Switch Mode

Chapter – 77

နတ်ဆိုး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၇ – နတ်ဆိုး

နွားနတ်ဆိုးသည် သူတို့မြင်နေရသည်ထက် ပို၍အင်အားကြီးကြောင်း မူမိသားစုမှ ကောက်ချက်ချခဲ့ကြသည်။ သို့သော် တကယ်တမ်းတော့ သူသည် ထိုထူးဆန်းသည့်လေးကို အသုံးပြု၍ ပြိုင်ဘက်များကို အသာစီးရသွားခြင်းပင်။ ထိုလေးသာမရှိလျှင် သူသည် ဘာမှမဟုတ်တော့။

ထို့ကြောင့် လေးနှင့်မြှားကို ကာကွယ်နိုင်သည့် နည်းလမ်းရှိသည်နှင့် နွားနတ်ဘုရားကို ကြောက်စရာမလိုတော့။

ချန်းဟိုင်သည် တိုက်ခိုက်ရေးသမားတစ်ဦးမှ သန္ဓေပြောင်းလာခဲ့ခြင်းပင်။ သူ၏ကိုယ်ခံပညာနှင့် ထူးဆန်းသည့်အသီး၏စွမ်းအားများ ပေါင်းစပ်လိုက်သည့်အချိန်တွင် သူ့ကို ယှဉ်နိုင်သည့် ပြိုင်ဘက်မရှိတော့။

သာမန်အသီးစားသည့်သူ မည်သူမှ ချန်းဟိုင်လောက် စွမ်းအားကြီးမည်မဟုတ်။

“ခင်ဗျားက အရမ်းကို မောက်မာနေတာပဲ..” ချူဖုန်း သူ့ပြိုင်ဘက်ကို စိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမျက်မှောင်ကြုတ်လိုက်သည်။ သူ အလွန်သတိလက်လွတ်ဖြစ်သွားကြောင်း သူ့ကိုယ်သူ သိသည်။ သူသည် နေ့ခင်းအချိန်တွင် အမြန်လမ်းမပေါ်၌ ခရီးသွားနေခဲ့ခြင်းဖြစ်သောကြောင့် အခြားသူများ သူ့နောက် အလွယ်တကူ လိုက်လာနိုင်သည်ပင်။

“တကယ်ရှင်လား .. ဟိုတစ်နေ့က မြွေဖြူတောင်မှာ တိုက်ခဲ့တဲ့ မျက်နှာဖုံးနောက်ကလူက ရှင်လား..” နွယ်ပင်များကြား ရပ်နေသည့် အမျိုးသမီး ပြုံး၍ မေးလိုက်သည်။

သူမ ရ,ထားသည့်သတင်းအရဆိုလျှင် ချူဖုန်းမှာ သာမန်လူတစ်ဦးသာ။ သို့သော် လက်တွေ့မှာ ထိုသတင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ချူဖုန်းသည် သန္ဓေပြောင်းပြီးသားဖြစ်ကြောင်း သိသာသည်။

“မင်း ဘယ်လိုထင်လဲ..” ချူဖုန်း မေးလိုက်သည်။ ယနေ့လိုနေ့မျိုး မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။ ကြည့်ရသည်မှာ သူနှင့် ဤလူစုကြားမှ တိုက်ပွဲမှာ ရှောင်၍မရတော့သည့်ပုံပင်။

“ချီးပဲ .. မင်း ဘယ်သူလဲဆိုတာ ငါဂရုစိုက်နေလိမ့်မယ်လို့ ထင်နေတာလား.. မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့လက်ထဲ သေမှာပဲ..” ချန်းဟိုင် ပြောလိုက်သည်။ သူသည် ဒိုင်းကာကို တင်းတင်းဆုတ်ကိုင်ထားကာ ထူးမခြားနားသည့်လေသံဖြင့် ပြောလိုက်သည်။

သူသည် အခြားသန္ဓေပြောင်းလူများအား အမြဲတမ်း အထင်သေးနေခဲ့သည့်သူပင်။

သူ့ပြိုင်ဘက်မှာ ခုန်းဂင်ကဲ့သို့သော လူမျိုးမဟုတ်သရွေ့ သူ့မျက်စိထဲ ဝင်မည်မဟုတ်။

ချူဖုန်း ပြန်ပြောမနေတော့ပဲ သူ့အနောက်ဘက်ရှိ အိတ်ကြီးထဲမှ လေးကြီးကို ဆွဲထုတ်လိုက်သည်။ ဤသည်မှာ မိုးကြိုးလေးပင်။

မိုးကြိုးလေးသည် အခြားသူများအမြင်တွင် တောက်ပနေသည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး အင်တာနက်ပေါ်တွင်ပင် ဤလေးအကြောင်းကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသည်။

ချန်းဟိုင်၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤလူမည်သူမှန်း သူ ခန့်မှန်းပြီးသားဖြစ်သော်လည်း တကယ်သိလိုက်ရသည့်အချိန်တွင် သူ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

အမျိုးသမီးကတော့ လုံးဝကို ဆွံ့အသွားရသည်။ သူက နွားနတ်ဘုရားလား..

‘နွားနတ်ဘုရား’ဟူသည့်နာမည်မှာ လူများ၏ ဒဏ္ဍာရီများထဲတွင်သာ ရှိခဲ့သည့် ရုပ်ပုံတစ်ခုပင်။ သူသည် ရှေးအကျဆုံးလက်နက်များဖြင့် လေယာဉ်များ ပစ်ချခဲ့သည်။ မြွေဖြူတောင်တိုက်ပွဲ၌ ‘နွားနတ်ဘုရား’နာမည် ရာဇဝင်တွင်ခဲ့သည်ပင်။

“ရှင်..” အမျိုးသမီးမှာ စကားပင် မပြောနိုင်တော့။

ချူဖုန်းမှာ ရက်စက်ကြမ်းကြုတ်သည့်သူဖြစ်ရန်အတွက် ငယ်ရွယ်လွန်းသေးသည်။ နွားနတ်ဘုရားဆိုသည်မှာ သတ်ဖြတ်ခြင်းကို နှစ်သက်သည့်သူပင်။ ချူဖုန်းကတော့ ကျက်သရေရှိသည့် ကျောင်းသားပုံ ပေါ်နေသည်ပင်။

နွားနတ်ဘုရား မည်မျှစွမ်းအားကြီးသည်ကို သူမ မှတ်မိနေသေးည်။ သူသည် ဒုံးကျည်များကို ရှောင်ရှားရင်းဖြင့် တောင်များကြား၌ လှည့်လည်သွားလာနေခဲ့သည်။ သူ တစ်ချက်အော်လိုက်ရုံဖြင့် သန္ဓေပြောင်းအုပ်စု တစ်စုလုံး ရုတ်တရက် သေဆုံးသွားခဲ့ကြရသည်။

ဤနှစ်ယောက်ကို သူမ မဆက်စပ်နိုင်သေး။ သူမအတွက်တော့ ချူဖုန်းနှင့် နွားနတ်ဘုရားမှာ မတူညီသည့်လူနှစ်ဦးပင်။

သူမ မယုံကြည်နိုင်ဖြစ်နေသော်လည်း သူမ အကြီးအကဲများကို သတင်းပို့ရန် လိုသေးသည်။ သူမ ဤသတင်းကို ကမ္ဘာအနှံ့ဖြန့်ပြီး မျက်နှာဖုံးအောက်မှလူမှာ ချူဖုန်းဖြစ်ကြောင်း သိအောင်လုပ်ရမည်။

“မလုပ်နဲ့..” ချန်းဟိုင် သူမကို တားဆီးလိုက်သည်။ “သတင်းမပို့နဲ့ဦး..”

အမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချန်းဟိုင်အမိန့်ကို နားမထောင်ပဲ မနေရဲ။

ချန်းဟိုင်သည် ချူဖုန်းအား စိုက်ကြည့်လိုက်ကာ “မင်း ဖွက်ထားတာ ထုတ်လိုက် .. ငါ ကြည့်ကြည့်မယ်..”

ချန်းဟိုင်၏မျက်လုံးထဲမှ စိတ်အားထက်သန်မှုများကို ချူဖုန်း မြင်နေရသည်။ သူသည် ယခုမှ ပိတ်လှောင်ခံထားရခြင်းမှ လွတ်မြောက်လာပြီး ငမ်းငမ်းတက်ဆာလောင်နေသည့် သားရဲနှင့်တူနေသည်။ သူသည် သူစိတ်ဝင်စားသည့်ပစ္စည်းကို လိုချင်ရုံမျှဖြင့် သူသိထားသည့်အရာများကို အထက်အရာရှိများအား သတင်းမပို့တော့။

ချူဖုန်းသည် ဖုံးကွယ်မနေပဲ ကျောက်သေတ္တာကို ဘေးအိတ်ကပ်ထဲမှ ထုတ်လိုက်ကာ အဖုံးဖွင့်လိုက်ပြီး စိတ်ဝင်စားနေသည့် မျက်လုံးသုံးစုံအား သေချာကြည့်ခိုင်းလိုက်သည်။

သေတ္တာထဲတွင် အစိမ်းရောင်အလင်း ပြည့်နှက်နေသောကြောင့် ဤသည်မှာ သာမန်သေတ္တာမဟုတ်ကြောင်း ပြသနေသည်။

“ငါ့ကိုပေး..”

ဤပစ္စည်းမှာ နောင်ကျလျှင် သူ့ကို များစွာ အထောက်အကူပြုနိုင်မည်ကို သူသိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသေတ္တာထဲရှိ အရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့သွေးစီးဆင်းမှု ပိုမိုမြန်ဆန်လာသည်ပင်။ ဤသည်မှာ ဤပစ္စည်းသူ့အတွက် အသုံးဝင်မည်ဖြစ်ကြောင်း သူ့အသိစိတ်မှ ပြောနေခြင်းပင်။

“ကျုပ်ကဘာလို့ ခင်ဗျားကို ပေးရမှာလဲ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။

သူ ကျောက်သေတ္တာကို ပြန်သိမ်းကာ လေးကြိုးကို ဆွဲလိုက်သည်။ လေး၌ မြှားအဆင်သင့် ရှိနေပြီးသားပင်။

“ကျွန်မတို့ အထက်လူကြီးကို အကြောင်းကြားသင့်တယ် မဟုတ်ဘူးလား..” ထိုအမျိုးသမီး ပြောလိုက်သည်။ ချူဖုန်းမှာ နွားနတ်ဘုရားဖြစ်ကြောင်း သိရသည်မှာပင် အောင်မြင်မှုကြီးဖြစ်သည်ဟု သတ်မှတ်၍ရသည်။ ထို့ကြောင့် သူမ ဤသည်ကို ချက်ချင်း သတင်းပို့ချင်နေခြင်းပင်။

မူမိသားစုသည် နွားနတ်ဘုရားနှင့်ပတ်သက်သည့် သတင်းများကို ကြေးကြီးပေးထားသည်ပင်။

“ပါးစပ်ပိတ်ထား .. သူတို့ကို ဘာမှမပြောသေးဘူးလို့ ငါပြောနေတယ်လေ..” ချန်းဟိုင် ထိုအမျိုးသမီးကို‌ အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင်။ ချန်းဟိုင်မှာ ရည်မှန်းချက် ကြီးမားသည့်သူဖြစ်သော်လည်း လောဘကြောင့် ပျက်စီးနေသည်။ ချန်းဟိုင်သည် မူမိသားစုကို သတင်းမပို့ပဲ သူပိုင်သမျှ ပစ္စည်းကို အရင်လိုချင်နေသည်။

ထိုအမျိုးသမီး တိတ်ဆိတ်သွားသည်။ သူမ အနည်းငယ်လည်း စိုးရိမ်နေသည်။ ချန်းဟိုင်သည် သတင်းမပေါက်ကြားအောင် သူမကို နှုတ်ပိတ်လိုက်နိုင်သောကြောင့် ယခုအချိန်တွင် သူမအသက်မှာ သူ့လက်ထဲ ရှိနေလေပြီ။

ဝှစ်..

ချန်းဟိုင် စလှုပ်ရှားလာသည်။ သူသည် ခုန်းဂင်နှင့် ငွေတောင်ပံတို့ထက် မနိမ့်သည့် ကြောက်စရာကောင်းသည့်လူတစ်ဦးပင်။ သူ တစ်ချက်ခုန်လိုက်သည်နှင့် ချူဖုန်းနှင့် ဆံချည်တစ်မျှင်စာသာ ဝေးတော့သည်။

သူသည် လက်တစ်ဖက်၌ ဒိုင်းကိုင်ထားပြီး အခြားလက်တစ်ဖက်ကို လက်သီးပုံစံ လုပ်ထားသည်။

ဝှစ်..

ချူဖုန်းသည် လေးကြိုးကို ဆွဲထားကာ ချန်းဟိုင် လေထဲခုန်တက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။ ထိုသို့ဆိုလျှင် သူ မြှားကို ရှောင်နိုင်တော့မည်မဟုတ်တော့။

မျက်စိကျိန်းလောက်သည့် လျှပ်စစ်တန်းနှင့်အတူ မြှားတစ်စင်း ထွက်သွားသည်။ မြှားသည် ညကောင်းကင်ယံကိုပင် လင်းလက်သွားစေခဲ့သည်။

ဝုန်း..

ပထမဆုံးမြှားကို ချန်းဟိုင်၏ဦးခေါင်းအား ချိန်ရွယ်ထားခြင်းပင်။ သို့သော် ချန်းဟိုင်သည် ထိုမြှားသည် ဒိုင်းကာဖြင့် လျင်မြန်စွာ ကာဆီးလိုက်လေသောကြောင့် သတ္တုချင်း ထိခတ်သွားသည့်အသံသာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဒိုင်းကာသည် မြှားကြောင့် ကန်ထွက်သွားသော်လည်း အကောင်းအတိုင်းသာ ကျန်ရှိနေသေးသည်။ သူ၏ခိုင်ခံ့မှုမှာ ထိတ်လန့်စရာကောင်းလောက်အောင်ပင်။

ချန်းဟိုင် ဒိုင်းကာကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့။ သူ့ကို စွမ်းအားကြီးသည့် အားတစ်ခုဖြင့် ရိုက်လိုက်သကဲ့သို့ပင်။

ချန်းဟိုင် နောက်ယိုင်သွားသည်ကို တွေ့သည်နှင့် ထိုအမျိုးသမီးသည် သူမရှေ့ နွယ်ပင်ပေါင်း ထောင်ပေါင်းများစွာ ဆင့်ခေါ်ကာ ထိုးဖောက်၍မရသည့် အကာအကွယ်အလွှာတစ်လွှာ ဖြစ်အောင် လုပ်လိုက်သည်။

ဝှစ် .. ဝှစ်… ဝှစ်..

ချူဖုန်း ချန်းဟိုင်ထံသို့ မြှားများကို ဆက်တိုက်ပစ်လွှတ်လိုက်သည်။

ဒုတ်.. ဒုတ် .. ဒုတ်..

ချန်းဟိုင်မှာ တကယ်ကို ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။ သူသည် ဒိုင်းကာကို ဝေ့ရမ်းကာ သူ့ကိုယ်သူ လုံခြုံအောင် ကာကွယ်ထားနိုင်ခဲ့သည်။

သူ၏အာရုံများမှာ အလွန်ထက်ရှကာ မှန်ကန်သောကြောင့် သူ၏တုံ့ပြန်မှုများမှာ ပြိုင်ဘက်ကင်းပင်။

မြှားများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်နေသော်လည်း မြှားအားလုံးမှာ သူ့ဒိုင်းကာနှင့် ထိလျှင်ထိ၊ မထိလျှင် သူ ရှောင်ထွက်လိုက်နိုင်သည်ချည်းပင်။ မြှားတစ်စင်းမှ သူ့ကို မထိငေး။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤဒိုင်းကာသည် အလွန်ခိုင်မာလှပြီး နဂါးသွားဖြင့် လုပ်ထားသည့် မြှားပင် ဒိုင်းကာကို မဖောက်နိုင်။

သို့သော် စွမ်းအားမှာ မြှားခေါင်းတစ်ခုတည်း၌ ရှိနေသည်မဟုတ်။ မြှားထွက်သွားသည်နှင့် မိုးခြိမ်းသံနှင့် လျှပ်စီးများ ထွက်လာသည်။ ချန်းဟိုင်သည် မြှားကြောင့် ဒဏ်ရာမရသွားသော်လည်း လေထဲရှိ လျှပ်စီးများမှာ သူ့ထံသို့ ဦးတည်သွားနေကြသည်ပင်။ သူ့လက်နှစ်ဘက်လုံး မည်းတူးသွားပြီး သူ၏လက်မနှင့် လက်ညှိုးကြား ဟက်တက်ကွဲသွားကာ သွေးများ စီးကျလာသည်။

သူ ဒဏ်ရာရသွားသော်လည်း သိပ်မပြင်းထန်။

နောက်ဆုံး ချန်းဟိုင် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာသည်။ သူသည် လက်ထဲ၌ ဒိုင်းကာ ကိုင်ထားဆဲဖြစ်သော်လည်း နောက်ယိုင်နေလေပြီ။

“မင်းလေးက စွမ်းအားကြီးပါတယ် .. ဒါပေမဲ့ မင်းမှာ ဒီလေးပဲရှိတာ .. မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး..” ချန်းဟိုင်၏မျက်နှာထက် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဝှစ်..

နောက်ထပ်မြှားတစ်စင်း လျှပ်စီးနှင့်အတူ ပျံထွက်လာသည်။ သို့သော် ဤမြှားသည် ချူဖုန်းရပ်နေသည့်နေရာနှင့် သိပ်မဝေးသည့်နေရာ၌ ကျသွားသည်။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ မြေကြီးအက်ကွဲသွားကာ ရေပူစမ်းမှ ရေများစီးကျလာသကဲ့သို့ သွေးများ စီးဆင်းလာလေ၏။

“အား..

‘ထုရှင်းနေ’ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ မြေအောက်မှ ထွက်လာကာ နာကျင်စွာ အော်ဟစ်နေသော်လည်း မြှားမှာ သူ့ရင်ဘတ်ကို ဖောက်ထွက်သွားခြင်းဖြစ်သောကြောင့် သူသည် အလယ်မှ နှစ်ပိုင်းပြတ်သွားပြီး ထိုနေရာတွင်ပင် သေဆုံးသွားသည်။

ချူဖုန်းသည် ချန်းဟိုင်ကို မသတ်နိုင်သောကြောင့် သူ့အား အလစ်တိုက်ရန် ပြင်နေသည့် ‘ထုရှင်းနေ’ကို ပစ်မှတ်ထားလိုက်ခြင်းပင်။

ဤလူ၏ မြေကြီးနှင့်ရောနှောသွားပြီး အစရှာမရအောင် ပျောက်သွားသည့် စွမ်းရည်မှာ သူ့ကို အတော်လေး ခေါင်းကိုက်စေသည်ပင်။

သို့သော် ရန်သူတစ်ယောက်ကို ရှင်းပစ်သည်မှာ မလုံလောက်သေး။ စွမ်းအားအကြီးဆုံး ရန်သူ ရှိနေသေးသည်။

ချန်းဟိုင် ခနဲ့လိုက်ကာ ချူဖုန်းနား တိုးလာသည်။ “ငါ့ကို ကျောက်သေတ္တာပေးလိုက်..” သူ အမိန့်ပေးလာ၏၊။

ချူဖုန်း လေးကိုဆွဲကာ သူ့ကို နောက်တစ်ကြိမ် ထပ်ပစ်လိုက်သည်။

“မင်းနဲ့ငါ့ကြားက ခွန်အားနဲ့စွမ်းအား ကွာခြားချက်ကို မင်း သိလောက်ပါပြီ .. မင်းက လူသတ်ဖို့အတွက် အဲဒီလေးကို အားကိုးနေရတာ .. ဒါပေမဲ့ ဒီလေးက ငါ့အတွက် အလုပ်မဖြစ်ဘူးဆိုတာ မင်းမမြင်ဘူးလား .. မင်း ဒီနေ့တော့ သေပြီပဲ..” ချန်းဟိုင် ပြောလိုက်သည်။

ဒုတ် .. ဒုတ်..

မြှားနှင့် ဒိုင်းကာတို့ ပြင်းထန်စွာ ထိခတ်သွားသည်။ သတ္တုချင်း ထိခတ်သွားသည့်အသံဖြစ်စေ မိုးခြိမ်းသံဖြစ်စေ မည်သည့်အသံကိုမှ ချန်းဟိုင်ကို မတားဆီးနိုင်။

သူ၏ရန်သူကို မုန်းတီးသော်လည်း ချန်းဟိုင်၏စကားများမှာ တစ်နည်းတစ်ဖုံ မှန်နေကြောင်း သူ ဝန်ခံသည်။

ချူဖုန်း ခုန်းဂင်နှင့် သူ့ကိုယ်သူ နှိုင်းယှဉ်ခဲ့ဖူးသည်။

မိုးကြိုးလေးကို ဖယ်လိုက်ပြီး သူတို့ လက်ရည်ချင်းယှဉ်ကြမည်ဆိုလျှင် သူ ခုန်းဂင်နှင့် တိုက်ခိုက်နိုင်မည်မဟုတ်။

နွားဝါလေး ခုန်းဂင်အား အကြိမ်ပေါင်းများစွာ အလစ်တိုက်ခဲ့သော်လည်း ခုန်းဂင် ဘာမှဖြစ်မသွားခဲ့။ ဤသည်မှာ ခုန်းဂင်၏စွမ်းအားကို ပြသလိုက်ခြင်းပင်။

သူသည် နွားဝါထက် ခွန်အားအရာရော၊ စွမ်းအားအရာရော နိမ့်ကျသည်ပင်။

ဝှစ်..

သူ၏နောက်ထပ်မြှားတစ်စင်းမှာ ချုံထူထူထဲ ကျသွားသည်။

ဝုတ်..

ခွေးအော်သံ ထွက်ပေါ်လာသည်။ ထိုခွေး၏ခန္ဓာကိုယ်မှာ ဆွဲဆုတ်ခံလိုက်ရပြီး ထိုနေရာ၌သာ ဆိုးရွားစွာ သေဆုံးသွားလေသည်။

ချူဖုန်း ဤနေရာမှ ထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ထိုခွေး သူ့ကို အနံ့ခံနိုင်မည်စိုးသောကြောင့် သူ ထိုခွေးကို သတ်လိုက်ရခြင်းပင်။

ထိုအမျိုးသမီးနှင့် သိမ်းငှက်တို့မှာ ပို၍ ကြောက်ရွံ့နေကြလေပြီ။ သူတို့သည် အရူးကဲ့သို့ ထွက်ပြေးသွားကြလေ၏။

“ဘာလို့ ပြေးနေတာလဲ .. ပြန်လာခဲ့ .. ငါတို့ သူ့ကို အသက်ရှည်ရှည်ထားလို့မရဘူး..” ချန်းဟိုင် အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်းဟိုင် လှုပ်ရှားလာသည်။ သူသည် အလင်းအလျင်ဖြင့် ချူဖုန်းနား ကပ်သွားလိုက်သည်။ သူ၏ရန်သူကို သူ၏ပြိုင်ဘက်ကင်း လက်ဝှေ့ပညာဖြင့် ထိုးရန် ပြင်ဆင်နေခြင်းပင်။

သူ လှုပ်ရှားလိုက်သည်နှင့် နဂါးနှင့် ကျားအော်သံများ ပဲ့တင်ထွက်လာသည်။ ထိုလူ သူ့လက်မောင်းကို ဝေ့ရမ်းလိုက်သည်နှင့် ပြင်းထန်လှသည့် ဆိုင်ဂလုန်းမုန်တိုင်း တိုက်ခတ်လာလေ၏။

ရုတ်တရက် လေထဲ၌ ကျားတစ်ကောင်နှင့် နဂါးတစ်ကောင် ပုံရိပ်ဖြစ်ပေါ်လာသည်။ ထိုသားရဲများသည် အော်ဟစ်ကာ ချူဖုန်းထံသို့ ဦးတည်လာကြလေသည်။

လေပြင်းများ တိုက်ခတ်လာပြီး ဘေးပတ်လည်မှ သစ်ပင်များမှာ ပင်လယ်ထဲမှ လှေကဲ့သို့ လူးလိမ့်နေကြသည်။ သစ်ရွက်များလည်း သစ်ကိုင်းမှ ကြွေကျလာကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။

ချန်းဟိုင်၏ လက်ဝှေ့ပုံစံမှာ စုစုပေါင်း ၁၂ မျိုးရှိသည်။ ယခုအချိန်တွင် ချန်းဟိုင် ၁၂ ခုမြောက်ပုံစံကို အသုံးပြုနေခြင်းပင်။ ထိုကျားနှင့်နဂါးသည် တစ်ကောင်တည်းအဖြစ် ပေါင်းစည်းစွားကာ ရန်သူကို စတင်တိုက်ခိုက်လာကြလေသည်။

ချူဖုန်း ထိတ်လန့်သွားရသည်။ ချန်းဟိုင်သည် လက်ဝှေ့ပညာ၌ အထွဋ်အထိပ်သို့ ရောက်နေသည်မှာ သေချာသည်။ သူ၏လှုပ်ရှားမှုတိုင်းမှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည်။

ချူဖုန်း ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသည်နှင့် သူ့ညာလက်ထဲ၌ ဓားမြောင်နက် ပေါ်လာသည်။ ချူဖုန်း သူ့ဓားမြောင်ကို ဝေ့ရမ်းကာ ချန်းဟိုင်ထံ ဦးတည်သွားလိုက်သည်။

ခွပ်..

ချန်းဟိုင်မှာ စွမ်းအားကြီးလွန်းလှဿည်။ သူ့လက်ညှိုးဖြင့် ဓားမြောင်နောက်ကို တောက်ချလိုက်သည်နှင့် ချူဖုန်း လက်တုန်ခါသွားသည်။ ထို့နောက် ချူဖုန်း၏ညာလက်မှ ချက်ချင်းပင် သွေးများစီးကျလာပြီး ဓားမြောင်ပင် လွတ်ကျမတတ် ဖြစ်သွားသည်။

ချန်းဟိုင်က မကောင်းဆိုးဝါးကြီး .. သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး..

ဤလူမှာ ခုန်းဂင်ထက် အားနည်းမည်မဟုတ်ကြောင်း ချူဖုန်း သေချာသွားလေပြီ။ ဤလူမှာ သူ့ပြိုင်ဘက်မဟုတ်။ သူ ထူးခြားသည့်အသက်ရှူစည်းချက်နှင့် နွားနတ်ဆိုးလက်ဝှေ့အသုံးပြုမည်ဆိုလျှင်ပင် သူ ဤလူ၏ခွန်အားနှင့် မယှဉ်နိုင်သေး။

ချူဖုန်း ပြတ်သားစွာဖြင့်ပင် တောင်အတွင်းနက်ပိုင်းသို့ ပြေးဝင်သွားလိုက်သည်။

“မင်း ဒီနေ့ ငါ့လက်က ပြေးလွတ်မှာ မဟုတ်ဘူး..” ချန်းဟိုင် နှာခေါင်းရှုံ့လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့အနောက်ဘက်မှ အမျိုးသမီးအား အော်ဟစ်လိုက်လေသည်။ “ပြန်လာခဲ့ .. သူ့နောက်လိုက်ဖမ်း..”

“ဟုတ်ကဲ့..”ချန်းဟိုင်၏ ကြောက်စရာကောင်းသည့် စွမ်းအားကို သူမ မြင်လိုက်ရသောကြောင့် မိန်းမငယ်လေး အပြေးလေး ရောက်လာလေ၏။ သိမ်းငှက်လည်း သူတို့နှစ်ဦး တက်၍ရအောင် ခေါင်းငုံ့ပေးထားလေ၏။

ဖူး..

ရုတ်တရက် ချန်းဟိုင် လှုပ်ရှားလာသည်။ သူ ပါးတစ်ချက်ရိုက်လိုက်သည်နှင့် ထိုအမျိုးသမီး၏ခန္ဓာကိုယ်သည် လေလျော့သွားသည့် ပူဖောင်းတစ်လုံးကဲ့သို့ ပြိုကွဲသွားလေသည်။

အမျိုးသမီးမှာ စွမ်းအားကြီးသည့် သန္ဓေပြောင်းလူတစ်ဦးဖြစ်သော်လည်း ပါးတစ်ချက် ရိုက်ခံလိုက်ရသည်နှင့် အသားပုံကြီး ဖြစ်သွားလေသည်။

သိမ်းငှက်လည်း ထိတ်လန့်သွားရသည်။ သူ ထွက်ပြေးရန်ပြင်သည့်အချိန်တွင် ချန်းဟိုင် သူ့လက်ဖြင့် သိမ်းငှက်ကိုဖမ်းလိုက်ကာ သိမ်းငှက်ကျောပေါ်သို့ တက်စီးလိုက်သည်။ “အဲဒီလူနောက်လိုက်..”

သူ၏ ကြီးစိုးသည့်အသံကြောင့် သိမ်းငှက် တုန်ယင်နေလေပြီ။ ငှက်သည် သူ့သခင်အမိန့်ကို မလွန်ဆန်ရဲ။ အမိန့်အတိုင်း တောင်အတွင်းဘက်သို့ ဦးတည်သွားလိုက်သည်။

ဖြစ်ပျက်သမျှအရာအားလုံးကို ချူဖုန်း မြင်လိုက်ရသည်ပင်။ ချန်းဟိုင်မှာ တကယ်ကိုသွေးအေးသည့်သူပင်။ သူ့လူကိုပင် သူ ပြန်သတ်ပစ်နေသည်။

ချန်းဟိုင် ကျောက်သေတ္တာအား မျက်စိကျနေသည်ပင်။ ထိုသေတ္တာကို သူ လိုချင်သောကြောင့် သတင်းပေါက်ကြားနိုင်သည့် ထိုအမျိုးသမီးအား သွေးအေးစွာ သတ်ပစ်လိုက်ခြင်းပင်။

“မင်း ဘယ်မှ ပြေးလွတ်မှာမဟုတ်ဘူး သားလေး .. အဲဒီသေတ္တာက ငါ့ဟာပဲ..” ချန်းဟိုင် အေးစက်စွာ ပြောလိုက်သည်။

ချူဖုန်း ရှေးတောင်တစ်လုံးထဲသို့ ပြေးဝင်သွားလိုက်သည်။ ယခုအချိန်တွင် ဤကဲ့သို့သော တောင်မျိုးမရှား။ သူသည် ဤကဲ့သို့သော တောင်မျိုးတွင် လေ့ကျင့်ခဲ့ခြင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်နှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။

“ဟမ်..”

ရှေးတောင်ထဲသို့ ဝင်လိုက်သည်နှင့် ချန်းဟိုင် မျက်မှောင်ကြုတ်သွားရသည်။ ဤနေရာတွင် မြူများ အုံ့ဆိုင်းနေသောကြောင့် သူ့အမြင်အာရုံများ ပိတ်ဆို့ခံထားနေရသည်။

တစ်ချိန်တည်းမှာပင် သိမ်းငှက်လည်း တုန်ယင်လာသည်။

အဘယ်ကြောင့်ဆိုသော် ဤတောင်၌ နေနေသည့် မကောင်းဆိုးဝါးသားရဲများစွာ ရှိနေသည်။ ဆက်တိုက်ထွက်ပေါ်လာသည့် သားရဲအော်သံများနှင့်အတူ ရံဖန်ရံခါ မြင်နေရသည့် အသားစားငှက်များကြောင့် သိမ်းငှက်ကြီး ကြောက်ရွံ့လာရသည်။

ဝုန်း..

မီတာ ၁၀ ရှိသည့် ငှက်တစ်ကောင် ရုတ်တရက် လေထဲ၌ ပေါ်လာလေသည်။ သိမ်းငှက်မှာ ကြောက်လွန်းသောကြောင့် အောက်ဘက်ရှိ တောအုပ်ထံသို့ အမြန်ဆင်းသွားလိုက်သည်။ သူ လေထဲရှိ အခြားငှက်ကြီးများကို မယှဉ်ရဲ။

“အသုံးမဝင်တဲ့အမှိုက်ကောင်..”

ချန်းဟိုင် ဒေါသထွက်လာသည်။ သိမ်းငှက် မြေပြင်ပေါ် ဆင်းသက်တော့မည့်အချိန်တွင် ချန်းဟိုင် ငှက်ခေါင်းပေါ်ကို တက်နင်းလိုက်လေ၏။ ငှက်ခေါင်း ကြွေမွသွားကာ ငှက်လည်း ဆိုးရွားစွာ သေဆုံးသွားရသည်။

တစ်ချိန်တည်းမှာပင် မီတာ ၂၀ ရှည်သည့် အသားစားငှက်လည်း သူ့အစာထံသို့ ထိုးဆင်းလာသည်။ သူ၏အတောင်ပံများမှာ ငွေရောင်တောက်ပနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ချန်းဟိုင်နားသို့ ရောက်လာသည်။

“မင်းက သနားစရာကောင်းတဲ့ငှက်ပဲ … မင်းက ငါ့ကို ဒီလိုမျိုးမလေးမစား ဆက်ဆံရဲတယ်ပေါ့..”

ချန်းဟိုင်သည် သူ့ဒိုင်းကာကို ပြန်သိမ်းလိုက်ပြီး ဝက်ဝံတစ်ကောင်၏ပုံရိပ်ကို ဖန်တီးလိုက်သည်။ ဤသည်မှာ သူ ရ,ထားသည့် လက်ဝှေ့ပုံစံ ၁၂ မျိုးထဲမှ တစ်မျိုးပင်။ ထို့အပြင် သူ လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက်သည်။

ဖူး..

တစ်ခဏအတွင်းမှာပင် မီတာနှစ်ဆယ်ရှည်သည့် ငှက်ကြီး ပေါက်ကွဲသွားကာ ခန္ဓာကိုယ်မှာ အသားနှင့်သွေး အရောအနှောဖြစ်သွားကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

ဤငှက်သည် အပြင်ဘက်၌ ရှိနေသည့် သန္ဓေပြောင်းလူများအတွက်တော့ အထင်ကြီးစရာကောင်းသည့် ရန်ဘက်တစ်ဦးပင်။ သူ့အား ဆယ်ယောက်တစ်စု ဝိုင်းတိုက်လျှင်ပင် အနိုင်ယူနိုင်မည်မဟုတ်။ သို့သော် ချန်းဟိုင်ကတော့ ဤငှက်ကို သတ်ရန် စက္ကန့်ပိုင်းသာလိုသည်။

ဤလူ၏စွမ်းအားမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

“ဟိုကောင် ဘယ်ရောက်သွားပြီလဲဆိုတာ ကြည့်ရအောင်..” ချန်းဟိုင် ခနဲ့လိုက်သည်။ ထို့နောက် ခြေလှမ်းကျယ်များဖြင့် တောင်ထဲသို့ ဝင်သွားလိုက်လေသည်။

“ဂါး..”

ထူထဲလှသည့် မြူထဲမှ ကြီးမားလှသည့် သားရဲကြီးတစ်ကောင် ပေါ်လာသည်။ ဤသားရဲသည် တစ်ကိုယ်လုံး ရွှေရောင်အမွေးများ ဖုံးလွှမ်းနေပြီး လူဝံကြီးနှင့်တူသည်။ ဤအကောင်သည် အနည်းဆုံး ၁၅ မီတာမြင့်ပြီး သူ့ထံမှ သွေးညှီနံ့များ ရနေသည်ပင်။

“မင်းသေချင်နေတာပဲ..”

ချန်းဟိုင်သည် ပြေးဝင်လာသည့် သားရဲကို ရှောင်ရှားခြင်းမရှိသည့်အပြင် ထိုသားရဲထံသို့ပင် ပြေးဝင်သွားသေးသည်။ ထို့အပြင် သူသည် နဂါးပုံစံလက်သီးချက်များကို အသုံးပြုကာ ဝုန်းကနဲ သားရဲကြီးကို ဖောက်ထွက်သွားလေသည်။

သူ့အနောက်ဘက်တွင် သွေးများမှာ အပေါက်မှ ရေများစီးကျနေသကဲ့သို့ စီးကျနေသည်။ ရွှေရောင်အမွေးနှင့် လူဝံကြီးသည် စူးရှစွာ အော်ဟစ်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အသားနှင့်သွေးပုံကြီးဖြစ်သွားလေသည်။

ချန်းဟိုင်သည် နောက်ဆုံးတော့ ပတ်ဝန်းကျင်အသစ်ကို ရင်းနှီးစပြုလာသည်။ တစ်ခါတစ်ရံပေါ်လာသည့် သားရဲများသည် သူ့ကို စက္ကန့်ပိုင်းသာ တားဆီးနိုင်သည်။

သားရဲများ မည်မျှစွမ်းအားကြီးနေပါစေ ဤလူ၏ လက်ဝှေ့ပညာနှင့်ယှဉ်လျှင် သူတို့စွမ်းအားများမှာ နိမ့်ပါးလွန်းသည်။

တောင်ထဲ၌ နေထိုင်သည့် သားရဲများအတွက်တော့ ချန်းဟိုင်မှာ သူတို့အသက်ကို လာချွေသည့် နတ်ဆိုးတစ်ကောင်ပင်။

နောက်ဆုံးတွင်တော့ တောင်တစ်ခုလုံး တိတ်ဆိတ်သွားလေပြီ။ သားရဲတစ်ကောင်မှ သူတို့အသိုက်ထဲမှ ထွက်မလာရဲကြတော့။

ချူဖုန်း ရှေးဟောင်းတောင်၏ အတွင်းနက်ပိုင်းထဲသို့ ထွက်ပြေးနေသည်။

“ကြည့်ရတာ ငါ အဲဒီထင်းရှူးစေ့တွေကို စားရုံကလွဲပြီး တစ်ခြား‌ ရွေးချယ်စရာမရှိတော့ဘူးထင်တယ်..”

ယခုအချိန်ထိ ချူဖုန်း တွေဝေနေဆဲပင်။

“ထင်းရှူးစေ့ ၁၂ စေ့ကို ငါ့မိဘတွေအတွက် သိမ်းထားချင်တာ .. ဒါပေမဲ့ အခုတော့ ငါ စားရတော့မယ်..” ချူဖုန်း သက်ပြင်းချလိုက်သည်။

သို့သော် သူ ထိုအစေ့များကို မစားခင် ချန်းဟိုင် လက်မှ လွတ်အောင်ပြေးပြီး တိတ်ဆိတ်သည့်နေရာတစ်ခုကို ရှာရလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အစေ့များ အလုပ်လုပ်ရန်အတွက် အချိန်လိုအပ်သည်ပင်။

ထို့နောက် သူ့ဘေးပတ်လည်တွင် လန်းဆန်းသည့်ရနံ့တစ်ခုကို သူရလိုက်သည်။

သူ့လက်ထဲ၌ ကျောက်သေတ္တာကို ကိုင်ထားဆဲဖြစ်သောကြောင့် ကျောက်သေတ္တာအဖုံးနေရာနေရွေ့နေသည်ကို သူ သတိထားမိသွားသည်။ သေတ္တာထဲမှ အစေ့သည် အမြစ်တွယ်ကာ အညှောင့်လေး ပေါက်နေပြီဖြစ်သည်။

ထိုအညှောင့်သည် လျင်မြန်စွာပင် ကြီးထွားနေပြီး တစ်ရက်တည်းဖြင့် ပန်းပွင့်ကာ အသီးသီးလာတော့မည်။

အပိုင်း ၇၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset