ သူ ဝင်နေကာ မြူများအားစုတ်ယူရန် ပြင်ဆင်ထားခြင်းပင်။
ချူဖုန်း မြှားတစ်စင်း ထပ်ပစ်လိုက်သည်။
ဝှစ်..
မြှားထွက်သွားသည်နှင့် ကောင်းကင်ထက်တွင် လျှပ်စီးတန်းတစ်ခု ပေါ်လာကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာ၏။ ဒုတိယမြှားသည် ပထမမြှားထက်ပင် ပိုပြင်းထန်နေသည်။
မြှားသည် ထိုငှက်၏ဦးခေါင်းခွံကို ဖောက်ထွက်သွားလေ၏။ ငှက်သည် မြန်မြန်ရောက်လာပြီး မြန်မြန်ဆန်ဆန်ပင် သေဆုံးသွားသည်။
သူ၏အသက်ရှူလေ့ကျင့်ခန်းကို ခဏရပ်လိုက်သည်နှင့် မြူခိုးငွေ့များ စုတ်ယူသည့်နှုန်းလည်း သိသာစွာပင် နှေးကွေးသွားသည်။
ချူဖုန်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ၏အသက်ရှူလေ့ကျင့်ခန်းကို ထပ်ရပ်၍မရတော့။
ခဏကြာပြီးနောက် သူ့ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
ဤပြောင်းလဲမှုများသည် ခွန်းလွန်တောင်တွင် သူ့လက်ပေါ် ပွင့်ဖတ်လေးဖတ် ကျလာသည့်အချိန်ထက်ပင် ပိုသိသာနေသည်။
ဤပြောင်းလဲမှုတွင် အသက်ရှူလေ့ကျင့်ခန်းမှာ အရေးပါလှသည်ပင်။
သူ့နှာဖျားဝတွင် မွှေးပျံ့သည့် ရနံ့များ သင်းပျံ့နေဆဲပင်။ သူ့ခန္ဓာကိုယ်မှာ နွေးထွေးလွန်းလှသောကြောင့် မီးဖိုထဲ ထည့်ကျိုခံရသကဲ့သို့ပင် ဖြစ်နေလေပြီ။
ဤအချိန်အတောအတွင်း ငှက်များ ဆက်တိုက် ရောက်လာဆဲပင်။ သို့သော် ချူဖုန်းသည် တည်ငြိမ်စွာဖြင့်ပင် ငှက်များကို တစ်ကောင်ပြီးတစ်ကောင် ပစ်ချနေသောကြောင့် မြေပြင်ထက်တွင် ငှက်သေများပုံနေလေပြီ။
အဝေးမှ ချန်းဟိုင်သည် တောက်ပသည့်တောအုပ်ကြီးကို မြင်နေရသည်။
အဝေးမှကြည့်မည်ဆိုလျှင် ငွေရောင်အလင်းတန်းသည် ပန်းပွင့်ဖူးပွင့်နေသည့်ပုံစံ တောက်ပနေသည်။ ထိုအလင်းတန်းပေါ်တွင် ငှက်များ တစ်ကောင်ပြီးတစ်ကောင် ထိုးဆင်းနေကြသည်ပင်။
တစ်ချိန်တည်းမှာပင် အနီးအနားမှ သားရဲမျိုးစုံ၏ အော်ဟိန်းသံများကိုလည်း ကြားနေရသည်။ ထိုသားရဲများအားလုံး တစ်နေရာတည်းသို့သာ ဦးတည်သွားနေကြသည်။ သူတို့ လမ်းလျှောက်လိုက်တိုင်း မြေကြီးပင် တုန်ခါသွားရသည်။
ဤသည်မှာ ကြောက်စရာကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။ ထိုသားရဲကောင်များ ပြေးလမ်းကြောင်းတစ်လျှောက်ရှိ သစ်ပင်အားလုံး ကျိုးပဲ့ပျက်စီးသွားကြရသည်။
ဤမြင်ကွင်းမှာ ရူးလောက်စရာ ကောင်းလှသည်။
ဤသည်မှာ သားရဲများအားလုံး ပေါင်းစည်းကာ ပုန်ကန်တိုက်ခိုက်နေကြသကဲ့သို့ပင်။
ဝှစ်..
ချန်းဟိုင်မှာ ရဲရင့်ပြတ်သားလှသည်။ ဤဗြောင်းဆန်မှုမှာ သာမန်မဟုတ်ကြောင်း သူသိသည်။ ချူဖုန်းလက်ထဲရှိ ထူးဆန်းသည့်ပစ္စည်းကြောင့် တစ်ခုခုဖြစ်ပျက်နေခြင်းဖြစ်လိမ့်မည်ဟု သူထင်သည်။
သူသည် ငှက်တစ်ကောင် အလျင်နှင့် တောအုပ်ကြီးကို ဖြတ်သွားသည်။ သူ၏လက်ဝှေ့ပုံစံကို အသုံးပြုကာ လမ်းတစ်လျှောက်ရှိ သားရဲများကို သတ်ဖြတ်ခဲ့သောကြောင့် သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေလေပြီ။
ခဏကြာပြီးနောက် သူ ချူဖုန်းနှင့် အစိမ်းရောင်အပင်ကို တွေ့လိုက်သည်။
“အခုတော့ ငါ့အပင်ဖြစ်ပြီပဲ..” ချန်းဟိုင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ တစ်ခါမှ ယခုလောက် မပျော်ရွှင်ဖူးခဲ့ပေ။
ချူဖုန်းလည်း မတ်တပ်ထနေပြီဖြစ်သည်။ သူ့ဘေးနားပတ်လည်တွင် ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးများ ဝန်းရံနေသောကြောင့် သူ မထ၍မရတော့။
သူ့ဘေးပတ်လည်တွင် ငှက်သေအကောင်ရေ ၂၀ ကျော်ရှိနေသည်။ ငှက်သေများအပြင် သားရဲအချို့လည်း ရှိနေသည်။
ဤသားရဲများသည် သူတို့အသက်ရှင်နေစဉ်တွင် အထင်ကြီးစရာကောင်းသည့်သားရဲများဖြစ်သော်လည်း ယခုတော့ ချူဖုန်း၏ ဓားမြောင်နက်အောက်တွင် သေဆုံးသွားကြလေပြီ။
ချူဖုန်း သူ့မြှားအားလုံးနီးပါးကို သုံးပြီးသွားပြီဖြစ်သည်။ အများစုမှာ သူ ချန်းဟိုင်နှင့် တိုက်ခိုက်စဉ်က အသုံးပြုခဲ့ရသည်ပင်။
“ချီးပဲ..”
ချန်းဟိုင် အော်ဟစ်လိုက်သည်။ သူ့ရှေ့၌ ဧရာမတောဆင်ရိုင်းကြီးတစ်ကောင် ပိတ်ရပ်နေသည်ပင်။ ဤသည်မှာ တောဆင်ရိုင်းကြီးဖြစ်သော်လည်း ချန်းဟိုင် ထိုဆင်ကိုခေါင်းမှ ဖြတ်ချပစ်လိုက်လေသည်။ ဆင်ကြီးသည် နာကျင်မှုမရှိပဲ သေဆုံးသွားရလေပြီ။
ချန်းဟိုင်သည် ကျောက်တုံးနှလုံးသား ပိုင်ဆိုင်ထားသည့်သူပင်။ သူ့မျက်လုံးထဲတွင် အမုန်းတရားနှင့် အမျတ်ဒေါသများပြည့်နေကာ မြူခိုးထူများကြားရှိ လူကို စိုက်ကြည့်နေလေ၏။
“ငါ့အခွင့်အရေး ရောက်လာပြီ..” ချန်းဟိုင် ပြောလိုက်သည်။
ခဏကြာပြီးနောက် ချန်းဟိုင်ကို ချူဖုန်း သတိထားမိသွားသည်။ ချန်းဟိုင် ရောက်လာမည်ကို သူသိထားပြီးသားပင်။
နွယ်ပင်မှ ပန်းပွင့်လာခြင်းမှာ လျင်မြန်လှသည်။ တစ်ခဏအတွင်း ပွင့်ပြီး ပြန်ညှိုးသွားပြီဖြစ်သည်။ မြူခိုးများလည်း အနည်းငယ်သာ ကျန်တော့သည်။
ထူးခြားသည့်အသက်ရှူစည်းချက်ဖြင့် သူလိုအပ်သည့်အရာအားလုံးကို စုတ်ယူနိုင်ခဲ့သည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ် ပေါ့ပါးသွက်လက်လာပြီး ပို၍ သန်မာလာသည်။ သူ့အသိစိတ်လည်း ယခင်ကထက် ပို၍အားကောင်းလာသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုများ ဖြစ်နေဆဲပင်။ သူ့ဝိညာဉ် သန့်စင်သွားပြီး အသွေးအသားများလည်း သွေးကြောများနှင့် ပဲ့တင်ထပ်နေသည်။ သူ့အသားအရေလည်း ကြည်လင်တောက်ပလာသည်ပင်။
သူ ပြန်မွေးဖွားလာသကဲ့သိုပင် ခံစားနေရသည်။
အသက်ရှူလေ့ကျင့်ခန်း ပြီးဆုံးသွားလေပြီ။
ဝုန်း..
ချူဖုန်း သူ၏လက်သီးနှင့် ဓားမြောင်ကို ဝေ့ရမ်းကာ သူ့ထံသို့လာသည့် သားရဲတိုင်းကို သတ်ပစ်လိုက်သည်။
ဤသားရဲများမှာ ချန်းဟိုင်လောက် မတည်ငြိမ်။ ထို အမွှေးနံ့၏ နောက်ဆုံးအနံ့ကို ရလိုရငြား သူတို့အားလုံး မရပ်အနား ပြေးလာနေကြသည်ပင်။
ဤနေရာတွင် ကျိုးပဲ့သံများ ပဲ့တင်ထပ်နေသည်။ ချူဖုန်း မိုးကြိုးအသက်ရှူစည်းချက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ဤအသက်ရှူစည်းချက်သည် မပြည့်စုံသေးသော်လည်း အသုံးဝင်နေဆဲပင်။
နောက်ဆုံး မြူများကို ရှူရှိုက်ပြီးသည်နှင့် ချူဖုန်း ကျေနပ်သွားသည်။
ထိုအချိန်တွင် ချန်းဟိုင်သည် သူ့ရှေ့ရှိ သားရဲတန်းကြီးကို တည်ငြိမ်စွာပင် ဖြတ်ကျော်လာသည်။ သူ ထိုမြူများကို စိတ်မဝင်စား။ သူ့စိတ်ထဲ တစ်ခုသာရှိသည်။
ငွေရောင်နွယ်ပင် ပန်းပွင့်၏ပွင့်ဖတ်များ နွမ်းလျကြွေကျသွားသည်နှင့် အထဲဘက်တွင် အစေ့တစ်စေ့ ပေါ်လာသည်။
ချန်းဟိုင် မျက်လုံးထဲတွင် ဤအစေ့သာရှိသည်။
ချူဖုန်းလည်းထိတ်လန့်သွားရသည်။ နွယ်ပင်ကြီး ညှိုးလျော်သွားသော်လည်း အစေ့ကတော့ နေမင်းကြီးကဲ့သို့ တောက်ပနေဆဲပင်။
“ဒီအစေ့ကို ထပ်စိုက်လို့ရတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။
သို့သော် အစေ့သည် ယခင်ကနှင့်မတူတော့။ အခြားမျိုးစိတ်တစ်ခုကဲ့သို့ပင် ဖြစ်သွားသည်။ ဤအစေ့အပင်ပေါက်လာလျှင် ဘာဖြစ်လာမည်ကို သူသိချင်လှသည်။
“ဟား ဟား .. အသီး .. ဒါက ငါလိုချင်နေတဲ့အသီးပဲ .. ဒီအသီးကို ငါပိုင်တယ်..” ချန်းဟိုင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ ယခင်က ထူးဆန်းသည့်အပင်တစ်ပင်ကို စိုက်ဖူးသည်။ သို့သော် ထိုအပင်သည် အသီးမသီးပဲ သေသွားသောကြောင့် သူ အလွန်ဝမ်းနည်းခဲ့ရသည်ပင်။
ကံကောင်းစွာဖြင့် နောက်ပိုင်းတွင် သူ အခြားအပင်မှ ထူးဆန်းသည့်အသီးတစ်လုံးကို ခူးနိုင်ခဲ့သည်ပင်။
ဤအသီးသည် ထင်းရှူးစေ့ကဲ့သို့ပင် အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်ဟု သူ ယုံကြည်သည်။
ချူဖုန်း နားလည်သွားလေပြီ။ ဝတ်မှုန်၏အရေးပါမှုကို အားလုံးနားလည်နေသည်မဟုတ်။ သန္ဓေပြောင်းလူများ၏အမြင်တွင် ထူးဆန်းသည့်အသီးမှာ အဆွဲဆောင်နိုင်ဆုံးဖြစ်နေသည်။ ချန်းဟိုင်လည်း ဤကဲ့သို့သော လူပင်။
“ဟား ဟား ..” ချူဖုန်း မအောင့်နိုင်တော့ပဲ ရယ်ချလိုက်သည်။
“မင်း မကြာခင် သေတော့မှာကို ဘာလို့ ရယ်နေတာလဲ.. ပြီးတော့ ကျေးဇူးပဲ .. ဒီအသီးကို ငါ့အတွက် ကာကွယ်ပေးထားလို့ ကျေးဇူးပဲ .. ဒီအသီးကို ငါ့အတွက် ချန်ထားဖို့အတွက်နဲ့ သားရဲတွေနဲ့တိုက်ခိုက်ပေးနေတာကို ငါတကယ် ကျေးဇူးတင်တယ်” ချန်းဟိုင် ချူဖုန်းကို ခနဲ့လိုက်သည်။
ချန်းဟိုင် ဝတ်မှုန်များအကြောင်း မသိသည်မှာ သေချာသွားလေပြီ။
“ဂါး..”
သားရဲများ အော်ဟစ်လာကြ၏။ ဤသတ္တဝါများမှာ ချန်းဟိုင်ထက် အားမနည်းကြ။ သူတို့သည် ချူဖုန်းနှင့် ငွေရောင်နွယ်ပင်အနားသို့ နီးကပ်လာကြလေပြီ။
အပိုင်း ၇၉ ပြီး၏။