ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၆ – လိုက်လံသတ်ဖြတ်ခြင်း
သူ ပြဿနာ ထပ်မရှာချင်တော့။ သူ အေးအေးချမ်းချမ်းသာ နေလိုသည်။ သို့သော် အချို့လူများသည် အမှားကို ဝန်မခံပဲ ကိစ္စများကို လက်မလွှတ်နိုင်ဖြစ်နေကြသည်။ သူတို့ သူ့ကို တွန်းအားပေးလာသောကြောင့် သူကလည်း ပြန်တိုက်ရမည်ပင်။
ဒီတစ်ခေါက်က ဘယ်သူလဲ .. ရှုဝမ်ရိလား၊ မူမိသားစုလား ဒါမှမဟုတ် ငွေတောင်ပံလား..
ပထမနှစ်ယောက်ကို သူပို၍ သံသယဝင်မိသည်။ နှစ်ယောက်လုံးမှာ တစ်နိုင်ငံလုံးတွင် အဆက်အသွယ်ရှိကြပြီး သွေးအေးရက်စက်ကြသည်။ သူတို့ကို ဆန့်ကျင်သည့်သူမှန်သမျှအား စစ်ဆေးမေးမြန်းခြင်းမရှိ သတ်ပစ်မည့်သူများပင်။
သူတို့သည် ရန်သူတစ်ယောက်ကို အလွတ်ပေးလိုက်ခြင်းထက် အပြစ်မဲ့သည့်သူတစ်ထောင်ကိုသာ သတ်ပစ်လိုက်မည့် လူစားမျိုးပင်။ သူတို့သည် လူ့အသက်ကို တန်ဖိုးမရှိသလို ဆက်ဆံကြသည်။
ဤသုံးယောက်ထဲတွင် မူမိသားစုမှာ အင်အားအကြီးဆုံးပင်။ သူပြီးလျှင် ရှုဝမ်ရိပင်။ သူမ လင်းရဲယုအာဏာကို သုံး၍ရသည်။ ငွေတောင်ပံကိုတော့ သူ ဖယ်ထုတ်ပစ်လိုက်သည်။ ငွေတောင်ပံသည် စွမ်းအားကြီးသည့် တိုက်ခိုက်သူတစ်ဦးဖြစ်သော်လည်း သူ့ထံတွင် အဆက်အသွယ်မရှိသလို အာဏာလည်းမရှိ။
သူ့ရင်ထဲ၌ ဒေါသမီး တောက်လောင်နေသည်။ ဤလူများ သူတို့ရမ်းကားမှုအတွက် ပြန်ပေးဆပ်ရမည်ဟု သူ ကျိန်ဆိုလိုက်သည်။ ထိုပြန်ပေးဆပ်မှုသည်လည်း သွေးဖြင့်သာ ဖြစ်လိမ့်မည်။
လမ်းပျက်ကြီးတစ်လျှောက်တွင် တောအုပ်ကြီး ထူထပ်နေပြီး ချူဖုန်းကို တားဆီးရန်အတွက် သားရဲမျိုးစုံ ထွက်လာကြသည်။
ချူဖုန်း သူတို့နှင့် ဆော့ကစားလိုစိတ်မရှိ။ ဤသားရဲများကို လွယ်လွယ်ကူကူပင် သတ်ပစ်ပြီး ခရီးဆက်လိုက်သည်။
သူ့မိဘများကို စိတ်ပူသောကြောင့် အိမ်ကို ချက်ချင်းပင် ပြန်ရောက်ချင်နေပြီဖြစ်သည်။
…
ကျန်းနင်ရှိ ဗီလာအိမ်ရာတွင်…
ရှုဝမ်ရိသည် လင်းရဲယု၏ဦးရေပြားကို နှိပ်နှယ်ပေးရင်း တီးတိုးပြောနေသည်။ သူမပုံစံသည် တစ်ခုခုအား တင်ပြနေသလိုပင်။
“ဝမ်နင်သေသွားတဲ့အတွက် ကျွန်မ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ် .. ဒီအဖြစ်အပျက်မှာ ဘောဓိက သံသယဝင်ဖို့ အကောင်းဆုံးပဲ .. အဲဒီညက သူတို့တွေ ဒိမ်ဒီကို ဝင်စီးခဲ့တာ .. ပြီးတော့ ဝမ်နင်က အဲဒီညမှာ သေသွားတာပဲ”
“ဝမ်နင်နဲ့ မူတို့နှစ်ယောက်လုံးက အရင်တုန်းက ချူဖုန်းကို အရမ်းနှောက်ယှက်ထားလို့ ကျွန်မက ချူဖုန်းကို သံသယဝင်နေတာပါ..” ရှုဝမ်ရိ ပြောလိုက်သည်။
ထို့နောက် သူမ ခေါင်းခါလိုက်ကာ “ကျွန်မညီမသေဆုံးမှုမှာ ချူဖုန်းတာဝန်ရှိတယ်ဆိုတဲ့ သက်သေမရှိဘူးဆိုတော့ ကျွန်မ သူ့ကို လွှတ်ပေးလိုက်ပါ့မယ်”
ရှုဝမ်ရိချိုသာစွာ ပြုံးလိုက်ပြီး ဆွဲဆောင်မှုရှိသည့်မျက်လုံးများဖြင့် လင်းရဲယုကို ကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းများမှာ စိုရဲတောက်ပနေသောကြောင့် ပို၍ စွဲမက်ဖွယ်ကောင်းနေသည်။
အမှန်တကယ်တွင် မကြာသေးခင်ကမှ သူမ မူမိသားစုကို ဆက်သွယ်ပြီး ချူဖုန်းနှင့် ပတ်သက်ပြီး သူမ သံသယဝင်နေသည့်အကြောင်းအရာများအားလုံးကို ပြောပြထားခဲ့ခြင်းပင်။ လတ်တလော သူမ ချူဖုန်းကို မနှောက်ယှက်တော့သော်လည်း မူမိသားစုများက အငြိမ်နေမည်မဟုတ်။
မူ၏သေဆုံးမှုမှာ ကိစ္စကြီးတစ်ခုပင်။
မူသည် သူတို့မိသားစုတွင် အငယ်ဆုံးဖြစ်သောကြောင့် မိသားစုမှ အကြီးအကဲများ၏ ရင်နှစ်သည်းခြာလေးပင်။ ထို့ကြောင့်လည်း သူ မူမိသားစုကို ဆက်သွယ်ခဲ့ခြင်းပင်။
မူကို နွားနတ်ဘုရားဟုခေါ်သည့် သွေးအေးလူသတ်သမားမှ မြွေဖြူတောင်တွင် သတ်ခဲ့သည်။ သူ သေဆုံးသွားကတည်းက သူ့မိသားစုသည် သတ်သည့်သူကို ရှာဖွေနေခဲ့ခြင်းပင်။
ရှုဝမ်ရိ၏အပြုံးမှာ အတော်လေး ချိုမြိန်နေသည်။ စုံစမ်းစစ်ဆေးမှုရလဒ်ထွက်လာမည့်အချိန်ကို သူမ စောင့်နေရုံသာ။ ဤသေဆုံးမှု၌ ချူဖုန်းအပြစ်ကင်းသည်ဆိုသည်လျှင် စုံစမ်းမှု ပြီးဆုံးသည်နှင့် ချူဖုန်းလည်း အရေခွံနွှာခံရပြီးသားဖြစ်မည်ကို သူမသိသည်။
သူမ မှန်သည်။ မူမိသားစုသည် တကယ်ကို လှုပ်ရှားနေကြပြီဖြစ်သည်။
ယခုတလော သူတို့ ခုန်းဂင်နောက်လိုက်နေသည်။ ခုန်းဂင်မှတစ်ဆင့် နွားနတ်ဘုရား မည်သူဖြစ်သည်ကို သူတို့စုံစမ်းမည်။
သတ်သည့်သူမှာ ဘောဓိအုပ်စုနှင့် အဆက်အစပ်ရှိလိမ့်မည်ဟု သူတို့ထင်သည်။
မြွေဖြူတောင်၌ တိုက်ပွဲမဖြစ်ခင် တစ်ရက်အလိုတွင် သူသည် တိုက်ပွဲတစ်ခု၌ သန္ဓေပြောင်းလူ ၁၈ ဦးကို ဆုံးရှုံးခဲ့ကြောင်း မူ မိသားစုကို ပြောပြခဲ့ဖူးသည်။ သန္ဓေပြောင်းလူ ၁၈ ဦးလုံးသည် သူတို့တိုက်ရည်ခိုက်ရည်များ တိုးတက်လာစေရန်အတွက် နောက်ဆုံးပေါ်ဆေးများ သောက်သုံးထားခဲ့သည်ဟု ပြောသည်။
ထိုတိုက်ပွဲကို စစ်ဆေးခဲ့သည့်သူများ၏ ပြောစကားအရ သန္ဓေပြောင်းလူ ၁၈ ဦးလုံးကို လူတစ်ယောက်တည်းမှ သတ်ခဲ့သည်ပင်။
ထိုတုန်းက ခုန်းဂင်သာ ဤကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
ထို့အပြင် ခုန်းဂင်သည် ထိုအချိန်က ထိုနေရာတစ်ဝိုက်၌ ရှိနေခဲ့ကြောင်း အတည်ပြုပြီးသွားပြီဖြစ်သည်။
“ခုန်းဂင် တိုင်ဟန်းတောင်ကနေ ထွက်လာပြီလား..” လူတစ်ယောက် မေးလိုက်သည်။
“ဟင့်အင်း .. ထွက်မလာသေးဘူး..” သန္ဓေပြောင်းလူတစ်ဦး ပြန်ဖြေလိုက်၏။
တိုက်ပွဲပြီးဆုံးသွားသည်မှာ ရက်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ခုန်းဂင်သည် ထိုတောင်၌ လှည့်ပတ်သွားနေဆဲပင်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခု ရှာနေသလိုပင်။
မူမိသားစုသည် အတော်ဆုံး တိုက်ခိုက်ရေးသမားများ စေလွှတ်ကာ သူ့ကို ခြေရာခံခိုင်းခဲ့ပြီးသားပင်။
ခုန်းဂင်က ဘယ်သူ့ကို ရှာနေတာလဲ ..
သူ ရှာနေသည်မှာ ထိုနွားများပင်။ ထိုနွားများ၏ အလစ်တိုက်ခိုက်ခြင်းခံလိုက်ရသည့်ကိစ္စကို သူ ယခုထက်ထိ ဒေါသထွက်နေဆဲပင်။
သို့သော် သူသည် အခြားတစ်ယောက်အစား အပြစ်တင်ခံနေရသည်ကိုတော့ သူမသိသေး။ သူသည် သန္ဓေပြောင်းလူ ၁၈ ဦး သေဆုံးမှုအတွက် အပြစ်ပုံချခံနေရသည်။
“အခုက ငါတို့လုပ်ရခက်နေတယ် .. အခုလောလောဆယ်တော့ ငါတို့ ခုန်းဂင်ကို ဘာမှလုပ်လို့မရသေးဘူး… ပြီးတော့ သူကိုယ်တိုင်ကလည်း စွမ်းအားကြီးတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် .. ဆရာချန်းဟိုင်တောင်မှ သူ့ကို မသတ်နိုင်လောက်ဘူး .. ချူဖုန်းကတော့..” မူမိသားစုမှ တစ်စုံတစ်ဦး အမိန့်ထုတ်ပြန်လိုက်သည်။
ထိုလူစကားကို နားထောင်လိုက်သည်နှင့် ဆရာချန်းဟိုင်ဆိုသည်မှာ ထူးခြားသည့်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ သူ့အစွမ်းအစမှာ မူမိသားစုမှလူများပင် သူ့ကို လေးလေးစားစားခေါ်ရလောက်အောင်အထိ ကြောက်စရာကောင်းလှသည်။ ချန်းဟိုင်သည် ခုန်းဂင်နောက်လိုက်နေသည့်သူများအား ဦးဆောင်နေသည့်လူပင်။ သူသည် လက်ဝှေ့ဆရာတစ်ဦးပင်။ နှစ်ပေါင်းများစွာကြာအောင် လက်ဝှေ့လေ့ကျင့်ခဲ့သူတစ်ဦးဖြစ်သောကြောင့် သူ့ကို ယှဉ်ပြိုင်နိုင်သည့်သူရှားလှသည်။
“ဆရာချန်းဟိုင်က ငါတို့ ရှာနိုင်တဲ့ သာမန်အသီးကိုပဲ စားထားတာ .. အဲဒီအသီးတွေကို သူ့ကိုသိပ်ပြီးတော့ မပြောင်းလဲစေနိုင်ခဲ့ဘူး .. တစ်နေ့ .. တစ်နေ့ကျရင် ငါတို့သူ့အတွက် အထူးဆန်းဆုံးအပင်က အထူးဆန်းဆုံးအသီးကို ရှာပေးမယ် .. ငါတို့ သူ့ကို ဒီကမ္ဘာမှာ စွမ်းအားအကြီးဆုံး တိုက်ခိုက်ရေးသမားဖြစ်အောင် လုပ်ပေးမယ်..”
“ဆရာချန်းဟိုင်ကို ကူဖို့အတွက် တတ်နိုင်သလောက် လူခေါ်သွားလိုက်..” မူမိသားစုရှိ အရေးကြီးပုဂ္ဂိုလ်တစ်ဦးမှ အမိန့်ပေးလိုက်သည်။
“ဆရာချန်းဟိုင်ရဲ့ လက်ဝှေ့ပညာက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ .. သူ့ကို ဘယ်သူမှ မယှဉ်နိုင်သလို ဘယ်သူမှလည်း ယှဉ်ချင်မှာမဟုတ်ဘူး .. သာမန်လူတစ်ယောက်ကို သတ်ဖို့အတွက် သူ ကျွန်တော်တို့အကူအညီကို လိုလို့လား..” လူအုပ်ထဲမှ လူတစ်ဦး ပြောလိုက်သည်။
“ချူဖုန်းက နွားနတ်ဘုရား ဟန်ဆောင်ထားတဲ့သူဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဖြစ်နိုင်ချေအားလုံးအတွက် ငါတို့ပြင်ဆင်ထားဖို့လိုတယ်..”
“ဟုတ်ကဲ့ပါ ဆရာ..”
…
ညအချိန် အမှောင်ထုထဲ၌ မီးပုံတစ်ခု တောက်လောင်နေသည်။
ချူဖုန်းသည် တောင်ဂတုံးများသာရှိသည့်နေရာတစ်ခု၌ ရောက်နေသည်။ သူသည် ရစ်ငှက်တစ်ကောင်ကို မီးပုံပေါ်၌ စိတ်ရှည်လက်ရှည်ပင် ကင်နေသည်။ ရစ်ငှက်လည်း သန္ဓေပြောင်းငှက်ပင်။ သို့သော် သူ၏ပြောင်းလဲမှုမှာ အခြားသူများနှင့်မတူ။ သူ့အရွယ်အစားမှာ ပုံမှန်အတိုင်းသာဖြစ်သော်လည်း ခွန်အားကတော့ အဆပေါင်းများစွာ တိုးလာသည်။ သူ့နှုတ်သီးသည် သံပြားကိုပင် လွယ်လွယ်ကူကူ ထိုးဖောက်နိုင်သည်။
သို့သော် သူသည် ချူဖုန်းလက်မှ လွတ်မသွား။ ယခုတော့ ချူဖုန်း ပန်းကန်ပြားပေါ်၌ အရသာရှိသည့် ဟင်းတစ်ခွက် ဖြစ်သွားလေပြီ။ ထိုခွန်အားများ အလကားဖြစ်သွားပြီဖြစ်သည်။
“ဟမ့် .. မင်းက စားကောင်းမှာ သေချာတယ်..”ချူဖုန်း ပြောလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ အနည်းငယ်လည်း စိတ်ပူမိသည်။ သန္ဓေပြောင်းသားရဲနှင့် ငှက်များ၏ အရေအတွက်မှာ တဟုန်ထိုး တိုးတက်လာပြီး အားလုံးမှာ လူသားများကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်ကြသည်။ လူသားတို့သည် ယခုအချိန်တွင် မည်သည့်လောက၌ နေနေရသနည်း .. လူသားတို့အနာဂတ်မှာ မည်ကဲ့သို့ ဖြစ်လာမည်နည်း..
ဗိုက်ပြည့်အောင် စားပြီးသည်နှင့် ချူဖုန်း ကျောက်သေတ္တာကို ထုတ်လိုက်သည်။ တောက်ပသည့်လရောင်အောက်တွင် မြေကြီးထဲ မြှုပ်ထားသည့် အစေ့မှာ ပို၍တောက်ပလာသည်။
အဖုံးဖွင့်လိုက်သည်နှင့် အစိမ်းရောင်အစေ့ကို သူ မြင်လိုက်ရသည်။ ထိုအစေ့မှာ စွမ်းအားအပြည့်ပင်။
ရုတ်တရက် ချူဖုန်း ခေါင်းမော့လိုက်သည်။ သူ၏အန္တရာယ်အသိစိတ်မှာ သူ့ကို ကျောက်သေတ္တာအား မြန်မြန်သိမ်းခိုင်းနေသည်။ သူ အသက်အောင့်ထားပြီး ညကောင်းကင်ကို မော့ကြည့်လိုက်သည်။
တောင်မျက်နှာပြင်အနားတွင် ပျံသန်းနေသည့် ငှက်တစ်ကောင်ရှိနေသည်။ ထိုငှက်၏ခန္ဓာကိုယ်မှာ အနည်းဆုံး ခြောက်မီတာခန့် ရှိနေသည်ပင်။
ဤသည်မှာ သန္ဓေပြောင်းလင်းယုန် သို့မဟုတ် သန္ဓေပြောင်းသိမ်းငှက်ပင်။ သူ၏အတောင်ပံများမှာ ရွှေရောင်သန်းနေသည်။ သူ၏မျက်လုံးများမှာ ကြောက်စရာကောင်းလှသည်ပင်။ ဤငှက်ကြီးကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း ထိတ်လန့်သွားရသည်။ ဤအကောင်သည် သန္ဓေပြောင်းသိမ်းငှက်ဖြစ်ရုံသာမက ယဉ်ပါးသည့်အကောင်တစ်ကောင်လည်း ဖြစ်နေသည်။
သိမ်းငှက်ကျောပေါ်တွင် လူသုံးယောက်နှင့် ခွေးတစ်ကောင် ရှိနေသည်။ သူတို့သည် ဤသားရဲသခင်ကဲ့သို့ သိမ်းငှက်အားစီးနေကြသည်ပင်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို ချူဖုန်း ပထမဆုံး မြင်ဖူးခြင်းပင်။ ရက်စက်ပုံပေါ်သည့် သားရဲကြီးမှာ ဤလူများ၏လက်အောက်၌ နာနာခံခံရှိနေသည်မှာ သူ့အတွက်တော့ ထိတ်လန့်ဖွယ် ကောင်းလှသည်။
ဝှစ်..
လူတစ်ဦး ခြောက်ပေအမြင့်မှ မြေပြင်ပေါ်သို့ ခုန်ဆင်းလာသည်။
ဘုန်း .. ထိုလူသည် လှံတစ်ချောင်းမြေပြင်ထက်၌ ထိုးစိုက်သွားသကဲ့သို့ တည့်တည့်မတ်မတ်ပင် ကျလာသည်။ ထိုလူ့ထံတွင် ကြည်လင်တောက်ပနေသည့် မျက်ဝန်းတစ်စုံ ရှိနေ၏။ သူသည် ပိန်ပါးသည့်လူတစ်ဦးဖြစ်သော်လည်း သူ့ခန္ဓာကိုယ်တွင် အံ့အားသင့်စရာကောင်းသည့် စွမ်းအားများ ပြည့်နှက်နေသည်။
သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်၌ တောက်ပနေသည့် အလွှာတစ်လွှာရှိနေသောကြောင့် ဤလူမှာ အန္တရာယ်များသည့်လူဖြစ်ကြောင်း သိနိုင်သည်။
ဤလူမှာ သူစီးနင်းလာသည့် သိမ်းငှက်ထက်ပင် ကြောက်စရာကောင်းလိမ့်မည်ဟု ချူဖုန်း ခံစားလိုက်ရသည်။
ထို့နောက် သိမ်းငှက်သည် အောက်ဆင်းလာကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ဆင်းနိုင်အောင် လုပ်ပေးလိုက်သည်။
အမျိုးသားမှာ လူပုလေးပင်။ သူ့အရပ်မှာ ၁၄၀ စင်တီမီတာခန့်သာ ရှိလိမ့်မည်။
အမျိုးသမီးမှာ အတော်လေး လှပလှသည်။ သူမသည် ပိန်ပါးသွယ်လျပြီး ကျက်သရေ ရှိလှသည်။ သူမ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် နွယ်ပင်များ ပေါက်လာပြီး သူမကို ဝန်းရံလာသည်။
“ဝုတ်..”
ခွေးမှာ သိမ်းငှက်ကြီးပေါ်၌ ရှိနေဆဲပင်။ ဤသည်မှာ အလျားတစ်ပေပင် မရှိသည့် ခွေးပေါက်လေးပင်။ သို့သော် သူ့ထံ၌ အလွန်ကောင်းသည့် အနံ့ခံအာရုံ ရှိနေသည့်ပုံပင်။ သူ့ထံ၌ ထူးဆန်းသည့်အရာ တစ်ခုခုအား အာရုံခံမိသည့်ပုံဖြင့် သူ့ကိုကြည့်ကာ ဟောင်နေသည်။
“ချူဖုန်းလား..” ထိုအမျိုးသမီး ပြုံး၍ ပြောလာသည်။ သူမ၏မျက်ဝန်းများမှာ တောက်ပနေသည်။ သူမသည် လှပလှသည့် ဆံပင်ကို သပ်တင်လိုက်ပြီး နွယ်ပင်များနောက်၌ ရပ်နေလေသည်။ သူမသည် နွယ်ပင်များမှ ဖူးပွင့်လာသည့် ပန်းပွင့်ဖူးလေးများကဲ့သို့ စွဲမက်ဖွယ် ကောင်းလှသည်။
ဤအုပ်စုမှာ သူ့နောက်သို့ လိုက်နေခြင်းဖြစ်ကြောင်း ချူဖုန်း နားလည်သွားလေပြီ။ သိမ်းငှက်၏အလျင်၊ ခွေးပေါက်၏ အနံ့ခံအာရုံတို့ဖြင့် သူ့နောက် လိုက်လာကြခြင်းပင်။
လူလတ်ပိုင်းအမျိုးသားမှာ ရန်လိုနေသည့်ပုံပင်။ သူသည် ချူဖုန်းကို စိုက်ကြည့်နေလေ၏။
“ငါ့ကိုပေး..” လူလတ်ပိုင်းအမျိုးသား နာမည်မှာ ချန်းဟိုင်ပင်။
သူသည် မူမိသားစုမှ လွှတ်လိုက်သည့်သူဖြစ်ပြီး သူ့တာဝန်မှာ ချူဖုန်း နွားနတ်ဘုရား ဟုတ်ဟုတ်မဟုတ်ဟုတ် ချူဖုန်းကို ရှင်းပစ်ရန်ပင်။ ချူဖုန်း လက်ထဲမှ အစိမ်းရောင်ပစ္စည်းလေးကို မြင်သည့်အချိန်တွင်တော့ ခြောက်လှန့်ပြီး တောင်းယူလေတော့သည်။
“ခင်ဗျား ဘယ်သူလဲ..” ချူဖုန်း မေးလိုက်၏။ အရင်ဆုံး ဤလူများအကြောင်းကို သူ ရှင်းရှင်းလင်းလင်းသိချင်သည်။
ဝှစ်..
မျက်နှာ ဖြူဖပ်ဖြူလျော်နှင့် လူပုမှာ ရုတ်တရက် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
“ဟမ်..” ချူဖုန်းထိတ်လန့်သွားရ၏။ အန္တရာယ်မှာ သူ့ခြေထောက်အောက်မှ လာနေခြင်းဖြစ်ကြောင်း သူ့အသိစိတ်မှ ပြောပြနေသည်။
ဖုန်း..
သူ လေထဲသို့ ခုန်တက်လိုက်သည်နှင့် သူ ရပ်နေခဲ့သည့်နေရာမှ ချွန်ထက်သည့်ဓားတစ်လက် ထွက်လာသည်။ သူသာ ထိုဓားကို မရှောင်လိုက်နိုင်လျှင် သူ့ခြေထောက် နှစ်ပိုင်း ပြတ်သွားလောက်လေပြီ။
ဤလူ မြေအောက်ထဲသို့ ဝင်နိုင်ခြင်းမှာ သူ့ကို ထိတ်လန့်သွားစေခဲ့သည်။
ဝုန်း..
ထိုးထွက်လာသော ဓားချက်ကို ချူဖုန်း ထပ်ရှောင်လိုက်သည်။ သူခြေထောက်အောက်မှ မြေကြီးများ အက်ကွဲလာကာ ကျောက်တုံးများ၊ သဲများ လွင့်စင်လာသည်။
ချူဖုန်းမျက်နှာထက်၌ ပုံမှန်မဟုတ်သည့်အကြည့်များ ဖြစ်ပေါ်လာသည်။ ဤလူ၏အရည်အချင်းမှာ ထူရှင်းနေကဲ့သို့ဖြစ်နေသည်။
ဝုန်း..
ထိုလူ တတိယအကြိမ် တိုက်ခိုက်လာသည်။ ချူဖုန်း မရှောင်တော့ပဲ မြေကြီးပေါ်သို့ နင်းချလိုက်သည်။ သူ့လက်သီးချက်များသည် ကျောက်တုံးကိုပင် အက်ကွဲစေနိုင်သောကြောင်င့ သူ့ခြေစောင့်ချက်လည်း မြေကြီးကိုပင် အက်ကွဲသွားစေသည်။
ထို ‘ထူရှင်းနေ’ ထွက်လာမည့်အချိန်ကို စောင့်ပြီး သူ့လက်သီးဖြင့် ထိုးနှက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် မြေကြီးအက်ကွဲသွားသည့်အချိန်တွင် မည်သည့်အပေါက်မှ မရှိသလို လှိုဏ်ခေါင်းလည်းမရှိ။ ထိုလူသည် မြေကြီးထဲမှ ရေကဲ့သို့ မြေကြီးနှင့် ရောနှောနေနိုင်သည့်ပုံပင်။ သူ ထိုလူကို ရှာရန် ကြိုးစားလိုက်သော်လည်း ရှာမတွေ့။
အဲဒီလူက တကယ်ပဲ ‘ထူရှင်းနေ’လား..
“စိတ်ဝင်စားစရာပဲ .. မင်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ..” ချန်းဟိုင်ဟုခေါ်သည့်လူမှ ပြောလိုက်သည်။ သူသည် လက်နှစ်ဘက်လုံးနောက်ပစ်ကာ ရပ်နေခြင်းပင်။
သူသည် လက်ဝှေ့ဆရာတစ်ဦးပင်။ ထူးဆန်းသည့်အသီးကြောင့် သူ့စွမ်းရည်နှင့် ခွန်အားများ မိုးထိုးအောင်တက်သွားသည်။ သူသည် ထူးဆန်းသည့်အပင်မှ အသီးကို စားထားခြင်းမဟုတ်သောကြောင့် ခုန်းဂင်၊ ငွေတောင်ပံတို့နှင့် ယှဉ်၍မရသေးသော်လည်း ခွန်အားအရာတွင်တော့ သူ ဤနှစ်ယောက်ထက် အားမနည်း။
သူသာ ထူးဆန်းသည့်အပင်မှ အသီးကို စားလိုက်ပါက သူ့စွမ်းအားများမှာ ကြောက်စရာကောင်းလောက်အောင် တိုးတက်လာလိမ့်မည်။ သူသည် ထိပ်တန်းလေးယောက်ကို အစားထိုးနိုင်မည့် အလားအလာရှိသည်။
“မင်းရဲ့ အိပ်ကပ်ထဲမှာရှိနေတာ အကုန်ပေးလိုက် .. အဲဒါဆို ငါမင်းကို အရှက်ကွဲအောင် မလုပ်ဘူး..” ချန်းဟိုင် မောက်မာစွာ ပြောလိုက်သည်။
သူ လေ့ကျင့်သည့် လက်ဝှေ့ပုံစံမှ သူ့အား အလိုလိုသိစိတ်တစ်မျိုး ရရှိခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သည့်ပစ္စည်းမှာ အဖိုးတန်သည်၊ မည်သည့်ပစ္စည်းမှာ အဖိုးမတန်သည်ကို ချက်ချင်း သိနိုင်သည်။ အစောပိုင်းက ဤပစ္စည်းကို တစ်ချက်သာ ကြည့်ခဲ့ရသော်လည်း ဤပစ္စည်းမှာ တစ်ခုခုထူးခြားနေကြောင်း သူသိသည်။
“လူတစ်ယောက်ရဲ့ သည်းခံမှုနဲ့ ကြင်နာမှုကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ မင်းကိုသင်ပေးရအောင် မလုပ်နဲ့..” ချန်းဟိုင် ချူဖုန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
ခွပ်…
သူ၏အင်္ကျီလက်ထဲမှ ဒိုင်းကာတစ်ခု လျှောကျလာသည်။ သူသည် စွမ်းအားကြီးသည့်သူတစ်ဦးဖြစ်သော်လည်း သတိကြီးကြီးထားနေဆဲပင်။
ယခု သူရင်ဆိုင်နေရသည့်သူမှာ နွားနတ်ဘုရားဖြစ်နေလျှင်ပင် သူ ကြောက်စရာမလိုတော့။ အဘယ်ကြောင့်ဆိုသော် သူကိုင်ထားသည့် ဒိုင်းကာသည် မူမိသားစုမှ တီထွင်ထားသည့် နောက်ဆုံးပေါ်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းပင်။ ဤဒိုင်းကာသည် သာမန်မြှားမပြောနှင့် အမြောက်ဆံများကိုပါ ကာကွယ်ပေးနိုင်သည်။
အပိုင်း ၇၆ ပြီး၏။