ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၅ – ထိတ်လန့်မှုနှင့် ဒေါသတရား
ချူဖုန်း ရူးမတတ် စိတ်လှုပ်ရှားသွားရသည်။ သူ ထွက်သွားမည့်အချိန်ကျမှ ဤအစေ့များ ထူးခြားလာလိမ့်မည်ဟု သူ မထင်ထားခဲ့။
ကျောက်သေတ္တာကို စားပွဲပေါ်တင်ပြီး သေချာလေ့လာလိုက်သည်။
သေတ္တာထဲတွင် အစေ့သုံးစေ့အား ထူးခြားသည့်မြေကြီးထဲ မြှုပ်ထားသည်။ မြေကြီးများမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသောကြောင့် မြေကြီးကိုဖောက်၍ အစေ့များပင် မြင်နိုင်နေသည်။
အစေ့သုံးစေ့ထဲတွင် အတုတ်ဆုံးအစေ့မှာ အထူးခြားဆုံးပင်။ ထိုအစေ့မှ ထွက်လာသည့် အစိမ်းရောင်အလင်းတန်းများကိုပင် ချူဖုန်း မြင်နေရသည်။ ထိုအလင်းများသည် လှောင်ကန်ထဲမှ စီးကျလာသည့် ရေများကဲ့သို့ သေတ္တာအပြင်ဘက်သို့ လျှံကျနေသည်။
“အပင်ပေါက်လာတော့မှာလား..” နောက်ဆုံးတော့ သူ မျှော်လင့်နေရသည့်နေ့လေး ရောက်လာလေပြီ။ သူ စောင့်နေရသည်မှာ အလကားမဖြစ်တော့။
သို့သော် သူ အစေ့များကို သေတ္တာထဲပြန်ထည့်လိုက်သည်နှင့် ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့။
ကျောက်သေတ္တာလေးသည် ကုဗတုံးပုံဖြစ်သော်လည်း အနားသတ်များကို ချောမွေ့အောင် လုပ်ထားသောကြောင့် လုံးဝိုင်းနေသည်။
သေတ္တာသည် အတော်လေး ရိုးရှင်းလှသည်။ မျက်နှာပြင်ထပ်၌ ခြစ်ရာအချို့ ရှိနေသော်လည်း မထင်ရှားတော့။
“ဒီသေတ္တာမှာ ထူးဆန်းတာတစ်ခုခု ရှိနေတာလား.. ဘာကြောင့် အစေ့တွေ အပင်ပေါက်လာတာလဲ..”
သူ အစေ့များကို သေတ္တာထဲမှ မထုတ်ရဲ။ သူထုတ်လိုက်လျှင် အစေ့များတစ်ခုခုဖြစ်သွားပြီး သူ့မျှော်လင့်ချက် ပျက်ပြယ်သွားမည်စိုးသောကြောင့်ပင်။
ချူဖုန်း အလွန်ပျော်ရွှင်နေသည်။
အစိမ်းရောင်အလင်းတန်းများသည် တစ်ခဏခန့် စီးဆင်းနေပြီးနောက် ရပ်တန့်သွားသည်။ သို့သော် သေတ္တာထဲမှ မြေကြီးများမှာ ပို၍ပင် တောက်ပလာသည်။
သို့သော် သေတ္တာထဲမှ ထူးဆန်းသည့်အားတစ်ခုသည် ထိုအလင်းများ အပြင်ဘက်သို့ ရောက်မလာအောင် ကန့်သတ်ထားသည်။ အစေ့မှ ထွက်လာသည့် စွမ်းအင်များပင် သေတ္တာထဲ၌ ပိတ်ခံထားရသည်။
“ဒီသေတ္တာက သေချာပေါက်ကို ရှေးဟောင်းပစ္စည်းတစ်ခုပဲ..”
ဤသေတ္တာ၏ဇစ်မြစ်မှာ ပုံမှန်မဟုတ်ကြောင်း သေချာသွားလေပြီ။ ဤသေတ္တာ၏ အစွမ်းကို မယုံကြည်ပဲ ပစ်ထားခဲ့သောကြောင့် ချူဖုန်း သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ သူသာ စောစောသိခဲ့လျှင် တုန့်ဆိုင်းမှုမရှိပဲ သေတ္တာထဲ၌သာ ထည့်သိမ်းထားမည်ပင်။
ခဏကြာပြီးနောက် ချူဖုန်း နွားဝါလေးကို သတိရသွားမိသည်။ နွားပေါက်လေး ယနေ့မှ စထွက်သွားသော်လည်း အစေ့တွင် သိသာသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေပြီ။
ဤကိစ္စကိုသာ သိသွားလျှင် နွားပေါက်လေး သေချာပေါက် ဒေါသထွက်သွားလိမ့်မည်။
“ဒါပေမဲ့ ငါ မြို့ကြီးကို သွားဖို့လိုတယ်..”
ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့မိဘများမှာ သူ့ကို လောနေပြီဖြစ်သည်။
လောကကြီး၌ ဖရိုဖရဲထပ်မဖြစ်ခင် အဆင်သင့်လုပ်ထားရန် နွားနက်ကြီးလည်း သူ့ကို သတိပေးသွားပြီဖြစ်သည်။
“ငါ ဒီအစေ့တွေကို သေတ္တာထဲက ရတာပဲ .. ဒီသေတ္တာကို ငါနဲ့အတူ သယ်သွားတာ အပန်းမကြီးပါဘူး..” ချူဖုန်း သူ၏ခရီးစတင်ရန် ဆုံးဖြတ်လိုက်သည်။
မထွက်သွားမီ လက်နက်ရုံသွားပြီး အဖိုးကျောင်းကို နှုတ်ဆက်လိုက်သည်။
“အဖိုးကျောင်း ဒီနေရာက ကျွန်တော်တို့ လူသားတွေ နေဖို့မသင့်တော်တော့ဘူး .. အန္တရာယ် ကျရောက်လာတော့မှာ .. အဲဒီတော့ အဖိုးကျွန်တော်နဲ့အတူတူ လိုက်ခဲ့ရင်ရော .. ကျွန်တော်တို့ မြို့ကြီးကို အတူတူသွားလို့ရတယ်..”
လူအိုကြီးမှာ ချူဖုန်း၏တောင်းဆိုမှုကို ငြင်းဆိုလိုက်သည်။ သူသည် ယခင်ကကဲ့သို့ လူအိုကြီးမဟုတ်တော့သဖြင့် ထွက်မသွားချင်တော့။ သူ၏လက်ရှိခွန်အားမှာ လူသားများထက် ကျော်လွန်နေသည်ပင်။
ချူဖုန်း မိုးကြိုးလေးကို အဖိုးကျောင်းအား သိမ်းထားခိုင်းလိုက်သည်။ အသက်အန္တရာယ်ကျရောက်လာလျှင် ထိုလေး အသုံးဝင်လိမ့်မည်။
“မင်းယူသွားလိုက်ပါ ဖုန်း .. ရွှမ်းထျန်မြို့က အဝေးကြီးပဲ .. အဲဒီကိုရောက်ဖို့ လီနှစ်ထောင်ကျော်တောင် သွားရမှာ .. မင်း လက်နက်ကောင်းလိုတယ်”
အမှန်တကယ်တွင် ချူဖုန်းကို မြို့ကြီးထံသို့ မသွားရန် အဖိုးကျောင်း တားခဲ့သေးသည်ပင်။ ခရီးမှာ ဝေးလွန်းလှသည့်အပြင် လမ်း၌ လူသားများကို တိုက်ခိုက်မည့် သားရဲနှင့် အသားစားငှက်များလည်း ရှိနေသေးသောကြောင့် အချိန်မရွေး သေသွားနိုင်သည်။
သို့သော် ချူဖုန်း ဆုံးဖြတ်ပြီးသွားလေပြီ။ ဘာကိစ္စပဲဖြစ်ဖြစ် သူ ရွှမ်းထျန်မြို့သို့ သွားကို သွားရမည်ပင်။
“ဖုန်း .. မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်..” ချူဖုန်း ထွက်သွားသည်ကို အဖိုးကျောင်း စောင့်ကြည့်နေလိုက်သည်။
ချူဖုန်း အဟောင်းဆိုင်ကိုလည်း သွားလည်လိုက်သည်။ သူသည် ဦးလေးလျိုကို သူ့အိမ်သော့ပေးလိုက်ပြီး အသားများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားကြောင်း ပြောလိုက်သည်။ “အသားတွေ စားပစ်လိုက်တော့..” ချူဖုန်း ပြောလိုက်သည်။
ချူဖုန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က အဖိုးကျောင်းနှင့် ဦးလေးလျိုတို့အား အသားများ ရက်ရောစွာ ပေးခဲ့သည်။ ယခု သူ မရှိတော့သဖြင့် သူတို့ကို အသားပေးမည့်သူ ရှိတော့မည်မဟုတ်တော့။
“အပြင်ဘက်မှာ အရမ်းအန္တရာယ်များတယ် .. မင်းတစ်ယောက်တည်း သွားလို့မရဘူး..” ဦးလေးလျို စိတ်ပူနေသည်။
“ကျွန်တော်နဲ့ အဖော်လိုက်ပေးမယ့် သန္ဓေပြောင်းလူတစ်ယောက်ပါတယ်..” ချူဖုန်း နှုတ်ဆက်ကာ ထွက်သွားလိုက်သည်။
ယခုအချိန်တွင် သူ မီတာတစ်ရာသွားရန် ၁.၁ စက္ကန့်သာလိုသည်။
သို့သော် သူ ဤအရှိန်နှုန်းဖြင့် အမြဲတမ်း သွားနိုင်မည်မဟုတ်။ ဆက်တိုက်ပြေးနေလျှင် သူ့ခန္ဓာကိုယ် ပူလာလိမ့်မည်။ ထိုအပူကိုသာ မလျှော့ပစ်လျှင် သူ လဲကျသွားနိုင်သည်။
သို့သော် ယခုအချိန်တွင်တော့ သူသည် စက္ကန့်မျှပင် မရပ်နားခဲ့။ သူ့ခန္ဓာကိုယ်၏ကန့်သတ်ချက်ကို သူသိချင်သည်။ လမ်းထက်တွင် ချူဖုန်းသည် လေပွေကဲ့သို့ ပြေးလွှားနေပြီး သူဖြတ်သွားသည့်နေရာတိုင်းတွင် သဲများနှင့် ကျောက်တုံးများလွင့်စင်သွားသည်။
အချိန်ကြာလာသည်နှင့်အမျှ ချူဖုန်း အရှိန်နှေးလာသည်။ သူ၏နဖူးမှ အဖြူရောင်အငွေ့များ ထွက်နေသည့်အပြင် သူ့ခန္ဓာကိုယ်လည်း အလွန်ပူလောင်လာသည်။
တစ်နာရီကြာပြီးသည့်နောက်မှသာ သူ ရပ်တန့်လိုက်သည်။
“လီနှစ်ရာလောက်..”
ဤသည်မှာ ထိတ်လန့်စရာကောင်းလောက်သည့် အမြန်နှုန်းပင်။ သူ၏အဆင့်လွန်လူသား အမြန်နှုန်းကို အပြင်လောကမှ လူများသာ သိသွားပါက လူတစ်ယောက် ကားတစ်စီးကဲ့သို့ ပြေးနိုင်သည်ကို အံ့အားသင့်သွားကြလိမ့်မည်။
“မီတာတစ်ရာကို ၁.၁ စက္ကန့် .. ဒါပေမဲ့ ဒီအရှိန်က ကြာကြာမခံဘူး..” ချူဖုန်း ခေါင်းခါလိုက်သည်။
ချူဖုန်း တစ်ကိုယ်လုံး ချွေးများစိုရွှဲနေလေပြီ။
နောက်ထပ်တစ်နာရီခန့် လမ်းဖြည်းဖြည်းချင်းလျှောက်ပြီးမှသာ သူ့ခွန်အားများ ပြန်ပြည့်လာသည်။ အမောပြေသွားသည်နှင့် သူသည် နွားရူးတစ်ကောင်ကဲ့သို့ ထပ်မံပြေးသွားလေ၏။
လမ်းတစ်လျှောက်ရှိ အချို့မြင်ကွင်းများမှာ ရင်သပ်ရှုူမောဖွယ်ကောင်းသော်လည်း ချူဖုန်း ထိုမြင်ကွင်းအားလုံးကို လျစ်လျူရှုခဲ့သည်။
အချို့လမ်းမများ ပျက်စီးနေသော်လည်း အချို့နေရာများမှာတော့ အတော်လေး ချောမွတ်နေသေးသည်။ မဟုတ်လျှင် သူ ဤမျှမြန်မြန်ပြေးနိုင်မည်မဟုတ်။
ပြေးနေရင်း သစ်ပင်၊ ကျောက်တုံးများနှင့် တိုက်မိနေသည်သာ သူ့အတွက် ပြဿနာဖြစ်နေသည်။
ယခုတစ်ခေါက်တော့ မိနစ်လေးဆယ်လောက် ပြေးပြီးသည်နှင့် ချူဖုန်း နားလိုက်သည်။ သူ့အရေပြားမှာ ပူကျစ်တောက်နေပြီး ခန္ဓာကိုယ်မျက်နှာပြင်သည်လည်း သံပြားပူကဲ့သို့ နီရဲနေသည်။ ထို့အပြင် သူ့အရေပြားမှ အခိုးအငွေ့များ ထွက်နေသည်ပင်။ သူ အတော်လေးအားကုန်သွားလေပြီ။
“ဒီလိုဆို မဖြစ်သေးဘူး..” ဤကဲ့သို့ ဆက်တိုက်ပြေးနေခြင်းမှာ လက်တွေ့မကျသေးကြောင်း ချူဖုန်း စဉ်းစားမိလိုက်သည်။ ထို့အပြင် သူ သားရဲများ၊ အသားစားငှက်များနှင့် တွေ့လျှင် တိုက်ခိုက်နိုင်ရန်အတွက် အားချန်ထားရဦးမည်။
လမ်းတစ်လျှောက်တွင် လူသူကင်းမဲ့နေသည်။
လောကကြီးမှာ ဘယ်တုန်းကမှ ဤမျှလူဦးရေ မကျဲပါးခဲ့။ ဤနေရာများမှာ နျူးကလီးယားဗုံးဒဏ်သင့်ထားသည့် နေရာများကဲ့သို့ ဖြစ်နေသည်ပင်။
အချို့နေရာများတွင် တောအုပ်များ ထူထပ်နေပြီး လမ်းသွားလမ်းလာများကို နေဒဏ်မှ ကာကွယ်ပေးထားသည်။ အဝေးရှိတောင်တန်းများမှ သားရဲအော်ဟစ်သံများကို ရံဖန်ရံခါ ကြားနေရသည်။
တစ်နာရီကြာပြီးနောက်တွင် ချူဖုန်းသည် သစ်ပင်ရိပ်များအောက်၌ လမ်းလျှောက်နေဆဲပင်။ ရုတ်တရက် လေပွေတစ်ခု သူ့မျက်နှာကို ဖြတ်တိုက်သွားလေသည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူ့ထံသို့ ချဉ်းကပ်လာနေသည့် အရိပ်ကြီးကို တွေ့လိုက်ရသည်။
ချူဖုန်း ဝှစ်ကနဲ လမ်းတစ်ဖက်ခြမ်းသို့ ခုန်ပြီး ရှောင်တိမ်းလိုက်သည်။
ဝုန်း..
အဖြူနှင့်အနက်အမွေးအတောင်များရှိသည့် ငှက်ကြီးတစ်ကောင် ဆင်းသက်လာသည်။ သူ၏ခြေသည်းများ မြေပြင်ပေါ်သို့ စိုက်ဝင်သွားသည်နှင့် ကျောက်ခဲများ နေရာအနှံ့ လွင့်စင်သွားသည်။
“ကျီးကန်းကြီးလား..”
ချူဖုန်း ထိတ်လန့်သွားရသည်။ ဤငှက်သည် အနည်းဆုံး ငါးမီတာရှည်သည်။ သူ၏အရွယ်အစားကိုသာ ထည့်မတွက်ပါက သူ့ပုံစံမှာ သာမန်မြင်နေကျ ကျီးကန်းနှင့်အတူတူပင်။
ဤကျီးကန်းမှာ သေချာပေါက် သန္ဓေပြောင်းကျီးကန်းတစ်ကောင်ပင်။
ကျီးကန်းသည် အတော်လေး သတ္တိရှိလှသည်။ သူသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး နောက်တစ်ကြိမ် ထိုးဆင်းလာသည်။ သူသည် သိမ်းငှက်၊ လင်းယုန်တို့ထက်ပင် ကြမ်းတမ်းနေသည်။ သူ၏လက်သည်းများလည်း လူသတ်လက်နက်ကဲ့သို့ ချွန်ထက်လှသည်။ ချူဖုန်း ရှိနေကြောင်း သတိပြုမိသည်နှင့် ငှက်ကြီးသည် တွေဝေမနေပဲ ချူဖုန်း၏ဦးခေါင်းထံသို့ ဦးတည်ပြီး ဆင်းသက်လာသည်ပင်။
ချူဖုန်း ချုံပုတ်များကြားထဲ လှိမ့်ဝင်သွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ငှက်ကြီးနှင့် ၁၀ မီတာကျော် ဝေးသွားလေပြီ။
ဂွပ်..
ပင်စည်တုတ်သည့်သစ်ပင်တစ်ပင်မှာ ကျီးကန်းနှုတ်သီးကြောင့် ထက်ပိုင်းကျိုးသွားသည်။
“သန္ဓေပြောင်းငှက်တွေနဲ့ သားရဲတွေက ဒီလောက်တောင် အားကောင်းတာလား..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤကျီးကန်း၏ စွမ်းရည်များကို သူ လေ့လာလိုက်၏။ ဤငှက်မည်မျှစွမ်းအားကြီးသည်ကို သူသိချင်သည်။
နောက်ဆုံးတွင်တော့ ဤငှက်သည် သာမန်သန္ဓေပြောင်းလူများထက်ပင် ကိုင်တွယ်ရခက်ခဲကြောင်း သူသိလိုက်ရသည်။ အကယ်၍ ဤငှက်ကို သန္ဓေပြောင်းလူသားများနှင့် ကြိုးဝိုင်းထဲ ထည့်ထားလိုက်ပါက ဤငှက် သန္ဓေပြောင်းလူသားအားလုံးကို အနိုင်ယူသွားလိမ့်မည်ပင်။
ကျီးကန်း၏အသိဉာဏ်မှာ လူထက်မနိမ့်။ ချူဖုန်းကို သတ်ရန် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်သွားပြီးနောက် သူသည် တွန့်ဆုတ်ခြင်းမရှိပဲ အရှုံးပေးလိုက်သည်။ သူ သေသွားမည်စိုး၍ ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။
“ငါ ဗိုက်စာနေပြီ .. ငါ့နေ့လည်စာ လုပ်ပေးလိုက်တော့ အချစ်လေး..” ချူဖုန်း သူ့လက်ကို လွှဲရမ်းကာ ဓားမြောင်ဖြင့် ပစ်လိုက်သည်။
ရွှပ်..
ဓားမြောင်မှာ ကျီးကန်းရင်ဘတ်ကို ဖောက်ထွက်သွားလေ၏။
ခဏကြာပြီးနောက် အသားကင်သည့်အသံ ထွက်လာသည်။ ချူဖုန်း မီးဖိုကာ ကျီးကန်းအသားကို ကင်နေခြင်းပင်။ သို့သော် သူ ကင်နေသည်မှာ ကျီးကန်းအတောင်ပံတစ်ဖက်သာဖြစ်ပြီး ကျန်သည့်အစိတ်အပိုင်းများမှာ အလဟဿဖြစ်သွားတော့မည်ပင်။
အသားကင်နံ့မှာ ချူဖုန်း၏နှာဝ၌ ရစ်ဝဲနေသည်။ အသားကင် ကျက်သည်နှင့် ချူဖုန်း အသားကင်ကို မြိန်ရေရှက်ရေ စားသုံးတော့သည်။ အသားနံ့ကြောင့် သားရဲတစ်ကောင် အနီးအနားရှိတောင်စောင်းမှ လျှောဆင်းလာပြီး မီးပုံးဘေး ရောက်လာသည်။
သားရဲသည် တင့်ကားအရွယ်အစားရှိပြီး သူ့ခန္ဓာကိုယ်မှာ မည်းနက်နေသည်။ ကျောကုန်းထက်တွင်လည်း ဆူးချွန်များ ရှိနေသည်ပင်။
“ဖြူကောင်ကြီးလား..”
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ ဖြူကောင်တစ်ကောင် ဤမျှထိ အရွယ်အစားကြီးမားလာနိုင်သည်ကို သူ မယုံကြည်နိုင်ဖြစ်နေသည်။
ဖြူကောင်သည် ရဲရင့်သည့်စစ်သားတစ်ဦးကဲ့သို့ သူ၏လက်သည်းများထုတ်ကာ ချူဖုန်းထံသို့ ပြေးဝင်လာသည်။
ဝှစ်.. ဝှစ်.. ဝှစ်…
သူ၏နောက်ကျောဘက်မှ မြှားများ၊ သံလှံတံများကဲ့သို့သော ဆူးချွန်များ တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်လာလေသည်။ ထိုဆူးချွန်များမှာ များပြားလှသောကြောင့် မြှားမိုးကဲ့သို့ပင် ဖြစ်လာသည်။
ဝုန်း .. ဝုန်း .. ဝုန်..
ချူဖုန်းသည် အသားကင်သယ်ကာ အသက်လုပြေးလိုက်သည်။ မီးပုံကင်ထားသည့်နေရာမှာ ပျက်စီးသွားလေပြီ။ ကျောက်တုံးများ တစ်စစီဖြစ်သွားပြီး အထူထဲဆုံး သစ်ပင်ပင်စည်များပင် ပေါက်ပြဲကုန်သည်။
“ငါ့ကို အနားပေးပါဦးဟ .. ဖြူကောင်က ဘယ်တုန်းက ဒီလောက် ကြောက်ဖို့ကောင်းသွားတာလဲ..”
ချူဖုန်း ကျိန်ဆဲလိုက်သည်။ ဖြူကောင်၏ ရန်သူအား ပစ်ခတ်နိုင်သည့်စွမ်းရည်ကို သူ အံ့အားသင့်မိသွားသည်။
သာမန်သန္ဓေပြောင်းလူများပင် ဤဖြူကောင်နှင့် တိုက်ခိုက်နိုင်မည်မဟုတ်။
ချူဖုန်း ဤဖြူကောင်ကြီးနှင့် အနီးကပ်မတိုက်။ သူ အားကုန်မခံနိုင်တော့။ သူ၏မိုးကြိုးလေးကို ထုတ်လိုက်ပြီး ဖြူကောင်၏ဦးခေါင်းကို ပစ်လိုက်သည်။ ဖြူကောင်သည် နောက်ဆုံးထွက်သက်၌ ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် ဝက်သေကောင်ကဲ့သို့ မြေပြင်ပေါ် ပစ်လဲကျသွားသည်။ ထို့နောက် ထုတ်ချင်းဖောက်နေသည့် သူ့ခေါင်းမှ သွေးများ စီးကျလာသည်။
ဗိုက်ပြည့်အောင် စားပြီးသည်နှင့် ချူဖုန်း ဤနေရာမှ မြန်မြန်ထွက်သွားလိုက်သည်။ ဤနေရာမှ ထွက်သွားသည်နှင့် ချူဖုန်း သားရဲသံများ မကြားရတော့။
ထိုသားရဲများသည် တောအုပ်ထဲမှ ထွက်လာကြပြီး ကျီးကန်းသေနှင့် ဖြူကောင်တို့ကို စားသုံးလေတော့သည်။
“အခုခေတ်မှာ သန္ဓေပြောင်းသားရဲတွေ ပိုများလာတာပဲ..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
…
ကျန်းနင်သည် စည်းကားလှသည့် မြို့ကြီးတစ်မြို့ပင်။ ဤမြို့သည် ယန်ကျစ်မြစ် အောက်ဘက်ပိုင်း၏တောင်ဘက်၌ တည်ရှိသည်။ ဤမြို့သည် တိုင်းပြည်ရှိ အကြီးဆုံးမြို့ထဲမှတစ်မြို့ဖြစ်ပြီး ဘောဓိဇီဝဗေဒအုပ်စု ရုံးချုပ်တည်ရှိရာ မြို့တစ်မြို့လည်း ဖြစ်သည်။
မြို့ထဲရှိ ပိဟူကန်နားတွင် ဗီလာအိမ်ရာတစ်ခုရှိသည်။ နိုင်ငံမှ အချမ်းသာဆုံးပုဂ္ဂိုလ်အချို့ ဤဗီလာ၌ နေထိုင်ကြသည်။ ဗီလာအတွင်းရှိ သဘာဝပတ်ဝန်းကျင်မှာ နိုင်ငံတွင် အကောင်းဆုံးပင်ဖြစ်သည်။ လူကြီးများ လက်မောင်းဖြင့် ပတ်လျှင်ပင် မဆန့်သည့် သစ်ပင်များစွာရှိနေသည့်အပြင် ကန်များ၊ မြစ်များလည်း ရှိနေသည်။ ကန်ရေများမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေလေ၏။ သဘာဝရှုခင်းပိုင်းတွင် အလှဆုံးခရီးသွားနေရာများပင် ဤအိမ်ရာ၏ပတ်ဝန်းကျင်လောက် မလှပေ။
ထိုအိမ်ယာထဲရှိ အိမ်တစ်လုံးတွင် အတွင်းပိုင်းပြင်ဆင်မှုများမှာ လက်ရာမြောက်ပြီး အဆင့်အတန်း မြင့်လှသည်။
ရှုဝမ်ရိသည် ဆိုဖာပေါ်၌ ဆူပုတ်စွာ ထိုင်နေလေသည်။ သူမသည် ဒေါသတကြီးဖြင့်ပင် နောက်မှီကူရှင်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေ၏။ သူမသည် ချစ်စရာကောင်းသည့်အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် အေးစက်စာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံနေသည်။
“ဘာဖြစ်လို့လဲ..” သူမ ဘေးတွင်ရပ်နေသည့် လင်းရဲယု မေးလိုက်သည်။
ရှုဝမ်ရိသည် သူမ၏ချယ်ရီရောင်နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် “ကျွန်မက နွိုင်ရဲ့အဒေါ်လေ .. သူ ကျွန်မကို နည်းနည်းတော့ လေးစားမှုလေး ပြသင့်တာပေါ့ .. သူက ကျွန်မရှေ့မှာ အဲဒီလိုမကောင်းတဲ့ အပြစ်တင်ဝေဖန်တဲ့စကားတွေ ပြောစရာလား..”
“နွိုင်က ထက်မြက်ပြီး ကြိုမြင်တတ်တဲ့ကလေး.. သူက ပုံမှန်အားဖြင့် မယဉ်ကျေးတဲ့ကလေးမဟုတ်ဘူး..” လင်းရဲယုသည် အနည်းငယ် အံ့အားသင့်နေသည့်ပုံပင်။
“ဝမ်နင်သေသွားတာကို မြင်လိုက်ရတုန်းက ကျွန်မ ဘယ်လောက်တောင် ရင်နာရလဲသိလား … သူ့ကိုသတ်တာ ဘယ်သူလဲဆိုတာ သိချင်လို့ ကျွန်မ နည်းနည်းလေး စစုံစမ်းတာနဲ့ သူက ကျွန်မကို ရင့်ရင့်သီးသီး စွပ်စွဲလာတာ .. ကျွန်မက သူ့အဒေါ်ပါ .. ကျွန်မက သူ လေးစားသင့်တဲ့ အကြီးတစ်ယောက် .. ဒါပေမဲ့ သူ ကျွန်မကို စကားပြောတာ နည်းနည်းမှ လေးစားမှုကို မရှိဘူး..”
“မင်း ဘာလုပ်လိုက်လို့လဲ..” လင်းရဲယု မျက်မှောင်ကြုတ်လိုက်သည်။ ဦးလေးတစ်ယောက်အနေဖြင့် သူ လင်းနွိုင်ကို ကောင်းကောင်းသိသည်။ အကြောင်းပြချက်မရှိပဲ လင်းနွိုင် ဤကဲ့သို့ လုပ်မည်မဟုတ်။
“ရှင် ချူဖုန်းကို မှတ်မိလား .. ကျွန်မတို့ နောက်ဆုံးတစ်ခေါက်တုန်းက သွားလည်ခဲ့တဲ့လူလေ .. ကျွန်မတို့သွားတဲ့အချိန်တုန်းက သူနဲ့ပတ်သက်ပြီးတော့ ဘာထူးဆန်းတာမှ မတွေ့ခဲ့ဘူး .. ဒါပေမဲ့ ကျွန်မတို့ အဲဒီနေရာက ပြန်ထွက်လာတာနဲ့ သူနဲ့ပတ်သတ်ပြီး ထူးဆန်းတာ တစ်ခုခုကို ခံစားလိုက်ရတယ် .. အဲဒါကြောင့် ကျွန်မက ရွှမ်းထျန်မြို့ကို လူလွှတ်ပြီး သူ့မိဘတွေကို စုံစမ်းဖို့ လူတစ်ချို့ လွှတ်လိုက်တာ..”
သူမ လင်းရဲယုကို တစ်ချက်ကြည့်လိုက်ပြီး သူအနည်းငယ် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူမ အရှိန်လျှော့လိုက်သည်။ “နွိုင်က အဲဒီလူနဲ့ ရင်းနှီးတာကို ကျွန်မသိတယ် .. ဒါပေမဲ့ သူ ကျွန်မကို အဲဒီလိုမျိုး မပြောသင့်ဘူး..”
“မင်းလွှတ်လိုက်တဲ့လူတွေရော .. သူတို့တွေ ချူဖုန်း မိဘကို အန္တရာယ်ပေးသေးလား..” လင်းရဲယု မေးလိုက်သည်။
“မပေးပါဘူး .. ကျွန်မလူတွေ သူ့မိဘတွေအကြောင်း စုံစမ်းရုံပဲရှိသေးတယ် နွိုင်က ကျွန်မကို စွပ်စွဲလာတာ .. ပြီးတော့ သူက ဒီအကြောင်းတွေ ဘယ်လိုသိသွားမှန်းလဲ မသိဘူး .. သူက ရွှမ်းထျန်မြို့က ကျွန်မတို့လူတွေကို ဆက်သွယ်ပြီး ကျွန်မလူတွေကိုတောင် မောင်းထုတ်ခိုင်းလိုက်သေးတယ်..” ရှုဝမ်ရိမှာ အနည်းငယ် စိတ်ပျက်နေသည့်ပုံပင်။
“ချူဖုန်း မိဘတွေထိကို ဆက်သွယ်တာတော့ မင်း လွန်လွန်းသွားပြီ .. ချူဖုန်းမှာ ပြဿနာရှိတယ်လို့ထင်ရင် ချူဖုန်းနဲ့ရှင်းလေ..” လင်းရဲယု ပြောလိုက်သည်။
“ရှင်ကဘာလို့ လင်းနွိုင်ဘက် ပါနေတာလဲ .. ကျွန်မက သူဆူတာ ခံရပြီးပြီကို ရှင်က ကျွန်မကို ထပ်ပြီး အပြစ်တင်နေသေးတာလား..” ရှုဝမ်ရိ မကျေမနပ်ပြောလိုက်သည်။ သို့သော် ခဏကြာပြီးနောက် သူမ ပတ်ချွဲနှပ်ချွဲ ပြောလာလေသည်။
သူမသည် လင်းရဲယု လက်မောင်းကို ဖက်လိုက်ကာ “ကောင်းပြီလေ .. ကျွန်မ အပြစ်တင်ခံလိုက်ပါ့မယ် .. ဒီတစ်ခေါက် ကျွန်မ နည်းနည်းလေး စိတ်လောသွားတယ်..”
ချူဖုန်း လမ်းပေါ်၌ ရှိနေဆဲပင်။ သူ့မိဘများထံ ဖုန်းဆက်လိုက်ပြီး နောက် သုံး၊လေးရက်နေလျှင် သူ ရွှမ်းထျန်မြို့သို့ ရောက်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
ဖုန်းပြောနေစဉ်တွင် သူ့အမေ စကားပြောသည့်ပုံစံမှာ မူမမှန်နေကြောင်း သူ သတိထားမိသွားသည်။
“အမေ .. ဘာဖြစ်လို့လဲ..” သူ မေးလိုက်၏။
“ဘာမှမဖြစ်ဘူး .. ဘာမှမဖြစ်ဘူး .. အိမ်ကိုသာ မြန်မြန်ပြန်လာခဲ့ .. ခေတ်ကာလမကောင်းတော့ ငါနဲ့မင်းအဖေက မင်းကို စိတ်ပူလာပြီ .. မင်း ငါတို့ကိုညာနေတာတော့ မဟုတ်ဘူးမလား .. မင်း တကယ် သုံးရက်အတွင်း ပြန်ရောက်မှာလား..”
“ရောက်မှာအမေ စိတ်ချပါ .. အမေမသိခင် ကျွန်တော် အိမ်ပြန်ရောက်လာမှာ” ချူဖုန်း ပြန်ဖြေလိုက်၏။ သို့သော်လည်း သူ့အမေ စကားပြောသည့်ပုံကို သူ မကျေမနပ်ဖြစ်နေဆဲပင်။
“အဖေ .. အိမ်မှာဘာဖြစ်နေလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ရမလား..” ချူဖုန်း နောက်တစ်ခေါက် ဖုန်းဆက်မေးလိုက်သည်။
သူ့အဖေ သူ့ကို ကွယ်ဝှက်မထားတော့။
ယနေ့အစောပိုင်းတွင် သူတို့နှစ်ဦးကို လူစိမ်းအချို့ လာခြိမ်းခြောက်ပြီး သူတို့နှင့်လိုက်ခဲ့ရန်ပြောကြောင်း ပြောလာသည်။
“သူတို့က ဘယ်သူတွေလဲ..” ချူဖုန်း မေးလိုက်၏။
“သူတို့တွေက သန္ဓေပြောင်းတွေနဲ့တူတယ်..” သူ့အဖေ ပြောလာသည်။
ချူဖုန်း သူ့လက်ထဲမှ ဖုန်းကို တင်းတင်းဆုတ်လိုက်သည်။ သူ့မျက်လုံးထဲ၌ အေးစက်သည့်အငွေ့အသက် ဖြတ်ပြေးသွားလေ၏။ သူ အကြောက်ဆုံးကိစ္စဖြစ်လာလေပြီ။ ဤလူများသည် သူ့မိဘအိုများကိုပင် အလွတ်မပေးတော့။ သူ အိမ်ကို ချက်ချင်းပင် ပြန်ရောက်ချင်သွားသည်။
ဤလူများသည် သူ့အတွက် လာခဲ့ခြင်းဖြစ်ကြောင်း သူသိနေသည်ပင်။
“ဒါပေမဲ့ နောက်ပိုင်း သန္ဓေပြောင်းလူတစ်ချို့ ပေါ်လာပြီး သူတို့တွေက မကောင်းတဲ့သန္ဓေပြောင်းကောင်တွေကို မောင်းထုတ်ပေးခဲ့တာ .. သူတို့တွေ ငါတို့ဘက်က ရပ်တည်ပေးခဲ့လို့ ငါတို့ တကယ်ကို ကျေးဇူးတင်နေတာ..” ချူဖုန်း အဖေ ပြောပြလာသည်။
“အဖေ၊ အမေ မကြောက်နဲ့ .. ဒီလူတွေ နောက်တစ်ခေါက် ထပ်ပေါ်လာမှာမဟုတ်ဘူး .. ကျွန်တော် မကြာခင် ပြန်ရောက်မယ်..” ထိုသို့ပြောပြီး ချူဖုန်း ဖုန်းချလိုက်သည်။
ချူဖုန်း ဒေါသမီးများ တောက်လောင်လာပြီး သူ့မျက်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာသည်။
သူ စိတ်ငြိမ်အောင် ကြိုးစားပြီး ဒေါသကို ထိန်းချုပ်လိုက်သည်။ သူ့မိဘများအား ထိပါးရဲသည့်သူများကို သူ အလွတ်ပေးမည်မဟုတ်။
အပိုင်း ၇၅ ပြီး၏။