Switch Mode

Chapter – 78

မြင့်မြတ်သည့် အစေ့က ကြီးထွားလာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၈ – မြင့်မြတ်သည့်အစေ့ ကြီးထွားခြင်း

အစေ့မှာ အမြစ်တွယ်ပြီး အပင်ပေါက်လာလေပြီ။ အပင်သည် အမှောင်ထဲမှာပင် စိမ်းစိုတောက်ပနေသည်။

ချူဖုန်းသည် မောပန်းနေသော်လည်း အပင်ညွှန့်မှ အမွှေးနံ့ကို ရှူရှိုက်လိုက်သည်နှင့် ချက်ချင်းပင် အမောပြေသွားသည်။

သူသည် မနက်ကတည်းက ပြေးလွှာသွားလာနေရပြီး ယခုညနေခင်းတွင်လည်း တိုက်ခိုက်နေရသောကြောင့် အလွန်မောပန်းနေပြီဖြစ်သည်။ သို့သော် အပင်ညွှန့်မှ အနံ့လေး ရှူလိုက်ရုံဖြင့် သူ့မောပန်းမှုများ ပျောက်ကွယ်သွားသည်။

ဤအပင်လေး၏ မြန်ဆန်လှသည့် ကြီးထွားမှုကို မျက်စိဖြင့်ပင် မြင်နေရသည်။ မြေပြင်ကို ထိုးထွက်လာသည်မှာ ယခု မီတာဝက်အမြင့်ရောက်သည်အထိ သူ့မျက်စိရှေ့၌ ဖြစ်ပျက်သွားခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပင်မှ နူးညံ့သော အရွက် ၂ စုံ ထွက်လာသည်။

အပင်မှာ မြက်ပင်ဖြစ်မလား၊ သစ်ပင်ဖြစ်မလား မသိသေး။

ချူဖုန်း အသက်ပြင်းပြင်းရှူလိုက်သည်နှင့် သူ့ခန္ဓာကိုယ်၌ အားအင်များ ပြန်ပြည့်လာသည်ကို ခံစားလိုက်ရသည်။ သူသည် အန္တရာယ်ပိုများသည့် တောင်အတွင်းနက်ပိုင်းသို့ ပို၍မြန်မြန် ပြေးသွားလိုက်သည်။

သူ အချိန်လိုအပ်သည်။ သူ ချန်းဟိုင်ကို ရှောင်ရမည်။ ဤကဲ့သို့ အရေးကြီးသောအချိန်တွင် ချန်းဟိုင် သူ့ကို ရှာတွေ့သွား၍မဖြစ်။

ထူးဆန်းသည့်အပင်မှာ ဆက်လက်ကြီးထွားနေဆဲဖြစ်သော်လည်း အရှိန်မှာ တစ်ဖြည်းဖြည်း နှေးလာသည်။ သို့သော် အပင်မှာ ပို၍ပို၍ ထူးဆန်းလာသည်။ အပင်ပတ်လည်တွင် မြူတစ်လွှာ ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းကို ဖုံးအုပ်သွားသည်။

ချူဖုန်း ဤကဲ့သို့သော တောင်မျိုးနှင့် ရင်းနှီးသည်။ သူ ယခင်က နွားဝါနှင့် ဤတောင်၌ လေ့ကျင့်ခဲ့သောကြောင့် ဤတောင်၌ နေတတ်သည့် သားရဲများ၊ ငှက်များ၏ စရိုက်ကို သိနေသည်ပင်။

သူ့ရှေ့၌ ရွှံ့တောတစ်ခုရှိနေပြီး ဆာလဖာနံ့လည်း အနည်းငယ် ရနေသည်။ သူ့ အတွေ့အကြုံအရ ထူထဲလှသည့်ကျူပင်များထဲ၌ မီးမိကျောင်းတစ်ကောင် ရှိနေလိမ့်မည်ဖြစ်ကြောင်း သူသိနေသည်။

ကျူပင်များကြား တိုးဝင်သွားပြီး သူ ခြေချမည့်နေရာကို သေချာရွေးချယ်လိုက်သည်။ ထို့နောက် ချူဖုန်းသည် လေပြေတစ်ခုကဲ့သို့ ဤနေရာ၌ နေထိုင်သည့်သားရဲကို အနှောက်အယှက်မပေးပဲ ဖြတ်သန်းသွားနိုင်ခဲ့သည်။

ဆာလဖာနံ့နှင့်အတူ မြေကြီးများမှာ စိုသည့်နေရာစို၊ ခြောက်သည့်နေရာခြောက်နေသောကြောင့် မီးမိကျောင်းရှိနေသည့်နေရာကို သူသိနိုင်သည်ပင်။

“မိကျောင်းက ရက်စက်တဲ့သားရဲပဲ .. သူ ချန်းဟိုင်ကို နည်းနည်းလောက် ဟန့်တားနိုင်ဖို့ မျှော်လင့်မိတယ်..” ချူဖုန်း ဤသားရဲကို အကြိမ်ပေါင်းများစွာ တွေ့ကြုံဖူးခဲ့သည်ပင်။ ဤအကောင်နှင့် ပထမဆုံးတွေ့သည့်အချိန်က သူ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည်ပင်။

သူ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြေးနေဆဲပင်။ ရွှံ့တောကို ဖြတ်ပြီးသည်နှင့် သူ တောင်များပေါ်သို့ တက်လိုက်သည်။ အန္တရာယ်အများဆုံး နေရာများသို့သာ သူ ဦးတည်လိုက်သည်။ သူသည် ဤတောင်များကို ကျွမ်းကျင်သောကြောင့် အန္တရာယ်များကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။

သို့သော် ချန်းဟိုင်၏ခရီးကတော့ ဆူးညှောင့်ခလုတ်များ များပြားခဲ့သည်။

ချန်းဟိုင် သူ့ကို ရှာမတွေ့ခင် အနည်းငယ် ဒုက္ခများလိမ့်မည်ဟု သူ ယုံကြည်သည်။

သူ့ရှေ့ရှိ လျိုမြောင်ကြားတွင် မြူများ ပို၍ ထူထပ်နေသည်။

ချူဖုန်း ခဏရပ်ကာ လေ့လာလိုက်သည်။ ဤနေရာ၌ သူ ရင်းနှီးသည့်သွေးနံ့ရနေသည်။ မြူများကြား၌ ထူးခြားသည့်အပင်တစ်မျိုးကို သူတွေ့လိုက်သည်။ သူ ထိုအပင်ကို ခြေထောက်ဖြင့် နင်းချေလိုက်ပြီး သူ့တစ်ကိုယ်လုံးကို သုတ်လိမ်းလိုက်၏။ ထိုအပင်အနံ့မှာ ဆိုးရွားလှသည်။

ထို့နောက် သူသည် လေအဟုန်ဖြင့် တောင်ကြားထဲမှ မြူများထဲ ဖြတ်သန်းသွားလိုက်သည်။

တောင်ထဲ၌ ကြီးမားလှသည့် မကောင်းဆိုးဝါးကြီးတစ်ကောင် ရှိနေသည်။ သူသည် ချူဖုန်း ဖြတ်သန်းသွားသည်ကို ဤအတိုင်းသာ ကြည့်နေလေ၏။

ချူဖုန်း တောအုပ်တစ်လျှောက် အေးဆေးသာ ဖြတ်သန်းသွားနေသည်။ သူသွားသည့်အနေရာတိုင်းမှာ အန္တရာယ်အများဆုံး နေရာများပင်။ တစ်ခါတစ်ရံ သူပင် သေမလိုဖြစ်ခဲ့ရသည်အထိပင်။

တောအုပ်ကြီးမှာ ပို၍ ရှေးကျလာသည်။ သူ တွေ့သမျှသားရဲတိုင်းမှာ ရှေးခေတ်သားရဲများပင်။ ဤအကောင်များနှင့်တွေ့လျှင် သူ အမြဲ ရှောင်ထွက်သွားသည်သာ။

ဆက်သွားလေလေ ပတ်ဝန်းကျင်မှာ ပို၍ ကြောက်စရာကောင်းလာလေပင်။ ဤတောအုပ်အတွင်းနက်ပိုင်း၌ တိရစ္ဆာန်နယ်မြေ၏ အရှင်တစ်ချို့နေထိုင်ကြသည်ပင်။

သူသာ ဆက်သွားလျှင် သူ သေနိုင်မည်ကို ချူဖုန်းသိသည်။

သူ့ရှေ့ရှိလမ်းမှာ အခြားတောင်တစ်ခုသို့ ဦးတည်နေသည်ပင်။ တောင်များအားလုံးမှာ ပုံစံတူဖြစ်နေသောကြောင့် သူသာ ထိုမြူထဲ ပြေးဝင်သွားပါက သူ့အပြန်လမ်းကို ရှာနိုင်မည်မဟုတ်တော့။

“ဒီလောက်ပဲ တော်ပြီ..”

ယခုလောက်ဆိုလျှင် ချန်းဟိုင်ကို မျက်ခြေဖြတ်နိုင်ပြီဟု သူ ထင်သည်။ သူ့အတွက် အချိန်များစွာ ရှိနေပြီဖြစ်သောကြောင့် ယခု သူ ရပ်တန့်သင့်လေပြီ။

အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲရှိ အပင်မှာ ပို၍လျင်မြန်စွာ ကြီးထွားလာနေပြီဖြစ်သည်။ သူ ပြေးသည်နှင့် ထိုအပင်ညွှန့်လေး ယိမ်းနွဲ့နေသောကြောင့် ထိုအလောတကြီးလုပ်လိုက်လျှင် ထိုအပင် ကျိုးသွားမည်ကို သူ စိုးရိမ်သည်။

ယခုအချိန်တွင် အပင်သည် တစ်မီတာခန့်မြင့်နေပြီဖြစ်သည်။ အပင်၏စိမ်းစိုနေသည့် ရိုးတံမှာ သက်ဝင်တောက်ပလွန်းလှသည်။

ချူဖုန်းသည် အသာစီးရနိုင်သည့် မြေအနေအထားကို ရွေးကာ ထိုင်ချလိုက်သည်။ သူ့ဘေးရှိ မြေပြင်ပေါ်တွင်တော့ ကျောက်စိမ်းသေတ္တာနှင့်အပင် ရှိနေသည်။

ဤနေရာကို မြင့်မားလှသည့် သစ်ပင်များ ဝန်းရံထားကာ အဝေးမှ သားရဲဟစ်ကြွေးသံများကို ကြားနေရသည်။

“ဒါက နွယ်ပင်လား .. သစ်ပင်လား..” ချူဖုန်း အံ့အားသင့်သွားရသည်။

ဤအပင်သည် သေချာပေါက် မြက်ပင်မဟုတ်။ ပင်စည်မှာ လက်မအရွယ်အစားထူထဲပြီး အပင်မှာ ဖြောင့်တန်းနေသည်။

ဤအပင်သည် သစ်ပင်နှင့်တူသော်လည်း နွယ်ပင်နှင့်လည်း တူနေသည်။ ပင်စည်မှာ နူးညံ့လှပြီး အနည်းငယ်လည်း ကွေးညွတ်နေသည်။

ပင်စည်နှင့် အရွက်များမှာ တစ်ရောင်တည်းပင်။ အပင်မှာ စိမ်းစိုလွန်းသည့်အတွက် ရေစက်များ ထွက်ကျလာတော့မလိုပင်။

သစ်ရွက်များမှာ လူတစ်ယောက်၏လက်ဝါးပုံဖြစ်နေသည်။ လေပြေလေး တိုက်ခတ်သွားသည်နှင့် လက်တစ်ထောင်ရှိသည့် ဘုရားလောင်း ယိမ်းယိုင်နေသကဲ့သို့ ဖြစ်သွားသည်။

သစ်ရွက်၌ အစင်းကြောင်း များစွာ ရှိနေသည်။ သေချာကြည့်လိုက်သည့်အချိန်တွင် ထိုအစင်းကြောင်းများမှာ အစေ့ပေါ်၌ တွေ့ခဲ့သည့် အစင်းကြောင်းများနှင့် အတူတူပင်ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။

ပင်စည်တွင်လည်း ဤအစင်းကြောင်းများ ရှိနေသည်ပင်။

ကျောက်တုံးသေတ္တာကတော့ ဘာမှပြောင်းလဲမသွား။ ယခင်အတိုင်း ရိုးရှင်းကာ အုတ်ဂူတစ်ခုအလား ငြိမ်သက်နေဆဲပင်။

“ဟမ်..” အပင်၌ မူမမှန်မှုများ ထပ်ဖြစ်လာသည်ကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း အံ့အားသင့်သွားရသည်။

အမြင့် ၁၅၀ စင်တီမီတာခန့် ရောက်သွားသည်နှင့် အမြစ်များသည် ကျောက်တုံးသေတ္တာထဲမှ ထွက်လာကာ မြေကြီးပေါ်သို့ အမြစ်တွယ်လာလေသည်။

ဤအမြစ်များလည်း အစိမ်းရောင်တောက်ပနေလေ၏။

အမြစ်များသည် မြေကြီးထဲသို့ ဝင်သွားသည်နှင့် အပင်အတွက် လိုအပ်သည့် အာဟာရများကို လောဘတကြီး စုတ်ယူနေတော့သည်။

ထို့နောက် ကျောက်တုံးသေတ္တာတစ်ခုလုံးကို ဤအမြစ်များ ဖုံးလွှမ်းသွားကာ မမြင်ရတော့။

အပင်၏ ပြောင်းလဲမှုများကို ချူဖုန်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့သည်။

ဤအရပ်မှ မြူများ လွင့်ပါးလာကာ လရောင်များ ဖြာကျလာသည်။ ကောင်းကင်ကြီးလည်း ရှင်းလင်းကာ ကြယ်များစုံလင်လာသည်။

လရောင်အောက်တွင် အပင်မှာ ပို၍ပင် တောက်ပလာပြီး ကျောက်စိမ်းနှင့်ပင် တူလာသည်။

နောက်ဆုံး သာမန်အမျိုးသားတစ်ဦး၏ အရပ်သို့ ရောက်သွားသည့်အချိန် အပင်၏ကြီးထွားမှု ရပ်တန့်သွားသည်။

အပင်သည် နွယ်ပင်နှင့်တူသော်လည်း မည်သည့်အရာကိုမှ မှီတွယ်မထား။ သူ့ဘာသာသူ မတ်မတ်ရပ်နိုင်နေသည်။ အပင်၌ သစ်ကိုင်းအချို့ ရှိနေပြီး သစ်ကိုင်းများတွင် လက်ဝါးကဲ့သို့သော အရွက်များ များပြားစွာ ရှိနေသည်။

ရုတ်တရက် နွယ်ပင်ထိပ်ဖျားတွင် အလင်းတစ်ခု တောက်ပလာကာ အပင်၏အသက်ဓာတ်မှာ ယခင်ကထက် ဆယ်ဆပိုများလာသည်။

ချူဖုန်း ထိတ်လန့်ကာ အံ့အားသင့်သွားရသည်။

ထိုအလင်းမှာ မျက်စိစူးလောက်အောင် တောက်ပလာသည်။ သူ မျက်လုံးများကို ပွတ်သပ်ပြီး သေချာကြည့်လိုက်သည့်အချိန်တွင် ဤအလင်းမှာ အဖူးတစ်ဖူးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ချူဖုန်းသည် ရင်တထိတ်ထိတ်ဖြင့် ထိုအဖူး ဖူးပွင့်လာသည်ကို ကြည့်နေသည်။ သူ အလွန်လည်း စိတ်လှုပ်ရှားနေလေပြီ။

အရာအားလုံးမှာ မယုံကြည်နိုင်စရာကောင်းလှသည်။ အစေ့သည် စိတ်ပျက်စရာကောင်းလောက်အောင်ပင် မည်သည့်တိုးတက်မှုမှ မပြခဲ့။ ယခု ပြသသည့်အချိန်တွင်လည်း သူ့ကြီးထွားနှုန်းမှာ လောကကြီးကို အံ့အားသင့်သွားစေခဲ့သည်။

အစိမ်းရောင်အလင်းများသည် ထိပ်ဖူးမှ အမြစ်များထံသို့ စီးဆင်းသွားသည်။ ထို့နောက် အလင်းများမှာ ပို၍ နူးညံ့လာသည်။

တောအုပ်၏ မှုန်မှိုင်းသည့်နောက်ခံတွင် နွယ်ပင်သည် တလက်လက်တောက်ပသည့် ကြယ်တစ်စင်းကဲ့သို့ ထင်ရှားနေသည်။

တောအုပ်၏တစ်နေရာတွင်တော့ ချန်းဟိုင်သည် ချူဖုန်းအား လိုက်ရှာနေဆဲပင်။ သူသည် သားရဲတစ်ကောင်ကဲ့သို့ တောအုပ်ကို ဖြတ်လာခဲ့ခြင်းပင်။ သူ သားရဲကောင်များအား မည်မျှသတ်ခဲ့သည်ကို ဘုရားသာ သိလိမ့်မည်။ သူ့တစ်ကိုယ်လုံးလည်း သူသတ်သည့်သားရဲများ၏ သွေးများ စိုရွှဲနေလေပြီ။

သူ၏ ရက်စက်ကြမ်းတမ်းသည့် သတ်ဖြတ်မှုကြောင့် တောအုပ်၏ တစ်စိတ်တစ်ပိုင်း တိတ်ဆိတ်သွားသည်။ ထိုနေရာ၌ သားရဲနှင့် ငှက်များမှာ ကြောက်ရွံ့တုန်လှုပ်နေကြကာ အသံပင် မထွက်ရဲတော့။ သို့သော် သူ နောက်တစ်နေရာသို့ ရောက်သွားသည်နှင့် အမျိုးအမည်မသိသည့် သားရဲများနှင့် ထပ်မံရင်ဆိုင်လိုက်ရသည်။

သူ၏ပြိုင်ဘက်များမှာ ပို၍စွမ်းအားကြီးလာကြပြီး ဖြေရှင်းရန် ပိုခက်ခဲလာသည်။

ဝုန်း..

သူ ရွှံ့မြေထဲသို့ ဝင်လိုက်သည်နှင့် တိတ်ဆိတ်မှု ပြိုကွဲသွားသည်။ အသက်မဲ့နေသည့် ရွှံ့တောသည် ရုတ်တရက် အသက်ဝင်လာသည်။ ရွှံ့များ နေရာအနှံ့ လွင့်စင်သွားကာ ထူထပ်လှသည့် ကျူပင်များထဲမှ မိကျောင်းတစ်ကောင် ထွက်လာသည်။

မိကျောင်းကြီးတွင် အနီရောင်အကြေးခွံများ ရှိနေပြီး သူ ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်ထဲမှ မီးတောက်များ ထွက်ပေါ်လာသည်။ မီးတောက်သည် ရွှံ့တောတစ်ခုလုံးကို လင်းထိန်သွားစေပြီး မူလစိမ်းစိုနေသည့် ကျူပင်များမှာ မည်းတူးသွားကာ ရွှံ့တောလည်း ချက်ချင်းပင် ခြောက်သွေ့သွားသည်။ လေထုပင်လျှင် ဤမီးတောက်ကြောင့် လောင်ကျွမ်းသွားတော့မလိုပင်။

“သမာဓိမီးတောက်လား..” ချန်းဟိုင် ထိတ်လန့်သွားကာ နောက်မြန်မြန်ဆုတ်လိုက်သည်။

မီးတောက်များသည် မြေပြင်ကြီးကို ဆူပွက်နေသည့်ချော်ရည်ပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ချန်းဟိုင်သည် လျှပ်စီးတစ်စင်းကဲ့သို့ မီတာရာပေါင်းများစွာ နောက်ဆုတ်သွားလိုက်သည်။

“သမာဓိမီးတောက်လေးပဲကို .. ငါက မင်း လောကတစ်ခုလုံးကို မီးလောင်တိုက် သွင်းပစ်တော့မယ်လို့ ထင်နေတာ.. သွားသေလိုက်တော့..” သူ အေးစက်စွာ ပြောလိုက်သည်။ သူ့လမ်းကြောင်း၌ ရှိနေသည့်သူမှန်သမျှကို သူ အညှာအတာမရှိ သတ်ပစ်မည်ပင်။

ဝုန်း..

ဤနေရာတစ်ခုလုံး ချော်ရည်မီးတောင် ဖြစ်သွားပြီးနောက် ပျံနေသည့်မိကျောင်းတစ်ကောင်ကို သူ့မျက်လုံးများဖြင့် သူကိုယ်တိုင် မြင်လိုက်ရသည်။ မိကျောင်း၌ အတောင်ပံတစ်စုံ ရှိနေသည်..

သို့သော် ချန်းဟိုင်သည် ငရဲမှလာသည့် နတ်ဆိုးကြီးပင်။ ခဏကြာပြီးနောက် သူသည် မီးတောက်များကြား ကွေ့ဝိုက်သွားကာ မိကျောင်းဦးခေါင်းခွံကို လက်သီးဖြင့် ထိုးလိုက်သည်။

ဖောင်း..

၁၀ မီတာရှည်သည့် မိကျောင်းကြီးသည် အသက်မရှိသည့် အသားပုံကဲ့သို့ မြေပြင်ပေါ် လဲကျသွားသည်။ ဤမိကျောင်းလဲကျသွားသည်နှင့် တစ်တောလုံးပင် တုန်ခါသွားရသည်။

သို့သော် ချန်းဟိုင်လည်း အနည်းငယ် ဒဏ်ရာရသွားသည်ပင်။ သူ့လက်မောင်းတစ်ဖက် မီးလောင်သွားသောကြောင့် နည်းနည်းလေး မည်းသွားသည်။ သို့သော် ဤသည်မှာ အသက်အန္တရာယ်မရှိ။

ဝှစ်..

သူ အနည်းငယ် ခုန်လိုက်ရုံဖြင့် ချော်ရည်ကန်မှ မိုင်ပေါင်းများစွာသို့ ရောက်သွားသည်။

သူ့ရှေ့ရှိ မြူများမှာ ထူထပ်လှသည်။ ထိုမြူထဲမှ ရန်လိုစိတ်တစ်မျိုးကို သူ ခံစား၍ရနေသည်။

သို့သော် သူ ဤတောင်ကြားကို ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ မြူထဲ၌ အန္တရာယ်များ ရှိနေလျှင်ပင် သူ ဘာမှဖြစ်လိမ့်မည်မဟုတ်။

သို့သော် ဤတောင်များထဲမှ သားရဲများကို ဘယ်တော့မှ အထင်မသေးသင့်။ သားကောင်အနံ့ရသည်နှင့် သားရဲကြီး ရုတ်တရက်ထွက်ပေါ်လာကာ ချန်းဟိုင်အား ပိုက်ကွန်ကြီးဖြင့် ဖုံးအုပ်လာသည်။

“ဒါက ဘာကြီးလဲ..” ချန်းဟိုင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင် ထိတ်လန့်သွားရသည်။

သားရဲကြီးမှာ ကြီးမားလှသည်။ သူ၏မီတာနှစ်ဆယ်ကျော်မြင့်သည့် ခန္ဓာကိုယ်ကြီးမှာ ဖြူဖွေးနေပြီး သူ့ခြေထောက်များမှာ ပင့်ကူတစ်ကောင်နှင့်တူနေသည်။ သို့သော် သူ့ခေါင်းမှာ ခြင်္သေ့ခေါင်းပင်။

ထိုသားရဲကြီးသည် ပင့်ကူမျှင်များ ပစ်လွှတ်ကာ ချန်းဟိုင်ကို ပိုးဖလံကဲ့သို့ ရစ်ပတ်နေသည်။

“ထွက်သွားလိုက်စမ်း..” ချန်းဟိုင် ဒေါသထွက်သွားရသည်။

ပိုးချည်မျှင်များမှာ လူတစ်ယောက် လက်မောင်းခန့်ပင်ရှိသည်။ ဤကြိုးများဖြင့် တုတ်နှောင်ခံလိုက်ရသည်နှင့် ထွက်ပြေးလွတ်မြောက်နိုင်ရန် ခက်ခဲလိမ့်မည်။

ချည်မျှင်များကို‌ ရှောင်ရှားရင်းဖြင့် ချန်းဟိုင် ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။

ဝုန်း .. ဝုန်း .. ဝုန်း..

ငလျင်လှုပ်နေသကဲ့သို့ လျှိုမြောင်ကြားထဲ တုန်ခါသွားသည်။ ချန်းဟိုင်သည် ဒေါသထွက်နေသောကြောင့် ချည်မျှင်များကို ရှောင်ရင်း မြေကြီးများကို စောင့်နင်းနေသောကြောင့် မြေပြင်မှာ လုံးဝပျက်စီးသွားလေပြီ။

နာရီဝက် ကြာပြီးမှသာ သူ ထိုလျှိုမြောင်ထဲမှ ထွက်လာနိုင်ခဲ့သည်။ သူ့ပုခုံးတွင် ထုတ်ချင်းဖောက်မတတ် ဖြစ်နေသည့် ဒဏ်ရာတစ်ခု ရှိနေပြီး ထိုဒဏ်ရာမှ သွေးများ စီးကျနေသည်။

သူ ထိုမကောင်းဆိုးဝါးကို သတ်လိုက်နိုင်သော်လည်း များစွာ ပေးဆပ်ခဲ့ရသည်။ ဤသားရဲသည် ဤအနီးအနားရှိနယ်မြေ၏ ‘အရှင်ဘုရင်’ ပင်။ သူ မသေဆုံးမှီ ချန်းဟိုင်ကို သူ၏အဖြူရောင်ပင့်ကူခြေထောက်ဖြင့် ထိုးစိုက်ခဲ့သည်။ ထိုခြေထောက်သည် လှံတံတစ်ချောင်းကဲ့သို့ ထက်ရှလှပြီး သူ့နှလုံးကိုပင် ဖောက်ထွက်မတတ် ဖြစ်ခဲ့သည်။

သို့သော် ချန်းဟိုင်လည်း ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးသမားပင်။ သူသည် လက်ဝှေ့ပုံစံ၏စွမ်းအင်များကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ထုတ်သုံးခဲ့သည်။ နောက်ဆုံးတွင် သူ ထိုသားရဲကို အရှင်လတ်လတ် ဆုတ်ဖြဲပစ်လိုက်နိုင်ခဲ့သည်။ ထိုပင့်ကူကြီးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် သွေးများသည် လျှိုမြောင်တစ်ခုလုံး၌ လွင့်စင်ပြန့်ကျဲသွားလေ၏။

“မင်းက ဒီသားရဲတွေကို ရှောင်နိုင်မယ့်နည်းလမ်းတွေကို သိထားတာပဲ .. ဒါပေမဲ့ သိထားတော့ရော ဘာလုပ်ရမှာလဲ.. မင်းက ငါ့ကို ဒါတွေနဲ့တားဆီးနိုင်လိမ့်မယ်လို့ ထင်နေတာလား.. အဲဒီအတွေးတွေကို ဝဲပစ်လိုက်တော့ ငတုံးကောင်..” ချန်းဟိုင် ခနဲ့လိုက်သည်။

ချူဖုန်းလက်ထဲ၌ ထူးဆန်းသည့်ပစ္စည်းတစ်ခုခု ရှိနေသည်ကို သူ အာရုံခံမိလိုက်သည်။

ချူဖုန်းသည် ချန်းဟိုင်၏လောဘကို သတိထားမိခဲ့သည်။ သူ ထိုအမျိုးသမီးအား သတင်းမပို့ခိုင်းသည်ကို တွေ့လိုက်ကတည်းက သေချာသွားခဲ့သည်။ ထို့ကြောင့် ချူဖုန်းသည် ချန်းဟိုင်အား နှိုးဆွရန်အတွက် ကျောက်သေတ္တာအား တမင်သက်သက် ပြလိုက်ခြင်းပင်။ ထိုသို့ပြလိုက်သောကြောင့် ချန်းဟိုင်သည် သူ့လူကိုပင် နှုတ်ပိတ်ပစ်ခဲ့သည်။ သူ၏အကွက်ချမှုကြောင့် ရန်သူများကို ရှင်းပစ်နိုင်ခဲ့သော်လည်း တစ်ယောက်ကတော့ကျန်နေသေးသည်။

ဤတောင်၌ နေထိုင်သည့် သားရဲများအကြောင်းကို သူသိနေသောကြောင့် ဤသည်မှာ သူ့ဝှက်ဖဲပင်။

ချူဖုန်းသည် ချန်းဟိုင်ကို နောက်ကျောမှ ဓားထိုးနိုင်ရန် စောင့်ဆိုင်းနေဆဲပင်။

အဆိုးဆုံးဖြစ်လာလျှင်လည်း သူ ထင်းရှူးစေ့များကို အသုံးပြုနိုင်သေးသည်။ ထိုအစေ့များကို စားလိုက်သည်နှင့် သူ ချန်းဟိုင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ ချန်းဟိုင် သေရမည်။ သူ့လျှို့ဝှက်ချက်အား အလောင်းကောင်တစ်ယောက်ကိုပင် ပေးမသိစေချင်။ တစ်ယောက်ယောက်သိသွားလျှင် နောက်ဆက်တွဲပြဿနာများကို သူ ဖြေရှင်းနိုင်မည်မဟုတ်။

“မင်းက ငါ့အတွက်တော့ သေလူတစ်ယောက်ပဲ..” ချန်းဟိုင် ပြောလာသည်။ သူ့အခြေအနေလည်းသိပ်မကောင်း။ သူသည် ပြင်းပြလှသည့်သတ်ဖြတ်လိုစိတ်များဖြင့် သူသတ်ဖြတ်ခဲ့သည့် သားရဲ၏သွေးများပေါ် တရွေ့ရွေ့ လျှောက်လာလေ၏။ သူ့ပုံစံမှာ ငရဲမှ ထွက်လာသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

လမ်းတစ်လျှောက် အချိန်များ ကုန်ဆုံးခဲ့သော်လည်း ချူဖုန်းကို သူဖမ်းနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

တောင်အတွင်းနက်ပိုင်းတွင်တော့ ချူဖုန်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ နွယ်ပင်မှ အဖူးဖူးလာပြီး ထိုအဖူးကြီးလာသည်ကို ပျော်ရွှင်စွာပင် ကြည့်နေလေသည်။

သူ ယခုမှ စိတ်အေးနိုင်တော့သည်။ သူ ထင်းရှူးစေ့များ စားစရာမလိုတော့။ အဖူးဖူးပွင့်လာသည့်အချိန်ကို စောင့်ပြီး နွားဝါလေးပြောသည့် ‘ဝတ်မှုန်’ကို ထုတ်ယူ၍ရလေပြီ။

ထင်းရှူးသီးသည် အပြင်လူများအတွက်တော့ အဖိုးမဖြတ်နိုင်သည့်အရာပင်။ ဒေါ်လာဘီလီယံနှင့်ချီပြီး ပေးလျှင်ပင် ဤအသီးကို ရနိုင်မည်မဟုတ်။

သို့သော် ချူဖုန်းအတွက်တော့ ရွေးချယ်ရန် ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုသာ။

သူသာ စွမ်းအားကြီးသည့် သန္ဓေပြောင်းလူတစ်ဦးသာဖြစ်ချင်လျှင် ကိစ္စမရှိ။ သူ ဤအသီးကို မြိုချလိုက်၍ရသည်။ သို့သော် သူသည် သန္ဓေပြောင်းလူတစ်ဦးထက် ပိုချင်သည်။

နွားဝါလေး သူ့ကို ယခင်က သတိပေးဖူးသည်။ ဤဖြတ်လမ်းနည်းလမ်းကိုလိုက်လျှင် နောင်၌ ပြဿနာဖြစ်လာနိုင်သည်။

ရွှီး..

ရုတ်တရက် နွယ်ပင်ကြီး ယိမ်းယိုင်လာကာ အဖူးမှာ ဖူးပွင့်လာတော့မည်။

အဖူးမှာ ပန်းကန်လုံးတစ်လုံးစာလောက် ကြီးမားလှသည်။ အဝေးမှ ရပ်နေလျှင်ပင် သူ ပန်းအဖူးမှ ထွက်လာသည့် အမွှေးနံ့ကို ရနေသည်ပင်။

အပိုင်း ၇၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset